Switch Mode

အခန်း ( ၃၂၂ )

ဒဏ္ဍာရီလာ သိန်းငှက်ကြီးများလား

လီဝမ်အာမှာ ဝမ်ပေါင်လဲ့၏ စကားကို ကြားလိုက်ရသောအခါ သူ့အား အဓိပ္ပါယ်ပါပါ ကြည့်လိုက်၏။ ထို့နောက် သူမသည် နောက်သို့ပြန်လှည့်သွားပြီး ဂူထဲမှ ထွက်ခွာသွားတော့သည်။ သူမ၏ နောက်ကျောအလှမှာ ကောက်ကြောင်းအလှများနှင့် ပြည့်စုံနေပြီး သူမဆီမှ ထွက်ပေါ်နေသည့် အ‌ငွေ့အသက်များမှာလည်း ရေခဲမြစ်ကြီး တစ်စင်းကဲ့သို့ အေးစက်နေ၏။ သူမ၏ မျက်ဝန်းများမှာမူ အခြားသူများအား သူမနှင့် ခပ်ဝေးဝေး၌နေရန် သတိပေးနေသည့်ပုံပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာ မှုန်ကုပ်ကုပ် ဖြစ်သွားသည်။

” ငါက သူ့အသက်ကို ကယ်ခဲ့တာလေ။ ဘယ်လိုပဲပြောပြော မနေ့ညတုန်းက ငါတို့ နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် အသားယူခဲ့တာပဲကို။ ငါလည်း အသားယူခံခဲ့ရတာပဲ။ အဲဒါကို သူက ငါ့ကို ခြိမ်းခြောက်ရဲသေးတယ် ”
ဝမ်ပေါင်လဲ့မှာ တရားမျှတမှုမရှိသလို ခံ‌စားနေရသဖြင့် ဒေါပွနေတော့သည်။ သို့သော် အနည်းငယ်ခန့် တွေးတောလိုက်ပြီးနောက် သူ၏ အတွေးထဲမှစကားများကို ထုတ်ပြောနေရန် မလိုကြောင်း ဆုံးဖြတ်လိုက်၏။ ၎င်းမှာ ရန်သူကိုလှည့်စားနိုင်ရန်အတွက် အားနည်းချင်ယောင် ဟန်ဆောင်ပြလိုက်ခြင်းသာ ဖြစ်သည်။ သူသည် အမှန်တကယ်တွင် အားနည်းနေခြင်းမရှိသလို ကြောက်ရွံ့နေခြင်းလည်း မရှိပေ။

ထိုသို့ တွေးမိလိုက်သောအခါ သူ၏ ယုံကြည်ချက်များမှာ ပြန်လည်ရှင်သန်လာပြီး သူသည် လက်နှစ်ဖက်ကို နောက်ပစ်၍ ဂူအပြင်ဘက်သို့ ထွက်လာတော့သည်။

အပြင်ဘက်ရှိ ကမ္ဘာကြီးမှာ နေသာကာ ကောင်းကင်ကြီးမှာလည်း ကြည်လင်နေပြီး ဘေးပတ်ပတ်လည်တွင် ရေခဲနှင့်ဆီးနှင်းများက ဝန်းရံထား၏။ ပျက်စီးဆွေးမြေ့နေသည့် အရိပ်အရောင်များကိုလည်း တစ်ခုတလေပင် မမြင်ရသောကြောင့် လွန်ခဲ့သည့်ညက ထွက်ပေါ်လာခဲ့သည့် သွေးရောင်မြူခိုးများနှင့် လေပြင်းများမှာ အိပ်မက်တစ်ခုကဲ့သို့ပင် ဖြစ်နေ၏။ ၎င်းတို့မှာ လုံးဝ ပေါ်မလာခဲ့သည့်အတိုင်းပင်။

သို့သော် ၎င်းတို့မှာ အမှန်တကယ် ပေါ်ပေါက်လာခဲ့သည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့နှင့် လီဝမ်အာတို့ အတိအကျ သိရှိထားပြီးသားဖြစ်သည်။ သူတို့မှာ တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေရင်း အင်္ဂါဂြိုဟ်၏ ထူးဆန်းမှုကြီးကို စိတ်ထဲတွင် အာရုံခံမိလိုက်သည်။

သူတို့မှာ ထိုနေရာ၌ ဆက်ရှိနေပါက အန္တရာယ်နှင့် ကြုံရနိုင်ကြောင်း ခံစားလိုက်ရ၏။ ထို့ကြောင့် လီဝမ်အာမှာ သူမ၏ သင်္ဘောပျံကြီးကို ချက်ချင်းပင် ထုတ်ယူလိုက်ပြီး ဝမ်ပေါင်လဲ့မှာလည်း ၎င်းပေါ်သို့ ခုန်တက်လိုက်၏။ ထို့နောက် လီဝမ်အာ၏ မောင်းနှင်မှုအောက်တွင် ထို သင်္ဘောပျံကြီးမှာ အင်္ဂါဂြိုဟ်မြို့တော်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားတော့သည်။

