“သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန်ရဲ့ အထွတ်အထိပ်အဆင့် … ”
လီထျန်း၏ စကားအား ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် တပည့်များမှာ အံ့အားသင့် သွားသော အမူအရာဖြင့် မြူခိုးများရစ်သိုင်းနေသော ချိုင့်ဝှမ်းထဲသို့ ကြည့်လိုက်ကြလေသည်။
“အဲ့ဒါကြောင့်ကိုး”
တပည့်အချို့မှာ မလိုမုန်းတီးပင် ဖြစ်သွားခဲ့ရ၏။ အဘယ့်ကြောင့်ဆိုသော် နူးညံ့သိမ်မွေ့သော အသွင်သဏ္ဌာန်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီဆိုပါက ပြီးပြည့်စုံသော ဒြပ်မဲ့သဏ္ဌာန်သို့ ပြောင်းလဲ သွားနိုင်မည်ဖြစ်ပြီး ချီစွမ်းအင် လှိုင်းဂယက်များကိုပင် ဖုံးကွယ်ထားနိုင်မည် ဖြစ်ကာ အန္တရာယ်ကြားထဲမှ လွတ်မြောက် စေနိုင်လေသည်။ သို့သော်လည်း သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန် လွန်စွာခက်ခဲပြီး ကန်ရွှမ်းကလန် တစ်ခုလုံး၌ တပည့်အနည်းငယ်ကသာ ထိုအဆင့်သို့ ရောက်ရှိနိုင်ခဲ့ခြင်း ဖြစ်၏။
ဇူယွမ်မှာ သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန်အား စတင် ကျင့်ကြံခဲ့သည်မှာ လအနည်းငယ်မျှပင် ရှိသေးသော်ငြားလည်း အထွတ်အထိပ် အဆင့်ထိ တက်လှမ်းနိုင်ခဲ့သည်မှာ မယုံကြည်နိုင်ဖွယ်ပင် ဖြစ်သည်။
လီထျန်း၏ ဘေးတွင်ရှိနေသော လုရွှမ်းယင်မှာလည်း အလွန်အံ့အားသင့် သွားခဲ့ရပြီး အံကိုကြိတ်ကာ ရေရွတ်လိုက်၏။ “ဒီကောင်က တကယ်ကို ဖမ်းဖို့ခက်တာပဲ။ အခုလို လူအများကြီးနဲ့ ပိတ်ပြီးရှာနေတာတောင်မှ ရအောင် ပုန်းနိုင်သေးတယ်”
လုရွှမ်းယင်မှာ ပထမ၌ ဇူယွမ်သည် ချိုင့်ဝှမ်းထဲ၌ ပိတ်မိသွားခဲ့ပြီးနောက် ရှာဖွေ ဖျက်ဆီးရန်မှာ အလွန်ပင် လွယ်ကူသွားပြီဟု ထင်ခဲ့မိသော်လည်း ဇူယွမ်မှာ သေချာပုန်းနေနိုင်ခဲ့ပြီး သူတို့ဓားကပ်ဘေး တောင်ထွတ်မှ တပည့်များ အကြိမ်ရေများစွာ ရှာဖွေနေခဲ့သည်တောင်မှ ဇူယွမ်၏ဆံချည်မျှင် တစ်ချောင်းမှပင် ရှာမတွေ့နိုင်ခဲ့ချေ။
လုရွှမ်းယင်မှာ လီထျန်းအားကြည့်ကာ မေးမြန်းလိုက်၏။ “စီနီယာ အစ်ကိုတော် လီထျန်း ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ”
ဓားကပ်ဘေးတောင်ထွတ်မှ ပါဝင်ယှဥ်ပြိုင်ကြသော ရွှေခါးစည်း တပည့်များအားလုံးမှာ ယနေ့ကိစ္စတွင် ပါဝင်ကူညီခဲ့ကြသည်။ အကယ်၍သူတို့၏ မျက်စိအောက်တွင်ပင် ဇူယွမ်မှာ ထွက်ပြေးလွတ်မြောက် သွားခဲ့မည်ဆိုပါက ဓားကပ်ဘေး တောင်ထွတ်တစ်ခုလုံးမှာ မျက်နှာရစရာပင် ကျန်တော့မည် မဟုတ်ပေ။
လီထျန်းမှာ မြူခိုးများရစ်သိုင်းနေသော ချိုင့်ဝှမ်းထဲသို့ ကြည့်လိုက်ပြီးနောက် ခပ်ဖွဖွ ရယ်မောကာ စကားဆိုလိုက်၏။ “ဂျူနီယာ ညီတော်ဇူယွမ်က ငါ့ကို နည်းနည်းတော့ အံ့သြသွားအောင် လုပ်နိုင်ပေမယ့် သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် အထွတ်အထိပ် အဆင့်လောက်နဲ့ ငါ့ဆီကနေ လွတ်မယ်ထင်နေရင်တော့ ရူးနေလို့ပဲ”
ထို့နောက် လီထျန်းမှာ ဓားကပ်ဘေး တောင်ထွတ်မှ တပည့်များကို ကြည့်ကာ အမိန့်ပေးလိုက်သည်။ “ညီအကိုတို့ မင်းတို့ရဲ့ ချီစွမ်းအင်တွေကို အသုံးပြုပြီး ချိုင့်ဝှမ်းကို ဓားရှည်နှုတ်သီးငါး အစီအရင်နဲ့ ချိပ်ပိတ်လိုက်ကြ”
“နားလည်ပါပြီ”
လီထျန်း၏စကားအား ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ဓားကပ်ဘေး တောင်ထွတ်မှ တပည့်များမှာ ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ် စေလိုက်ပြီး ချိုင့်ဝှမ့်တစ်ခုလုံးအား ဖုံးလွှမ်းသွားကာ ကြီးမားသော ပိုက်ကွန်ကြီး တစ်ခုအလား ချိတ်ဆက် သွားကြလေသည်။
ချီစွမ်းအင်များမှာ ချိုငိ့ဝှမ်းတစ်ခုလုံးအား ဖုံးလွှမ်းသွားခဲ့ပြီးနောက် ဓားရှည် နှုတ်သီးငါးများ အဖြစ်သို့ ပြောင်းလဲသွားကာ ချိုင့်ဝှမ်းထဲသို့ ထိုးဆင်းသွားကြ၏။ ငါးများကူးခတ် သွားကြသည့် နေရာမှ လေထုများမှာ ဆုတ်ပြဲသွားကာ မြူခိုးများ ဖြည်းညင်းစွာဖြင့် ပျောက်ကွယ်လာခဲ့ပြီး ချိုင့်ဝှမ်းပတ်ဝန်းကျင်မှာ တဖြည်းဖြည်းနှင့် ထင်ပေါ်လာခဲ့သည်။
ထိုဓားရှည်နှုတ်သီးငါး အစီအရင်မှာ ဓားကပ်ဘေးတောင်ထွတ်၏ ထူးခြားသော ရှာဖွေခြင်း နည်းလမ်း ဖြစ်လေသည်။ လီထျန်းမှာ ကောင်းကင်ထက်၌ ပျံသန်းကာ ချိုင့်ဝှမ်းထဲသို့ အဆက်မပြတ် စောင့်ကြည့်နေလျက် ရှိ၏။
ဓားရှည်နှုတ်သီးငါးများမှာ ချိုင့်ဝှမ်းထဲ၌ ဆက်လက်ကူးခတ် နေလျက်ရှိပြီး မြူခိုးများမှာ တဖြည်းဖြည်းနှင့် ပို၍ ပျောက်ကွယ် လာခဲ့ပြီးနောက် မြူခိုးများအားလုံးမှာ ချိုင့်ဝှမ်း အတွင်းပိုင်းရှိ နေရာတစ်ခုတွင် စုစည်းသွားခဲ့ပြီး ဓားရှည်နှုတ်သီးငါးများမှာလည်း ရပ်တန့်သွားခဲ့လေသည်။
လီထျန်း၏ နှုတ်ခမ်းအစုံမှာ တွန့်ကွေးတက်သွားခဲ့ပြီး အင်္ကျီလက်မောင်းအိုးအား ခါယမ်းကာ ချီစွမ်းအင် အနည်းငယ်ကို ထိုနေရာသို့ ပို့လွှတ်လို်က်၏။ စုစည်းနေသော မြူခိုးများမှာ အလုံးစုံ ပြိုကွဲသွားကာ ထိုချိုင့်ဝှမ်းပတ်ဝန်းကျင်၌ ဇူယွမ်အား သဲကွဲစွာ မြင်တွေ့လိုက်ကြရသည်။
“ဝိုး”
ဇူယွမ့်အား ရှာတွေ့သွားကြသော အချိန်၌ ချိုင့်ဝှမ်း အပြင်ဘက်တွင် ရှိနေသော တပည့်များထံမှ အံ့အားသင့်သော အသံများ ထွက်ပေါ်လာခဲ့၏။
“စိတ်မကောင်းစရာပဲ။ ဇူယွမ်သာ ဒီနေ့ ရအောင် ပုန်းနိုင်ခဲ့မယ်ဆိုရင် ဓားကပ်ဘေး တောင်ထွတ်က ကောင်တွေပဲ အရူးဖြစ်သွားမှာ” တပည့်တစ်ဦးမှ သက်ပြင်းချကာ ရေရွတ် လိုက်လေသည်။
“ဒီလောက် ချိုင့်ဝှမ်းကျဥ်းကျဥ်းလေးမှာ ဒီအချိန်ထိ ဓားကပ်ဘေး တောင်ထွတ်ကသူတွေ ရှာလို့မရအောင် ပုန်းနေနိုင်တာကိုက အရမ်းတော်နေပါပြီကွာ”
“ဘာပဲပြောပြော လီထျန်းက ဓားကပ်ဘေးတောင်ထွတ်က အတော်ဆုံး ရွှေခါးစည်း တပည့်ပဲ။ ဇူယွမ်က သူနဲ့ယှဥ်ရင် အများကြီး လိုအပ်နေသေးတယ်”
“………..”
ချိုင့်ဝှမ်းအပြင်ဖက်တွင် ရှိနေသော လီထျန်းမှာ ဇူယွမ်၏ပုံရိပ်အား မြင်လိုက်ရသော အချိန်တွင် အားရကျေနပ်စွာဖြင့် ပြုံးလိုက်ကာ အင်္ကျီလက်မောင်းအိုးအား ဝှေ့ယမ်းလိုက်သည်နှင့် တကွ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ ဇူယွမ့်ထံသို့ ခုန်ဆင်းသွားကြ လေသည်။ ထို့နောက် လီထျန်းမှာလည်း ချိုင့်ဝှမ်းထဲသို့ ခုန်ဆင်းကာ ဇူယွမ့်ထံသို့ လျှောက်လှမ်း သွားလိုက်၏။
“ဂျူနီယာ ညီတော်ဇူယွမ်က တော်သားပဲ။ ငါတို့တောင် တော်တော်လေး ရှာလိုက်ရတယ်” လီထျန်းမှာ ဇူယွမ့်အားကြည့်ကာ ပြုံး၍ပြောလိုက်သည်။
လီထျန်း၏ ဘေးတွင်ရှိနေသော လုရွှမ်းယင်မှာလည်း အားရ ကျေနပ်စွာနေသော မျက်ဝန်းများဖြင့် ဇူယွမ်အား ခပ်ထေ့ထေ့ ကြည့်နေခဲ့သည်။ နောက်ဆုံးတော့ ဇူယွမ်မှာ သူမလက်ထဲသို့ ရောက်ရှိလာခဲ့ပြီပင် ဖြစ်၏။
ကျောက်တုံးပေါ်တွင် ရပ်လျက်ရှိသော ဇူယွမ်က ဓားကပ်ဘေးတောင်ထွတ်မှ အယောက် နှစ်ဆယ်နီးပါးရှိသော တပည့်များကိုကြည့်လိုက်ပြီး မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ စကား ဆိုလိုက်သည်။ “ဓားကပ်ဘေး တောင်ထွတ်က ဒီလောက် တပည့်အများကြီးကို ငါ့ဆီလွှတ်တယ် ဆိုတော့ ငါ့ကိုတော်တော် အထင်ကြီးထားပုံပဲ။ မင်းတို့ ငါ့ကိုနိုင်ရင်တောင်မှ အများနဲ့ တစ်ယောက်ဆိုတော့ လူရီစရာ ဖြစ်နေလိမ့်မယ်”
လီထျန်းမှာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချကာ ပြန်၍ပြောလိုက်၏။ “ ငါလည်း အစက အဲ့လိုတွေးမိတာပဲ။ ဒါပေမဲ့ အခုတော့ လူအများကြီး ခေါ်လာမိတာကိုပဲ ကျေးဇူးတင်ရမယ်။ မဟုတ်ရင် ဒီနေ့ ငါမင်းကို ရှာလို့ရမယ်တောင် မထင်ဘူး”
အကယ်၍ လီထျန်းမှာ တစ်ဦးတည်း ဖြစ်ခဲ့မည်ဆိုပါက ချိုင့်ဝှမ်အားတစ်လက်မ မကျန် ရှာဖွေစေပါမူ ဇူယွမ့်အား ရှာ၍တွေ့မည်မဟုတ်ချေ။ ဓားကပ်ဘေး တောင်ထွတ်၏ ထူးခြားသော ရှာဖွေခြင်းနည်းလမ်း ဖြစ်သည့် ဓားရှည်နှုတ်သီးငါးအစီအရင်ကြောင့်သာ ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဇူယွမ်မှာ သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန်၏ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိခဲ့ပြီး ဖြစ်သည့်အတွက် လီထျန်းအား အနိုင်မတိုက်နိုင်လျှင်ပင် လွယ်ကူစွာ ထွက်ပြေးလွတ်မြောက်နိုင်မည် ဖြစ်၏။
လီထျန်းမှာ ဇူယွမ့်အားကြည့်ကာ ခပ်ဖွဖွ ရယ်မောလိုက်ပြီးနောက် ဆက်၍ပြောလေသည်။ “ ဒီနေ့ ကံကောင်းခြင်း နတ်ဘုရားမက ငါ့ဖက်မှာ ရှိနေလို့ တော်သေးတာပေါ့။ ကန်ရွှမ်းကလန်မှာ မင်းအစွမ်းအစတွေ ပြနေတာလည်း တော်လောက်ပြီ ထင်တယ်။ အခုကစပြီး ဘယ်လို နှိမ့်ချပြီးနေရမလဲဆိုတာ ငါကသင်ပြပေးမယ်”
“ပြီးတော့…”
“ဂျူနီယာညီတော်ဇူယွမ်က ငါ့ကို တော်တော်လေး ခေါင်းကိုက်အောင် လုပ်ခဲ့တဲ့အတွက် မင်းဘာသာ ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲကနေ နှုတ်ထွက်သွားရင်ရော ဘယ်လိုလဲ။ အဲလိုဆိုရင် မင်းနာကျင်ရတာ သက်သာတာပေါ့”
“ငါက အဲ့လိုမလုပ်ချင်ဘူး ဆိုရင်ရော” ဇူယွမ်မှ ပြုံးကာပြောလိုက်၏။
လီထျန်းမှာ ပခုံးတွန့်ကာ ဘာမှပြန်မပြောတော့ပဲ အင်္ကျီ လက်မောင်းအိုးအား ဝှေ့ယမ်း ပြလိုက်သည်နှင့်တစ်ပြိုင်နက် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များက ချီစွမ်းအင်များကို ပေါက်ကွဲ ထွက်ပေါ်စေလိုက်ပြီး ဇူယွမ့်အား ဝန်းရံပိတ်ဆို့ထားလိုက်ကြသည်။
ဇူယွမ်မှာ ထိုတပည့်များကို အရေးပင်မစိုက်ပဲ လီထျန်းအား ကြည့်ကာ ပြုံး၍ စကားဆိုလိုက်၏။ “စီနီယာ အစ်ကိုတော်လီထျန်း ငါက မင်းတို့ဆီကနေ ပုန်းဖို့လေးတစ်ခု အတွက်နဲ့ ဒြပ်မဲ့ပုံစံကို ပြောင်းခဲ့တယ်လို့ ထင်နေတာလား”
လီထျန်း၏မျက်ဝန်းများမှာ အနည်းငယ် ကျဥ်းမြောင်းသွားကာ ပြန်ပြောလိုက်သည်။ “မဟုတ်ရင်ရော ဘာကိစ္စဖြစ်နိုင်ဦးမှာလဲ။ သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန်က တကယ်ကို အံ့သြစရာ ကောင်းတဲ့ နည်းလမ်းတစ်ခုပဲ။ ဒါပေမဲ့ အခုတော့ ဘာမှအသုံးမဝင်တော့ဘူး”
ဇူယွမ်မှာ လှောင်ပြောင်သရော်လိုသော အမူအရာဖြင့် နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့၏။
“စီနီယာအစ်ကိုတော်လီထျန်း မင်းတစ်ခုခုကို အထင်မှားနေတဲ့ပုံပဲ”
