Switch Mode

စာစဥ် (၂၇) အပိုင်း (၃၆၆)

ရွေးချယ်ခြင်းတိုက်ပွဲ

ကလန်ခေါင်းဆောင် ချင်းယန်၏ ကြေညာချက်ကို ကြားရသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင် တစ်ခုလုံးမှာ ဆူညံ သွားကြလေတော့သည်။

ဝှစ်…ဝှစ်

စိတ်လှုပ်ရှား​နေကြသော အကြည့်များစွာ၏ အောက်၌ပင် ပါဝင်ယှဥ်ပြိုင်မည့် သူများ တစ်ဦးပြီးတစ်ဦး ကောင်းကင်ထက်၌ ပျံဝဲကာ မြူခိုးများရစ်သိုင်းနေလျက်နေရှိသော တောင်တန်းကြီးဆီသို့ ဝင်ရောက်သွားကြ၏။ ထိုသို့ တစ်ဦးပြီးတစ်ဦး ပျံသန်းဝင်ရောက် သွားခြင်းက ရင်သပ်ရှုမောဖွယ် မြင်ကွင်းကို ပေးစွမ်းနေလျက် ရှိပေသည်။

ဇူယွမ်မှာ ထိုမြင်ကွင်းအားကြည့်ကာ တိုက်ပွဲဆာလောင် လာသော စိတ်များကြောင့် သွေးများပင် ပွက်ပွက် ဆူလာသည်ဟု ခံစားနေရသ​ဖြင့် အသက်အားပြင်းပြင်း ရှူရှိုက်လိုက်၏။

“သူတို့ကို သွားအနိုင်ယူခဲ့တော့ စီနီယာ အစ်ကိုတော် ဇူယွမ်”

“သွားတော့ ဂျူနီယာညီတော် ဇူယွမ်”

ဇူယွမ်၏ အနားတွင်ရှိနေသော တပည့်များမှာ အော်ဟစ် အားပေးနေကြသည်။ ဇူယွမ်မှာ သူတို့အုပ်စု တစ်ခုလုံးအား ကိုယ်စား ပြုယှဥ်ပြိုင်သူဖြစ်ပြီး အကယ်၍ ဇူယွမ်သာ အနိုင်ရရှိသည့် ဆယ်ယောက်ထဲ ပါဝင်ခဲ့မည်ဆိုပါလျှင် သူတို့အုပ်စုမှာလည်း ကန်ရွှမ်းကလန်ထဲ၌ ဂုဏ်သတင်း ကြီးမားလာမည်ပင် ဖြစ်၏။

ဇူယွမ်မှာ အားပေးနေကြသော လူအုပ်ကြီးအား အရိုအသေပြုကာ ပြုံးပြလိုက်သည်။ ထို့နောက် ယောင်ယောင့်အား ကြည့်လိုက်သောအခါ ယောင်ယောင်မှ ပြုံးကာ စကားဆိုလိုက်၏။ “ငါ လီချင်းချန်နဲ့ အလောင်းအစား လုပ်ထားတယ်။ အဲဒါကြောင့် ငါ့ကို အရှက်ရအောင် မလုပ်ခဲ့နဲ့”

ဇူယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကိုခါယမ်းကာ နှုတ်ခမ်းများကို ရှုံ့မဲ့ ပစ်လိုက်လေသည်။ ထို့နောက် တွေဝေမနေတော့ပဲ ခြေထောက်အား မြေကြီးပေါ်သို့ ဆောင့်နင်းချလိုက်ပြီး ကောင်းကင်ထက်သို့ ပျံသန်းသွားကာ တောင်တန်းများဆီသို့ ဝင်ရောက် သွားလေတော့သည်။

အခြားတောင်ထွတ် တစ်ခုပေါ်၌ ရှိနေသော လုရွှမ်းယင်မှာ ပျံသန်း ထွက်ခွာသွားသော ဇူယွမ်၏ ပုံရိပ်အား ငေးကြည့်နေရင်း အေးစက်စက်ဖြင့် ရယ်မောကာ သူမလည်း ကောင်းကင်ထက်သို့ ပျံသန်း သွားလိုက်၏။

များစွာသော တပည့်များ၏ ဆူညံအော်ဟစ်ကာ အားပေးသံများ ကြားတွင်ပင် တစ်ဦးပြီးတစ်ဦး ကောင်းကင်ထက်သို့ ပျံသန်း​လာနေလျက် ရှိသည်။

ပါဝင်ယှဥ်ပြိုင်သူများ အားလုံး တောင်တန်းထဲသို့ ဝင်ရောက် သွားကြပြီးသည့် အခါ၌ ကောင်းကင်ထက်တွင် ချီစွမ်းအင်များ စတင် စုဝေးလာခဲ့ပြီး များစွာသော မှန်ချပ်ကြီးများ အဖြစ်သို့ ပြောင်းလဲ သွားလေသည်။ မှန်ချပ်ကြီးများပေါ်၌ ပါဝင်ယှဥ်ပြိုင်ကြသူများ၏ ပုံရိပ်ကို ပြသနေလျက် ရှိကာ အပြင်ဘက်မှ အားပေးနေသော တပည့်များအား ယှဥ်ပြိုင်ပွဲကို ကြည့်ရှုနိုင်ရန် စီစဥ် ပေးထားခြင်း ဖြစ်၏။

တောင်ထွတ် တစ်ခုပေါ်တွင် ရှိနေသော ဂူဟွမ်ချီမှာ မှန်ချပ်များပေါ်၌ ဇူယွမ်၏ ပုံရိပ်အား ရှာဖွေနေလျက် ရှိပေသည်။ ဂူဟွမ်ချီမှ အသည်းအသန် ရှာဖွေနေသည်အား တွေ့ရသောအခါ အခြားသော မိန်းမငယ်လေးများမှာ ရယ်မောကာ မေးမြန်းလိုက်ကြ၏။ “စီနီယာအစ်မတော် ဂူဟွမ်ချီ နင် ဇူယွမ်ကို ရှာနေတာမလား”

“နင်သူ့ကို အရမ်းအာရုံ စိုက်တယ်နော်”

“ငါတို့ရဲ့ ကန်ရွှမ်းကလန်က တပည့်တွေကိုရော နည်းနည်းလေးတောင် အရေးမပေးဘူးလား”

ဂူဟွမ်ချီမှာ သူမအား စနောက်နေကြသော မိန်းမငယ်လေးများကို တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် လျစ်လျူရှုထားကာ ဇူယွမ်ကိုသာ ဆက်၍ ရှာဖွေနေခဲ့သည်။

ထိုအချိန်၌ပင် ကန်ရွှမ်းတောင်ထွတ်မှ ယောက်ျားလေး တပည့်အုပ်စု ရောက်ရှိလာခဲ့၏။ ထိုအုပ်စုအား ဦးဆောင်နေလျက် ရှိသော လူငယ်လေးမှာ ရှည်လျားကာ ကျဥ်းမြောင်းသော မျက်ဝန်းများဖြင့် အလွန်ပင် ချောမော့ခန့်ညားသူ ဖြစ်ပြီး ခါးတဝိုက်တွင် ခရမ်းရောင် ခါးစည်းအား ချည်နှောင်ထားကာ သူ၏ အဆင့်အတန်းအား ဖော်ပြနေလျက် ရှိပေသည်။

ထိုလူငယ်လေး လျှောက်လှမ်းလာသည်ကို မြင်ရသောအခါ ဂူဟွမ်ချီအား စနောက် နေကြသော မိန်းမငယ်လေးများ၏ မျက်ဝန်းများမှာ တောက်ပသွားခဲ့ပြီး အလျင်အမြန်ပင် နှုတ်ဆက် လိုက်ကြ၏။ “စီနီယာအစ်ကိုတော် ချင်းလန်”

ချင်းလန်မှာ ကန်ရွှမ်းတောင်ထွတ်တွင် အလွန်ထင်ရှား ကျော်ကြားသူ တစ်ဦးဖြစ်ကာ ခရမ်းရောင်ခါးစည်း တပည့်များ အကြားတွင်ပင် လက်ရွေးစင်တစ်ဦး ဖြစ်လေသည်။ ထို့အပြင် ချင်းလန်မှာ ဂူဟွမ်ချီကို နှစ်သက်နေခြင်းအား တောင်ထွတ် တစ်ခုလုံးမှ သိရှိထားကြ၏။

“ဂျူနီယာညီမတော် ဟွမ်ချီ” ချင်းလန်မှာ ဂူဟွမ်ချီ အနားသို့သွားကာ နှုတ်ဆက်လိုက်သည်။

ဂူဟွမ်ချီမှာ တစ်ချက်မျှ လှည့်ကြည့်ကာ ပြန်၍နှုတ်ဆက်လိုက်၏။ “အော် စီနီယာ အစ်ကိုတော် ချင်းလန်ပဲ”

ထို့နောက် ချင်းလန်အား ဂရုပင် မစိုက်တော့ပဲ မှန်ချပ်များကိုသာ ​ပြန်လည် အာရုံစိုက်ကာ ဇူယွမ့်အား ဆက်လက် ရှာဖွေနေခဲ့သည်။ ခဏအကြာ၌ မှန်ချပ်တစ်ခုပေါ်တွင် ရင်းနှီးသော ပုံရိပ်တစ်ခုအား တွေ့ရှိလိုက်ပြီးနောက် ဂူဟွမ်ချီ၏လှပသော မျက်နှာပေါ်လေးမှာ ပျော်ရွှင်မှု အရိပ်အယောင်တို့ ယှက်သန်းသွားကာ နှုတ်ခမ်းပေါ်၌ အပြုံးလေးတစ်ပွင့် ရီးလေးခိုသွားခဲ့၏။

ချင်းလန်မှာ ဂူဟွမ်ချီကြည့်ရှုနေသော မှန်ချပ်အား လိုက်၍ ကြည့်လိုက်ပြီးနောက် စကားဆိုလိုက်သည်။ “ဂျူနီယာ ညီတော်ဇူယွမ်ကို တော်တော်များများက ပစ်မှတ် ထားနေကြတယ်။ အဲဒါကြောင့် နောက်ဆုံးဆယ်ယောက်ထဲမှာတောင် ပါနိုင်ပါ့မလား မသေချာဘူး”

ဂူဟွမ်ချီမှာ ခေတ္တမျှတွေဝေသွားပြီးနောက် အေးစက်စက်ဖြင့် ပြန်၍ ပြောလိုက်၏။ “စီနီယာ အစ်ကိုတော် ချင်းလန်က ဇူယွမ်ကို အထင်သေးလွန်းတာပဲ”

ချင်းယန်မှာ ခပ်ဖွဖွသာ ရယ်မောလိုက်ပြီးနောက် စကား ဆက်လိုက်​လေသည်။ “လီထျန်း ဦးဆောင်တဲ့ ဓားကပ်ဘေး တောင်ထွတ်က တပည့်တွေရဲ့ ပထမဆုံးလုပ်မယ့် ကိစ္စက ဇူယွမ်ကို ပြိုင်ပွဲကနေ ရှုံးနိမ့်သွားအောင် လုပ်ဖို့ပဲလို့ အကိုသိခဲ့ရတယ်။ အဲ့တော့ ဂျူနီယာ ညီမတော်ဟွမ်ချီက ဇူယွမ်မှာ အခွင့်အရေး ရှိဦးမယ်လို့ ထင်လို့လား”

ဂူဟွမ်ချီ၏ မျက်နှာ အမူအရာမှာ ပြောင်းလဲ သွားခဲ့ရသည်။ သူမသည် လုရွှမ်းယင် တစ်ဦးထဲမှသာ ဇူယွမ့်အား ပစ်မှတ်ထားလိမ့်မည်ဟု ထင်ခဲ့ထားပြီး ဓားကပ်ဘေး တောင်ထွတ်မှ လီထျန်းကဲ့သို့သော သူများပါ ထိုအစီအစဥ်တွင် ပါဝင်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။ လုရွှမ်းယင်မှာ အမှန်တကယ်ပင် ထိုမျှလောက်ထိ အမိန့်ပေး စေခိုင်းနိုင်ပါသလော။

ဂူဟွမ်ချီ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်အား မြင်လိုက်ရသော အခါ၌ ချင်းလန်မှာ ပြုံးပျော်သွားဟန်ဖြင့် မှန်ချပ်အားကြည့်ကာ ပြောင်ပြောင်တင်းတင်းပင် စကားဆိုလိုက်၏။ “ဂျူနီယာ ညီတော်ဇူယွမ်က အရမ်းကို မောက်မာလွန်းတယ်။  အခုမှအတွင်းတောင်ရဲ့ တပည့်အသစ်ပဲ ဖြစ်သေးတာကို ကိုယ့်အဆင့်ကိုယ် မသိပဲ အရမ်း လူအာရုံစိုက်တာ ခံချင်နေတာ။ အဲဒါကြောင့် အခုအချိန်မှာ သူ့ကိုသင်ခန်းစာပေးလိုက်တာက ကောင်းတဲ့ကိစ္စပဲ။ အဲလိုမှမဟုတ်ရင် နောင်တစ်ချိန် သူဂိုဏ်းအပြင်ဘက်က လူတစ်ယောက်ယောက်ကို အမှားလုပ်မိရင် ပေးဆပ်ရမယ့် တန်ဖိုးက ပိုပြီးဆိုးရွား သွားလိမ့်မယ်”

ဂူဟွမ်ချီမှာ ချင်းလန်အား အေးစက်စွာဖြင့် ကြည့်လိုက်ပြီးနောက် လျစ်လျူရှုကာ ထိုနေရာမှ ထွက်လာခဲ့လိုက်၏။

ချင်းလန်မှာ ဂူဟွမ်ချီ၏ အပြုအမူအား စိတ်ထဲထားပုံမရပဲ ဇူယွမ်၏ ပုံရိပ်အား ပြသနေသော မှန်ချပ်သို့သာ ကြည့်နေရင်း သူ၏ မျက်ဝန်းများမှာ ပို၍လေးနက်လာကာ ရေရွတ် လိုက်လေသည်။ “လီထျန်း မင်းဒီနေ့ ဇူယွမ်ကို သင်ခန်းစာပေးမယ်ဆိုရင် တက်နိုင်သမျှ ကြမ်းကြမ်းတမ်းတမ်း လုပ်သင့်တယ်”

“ဟွမ်ချီက စီနီယာ အစ်မတော် စူးဝမ်ကိုတောင် ဇူယွမ်ကို ကူညီဖို့ ပြောခဲ့သေးတယ်ဆိုပဲ။ ဟားဟား….. တော်သေးတာပေါ့ မိုးကြိုး အကျဥ်းထောင် တောင်ထွတ်က ဂျူနီယာညီတော် ဝမ်ချန်းနဲ့ငါက အတော်လေး ရင်းနှီးလို့ ဇူယွမ့်ကို သင်ခန်းစာပေးဖို့ အကူအညီတောင်းလို့ရခဲ့တာ”

ဇူယွမ်မှာ မြူခိုးများအကြား ဖြတ်ကျော်ကာ ကျယ်ပြောသော တောင်တန်းထဲသို့ တိုးဝင်နေလျက် ရှိ၏။ ​အခိုးအငွေ့များက သူ၏ မြင်ကွင်းအား နှောင့်ယှက် နေသဖြင့် ပတ်ဝန်းကျင်အား ကောင်းစွာမြင်ရခြင်း မရှိချေ။ သို့သေည်လည်း ဇူယွမ်မှာ စိတ်ဝိညာဉ်ဖြင့် အနီးနားရှိ ချီစွမ်းအင်များကို ကောင်းစွာ အာရုံခံနိုင်နေဆဲပင် ဖြစ်သည်။

“ပါဝင် ယှဥ်ပြိုင်ကြတဲ့ တပည့်တွေ… တောင်ထွတ်ဆယ်ခုက တောင်တန်းရဲ့ အတွင်း နက်နက်ထဲမှာ ကျောက်တံခါးတွေနဲ့ ပိတ်ထားတယ်။ ကျောက်တံခါးတွေကို ဖွင့်နိုင်ဖို့အတွက် တံဆိပ်ပြား အခုနှစ်ဆယ်ကို လိုအပ်လိမ့်မယ်”

“တံဆိပ်ပြားတွေကို စုဆောင်းဖို့အတွက် ပါဝင်ယှဥ်ပြိုင်သူ အချင်းချင်း တိုက်ခိုက်ကြရမယ်”

ကလန်ခေါင်းဆောင် ချင်းယန်၏ အသံမှာ တောင်တန်း တစ်ခုလုံးသို့ လွှမ်းမိုးသွားလေ၏။

“တံတိပ်ပြား အခုနှစ်ဆယ် … ”

ဇူယွမ်၏ မျက်ဝန်းများမှာ ထိုစကားအား ကြားလိုက်ရသောအချိန်၌ ကျဥ်းမြောင်း သွားခဲ့ရသည်။ ဆိိုလိုသည့်အဓိပ္ပါယ်မှာ တောင်ထွတ်တစ်ခု၏ ကျောက်တံခါးအား ဖွင့်လှစ်နိုင်ရန် အနည်းဆုံး တပည့် အယောက်နှစ်ဆယ်ကိုမျှ တိုက်ခိုက်ရမည် ဖြစ်ပေသည်။ ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲမှာ အမှန်တကယ် ခက်ခဲကြမ်းတမ်းသော တိုက်ပွဲတစ်ခုပင် ဖြစ်၏။

ထို့အပြင် ပြိုင်ပွဲ၌ ပါဝင်ယှဥ်ပြိုင်ကြသော တပည့်များမှာလည်း ပထမတန်း ရွှေခါးစည်း အဆင့်များ ​ဖြစ်ကြသည်။ ထို့ကြောင့် တံဆိပ်ပြားတစ်ခုအား ရရှိနိုင်ရန်ပင် တစ်ဦးနှင့်တစ်ဦး အလွန်ပြင်းထန်သော တိုက်ပွဲအား ရင်ဆိုင်ကြရမည်ပင် ဖြစ်လေသည်။

“ထင်ထားတဲ့အတိုင်းပဲ။ ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲက တော်တော်မလွယ်တာပဲ” ဇူယွမ်မှ သက်ပြင်းချကာ ရေရွတ်လိုက်၏။

သို့သော်လည်း ဇူယွမ်၏မျက်ဝန်းများတွင် ကြောက်ရွံ့စိတ် အနည်းငယ်မျှပင် ရှိမနေပဲ တိုက်ပွဲဆာလောင် စိတ်များဖြင့်သာ ပြည့်နှက်နေခဲ့သည်။ ဤခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲသည် သူ၏တိုက်ပွဲစွမ်းရည်ကို မြှင့်တင်ရန် အတွက် အကောင်းဆုံး အခွင့်အလမ်းတစ်ခုပင် ဖြစ်ပေသည်။

ဝုန်း…….

တောင်တန်းတစ်ဝိုက်တွင် ချီစွမ်းအင် ပေါက်ကွဲ ထွက်ပေါ်နေမှုများအား ခံစားမိ လာသောကြောင့် စတင်တိုက်ခိုက်ပြီ ဖြစ်ကြောင်း သိရှိလိုက်၏။ ကလန်ခေါင်းဆောင် ချင်းယန်၏ ကြေညာချက်အား ကြားသိရပြီးသည့်နှင့် တစ်ပြိုင်နက် တပည့်များမှာ တစ်ဦးနှင့်တစ်ဦး ပြင်းထန်စွာ စတင် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။ ဇူယွမ်မှာလည်း နှောင့်နှေး မနေတော့ပဲ တောင်တန်း၏ အတွင်းပိုင်းသို့ ဦးတည်ဝင်ရောက် သွား​လေတော့သည်။

ဒုတ်……

ဇူယွမ်မှာ သစ်ကိုင်းခြောက်တစ်ခုအား ခြေထောက်ဖြင့် တိုက်မိသွားကြောင့် မျက်လုံးများ ပြူးကျယ် သွားခဲ့ရသည်။

ဝုန်း……

ချီစွမ်းအင်များမှာ ဇူယွမ်၏ ဦးခေါင်းအပေါ်ဖက်မှ ပေါက်ကွဲထွက်ပေါ် လာခဲ့လေသည်။ ထိုကြောက်မက်ဖွယ်ရာ ချီစွမ်းအင်များအား ထုတ်လွှတ်နေသော တပည့်မှာ ဇူယွမ့်ထံသို့ ရောက်ရှိ လာခဲ့၏။ ထိုလူသည် ပုန်းကွယ်​နေကာ တစ်စုံတစ်ဦး ရောက်ရှိလာချိန်မှ ရုတ်တရက် ဝင်ရောက် တိုက်ခိုက်ရန် ကြံစည်ထားခြင်း ဖြစ်ကြောင်း ထင်ရှားပေသည်။

ပြင်းထန်သော တိုက်ခိုက်မှုက ဇူယွမ့်ထံသို့ ဦးတည် လာနေခဲ့သော်လည်း ဇူယွမ်၏ မျက်ဝန်းများမှာ အနည်းငယ်မျှပင် တုန်လှုပ်ခြင်းမရှိပဲ လက်သီးဆုပ် လိုက်သည်နှင့် တကွ ကောင်းကင်ဘုံ မြွေနဂါးကြေးခွံများမှာ လက်တစ်ခုလုံးအား လျင်မြန်စွာ ဖုံးအုပ်သွားခဲ့ပြီး အပေါ်မှ တိုက်ခိုက်လာသော လူအား ထိုးချလိုက်၏။

ဘန်း……

ချီးစွမ်းအင် လှိုင်းဂယက်များ ဖြစ်ပေါ်သွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်များပင် ထက်ပိုင်း ပြတ်သွားစေခဲ့သည်။

ဇူယွမ်မှာ ထိုနေရာမှ အနည်းငယ်မျှပင် ရွေ့လျားသွားခြင်း မရှိပဲ နဂိုအတိုင်း ဆက်လက် ရပ်နေလျက် ရှိ​​လေသည်။ အပေါ်စီးမှ တိုက်ခိုက်လာခဲ့သော တပည့်ကသာ အော်ဟစ်ရင်းဖြင့် အနော​က်သို့ လွင့်စဉ် သွားခဲ့ရ၏။ ထို့နောက်တွင်တော့ အခြေအနေမဟန်မှန်း သိသွားသောကြောင့် တချိုးတည်းပင် လစ်ပြေး လေတော့သည်။

“မင်းကစပြီး တိုက်ခိုက်မှတော့ လွတ်မယ်ထင်မနေနဲ့”

ဇူယွမ်မှာ ထိုတပည့်အား လွှတ်ပေးလိုက်ရန် ဆန္ဒမရှိပေ။ ထို့ကြောင့် ဇူယွမ်၏ ခန္ဓာကိုယ်မှာ ဒြပ်မဲ့သဏ္ဌာန်သို့ ပြောင်းလဲသွားကာ လျင်မြန်စွာဖြင့်ပင် ထိုတပည့်ရှေ့သို့ ရောက်ရှိသွားခဲ့သည်။

“ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ” ထိုလူမှာ ကြောက်လန့် တုန်လှုပ်စွာဖြင့် အော်ဟစ် တောင်းပန်နေခဲ့၏။

သို့သော်လည်း ဇူယွမ်၏အမူအရာမှာ ပြောင်းလဲသွားခြင်းမရှိပဲ ချီစွမ်းအင်များကို ကောင်းကင်ဘုံ မြွေနဂါးကြေးခွံများ ဖုံးအုပ်ထားသော လက်သီးထံသို့ ပို့လွှတ်လိုက်ကာ မုန်တိုင်းတစ်ခုအလား ပြင်းထန်စွာဖြင့် ထိုးချလိုက်​ေပသည်။

ဘန်း….

ထိုလူမှာ ပေရာကျော်မျှအထိ လွင့်ထွက်သွားကာ ပါးစပ်အပြည့် သွေးများကို အန်ထုတ် လိုက်ရသည်။ ထို့နောက် ကောင်းကင်မှ အလင်းတန်းတစ်ခု ကျဆင်းလာကာ ထိုလူအား တောင်တန်းအား ရစ်ခွေထားသော မြစ်ကြီးထဲသို့ ပစ်ချလိုက်၏။ ဤတပည့်မှာ ရွေးချယ်ခြင်း ပြိုင်ပွဲအတွက် အရည်အချင်း မပြည့်မီကြောင်း ထင်ရှားပေသည်။

ပစ်ချခံလိုက်ရသော နေရာ၌ တံဆိပ်ပြားတစ်ခု ထွက်ပေါ်လာခဲ့ပြီး ဇူယွမ်ထံသို့ ပျံဝဲလာကာ လက်ခုံပေါ်သို့ ရောက်ရှိလာ၍ လက်ခုံပေါ်၌ အမှတ်အသား တစ်ခု အဖြစ်သို့ ပြောင်းလဲသွားလေ၏။

ဇူယွမ်မှာ တံဆိပ်ပြားတစ်ခု ရရှိခဲ့ပြီ ဖြစ်သည်။

ဇူယွမ်မှာ လက်ခုံပေါ်၌ ခပ်မှိန်မှိန်လင်းလက်နေသော တံဆိပ်ပြားအား ကြည့်ကာ ခပ်ဖွဖွ ရယ်မော လိုက်သည်။

“နောက်ထပ် ဆယ့်ကိုးခု ကျန်သေးတာပေါ့”

ဇူယွမ်၏ခန္ဓာကိုယ်မှာ ဒြပ်မဲ့သဏ္ဌာန်သို့ ပြောင်းလဲသွားကာ အခိုးအငွေ့အလား လျင်မြန်စွာ ရွေ့လျား သွားလေတော့သည်။

ယခုအချိန်တွင် တောင်တန်းတစ်ခုလုံး၌ ချီစွမ်းအင်များမှာ တစ်နေရာပြီးတစ်နေရာ ပေါက်ကွဲနေလျက် ရှိပြီး တောင်တန်းဝန်းကျင် တစ်ခုလုံး ရှုပ်ထွေးနေလျက် ရှိ၏။

ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲမှာ စစချင်း၌ပင် အလွန်စိတ်လှုပ်ရှားစရာ ကောင်းနေပြီ ဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset