အချိန်ကုန်လွန် လာသည့်နှင့်အမျှ သန်မာသော တပည့်များသာ ကျန်တော့သည့် အတွက် ခရမ်းတောင်တန်းထဲရှိ တိုက်ပွဲများမှာလည်း ပို၍ပို၍ ပြင်းထန် လာခဲ့သည်။ ကျန်နေသေးသော ပါဝင် ယှဥ်ပြိုင်သူများမှာ တောင်တန်းအတွင်းပိုင်းနက်နက်ထဲသို့ တဖြည်းဖြည်းနှင့် တိုးဝင်နေခဲ့ကြ၏။
ခရမ်းရောင် တောင်တန်းတစ်နေရာ၌ တောင်ထွတ်တစ်ခုမှ တပည့်သုံးဦးမှာ အတူတကွ သွားလာ နေခဲ့ကြသည်။ သူတို့သည် လမ်းလျှောက်လာရင်းဖြင့် ပတ်ဝန်းကျင်၏ အခြေအနေအား အဆက်မပြတ် စောင့်ကြည့် နေလျက်ရှိပြီး ချီစွမ်းအင်များကို ထုတ်ဖော်ထားလျက် တိုက်ခိုက်ရန် အသင့်ဖြစ်နေသော ပုံစံဖြင့် ရှိနေ၏။
ဝှစ်…
တပည့်သုံးဦးမှာ ချက်ချင်းဆိုသလိုပင် အသံလာရာဖက်သို့ လှည့်ကြည့် လိုက်ကြသော်လည်း အလွန်လျင်မြန်သော အခိုးအငွေ့တစ်ခုကိုသာ ဝေဝေဝါးဝါး တွေ့လိုက်ကြရပြီး သစ်ပင်သစ်ရွက်များ လှုပ်ခတ်သွားသည်ကိုသာ မြင်လိုက်ကြရပေသည်။
“ဘယ်သူလဲ … ” အော်ဟစ် လိုက်ပြီးနောက် သုံးဦးလုံးမှာ သူတို့၏ချီစွမ်းအင်များကို ပို၍ပေါက်ကွဲ ထွက်ပေါ်စေလိုက်၏။ သို့သော်လည်း ချီစွမ်းအင် ထွက်ပေါ် စေတုန်းမှာပင် ထိုအခိုးအငွေ့အလား လျင်မြန်လွန်းသော အရာမှာ သူတို့၏ မြင်ကွင်းထဲမှ ပျောက်ကွယ် သွားခဲ့လေသည်။
သုံးဦးလုံးမှာ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြီး နဖူးတွင် ချွေးစေးများပင် ပျံလာရကာ ရေရွတ်လိုက်၏။ “အဲဒါဘာကြီးတုန်း။ မြန်လိုက်တာမှ ယုန်ကြနေတာပဲ”
သူတို့သုံးယောက်လုံးမှာ ဘယ်အရာက ဖြတ်သန်း သွားမှန်းတောင် မသိလိုက်ကြချေ။
“ထားလိုက်တော့။ စိတ်ထဲ ထားမနေနဲ့တော့ ဒီလောက်မြန်တဲ့သူကို တိုက်ခိုက်ဖို့လည်း လွယ်မှာမဟုတ်ဘူး” သုံးဦးထဲမှ တစ်ယောက်က စကားဆိုလိုက်သည်။
ကျန်နှစ်ယောက်မှာလည်း သဘောတူသည့် အနေနှင့် ခေါင်းညိတ်လိုက်ကြ၏။
ထို့နောက် သူတို့အားလုံး တခြားတစ်နေရာသို့ သွားတော့မည့် အချိန်မှာပင် အနားရှိ အရပ်မျက်နှာ အားလုံးမှ သန်မာသောချီစွမ်းအင်များကို ခံစားလိုက်ရသဖြင့် သုံးဦးလုံး၏ အမူအရာများမှာ ပြောင်းလဲ သွားခဲ့ရသည်။
