တင့်တယ်လှသော တောင်တန်းကြီးသည် ခန့်ညားလှပစွာ တည်ရှိနေပြီး မြစ်ကြီးများက မြွေနဂါးများ သဖွယ် ရစ်ပတ် ပိုင်းခြားထားကာ တောင်တန်း တစ်ဝိုက်၌ မြူခိုးများ ရစ်ဝဲနေခြင်းက ကြီးကျယ်ခမ်းနားသော မြင်ကွင်းအား ပေးစွမ်းနေလျက် ရှိသည်။ ဤတောင်တန်းမှာ ခရမ်းရောင်ခါးစည်း ရွေးချယ်ပြိုင်ပွဲများ ပြုလုပ်ကျင်းပရာ နေရာဖြစ်ပြီး ခရမ်းရောင် တောင်တန်းဟုလည်း ခေါ်ဆို ကြပေသည်။
ယနေ့တွင် ကန်ရွှမ်းကလန်မှ လူအားလုံးမှာ ခရမ်းရောင် တောင်တန်းပေါ်သို့ လာရောက်ကြမည်ပင် ဖြစ်၏။ လူတစ်စုပြီးတစ်စု ခရမ်းရောင် တောင်တန်းသို့ ဆင်းသက် ရောက်ရှိလာကြပြီး တောက်ပကာ စိတ်လှုပ်ရှားနေသော မျက်ဝန်းများ၊ အကြည့်များနှင့် တီတိုးစကားသံများက ပတ်ဝန်းကျင်၏ လေထုကိုပင် ပြည့်နှက် သွားစေခဲ့သည်။ ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲ၏ ထင်ရှားကျော်ကြားမှုသည် သာမန်မဟုတ်ပါပေ။
ချီတိမ်တိုက် တစ်ခုမှာ ကောင်းကင်မှ ဆင်းသက်လာခဲ့ပြီး စိန်းထိုက်ယွမ်မှ ဝှေ့ယမ်း ပြလိုက်သည်နှင့် တစ်ပြိုင်နက် ဇူယွမ်၊ ယောင်ယောင်နှင့်တကွ အခြားတပည့်များမှာ တိမ်တိုက်ပေါ်မှ ဆင်းသက် လာခဲ့ကြ၏။ ထို့နောက် ဇူယွမ်တို့အုပ်စုမှာ စိတ်လှုပ်ရှားစွာဖြင့် ဟိုဟိုဒီဒီ လျှောက်ကြည့် နေကြလေသည်။ ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲမှာ တစ်နှစ်လျှင် နှစ်ကြိမ်သာ ကျင်းပသော ရှားပါးသည့် အခမ်းအနား တစ်ခု ဖြစ်သည့်အတွက် သူတို့အားလုံးမှာ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ဟန် ရှိနေပေသည်။
“အဲ့တော့ဒါက ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲကို ကျင်းပတဲ့နေရာပေါ့” ဇူယွမ်မှာ ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် ခမ်းနားလှပသော တောင်တန်းကြီးအား ငေးကြည့် နေရင်းဖြင့် ရေရွတ်လိုက်၏။ သစ်ပင်ကြီးများမှာ စိမ်းလန်းစိုပြေသော အရွက်များဖြင့် တောင်တန်းကြီးအား ဝေဆာစွာ ဖုံးအုပ်ထားလျက် ရှိကာ မြူခိုးများမှလည်း ရစ်ဝဲနေလျက် ရှိသောကြောင့် ထူးခြားဆန်းကြယ်သောမြင်ကွင်းအား ပေးစွမ်းနေပေသည်။
“ဟုတ်တယ်။ ဒီနေရာမှာပဲ ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ ပြိုင်ပွဲကို အမြဲကျင်းပတဲ့ အတွက် ခရမ်းရောင် တောင်တန်းလို့လည်း ခေါ်ကြတယ်” ဇူယွမ်၏ဘေးတွင် စိန်းထိုက်ယွမ်မှ ပုံမှန်ကဲ့သို့ တင်းမာသော မျက်နှာထားနှင့် မဟုတ်ပဲ ပြုံးရွှင်လျက်ရှိနေဟန်ဖြင့် စကားဆိုလိုက်၏။ ဇူယွမ်မှာ မှော်စာလုံးတိုက်ပွဲ၌ ထုတ်ဖော်ပြသခဲ့သော အံ့အားသင့်စရာ တိုက်ပွဲစွမ်းရည်များကြောင့် ယခုဆိုလျှင် စိန်းထိုက်ယွမ်မှာ ဇူယွမ့်အား အတော်လေးကို တန်ဖိုးထားနေပြီပင် ဖြစ်သည်။
“ပါဝင်ယှဥ်ပြိုင်မယ့် သူတွေအားလုံးက ဒီတောင်တန်းထဲကိုသွားပြီးတော့ အနိုင်ရဖို့အတွက် တိုက်ခိုက် ကြရလိမ့်မယ်”
ဇူယွမ်မှ ခေါင်းညိတ်ပြလိုက်၏။ ကြည့်ရသည်မှာ ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲသည် စည်းမျဥ်း သတ်မှတ်ချက်များ အများကြီးမရှိပဲနှင့် လွတ်လပ်စွာ တိုက်ခိုက်၍ရသဖြင့် အလွန်ပင် ရှုပ်ထွေးသော ယှဥ်ပြိုင်ပွဲတစ်ခု ဖြစ်ဟန်ရှိလေသည်။ နောက်ဆုံးအချိန်တွင် အနိုင်ရခြင်း၊ မရခြင်းကသာ အရေးပါ၏။
“ဇူယွမ် ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲက စည်းကမ်း သတ်မှတ်ချက်တွေ မရှိဘူး။ ဘယ်လိုတိုက်ခိုက်တဲ့ နည်းစနစ်ကိုပဲ ဖြစ်ဖြစ် သုံးလို့ရတယ်။ အသက်အန္တရာယ် မရှိသ၍ ကလန်က အကုန်လုံးကို ခွင့်ပြုထားတယ်” စိန်းထိုက်ယွမ်မှ ဇူယွမ့်အား ကြည့်ကာ ဆက်၍ ပြောလေသည်။ “ဒါပေမဲ့ ကလန်က စွမ်းရည်ခွန်အားပဲရှိပြီး နည်းဗျူဟာ ဉာဏ်ရည်ဉာဏ်သွေးမရှိတဲ့ တပည့်တွေကို သဘောမကျဘူး”
ဇူယွမ်မှာ သေချာ နားထောင်မှတ်သား၍ ခေါင်းညိတ်ပြလိုက်၏။ ကလန်ထဲ၌ ရှိနေစဥ်အတွင်း တပည့်များမှာ အန္တရာယ် ကင်းကင်းဖြင့် နေထိုင်၍ရနိုင်သော်လည်း မစ်ရှင်များ သွားရောက် လုပ်ဆောင်ရမည့် အချိန်သို့ ကျရောက်လာလျှင် ဉာဏ်ရည်ဉာဏ်သွေးမှာ လိုအပ်သောအရာ တစ်ခု ဖြစ်သည်။ ကန်ရွှမ်း ကောင်းကင်ဘုံ၏ အခြေအနေများမှာ လွန်စွာ ရှုပ်ထွေးလှသဖြင့် ကန်ရွှမ်းကလန်မှ မစ်ရှင်ဖြင့် ထွက်ခွာကြသော တပည့်များသည်ပင် မကြာခဏ ထိခိုက် တက်ကြသည်။ အကယ်၍ စဥ်းစားဆင်ခြင်နိုင်စွမ်း မရှိသောသူသာ ဖြစ်ခဲ့မည်ဆိုပါက အသက်ရှင်သန်ဖို့ရန်ပင် လွယ်ကူမည် မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ ထိုကဲ့သို့သော စည်းကမ်း အတည်တကျ မသတ်မှတ်ထားမှုကြောင့် ရှုပ်ထွေးစေသော ယှဥ်ပြိုင် တိုက်ခိုက်မှုများက ဇူယွမ့်အားပို၍ အန္တရာယ်များစေလေသည်။ အထူးသဖြင့် ဓားကပ်ဘေးတောင်ထွတ်မှ ဇူယွမ့်အား ဒုက္ခရောက်စေချင်သော သူများအတွက် ပိုမိုကောင်းမွန် သွားစေမည်ပင် ဖြစ်သည်။
“ဇူယွမ် မင်းကအရမ်းကို စိတ်အားထက်သန်မှု ရှိတယ်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ အခုပြိုင်ပွဲမှာ အရမ်းကို သန်မာတဲ့ ယှဥ်ပြိုင်သူတွေလည်း ပါနေတယ်။ အဲဒါကြောင့် ဒီက လူအိုကြီး အကြံပေးချင်တာက ချန်ပီယံနေရာကို မမက်ပါနဲ့။ ထိပ်ဆုံးဆယ်ယောက် ထဲမှာပါပြီး ခရမ်းရောင် ခါးစည်းအဆင့်ကို တက်လှမ်းနိုင်ရင်ကို ငါကျေနပ်နေပါပြီ” စိန်းထိုက်ယွမ်မှ ပြောလိုက်၏။
ဇူယွမ်မှပြုံးကာ ခေါင်းညိတ် ပြလိုက်သည်။ “မစိုးရိမ်ပါနဲ့ ဆရာစိန်း။ ကျွန်တော် အခြေအနေတွေကို ကောင်းကောင်း သုံးသပ်ပြီး မဖြစ်နိုင်တော့ဘူးထင်ရင် ပထမနေရာအတွက် လက်လျှော့ လိုက်မှာပါ”
စိန်းထိုက်ယွမ်မှ ခေါင်းညိတ်ပြကာ မြူခိုးများ ရစ်ဝဲနေလျက် ရှိသော တောင်တန်းများကို လက်ညှိုးထိုး၍ စကားဆိုလိုက်သည်။ “ဒီခရမ်းရောင် တောင်တန်းမှာ တောင်ထွတ်ဆယ်ခုပါဝင်ပြီး တောင်ထွတ် တစ်ခုစီကို သိမ်းပိုက်နိုင်တဲ့သူ ဆယ်ယောက်က ထိပ်ဆုံးဆယ်ယောက် ဖြစ်လာလိမ့်မယ်”
ဇူယွမ်မှာ အနည်းငယ် စိတ်ရှုပ်ထွေး သွားဟန်ဖြင့် လျင်မြန်စွာ မေးမြန်းလိုက်၏။ “အဲ့လိုဆို ချန်ပီယံကိုရော ဘယ်လို ဆုံးဖြတ်မှာလဲ”
“တောင်ထိပ်တွေ အားလုံးကို သိမ်းပိုက်ပြီး သွားကြပြီဆိုမှ သိရလိမ့်မယ်။ ဘာလို့လဲဆိုတော့ အခုတစ်ခါက အရင်တုန်းက ပြိုင်ပွဲတွေနဲ့ တူမှာမဟုတ်ဘူး” စိန်းထိုက်ယွမ်မှ ပြန်လည် ဖြေကြားလိုက်လေသည်။
ဇူယွမ်မှာ သဘောပေါက် သွားဟန်ဖြင့် ခေါင်းညိတ် ပြလိုက်သည်။ ယခုအခါတွင် သူ့ထံ၌ မေးမြန်းစရာ မေးခွန်းများ ထပ်၍မရှိတော့ပေ။
ဇူယွမ်တို့ရောက်ရှိပြီး မကြာမီ၌ပင် ချီတိမ်တိုက်တစ်ခု ကောင်းကင်မှ ဆင်းသက်လာပြီး အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားသော လီချင်းချန် ရောက်ရှိလာခဲ့သည်။
လီချင်းချန်မှာ ယောင်ယောင်၏ဘေးသို့သာ တိုက်ရိုက် ဆင်းသက်လာသောကြောင့် အကြည့်များ အားလုံးမှာ သူမတို့ နှစ်ဦးထံသို့ ရောက်ရှိလာခဲ့၏။ ယောင်ယောင်နှင့် လီချင်းချန်မှာ ကန်ရွှမ်းကလန်၏ အလှပဆုံး မိန်းမပျိုလေး နှစ်ယောက် ဖြစ်သဖြင့် သူတို့နှစ်ဦးအား အတူတကွ ယှဥ်တွဲ၍ တွေ့လိုက်ရခြင်းမှာ လူတိုင်း၏ စိတ်နှလုံးအား ရင်ခုန်သံမြန်ဆန်စေနိုင်ပေသည်။
လီချင်းချန်မှာ ထိုအကြည့်များကို ဂရုပင်မစိုက်ပဲ စိန်းထိုက်ယွမ်ဘေး၌ ရှိနေသော ဇူယွမ်အား တစ်ချက်မျှကြည့်လိုက်ပြီး စကားဆိုလိုက်၏။ “ဒီတစ်ခေါက် ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ ပြိုင်ပွဲက ဇူယွမ်အတွက် တော်တော်ကြီးကို ခက်ခဲလိမ့်မယ်”
ယောင်ယောင်မှာ မည်သည့်စကားမှ ပြန်မပြောပဲနှင့် ထန်ထန့်ကိုသာ ပွတ်သပ် ပေးနေခဲ့သည်။ လီချင်းချန်မှာ ယောင်ယောင့်အား ကြည့်ကာ မေးမြန်းလိုက်၏။ “ငါနင့်အပေါ် အကြွေးတင်နေတာ အတွက် နှင်းပဒုမ္မာ တောင်ထွတ်က တပည့်တွေကို ဇူယွမ့်ကိုကူညီပေးဖို့ ပြောပေးရမလား”
လီချင်းချန်မှာ မာနကြီးသော သူတစ်ယောက် ဖြစ်သဖြင့် မူလရေကန်၌ ယောင်ယောင် ကူညီခဲ့သည့် ကိစ္စအား အကြွေးတင်နေသလို ခံစားနေရဆဲပင် ဖြစ်သည်။ ထို့ကြောင့် ယောင်ယောင့်အား မြင်ရသည့်အချိန်တိုင်း စိတ်မသက်မသာ ဖြစ်ရလေ့ရှိသောကြောင့် တစ်စုံတစ်ခု ပြန်လည်လုပ်ဆောင် ပေးနိုင်ရန် အမြဲကြိုးစား နေခဲ့လေသည်။
ယောင်ယောင်မှာ ခေတ္တမျှတွေဝေ သွားပြီးနောက် ခေါင်းကိုခါယမ်းကာ ပြန်၍ ပြောလိုက်သည်။ “ငါကတော့ ဇူယွမ်က အကူအညီ မလိုအပ်လောက်ဘူး ထင်တာပဲ”
လီချင်းချန်မှာ မျက်ဝန်းများပင် ကျဥ်းမြောင်းသွားကာ အလိုမကျဟန်ဖြင့် ပြန်ပြော လိုက်သည်။ “နင်သူ့ကို အရမ်းကြီး အထင်ကြီးနေတာ မဟုတ်ဘူးလား။ ဇူယွမ် တိုက်ခိုက်ရမယ့်သူက ဘယ်နှယောက်တောင်ရှိတယ်လို့ ထင်လဲ။ နင်တို့ မူလ သူတော်စင် တောင်ထွတ်က ဝင်ပြိုင်မယ့် လူဦးရေက နည်းနည်းလေးပဲ ရှိတာ။ သူတို့ကလည်း ဘာအကူအညီမှ ဖြစ်မှာမဟုတ်ဘူး”
“အဲ့ဒါကြောင့် ဇူယွမ်က သူ့ကိုယ်သူ အားကိုးရမှာပဲလေ” ယောင်ယောင်မှ တည်ငြိမ်စွာဖြင့်ပင် ပြောလိုက်၏။
လီချင်းချန်မှာ လက်မလျှော့သေးပဲ ဆက်၍ ပြောလေသည်။ “ဇူယွမ်က ဓားကပ်ဘေး တောင်ထွတ်က ရှိသမျှအုပ်စုတွေရဲ့ ပထမတန်း ရွှေခါးစည်း တပည့်တွေ အကုန်လုံးကို အနိုင်ယူမယ်လို့ ထင်နေတာလား။ သူတို့ထဲမှာ ဝေယိုရွှမ်းထက် အားနည်းတာ တစ်ယောက်မှမပါဘူး”
လီချင်းချန်မှာ ယောင်ယောင်၏ ဇူယွမ့်အပေါ် လွန်ကဲစွာ ယုံကြည်နေမှုအား အလိုမကျ ဖြစ်နေသည်မှာ ထင်ရှားပေသည်။
ယောင်ယောင်၏နှုတ်ခမ်းအစုံမှာ တွန့်ကွေးတက် သွားခဲ့ပြီးနောက် ပြန်၍ပြောလိုက်၏။ “တကယ်လို့ ဇူယွမ်က သူတို့ကိုမနိုင်ဘူးဆိုရင် တိုက်ခိုက်ခံရသင့်တယ်။ အဲဒါမှ နောက်ကျရင် ကျင့်ကြံရေးနဲ့ ပတ်သက်ပြီး ပိုလေးလေးနက်နက် ရှိလာမှာ”
လီချင်းချန်မှာ ဘာပြောရမှန်းပင် မသိအောင် ဆွံ့အ သွားခဲ့သော်လည်း ထိုစကားများမှာ ယောင်ယောင်၏ စိတ်ရင်းအမှန် မဟုတ်ကြောင်းကိုတော့ နားလည် ထားပေသည်။ ထို့ကြောင့် လီချင်းချန် သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် စကားဆိုလိုက်၏။ “ဇူယွမ်က ဓားကပ်ဘေး တောင်ထွတ်ကို ကိုင်တွယ်နိုင်လိမ့်မယ်လို့ နင်ယုံလား”
“သူကြိုးစားမယ်ဆိုတာတော့ ငါသိတယ်။ ဘာပဲပြောပြော ရှုံးသွားခဲ့ရင် သူများထက်ပိုပြီး နာကျင်ရမယ့်သူက ဇူယွမ်ပဲလေ” ယောင်ယောင်မှာ ခပ်ဖွဖွပြုံးကာ ပြန်ပြောလိုက်လေသည်။
လီချင်းချန်မှာ ဇူယွမ့်အား ငေးကြည့်နေပြီးနောက် ယောင်ယောင့်ဘက်သို့လှည့်ကာ လေးနက်စွာဖြင့် ပြောလိုက်၏။ “ငါကတော့ သူမလုပ်နိုင်ဘူးလို့ထင်တယ်”
“အဲဒါဆိုလည်း ငါတို့စောင့်ကြည့်ကြတာပေါ့”
ဓားကပ်ဘေး တောင်ထွတ်မှ တပည့်များမှာ ခရမ်းရောင်တောင်တန်း အနီးရှိ ကြီးမားသော တောင်ထွတ်တစ်ခု၌ စုရုံးနေလျက်ရှိ၏။ လုရွှမ်းယင်၊ ရှုယန်နှင့် သူတို့၏ နောက်လိုက်များမှာလည်း အုပ်စုဖွဲ့ကာ စုစုစည်းစည်း ရှိနေကြလေသည်။
လုရွှမ်းယင်မှာ အေးစက်စက် မျက်ဝန်းများဖြင့် ဇူယွမ်ရှိနေသော တောင်ထွတ်ပေါ်သို့ လှမ်း၍ ကြည့်လိုက်၏။ ယောင်ယောင် ရှိနေသောကြောင့် ဇူယွမ်တို့၏ တောင်ထွတ်မှာ ပေါ်လွင်နေကာ ရှာဖွေရန် လွယ်ကူလှပေသည်။
“တပည့်တော်တော်များများက ဇူယွမ်ဖက်က လောင်းထားကြတယ်တဲ့” လုရွှမ်းယင်၏ ဘေး၌ ရှိနေသော ရှုယန်မှာ ခပ်ဖွဖွရယ်မောကာ စကားဆိုလိုက်၏။ ထို့နောက် ဇူယွမ်ရှိနေသော တောင်ထွတ်အား လှောင်ပြောင်လိုသော မျက်ဝန်းများဖြင့် ကြည့်ကာ ဆက်၍ပြောလေသည်။ “ဒါပေမဲ့ ကောင်းပါတယ်။ လူတွေက ဇူယွမ့်ကို မြင့်မြင့်မျှော်မှန်းလေ သူရှုံးတဲ့အခါ များများ စိတ်ပျက်လေပဲ”
“ဒီအချိန်က ဘဝကို ချောချောမွေ့မွေ့ကြီး ဖြတ်သန်းနေတဲ့ ငါတို့ရဲ့ ညီတော်လေးဇူယွမ်ကို သင်ခန်းစာပေးရမယ့် အချိန်ပဲ။ အဲ့ဒါမှ နောက်ဆိုရင် ကန်ရွှမ်းကလန်ထဲမှာ မောက်မာနေလို့ မရဘူးဆိုတာ သိသွားမှာ”
လုရွှမ်းယင်မှာ ပျော်ရွှင်နေသော မျက်ဝန်းများဖြင့် ခေါင်းညိတ် ပြလိုက်၏။ လပေါင်းများစွာ မကျေမနပ် ဖြစ်နေခဲ့ရသော သူမ၏ အငြိုးအတေးများကို ယနေ့တွင်တော့ လက်စား ချေနိုင်တော့မည်ပင် ဖြစ်သည်။
“ဂျူနီယာညီတော် လီထျန်း ဒီတစ်ခေါက်တော့ မင်းကိုပဲ အားကိုးရမှာပဲ” ရှုယန်မှာ သူ၏ ဘေးတွင် ရှိနေသော အလွန် နွေးထွေးကြင်နာဟန်ရှိသည့် လူငယ်လေးအား ပြုံး၍ပြောလိုက်လေသည်။ ထိုလူငယ်လေးမှာ ဓားကပ်ဘေးတောင်ထွတ်၏ ဆရာသခင်အုပ်စုမှ ပထမတန်း ရွှေခါးစည်း တပည့်ဖြစ်သည့် လီထျန်းပင် ဖြစ်သည်။
လီထျန်းမှာ နွေးထွေးစွာဖြင့်ပြုံးကာ စကားဆိုလိုက်၏။ “ကျွန်တော် မနေ့ညက စီနီယာ အစ်ကိုတော် ကျောင်းဇူနဲ့ တွေ့ခဲ့တယ်”
“စီနီယာအစ်ကိုတော် ကျောင်းဇူ … ” ရှုယန်နှင့် လုရွှမ်းယင်မှာ ထိုနာမည်အား ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် အံ့သြ တုန်လှုပ် သွားခဲ့ကြသည်။ ကျောင်းဇူမှာ ဓားကပ်ဘေး တောင်ထွတ်၏ ဒုတိယမြောက် ရွေးချယ်ခံတစ်ဦး ဖြစ်ပြီး ခုန်းရှန်ပြီးလျှင် လွှမ်းမိုးမှုအရှိဆုံးသူ တစ်ဦး ဖြစ်ပေသည်။
ရှုယန်မှ လျင်မြန်စွာဖြင့် မေးမြန်းလိုက်၏။ “စီနီယာအစ်ကိုတော် ကျောင်းဇူက ဘာပြောလိုက်လဲ”
“အစ်ကိုတော်က ပြောတယ်။ အခုလူငယ်တွေက အရမ်းကို မောက်မာပြီး ဝင့်ကြွားလာတဲ့ အတွက် သင်ခန်းစာ ပေးသင့်တယ်တဲ့။ အဲဒါကြောင့် ဇူယွမ်ကို ကျွန်တော်တို့ လုပ်ချင်သလို လုပ်လို့ရတယ် ဆိုပြီး ပြောလိုက်တယ်” လီထျန်းမှ အားရဝမ်းသာ နေဟန်ဖြင့် ပြန်လည် ဖြေကြား လိုက်သည်။
ရှုယန်နှင့် လုရွှမ်းယင်တို့၏ မျက်နှာမှာ ပျော်ရွှင်မှု အရိပ်အယောင်များဖြင့် ပြည့်နှက် သွားခဲ့ရ၏။ စီနီယာ အစ်ကိုတော် ကျောင်းဇူကဲ့သို့ သူမျိုးတောင်မှ ဇူယွမ့်အား ဒုက္ခပေးမည့် အစီအစဥ်ကို ထောက်ခံ ပေးလိမ့်မည်ဟု မထင်မှတ်ဖူးခဲ့ချေ။ ကြည့်ရသည်မှာ ဇူယွမ်ဆိုသော ကောင်စုတ်က အတော်ပင် မျက်စိစပါးမွေးစူးစရာ ဖြစ်နေဟန်တူပေသည်။
အစ်ကိုတော်ကျောင်းဇူမှပင် ထောက်ခံသည် ဆိုသောကြောင့် ဓားကပ်ဘေးတောင်ထွတ်ရှိ တပည့်များ အားလုံးမှာ ထိုိကိစ္စကို သဘောတူ လက်ခံလိုက်ကြသည်။ ရှုယန်နှင့် လုရွှမ်းယင်မှာ တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ ခပ်ဖွဖွရယ်မောလိုက်ကြ၏။
ဇူယွမ် နင့်မှာ ဘာအခွင့်အရေးမှ မရှိတော့ဘူး။
အချိန်များ ကုန်ဆုံးလာသည်နှင့် အမျှ ခရမ်းရောင် တောင်တန်းတဝိုက်ရှိ တပည့်များ၏ စိတ်လှုပ်ရှားမှုများမှာ မြင့်တက် လာခဲ့ရသည်။ ယခုဆိုလျှင် မွန်းတည့်ချိန်သို့ပင် ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ ထိုအချိန်၌ ကောင်းကင်ထက်မှ မြင့်မြတ်သော အရှိန်အဝါနှင့် များစွာသော စွမ်းအင် ဖိအားများအား ရောက်ရှိ လာခဲ့သည်။
တပည့်များ အားလုံးမှာ ခရမ်းရောင် တောင်တန်းများ၏ အထက်ရှိ ကျောက်တုံးစင်မြင့်များ ပေါ်တွင် ရပ်လျက်ရှိနေသော တောက်ပနေသည့် ပုံရိပ်များအား မော့ကြည့်လိုက်ကြ၏။ စင်မြင့်များပေါ်၌ ထိုင်လိုက်ပြီးနောက် တောက်ပနေသော အလင်းရောင်များမှာ မှေးမှိန်သွားကာ ပုံရိပ်များ ထွက်ပေါ် လာခဲ့သည်။ ထိုသူတို့မှာ ကလန်ခေါင်းဆောင်ချင်းယန်နှင့် အခြားသော တောင်ထွတ် ဆရာသခင်တို့ပင် ဖြစ်ပေသည်။
“ကလန်ခေါင်းဆောင်အား နှုတ်ခွန်းဆက်သပါတယ်”
“တောင်ထွတ်ဆရာသခင်များအား နှုတ်ခွန်းဆက်သပါတယ်”
အကြီးအကဲများနှင့် တပည့်များ အားလုံးမှာ ဆရာသခင်များအား အရိုအသေ ပြုလိုက်ကြ၏။
ကလန်ခေါင်းဆောင် ချင်းယန်မှာ ပြုံးကာ ခေါင်းညိတ် ပြလိုက်ပြီးနောက် သြဇာ ညောင်းလှသော အသံဖြင့် ကြေညာလိုက်သည်။
“အချိန်ကျပြီ ဖြစ်တဲ့အတွက် ယှဥ်ပြိုင်မယ့် တပည့်တွေအားလုံး တောင်တန်းထဲ ဝင်ရောက်နိုင်ပါပြီ”
ထိုကြေညာချက်အား ကြားရသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဆူညံပွတ်လောရိုက်သံများဖြင့် ပြည့်နှက်သွားလေတော့သည်။
အချိန်အကြာကြီး စောင့်စားခဲ့ရသော ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲမှာ နောက်ဆုံးတော့ စတင်ခဲ့ပြီပင် ဖြစ်၏။