Switch Mode

စာစဥ် (၂၇) အပိုင်း (၃၆၈)

အမဲလိုက်ခံရခြင်း

မြူခိုးများရစ်သိုင်း နေလျက်ရှိသော ခရမ်းရောင် တောင်တန်းအပြင်ဖက်ရှိ တပည့်များမှာ မှန်ချပ်ကြီးများပေါ်၌ ပြသနေလျက်ရှိသော တိုက်ပွဲများအား စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ကြည့်ရှုအားပေး နေကြသောကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဆူညံပွတ်လော ရိုက်နေလျက် ရှိပေသည်။

ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲတွင် ပါဝင် ယှဥ်ပြိုင်ကြသော သူများအားလုံးသည်  ကန်ရွှမ်း ကလန်ထဲမှ အထူးချွန်းဆုံး ပထမတန်း ရွှေခါးစည်း တပည့်များ ဖြစ်သဖြင့် ထိုသူများ အတူတကွ ဆုံစည်းမိပြီး ရင်ဆိုင် တိုက်ခိုက်ကြသော ပြိုင်ပွဲသည် အလွန်ပင် ပြင်းထန်ကာ ရင်သပ်ရှုမောဖွယ် ဖြစ်သ​ဖြင့် စောင့်ကြည့်နေကြသော တပည့်များမှာ လှုပ်ရှားနေသော စိတ်အစုံကိုပင် တည်ငြိမ်စေရန် မစွမ်းနိုင်ပေ။

ရွှစ်…ရွှစ်

တပည့်များမှာ ကောင်းကင်ပေါ်မှ အလင်းတန်း၏ ဆွဲယူခြင်းကို အဆက်မပြတ် ခံနေရပြီး မြစ်ကြီးထဲသို့ ဆွဲချခံနေရ၏။ ထိုတပည့်များမှာ ပြိုင်ပွဲမှ ထုတ်ပယ်ခံရသော ပါဝင်ယှဥ်ပြိုင်သူများ ဖြစ်ပေသည်။

“ဝိုး.. ကန်ရွှမ်း တောင်ထွတ်က စီနီယာအမတော် စူးဝမ်က အရမ်းကို အံ့သြစရာ ကောင်းတာပဲ။ သူက တံဆိပ်ပြား ငါးခုတောင် ရနေပြီ”

“နှင်းပဒုမ္မာ တောင်ထွတ်က စီနီယာ အစ်ကိုတော် ချွမ်းလဲ့ရောပဲ တံဆိပ်ပြားငါးခု ရပြီ”

“ဓားကပ် ဘေးတောင်ထွတ်က စီနီယာ အစ်ကိုတော် လီထျန်းနဲ့  သူတော်စင် မှော်စာလုံး တောင်ထွတ်က စီနီယာ အစ်မတော်လေး ရှားယွီရောပဲ…..သူတို့က သက်ဆိုင်ရာ တောင်ထွတ်က ဆရာသခင် အုပ်စုတွေရဲ့ အတော်ဆုံး ပထမတန်းရွှေခါးစည်း တပည့်တွေဆိုတာ သံသယဖြစ်စရာကို မရှိဘူး။ သူတို့တွေရဲ့ တိုက်ပွဲစွမ်းရည်က တော်တော်ကို အံ့သြစရာကောင်းတာပဲဟာ”

“ဟုတ်တယ် သူတို့က အရမ်းတော်နေတော့ ကျန်တဲ့ ယှဥ်ပြိုင်သူတွေက သူတို့နဲ့ယှဥ်လိုက်ရင် ဘာမှကို မဟုတ်တော့ဘူး”

“………..”

တိုက်ပွဲများကို ပြသနေလျက်ရှိသော မှန်ချပ်ကြီးများအား မျက်စိပင်မခွာပဲ ကြည့်ရှု နေကြရင်းနှင့် တပည့်များမှာ အားပါးတရ ဆွေးနွေး ဝေဖန်နေလျက် ရှိကြသည်။

ဇူယွမ်ကို အာရုံစိုက်နေကြသော တပည့်များကလည်း ဇူယွမ်၏ပုံရိပ်အား ပြသနေသော မှန်ချပ်ထံမှ အကြည့်မခွာပဲ အားပေးနေကြလျက် ရှိ၏။ ထိုစဥ်၌ပင် အံ့အားသင့်စွာ အော်ဟစ်လိုက်သော အသံတစ်ခု ထွက်ပေါ် လာခဲ့ပေသည်။ “ဟာ အဲ့ဒါက ဓားကပ်ဘေး တောင်ထွတ်က စီနီယာအစ်ကိုတော် လျှိုသောင်း မဟုတ်ဘူးလား။ သူက ဇူယွမ်နဲ့ တိုက်တော့မလို့လား”

ထိုအော်ဟစ်သံက တပည့်များ အားလုံး၏အာရုံကို ဆွဲယူနိုင်ခဲ့သည်။

တပည့်များမှာ ဇူယွမ်နှင့် လျှိုသောင်းတို့၏ ပုံရိပ်အား ပြသနေသော မှန်ချပ်ထံသို့ ကြည့်ရှုလိုက်ရင်း ဝေဖန် ဆွေးနွေးသံများ စတင်၍ ထွက်ပေါ်လာခဲ့၏။

“ဇူယွမ်ကတော့ တကယ် ကံမကောင်းတာပဲ။ သူ့ကို စောစောစီးစီး စီနီယာ အစ်ကိုတော် လျှိုသောင်းနဲ့ တွေ့မယ်လို့ မထင်ထားခဲ့မိဘူး”

“ဟုတ်ပကွာ… စီနီယာ အစ်ကိုတော် လျှိုသောင်းက ဓားကပ်ဘေး တောင်ထွတ်က ပထမတန်း ရွှေခါးစည်းတပည့်တွေ ကြားထဲမှာတောင် အတော်ဆုံး သုံးယောက်ထဲပါတဲ့ သူတစ်ယောက်ပဲ”

“ဟုတ်တယ်။ ငါခုနထဲက စီနီယာအစ်ကိုတော် လျှိုသောင်းရဲ့ တိုက်ပွဲတွေကို စောင့်ကြည့်နေတာ။ သူအနိုင်ရလာတာ သုံးပွဲတောင်ရှိပြီ”

“ဟားဟား…. ဇူယွမ်ကတော့ တံဆိပ်ပြာလေးခုတောင် ရထားတာနော်။ ဘာပဲဖြစ်ဖြစ် ဒီပွဲကတော့ ကြည့်ကောင်းပြီဟေ့”

“……….”

ဇူယွမ်နှင့် လျှိုသောင်းတို့၏ ထိပ်တိုက် တွေ့ဆုံမှုသည် ပွဲတစ်ခုလုံးရှိ တပည့်များ၏ စိတ်အာရုံကို ဆွဲဆောင် နိုင်ခဲ့ပေသည်။ တဖြည်းဖြည်းနှင့် တပည့်များ အားလုံးမှာ သူတို့နှစ်ဦး၏ တိုက်ပွဲကိုသာ စိတ်ဝင်စားလာကြ၏။

ဂူဟွမ်ချီမှာ ဇူယွမ့်အား စောင့်ကြည့်နေသူ ဖြစ်သ​ဖြင့် လျှိုသောင်းနှင့် ထိပ်တိုက် ရင်ဆိုင်ရသော အချိန်တွင် သက်ပြင်းအနည်းငယ် ချလိုက်မိသည်။ လျှိုသောင်းမှာ ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် အရည်အချင်း ရှိသူဖြစ်ကြောင်း သူမ မကြာခဏ ဆိုသလို ကြားခဲ့ရဖူး၏။ ဇူယွမ် ပထမဆုံး ရင်ဆိုင်ရသော ဓားကပ်ဘေး တောင်ထွတ်မှ တပည့်မှာ လျှိုသောင်း ဖြစ်နေလိမ့်မည်ဟု တွေးပင် မတွေးထားဖူးချေ။

“ကြည့်ရတာ ဂျူနီယာ ညီတော်ဇူယွမ်ရဲ့ ကံကတော့ ဆိုးပြီထင်ပါရဲ့” ဂူဟွမ်ချီနှင့် ခပ်လှမ်းလှမ်းတွင် ရှိနေသော ချင်းလန်မှ လျှို့ဝှက်စွာ ပြုံးရင်း ရေရွတ်လိုက်၏။

“ပြီးတော့ ဓားကပ်ဘေး တောင်ထွတ်က လီထျန်း၊ လုရွှမ်းယင်နဲ့ တခြား တပည့်တွေကလည်း ဇူယွမ့်ကိုပဲ ပစ်မှတ် ထားနေကြတာ။ အဲ့ဒါကြောင့် ဇူယွမ်က လျှိုသောင်းကို နိုင်ခဲ့ရင်တောင် အနှေးနဲ့အမြန် ပြိုင်ပွဲကနေ ထွက်ခွာသွားရမှာပဲ”

ဂူဟွမ်ချီမှာ ချင်းလန်အား အေးစက်စွာဖြင့် ကြည့်လိုက်သည်။ ထို့နောက် မည်သည့် စကားမှ ပြန်၍ မပြောလိုက်သော်လည်း လက်များကို တင်းကျပ်စွာ ဆုပ်ထားခဲ့၏။ ယခုအချိန်၌ ဇူယွမ်သည် အမှန်တကယ်ပင် အန္တရာယ်များသော အခြေအနေထဲ ရောက်ရှိနေခြင်း ဖြစ်ပေသည်။

ကျေးဇူးပြုပြီး ဇူယွမ် အန္တရာယ်ကင်းပါစေ။

“သူတို့ ချကြတော့မှာလား” ချင်းလန်မှ ဇူယွမ်နှင့် လျှိုသောင်းတို့၏ ပုံရိပ်အား ပြသနေလျက် ရှိသော မှန်ချပ်အား ကြည့်နေရင်းဖြင့် အော်ဟစ်လိုက်၏။

ထို့နောက် ချင်းလန်၏ နှုတ်ခမ်းများမှာ လှောင်ပြောင်သရော်လိုဟန်ဖြင့် တွန့်ကွေးတက် သွားပြီးနောက် ဆက်၍ စကားဆိုလိုက်ပေသည်။ “ဟားဟား….ဇူယွမ်က အတော် သတ္တိရှိပါလားဟေ့။ သူက လက်ဗလာနဲ့တောင် လျှိုသောင်းရဲ့ဓားကို တားဖို့ရဲတယ်ပေါ့လေ။ ငါတို့ကန်ရွှမ်း ကလန်တစ်ခုလုံးမှာ ဓားကပ်ဘေး တောင်ထွတ်ရဲ့ ချီစွမ်းအင်တွေက အထက်ရှဆုံး ဆိုတာရော သူသိရဲ့လား… ဟားဟားဟား”

ပတ်ဝန်းကျင် တစ်ခုလုံးရှိ တပည့်များမှာလည်း ဝေဖန် ဆွေးနွေးသံများဖြင့် ဆူညံ နေခဲ့ကြသည်။ မိန်းကလေး တပည့်အချို့ဆိုလျှင် ဇူယွမ်၏လက် ထက်ပိုင်း ပြတ်သွားမည်အား မမြင်တွေ့ ရဲသောကြောင့် မျက်လုံးများပင် တင်းတင်း ပိတ်ထားကြ၏။

ဂူဟွမ်ချီ၏ မျက်နှာမှာလည်း ဖြူရော်နေခဲ့ပြီ ဖြစ်သည်။

ချင်းလန်၏ သရော်ပြုံးကတော့ နားရွက် တက်ချိတ်မတက် ဖြစ်နေပေသည်။ ဇူယွမ်၏ ဆိုးရွားစွာ ရှုံးနိမ့်ခြင်းကို မြင်တွေ့ရန် မစောင့်နိုင်တော့သော စိတ်များဖြင့် မှန်ချပ်ထံမှ မျက်စိပင်မခွာပဲ ကြည့်နေလျက်ရှိ၏။

ထိုသို့စောင့်ကြည့် နေစဥ်မှာပင် တပည့်များ အားလုံးသည် ဇူယွမ်၏လက်ပေါ်၌ ရွှေရောင် မှော်စာလုံးတစ်ခု လင်းလက်လာသည်ကုိ တွေ့မြင်လိုက်ကြသည်။ ထို့နောက် ဇူယွမ်မှာဓားကို ဆုပ်ကိုင်လိုက်သဖြင့် မီးစမီးပွားများပင် လွင့်စဉ်သွားခဲ့၏။ သို့သော် ဇူယွမ်၏လက်မှ သွေးတစ်စက်မှပင် ထွက်မလာခဲ့ချေ။

ချက်ချင်းဆိုသလိုပင် ဇူယွမ်မှာ ဒြပ်မဲ့သဏ္ဌာန်သို့ ပြောင်းလဲသွားကာ လျှိုသောင်းအနားသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့ပြီး အားပြင်းလှသော လက်သီးတစ်လုံးကို ထိုးချလိုက်လေသည်။

သူတို်နှစ်ဦး၏တိုက်ပွဲမှာ ထိုသို့နှင့်ပင် အဆုံးသတ်သွား၏။

တပည့်များအားလုံး၏ အမူအရာများမှာ အေးခဲကုန်ကြပြီး လျှိုသောင်းမှ လျင်မြန်စွာပင် ရှုံးနိမ့်သွားရသည်ကို မယုံကြည်နိုင် ဖြစ်နေခဲ့ကြသည်။ ဇူယွမ်၏ လက်သီးလေး တစ်ချက်ဖြင့်ပင် လျှိုသောင်းက ရှုံးနိမ့်သွားရသည်တဲ့လား။

ဓားကပ်ဘေး တောင်ထွတ်မှ တတိယမြောက် အထူးချွန်ဆုံး ရွှေခါးစည်း တပည့်ဖြစ်သည့် လျှိုသောင်းမှာ ဇူယွမ်၏ လက်သီးတစ်ချက်ကိုတောင် ခံနိုင်ရည် မရှိဘူးတဲ့လား။

တပည့်များမှာ အံ့သြစွာဖြင့် ဆူညံ အော်ဟစ်သံများမှာ ပတ်ဝန်းကျင် တစ်ခုလုံးအား ပြည့်နှက် သွားစေတော့သည်။

တိုက်ပွဲ၏ရလဒ်မှာ လူတိုင်း မျှော်မှန်းထားသည်ထက် များစွာပို၍ ခြားနားနေခဲ့၏။

ချင်းလန်မျက်နှာပေါ်ရှိ သရာ်ပြုံးမှာ အေးခဲ သွားခဲ့ရသည်။ ထို့နောက် မျက်နှာမှာ ရှုံ့မဲ့သွားခဲ့ပြီး မယုံကြည်နိုင်ဟန်ဖြင့် ရေရွတ်လိုက်၏။ “ဘယ်လိုဖြစ်သွားတာလဲ။ လျှိုသောင်းရဲ့ ဓားချက်ကို လက်ဗလာနဲ့ ဘာမှမဖြစ်ပဲ ဘယ်လိုခံယူလိုက်တာလဲ”

လျှိုသောင်း၏ စွမ်းအားနှင့်ဆိုလျှင် ဝေယိုရွှမ်းကဲ့သို့ သူမျိုးတောင် လျှိုသောင်း၏ ဓားချက်အား လက်ဗလာဖြင့် ခံယူမည်ဆိုပါက နှစ်ပိုင်းပြတ်သွားပေလိမ့်မည်။ ​ထိုမျှလောက် စွမ်းအားကြီးသောဓားချက်အား မူလစဦး တတိယ အဆင့်သာ ရှိသေးသော ဇူယွမ်မှ သွေးတစ်စက်ပင် မထွက်စေပဲ မည်သို့ခံယူခဲ့ပါသနည်း။

ချင်းလန်၏ ဘေးတွင် ရှိနေသော ဂူဟွမ်ချီမှာတော့ အခုမှ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်း ချလိုက်လေသည်။ ဂူဟွမ်ချီမှာ ပြိုင်ပွဲစသည်မှစ၍ စကားတစ်လုံးမျှပင် မပြောသေးပါသော်လည်း အခုသူမ၏ ​လှောင်ပြောင် သရော်နေသော မျက်ဝန်းများကြောင့် ချင်းလန်၏ မျက်နှာမှာ ရှက်စိတ်ဖြင့် ရဲတွတ်လာခဲ့ရသည်။

ချင်းလန်မှာ ခုနမိနစ်လေးကမှ ဇူယွမ်အား အားပါးတရ လှောင်ပြောင် ခဲ့သော်လည်း အခုအလှောင်ခံ ရနေသူမှာ သူဖြစ်နေခဲ့၏။

“စီနီယာ အစ်ကိုတော် ချင်းလန် ​ပြိုင်ပွဲတစ်ခုကို ကြည့်မယ်ဆိုရင် ကိုယ့်ဘာသာ အရှက်ရအောင် လျှောက်ဝေဖန်မနေပဲ တိတ်တိတ်ဆိတ်ဆိတ်လေး ကြည့်သင့်တယ်” ဂူဟွမ်ချီမှာ တည်ငြိမ်စွာဖြင့်ပင် လှမ်း၍ပြောလိုက်သည်။ သို့သော် သူမ၏ စကားလုံးများမှာ အညှာအတာ ကင်းမဲ့ပြီး ချင်းလန်၏ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်ကြောင်း ထင်ရှားနေပေသည်။

ချင်းလန်မှာ အလွန်အမင်း ဒေါသထွက်နေပါသော်လည်း ဂူဟွမ်ချီအား မည်သည့်စကားမှ ခွန်းတုံ့မပြန်ရဲပဲ သူ၏ ဒေါသများကိုသာ မျိုချလိုက်ရ၏။ ထို့နောက် ဇူယွမ်၏ပုံရိပ်အား ပြသနေသော မှန်ချပ်အား ကြည့်ကာ တိုးတိတ်စွာ ကျိန်ဆဲပစ်လိုက်သည်။ “အချိန်ကောင်းလေးတွေ ရနေတယ်ပေါ့ ဟုတ်လား။ လီထျန်း မင်းကို တွေ့သွားပြီဆိုတာနဲ့ မင်းကတော့ သေချင်းဆိုးနဲ့ကို သေရမှာပဲ”

စိန်းထိုက်ယွမ်နှင့် တပည့်များ ရှိနေသော တောင်ထွတ်တစ်ခုပေါ်၌

ဇူယွမ်အနိုင်ရသွားသော မြင်ကွင်းအား တွေ့လိုက်ရသောအခါ ထိုပတ်ဝန်းကျင် တစ်ခုလုံးမှာ ပျော်ရွှင်စွာ အော်ဟစ်အားပေး သံများနှင့် ပြည့်နှက် သွားလေတော့သည်။ သူတို့အားလုံးမှာ လျှိုသောင်းနှင့် ထိပ်တိုက် ရင်ဆိုင်ရသည့် အတွက် ဇူယွမ်အား အလွန်အမင်း စိတ်ပူနေခဲ့ကြခြင်း ဖြစ်၏။

တောင်ကုန်း၏ အစွန်းပိုင်းတွင် ရှိနေသော လီချင်းချန်မှာ သက်ပြင်းချကာ စကား ဆိုလိုက်သည်။ “ဇူယွမ်က တော်တော်သတ္တိရှိတဲ့ ကောင်လေးပဲ။ ဓားကပ်ဘေး တောင်ထွတ်က တပည့်ရဲ့ ချီစွမ်းအင်ကိုတောင် လက်ဗလာနဲ့ တားရဲတယ်”

ယောင်ယောင်မှာ အလေးပင် မထားသောပုံဖြင့် ပြန်၍ပြောလိုက်၏။ “ဘာမှလည်း မဟုတ်ပါဘူး အဲ့လောက်က”

လီချင်းချန်မှာ ကူကယ်ရာမဲ့စွာဖြင့် ယောင်ယောင်၏စကားအား အံ့သြသွားခဲ့ရသည်။ ထို့ကြောင့် အနည်းငယ် စိတ်အလိုမကျဟန်ဖြင့် တုံ့ပြန်လိုက်၏။ “အဲ့တစ်ယောက်က နင့်အတွက် ဘာမှမဟုတ်ပေမယ့် ဇူယွမ်အတွက်တော့ အန္တရာယ်ရှိတဲ့ ရန်သူပဲ။ လျှိုသောင်းက ဇူယွမ် အဲ့လိုလုပ်ရဲမယ်လို့ မထင်ထားခဲ့လို့ ရှုံးသွားရတာ။ မဟုတ်ရင် လက်သီးတစ်ချက်လောက်နဲ့ ဇူယွမ်က အနိုင်ရနိုင်မယ်လို့ နင်ထင်နေလား”

“ပြီးတော့ အခုဇူယွမ်က လျှိုသောင်းကို နိုင်သွားပြီဆိုပေမယ့် ဓားကပ်ဘေး တောင်ထွတ်က ထူးခြားတဲ့ လျှိုသောင်းရဲ့ ခြေရာခံအမွှေးနံ့က သူ့ကိုယ်မှာ စွဲသွားပြီ။ အဲ့ဒါကြောင့် မကြာခင်မှာပဲ ဓားကပ်ဘေးတောင်ထွတ်က တပည့်တွေ အကုန်လုံးက ဇူယွမ်ရဲ့ တည်နေရာကို သိသွားကြလိမ့်မယ်”

“အဲ့လိုဖြစ်လာရင် ဇူယွမ်ကတော့ အကြီးအကျယ် ဒုက္ခရောက်ပြီပဲ”

“လူတစ်ယောက်တည်းနဲ့ တောင်ထွတ်တစ်ခုလုံးက ဝင်ပြိုင်တဲ့ တပည့်တွေ အားလုံးကို အနိုင်ယူနိုင်တဲ့ ကိစ္စဆိုတာ ငါတို့ကန်ရွှမ်းလန်မှာ တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး”

ယောင်ယောင်မှာ ခေတ္တမျှတွေဝေ သွားပြီးနောက် တည်ငြိမ်စွာဖြင့်ပင် ပြန်၍ ပြောလိုက်သည်။ “အင်း… ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ရုံပဲပေါ့”

လီချင်းချန်မှာ ဘာပြန်ပြောရမှန်း မသိအောင် ဆွံ့အသွားခဲ့ပြီးနောက် ဇူယွမ်၏ ပုံရိပ်အား ပြသနေသော မှန်ချပ်အား ကြည့်ကာ ရေရွတ်လိုက်၏။ “ဇူယွမ်က နင်စိတ်မပျက်အောင် လုပ်ဆောင် နိုင်ပါစေလို့ပဲ ငါဆုတောင်းပါတယ်”

ဝှစ်….

သစ်ပင်များ ထူထပ်နေသော တောအုပ်ထဲ၌ ဇူယွမ်မှာ ဒြပ်မဲ့သဏ္ဌာန်ဖြင့် အခိုးအငွေ့အလား လျင်မြန်စွာ ဖြတ်သန်းနေလျက် ရှိသည်။

ဇူယွမ်၏ခန္ဓာကိုယ်တွင် စွဲကပ်နေသော မွှေးရနံ့မှာ အလွန်ပင်ဖျော့တော့ပါသော်လည်း အမှတ်အသား ပေးသော ရနံ့မှန်း ရိပ်မိခဲ့၏။ အချိန်များ ကြာမြင့်လာသော်လည်း ထိုရနံ့အား အခုအချိန်ထိ ဖျောက်ဖျက် မရသေးချေ။

ဇူယွမ်မှာ ပတ်ဝန်းကျင်အား လျင်မြန်စွာ စစ်ဆေးလိုက်၏။

ယခုအချိန်တွင် သူနှင့်အနီးနား၌ ဓားကပ်ဘေး တောင်ထွတ်မှ တပည့်များရှိနေ​ကြောင်းကို ခံစားမိလိုက်​ပေသည်။ ဇူယွမ်၏မျက်ဝန်းများမှာ ကျဥ်းမြောင်းသွားကာ တိုးတိတ်စွာ ရေရွတ်လိုက်၏။ “မင်းတို့အကုန်လုံးက ငါ့ကို အမဲလိုက်သလို လိုက်ချင်နေမှတော့ ငါကလည်း နေရာကောင်းတစ်ခုရှာပြီး မင်းတို့ အံ့သြသွားအောင် လုပ်ပေးရမှာပေါ့”

ထိုစကားများကို ရေရွတ်ပြီးသည်နှင့် တစ်ပြိုင်နက် ဇူယွမ်မှာ သူ၏အမြန်နှုန်းကို တိုးမြှင့်လိုက်ပြီး သစ်တောထဲမှ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။

ဇူယွမ်ထွက်ခွာသွားပြီး မကြာခင်၌ပင် သစ်ကိုင်းကြီး တစ်ခုပေါ်မှ လူနှစ်ယောက် ခုန်ဆင်းလာခဲ့၏။ ထိုလူနှစ်ဦးမှာ ဓားကပ်ဘေးတောင်ထွတ်မှ လီထျန်းနှင့် လုရွှမ်းယင်တို့ပင် ဖြစ်သည်။

“သူသွားတာကလည်း မြန်လိုက်တာ” လုရွှမ်းယင်မှ အေးစက်စက်ဖြင့် စကားဆိုလိုက်၏။

လီထျန်းမှာ သူ၏နွေးထွေးကြင်နာသော အမူအရာဖြင့်ပင် ပြုံးကာ ပြန်၍ ပြောလိုက်သည်။ “ ကြည့်ရတာ ကျွန်တော်တို့ကို ရိပ်မိသွားတဲ့ပုံပဲ”

လုရွှမ်းယင်မှာ ခေတ္တမျှတွေဝေ သွားပြီးနောက် စကားဆက်လိုက်လေသည်။ “အခုသူက တအားမြန်မြန်ကြီး ထွက်ပြေးသွားတော့ ငါတို့လိုက်ဖို့ ခက်သွားတော့မှာပေါ့”

လီထျန်းမှာ အေးဆေးသော အမူအရာဖြင့်ပင် ပြန်၍ ဖြေကြားလိုက်သည်။ “သေရမှာ​ကြောက်တဲ့ သားကောင်ဆိုတာ အမြဲတမ်း ထွက်ပြေး နေတက်ပေမယ့် ပြေးဖို့ခွန်အားတွေ မရှိတော့တဲ့ အချိန်ရောက်ပြီဆို သတ်ရတာ ပိုတောင် လွယ်ကူလေ့ရှိတယ်။ တခြားဓားကပ်ဘေး တောင်ထွတ်က တပည့်တွေလည်း ဒီအနီးနားတစ်ဝိုက်မှာပဲ ရှိနေကြတာ။ သူဘယ်လိုပြေးပြေး အချိန်တန်ရင် လွတ်မှာမဟုတ်ဘူး”

ထို့နောက် လီထျန်းမှာ မျက်နှာကိုပွတ်ကာ သက်ပြင်းချလိုက်၏။ “ကျွန်တော် စိုးရိမ်တာ တစ်ခုက ကျွန်တော်တို့ ဓားကပ်ဘေးတောင်ထွတ်က အရည်အချင်းရှိတဲ့ တပည့်တွေ အများကြီးကို ဇူယွမ့်လိုကောင်ကို တိုက်ဖို့အတွက်လေးနဲ့ သုံးရတာက အရှက်ရစရာ ကောင်းနေမှာကိုပဲ”

“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က တိုက်ပွဲ အလှည့်အပြောင်းတွေ ဖြစ်လာမှာကိုတော့ သဘောမကျဘူး။ ဒါ့အပြင် ဒီကိစ္စကို လုပ်ဆောင်ဖို့အတွက် သဘောတူခဲ့ပြီးပြီ ဆိုမှတော့ ဇူယွမ်အတွက် အခွင့်အရေးနဲ့ မျှော်လင့်ချက် သေးသေးလေးတောင် မထားပေးပဲ သေချာ ဖျက်ဆီး ပစ်လိုက်တာပဲ ကောင်းပါတယ်”

လီထျန်း၏ ဘေးတွင် ရှိနေသော လုရွှမ်းယင်မှာ သဘောတူသည့် ဟန်ဖြင့် ခေါင်းညိတ်ပြကာ ရေရွတ်လိုက်သည်။ “ဒီအကောင်က ပုံမှန်ကို မဟုတ်ဘူး။ အမြဲတမ်း လူတွေမထင်ထားတာတွေ လုပ်ပြတတ်တယ်။ အဲ့ဒါကြောင့် သေချာစီစဥ်ထားတာ အကောင်းဆုံးပဲ”

ထို့နောက် သူမ၏တောက်ပသော မျက်ဝန်းများဖြင့် လီထျန်းကိုကြည့်ကာ ပြုံးပြ လိုက်လေသည်။ “ သူ့အတွက် ကံမကောင်းတာ တစ်ခုက ဒီတစ်ခေါက် သူရင်ဆိုင်ရမယ့်သူက စီနီယာအစ်ကိုတော် လီထျန်း ဖြစ်နေတာပဲ..ဟင်းဟင်း”

အမှန်တော့ လုရွှမ်းယင်သည်လည်း လီထျန်းစိုးရိမ်သလို စိုးရိမ်နေခဲ့၏။ သူမတို့ ဓားကပ်ဘေး တောင်ထွတ်မှ တပည့်များစွာ အတူတကွ တိုက်ခိုက်ခြင်းနှင့်တောင် ဇူယွမ့်အား အနိုင်မရရှိခဲ့ဘူး ဆိုပါက ဓားကပ်ဘေး တောင်ထွတ်၏ ဂုဏ်သိက္ခာမှာ များစွာပျက်သုန်း သွားရပေလိမ့်မည်။

လီထျန်းမှာ ဇူယွမ် ထွက်ပြေးသွားသော အရပ်မျက်နှာအား ကြည့်လိုက်ပြီးနောက် ခပ်ဖွဖွ ရယ်မောကာ အင်္ကျီလက်မောင်းအိုးအား ဝှေ့ယမ်း ပြလိုက်လေသည်။

“ထောင်ချောက်လုပ်ဖို့ အချိန်ကျပြီ”

“အခုက ဂျူနီယာညီတော် ဇူယွမ်ကို ငါတို့ ဓားကပ်ဘေး တောင်ထွတ်ရဲ့ နည်းလမ်းတွေ ပြသပေးရမယ့် အချိန်ပဲ”

Comment

Leave a Reply

Options

not work with dark mode
Reset