“အစထဲက ငါက ထွက်ပြေးနေခဲ့တာ မဟုတ်ဘူး။ ငါက မင်းတို့ဓားကပ်ဘေး တောင်ထွတ်က တပည့်တွေကို အံ့သြစရာကောင်းတဲ့ လက်ဆောင်တစ်ခု ပေးဖို့ စီစဥ်နေခဲ့တာ”
“အခု ပေးမယ့်လက်ဆောင်က ဒီနေရာမှာပဲ”
လီထျန်း၏မျက်ဝန်းများမှာ ပြူးကျယ်သွားခဲ့ရသော်လည်း ဇူယွမ်၏စကားများကြောင့် ထိတ်လန့်သွားခြင်း မရှိပဲ တည်ငြိမ်စွာပင် အင်္ကျီလက်မောင်းအိုးအား ဝှေ့ယမ်းပြလိုက်၏။
“သူ့ကို ချိုင့်ဝှမ်းအပြင်ဘက် ထုတ်ခဲ့တော့”
“ဂျူနီယာ ညီတော်ဇူယွမ် မင်းက ခေါင်းမာမာနဲ့ နောက်ဆုံးအချိန်ထိ ခုခံဖို့ ကြိုးစားနေတုန်းလား”
လီထျန်းမှာ ဇူယွမ်ပြောခဲ့သော စကားများအား အနည်းငယ်မျှပင် ယုံကြည်ခြင်း မရှိသည်မှာ ထင်ရှားပေသည်။ လီထျန်း၏ အမြင်တွင် ဇူယွမ်မှာ သူတို့အား စိတ်ရှုပ်ထွေး သွားစေရန်သာ ပေါက်ကရ လျှောက်ပြောနေခြင်း ဖြစ်ပြီး ထွက်ပြေးနိုင်ရန် လမ်းစရှာနေခြင်းသာ ဖြစ်၏။
ထို့အတွက်ကြောင့် တွေဝေမနေတော့ပဲ မဆိုင်းမတွပင် တိုက်ခိုက်ရန် အမိန့်ပေး လိုက်လေသည်။
ဝှစ်..
လီထျန်း၏စကားအား ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များမှာ ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီး ဇူယွမ့်အား ချက်ချင်းဆိုသလို ပိတ်ဆို့ထားခဲ့ကြ၏။
ဇူယွမ်မှာ ကြောက်မက်ဖွယ် ကောင်းသော ချီစွမ်းအင်များအား ကြည့်ရှုလိုက်ပြီးနောက် မျက်လုံးများကို ပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏မျက်ခုံးကြားထဲမှ စိတ်ဝိညာဉ်မှာ လင်းလက် တောက်ပလာခဲ့သည်။
ထို့နောက် ဇူယွမ်၏စိတ်ဝိညာဉ်မှ စွမ်းအင်များ ထွက်ပေါ်လာခဲ့ပြီး ချိုင့်ဝှမ်း အပြင်ဘက်မှ အလင်းတန်းများ စုစည်းလာကာ မျက်စိတစ်မှိတ်စာ မျှသော အချိန်လေးအတွင်း၌ပင် အလင်းတန်းများမှာ ချိုင့်ဝှမ်းတစ်ခုလုံးအား လွှမ်းခြုံသွား၍ အစီအရင်တစ်ခု အဖြစ်သို့ ပြောင်းလဲသွား၏။
တိုက်ပွဲ၏ ပြောင်းလဲသွားသော အဖြစ်အပျက်ကြောင့် ချိုင့်ဝှမ်းအပြင်ဖက်တွင် ရှိနေကြသော အခြားတောင်ထွတ်မှ တပည့်များမှာ အလွန်အံ့အား သင့်သွားခဲ့ရသည်။
“မင်းတို့က ငါ့နောက်ကို လိုက်နေတာကြာပြီဆိုတော့ အခုက ငါ့အလှည့်ပဲ”
“ငါကြိုးစားပမ်းစား ပြင်ဆင်ထားခဲ့ရတဲ့ ဒီလက်ဆောင်ကို မင်းတို့အားလုံး သဘောကျ လိမ့်မယ်လို့ မျှော်လင့်ပါတယ်”
ထို့နောက် ဇူယွမ်မှာ အားရကျေနပ်စွာ ပြုံးလိုက်ပြီးနောက် လက်များကို အတူတကွ ချိတ်ဆက် လိုက်လေသည်။
“ကောင်းကင်ဘုံလျှပ်စီးနှင့် ထူးခြားသောမီးတောက် အစီအရင်”
“အသက်ဝင်တော့”