ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲနေ့သို့ ရောက်လာသည်နှင့် အမျှ ကန်ရွှမ်းကလန် တစ်ခုလုံးမှာ စိတ်လှုပ်ရှားလျက် ရှိပြီး ပတ်ဝန်းကျင်တွင် လှည့်ပတ်နေသော ချီစွမ်းအင်များသည်ပင် စိတ်လှုပ်ရှားစွာဖြင့် လေပြေရူးလေး တိုက်သကဲ့သို့ ရှိနေလေသည်။ ပါဝင် ယှဥ်ပြိုင်ကြသော တပည့်များမှာ ကလန်တစ်ခုလုံးရှိ တောင်ထွတ်များ၏ အထူးချွန်ဆုံး တပည့်များသာ ဖြစ်သောကြောင့် လူဦးရေ နည်းပါးသော်လည်း ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲမှာ ကန်ရွှမ်းကလန်၏ အကြီးကျယ်ဆုံး အခမ်းအနားတွင် ပါဝင်နေဆဲပင် ဖြစ်၏။ ပြောရမည်ဆိုလျှင် နှစ်ကုန်ပိုင်း၌ ကျင်းပလေ့ ရှိသော တပည့်ခေါင်းဆောင် ရွေးချယ်ခြင်း အခမ်းအနားပြီးလျှင် ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲမှာ လူစိတ်ဝင်စား အခံရဆုံး အခမ်းအနား ဖြစ်ပေသည်။
အဘယ့်ကြောင့်ဆိုသော် ကလန်ထဲရှိ တပည့်များ အားလုံးမှာ ယခုအချိန်တွင် ပါဝင်ယှဥ်ပြိုင်ရန် အရည်အချင်း မပြည့်မီသေးသော်လည်း အချိန်တန်လျှင်တော့ ဤရွေးချယ်ခြင်း အခမ်းအနားမှ တစ်ဆင့်ပင် ခရမ်းရောင်ခါးစည်း တပည့်သို့ တက်လှမ်းကြရမည် ဖြစ်သောကြောင့် ဖြစ်သည်။ ခရမ်းရောင်ခါးစည်းအဆင့်ကသာ ကန်ရွှမ်းကလန်၏ စစ်မှန်သော အထက်တန်း ကျောထောက် နောက်ခံတပည့် ဖြစ်လာမည် ဖြစ်၏။ ထို့ကြောင့် ခရမ်းရောင် ခါးစည်းတပည့် ဖြစ်လာရန်မှာ တပည့်များအားလုံး၏ ရည်မှန်းချက် ပန်းတိုင်ပင် ဖြစ်လေသည်။
ခရမ်းရောင်ခါးစည်း တပည့်အဖြစ်သို့ ရောက်ရှိသွားပြီ ဆိုသည်နှင့် အဆင့်အတန်းနှင့် ဂုဏ်သိက္ခာမှာ ရွှေခါးစည်း တပည့်များထက် များစွာသာလွန်သွားမည် ဖြစ်ကာ တပည့်တိုင်းမှ လေးစားအားကျ ရသောသူတစ်ဦး ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲအား အလွန်စိတ်ဝင်စားကြသည်မှာ မထူးဆန်းချေ။
ခရမ်းရောင်ဂူနန်း တစ်ခုအတွင်း၌…။
အဆင်သင့်ဖြစ်နေပြီ ဖြစ်သော ဇူယွမ်မှာ အိမ်လေးထဲမှ ယောင်ယောင် ထွက်လာသည်ကို မြင်သည်နှင့် မျက်ဝန်းများ လင်းလက်တောက်ပ လာခဲ့သည်။ ယောင်ယောင်မှာ အစိမ်းရောင် အင်္ကျီနှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ထား၏။ ဘောင်းဘီရှည်မှာ ယောင်ယောင်၏ သေးသွယ်သော ခါးလေးအား စည်းနှောင်ထားကာ သူမ၏ သွယ်လျရှည်လျားသော ခြေတံလေးများကို ပေါ်လွင် နေစေပေသည်။ မချည်နှောင်ပဲ ထားလေ့ရှိသော ဆံနွယ်ရှည်လေးများအား ခေါင်းအနောက်ဖက်တွင် ခပ်မြင့်မြင့် စုချည်ထားသဖြင့် ယောင်ယောင်၏ ဖြူဖွေးလှပသော လည်တံလေးမှာ ပေါ်လွင်နေခဲ့ပြီး နေရောင်အောက်တွင် အလွန်ပင်လင်းလက်တောက်ပနေသော နတ်ဘုရားမလေးအလား လှပနေ၏။
ထိုဝတ်စုံက ယောင်ယောင့်အား ငယ်ရွယ်ကာ အားမန်အပြည့်ရှိ၍ တက်ကြွသော ပုံစံဖြစ်နေပြီး သူမ၏ ပုံမှန်ပုံစံနှင့် အနည်းငယ် ခြားနားစေသည်။
ယောင်ယောင်မှာ ထန်ထန့်အားပွေ့ပိုက်ကာ ဖြည်းညင်းစွာ လမ်းလျှောက် လာနေရင်းမှ ဇူယွမ့်အား လှမ်းကြည့် လိုက်လေသည်။
“အရမ်းလှတာပဲ” ဇူယွမ်မှာ မနေနိုင်ပဲ ချီးကျူးလိုက်မိ၏။
သို့သော်လည်း ယောင်ယောင်မှာ ဂရုပင်စိုက်ပုံမရပဲ သူမ၏ နီဆွေးသော နှုတ်ခမ်းသားလေးများ ပွင့်ဟလာကာ မေးမြန်းလိုက်သည်။ “ငါ့ရဲ့ထောင်ယောင်းဝိုင် အခြေအနေ ဘယ်လိုရှိလဲ”
ဇူယွမ်၏မျက်နှာမှာ ပြန်လည် တည်ကြည်သွားကာ အလုိမကျဟန်ဖြင့် စကားဆိုလိုက်၏။ “ငါလေ့လာနေတုန်းပဲ… ပါဝင်ပစ္စည်းတွေက အဲ့လောက် မရိုးရှင်းဘူး။ လိုအပ်တဲ့ မူလ အရင်းအမြစ်တွေ အားလုံးကို ရှာဖို့က မလွယ်လောက်ဘူး”
“နှစ်တစ်ရာ နဂါးသွေးမက်မွန်၊ စင်ကြယ်သော စိတ်ဝိညာဉ် ဆန်လုံး၊ ဆန်းကြယ်သော ပင်လယ်စိမ့်စမ်းရေ”
ထိုစကားများကို ပြောပြီးနောက် ဇူယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် နှုတ်ခမ်းအား သပ်လိုက်မိသည်။ ဤမူလ အရင်းအမြစ်များ အားလုံးသည် အလွန်ရှားပါးသော ပစ္စည်းများဖြစ်ပြီး တောက်ပသော ရတနာခန်းမ၌ပင် တစ်ခုတစ်လေမှ ရှာ၍မရခဲ့ချေ။ သူတော်စင် မှော်စာလုံးခန်းမမှ ရရှိခဲ့သော အရက်ချက်ချင်းနည်းစနစ်သည် သာမန်ဝိုင်တစ်ခု အတွက် မဖြစ်နိုင်ကြောင်း ထင်ရှားပေသည်။
ပြောရမည်ဆိုလျှင် ထိုကဲ့သို့သော အရည်အသွေးမြင့် ပါဝင်ပစ္စည်းများသည် များစွာသော ရှားပါး ဆေးလုံးများကို သန့်စင်ရန်ပင် အသုံးပြုနိုင်၏။ ထို့အပြင် ယောင်ယောင်၏ ပုံစံဖြင့်ဆိုလျှင် သာမန် အရက်လေးတစ်ခုက သူမ၏နှလုံးသားအား လှုပ်ခါစေနိုင်မည် မဟုတ်ပေ။
ဇူယွမ်၏ပြောစကားများကို ကြားရသော်လည်း ယောင်ယောင်၏ အမူအရာမှာ တည်ငြိမ် နေလျက်ပင် ရှိနေပြီး ထန်ထန်၏နူးညံ့သော အမွေးလေးများကိုသာ ပွတ်သပ်ပေးရင်း ပြောလိုက်၏။ “အဲ့တော့…”
ယောင်ယောင်၏ လေသံကြောင့် ဇူယွမ်မှာ အလျင်အမြန် ပြုံးပြကာ ပြန်၍ပြောလိုက်သည်။ “အဲ့တော့ ဒီပါဝင်ပစ္စည်းတွေကို ငါကပိုကြိုးစားရှာဖွေပြီးတော့ အစ်မကြီး ယောင်ယောင်အတွက် ထောင်ယောင်းဝိုင်ကို တက်နိုင်သမျှ အမြန်ဆုံးရအောင် လုပ်ပေးပါ့မယ်လို့ ဟဲဟဲ”
ထန်ထန်မှာ ဇူယွမ့်အား အထင်သေးသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ ဒီဇူယွမ်ဆိုတဲ့ ကောင်က တကယ် အရှက်မရှိတာပဲ။
သို့သော်လည်း ယောင်ယောင်မှာ ဇူယွမ်၏ အမူအရာအား အလွန်ပင် ကျေနပ် သဘောကျနေဟန်ဖြင့် နှုတ်ခမ်းသားလေးများပင် တွန့်ကွေးတက်သွားကာ မေးမြန်းလိုက်လေသည်။ “ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲအတွက်ရော သေချာပြင်ဆင်ပြီးပြီလား”
ဇူယွမ်မှာ ယုံကြည်မှု အပြည့်ရှိသော မျက်ဝန်းများဖြင့် ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။
“စိတ်မပူပါနဲ့။ ငါကလည်း ဓားကပ်ဘေး တောင်ထွတ်ရဲ့ သေချာ အကွက်ချစီစဥ်ထားတဲ့ အကြံအစည်တွေက ဘယ်လောက်တောင် ကောင်းမလဲဆိုတာ သိချင်နေပြီ”
ဓားကပ်ဘေး တောင်ထွတ်မှလူများသည် မကောင်းသော ရည်ရွယ်ချက်ဖြင့် ဇူယွမ့်အား အလွန်နာမည်ကြီး စေခဲ့သည်။ ဒီနေ့တွင်တော့ သူတို့ကြံစည်ထားသော လှည့်ကွက်အားလုံးကို မြင်တွေ့ရတော့မည်ပင် ဖြစ်၏။ သူတို့ ဘယ်လိုပဲလုပ်လုပ် ဇူယွမ်မှာ ပြန်လည်ရင်ဆိုင် လိုက်ရုံသာ ရှိသည်။
ဇူယွမ်၏ စကားအား ကြားရသော အခါတွင် ယောင်ယောင်မှ ပြုံးကာခေါင်းညိတ်ပြလိုက်၏။
သူတို့နှစ်ဦးမှာ ဂူနန်းထဲမှ လမ်းလျှောက် ထွက်လာခဲ့ကြပြီး ချီတိမ်တိုက်တစ်ခု ဖန်ဆင်းကာ မူလသူတော်စင် တောင်ထွတ်သို့ ပျံသန်း လာခဲ့ကြသည်။ ယခုအချိန်တွင် မူလသူတော်စင် တောင်ထွတ်မှ အုပ်စုသုံးခုလုံးမှာ စုစည်း ရောက်ရှိနေကြပြီ ဖြစ်၏။
ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲမှာ ကြီးကျယ်သော အခမ်းအနား ဖြစ်သည့်အတွက် ကလန်ခေါင်းဆောင် ချင်းယန်နှင့်တကွ အခြားသော တောင်ထွတ် ဆရာသခင်များပါ တက်ရောက်ကြမည် ဖြစ်ပေသည်။ ထို့အပြင် သက်ဆိုင်ရာတောင်ထွတ်များမှ အကြီးအကဲများမှာ သူတို့၏ တပည့်များ အားလုံးကို ခေါ်ဆောင်၍ ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲအား လာရောက် ကြည့်ရှုစေလေ့ရှိ၏။ ထို့ကြောင့် ဇူယွမ်နှင့် ယောင်ယောင်တို့နှစ်ဦး ရောက်ရှိသွားသော အခါ၌ အကြီးအကဲ စိန်းထိုက်ယွမ်၊ လုဟုန်းနှင့် လုစုန့်တို့သုံးဦးသာမက မူလသူတော်စင် တောင်ထွတ်မှ တပည့်များအားလုံးပါ စုဝေးရောက်ရှိနေခြင်း ဖြစ်သည်။
ဇူယွမ်နှင့်ယောင်ယောင်တို့နှစ်ဦး ရောက်ရှိလာသောအခါ၌ ပတ်ဝန်းကျင်မှာ အနည်းငယ် လှုပ်လှုပ်ယွယွ ဖြစ်သွားခဲ့သည်။ သူတို့်နှစ်ဦးမှာ မူလသူတော်စင် တောင်ထွတ်၏ အကျော်ကြားဆုံး တပည့်များပင် မဟုတ်ပါလော။
စိန်းထိုက်ယွမ်၏တပည့်များမှာ ဇူယောင်တို့အား အလျင်အမြန် နှုတ်ဆက်လိုက်ကြပြီး ဇူထိုက်နှင့် ရှန်ဝမ့်ကျင်းတို့အုပ်စုမှာ သူတို့နှစ်ဦးအား ကြယ်လေးများမှ သော်တာလမင်းကို ဝန်းရံသကဲ့သို့ ဝန်းရံလိုက်ကြ၏။
ဇူထိုက်မှာ ပွင့်ပွင့်လင်းလင်းပင် စကားဆိုလိုက်သည်။ “ဟားဟား….ဂျူနီယာညီတော်ဇူယွမ် ငါမင်းကို ကျောက်စိမ်းပြား ငါးထောင်တောင် လောင်းထားတာနော်။ အကောင်းဆုံးကြိုးစားခဲ့ ဟုတ်ပြီလား။ မဟုတ်ရင် အစ်ကို နောက်လတစ်လလုံး အငတ် နေရလိမ့်မယ်”
“ကျွန်တော့်မှာရှိတဲ့ ကျောက်စိမ်းပြား နှစ်သောင်းကိုလည်း အစ်ကိုဘက်ကနေ လောင်းထားတယ်။ ကျွန်တော် အချီကြီးရမရက ယွမ်အစ်ကိုလေးပေါ်မှာပဲ မူတည်တယ်နော်” ရှန်ဝမ့်ကျင်းမှာ အဆီတဝင်းဝင်းမျက်နှာဖြင့် ပြုံးရီကာပြောလိုက်သည်။ အခြားတပည့်များမှာလည်း ရယ်ကာမောကာဖြင့် ဘယ်သူက ဘယ်လောက်ပမာဏ လောင်းထားကြကြောင်း ပြောဆိုနေကြ၏။
ဇူယွမ်မှာ လူတိုင်းအား အသိအမှတ်ပြုသော မျက်ဝန်းများဖြင့် ပြုံးပြလိုက်လေသည်။ ပြီးခဲ့သော သုံးလအတွင်း ဇူယွမ်၏ ဂုဏ်သတင်း ကျော်ကြားလာသည်နှင့် အမျှ စိန်းထိုက်ယွမ်၏ တပည့်များမှာ သူ့အား စတင်လက်ခံလာခဲ့ကြပြီး ယခုဆိုလျှင် အတော်ပင် ရင်းနှီးနေကြပြီ ဖြစ်၏။ ဇူယွမ် ထုတ်ဖော်ပြသခဲ့သော အရည်အချင်းများနှင့် တိုက်ပွဲစွမ်းရည်များမှာ ယခင်ကသူ့အား မယုံကြည်ခဲ့သူများ၏ သံသယများကို ပျောက်ဆုံး သွားစေခဲ့သည်။ ယခုဆိုလျှင် စိန်းထိုက်ယွမ်၏ တပည့်အများစုမှာ သူ၏ နောက်လိုက်များပင် ဖြစ်ကုန်ကြလေသည်။ အခြားအုပ်စုနှစ်ခုမှ တပည့်များမှာ ဇူယွမ်တို့အား စိတ်ရှုပ်ထွေးနေသော မျက်ဝန်းများဖြင့် ကြည့်နေကြ၏။
ဇူယွမ်အား တပည့်အများစုမှ ဝန်းရံအားပေးနေကြသည်ကို ကြည့်ရင်း လုယန်းမှာ သက်ပြင်းချ လိုက်လေသည်။ ယောင်ယောင်နှင့် ဇူယွမ်တို့နှစ်ဦး သူတော်စင် မှော်စာလုံး တောင်ထွတ်၌ အစီအရင်အား ချိုးဖြတ်ခဲ့သော အချိန်မှာ သူမသီးခြား ကျင့်ကြံနေခဲ့သော အချိန်ဖြစ်သဖြင့် ထိုအံ့အားသင့်စရာသတင်းအား နောက်ပိုင်းမှသာ ကြားသိခဲ့ရခြင်းဖြစ်၏။
ဇူယွမ်၏ဂုဏ်သတင်းမှာ ကန်ရွှန်းကလန်တွင် အလွန်မြင့်မားလာခဲ့ပြီး ရွေးချယ်ခံ ဆယ်ယောက်နှင့် အဆင့်ပေါင်းများစွာ ကွာခြားနေသေးသော်လည်း ကလန်ထဲ၌ လွှမ်းမိုးသော ရှိသော လူတစ်ဦး ဖြစ်လာခဲ့လေသည်။
“နှမြောစရာပဲ။ တကယ်လို့ အုပ်စုရွေးတဲ့ အချိန်ထဲကသာ အကြီးအကဲလုစုန့်က နည်းနည်းလေးပိုပြီး အတ္တကြီးခဲ့မယ်ဆိုရင် ဇူယွမ်က ငါတို့အုပ်စုထဲကလူ ဖြစ်နေမှာ။ အခုတော့ အကြီးအကဲ စိန်းထိုက်ယွမ်ရဲ့ တပည့်ဖြစ်နေရပြီ”
လုယန်းမှာ ထိုစကားများ ပြောနေသော တပည့်များကိုကြည့်ကာ စကားဆိုလိုက်သည်။ “အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့။ ဇူယွမ် တစ်ယောက်လောက်ကို မရလိုက်တော့လည်း ဘာဖြစ်လဲ။ သူက အရည်အချင်း ရှိတာမှန်ပေမယ့် အများကြီး လိုအပ်နေသေးတယ်”
“သူတော်စင် မှော်စာလုံးတောင်ထွတ်က ကိစ္စမှာ အဓိကကြိုးစားခဲ့ရတာ ယောင်ယောင်ပဲ။ ဇူယွမ်က အကူအညီလေးနည်းနည်းပဲ ပေးခဲ့တာ။ အဲဒါလေးကို လူတွေက ဘာလု့ိသူ့ကို အရမ်းအထင်ကြီး နေကြမှန်း စဥ်းစားလို့တောင် မရဘူး”
ထို့နောက် လုယန်းက အေးစက်စက်ဖြင့် နှာခေါင်းရှုံ့ကာ ဆက်၍ ပြောလိုက်၏။ “ဇူယွမ်က သူ့ရဲ့စွမ်းရည်ကို တိုးတက်လာအောင် လေ့ကျင့်နေမယ် ဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ ဒီလိုမြှောက်ထိုးပင့်ကော် သတင်းတွေကြားထဲမှာ သာယာနေမယ်ဆိုရင်တော့ သူကျရှုံးတဲ့အခါ နာကျင်မှုက ပိုကြီးလိမ့်မယ်”
လုယန်းမှာ ဇူယွမ် နာမည်ကြီးနေရသည့် အကြောင်းအရင်းအား သေချာ မသိရသော်လည်း သူမမှာ ပုံမှန် တပည့်တစ်ဦးတော့ မဟုတ်ချေ။ ထို့ကြောင့် ဤအခြေအနေနှင့် ပတ်သက်၍ တစ်စုံတစ်ခု လွဲမှားနေကြောင်း ခန့်မှန်းမိ၏။
အကယ်၍ ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲကိုသာ ဇူယွမ်မှ ပေါ့ပေါ့တန်တန်ပင် သဘောထားခဲ့ပါက နာကျင်စရာ ကောင်းသော တန်ဖိုးတစ်ခုအား ပေးဆပ်ရပေလိမ့်မည်။
လုယန်းနှင့် အခြားတပည့်များ တီတိုးပြောဆို နေကြသော အချိန်တွင် လုဟုန်း၏ တပည့်များမှာ အေးစက်သော မျက်ဝန်းများဖြင့်သာ စောင့်ကြည့် နေခဲ့ကြလေသည်။ အထူးသဖြင့် ဝေယိုရွှမ်းနှင့် နောက်လိုက်များမှာ လှောင်ပြောင်သရော်လိုသော အမူအရာများဖြင့် ရှိနေခဲ့၏။
“ဇူယွမ် မင်းပျော်နိုင်တုန်း ပျော်ထားဦးပေါ့ကွာ…”
“ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲ စပြီဆိုတာနဲ့ မင်းက သနားစရာ ကောင်းတဲ့ လူပြက် တစ်ယောက်ဆိုတာ သိသွားစေရမယ်”