” အမ် ”
ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို အမှောင်ထုထဲမှ လီဝမ်အာ၏ စကားများကို ကြားလိုက်ရသောအခါ အံ့အားသင့်သွား၏။ ထို့နောက် သူသည် သတိကြီးကြီးထားကာ ပြန်ပြောလိုက်လေသည်။
” လီဝမ်အာ။ ငါတို့ကို တစ်ယောက်ယောက်က လာကယ်မှာပါ။ နင် မဟုတ်တာတွေ မတွေးပါနဲ့။ အသက်မထွက်ခင် ထင်တိုင်းကြဲရမယ့် အခြေအနေအထိ ငါတို့တွေ မရောက်သေးပါဘူး ”
” အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့။ နင့် အဝတ်အစားတွေကို မြန်မြန်ချွတ်လိုက်စမ်း ”
လီဝမ်အာမှာ အနည်းငယ်ခန့် စိတ်ရှုပ်သွားရသဖြင့် လေသံ တင်းမာလာ၏။ သူမသည် နဂိုကတည်းက ခေါင်းမာတတ်သည်ဖြစ်ပြီး ယခုတွင်လည်း ဖိအားများကြောင့် စိတ်ရှုပ်နေရသည်ဖြစ်ရာ သူမ၏ ဒေါသစိတ်များကို မမျိုသိပ်ထားနိုင်တော့ပေ။
” ဘာလို့ချွတ်ရမှာလဲ။ နင်လည်း ချမ်းနေသလို ငါလည်းချမ်းနေတာပဲလေ ”
လီဝမ်အာ၏ စကားများကို ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ မကျေမနပ် ဖြစ်သွားရ၏။ သူသည် အရေထူပြီး ခန္ဓာကိုယ်အရွယ်အစား ကြီးမားနေသည့်တိုင်အောင် အအေးဒဏ်များကို ခံစားနေရဆဲပင်။ သူသည် လီဝမ်အာလောက် ချမ်းမနေပါသော်လည်း သူ၏အဝတ်အစားများကို ချွတ်လိုက်မည်ဆိုပါက တစ်ခဏလေးအတွင်း အေးခဲသွားမည်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ သူမ၏စကားကို နားမထောင်သည်ကို မြင်လိုက်ရသောအခါ လီဝမ်အာမှာ မျက်မှောင်ကြုတ်သွားရ၏။ သူမ၏ မျက်လုံးများမှာ အမှောင်ထုကြီးကို ကျင့်သားရနေပြီဖြစ်ရာ အရာအားလုံးကို အနုစိတ် မမြင်နိုင်သေးသည့်တိုင်အောင် ဝမ်ပေါင်လဲ့ ရှိနေသည့်နေရာကို ခံနိုင်စွမ်းရှိနေ၏။ ထို့ကြောင့် သူမသည် သူ့အား အေးစက်စက် စိုက်ကြည့်လိုက်တော့သည်။ အချိန်အနည်းငယ်ခန့် ကြာပြီးမှ သူမသည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူမ၏ဒေါသစိတ်များကို မျိုသိပ်ကာ တည်ကြည်စွာ ရှင်းပြလိုက်၏။
” ဝမ်ပေါင်လဲ့။ ငါတို့တွေ ဒီအတိုင်း ဆက်သွားနေရင် ဘယ်သူမှ လာမကယ်ခင် အေးခဲပြီး သေကုန်လိမ့်မယ်။ အဲဒီတော့ ငါတို့ရဲ့ ခန္ဓာကိုယ်တွေကို နွေးထွေးအောင်လုပ်ဖို့ လိုတယ် ”
” အဝတ်အစားတွေနဲ့ဆိုရင် နွေးထွေးအောင် လုပ်လို့ရမှာ မဟုတ်ဘူး ”
လီဝမ်အာမှာ စကားလုံး တစ်လုံးချင်းစီ ရှင်းပြလိုက်ပြီး သူမဘက်မှစ၍ အရင်ဆုံး အဝတ်အစားများကို ချွတ်ချလိုက်တော့သည်။ စက္ကူများ ဆုတ်ဖြဲခံလိုက်ရသည့်အသံနှင့် ဆင်တူသော အသံတစ်သံနှင့်အတူ လီဝမ်အာမှာ အအေးဒဏ်များကြောင့် ခိုက်ခိုက်တုန်နေသည့်တိုင်အောင် တွေ့ဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူမ၏ အဝတ်အစားများကို ချွတ်ချနေလိုက်တော့သည်။
သို့သော် သူမသတိမထားမိသည့် အချက်မှာ ဝမ်ပေါင်လဲ့သည် ဝိညာဉ်ချီများ ဆုံးရှုံးလိုက်ရသောကြောင့် သူ၏အမြင်အာရုံမှာ ယခင်ကလောက် ကြည်လင်ပြတ်သားခြင်း မရှိတော့ပါသော်လည်း သူ၏ရှေ့ရှိ အရာများကို ရေးတေးတေး မြင်နိုင်စွမ်းရှိနေဆဲပင်။
ထို့ကြောင့် သူ၏မျက်ဝန်းများထဲတွင် သလင်းကျောက်နှင့်တူသည့် လူရိပ်တစ်ခု ပေါ်ပေါက်လာ၏။ လီဝမ်အာ၏ ခန္ဓာကိုယ်အချိုးအစားမှာ သူမြင်ဖူးခဲ့သည့် သူမ၏ နောက်ကျောအလှကဲ့သို့ပင် ညှို့ဓာတ်အပြည့် ရှိနေ၏။ သူမသည် အတွင်းခံ ဝတ်ထားဆဲ ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့၏ အမြင်တွင် ၎င်းမှာ အရွယ်အစားသေးငယ်နေ၏။ သူမ၏ ရင်သားများမှာ လုံးဝန်းဖွံ့ထွားနေပြီး မပေါ့်တပေါ် ဖြစ်နေသောကြောင့် သူသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ခန္ဓာကိုယ်အပူချိန်များ မြင့်တက်သွားရပြီး အသက်ရှူသံများ မြန်ဆန်လာတော့သည်။
” ဟင်။ ဒီလိုနည်းနဲ့ နွေးအောင်လုပ်လို့ရတယ်လား…. ”
ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်ကာ မည်သို့ဆက်လုပ်ရမည်နည်းဟု တွေးတောနေလိုက်တော့သည်။ ထို့နောက် သူသည် ချီတုံချတုံဖြစ်နေသည့် အမူအရာဖြင့် သက်ပြင်းချလိုက်ပြီးနောက် နောက်ဆုံးတွင် အံကြိတ်ကာ ဆုံးဖြတ်ချက်ချလိုက်တော့သည်။
” ထားပါတော့ကွာ။ ငါက အသက်ကယ်နေတာပဲ ”
ဝမ်ပေါင်လဲ့မှာ မြင့်မြတ်သော တာဝန်ကြီးတစ်ခုကို ထမ်းဆောင်နေသည်ဖြစ်ကြောင်း မှတ်ယူလိုက်ပြီး ချက်ချင်းပင် မတ်တတ်ထလာ၏။ ထို့နောက် သူသည် လီဝမ်အာထက်ပင် ပို၍လျင်မြန်စွာ သူ၏အဝတ်အစားများ အားလုံးကို ချွတ်ချလိုက်တော့သည်။
သို့သော် သူသည်လည်း သူ၏အတွင်းခံများကို ဝတ်ထားဆဲပင်။
” ဘာဆက်လုပ်ရမှာလဲ။ နင် ငါ့ဆီကို လာမှာလား။ ငါ နင့်ဆီကို လာရမှာလား။ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က နင့်လောက်မမြင့်တော့ ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်ရဘူး။ နင် ဘယ်နားမှာရှိနေမှန်းလဲ ငါမသိဘူး။ နင် ဘယ်မှာလဲဟ ”
ဝမ်ပေါင်လဲ့မှာ မျက်တောင်တဖျတ်ဖျတ်ခပ်ကာ မေးလိုက်၏။ သူ မြေအောက်ဂူကြီးထဲတွင် ကြုံတွေ့နေရသည့် အရာများမှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားစရာ ကောင်းလာပြီဖြစ်ကြောင်း စိတ်ထဲ၌ တွေးနေမိတော့သည်။
ဝမ်ပေါင်လဲ့ပြောခဲ့သည့် သူသည် မည်သည့်အရာကိုမှ ရှင်းရှင်းလင်းလင်း မမြင်ရပေ ဟူသော စကားကို လီဝမ်အာက အပြည့်အဝ ယုံကြည်ထား၏။ အဘယ့်ကြောင့်ဆိုသော် သူမသည် သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ ဝမ်ပေါင်လဲ့ထက် အမှန်တကယ်ပင် ပို၍မြင့်မားနေသည်ဟု မှတ်ယူထားသောကြောင့်ဖြစ်သည်။ သူမ၏ မျက်ဝန်းထဲတွင် မှုန်ဝါးဝါး ကောက်ကြောင်းများနှင့် ပုံရိပ်များကိုသာ မြင်နေရသည်ဖြစ်ရာ ဝမ်ပေါင်လဲ့အတွက်ဆိုလျှင် ပို၍ပင် ဆိုးနေလိမ့်မည်ဟု သူမက တွေးထား၏။
ထို့ကြောင့်လည်း သူမမှာ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အနွေးဓာတ်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အဝတ်အစားများ ချွတ်ချပြီးနောက် ကိုယ်လုံးတီးဖြင့် တင်ပျဉ်ခွေထိုင်နေသည့် ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ လီဝမ်အာမှာ အံကြိတ်ကာ ကတုန်ကယင်နှင့် မတ်တတ်ထလာပြီး သူ၏အနားသို့ ချဉ်းကပ်သွားလိုက်၏။ သူမသည် သူ၏အနားသို့ ရောက်လာလေလေ သူ၏ ခန္ဓာကိုယ်ဆီမှ အနွေးဓာတ်များကို ပို၍ ခံစားမိလာလေလေ ဖြစ်နေတော့သည်။
၎င်းမှာ မီးပုံတစ်ခုကဲ့သို့ ဖြစ်နေသောကြောင့် လီဝမ်အာ၏ ခြေလှမ်းများမှာ မြန်ဆန်လာ၏။ ဝမ်ပေါင်လဲ့မှာမူ ရင်ခုန်သံများ ဝုန်းဒိုင်းကြဲကာ အာခေါင်များ ခြောက်ကပ်နေရပြီဖြစ်သည်။ သူ၏ မျက်လုံးရှေ့တွင် မြင်နေရသော မြင်ကွင်းကြီးမှာ အလွန်အင်မတန်မှ အံ့ဩတုန်လှုပ်စရာ ကောင်းလွန်းနေသောကြောင့် သူ၏ အသက်ရှူသံများမှာလည်း မြန်ဆန်လာရတော့သည်။
လီဝမ်အာ၏ ကိုယ်လုံးကိုယ်ပေါက်မှာ အဝတ်အစား ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဝမ်ပေါင်လဲ့ သူ၏ဘဝတစ်လျှောက်လုံး၌ မြင်ဘူးခဲ့သည့် ကိုယ်လုံးကိုယ်ပေါက်များထဲတွင် ညှို့ဓာတ်အားအပြင်းဆုံး ဖြစ်နေ၏။ သူမသည် ရှည်လျားသွယ်လျသော ခြေတံများအပြင် ဖွေးဆွတ်နေသည့် အသားအရေနှင့် သဲနာရီတစ်လုံး ကဲ့သို့ ရှိုက်ကြီးဖိုငယ် အသွယ်သွယ်နှင့် ပြည့်စုံသည့် ခန္ဓာကိုယ်အချိုးအစားတစ်ခုကို ပိုင်ဆိုင်ထားသည်။ သူမသည် စစချင်း ခြေလှမ်းများ နှေးကွေးနေပါသော်လည်း တဖြည်းဖြည်းနှင့် သူ၏အနားသို့ လျင်မြန်စွာ ရောက်လာပြီး သူ၏ရင်ခွင်ထဲ၌ ထိုင်ချလိုက်၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရေခဲတမျှ အေးစက်နေသည်။
သူမ၏ အေးစက်နေသော ခန္ဓာကိုယ်မှာ ဝမ်ပေါင်လဲ့၏ ရမ္မက်မီးများ တောက်လောင်နေသည့် ခန္ဓာကိုယ်ကြီးနှင့် ပြောင်းပြန်ဖြစ်နေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အသားများ တုန်ရီသွားရပြီး လီဝမ်အာကမူ မသိစိတ်မှနေ၍ သူ၏ ခန္ဓာကိုယ်အား ပို၍ပင်တင်းကျပ်စွာ ပွေ့ဖက်ထားမိလိုက်တော့သည်။
” ဟင်းး… ”
ဝမ်ပေါင်လဲ့မှာ ယခုလိုမျိုး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားရသည့် အခိုက်အတန့်မျိုးနှင့် အကြိမ်အနည်းငယ်ခန့်သာ ကြုံခဲ့ဖူးသည်။ သူသည် သူ၏ လက်နှစ်ဖက်ကို မည်သည့်နေရာတွင် ထားရမှန်း မသိသောကြောင့် လေပေါ်သို့ မြှောက်မိလိုက်၏။ သူ၏ အသက်ရှူသံများမှာလည်း မြန်ဆန်လာပြီး သူသည် ပါးစပ်ဟလိုက်ပါသော်လည်း မည်သည့်စကားကို ပြောရမည်မှန်း မသိနိုင်လောက်အောင် ဖြစ်နေတော့သည်။
” အခု အဲဒီ အဝတ်အစားတွေကို ငါတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ခြုံလိုက် ”
လီဝမ်အာကမူ အသက်ပြင်းပြင်းရှူလိုက်ပြီး အေးစက်စက်ဆိုလိုက်၏။
ထိုအခါ ဝမ်ပေါင်လဲ့မှာလည်း ချောင်းဟန့်လိုက်ပြီး သတိပြန်ကပ်သွား၏။ သူသည် ဗုဒ္ဓဘုရားရှင်ကဲ့သို့ သူ့ကိုယ်သူ စွန့်လွှတ်အနစ်နာခံနေသည်ဟု မှတ်ယူလိုက်ပြီး သူ၏ လုပ်ရပ်မှာ မြင့်မြတ်သော လုပ်ရပ်ကြီးတစ်ခုဖြစ်ကြောင်း စိတ်ထဲ၌ မှတ်ထားလိုက်တော့သည်။ ထို့နောက် သူတို့၏ ပတ်ပတ်လည်တွင် ပြန့်ကျဲနေသော အဝတ်အစားများကို သူနှင့် လီဝမ်အာတို့ပေါ်သို့ ခြုံလိုက်၏။ ထို့နောက် သူ၏လက်နှစ်ဖက်ကို အောက်သို့ပြန်ချလိုက်ပြီး မသိစိတ်မှနေ၍ လီဝမ်အာ၏ အတောင့်တင်းဆုံး ခန္ဓာကိုယ်အစိတ်အပိုင်းပေါ်သို့ တင်ထားမိလိုက်တော့သည်။
ထိုအခါ လီဝမ်အာမှာ မျက်မှောင်ကြုတ်သွားပြီး သူမ၏မျက်ဝန်းများမှာ အေးစက်သွား၏။ သူမသည် ယမ်းပုံမီးကျ ပေါက်ကွဲရန် ပြင်လိုက်ပါသော်လည်း ဝမ်ပေါင်လဲ့၏ လက်နှစ်ဖက်မှာ အလွန်အင်မတန်မှ နွေးထွေးနေသည်ကို ခံစားလိုက်ရ၏။ ထို့ကြောင့် သူမမှာ နှုတ်ဆိတ်နေလိုက်ပြီးနောက် အခြားတစ်ဖက်သို့ ခေါင်းလှည့်ကာ သူ့အား လျစ်လျူရှုထားလိုက်တော့သည်။
ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာပြီး လီဝမ်အာနှင့် ဝမ်ပေါင်လဲ့တို့ နှစ်ယောက်စလုံးမှာလည်း နှုတ်ဆိတ်နေကြဆဲပင်။ သူတို့မှာ တစ်ယောက်ကိုတစ်ယောက် အနွေးဓာတ်များ ထုတ်ပေးနေသောကြောင့် သူတို့၏ ခန္ဓာကိုယ် အချိန်များမှာလည်း မြင့်တက်လာတော့သည်။ ထို့ကြောင့် သူတို့သည် ဘေးပတ်ဝန်းကျင်မှ အအေးဓာတ်များကို တောင့်ခံနိုင်စွမ်းရှိသွား၏။ သူတို့မှာ တချိန်လုံး တစ်ယောက်ကိုတစ်ယောက် တင်းကျပ်စွာ ပွေ့ဖက်ထားကြသောကြောင့် သူတို့၏ ကိုယ်သင်းနံ့များကိုလည်း တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ရှူရှိုက်မိလိုက်ကြတော့သည်။
ဝမ်ပေါင်လဲ့မှာ စွဲမက်ဖွယ်ရာ ကိုယ်သင်းနံ့တစ်ခုကို ရှူရှိုက်မိလိုက်၏။ သူသည် ရင်ခုန်သံများ ဝုန်းဒိုင်းကြဲမသွားစေရန် မာန်တင်းထားရပါသော်လည်း ထိုရနံ့ကို ရှုရှိုက်မိလိုက်သောအခါ သူ၏ ရင်ခုန်နှုန်းများမှာ ပြန်လည် မြန်ဆန်လာတော့သည်။ ထို့ကြောင့် မသိစိတ်မှနေ၍ သူ၏လက်များကို ညှစ်မိလိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် အသိစိတ်ပြန်ဝင်လာ၏။ သူသည် ရပ်တန့်ရန် ပြင်လိုက်ချိန်တွင် လီဝမ်အာ၏ အသက်ရှူနှုန်းများမှာလည်း မြန်ဆန်လာသည်ကို သတိထားမိလိုက်သည်။ ထို့ကြောင့် သူသည် ခေါင်းငုံ့၍ မသိမသာ ခိုးကြည့်လိုက်သောအခါ လီဝမ်အာ၏ မျက်နှာမှာ ပုံမှန်ထက် ပို၍ နီမြန်းနေသည်ကို မြင်လိုက်ရသည်။
ထိုမြင်ကွင်းနှင့် လီဝမ်အာ၏ အမူအရာတို့ကြောင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ချက်ချင်းဆိုသလိုပင် မကောင်းဆိုးဝါးကြီးတစ်ကောင် ထွက်ပေါ်လာသကဲ့သို့ ဖြစ်သွား၏။ သူသည် မျက်တောင်တဖျတ်ဖျတ် ခပ်လိုက်ပြီးနောက် လီဝမ်အာမှာ သူ့အား နောက်တစ်ဆင့်တက်ရန် တိုက်တွန်းနေခြင်းများ ဖြစ်နေမည်လောဟု တွေးမိသွားတော့သည်။
” ထားလိုက်ပါတော့။ ငါက သူ့ကို ကယ်ဖို့ အခုလို လုပ်နေရတာလေ။ ငါ့ဘက်က အနစ်နာခံလိုက်လို့ ဘာမှဖြစ်မသွားပါဘူး။ ဝမ်ပေါင်လဲ့ဆိုတဲ့ ငါက တစ်ကိုယ်ကောင်းဆန်တဲ့ လူမှမဟုတ်ဘဲ ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောလိုက်ပြီး သူမကို ဆက်လက်ထွေးပွေ့ထားရန် ပြင်လိုက်စဉ်မှာပင် လီဝမ်အာ၏ နီမြန်းနေသောမျက်နှာမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့မည့်ပုံ ပေါက်နေသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူသည် မသိစိတ်မှနေ၍ သူ၏လက်နှစ်ဖက်ကို ထပ်၍ ညှစ်မိလိုက်သောအခါ လီဝမ်အာ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင်တုန်ရီသွားပြီး သူမ၏ မျက်နှာမှာလည်း ပြန်၍ နီမြန်းသွားတော့သည်။
” ဘာလဲဟ ”
ဝမ်ပေါင်လဲ့မှာ လီဝမ်အာတစ်ယောက် မျက်နှာတစ်ခုလုံး နီမြန်းနေပြီး မျက်လုံးများမှိတ်ထားကာ နှုတ်ဆိတ်နေသည်ကို သတိထားမိလိုက်၏။ ထို့ကြောင့် သူသည် ရင်ခုန်နှုန်းများ ပို၍မြန်ဆန်လာရပြီး မရည်ရွယ်ပါဘဲ သူ၏ လက်နှစ်ဖက်ဖြင့် ဟိုစမ်းစမ်း သည်စမ်းစမ်း လုပ်လိုက်မိတော့သည်။
ထိုအခါ လီဝမ်အာမှာ ချက်ချင်းဆိုသလိုပင် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပါသော်လည်း သူ၏လုပ်ရပ်များကို ငြင်းဆန်ခြင်း မရှိသေးပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ လေးလံလာရ၏။ သို့သော် သိပ်မကြာခင် လီဝမ်အာ၏ ပုံမှန် အေးတိအေးစက် စကားသံကြီးမှာ မြေအောက်ဂူကြီးထဲတွင် ပဲ့တင်ထပ်သွားတော့သည်။
” ငါတို့တွေ အကယ်ခံရပြီးတဲ့အချိန် နင့်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခု ပြတ်နေတာကို မြင်ချင်တော့ ဆက်လုပ်ကြည့်လိုက် ”
ထိုစကားသံကြီးမှာ အေးစက်လွန်းလှသောကြောင့် ဝမ်ပေါင်လဲ့မှာ ၎င်းအား ကြားလိုက်ရသည့်အချိန်တွင် ချက်ချင်းပင် ကြက်သေသေသွားရ၏။ ထို့ကြောင့် သူသည် ချောင်းဟန့်ကာ သေသေချာချာ စဉ်းစားတွေးတောကြည့်လိုက်ပြီးနောက် ဆက်၍မလုပ်ရဲတော့ပေ….
ထိုသို့ဖြင့် သူတို့နှစ်ယောက်မှာ ဆူညံသံများ ကင်းမဲ့နေသည့် မြေအောက်ဂူကြီးထဲတွင် ငြိမ်ကျသွား၏။ သူတို့၏ အသက်ရှူသံများနှင့် အပြင်ဘက်ရှိ လေတဟူးဟူးတိုက်ခတ်သံများသာ အဆက်မပြတ်ပဲ့တင်ထပ်၍ ကျန်ရစ်ခဲ့သောကြောင့် သူတို့နှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် ပို၍တင်းကျပ်စွာ ပွေ့ဖက်ထားနေမိတော့သည်။
အချိန်များမှာလည်း တဖြည်းဖြည်းနှင့် နှေးကွေးသွားသည့်ပုံပင်။ တစ်ခဏမျှ ကြာပြီးနောက် လီဝမ်အာက ရုတ်တရက်ဆိုသလို မေးလိုက်၏။
” နင့်အကြောင်းတွေ ပြောပြ။ နင် လပေါ်မှာတုန်းက လီရှို့ကို သတ်ခါနီးဆဲဆဲ အခြေအနေအထိ ရောက်သွားသေးတယ်လို့ ငါ ကြားထားတယ် ”
” ငါက သူ့ကို သတ်တယ် ဟုတ်လား။ အဲ့ကောင်ကသာ ငါ့ကို အချဉ်မှတ်ပြီးတော့ သတ်ဖို့ကြိုးစားခဲ့တာ။ ငါက သဘောထားကြီးကြီးနဲ့ သူ့ကို လွှတ်ပေးခဲ့တာ ”
ဝမ်ပေါင်လဲ့မှာ လီဝမ်အာ၏ မေးခွန်းကို ကြားလိုက်ရသောအခါ မကျေမနပ်ဖြစ်သွား၏။ ထို့နောက် သူသည် အနည်းငယ်ခန့်တွေ့တောလိုက်ပြီးနောက် သူ လပေါ်တွင် ကြုံခဲ့ရသည့် ဖြစ်ရပ်များထဲမှ အရေးကြီးသောအချက်အလက်အချို့အား ထိမ်ချန်၍ လီဝမ်အာကို ပြောပြလိုက်တော့သည်။
ထိုသို့ဖြင့် သူတို့နှစ်ယောက်မှာ မြေအောက်ဂူကြီးထဲတွင် တစ်ယောက်ကိုတစ်ယောက် အနွေးဓာတ်ပေးရင်း စကားစမြည်များ ပြောဆိုနေကြတော့သည်။ ဝမ်ပေါင်လဲ့မှာ သူ၏အကြောင်းကို အရင်ဆုံးပြောပြလိုက်ပြီးနောက် လီဝမ်အာကလည်း သူမ၏ အကြောင်းများကို ပြန်လည်ပြောပြလိုက်၏။ ထိုသို့ဖြင့် တစ်ညတာ ကုန်ဆုံးသွားတော့သည်။
ဒုတိယမြောက်နေ့၏ မနက်ခင်းသို့ ရောက်သောအခါ သွေးရောင်မြူခိုးများမှာ တဖြည်းဖြည်းနှင့် လွင့်ပါးပျောက်ကွယ်သွားပြီဖြစ်သောကြောင့် ဝမ်ပေါင်လဲ့နှင့် လီဝမ်အာတို့မှာ သူတို့၏ ခန္ဓာကိုယ်များထဲမှ ဝိညာဉ်ချီများ အရှိန်အဟုန်ဖြင့် ပြန်လည်မြင့်တက်လာနေသည်ကို ချက်ချင်းပင် အာရုံခံမိလိုက်၏။
တချိန်တည်းမှာပင် သူတို့၏ ဝိညာဉ်ချီများမှာ ပြန်လည်ထွက်ပေါ်လာပြီ ဖြစ်သောကြောင့် သူတို့၏ အမြင်အာရုံများမှာလည်း မှုန်ဝါးဝါးဖြစ်နေရာမှ ပြန်လည်ကြည်လင်လာသဖြင့် သူတို့၏ ရှေ့မှမြင်ကွင်းမှာလည်း မည်းမှောင်နေရာမှ ပြန်လည်တောက်ပလာတော့သည်။
ဝိညာဉ်ချီများကို ပြန်လည်ရရှိသွားပြီ ဖြစ်သောကြောင့် သူတို့နှစ်ယောက်စလုံးမှာ တစ်ယောက်ကိုတစ်ယောက် အနွေးဓာတ်ပေးနေစရာ မလိုတော့ပေ။ ထို့ကြောင့် လီဝမ်အာမှာ လေးဖင့်နေခြင်းမရှိဘဲ ဝမ်ပေါင်လဲ့၏ ရင်ခွင်ထဲမှ ထွက်လာပြီး မတ်တတ်ထလိုက်၏။ ထို့နောက် သူမသည် ဝမ်ပေါင်လဲ့၏ အကြည့်ကို ဂရုမစိုက်ဘဲ သူ့အား ကျောပေးကာ သူမ၏ အဝတ်အစားများကို ပြန်ဝတ်လိုက်သည်။
ဝမ်ပေါင်လဲ့မှာ လီဝမ်အာ၏ နောက်ကျောအလှကို မြင်လိုက်ရသောအခါ သူ၏ တည်ငြိမ်နေပြီးသားဖြစ်သော နှလုံးသားမှာ နောက်ထပ်တစ်ကြိမ်ပြန်၍ ဝုန်းဒိုင်းကြဲသွားရပြန်သည်။ ထို့ကြောင့် သူသည် သူ၏အဝတ်အစားများကို အလျင်စလို ပြန်ဝတ်လိုက်၏။ သူတို့နှစ်ယောက်စလုံး အဝတ်အစားများ အကုန်လုံး ပြန်ဝတ်ပြီးသွားသောအခါ လီဝမ်အာမှာ နောက်သို့လှည့်လာ၏။ သူမ၏ ခန္ဓာကိုယ်အလှမှာ စွဲမက်ဖွယ်ရာကောင်းနေဆဲဖြစ်ပြီး သူမ၏ အမူအရာမှာလည်း ယခင်အတိုင်း အေးတိအေးစက် ပြန်ဖြစ်သွား၏။ သူမ၏ မျက်ဝန်းများထဲတွင်မူ လူများကို ခပ်တန်းတန်း၌သာထား၍ ဆက်ဆံတတ်သည် အကြည့်တစ်ခု ရှိနေပြီး သူမသည် ယခင်တုန်းကအတိုင်း အရည်ပျော်ကျရန် အလားအလာမရှိသော မောက်မာဝံ့ကြွားသည့် ရေခဲတောင်ကြီးတစ်လုံးအဖြစ်သို့ ပြန်ရောက်သွားတော့သည်။
” ဝမ်ပေါင်လဲ့။ နင် ဒီနေရာမှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ စကားတစ်ခွန်းလောက်ပဲဖြစ်ဖြစ် ဟမယ်ဆိုရင်…. ”
လီဝမ်အာမှာ ထိုသို့ဆိုရင်း သူမ၏ မျက်ဝန်းများမှာ အေးစက်သွား၏။ ထို့နောက် သူမ၏ ညာဘက်လက်ကိုမြှောက်ကာ နံရံကြီးကို ကျယ်လောင်စွာ ထိုးနှက်လိုက်သောအခါ ထိုနံရံပေါ်မှ ကျောက်တုံးများမှာ ချက်ချင်းဆိုသလိုပင် တစ်စစီ ကြေမွသွားရတော့သည်။ သူမ၏ အခြေတည်အဆင့် ထိပ်ဆုံးအဆင့်၌ရှိနေသော ကျင့်ကြံခြင်းစွမ်းအားမှာ အကြို အမြုတေအဆင့်အထိ မြင့်တက်သွားပြီး ချက်ချင်းပင် အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာ၏။
ဝမ်ပေါင်လဲ့မှာမူ မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲတွင်ကျိတ်၍ နှာမှုတ်လိုက်၏။ ထိုစကားများကို သူ ပြောရမည်ဖြစ်ကြောင်း သူ မှတ်ယူထားပါသော်လည်း လီဝမ်အာက အရင်လု၍ ပြောသွားပြီဖြစ်သည်။ သူသည် စကားပြောရန် ပြင်လိုက်ပါသော်လည်း ထိုအခိုက်အတန့်တွင် လီဝမ်အာ၏ လက်ထဲ၌ ဧရာမ စစ်ပုဆိန်ကြီးတစ်လက် ပေါ်ပေါက်လာ၏။ ထိုစစ်ပုဆိန်ကြီးမှာ သတ္တမအဆင့် ဓမ္မလက်နက်တစ်ခု ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထို ဓမ္မလက်နက်ကို စိုက်ကြည့်ကာ အသက်ပြင်းပြင်းရှုလိုက်ပြီး မျက်တောင်တဖျတ်ဖျတ် ခပ်မိသွား၏။ ယခုလက်ရှိအခြေအနေတွင် သူမ၏ စကားကို နားထောင်ခြင်းမှာ ရှက်စရာတစ်ခု မဟုတ်ကြောင်း သူက မှတ်ယူလိုက်၏။ ထို့ကြောင့် သူသည် သူ၏ရင်ဘတ်ကိုရိုက်ကာ ကတိပေးလိုက်တော့သည်။
” ဘာမှစိတ်မပူနဲ့။ ငါ့ကို အသက်ထွက်တဲ့အထိ ရိုက်နှက်ပြီး မေးရင်တောင် ဒီကိစ္စကို ဘယ်သူ့ကိုမှ လုံးဝပြန်မပြောဘူး “