ထို့ကြောင့် သူတို့သုံးဦးလုံးမှာ တစ်ယောက်နှင့်တစ်ယောက် ကျောချင်း ကပ်လိုက်ကြပြီး ချီစွမ်းအင်များကို ပေါက်ကွဲ ထွက်ပေါ်စေလိုက်၏။
အသက်ရှူချိန် အနည်းငယ်မျှအကြာတွင် သစ်ပင်များပေါ်မှ ပုံရိပ်များ ထွက်ပေါ်လာခဲ့ပြီး ထိုလူများမှာ သစ်ပင်များ၏ထိပ်၌ မတ်တတ်ရပ်နေလျက်ရှိကာ ကြောက်လန့် တုန်လှုပ်နေသော သူတို့သုံးဦးအား ငုံ့ကြည့် လိုက်ကြသည်။
“ဟာ…. သူတို့က ဓားကပ်ဘေး တောင်ထွတ်ကပဲ” သုံးဦးလုံးမှာ ထိုသစ်ပင်ထိပ်မှ ပုံရိပ်များအား သဲကွဲစွာ မြင်လိုက်ရသော အခါတွင် မျက်လုံးများ ပြူးကျယ် သွားခဲ့ရ၏။
ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များက ထိုသုံးဦးအား ငုံ့ကြည့်ကာ အော်ဟစ်လိုက်၏။ “ဓားကပ်ဘေး င်ထွတ်က ဇူယွမ့်ကို အမဲလိုက်နေကြတာ။ တခြားဘယ်သူမှ ဝင်မပါဘူးလို့ မျှော်လင့်တယ်”
ထိုစကားများကို ပြောဆိုလိုက်ပြီးနောက် ထိုသုံးဦးအား လျစ်လျူရှုကာ ဆက်လက် ထွက်ခွာ သွားကြလေသည်။
တပည့်သုံးဦးမှာ ဓားကပ်ဘေး တောင်ထွတ်မှသူများ ထွက်ခွာသွားသည်ကို ကြည့်နေရင်းဖြင့် အလွန်ပင် အံ့အားသင့် နေကြကာ ကူကယ်ရာမဲ့စွာဖြင့် ရေရွတ်လိုက်မိသည်။ “ဓားကပ်ဘေး တောင်ထွတ်က သူတွေ အကုန်လုံးက ဇူယွမ့်နောက်ကို လိုက်နေကြတာလား”
“ဒါကတော့ အရမ်းများလွန်းတယ် ထင်တာပဲ ဟုတ်တယ်မလား” တစ်ယောက်မှ သက်ပြင်းချကာ စကားဆိုလိုက်၏။ “ ဓားကပ်ဘေးတောင်ထွတ်က တကယ်ကို အရှက်မဲ့တာပဲ။ ဘာပဲပြောပြော ဇူယွမ်ဆိုတာ အတွင်းတောင်ကို အခုမှ ရောက်ခါစ တပည့်အသစ်လေးပဲ ရှိသေးတာ။ အဲဒါကို ဓားကပ်ဘေး တောင်ထွတ်က ဝင်ပြိုင်တဲ့သူတွေ အားလုံး ဝိုင်းတိုက်ဖို့ စီစဥ်ရအောင်ထိ လိုလို့လား”
ကျန်နှစ်ဦးမှ ခေါင်းညိတ်လိုက်ကာ သနားဂရုဏာ သက်သော လေသံဖြင့် ရေရွတ်လိုက်၏။ “ ငါတို့ခုနက တွေ့လိုက်တဲ့ အခိုးအငွေ့က ဇူယွမ် ဖြစ်လိမ့်မယ်။ ဓားကပ်ဘေး တောင်ထွတ်က လူတွေအကုန်လုံး ဝိုင်းလိုက်တာ ခံနေရတာ သနားစရာပဲ”
“ဒီတစ်ခါတော့ ဇူယွမ် မလွတ်မြောက် နိုင်တော့ဘူးလို့ ငါထင်မိတယ်။ ဓားကပ်ဘေး တောင်ထွတ်က တပည့်တွေက သူ့ကို ဘယ်နည်းနဲ့မှ အလွတ်ပေးမယ့်ပုံ မပေါ်ဘူး”
ဓားကပ်ဘေး တောင်ထွတ်မှ ဇူယွမ့်အား အမဲလိုက်နေသည့် သတင်းမှာ ခရမ်းရောင် တောင်တန်း တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ အခြားတောင်ထွတ်မှ ပါဝင် ယှဥ်ပြိုင်နေသော တပည့်များမှာ ဓားကပ်ဘေးတောင်ထွတ်၏ အရှက်မဲ့လှသော လုပ်ရပ်အား သက်ပြင်းသာ ချနိုင်ကြပေ၏။
သူတို့အားလုံးမှာ ဇူယွမ်အား သနားဂရုဏာ သက်ခဲ့ကြသော်လည်း မည်သူကမှ ပါဝင်ကူညီလိုစိတ် မရှိခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် ဇူယွမ်မှာ ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲအတွက် အရည်အချင်း မပြည့်မှီဟု သတ်မှတ် ထားကြသည့်အပြင် မူလသူတော်စင် တောင်ထွတ်အား အကူအညီပေးရန် မည်သူကမှ မလိုလားကြသောကြောင့် ဖြစ်သည်။ ထို့အပြင် ဇူယွမ့်အား ကူညီပေးလိုက်လျှင် ဓားကပ်ဘေး တောင်ထွတ်နှင့် အငြိုးအတေးကို အစပြုလိုက်သလို ဖြစ်သွားမည်ပင် ဖြစ်၏။
ဤအခြေအနေသည် တောင်တန်း အပြင်ဖက်မှ စောင့်ကြည့်နေကြသော တပည့်များအား ဆူညံပွတ်လော ရိုက်စေခဲ့ပြီး အများစုမှာ ဓားကပ်ဘေးတောင်ထွတ်မှ ဇူယွမ့်အား အုပ်စုဖွဲ့ကာ အနိုင်ကျင့်သည့် အကြောင်းကို အလိုမကျခဲ့ကြပေ။
သို့သော်လည်း တပည့်များ၏ အလိုမကျမှုက မည်သည့် အခြေအနေကိုမှ ပြောင်းလဲ ပစ်နိုင်ခြင်း မရှိချေ။ အဘယ့်ကြောင့်ဆိုသော် ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲတွင် စစ်မှန်သော တရားမျှတမှုမှာ မလိုအပ်သောကြောင့် ဖြစ်သည်။ ထို့အပြင် ဇူယွမ်မှာ အချိန်တိုလေး အတွင်း ဂုဏ်သတင်း လျင်မြန်စွာ ကြီးမား လာခဲ့သောကြောင့် အဆုံးတွင် တန်ပြန် သက်ရောက်မှုများကို ရှောင်လွှဲနိုင်မည် မဟုတ်ပဲ မလွဲမသေ ကြုံတွေ့ရမည်သာ ဖြစ်၏။
ထိုအခြေအနေအား ဒေါသအဖြစ် ကြဆုံးသူများမှာ စိန်းထိုက်ယွမ်၏ တပည့်များ ဖြစ်လေသည်။ ဓားကပ်ဘေး တောင်ထွတ်၏ လုပ်ရပ်များမှာ စိန်းထိုက်ယွမ်တို့ အုပ်စုအား ဂရုပင် မစိုက်ကြောင်း အလွန်ထင်ရှား နေ၏။ ထို့ကြောင့်ပင် ဓားကပ်ဘေး တောင်ထွတ်မှ တပည့်များက ဇူယွမ့်အား အမဲလိုက်နေခြင်းကို ခရမ်းတောင်တန်းထဲရှိ တပည့်များ အားလုံးသိရှိအောင် ကြေညာခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။
စိန်းထိုက်ယွမ်မှာ ဒေါသထွက်လွန်း လှသဖြင့် မျက်ဝန်းများမှာ နီရဲနေလျက်ရှိပြီး အမူအရာမှာ အလွန်ပင် ခက်ထန်နေလျက် ရှိ၏။ သို့သော်လည်း အဆုံး၌ အသက်ပြင်းပြင်း တစ်ချက် ရှူရှိုက်လိုက်ကာ ဒေါသများကို မျိုသိပ်ထားလိုက်ရသည်။
ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲမှာ အလွန်ပင်ပြင်းထန်သော စစ်ဆေးမှု တစ်ခုဖြစ်ပြီး စည်းမျဥ်းစည်းကမ်းများ မရှိသလောက်ပင် ဖြစ်၏။ ထို့ကြောင့် စိန်းထိုက်ယွမ်မှာ ကလန်ခေါင်းဆောင် ချင်းယန်အား တိုင်ကြားရန် အကြောင်းပြချက် မရှိချေ။
ထို့ကြောင့် ဇူယွမ်မှာ တစ်ယောက်ထဲသာ ဖြေရှင်းရမည် ဖြစ်သည်။
အကြီးအကဲလုစုန့်နှင့် တပည့်များမှာလည်း အလွန်ဒေါသ ထွက်နေခဲ့ကြ၏။ အဘယ့်ကြောင့် ဆိုသော် သူတို့မှာလည်း မူလသူတော်စင် တောင်ထွတ်၏ အုပ်စုများဖြစ်ပြီး ဓားကပ်ဘေး တောင်ထွတ်၏ လုပ်ရပ်များက သူတို့အား လေးစားမှုမရှိကြောင်း ပြသနေခြင်းပင် ဖြစ်ပေသည်။
ဇူယွမ်အား အမြဲတစေ အထင်သေးကာ သဘောမကျသော လုယန်းသည်ပင် မျက်မှောင်ကြုတ်လျက် အံကိုကြိတ်ကာ ရေရွတ်လိုက်၏။ “ဓားကပ်ဘေး တောင်ထွတ်ရဲ့ တပည့်တွေက တစ်စက်မှကို အရှက်မရှိတာပဲ”
လုယန်းမှာ အော်ဟစ်ကျိန်ဆဲနေရုံမှ လွဲ၍ ဘာမှမတတ်နိုင်ခဲ့ချေ။ သူမတို့အုပ်စုမှ ပါဝင် ယှဥ်ပြိုင်နေသော တပည့်မှ ဇူယွမ့်အား ကူညီပေးခဲ့မည် ဆိုလျှင်ပင် လှည်းကြိတ်ခံရမည့် ပိုးကောင်သာသာအခြေအနေသာ ဖြစ်နေပေလိမ့်မည်။
လုယန်းနားရှိ တပည့်များမှာ မည်သည့်စကားမှမဆိုရဲပဲ တိတ်ဆိတ်သွားကြသည်။
လုယန်းမှာ ဇူယွမ်၏ ပုံရိပ်အား ပြသနေသော မှန်ချပ်အား ကြည့်လိုက်ပြီး နှုတ်ခမ်းများကို ဖိကိုက်ကာ ရေရွတ်လိုက်၏။ “ဇူယွမ်….နင်ငါ့ကို ဒီနေ့ထပ်ပြီး အံ့သြစရာတွေ လုပ်ပြနိုင်ခဲ့မယ်ဆိုရင် အနာဂတ်မှာ နင်က အစ်ကိုတော် ချူချင်းလို ဖြစ်လာမယ့်သူလို့ ငါ…ငါ အသိအမှတ်ပြုပေးမယ်”
လုယန်းအနားရှိ တပည့်များမှာ အလွန်ပင် အံ့အားသင့်စွာဖြင့် သူမအား ငေးကြည့် လိုက်ကြသည်။ ပထမဆုံးအကြိမ်အဖြစ် အစ်ကိုတော်ချူချင်း၏ အမာခံ ပရိသတ်ဖြစ်သော သူမထံမှ ထိုသို့သော စကားများကို ကြားခဲ့ဖူးခြင်း ဖြစ်၏။
လုယန်းမှာ ထိုတပည့်များကို ကြည့်ရင်း အော်ဟစ်လိုက်သည်။ “ဘာကြည့် နေကြတာလဲ။ သူတကယ် လုပ်နိုင်မယ်လို့ရော နင်တို့ထင်လို့လား”
သူတို့အားလုံးမှာ တိတ်ဆိတ် သွားကြပြီး သက်ပြင်းချကာ ခေါင်းကိုသာခါယမ်းလိုက်ကြ၏။
ဓားကပ်ဘေး တောင်ထွတ်၏ အတော်ဆုံးတပည့်များနှင့် ရင်ဆိုင်ရမည့် ဇူယွမ်သည် မည်သို်မှ အခြေအနေများကို ပြောငး်လဲနိုင်လိမ့်မည် မဟုတ်ပေ။
စိန်းထိုက်ယွမ်နှင့် လုစုန့်တို့၏ တပည့်များနှင့်မတူပဲ လုဟုန်း၏ တပည့်များမှာ ဇူယွမ်၏အခြေအနေအား ဝမ်းသာအားရ ဖြစ်နေခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် လုဟုန်း၏ တပည့်အများစုမှာ ဓားကပ်ဘေး တောင်ထွတ်မှ ဖြစ်ကြပြီး မူလသူတော်စင်တောင်ထွတ်၏ ဂုဏ်သိက္ခာအား ဂရုပင်မစိုက်ကြသောကြောင့် ဖြစ်၏။
ထို့ကြောင့် ဓားကပ်ဘေး တောင်ထွတ်မှ ဇူယွမ်အား အမဲလိုက်သလို လိုက်လံ ဖမ်းဆီးနေခြင်းကို ပျော်ရွှင် နေခဲ့ကြသည်။
ဇူယွမ်မှာ အမြဲလိုလိုပင် မာနကြီးကာ မောက်မာနေခဲ့သူ ဖြစ်သည်။ အခုတော့ နေစရာမရှိတဲ့ ခွေးတစ်ကောင်လို ပြေးနိုင်သမျှ ထွက်ပြေးရုံသာ တက်နိုင်တော့သည် မဟုတ်ပါလား။
အချိန်များကုန်လွန်လာသည့်နှင့်အမျှ ပါဝင်ယှဥ်ပြိုင်သူများမှာ တဖြည်းဖြည်းနှင့် တော်၏ အတွင်းပိုင်းသို့ ရောက်လာခဲ့ကြပြီး အဆုံးတွင် တောင်ထွတ် ဆယ်ခုအား ပိတ်ပင်ထားသော ကျောက်တံခါးများမှာ စတင်ပေါ်ထွက် လာခဲ့သည်။
ကြည့်ရသည်မှာ ရွေးချယ်ခြင်း ပြိုင်ပွဲ၏ အဆုံးသတ်မှာ နီးကပ်လာဟန် ရှိ၏။
ထိုအချိန်၌ပင် ဇူယွမ်မှာ ချိုင့်ဝှမ်း တစ်ခုထဲသို့ ထိုးဆင်းသွားခဲ့ပြီး ချိုင့်ဝှမ်းထဲမှ ထူထပ်လှသော မြူခိုးများက ဇူယွမ်၏ ပုံရိပ်အား ဖုံးကွယ်ထားပေသည်။
ဇူယွမ်ဆင်းသွားပြီး မကြာခင်၌ပင် ကောင်းကင်ထက်မှ ပုံရိပ်တစ်ခုပြီး တစ်ခု ပျံသန်း ရောက်ရှိလာခဲ့ပြီး ချိုင့်ဝှမ်းတစ်ခုလုံးအား ပိတ်ဆို့ ထားလိုက်ကြ၏။
လီထျန်းနှင့် လုရွှမ်းယင်တို့လည်း ရောက်ရှိ လာခဲ့ပြီးနောက် ကြီးမားသော သစ်ပင် တစ်ခုပေါ်တွင် ရပ်နေခဲ့ကြသည်။ ထို့နောက် တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်းဖလှယ်ကာ ဇူယွမ်ဆင်းသက် သွားသော ချိုင့်ဝှမ်းအား ကြည့်လိုက်ကြပြီး လှောင်ပြောင်သရော် လိုသော အပြုံးများ ပေါ်လာခဲ့ကြလေသည်။
နောက်ဆုံးတော့ သူတို့ အမဲလိုက်နေခဲ့သော သားကောင်မှာ ထွက်ပြေးရန်အင်အား ကုန်ခန်းသွားဟန် ရှိ၏။
မကြာမီ အချိန်တွင်းမှာပင် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များသာက အခြားပါဝင် ယှဥ်ပြိုင်သူများပါ ချိုင့်ဝှမ်းအနီးသို့ ရောက်လာခဲ့ကြသည်။ ဓားကပ်ဘေး တောင်ထွတ်မှ တပည့်များ စုစုဝေးဝေးရှိနေမှုက အခြားတောင်ထွတ်မှ တပည့်များကိုပါ စိတ်ဝင်စားစေခဲ့ခြင်း ဖြစ်သည်။
လီထျန်းမှာ ချိုင့်ဝှမ်းအနီးရှိ အခြားတောင်ထွတ်မှ တပည့်များကို ကြည့်လိုက်ပြီး ပြုံး၍ အရိုအသေပေးကာ စကားဆိုလိုက်၏။ “ဒါက ကျွန်တော်တို့ ဓားကပ်ဘေး တောင်ထွတ်နဲ့ ဇူယွမ်ကြားက ပြဿနာပါ။ ကျန်တဲ့သူတွေ စိတ်အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်”
လီထျနး်သည် အခြားသူများအား ဝင်မနှောင့်ယှက်ရန် သတိပေးလိုက်ခြင်းပင် ဖြစ်သည်။
အနီးနားတွင် ရှိနေသော တပည့်များ၏မျက်ဝန်းများမှ ခက်ထန် သွားခဲ့ပါသော်လည်း သူတို့မှာ ဇူယွမ်နှင့် အသိအကျွမ်းများ မဟုတ်ကြသောကြောင့် လီထျန်း၏ စကားအား မတုံ့ပြန်ခဲ့ကြပေ။
သို့သော်လည်း လူတိုင်းကတော့ အမြင်တူချင်မှ တူပေလိမ့်မည်။
“အဟက်…လီထျန်း နင်တို့ ဓားကပ်ဘေးတောင်ထွတ်က အရမ်းကို အရှက်မရှိလွန်းတာ မဟုတ်ဘူးလား။ နင့်မှာ ဂုဏ်သိက္ခာ ရှိသေးတယ်ဆိုရင် ဇူယွမ်နဲ့ တစ်ယောက်ချင်း ချကြလေ။ အဲ့လိုဆိုမှ နင်အနိုင်ရသွားရင် လူတွေက လေးစားကြမှာ။ အခုလိုမျိုးတွေ လုပ်နေရင်တော့ ဘယ်သူမှ နင်တို့ တောင်ထွတ်ကို အထင်ကြီးကြမှာ မဟုတ်ဘူး” အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး လူအုပ်ကြားထဲမှ လှပသော မိန်းမငယ်လေး တစ်ယောက် ထွက်လာခဲ့သည်။
ထိုမိန်းမငယ်လေးမှာ ကန်ရွှမ်းတောင်ထွတ်မှ စူးဝမ်ပင် ဖြစ်၏။
သူမသည် ဂူဟွမ်ချီနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့်အပြင် ဂူဟွမ်ချီမှ ဇူယွမ့်အား ကူညီ စောင့်ရှောက်ပါရန် ပြောဆိုထားခဲ့သည်။ ထိုသို့ မဟုတ်လျှင်တောင်မှ အခုကဲ့သို့ အများနှင့် တစ်ယောက် အနိုင်ကျင့်နေမည်ဆိုလျှင် သူမငြိမ်နေနိုင်မည် မဟုတ်ပေ။
စူးဝမ် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါတွင် လီထျန်း၏မျက်ဝန်းများမှာ ကျဥ်းမြောင်း သွားခဲ့ရသည်။
သို့သော် လီထျန်းမှ စူးဝမ်၏စကားအား တုံ့ပြန်တော့မည့် အချိန်၌ပင် အသံတစ်ခု ထွက်ပေါ် လာခဲ့၏။ “စူးဝမ် မင်းကအခုထိ တခြားလူကိစ္စတွေ ဝင်ပါချင်နေတုန်းပဲလား။ မင်းကြည့်ရတာ သိပ်ကို အားနေတဲ့ပုံပဲ။ အဲ့ဒါကြောင့် မင်းနဲ့ငါ တစ်ပွဲလောက် ချကြရင်ရော ဘယ်လိုလဲ”
လူအုပ်ကြီးမှာ အသံကြားရာသို့ လှည့်ကြည့်လိုက်သောအခါ အေးစက်နေသော မျက်ဝန်းများဖြင့် အနက်ရောင် ဝတ်စုံအား ဆင်မြန်းထားသော လူငယ်တစ်ဦးကို တွေ့ရှိ လိုက်ရပေသည်။
ထိုလူငယ်မှာ မိုးကြိုး အကျဥ်းထောင် တောင်ထွတ်မှ ဝမ်ချန်းဖြစ်ပြီး ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲအတွက် ချန်ပီယံ ဖြစ်နိုင်ချေရှိသော သူများထဲမှ တစ်ယောက်ဖြစ်၏။
“ဝမ်ချန်း” စူးဝမ်မှာ မျက်မှောင်ကြုတ်လိုက်ကာ အေးစက်စက်ဖြင့် မေးမြန်းလိုက်သည်။ “ငါ့ဘာသာ ဘာလုပ်လုပ် နင်နဲ့ဆိုင်လို့လား”
ဝမ်ချန်းမှာ တည်ငြိမ်နေလျက်ပင် ရှိပြီး စူးဝမ်အား မည်သည့်စကားမှ ပြန်မပြောခဲ့ချေ။ သို့သော် စူးဝမ်မှ ထိုကိစ္စအား ဆက်လက်ဝင်ပါနေပါက သူသည်လည်း စူးဝမ်ကို တားဆီးမည် ဖြစ်ကြောင်း လွန်စွာထင်ရှားနေပေသည်။
စူးဝမ်မှာ ဒေါသထွက်စွာဖြင့် လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်၏။
တခြားသူများမှာ တိတ်ဆိတ်စွာပင် ခေါင်းအား ခါယမ်း လိုက်ကြလေသည်။ ကြည့်ရသည်မှာ လီထျန်းသည် တစ်စုံတစ်ယောက်မှ ဇူယွမ်အားကူညီရန် ကြိုးစားခဲ့လျှင် တားဆီးရန် အတွက်ပင် အစီအစဥ်များ ချထားပုံရ၏။
ယခု စူးဝမ်အား ဝမ်ချန်းမှ တားဆီး ထားလိုက်သည့်အတွက် ဇူယွမ်၏ကံကြမ္မာမှာ ပြောင်းလဲ၍ မရတော့ဟန် ရှိသည်။
“သွား…”
“သူ့ကို ခေါ်ထုတ်လာခဲ့တော့”
လီထျန်းမှ အော်ဟစ်လိုက်သည်နှင့် တစ်ပြိုင်နက် ဓားကပ်ဘေး တောင်ထွတ်မှ တပည့်များမှာ ချိုင့်ဝှမ်းထဲသို့ ခုန်ဆင်းသွားလိုက်ကြ၏။
သစ်ပင်ပေါ်တွင်ရှိနေသော လုရွှမ်းယင်မှာ ထိုမြင်ကွင်းအား ကြည့်နေရင်း အားရ ကျေနပ်စွာဖြင့် ရယ်မော ပစ်လိုက်လေသည်။
ဇူယွမ်….. နင် ဒီတစ်ကြိမ်တော့ နိုင်စရာ အကြောင်းကို မရှိဘူး။