သူတော်စင်ခန်း မှော်စာလုံးခန်းမ၏ စာပေ လေ့လာရေး အခန်းတစ်ခုထဲ၌ စားပွဲခုံ တစ်လုံးရှေ့တွင် ဇူယွမ်မှာ လေးနက် တည်ကြည်စွာဖြင့် ထိုင်နေလျက်ရှိကာ ကောင်းကင်ဘုံ ယွမ်စုတ်တံအား ဆုပ်ကိုင်ထားပြီး သူ၏ရှေ့၌ ကျောက်စိမ်းပြား တစ်ခု ရှိနေလေသည်။ ဇူယွမ်မှာ ကောင်းကင်ဘုံ ယွမ်စုတ်တံနှင့် ကျောက်စိမ်းပြားပေါ်၌ စုတ်ချက်ပေါင်း များစွာကို ရေးဆွဲ လိုက်သည်နှင့်တကွ အနီးနားရှိ စွမ်းအင်များမှာ စတင်၍စုဝေးလာခဲ့၏။
ဇူယွမ်သည် အာရုံစူးစိုက်မှု အပြည့်အဝ ရှိနေပြီး ကောင်းကင်ဘုံ ယွမ်စုတ်တံနှင့် အချိန်အချို့ကြာသည် အထိ စုတ်ချက်များကို ရေးဆွဲနေခဲ့သည်။ နောက်ဆုံးစုတ်ချက်အား ရေးဆွဲပြီးသောအခါ ဇူယွမ်မှာ ဝန်ထုပ်ဝန်ပိုးကြီး လျော့ပါးသွားသကဲ့သို့ ခံစားလိုက်ရပြီး သက်ပြင်းချကာ ကျောက်စိမ်းပြားပေါ်ရှိ မူလမှော်စာလုံးအား ကြည့်လိုက်သည်။ ထို့နောက် ဇူယွမ်မှာ ဂရုတစိုက်ဖြင့် ကျောက်စိမ်းပြားအား ယူလိုက်ပြီး ဒါဇင်ကျော်မျှ ထပ်ထားသော ကျောက်စိမ်းပြားများ ပေါ်သို့ တင်လိုက်လေသည်။ ကျောက်စိမ်းပြား တစ်ခုချင်းစီ၌ ရှုပ်ထွေးသော မှော်စာလုံးများ ပါဝင်နေလျက် ရှိ၏။
လွန်ခဲ့သော လမှစ၍ ဇူယွမ်မှာ ယောင်ယောင် ရွေးချယ်ပေးခဲ့သော ကောင်းကင်ဘုံ လျှပ်စီးနှင့် ထူးခြားသော မီးတောက် အစီအရင်အား လေ့လာနေခဲ့သည်။ ထိုအစီအရင်မှာ အဆင့်လေး မူလမှော်စာလုံးများထဲတွင် အလွန်သန်မာပြီး ပြီးပြည့်သော အစီအရင်ကို တည်ဆောက်နိုင်ရန် ရာပေါင်းများစွာသော မူလ မှော်စာလုံးများအား အတူတကွ ထပ်ဆင့် ပေါင်းစည်းနိုင်ရန် လိုအပ်ပေသည်။ ထို့ကြောင့် ဤအစီအရင်အား ကျွမ်းကျင်လာစေရန် လွန်ခဲ့သည့် တစ်လလုံး ဇူယွမ်မှာ မနားမနေ လေ့ကျင့်နေခဲ့၏။
ပြင်းထန်သော လေ့ကျင့်မှုနှင့် စွမ်းအင် ကုန်ဆုံးမှုများကြောင့် ဇူယွမ်မှာ သူ၏ အကန့်အသတ်သို့ မကြာခဏ ရောက်ရှိခဲ့ရပြီး ပင်ပန်းလွန်းလှသဖြင့် လေ့ကျင့်နေရင်းပင် အိပ်ပျော်သွားရသည်မှာ အကြိမ်ပေါင်း မနည်းတော့ပေ။
ဇူယွမ်မှာ လေ့ကျင့်မှုအား မရပ်တန့်ခဲ့သောကြောင့် ယခုဆိုလျှင် ကောင်းကင်ဘုံ လျှပ်စီးနှင့် ထူးခြားသော မီးတောက်အစီအရင်တွင် ပါဝင်သော မူလမှော်စာလုံးများကို ရေးဆွဲရန် အတော်ပင် ယုံကြည်ချက် ရှိနေပြီ ဖြစ်သည်။ သို့သော်လည်း မူလမှော်စာလုံးများ ထပ်ဆင့် ပေါင်းစည်း ရသည်မှာ စက်ပစ္စည်းတစ်ခုအား တည်ဆောက်ခြင်းနှင့် အလားသဏ္ဌာန် တူညီပေသည်။ အစီအရင်အား ပြီးပြည့်စုံစွာ ရေးဆွဲရန် မူလ မှော်စာလုံးများအား စနစ်တကျ ပေါင်းစည်းနိုင်ဖို့ လိုအပ်နေဆဲပင် ဖြစ်၏။ ထိုသို့ပေါင်းစည်းနိုင်ရန် လေ့ကျင့်မှုအချို့ ထပ်၍ လိုအပ်နေပေသေးသည်။
ကျွီ……
စာပေ လေ့လာရေး အခန်းတံခါးမှာ ပွင့်ဟသွားပြီး ယောင်ယောင်မှာ လက်ထဲ၌ ရှေးဟောင်းစာလိပ်များ တပွေ့တပိုက်ဖြင့် ဝင်လာခဲ့သည်။ စားပွဲခုံရှေ့သို့ ရောက်သည်နှင့်တကွ ယောင်ယောင်မှာ ဇူယွမ်၏ ကျောက်စိမ်းပြားများကို ဖယ်ရှားပစ်လိုက်ပြီး သူမ၏ စာလိပ်များကို တင်လိုက်၏။ ထို့နောက် ယောင်ယောင်သည် ကျောက်စိမ်းပြားများကို စစ်ဆေးလိုက်ပြီးနောက် ခေတ္တမျှသော အချိန်လေး အတွင်းမှာပင် ထိုကျောက်စိမ်းပြား အကုန်လုံးအား ရိုက်ခွဲပစ်လိုက်ကာ ဇူယွမ့်အား စကားဆိုလိုက်သည်။ “အဆင်မပြေသေးဘူး ထပ်လုပ်ဦး”
ဇူယွမ်၏ မျက်နှာမှာ ရှုံ့မဲ့သွားရလေသည်။
ယောင်ယောင်မှာ တောက်ပနေသော မျက်ဝန်းများဖြင့် ဇူယွမ့်အား ကြည့်ကာ ထပ်ပြောလိုက်၏။ “နင့်ရဲ့မှော်စာလုံးတွေက အဆင်ပြေသလို ရှိနေပေမယ့် စုတ်ချက်တွေက လိုအပ် နေသေးတယ်။ အမြင်မှာတော့ ကြည့်ကောင်းနေပေမယ့် အစီအရင်ကို တည်ဆောက်တဲ့ အခါကျရင် စုတ်ချက် အမှားလေး တစ်ခုက အစီအရင်တစ်ခုလုံးကို ပျက်စီး သွားစေလိမ့်မယ်”
“တစ်ချက်နှစ်ချက်လောက် တိုက်လိုက်ရုံနဲ့ အလွယ်တကူ ချိုးဖြတ်လို့ရတဲ့ အစီအရင်မျိုး မဖြစ်စေချင်ဘူး ဆိုရင် ကောင်းကောင်းမွန်မွန်နဲ့ ဆက်ပြီးလေ့ကျင့်စမ်း”
ယောင်ယောင်၏ ဆုံးမစကားများကို ကြားရပြီးသောအခါ၌ ဇူယွမ်မှာ ခါးသက်သက်ဖြင့်သာ ရယ်ရင်း ခေါင်းညိတ်ပြလိုက်၏။
ယောင်ယောင်မှာ ဇူယွမ့်အားဆူပြီးနောက် ခေါင်တညိတ်ညိတ်ဖြင့် ဆက်ပြောလိုက်သည်။ “ဒါပေမဲ့ တစ်လအတွင်း ဒီလောက်ထိ တိုးတက် လာတာကတော့ မဆိုးပါဘူး”
အမှန်တိုင်း ပြောရလျှင် “မဆိုးပါဘူး” ဟူသော စကားသည် အတော်ပင် တရားလွန်သော စကား ဖြစ်ပေသည်။ အကယ်၍ သူတော်စင် မှော်စာလုံးတောင်ထွတ်မှ တပည့်တစ်ဦးဦးသာ ထိုစကားကို ကြားခဲ့ရပါက အံ့သြလွန်း၍ မေးရိုးများပင် ပြုတ်ထွက် သွားနိုင်၏။ ကောင်းကင်ဘုံ လျှပ်စီးနှင့် ထူးခြားသော မီးတောက်အစီအရင်သည် အဆင့်လေး မှော်စာလုံးထဲတွင်ပင် အလွန်ခက်ခဲသော အစီအရင်ဖြစ်သည်။ သူတော်စင် မှော်စာလုံးတောင်ထွတ်မှ တပည့်အများစုပင် ထိုအစီအရင်၏ အခြေခံကို တတ်မြောက်နိုင်ရန် ခြောက်လခန့် အချိန်ယူ လေ့ကျင့်ရပေသည်။
ဇူယွမ်မှာ ကျောက်စိမ်းပြား အလွတ်တစ်ခုကို ယူလိုက်ပြီး ရှေ့၌ထားကာ ခပ်ဖွဖွ ရယ်မောလိုက်၏။ “မပူပါနဲ့ လာမယ့် ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ ပြိုင်ပွဲမတိုင်ခင် ဒီအစီအရင်ကို ကျွမ်းကျင်အောင် လေ့ကျင့်မှာပါ”
ယောင်ယောင်မှာ ကျေနပ်သဘောကျဟန်ဖြင့် ခေါင်းညိတ် ပြလိုက်သည်။ ထို့နောက် ဇူယွမ်၏ ဘေးတွင် ဝင်ထိုင်လိုက်ရင်း စကားဆိုလိုက်၏။ “နင်က လာမယ့် ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ ပြိုင်ပွဲအတွက် တခြားတောင်ထွတ်က ပထမတန်းရွှေခါးစည်း တပည့်တွေနဲ့အပြိုင် နာမည်ကြီးနေတယ်လို့ ငါကြားခဲ့တယ်”
ယောင်ယောင်မှာ ခေတ္တမျှတွေဝေ နေပြီးနောက် ဆက်၍ပြောလေသည်။ “ကြည့်ရတာ လူတချို့က နင့်ကို ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားအောင် လုပ်ချင်နေတဲ့ပုံပဲ”
ရှားယွီနှင့် အခြားသော တောင်ထွတ်များ၏ ပထမတန်းရွှေခါးစည်းတပည့်များနှင့် နှိုင်းယှဥ်ရမည်ဆိုလျှင် ဇူယွမ်၏အခြေခံမှာ များစွာလိုအပ်နေပေသေး၏။ သို့သော် တစ်စုံတစ်ဦးမှ ဇူယွမ့်အား ရည်ရွယ်ချက်ရှိရှိဖြင့် နာမည်ကြီးစေပြီး လာမည့် ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲတွင် အရူးတစ်ယောက်လို ဆိုးရွားစွာရှုံးနိမ့်ပြီး အရှက်ကွဲ စေချင်သည်မှာ ထင်ရှားပေသည်။
“အဲ့လိုလုပ်တာက ဓားကပ်ဘေး တောင်ထွတ်က တစ်ယောက်ယောက်ပဲ ဖြစ်လိမ့်မယ်” ဇူယွမ်မှ အနည်းငယ်မျှပင် အံ့သြခြင်း မရှိသော အမူအရာဖြင့် ပြုံးကာပြောလိုက်၏။ “ငါက မူလရေကန်မှာတုန်းက ခုန်းရှန်ရဲ့ အစီအစဥ်တွေကို ပျက်စီးစေခဲ့တယ်လေ။ သူတို့က အစ်မကြီး ယောင်ယောင်ကို ရင်မဆိုင်ရဲမှတော့ ငါ့ကိုပဲ ပစ်မှတ်ထားကြတာ မဆန်းပါဘူး”
ယောင်ယောင်မှာ ခုံအားတတောက်တောက် ခေါက်နေရင်း တောက်ပနေသော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ စကားဆိုလိုက်သည်။ “မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းက သူသေရတာ ကန်ရွှမ်းကလန်နဲ့လည်း တစ်ခုခု ပတ်သက် နေလိမ့်မယ်လို့ ပြောခဲ့ဖူးတယ်”
“အဲဒါက ဓားကပ်ဘေး တောင်ထွတ်က ဆရာသခင်လင်ကျွင်းများ ဖြစ်နိုင်မလား”
ဇူယွမ်မှာ ခေါင်းကိုမော့ကာ ယောင်ယောင်အား ကြည့်လိုက်သောကြောင့် ယောင်ယောင်မှာ ဘာမှဆက်၍ မပြောတော့ပေ။ “သက်သေမရှိပဲနဲ့ ငါတို့လျှောက်ပြီး စွပ်စွဲနေလို့မရဘူး” ဇူယွမ်မှ ခေါင်းကို ခါယမ်းကာ ရေရွတ်လိုက်၏။ “ဒီပြဿနာက အရမ်းကို ရှုပ်ထွေးလွန်းတယ်။ သက်သေသာ မရှိဘူးဆိုရင် ကလန်ခေါင်းဆောင်ချင်းယန်တောင်မှ ဒီကိစ္စကို အရေးယူလို့ ရမှာမဟုတ်ဘူး”
ယောင်ယောင်မှာ ခေါင်းညိတ် ပြလိုက်ပြီးနောက် ထိုကိစ္စနှင့်ပက်သက်၍ ဘာမှ ဆက်မပြောတော့ချေ။ ထိုကိစ္စများမှာ သူတို့နှင့် ဝေးကွာနေဆဲပင် ဖြစ်သည်။ အခုအချိန်တွင် အရေးကြီးဆုံးသော ကိစ္စမှာ ချိပ်ပိတ်ထားသော တောင်ထွတ်သို့ ဝင်ရောက်ကာ ဒုတိယ သူတော်စင် မှော်စာလုံးအား ရယူနိုင်ရန်အတွက် ဤနှစ်ကုန်ပိုင်းတွင်ကျင်းပမည့် အခမ်းအနား၌ ဇူယွမ် တပည့် ခေါင်းဆောင် ဖြစ်လာရန်ပင် ဖြစ်၏။
ယောင်ယောင်သည် မူလသူတော်စင် တောင်ထွတ်၏ အဓိကတောင်ထွတ် ပွင့်လာမည့် အချိန်ရောက်လျှင် ဂိုဏ်းထဲမှ တစ်စုံတစ်ဦးမှာ လှုပ်ရှား လာလိမ့်မည်ဟု ခံစားနေမိသည်။ သို့သော်လည်း ယောင်ယောင်တို့ နှစ်ဦးလုံး ထိုကိစ္စအား ဆက်လက်မဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြပြီး အခြားလုပ်စရာ ရှိသည်များလုပ်ရင်းသာ အချိန်ကုန်ခဲ့ကြ၏။
ယောင်ယောင်မှာ သူမယူလာခဲ့သော ရှေးဟောင်း စာလိပ်များ၊ စာအုပ်များကို ကြည့်ရှုနေလျက် ရှိပြီး ခေတ္တမျှကြာသော အခါတွင် အံ့သြနေသော အသံအား ကြားလိုက်ရသည်။ ဇူယွမ်မှာ ခေါင်းကို မော့လိုက်သောအခါ ယောင်ယောင်၏ အေးစက်စက် မျက်နှာလေးပေါ်တွင် ပျော်ရွှင်မှု အရိပ်အယောင်များအား တွေ့ရှိလိုက်ရ၏။ ယောင်ယောင်၏ လက်ထဲတွင် ဟောင်းနွမ်းနေသည့် ဝါကျင့်ကျင့် စာရွက်တစ်ခုကို ကိုင်ထားပြီး သူမ အလွန်ပျော်ရွှင်နေသည်မှာ သိသာပေသည်။
“အဲ့ဒါဘာလဲ” ