ဝုန်း….
ပြင်းထန်လှသော စွမ်းအင်လှိုင်း ဂယက်တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာခဲ့ပြီးနောက် မြေကြီးများ အက်ကွဲသွားကာ ပတ်ဝန်းကျင်ရှိ ကြီးမားသော သစ်ပင်များသည်ပင် ထက်ပိုင်းမှ ပြတ်ကုန်ကြရသည်။
အက်ကွဲနေသော မြေပြင်၏ အလယ်တည့်တည့်၌ ဇူယွမ်မှာ တည်ငြိမ်စွာ ရပ်နေလျက်ရှိကာ တပည့် တစ်ဦးမှာတော့ လေထုထဲသို့ပင် လွင့်စဉ်သွားပြီးနောက် မြေပြင်နှင့်မျက်နှာ မိတ်ဆက် လိုက်ရလေသည်။ ထို့နောက် ကောင်းကင်ထက်မှ အလင်းတန်းတစ်ခု ကျဆင်းလာကာ ထိုတပည့်အား မြစ်ကြီးထဲသို့ ဆွဲချသွားပြီး ဇူယွမ်၏လက်၌ တံဆိပ်ပြားတစ်ခု ပေါ်ပေါက်လာခဲ့၏။
ယခုအချိန်တွင် ဇူယွမ်၌ တံဆိပ်ပြားလေးခု ရှိနေပြီ ဖြစ်သည်။
“နောက်ထပ် ဆယ့်ခြောက်ခု…” ဇူယွမ်မှ သက်ပြင်းချလိုက်၏။ ဇူယွမ်မှာ အချိန်အတော်ကြာ တစ်ဦးတည်း ရှိနေသော တပည့်များကို တိုက်ခိုက်ရန် ရှာဖွေနေခဲ့ပါသော်လည်း ပါဝင်ယှဥ်ပြိုင် သူများသည် ယခုအချိန်၌ နှစ်ယောက်တစ်စု သုံးယောက်တစ်စုဖြင့် အဖွဲ့ဖွဲ့ထားကာ အခြားတောင်ထွတ်မှ တပည့်များ လာရောက်တိုက်ခိုက်မည်ကို ကာကွယ် ထားကြပေသည်။ ထို့ကြောင့် ဇူယွမ် အတွက်ပို၍ ခက်ခဲနေရ၏။
ယခုပြိုင်ပွဲ၌ ပါဝင်ယှဥ်ပြိုင် ကြသူများသည် တောင်ထွတ်တိုင်း၏ အထူးချွန်ဆုံး တပည့််များသာ ဖြစ်ကြသဖြင့် ဇူယွမ်မှာ အုပ်စုဖွဲ့ထားသော သူများနှင့် အချိန်ကြာမြင့်စွာ တိုက်ခိုက်ခဲ့ရမည် ဆိုပါက အနိုင်ရရှိခဲ့လျှပင် သူ၏စွမ်းအင်များ ကုန်ဆုံးသွားနိုင်ပေသည်။ ထို့အပြင် ဇူယွမ်မှာ ဓားကပ်ဘေး တောင်ထွတ်မှ တပည့်များကိုလည်း အချိန်တိုင်း သတိထားနေရ၏။
အဘယ့်ကြောင့်ဆိုသော် အခြားသော တောင်ထွတ်များ အားလုံးမှာ တောင်ထွတ် တစ်ခုလျှင် လူဒါဇင်ချီမျှ ပါဝင်ယှဥ်ပြိုင် ကြသော်လည်း မူလသူတော်စင် တောင်ထွတ်မှာ ပါဝင်ယှဥ်ပြိုင်သူ ငါးဦးသာရှိပြီး ထိုထဲမှသုံးဦးမှာ လုဟုန်း၏ အုပ်စုမှဖြစ်သဖြင့် ဇူယွမ့်အတွက် အုပ်စုဖွဲ့၍ ရမည့်သူလည်း မရှိချေ။
“မူလသူတော်စင်တောင်ထွတ်မှာ ခရမ်းရောင် ခါးစည်းတပည့် အရမ်းနည်းနေတာ အံ့သြစရာ မဟုတ်တော့ဘူး” ဇူယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကိုခါယမ်းကာ သက်ပြင်း ချလိုက်လေသည်။ ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲသည် မူလသူတော်စင် တောင်ထွတ်မှ တပည့်များအတွက် အလွန်အန္တရာယ်များကာ မျှတမှု မရှိသကဲ့သို့ ဖြစ်နေရသဖြင့် တစ်နှစ်လျှင် ခရမ်းရောင် ခါးစည်းအဆင့်သို့ တက်လှမ်းနိုင်သည့် တပည့်တစ်ဦး နှစ်ဦးမျှ ပေါ်ထွက်လာလျှင်ပင် အလွန်ကျေနပ်စရာ ဖြစ်နေရပြီဖြစ်သည်။
“ဘယ်သူလဲ … ”
ဇူယွမ်မှာ အတွေးများကြား နစ်မြုပ်နေမှာပင် အရှေ့ဘက် တောအုပ်ထဲမှ လှုပ်ရှားမှု တစ်ခုအား ခံစားမိသဖြင့် မျက်ဝန်းများ ကျဥ်းမြောင်းသွားပြီး ကောင်းကင်ဘုံယွမ် စုတ်တံအား လျင်မြန်စွာဆွဲယူကာ ထိုနေရာကို ကြာပွတ်တစ်ခုကဲ့သို့ ရိုက်ချလိုက်၏။ စုတ်တံထိပ်ရှိ အမွေးတစ်ခုစီမှာ အလွန်ထက်ရှနေဟန်ရှိကာ လေထုကိုပင် ဆုတ်ဖြဲ သွားလေသည်။
ဘုန်း….
ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းဂယက်များ ဖြစ်ပေါ်သွားခဲ့ပြီး ပတ်ဝန်းကျင်ကိုပင် အပျက်အစီးများ ဖြစ်ပေါ်စေခဲ့ပြီး သစ်ပင်များမှာ ထက်ပိုင်းကျိုးကျ ကုန်ကြသည်။ ထို့နောက် အရှေ့ဘက်စွန်းစွန်း၌ လူငယ်တစ်ဦးအား တွေ့ရှိ လိုက်ရပေသည်။ ထိုလူငယ်ထံမှ ထွက်ပေါ်နေလျက် ရှိသော ချီစွမ်းအင်များမှာ အလွန်ပင် ထက်ရှသန်မာသော ဖိအားများကို ထုတ်လွှတ်လျက်ရှိကာ ထိုစွမ်းအင်များမှာ လူငယ်လေးကိုင်ဆောင်ထားသော ဓားအိမ်မှ ပေါ်ထွက်နေဟန် ရှိ၏။
လူငယ်လေးမှာ ဓားကိုချလိုက်ပြီးနောက် ဇူယွမ်အားပြုံးကာ နှုတ်ဆက်လိုက်သည်။ “ဟဲဟဲ… အစ်ကိုက ဒီနားကဖြတ်သွားရုံလေးပါ ဂျူနီယာညီတော်ရဲ့”
ဇူယွမ်မှာ ထိုလူငယ်၏ လက်ခုံအား အလျင်အမြန်ပင် ကြည့်လိုက်သောအခါ တံဆိပ်ပြား သုံးခုအား တွေ့ရှိလိုက်ရပြီး အနည်းငယ် အံ့အား သွားခဲ့ရသည်။ ဆိုလိုသည်မှာ ဤသူသည်လည်း တပည့်သုံးဦးအား တိုက်ခိုက် အနိုင်ယူနိုင်သော စွမ်းအားရှိသည်ဆိုသည့် သဘောပင် ဖြစ်၏။ ထို့ကြောင့် သာမန် တပည့်တစ်ဦးတော့ မည်သို့မှ မဖြစ်နိုင်ပေ။
“မင်းက ဓားကပ်ဘေးတောင်ထွတ် ကမလား” ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား ဆွဲကိုင်ထားရင်းမှ မေးမြန်းလိုက်လေသည်။
“ဟုတ်ပါတယ် ငါကဓားကပ်ဘေး တောင်ထွတ်က လျှိုသောင်းပါ” လူငယ်လေးမှ ပြုံးကာ ပြောလိုက်၏။
“မင်းငါ့နောက်ကို လိုက်နေတာကြာပြီ ဟုတ်တယ်မလား” ဇူယွမ်မှ ထပ်၍ မေးမြန်းလိုက်ေပသည်။ ပြောရမည်ဆိုလျှင် ဇူယွမ်မှာ တစ်စုံတစ်ယောက်မှ သူ့အား ခြေရာခံလိုက်နေသည်ကို ခံစားမိသည်မှာ အနည်းငယ် ကြာပြီ ဖြစ်၏။ ထိုသူမှာ လျှိုသောင်းပင် ဖြစ်ပေလိမ့်မည်။
ထိုစကားအား ကြားလိုက်ရသောအခါ၌ လျှိုသောင်းမှ ခေါင်းညိတ်ပြလိုက်၏။
“မင်းကငါ့ကို နှောင့်ယှက်မလို့မလား”
လျှိုသောင်းမှာ လှောင်ပြောင် သရော်လိုဟန်ဖြင့် နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့ပြီးနောက် တည်ငြိမ်စွာဖြင့်ပင် ဇူယွမ်၏စကားအား တုံ့ပြန် လိုက်လေသည်။ “မင်းကို နှောင့်ယှက်ရမယ် ဟုတ်လား … ဂျူနီယာ ညီတော်ဇူယွမ် မင်းက ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးတာပဲ”
“စီနီယာ အစ်ကိုတော် လီထျန်းက မင်းနဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့ အစီအစဥ် ရှိပြီးသားဆိုပေမယ့် ငါကတော့ မင်းလိုကောင်လောက်က ငါတို့ဓားကပ်ဘေး တောင်ထွတ်ရဲ့ အထူးချွန်ဆုံးတပည့်နဲ့ ရင်ဆိုင်ဖို့အထိ အရည်အချင်းမရှိဘူးလို့ ခံစားရတယ်”
“အဲဒါကြောင့် ငါပဲအနစ်နာခံပြီး ဖြေရှင်းပေးဖို့ ဆုံးဖြတ်လိုက်တာ”
ထိုစကားများပြောပြီးသည်နှင့်တစ်ပြိုင်နက် လျှိုသောင်း၏ ဓားထိပ်၌ ချီစွမ်းအင်များ စတင် စုဝေးလာခဲ့ကာ ဇူယွမ်ဆီသို့ ချိန်ရွယ် လိုက်လေသည်။ ထို့နောက် တောက်ပကာ ဝင့်ကြွားနေသော မျက်ဝန်းများဖြင့် ဇူယွမ်အား စကားဆိုလိုက်၏။ “ ငါမင်းကို ဖြေရှင်းပြီးတဲ့ အခါကျရင် စီနီယာ အစ်ကိုတော် လီထျန်းက မင်းလိုကောင်လောက်ကို အာရုံစိုက်ဖို့တောင် မတန်ဘူးဆိုတာ သိသွားမှာပါ”
ဝှစ်…..
သို့သော်လည်း ဇူယွမ်မှာ ထိုစကားများအား အလေးထားပုံပင် မရပဲ ခန္ဓာကိုယ်မှာ ဒြပ်မဲ့သဏ္ဌာန်သို့ ပြောင်းလဲသွားခဲ့ပြီး လျှိုသောင်းထံသို့ အခိုးအငွေ့အလား လျင်မြန်စွာ ရောက်ရှိ လာခဲ့သည်။
“ဘဝင်မြင့်နေတဲ့ အရူး” လျှိုသောင်းမှာ ဇူယွမ်သည် သူ၏စကားကိုပင် ဂရုမစိုက်ပဲ လျစ်လျူရှုကာ တိုက်ခိုက် လာခဲ့သည်ကို တွေ့လိုက်ရသောကြောင့် အလွန်အမင်း ဒေါသထွက်ပြီး မျက်ဝန်းများပင် ကျဥ်းမြောင်း သွားခဲ့ရ၏။ လျှိုသောင်း၏ စိတ်ထဲတွင် ဇူယွမ်မှသူ့အား အထင်အမြင် သေးလွန်းသည်ဟု ခံစားနေရပေသည်။
“ဝေယိုရွှမ်းလိုကောင်လောက်ကို အနိုင်ယူနိုင်ရုံလေးနဲ့ မောက်မာလို့ရပြီ ထင်နေတာလား။ ဓားကပ်ဘေး တောင်ထွတ်မှာထဲက ဝေယိုရွှမ်းဆိုတာ ငါတို့ရဲ့ အောက်ကကောင်ပဲ အဲ့ဒါမင်းသိရဲ့လား”
ထိုစကားအား ပြောပြီးသည်နှင့် တကွ လျှိုသောင်းမှာ မြေပြင်အားဆောင့်နင်းချလိုက်၍ ချီစွမ်းအင်များကို ပေါက်ကွဲ ထွက်ပေါ်စေခဲ့ပြီး လေထုကိုပင် ဆုတ်ပြဲစေကာ အနီးနားရှိ မြေပြင်များပင် အက်ကွဲ သွားခဲ့ရသည်။ ထို့နောက် အလွန်ပင် ထက်မြသော စွမ်းအင်ဖိအားများကို ထုတ်လွှတ်လျက် ရှိသော ချီစွမ်းအင်ဓားဖြင့် ဇူယွမ်အား ချိန်ရွယ်လိုက်၏။
သို့သော်လည်း ဇူယွမ်မှာ ပို၍ပင်လျင်မြန်စွာ ရှောင်ရှားလိုက်သဖြင့် ဓားမှာ ဘာမှမရှိသော လေထုကိုသာ ထိုးမိသွားခဲ့လေသည်။
ထို့နောက်ဇူယွမ်မှာ လျှိုသောင်းအား စူးစိုက်၍ ကြည့်လိုက်၏။ ဤပတ်ဝန်းကျင် တစ်-ဝိုက်တွင် ဓားကပ်ဘေးတောင်ထွတ်မှ အခြားသောတပည့်များမှာ ရှိနေနိုင်သဖြင့် လျှိုသောင်းအား တတ်နိုင်သမျှ လျင်မြန်စွာ အဆုံးသတ်နိုင်ရန် လိုအပ်ပေသည်။
ဇူယွမ်မှာ တိုးကပ်လာသည်နှင့် အမျှ လျှိုသောင်း၏ မျက်ဝန်းများမှာ တိုက်ပွဲ ဆာလောင်စိတ်များဖြင့် ပြည့်နှက်လာခဲ့ရကာ လက်ထဲရှိဓားမှာ တုန်ခါလာခဲ့ပြီးနောက် ကြောက်မက်ဖွယ်ရာ ချီစွမ်းအင်များ ပေါက်ကွဲ ထွက်ပေါ်လာပြီး အလင်းတန်းများစွာ ပေါ်ထွက်လာလျက် ပြင်းထန်သော ဖိအားကို ထုတ်လွှတ်လိုက်၏။
မူလစဦး ဆဋ္ဌမအဆင့် တပည့်တစ်ဦးပင် ထိုစွမ်းအင်ဖိအားများကို ခံနိုင်ရည်ရှိနိုင်မည် မဟုတ်ပေ။
ဇူယွမ်၏ခန္ဓာကိုယ်ပေါ်၌ ခရမ်းပြာရောင် အလင်းများ တောက်ပလာ၍ ကောင်းကင်ဘုံမြွေနဂါး ကြေးခွံများ ထွက်ပေါ်လာကာ ဇူယွမ့်အား ကာကွယ်လိုက်၏။
ဝှစ်….
လျှိုသောင်းမှာ အေးစက်စွာဖြင့် ရယ်မောကာ ဓားအား အရှေ့တည့်တည့်သို့ ထုိးချလိုက်လေသည်။ ဓားမှထွက်ပေါ်နေသော ရောင်ခြည်များမှာ ဇူယွမ်အား အလင်းပြန်စေသော်လည်း ဇူယွမ်မှာ တည်ငြိမ် နေလျက်ပင် ရှိ၏။ ဇူယွမ်မှာ အနည်းငယ်မျှပင် မရွေ့လျားရုံမျှမကပဲ ဓားချက်ကို လက်အား ဆန့်တန်း၍ပင် ဖိတ်ခေါ်နေဟန် ပြုနေသေးသည်။
လျှိုသောင်း၏ ကြောက်မက်ဖွယ်ရာဓားချက်အား လက်ဗလာနှင့်ပင် ခံယူမည့်ဟန် ရှိနေ၏။
“မင်းက သေချင်နေတာပဲ” လျှိုသောင်း၏ မျက်ဝန်းများမှာ ခက်ထန်သွားခဲ့ရသည်။ သူ၏ဓားချက်မှာ တောင်တန်းများကိုပင် ဖြိုခွင်း နိုင်လောက်အောင် ပြင်းထန်သော်လည်း ဇူယွမ်ကတော့ လက်ဗလာဖြင့်ပင် ခံယူရဲသေးသည်။
လေထုထဲ၌ လျှိုသောင်း၏ဓားနှင့် ဇူယွမ်၏ လက်ဝါးတို့ ထိတွေ့သွားခဲ့ကြ၏။
ထိုအခိုက်အတန့်၌ပင် ကောင်းကင်ဘုံယွမ်စုတ်တံ၏ထိပ်မှ ဖြူဖွေးသော အမွေးများ ပေါ်ထွက်လာခဲ့ပြီး ဇူယွမ်၏လက်အား ပိုးသားလက်အိတ် တစ်ခုကဲ့သို့ ရစ်ပတ် လာခဲ့သည်။
“အဆင့်၄ မှော်စာလုံး ရွှေရောင်မှော်လက်”
ချက်ချင်းဆိုသလို ဇူယွမ်၏ လက်ဝါးပေါ်၌ မူလမှော်စာလုံးတစ်ခု ပေါ်ပေါက်လာကာ ခပ်မှိန်မှန် လင်းလက် နေခဲ့ပြီးနောက် မြွေနဂါးကြေးခွံနှင့် စုတ်တံ အမွေးများကိုပါ ဖုံးအုပ်သွားခဲ့ကာ လင်းလက် တောက်ပနေသော ရွှေရောင် လက်အိတ်တစ်ခုကဲ့သို့ ပြောင်းလဲသွားခဲ့ပြီး ဇူယွမ်၏လက်မှာ ရွှေအတိ ပြီးနေသည့်အလား တလက်လက် ထနေလျက် ရှိေပသည်။
ထန်း…..
ဇူယွမ်မှာ ရွှေရောင် လင်းလက်နေသော လက်များဖြင့် လျှိုသောင်း၏ဓားအား ဆုပ်ကိုင် လိုက်သောကြောင့် မီးစမီးပွားများပင် ဖြစ်ပေါ်ကာ လေထုထဲသို့ ပျ့ံလွင့်သွားရ၏။ လျှိုသောင်းမှာ ဓားအားခွန်အား အပြည့်အားသုံးကာ ဆွဲထုတ် နေပါသော်လည်း အနည်းမျှပင် လှုပ်ရှားလာခြင်း မရှိချေ။
လျှိုသောင်း၏ မျက်ဝန်းထဲ၌ အံ့သြမှု အရိပ်အယောင်များ စတင်ယှက်သန်း လာခဲ့လေသည်။ ဇူယွမ်မှာ လက်ဗလာဖြင့် သူ၏ဓားအား ထိန်းချုပ်ထားနိုင်သည်ကို မယုံကြည်နိုင်ပင် ဖြစ်နေရ၏။ ထို့အပြင် အရာရာအား ထိုးဖောက်နိုင်သော ဓားသွားမှာလည်း ဇူယွမ့်အား ကာကွယ်ထားသော ရွှေရောင် အလွှာကို ခြစ်ရာလေး ထင်အောင်ပင် မပြုလုပ်နိုင်ခဲ့ပေ။
ရွှမ်း…
ဇူယွမ်၏ခန္ဓာကိုယ်မှာ ဒြပ်မဲ့သဏ္ဌာန်သို့ ပြောင်းလဲသွားခဲ့ပြီး ဓားမှာလည်း လက်ထဲမှ ချော်ထွက် သွားခဲ့ကာ လျှိုသောင်းရှေ့သို့ မျက်စိတစ်မှိတ်စာမျှ အချိန်လေး အတွင်းမှာပင် လျင်မြန််စွာ ရောက်ရှိလာခဲ့၏။
ဝုန်း…..
ချီစွမ်းအင်များမှာ ဇူယွမ်၏လက်သီးတဝိုက်၌ ပေါက်ကွဲ ထွက်ပေါ်လာခဲ့ပြီး လျှိုသောင်းအား အညှာအတာ ကင်းမဲ့စွာဖြင့် ထိုးချလိုက်လေသည်။ ထိုးနှက်ချက်မှာ အလွန်ပြင်းထန် လှသောကြောင့် လျှိုသောင်း၏ ချီစွမ်းအင်များပင် ရှုပ်ထွေး သွားခဲ့ရသည်။ ထို့သို့ စွမ်းအင်လည်ပတ်မှုများ ရှုပ်ထွေး သွားသဖြင့် လျှိုသောင်းမှာ အသည်းခိုက်အောင် နာကျင် သွားခဲ့ရပြီး ကြောက်ရွံ့နေသော မျက်နှာမှာလည်း သွေးရောင်ပင် မရှိသည့်အလား ဖြူရော်လာခဲ့၏။
လျှိုသောင်းသည် ဇူယွမ်မှာ လက်သီးလေး တစ်ချက်ဖြင့်ပင် သူ၏ချီစွမ်းအင်များကို ရှုပ်ထွေး သွားစေကာ တိုက်ပွဲစွမ်းရည်ကိုပင် ပျောက်ဆုံးသွားအောင် လုပ်နိုင်လိမ့်မည်ဟု တွေးပင် တွေးမထားဖူးခဲ့ချေ။
ဇူယွမ်မှာ မယုံကြည်နိုင်ဖြစ်နေသော လျှိုသောင်းအား ကြည့်ကာ ခပ်ဖွဖွ ရယ်မောလိုက်ပြီး တည်ငြိမ်စွာဖြင့် စကား ဆိုလိုက်လေသည်။ “တကယ်ဆို မင်းရဲ့စီနီယာအစ်ကိုတော် လီထျန်းရဲ့ စကားကို နားထောင်ခဲ့သင့်တာ။ ငါ့ကို မင်းတစ်ယောက်တည်းနဲ့ အနိုင်ယူပြီး နာမည်ရချင်တာလား…. မင်းက အများကြီး လိုအပ်နေပါသေးတယ် စီနီယာအစ်ကိုတော်လျှိုသောင်းရယ်”
ကောင်းကင်ထက်မှ အလင်းတန်းတစ်ခု ကျဆင်းလာကာ လျှိုသောင်းအား မြစ်ထဲသို့ ဆွဲယူ သွားခဲ့လေသည်။ ထိုအချိန်၌ပင် လျှိုသောင်း၏ခါး၌ ချိတ်ဆွဲထားသော အမွေးအိတ်မှာ စုတ်ပြဲသွားကာ အမွှေးရ့နံများက ဇူယွမ်ထံသို့ ရောက်ရှိလာခဲ့၏။ ဇူယွမ်မှာ လျင်မြန်စွာ အနောက်သို့ ဆုတ်လိုက်သော်လည်း ရနံ့အချို့မှာ သူ၏ခန္ဓာကိုယ်၌ စွဲကပ် သွားခဲ့ရသည်။
လျှိုသောင်းမှ ဒေါသထွက်စွာဖြင့် အော်ဟစ်ပြောဆိုလိုက်၏။ “သိပ်ပြီးပျော်မနေနဲ့ ဇူယွမ်။ စီနီယာအစ်ကိုတော်လီထျန်းနဲ့ ဓားကပ်ဘေး တောင်ထွတ်ကလူတွေက မင်းကို ရအောင်ရှာပြီး ဖျက်ဆီးပစ်မှာပဲ”
ထိုစကားများကို ပြောပြီးသည်နှင့် တစ်ပြိုင်နက် လျှိုသောင်းမှာ မြစ်ထဲသို့ ပစ်ချ ခံလိုက်ရလေသည်။
ဇူယွမ်မှာ ခန္ဓာကိုယ်အား အနံ့ခံလိုက်သောအခါ မွှေးရနံ့မှာ အနည်းငယ်မျှသာ ရှိနေသော်လည်း မည်သို့မှ ဖျောက်ဖျက်ပစ်၍ မရပါချေ။ ထို့ကြောင့် ဇူယွမ်မှာ အနည်းငယ်မျှ တွေဝေ သွားခဲ့ပါသော်လည်း စဥ်းစားမနေတော့ပဲ သစ်တောထဲသို့သာ ဆက်လက်တိုးဝင် သွားလိုက်တော့၏။
“မင်းတို့က ကစားချင်တာမလား ဟမ်။ အဲ့ဒါဆို ငါကလည်း မင်းတို့ ဓားကပ်ဘေး တောင်ထွတ်က ကောင်တွေအကုန်လုံးကို အဆုံးထိလိုက်ပြီး အဖော်ပြုပေးရမှာပေါ့လေ”
ဇူယွမ်ဆက်လက်ထွက်ခွာသွားသောအချိန်တွင် သူလျင်မြန်စွာဖြင့် အဆုံးသတ်ခဲ့သော လျှိုသောင်းနှင့် တိုက်ပွဲမှာ တောင်တန်းအပြင်ဖက်မှ စောင့်ကြည့်နေကြသော သူများအား ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့မည်ကို မသိခဲ့ပါပေ။