Switch Mode

စာစဥ် (၂၇) အပိုင်း (၃၇၀)

ဒြပ်မဲ့သဏ္ဌာန်သို့ ပြောင်းလဲ ပုန်းကွယ်ခြင်း

ဝှစ်…..ဝှစ်

လီထျန်း၏စကားအား ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်ကိုးဦးမှာ မြူခိုးများစွာ ရစ်သိုင်းနေလျက် ရှိသော ချိုင့်ဝှမ်းထဲသို့ ခုန်ဆင်း သွားခဲ့ကြသည်။

ချိုင့်ဝှမ်းမှာ အတော်ပင် ကြီးမားကျယ်ဝန်းကာ မြေမျက်နှာ သွင်ပြင်မှာလည်း ရှုပ်ထွေးလေသည်။ သို့သော်လည်း ဓားကပ်ဘေး တောင်ထွတ်မှ တပည့်ကိုးဦးအတွက် ပြဿနာ မရှိချေ။ ချက်ချင်းပင် ချိုင့်ဝှမ်းအား စနစ်တကျဖြင့် ပတ်ပတ်လည် ဝန်းရံလိုက်ကြ၏။

သစ်ပင်ပေါ်တွင်ရှိနေသော လီထျန်းမှ အင်္ကျီလက်မောင်း အိုးများကို ခါယမ်းကာ အမိန့်ပေးလိုက်သည်။ “ကျန်တဲ့သူတွေ သေချာပြင်ဆင်ထားပါ။ ဇူယွမ်ရဲ့တည်နေရာကို သိရပြီဆိုတာနဲ့ ငါတို့ဆင်းကြမယ်”

ချိုင့်ဝှမ်း အပြင်ဖက်တွင် ရှိနေသော တပည့်များက ခေါင်းညိတ် ပြလိုက်ကြပြီး မြူခိုးများ ရစ်သိုင်းနေသော ချိုင့်ဝှမ်းထဲသို့ အဆက်မပြတ် စောင့်ကြည့်နေခဲ့ကြသည်။

စူးဝမ်မှာ သက်ပြင်းချကာ စောင့်ကြည့်နေရုံသာ တက်နိုင်၏။ သူမ၏ဘေးတွင် ကန်ရွှမ်းတောင်ထွတ်မှ တပည့်အချို့ ရှိနေပါသော်လည်း မည်သူကမျှ လီထျန်းကို အပြစ်ပြုကာ ဇူယွမ့်အား ကူညီရမည့်ကိစ္စကို မပြုလုပ်လိုကြပေ။

ထို့အပြင် စူးဝမ်မှာလည်း ထိုတပည့်များကို အတင်းအကြပ် လုပ်ဆောင်စေရန် အမိန့်ပေးနိုင်သော အာဏာမရှိချေ။

ထို့ကြောင့် ဓားကပ်ဘေး တောင်ထွတ်၏ တပည့်များက လီထျန်း၏ အမိန့်အား ကောင်းစွာ နာခံနေခြင်းကို စူးဝမ်မှ နားမလည်နိုင် ဖြစ်ခဲ့ရ၏။ ပြောရမည်ဆိုလျှင် တပည့်ခေါင်းဆောင် သို့မဟုတ် ရွေးချယ်ခံထဲမှ တစ်ယောက် ဖြစ်မှသာလျှင် ထိုသို့သောအာဏာမျိုး ရရှိနိုင်မည် ဖြစ်သည်။

သို့သော်လည်း ရွေးချယ်ခံ ဆယ်ယောက်ထဲမှ တစ်ယောက် သို့မဟုတ် တပည့်ခေါင်းဆောင် ကဲ့သို့သော သူမျိုးက အဘယ့်ကြောင့် ဇူယွမ့်လို ရွှေခါးစည်းတပည့် တစ်ယောက်အား အငြိုးအတေး ထား​နေရပါမည်နည်း။

စူးဝမ်မှာ အချိန်ကြာမြင့်စွာ အတွေးထဲ နစ်မြုပ်နေခဲ့ပြီးနောက် ခေါင်းကိုခါယမ်းလိုက်ကာ စိတ်မကောင်းစွာဖြင့် ချိုင့်ဝှမ်းထဲသို့ ကြည့်လိုက်လေသည်။ ကြည့်ရသည်မှာ ဤတစ်ကြိမ်တော့ သူမ ကူညီ၍ရမည် မဟုတ်ပေ။ ဇူယွမ်သည် ဤအခက်အခဲအား သူ့ဘာသာ ဖြေရှင်းမှပဲ ရပေလိမ့်မည်။

ဇူယွမ်၏ အရည်အချင်းအား စူးဝမ်မှ အသိအမှတ်ပြု လက်ခံထားပြီ ဖြစ်သော်လည်း ဓားကပ်ဘေး တောင်ထွတ်၏ အထူးချွန်ဆုံး ရွှေခါးစည်း တပည့်များအားလုံးကို ဇူယွမ် တစ်ယောက်ထဲမှ အနိုင်ယူရန်မှာ မည်သို့မှ မဖြစ်နိုင်ချေ။

“ဂျူနီယာ ညီမတော်ဟွမ်ချီ နင့်ရဲ့ စီနီယာအမတော်က ဒီတစ်ခါတော့ ဘယ်လိုမှ မတက်နိုင်ခဲ့ဘူး”

“ဇူယွမ်က ပြဿနာတွေကို ဖြစ်စေတဲ့ နေရာမှာလည်း တော်တော်ကို ပါရမီပါတဲ့ပုံပဲ”

တောင်တန်းအပြင်ဖက်ရှိ ဂူဟွမ်ချီမှာ ထိုအကြောင်းအရာများကို ပြသနေသော မှန်ချပ်အား ကြည့်ရင်း အံကိုကြိတ်ကာ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့သည်။ ထိုအချိန်၌ပင် ဇူယွမ်တို့အား စောင့်ကြည့်နေသော အခြားတပည့်များထံမှလည်း ဝေဖန် ဆွေးနွေးသံများ စတင် ထွက်ပေါ်လာခဲ့၏။

“ဓားကပ်ဘေး တောင်ထွတ်က တပည့်တွေက ဇူယွမ့်ကို တကယ်ကြီး ချိုင့်ဝှမ်းထဲမှာ ပိတ်ထားကြတာ မယုံနိုင်စရာပဲဟေ့”

“ပြီးတော့ အဲ့အုပ်စုကို လီထျန်းလိုလူက ဦးဆောင်တာတဲ့။ ကြည့်ရတာ ဓားကပ်ဘေး တောင်ထွတ်က တကယ်ကို အရှက်မရှိတော့တဲ့ပုံပဲ”

“ဇူယွမ်က တကယ်ကို ကံမကောင်းတာပဲ။ ဒါပေမဲ့ ဓားကပ်ဘေး တောင်ထွတ်က ဝင်ပြိုင်တဲ့သူတွေ အားလုံးနဲ့ သူတစ်ယောက်ထဲနဲ့ ချရမှာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲမှာ ရှုံးနိမ့်သွားရင်တောင် ဇူယွမ်ကတော့ ကန်ရွှမ်းကလန််မှာ ထပ်ပြီး နာမည်ကြီးတော့မှာပဲ”

“ဘယ်လိုလုပ်မလဲ ငါကသူ့ဖက်က အချီကြီး လောင်းထားရတာကွ”

“………….”

စောင့်ကြည့်နေကြသော တပည့်များအားလုံးမှာ ချိုင့်ဝှမ်းပတ်ဝန်းကျင်အား ပြသနေသော မှန်ချပ်ထံသို့သာ အာရုံစိုက်နေခဲ့ကြပြီး ဝေဖန်ဆွေးနွေးသံများဖြင့် ဆူညံနေခဲ့ကြသည်။

တောင်၏ ထိပ်တွင်ရှိနေသော ကလန်ခေါင်းဆောင် ချင်းယန်နှင့် အခြားတောင်ထွတ် ဆရာသခင်များသည်ပင် ထိုအကြောင်းအရာအား သတိထားမိသွားကြပြီး တပည့်များ အာရုံစိုက်နေသော မှန်ချပ်အား အလျင်အမြန် ကြည့်လိုက်ကြကာ အံ့အားသင့်နေသော အရိပ်အယောင်များ ယှက်သန်းသွားခဲ့၏။

ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲအား ပါဝင်ယှဥ်ပြိုင်ကြသော တောင်ထွတ်တစ်ခုမှ တပည့်များ အားလုံးက အတူတကွစုစည်းကာ အခြားတောင်ထွတ်မှ တပည့်တစ်ယောက်အား အုပ်စုဖွဲ့ အနိုင်ကျင့်သည့် လုပ်ရပ်သည် ကန်ရွှမ်းကလန်တွင် တစ်ခါမှမဖြစ်ပေါ်ခဲ့ဖူးချေ။

“ဟဟ…တောင်ထွတ်ဆရာသခင်လင်ကျွမ်း ကြည့်ရတာ ရှင့်ရဲ့ ဓားကပ်ဘေးတောင်ထွတ်က တပည့်တွေက သူများကို အုပ်စုဖွဲ့ အနိုင်ကျင့်ရတာ သဘောကျတဲ့ပုံပဲ” နှင်းပဒုမ္မာ တောင်ထွတ် ဆရာသခင်မ လျို့လျန်းယီမှ လှောင်ပြောင်သရော်လိုသော မျက်ဝန်းများဖြင့် ခပ်ထေ့ထေ့ ပြောလိုက်၏။

ဓားကပ်ဘေးတောင်ထွတ်၏ ချောမောခန့်ညားသော တောင်ထွတ်ဆရာသခင် လင်ကျွမ်းမှာ ယနေ့တွင် ဝတ်ရုံအဖြူရောင်ကို ဆင်မြန်းလာခဲ့သည်။ လင်ကျွမ်းမှာ လျင်မြန်စွာဖြင့်ပင် ချိုင့်ဝှမ်းကြား၌ ဖြစ်ပျက်နေသော ကိစ္စများအား ကြည့်ရှုစစ်ဆေး လိုက်ပြီးနောက် မျက်ဝန်းများ၌ အံ့အားသင့်သော အရိပ်အယောင်များ ယှက်သန်းသွားခဲ့သည်။ သူ၏တပည့်များမှ ဇူယွမ့်အား ထိုကဲ့သို့ အုပ်စုဖွဲ့အနိုင်ကျင့်လိမ့်မည်ဟု တစ်ခါမှ တွေးမထားခဲ့ဖူးချေ။

သို့သော် လင်ကျွမ်းမှာ အံ့အားသင့်ရုံမျှသာ ဖြစ်ပြီး အနည်းငယ်မျှပင် စိတ်ဆိုး ဒေါသထွက်ခြင်း မဖြစ်ပေ။

ထို့နောက် တောင်ထွတ်ဆရာသခင် လင်ကျွမ်းမှာ ခပ်ဖွဖွရယ်မော လိုက်ပြီးနောက် ဂရုမစိုက်သော အမူအရာဖြင့် စကားဆိုလိုက်သည်။ “တောင်ထွတ်ဆရာသခင်မ လျန်းယီ ကျွန်တော့်တပည့်တွေက ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲရဲ့ ဘယ်စည်းကမ်းကိုမှ ချိုးဖောက်နေတာ မဟုတ်ဘူးလေ”

“ဇူယွမ်လို့ခေါ်တဲ့ တပည့်လေးက အခုတလော အရမ်းနာမည် ကြီးလာတာဆိုတော့ တခြားတပည့်တွေက ကြည့်မရလို့ ဒီလိုလုပ်တာ ဖြစ်ပါလိမ့်မယ်။ သူတို့တွေက လူငယ်တွေပဲ ရှိသေးတာကိုး”

“ဒါပေမဲ့ ဒီကိစ္စက ဇူယွမ်အတွက် အတွေ့အကြုံ ဖြစ်စေမှာပါ။ ပြောရရင် သူ့အတွက် မကောင်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး”

လင်ကျွမ်းမှာ ရယ်ရယ်မောမောနှင့်ပင် မိုးကြိုးအကျဥ်းထောင် တောင်ထွတ်၏ ဆရာသခင် လဲ့ကျွမ်းအား ကြည့်ပြီး ပြုံးကာပြောလိုက်၏။ “မပူပါနဲ့။ ကျွန်တော့ရဲ့ ဓားကပ်ဘေးတောင်ထွတ်က တပည့်တွေက စည်းကမ်း တစ်ခုခုကို ချိုးဖောက်ခဲ့မယ်ဆိုရင် ကျွန်တော်ကိုယ်တိုင် အပြစ်ပေးမှာပါ”

လင်ကျွမ်းမှာ အဘယ့်ကြောင့် သူ၏တပည့်များမှ ဇူယွမ့်အား အုပ်စုဖွဲ့ကာ အနိုင်ကျင့်နေမှန်း မသိသော်လည်း ထိုကိစ္စအား အနည်းငယ်မျှပင် စိတ်မခုမိချေ။ ပြောရမည်ဆိုလျှင် တောင်ထွတ် ဆရာသခင်ဟူသော အဆင့်အတန်းနှင့် ထိုသို့သောကိစ္စလေးအား ဂရုစိုက်နေရန်ပင် မလိုအပ်ပေ။

ထို့အပြင် သူ၏အမြင်တွင် သူ၏ဓားကပ်ဘေး တောင်ထွတ်မှ တပည့်များမှာ ထိုကိစ္စတွင် အမှားလုပ်မိခြင်း မရှိချေ။ သူ့တပည့်များ၏ လုပ်ရပ်မှာ ဓားတစ်ချောင်းကဲ့သို့ ရိုးရှင်းကာ တိကျပြတ်သားရမည် ဟူသော ဓားကပ်ဘေး တောင်ထွတ်၏ ဆောင်ပုဒ်နှင့်ပင် ကိုက်ညီ နေသေးသည်။ ကိစ္စတစ်ခုအား ဖြေရှင်းရန် ဆုံးဖြတ်ချက်ချပြီးပြီ ဆိုလျှင် မည်ကဲ့သို့သော အကြောင်းကိစ္စ ဖြစ်ပါစေ နှောင့်နှေးတွေဝေခြင်း မရှိပဲ ဆောင်ရွက်သင့်သည်သာ ဖြစ်၏။

ကန်ရွှမ်းကလန်တွင် မိုးကြိုးအကျဥ်းထောင် တောင်ထွတ်မှ ဆရာသခင်လဲ့ကျွမ်းမှာ စည်းမျဥ်း စည်းကမ်းများနှင့် ပတ်သက်၍ လွန်စွာတင်းကျပ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။ သူ၏ငွေရောင် မျက်ဝန်းများမှာ လျှပ်စီးများ လက်နေသကဲ့သို့ တောက်ပနေပြီး အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်း၏။

လင်ကျွမ်းမှာ တည်ငြိမ်စွာဖြင့်ပင် ဆက်၍ ပြောလိုက်သည်။ “ကျွန်တော့ရဲ့ ဓားကပ်ဘေး တောင်ထွတ်က တပည့်တွေရဲ့လုပ်ရပ်က တခြားသူတွေအမြင်မှာ ပြောစရာ ဖြစ်နေပေမယ့်လည်း ဘယ်စည်းကမ်းကိုမှ မချိုးဖောက်ထားဘူးလေ”

ထိုအချိန်၌ပင် ကလန်ခေါင်းဆောင် ချင်းယန်ကလည်း ခပ်ဖွဖွ ရယ်မောကာ စကား ဆက်လိုက်လေသည်။ “ဒါက တပည့်တွေကြားထဲက ပြဿနာလေး တစ်ခုပါပဲ။ ငါတို့ အများကြီး စိတ်ပူနေစရာ မလိုပါဘူး”

ထို့နောက် ကလန်ခေါင်းဆောင် ချင်းယန်မှာ ခေတ္တမျှတိတ်ဆိတ် သွားပြီးနောက် တောင်ထွတ် ဆရာသခင် လင်ကျွမ်းအား ကြည့်ကာ သတိပေးလိုက်၏။ “ဒါပေမဲ့ ဒီနေ့သူတို့ရဲ့ လုပ်ရပ်ကို တခြား တပည့်တွေက လက်ခံနိုင်မှာ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် တခြားတောင်ထွတ်က တပည့်တွေကလည်း သူတို့ရဲ့ ဂိုဏ်းတူညီအစ်ကို မောင်နှမတွေပဲဆိုတာ သိအောင်တော့ ပြောပြ ထားသင့်တယ်”

တောင်ထွတ် ဆရာသခင်လင်ကျွမ်းမှာ ညင်သာစွာ ခေါင်းညိတ် ပြလိုက်၏။ “ကလန်ခေါင်းဆောင် ပြောတာ မှန်ပါတယ်။ ဒီနေ့ ရွေးချယ်တဲ့ အခမ်းအနားပြီးဆုံးရင် တပည့်တွေကို ဆုံးမ ထားလိုက်ပါမယ်”

သို့သော် လင်ကျွမ်း၏ အမူအရာအရ သူသည် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များကို မှားယွင်းသည်ဟု မခံစားရသည်မှာ သိသာပေသည်။ ကလန်ခေါင်းဆောင် ချင်းယန်ကြောင့်သာ ဆုံးမမည့်စကားကို ပြောဆိုခဲ့ခြင်း ဖြစ်၏။

ခရမ်းတောင်တန်း၏ အတွင်းပိုင်း ချိုင့်ဝှမ်း၏ အပြင်ဘက်၌ သစ်ပင်တစ်ပင်၏ ထိပ်ဖျားတွင် လီထျန်းမှာ မတ်တတ် ရပ်နေလျက်ရှိပြီး ချိုင့်ဝှမ်းထဲသို့ အဆက်မပြတ် စောင့်ကြည့်နေလျက် ရှိကာ အချိန်အချို့ ကြာမြင့်လာသော အခါတွင် မျက်ဝန်းများပါ ကျဥ်းမြောင်း လာခဲ့ရသည်။ သူတို့အားလုံးမှာ ချိုင့်ဝှမ်းအား အကြိမ်ကြိမ်အခါခါ စစ်ဆေးခဲ့ပါသော်လည်း ယခုအချိန်ထိ ဇူယွမ်၏ အရိပ်အယောင်ကိုမျှ မတွေ့ရှိခဲ့ရပေ။

ချိုင့်ဝှမ်းထဲတွင်ရှိနေသော ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များမှာ လီထျန်းအား စိတ်ရှုပ်ထွေးနေသော အမူအရာများဖြင့် မော့ကြည့်လိုက်ကြ၏။

“စီနီယာအစ်ကိုတော်လီထျန်း ကျွန်တော်တို့ အခုထိ ရှာလို့မတွေ့သေးဘူး”

ချိုင့်ဝှမ်း အပြင်ဘက်တွင် ရှိနေသော အခြားတောင်ထွတ်များမှ တပည့်များမှာ အံ့အားသင့်သော အမူအရာများဖြင့် ဆူညံပွတ်လော ရိုက်သွားခဲ့သည်။ ဇူယွမ်မှာ တကယ်ပင် ထိုမျှလောက်ထိ အပုန်းကောင်းပါသလား။

လီထျန်း၏ မျက်ဝန်းများမှာ စိတ်ရှုပ်ထွေးသော အရိပ်အယောင်များဖြင့် ပြည့်နှက်သွားခဲ့၏။

“သူထွက်ပြေး သွားတာလား” လီထျန်း၏ဘေးတွင် ရှိနေသော လုရွှမ်းယင်မှာ မျက်စိမျက်နှာပင် ပျက်နေပြီ ဖြစ်သည်။

လီထျန်းမှ ခေါင်းကို ခါယမ်းကာ ဖြေကြားလိုက်၏။ “မဖြစ်နိုင်ဘူး။ ငါတို့ ဒီဧရိယာ တစ်ခုလုံးကို ပိတ်ဆို့ထားပြီးပြီ။ သူလွတ်သွားနိုင်စရာ အကြောင်းကိုမရှိဘူး”

“အဲဒါဆို ဘာလို့ ရှာမတွေ့တာလဲ” လုရွှမ်းယင်မှာ စိတ်ပျက်လှသဖြင့် မျက်နှာများပင် ဖြူရော်နေပြီ ဖြစ်သည်။ သူတို့မှာ ချိုင့်ဝှမ်းအား အကြိမ်ရေများစွာ ရှာဖွေနေခဲ့ပါသော်လည်း ဇူယွမ့်အား မည်သို့မှ မတွေ့ခဲ့ရပေ။

“ချိုင့်ဝှမ်းထဲမှာပဲ ပုန်းနေတာ ဖြစ်မယ်” လီထျန်းမှ လုံးဝသေချာသော အမူအရာဖြင့် ပြောလိုက်၏။

ထို့နောက် အင်္ကျီလက်မောင်းအိုးအား ဝှေ့ယမ်းကာ အမိန့်ပေးလိုက်လေသည်။ “ဒီတစ်ခါ ငါကိုယ်တိုင် ဦးဆောင်ပြီး ရှာမယ်”

လီထျန်းမှာ မြူခိုးများ ရစ်သိုင်းနေသော ချိုင့်ဝှမ်းထဲသို့ ခုန်ဆင်း၍ တပည့်ကိုးဦးအား ဦးဆောင်ကာ အချိန်အတော်ကြာမျှ ရှာဖွေနေခဲ့ပြီးနောက် စိတ်ပျက်လက်ပျက်နှင့် ချိုင့်ဝှမ်း အပေါ်ဘက်သို့ ပြန်၍တက်လာခဲ့၏။

သည်တစ်ကြိမ်တွင်တော့ တောင်တန်း အပြင်ဖက်မှ စောင့်ကြည့်နေကြသော တပည့်များသည်ပင် အံ့အားသင့် သွားခဲ့ကြပြီး နားမလည်နိုင်သော အမူအရာများဖြင့် ဝေဖန် ဆွေးနွေးသံများ ဆူညံသွားခဲ့ရ​ေပသည်။ မည်သူကမှ ဇူယွမ်မှာ ချိုင့်ဝှမ်းအတွင်းသို့ ခုန်ဆင်း သွားပြီးနောက် လီထျန်းနှင့် အခြားသူများပင် ရှာဖွေ၍မရနိုင်ပဲ ပျောက်ဆုံး သွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

တီတိုး ဝေဖန်သံများဖြင့် ဆူညံ သွားခဲ့ပြီးနောက် တပည့်အချို့၏ မျက်နှာမှာ ဝင်းပလာခဲ့သည်။ ဓားကပ်ဘေးတောင်ထွတ်မှ ပါဝင်ယှဥ်ပြိုင် ကြသော တပည့်များအားလုံးသည် ဇူယွမ်အား အုပ်စုဖွဲ့ အနိုင်ကျင့်ခြင်းဖြင့် မည်သူကိုမှ ဂရုမစိုက်ကြောင်း ပြသခဲ့သည်။ အကယ်၍ သူတို့၏ မျက်စိအောက်တွင်ပင် ဇူယွမ်မှ ထွက်ပြေးလွတ်မြောက် သွားခဲ့မည်ဆိုပါက ဓားကပ်ဘေး တောင်ထွတ် တစ်ခုလုံး၏ ဂုဏ်သိက္ခာမှာ ပျက်သုန်း သွားရပေလိမ့်မည်။

တဖြည်းဖြည်းနှင့် ဝေဖန်ဆွေးနွေးသံများမှာ ပို၍ပို၍ ကျယ်လောင်လာခဲ့ပြီး ကလန်ခေါင်းဆောင် ချင်းယန်နှင့် အခြားတောင်ထွတ် ဆရာသခင်များပင် တစ်ဖန်အာရုံ စိုက်မိ သွားခဲ့ရသည်။

“ဟားဟား စိတ်ဝင်စားစရာပဲဟေ့” ကလန်ခေါင်းဆောင်ချင်းယန်မှ ခပ်ဖွဖွ ရယ်မောကာ ရေရွတ်လိုက်၏။

ကန်ရွှမ်းကလန်၏ တပည့်များအားလုံး အာရုံစိုက်ခံရခြင်းမှာ ရှားပါးသည့်အတွက် ကလန် ခေါင်းဆောင်ချင်းယန်သည်ပင် ထိုကိစ္စအား စိတ်ဝင်စားနေပြီ ဖြစ်သည်။

တီးတိုးဝေဖန်သံများနှင့် အကြည့်များစွာ၏ အောက်တွင် လီထျန်း၏ အမူအရာမှာ ခက်ထန်နေခဲ့ပြီး မြူခိုးများ ရစ်သိုင်းနေသော ချိုင့်ဝှမ်းထဲသို့ တစ်ခါထပ်၍ ကြည့်ရှု စစ်ဆေး လိုက်ပြန်၏။ ထို့နောက် အသက်ပြင်းပြင်းရှူလိုက်ကာ ဒေါသများကို ဖိနှိပ်ထားလိုက်သည်။

“စီနီယာ အစ်ကိုတော်လီထျန်း ကျွန်မတို့ လူဖြန့်ပြီး ဆက်ရှာသင့်လား” လုရွှမ်းယင်မှ ကူကယ်ရာမဲ့စွာနှင့် မေး​မြန်းလိုက်၏။ သူမမှာ အတော်ပင် မျက်စိမျက်နှာပျက်နေပြီ ဖြစ်သည်။

လီထျန်းမှာ ​ဘာမှပြန်၍ ဖြေကြားခြင်းမရှိပဲ ချိုင့်ဝှမ်းကိုသာ အချိန်အတော် ကြာသည်အထိ မျက်စိကျွတ်မတက် ကြည့်နေခဲ့၏။

လီထျန်း၏ ဘေးတွင် ရှိနေသော လုရွှမ်းယင်မှာ စိတ်မရှည်တော့ပဲ စကား ထပြောတော့မည့် အချိန်မှာပင် လီထျန်းမှ လေးနက်စွာဖြင့် စကားဆိုလာလေသည်။

“ဂျူနီယာညီတော်ဇူယွမ်က တကယ်ကို အံ့သြဖို့ကောင်းတာပဲ”

“အကယ်၍ ငါမမှားဘူးဆိုရင် သူက နူးညံ့သိမ်မွေ့သော အသွင်သဏ္ဌာန်ရဲ့ အထွတ်အထိပ် အဆင့်ထိကို ရောက်နေပြီ”

Comment

Leave a Reply

Options

not work with dark mode
Reset