သူတို့၏ အသံလွှင့်လက်စွပ်များကိုလည်း ပြန်လည် အသုံးပြု၍ ရသွားသည်။ သူတို့၏ အပြန်ခရီး တစ်လျှောက်တွင် ဝမ်ပေါင်လဲ့နှင့် လီဝမ်အာတို့ နှစ်ယောက်စလုံးမှာ အကြောင်းကြားစာ မြောက်မြားစွာကို လက်ခံရရှိလိုက်ကြ၏။ ဝမ်ပေါင်လဲ့မှာ လင်းတျန်ဟောက်နှင့် မြူခိုးတာအိုကျောင်းမှ အခြားဆရာများအပြင် ကျင့်သိုမင်နှင့် အခြား အမည်မသိ ပေးပို့သူများဆီမှ အကြောင်းကြားစာများကို လက်ခံရရှိလိုက်သည်။

ကောင်းကင်တာအိုကျောင်း၏ ဂိုဏ်းချုပ်ကြီးမှာလည်း သူ့အား အသံလွှင့်အကြောင်းကြားစာ အမြောက်အမြား ပေးပို့ထားခဲ့၏။ ဝမ်ပေါင်လဲ့မှာ ၎င်းတို့ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ဖတ်ရှုလိုက်ပြီး အကြောင်းပြန်လိုက်၏။ ထို့နောက် သူသည် ကျင့်သိုမင်၏ အသံလွှင့်အကြောင်းကြားစာကို မြင်လိုက်ရသောအခါ သူ၏မျက်နှာမှာ ချက်ချင်းဆိုသလိုပင် ထိတ်လန့်တုန်လှုပ်သွားရတော့သည်။

” မနေ့ညတုန်းက အင်္ဂါဂြိုဟ်ရဲ့ သုံးပုံပုံတစ်ပုံကို သွေးရောင်မြူခိုးတွေနဲ့ လေပြင်းတွေက လွှမ်းခြုံသွားခဲ့တာ ”

ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းကြားစာကို ဖတ်ကြည့်လိုက်ပြီးနောက် အံ့ဩတုန်လှုပ်နေသည့် အမူအရာဖြင့် ခေါင်းမော့လာ၏။ သူသည် လီဝမ်အာအား လှမ်းကြည့်လိုက်သောအခါ သူမ၏ မျက်နှာအမူအရာသည်လည်း သူ့အတိုင်း သုန်မှုန်နေသည်ကို မြင်လိုက်ရသည်။ သူမ၏ ရာထူးအဆင့်အတန်းကြောင့် သူမသည် ပို၍ အသေးစိတ်သော အချက်အလက်များကို လက်ခံရရှိလိုက်မည်မှာ အသေအချာပင်။

ဝမ်ပေါင်လဲ့၏ ခန့်မှန်းချက်မှာ မှန်ကန်ပေသည်။ လီဝမ်အာသည် ကိုလိုနီနယ်မြေ စည်းကမ်းထိန်းသိမ်းရေးဌာနအား တာဝန်ယူထားရသည့် အဓိကအဖွဲ့ဝင်များထဲမှ တစ်ယောက်ဖြစ်သောကြောင့် သူမသည် လက်ရှိအခြေအနေနှင့် ပတ်သက်၍ ပို၍ပြည့်စုံသည့် သတင်းပေးပို့မှုများကို လက်ခံရရှိလိုက်သည်။ ထိုမြူခိုးများမှာ သူတို့ရှိနေခဲ့သောနေရာ၌ လွင့်ပါးပျောက်ကွယ်သွားပြီ ဖြစ်ပါသော်လည်း ဤ အထူးအဆန်းဖြစ်စဥ်ကြီး ပေါ်ပေါက်လာခဲ့သည့် နေရာအားလုံးထဲမှ တစ်ဝက်ကျော်မှာ မြူခိုးများ၏ လွှမ်းခြုံခြင်းကို ခံထားရဆဲပင်ဖြစ်သည်။

လီဝမ်အာသည် ဤဖြစ်စဉ်ကြီးတစ်ခုလုံးမှာ ထူးဆန်းလွန်းနေပြီး သွေးရောင်မြူခိုးများ၏ ဘေးထွက်ဆိုးကျိုးများမှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေသည်ကို တွေးမိလိုက်သောအခါ လက်ရှိပြဿနာကြီး၏ အတိမ်အနက်ကို နားလည်သွားတော့သည်။ အကယ်၍ သူတို့မှာ ယခုကိစ္စကို အဖြေပေါ်သည်အထိ စုံစမ်းစစ်ဆေးခြင်း မရှိပါက ၎င်းမှာ နောင်တစ်ချိန်တွင် ကပ်ဘေးတစ်ခုအဖြစ် ပြန်လည်ပေါ်ထွက်လာနိုင်ခြေ ရှိပေသည်။ အကယ်၍ နောက်တစ်ချိန်တွင် ထိုမြူခိုးများမှာ မြို့တော်ထဲ၌သာ ပေါ်ထွက်လာမည်ဆိုလျှင်…

လီဝမ်အာမှာ ထိုမြင်ကွင်းကို စိတ်ကူးထဲတွင် ပုံဖော်ကြည့်ရင်း သူမ၏ မျက်နှာအမူအရာမှာ တည်ကြည်လာတော့သည်။ ထို့ကြောင့် သူမသည် သင်္ဘောပျံကြီးကို အရှိန်တင်လိုက်၏။ ထိုအခါ ၎င်းမှာ အသံအကျယ်ကြီးမြည်ကာ ရှေ့သို့ ပြေးထွက်သွားလိုက်တော့သည်။ ဤ လျှို့ဝှက်ဆန်းကြယ်မြူခိုးကြီးနှင့် ပတ်သတ်၍ သူမနှင့် သူ၏အဖွဲ့ စုံစမ်းစစ်ဆေးရမည့် တာဝန်လုပ်ငန်းများမှာ တောင်လိုပုံနေတော့မည်ဖြစ်ကြောင်း သူမက သိထား၏။

ဝမ်ပေါင်လဲ့မှာ ကြိုးစား၍ စိတ်ကိုတည်ငြိမ်အောင် ထားလိုက်ရ၏။ ထို့နောက် သူသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ အသံလွှင့်လက်စွပ်ကို စိုက်ကြည့်နေလိုက်တော့သည်။ သူ လက်ခံရရှိသည့် အကြောင်းကြားစာများထဲမှ တစ်ခုမှာ သူ့ကျောင်းမှ ဆရာတစ်ယောက်က ပေးပို့ထားသော အကြောင်းကြားစာတစ်ခု ဖြစ်ပြီး ထိုအကြောင်းကြားစာထဲတွင် လွန်ခဲ့သောညက စစ်တပ်ဘက်မှ လူများမှာ သူ့အား လာရောက်ရှာဖွေခဲ့ကြောင်း တင်ပြထား၏။ သို့သော် သူ မရှိသည့်အတွက် သူတို့မှာ သူ့အစား လင်းတျန်ဟောက်အား ခေါ်သွားခဲ့ကြသည်။

ကျောင်းမှာ ထိုသို့ခေါ်သွားရသည့် အကြောင်းအရင်းကို အတိအကျမသိပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏အသံလွှင့်လက်စွပ်ကို ချက်ချင်းပင်ထုတ်ယူလိုက်ပြီး လင်းတျန်ဟောက်ဆီသို့ အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်သည်။ သို့သော် အကြောင်းပြန်စာ ပြန်မရပေ။ ထို့ကြောင့် လင်းတျန်ဟောက်နှင့် ပြင်ပကမ္ဘာကြီး၏ ကြားရှိ ဆက်သွယ်မှုများမှာ ပြတ်တောက်သွားပြီဖြစ်ကြောင်း သိနိုင်ပေသည်။

ဝမ်ပေါင်လဲ့မှာ အချိန်အနည်းငယ်ခန့် နှုတ်ဆိတ်နေပြီးနောက် လီဝမ်အာဘက်သို့ လှည့်လိုက်၏။
” မနေ့ညတုန်းက စစ်တပ်ကလူတွေက ငါ့ကို ကျောင်းအထိ လာရှာခဲ့ကြတာတဲ့။ နောက်ဆုံးရောက်တော့ သူတို့က ငါ့ရဲ့လက်ထောက်ကျောင်းအုပ်ကို ခေါ်သွားကြတာ။ မင်းက ဒီကိစ္စတွေကို ပိုပြီးတော့ ရှင်းရှင်းလင်းလင်း သိမှာပါ။ ဘာလို့ သူတို့တွေက အဲ့လိုခေါ်သွားတာလဲဆိုတာကို မင်းသိလား ”

ထိုအခါ လီဝမ်အာမှာ မျက်မှောင်ကြုတ်သွားပြီး ဝမ်ပေါင်လဲ့အား ဖျတ်ခနဲလှမ်း၍ မျက်စောင်းထိုးလိုက်သည်။ ပုံမှန်ဆိုလျှင် သူမသည် သူ့အား လျစ်လျူရှုလိုက်မည်သာ ဖြစ်ပါသော်လည်း ယခုတွင်မူ သူမသည် အနည်းငယ်ခန့် နှုတ်ဆိတ်နေပြီးနောက် သူမ၏ အသံလွှင့်လက်စွပ်ကို ထုတ်ယူကာ မေးခွန်းအချို့ မေးမြန်းလိုက်တော့သည်။ တစ်ခဏမျှ ကြာပြီးနောက် သူမသည် နောက်သို့ ခေါင်းပင်လှည့်မလာဘဲ တည်ကြည်စွာ ပြန်ဖြေလိုက်၏။

” မနေ့ညတုန်းက သွေးရောင်မြူခိုးတွေနဲ့ လေပြင်းတွေ ပေါ်လာတဲ့အချိန်မှာ ထူးဆန်းတဲ့ ရွာခုနစ်ရွာလည်း ပေါ်ပေါက်လာခဲ့တာတဲ့။ ငါတို့ရဲ့ မန္တန်အစီအရင်ရဲ့ စုံစမ်းစစ်ဆေးမှုအရဆိုရင် အဲ့ရွာတွေက အန္တရာယ်သိပ်မရှိဘူးဆိုပဲ။ အဲဒီ နယ်မြေတွေကို စုံစမ်းစစ်ဆေးဖို့အတွက် ဘုရင်ခံကိုယ်တိုင် တပ်ဖွဲ့ခုနစ်ဖွဲ့ကို စေလွှတ်ပေးဖို့ စစ်တပ်ကို အမိန့်ပေးခဲ့တာ။ ဘာလို့လဲဆိုတော့ အဲဒီရွာတွေကို မန္တန်အစီအရင်ကြီးနဲ့ စုံစမ်းစစ်ဆေးကြည့်လိုက်တော့ အထဲမှာ မန္တန်အစီအရင်တွေနဲ့ ဓမ္မလက်နက် အပျက်အစီးတွေကို အများကြီးမြင်ခဲ့ရတာ မလို့ပဲ။ တပ်ဖွဲ့တစ်ခုချင်းစီတိုင်းမှာ မန္တန်အစီအရင်ကျင့်ကြံသူတစ်ယောက်နဲ့ ဓမ္မလက်နက်ကျင့်ကြံသူတစ်ယောက်စီ ပါတယ် ”

ဝမ်ပေါင်လဲ့မှာ ထိုစကားများကိုကြားလိုက်ရသောအခါ ဖြစ်ကြောင်းကုန်စင်ကို နားလည်သွားတော့သည်။ လင်းတျန်ဟောက်မှာ စစ်ဆင်ရေးအတွက် သူ၏အစား ခေါ်သွားခံလိုက်ရခြင်းဖြစ်သည်။ ထိုအချိန်တွင် သူသည် ထို သွေးရောင်မြူခိုးများနှင့် လေပြင်းများမှာ အလွန်အင်မတန်မှ ကြောက်မက်ဖွယ်ရာ ကောင်းသည်ကို ပြန်၍တွေးတောမိလိုက်သဖြင့် သူ၏ နှလုံးသားထဲ၌ စိုးရိမ်ပူပန်စိတ်များ ထွက်ပေါ်လာတော့သည်။ ယခုအကြိမ်တွင် စစ်တပ်မှာလည်း ပါဝင်လာပြီဖြစ်သလို ဘုရင်ခံကိုယ်တိုင်ပင်လျှင် ဤကိစ္စအကြောင်းကို သိရှိထားသည် မဟုတ်ပါလော။ သို့သော် သူသည် အတွေးလွန်နေခြင်း ဖြစ်နိုင်ပေမည်။ စစ်တပ်မှာ ၎င်း၏တပ်ဖွဲ့များကို ဤစစ်ဆင်ရေးအတွက် ပြီးပြည့်စုံအောင် ပြင်ဆင်ကာ လက်နက်အပြည့်အစုံ တပ်ဆင်ပေးပြီးမှ စေလွှတ်လောက်မည်သာ ဖြစ်သည်။ သူတို့မှာ ဤစစ်ဆင်ရေးကြီး အောင်မြင်နိုင်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်ထားကြမည် ဖြစ်သည်။

လီဝမ်အာမှာ ဝမ်ပေါင်လဲ့တစ်ယောက် စိုးရိမ်ပူပန်နေသည်ကို သတိထားမိသွားသည်ပုံပင်။ ထို့ကြောင့် သူမသည် တစ်ခဏမျှ နှုတ်ဆိတ်နေလိုက်ပြီးနောက် အေးအေးဆေးဆေးနှင့် ဆိုလိုက်၏။

” တပ်ဖွဲ့တစ်ခုချင်းစီတိုင်းမှာ အဖွဲ့ကိုထိန်းပေးဖို့ အမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်စီ ပါတယ်။ စစ်တပ်က ဘယ်စစ်ဆင်ရေးကိုမဆို ထမ်းဆောင်တိုင်း သတင်းအချက်အလက်တွေအားလုံးနဲ့ ဆက်သွယ်မှုတွေ အားလုံးကို လျှို့ဝှက်ထားတာ။ စစ်ဆင်ရေးထဲမှာ ပါတဲ့ ဘယ်သူမဆို ပြင်ပကမ္ဘာက တခြားလူတွေနဲ့ ဆက်သွယ်ခွင့်မရှိဘူး။ ငါ နင့်ကို အခုပြောပြနေတဲ့ အချက်အလက်တွေက ထိပ်တန်းအဆင့် လျှို့ဝှက်ချက်တွေနော်။ နင် တစ်ခွန်းလောက်ဖြစ်ဖြစ် ဟလိုက်မယ်ဆိုရင်…. ”

” သိပါတယ်။ ငါ ဂူထဲက ကျောက်တုံးနံရံကြီးလို ဖြစ်သွားမှာမလား။ ငါ သိပြီးသားပါ ”
ဝမ်ပေါင်လဲ့မှာ လီဝမ်အာ၏ စကားကို ကြားလိုက်ရသောအခါမှသာ စိတ်အေးသွားရပြီး သက်ပြင်းချလိုက်တော့သည်။ ထို့နောက် သူသည် လီဝမ်အာအား စိုက်ကြည့်ရင်း သူမမှာ ထင်သလောက် မဆိုးကြောင်း မှတ်ယူလိုက်တော့သည်။

လီဝမ်အာကမူ နှာမှုတ်လိုက်ပြီး စကားတစ်ခွန်းမှ ဆက်မပြောဘဲ သူမ၏ သင်္ဘောပျံကြီးကိုသာ အရှိန်ထပ်တင်လိုက်၏။ ထိုသို့ဖြင့် တစ်ခဏလေးအတွင်း သူတို့မှာ အင်္ဂါဂြိုဟ်ကိုလိုနီမြို့တော်၏ အစွန်အဖျားပိုင်းသို့ ရောက်ရှိလာတော့သည်။ သို့သော် သူတို့မှာ မြို့တော်ထဲသို့ မဝင်ခင် လီဝမ်အာသည် သင်္ဘောပျံကြီး၏ ထိန်းချုပ်မှု စနစ်အချို့ကို ပြောင်းလဲလိုက်၏။ ထိုအခါ အနက်ရောင် အလင်းရောင်ကြီးတစ်ခုမှာ ရုတ်တရက်ဆိုသလို ပေါ်လာပြီး သင်္ဘောပျံကြီးအား လွှမ်းခြုံသွား၏။ ထို့နောက် ထိုသင်္ဘောပျံကြီးမှာ မြို့တော်၏ မန္တန်အစီအရင်ကို ထိုးဖောက်သွားပြီး မြို့တော်ကြီး၏ အစွန်းပိုင်းတွင်ရှိသော မြို့တော်နယ်မြေတစ်ခုဖြစ်သည့် နယ်‌မြေသုံး‌ဆယ့်ခြောက်ထဲသို့ ဝင်ရောက်သွားကာ ဝေးလံချောင်ကျသည့် လမ်းကြားလေးတစ်ခုထဲတွင် ရုတ်တရက်ဆိုသလို ရပ်တန့်သွားတော့သည်။

” ဆင်းတော့ ”

သူမသည် အခြားသူများက သူတို့နှစ်ယောက် အတူတူရှိနေသည်အား မြင်သွားမည်ကို မလိုလား‌ကြောင်း ဝမ်ပေါင်လဲ့ သိထား၏။ ထို့ကြောင့် သူသည် လေကုန်ခံမနေတော့ဘဲ သင်္ဘောပျံကြီးပေါ်မှ ခုန်ဆင်းလိုက်၏။ သူ မြေပြင်ပေါ်သို့ ပြန်မကျသေးခင်မှာပင် ထိုသင်္ဘောပျံကြီးမှာ အသံအကျယ်ကြီးမြည်ကာ အဝေးသို့ အရှိန်အဟုန်ဖြင့် ပျံထွက်သွားတော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုသင်္ဘောပျံကြီး အဝေးသို့ ပျံထွက်သွားသည်ကို ကြည့်ရင်း ခေါင်းထဲ၌ အတွေးတစ်ခုပေါ်လာ၏။ လွန်ခဲ့သည့် ညတုန်းက သူတို့နှစ်ယောက်ကြားတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို အခြားမည်သူမှ သိသွား၍ မဖြစ်ပေ။ ထိုကိစ္စများမှာ သူတို့၏ လျှို့ဝှက်ချက် ဖြစ်သွားပြီဖြစ်သည်။

” ထားပါတော့။ ငါ နောက်တစ်ခါ လီရှို့နဲ့တွေ့တဲ့ အချိန်ကျ သူ့ကို မရိုက်တော့ဘူး ”
ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းကာ ရေရွတ်လိုက်ပြီး သူ၏ သင်္ဘောပျံကြီးကို ထုတ်ယူကာ မြူခိုးတာအိုကျောင်းဆီသို့ ဦးတည်ပျံသန်းသွားလိုက်ပြီးနောက် ချက်ချင်းပင် ရောက်ရှိသွားတော့သည်။ သူသည် ထိုကျောင်းသို့ ရောက်သွားသောအခါ အရာအားလုံးမှာ ပုံမှန်အတိုင်းသာ ရှိနေသည်ကို မြင်လိုက်ရသည်။ ဆရာများမှာ ပုံမှန်အတိုင်း စာသင်နေကြဆဲဖြစ်ပြီး ကျောင်းသားများမှာလည်း ပုံမှန်အတိုင်း ကျင့်ကြံခြင်း လေ့ကျင့်သူကလေ့ကျင့်၊ အတန်းတက်သူက တက်နေကြ၏။

သွေးရောင်မြူခိုးများနှင့် လေပြင်းများအကြောင်းနှင့် ပတ်သက်သည့် သတင်းများအား လျှို့ဝှက်ထားသည်ကို အထင်အရှား မြင်နိုင်ပေသည်။ လူဦးရေ အနည်းငယ်ခန့်မှ လွဲလျှင် အခြားမည်သူကမှ ထိုအကြောင်းကို မသိကြပေ။ ဝမ်ပေါင်လဲ့မှာလည်း ကျင့်သိုမင်က သူ့အား ပြောပြခဲ့သောကြောင့်သာ ထိုကိစ္စနှင့် ပတ်သက်၍ သိနေရခြင်းဖြစ်သည်။

” တျန်ဟောက် အဆင်ပြေနေဖို့ပဲ ငါ မျှော်လင့်ပါတယ် ”
ဝမ်ပေါင်လဲ့မှာ ကျောင်းသို့ပြန်ရောက်လာပြီးနောက် သက်ပြင်းချလိုက်၏။ သူသည် စိတ်ပူနေရုံနှင့် အကျိုးမထူးကြောင်း သိထားသောကြောင့် သူ၏ စိုးရိမ်ပူပန်စိတ်များကို မေ့ပျောက်ထားလိုက်ပြီး ကျောင်းကိစ္စများကို ကိုင်တွယ်ဖြေရှင်း၍ သူ၏ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ထားလိုက်တော့သည်။

ထို့အပြင် သူသည် အင်္ဂါဂြိုဟ်ပေါ်ရှိ အပြောင်းအလဲများကို သတိကြီးကြီးထား၍ ဆက်လက်စောင့်ကြည့်နေဆဲပင်။ သူသည် နောက်ဆုံးရသတင်းများကို ရရှိနိုင်ရန်အတွက် သူ့ကျောင်းသားများ၏ မိဘများကို ဆက်သွယ်ခဲ့သေးသည်။ သူတို့ထဲမှအချို့မှာ စစ်တပ်မှ ဖြစ်ကြ၏။ သူတို့မှာ ဝမ်ပေါင်လဲ့သည်လည်း ဤကိစ္စအကြောင်းကို သိရှိနေသည်ဖြစ်ကြောင်း သိလိုက်ရသောအခါ ထိုတပ်ဖွဲ့ခုနစ်ဖွဲ့နှင့် ပတ်သက်သည့် သတင်းများကိုရလျှင် သူ့အား ချက်ချင်းပင် အကြောင်းကြားမည်ဟု အရိပ်အမြွက်ပြောဆိုခဲ့၏။

ရက်အနည်းငယ်ခန့် စောင့်ဆိုင်းလိုက်ပြီးနောက် ဝမ်ပေါင်လဲ့မှာ သတင်းအချို့ကို လက်ခံရရှိလိုက်သည်။ ထိုတပ်ဖွဲ့ခုနစ်ဖွဲ့ထဲမှ တစ်ဖွဲ့မှာ ပြန်ရောက်လာပြီဖြစ်သည်။ ထိုတပ်ဖွဲ့နှင့်အတူ ပြန်ပါလာသည့် သတင်းအချက်အလက်များကိုမူ ဝမ်ပေါင်လဲ့မှာ သိခွင့်မရှိပေ။ ထို့အပြင် အခြားအဖွဲ့များနှင့် ပတ်သက်သည့် သတင်းအသစ်များစွာမှာလည်း တစ်ခုပြီးတစ်ခု အဆက်မပြတ် ရောက်ရှိလာ၏။ သူတို့မှာ ဘေးကင်းနေဆဲဖြစ်ပါသော်လည်း အချို့သော ရှုပ်ထွေးမှုများကြောင့် စစ်ဆေးရေးကို အောင်မြင်စွာ ထမ်းဆောင်နိုင်ရန် အချိန်အနည်းငယ်ခန့် ထပ်လိုဦးမည်ဖြစ်ရာ ပြန်လာနိုင်ဦးမည် မဟုတ်ပေ။

လင်းတျန်ဟောက်ရှိနေသည့် အဖွဲ့နံပါတ်ခြောက်မှာလည်း ထိုနည်းတူပင်ဖြစ်သည်။

ထိုအခါမှသာ ဝမ်ပေါင်လဲ့မှာ စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချနိုင်သွား၏။ ထို့နောက် သူသည် စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထားလိုက်ပြီး လျှပ်စီးတာအို အတွဲတစ်အား ဆက်လက်လေ့ကျင့်နေလိုက်တော့သည်။ သူသည် အလယ်အလတ် အခြေတည်အဆင့်၏ ထိပ်ဆုံးအဆင့်သို့ အမြန်ဆုံးနည်းဖြင့် ရောက်ရှိချင်နေ၏။ ထိုအဆင့်အထိ ရောက်ရှိပြီးလျှင် သူသည် ဖောက်ထွက်ကာ နှောင်းပိုင်းအခြေတည်အဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်သည်။

ထို့အပြင် သူ၏ ခံတပ်အတွက်လိုအပ်သည့် ပုံစံစာရွက်များမှာလည်း ပြီးစီးလုနီးပါး ဖြစ်နေပြီဖြစ်သည်။ အနုစိတ် အချက်အလက်များကိုသာ ထပ်ထည့်ရန် လိုတော့သည်ဖြစ်ပြီး ကိုယ်ထည်ပုံကြမ်းနှင့် အကြမ်းဖျင်း ဒီဇိုင်းပုံစံတို့ကို သတ်မှတ်ပြီးသွားပြီဖြစ်သည်။ ဒီဇိုင်းပုံစံကို အချောကိုင်ရုံသာမက ဆောက်လုပ်ရေးလုပ်ငန်းသုံး ရုပ်သေးရုပ်များကို အလုံအလောက် ထုတ်လုပ်ရန်လည်း လိုအပ်သေးသည်။

ထို့ကြောင့် သူသည် ထိုရုပ်သေးရုပ်များအပေါ် အာရုံပြောင်းလိုက်၏။ ထိုသို့ဖြင့် သူ စိတ်ရောကိုယ်ပါနှစ်မြှုပ်ကာ စမ်းသပ်မှုများ ပြုလုပ်နေရင်း မျက်စိတစ်မှိတ်အတွင်း လဝက်တိတိ ကုန်ဆုံးသွားတော့သည်။

သူ့ကျောင်းသားများ၏ မိဘများဆီမှ မကြာခဏဆိုသလို ရရှိသော သတင်းများအရလည်း တပ်ဖွဲ့ခုနစ်ဖွဲ့စလုံးမှာ အခြေအနေကောင်းနေကြောင်း သိရ၏။ ထိုနှစ်ပတ်အတွင်း တပ်ဖွဲ့နှစ်ဖွဲ့မှာ ပြန်ရောက်လာခဲ့ပြီဖြစ်သည်။

နောက်ထပ် ခုနစ်ရက်တိတိ ထပ်၍ကုန်ဆုံးသွားပြီး ဝမ်ပေါင်လဲ့တစ်ယောက် တရားထိုင်နေစဉ် စတုတ္ထမြောက်တပ်ဖွဲ့မှာ ပြန်လည်ရောက်ရှိလာ၏။ ထိုအချိန်တွင် ရုတ်တရက်ဆိုသလို သူ၏ သိုလှောင်လက်ကောက်ထဲမှ ကျည်ကျည်ကျာကျာမြည်သံတစ်သံ ပေါ်ထွက်လာ၏။

” ဘာသံလဲဟ ”
ဝမ်ပေါင်လဲ့မှာ မှင်တက်သွားရ၏။ ထို့ကြောင့် သူသည် ချက်ချင်းပင် မျက်လုံးများပွင့်လာပြီး သူ၏ သိုလှောင်လက်ကောက်အား အံ့ဩမှင်တက်စွာ စိုက်ကြည့်နေမိတော့သည်။ သူ၏ လက်ကို ဝှေ့ယမ်း၍ ၎င်းအားဖွင့်ကာ အတွင်းထဲရှိ ပစ္စည်းများထဲ၌ လှန်လှောရှာဖွေလိုက်ပြီးနောက် နောက်ဆုံးတွင် သူသည် အထူးအဆန်းဖြစ်နေသည့် မျက်နှာအမူအရာဖြင့် ဥတစ်လုံးကို ဆွဲထုတ်လိုက်၏။

ထိုဥမှာ သူ၏ လက်ဝါးအရွယ်အစားခန့် ရှိနေ၏။ ၎င်းမှာ သူ ပျိုးပင်တစ်ရာကျင့်ကြံခြင်းစခန်းထဲတွင် ရှိခဲ့စဉ်တုန်းက နည်းပြကြီးဆီမှ လက်ခံရရှိခဲ့သော သားရဲဥကြီးပင် ဖြစ်သည်။ ထိုဥအား သားရဲပင်လယ်ထဲတွင် ရှာတွေ့ခဲ့ခြင်းဖြစ်ပြီး ထိုဥထဲမှ ပေါက်လာမည့် အကောင်ကို သူတို့မှာ လုံးဝမသိကြောင်း နည်းပြကြီးက သူ့အား ပြောပြခဲ့သည်ကို သူက မှတ်မိနေဆဲပင်။

ဝမ်ပေါင်လဲ့အပြင် ခုန်းတောက်မှာလည်း ဥတစ်လုံးကို ရရှိခဲ့သေးသည်။

ဝမ်ပေါင်လဲ့မှာ ထိုဥကို ကောင်းကင်တာအိုကျောင်းသို့ ပြန်ယူလာခဲ့ပြီးနောက် ၎င်းအား ဥဖောက်ရန် လူတယောက်အား စေခိုင်းခဲ့သည်။ ဥပေါက်ရန် လိုအပ်သည့်အချိန်မှာ အလွန်အင်မတန်မှ ကြာမြင့်ခဲ့၏။ နောက်ဆုံးတွင် သူ အင်္ဂါဂြိုဟ်သို့ သွားခါနီးအချိန်တွင်မှ ထိုဥမှာ ပေါက်တော့မည့် အရိပ်အယောင်များ ပြလာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် ၎င်းအား သူ၏ သိုလှောင်လက်ကောက်ထဲသို့သာ ပစ်ထည့်ကာ ယူလာခဲ့၏။ သို့သော် သူသည် အင်္ဂါဂြိုဟ်ပေါ်သို့ ရောက်ရှိလာပြီးနောက် အဖြစ်အပျက်အမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ရသည့်အပြင် ထိုဥမှာလည်း ပေါက်မလာသေးသောကြောင့် သူသည် ၎င်း၏အကြောင်းကို လုံးဝနီးပါး မေ့ပျောက်နေခဲ့ရခြင်း ဖြစ်သည်။

ယခုတွင် သူသည် ၎င်းအား သူ၏သိုလှောင်လက်ကောက်ထဲမှ ထုတ်ယူလိုက်သောအခါ အခွံပေါ်တွင် အက်ကွဲကြောင်းများ ပေါ်နေသည်ကို မြင်လိုက်ရသည်။ ထို့အပြင် ထိုဥထဲမှ အာနာပါနအဆင့် ဝိညာဉ်စွမ်းအင်လှိုင်းများ ထွက်ပေါ်နေ၏။

၎င်းမှာ အချိန်မရွေး ပေါက်လာတော့မည့်ပုံပင်။

” ဥတောင်မပေါက်သေးတာကို အာနာပါနအဆင့်အထိ ရောက်နေပြီလားဟ ”
ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားရသလို အင်မတန်မှလည်း စိတ်လှုပ်ရှားသွားရ၏။

” ဘာကောင်လေးများ ပေါက်လာမလဲမသိဘူး။ ငှက်တစ်ကောင်ပဲ ဖြစ်ရမယ်။ ဒီဥက ငှက်ဥနဲ့ တစ်ပုံစံတည်း။ ငါ့လောက်နီးပါး ရုပ်ချောတဲ့ ဒဏ္ဍာရီလာ သိမ်းငှက်ကြီး ဖြစ်နေလောက်တယ် “

Comment

Leave a Reply

Options

not work with dark mode
Reset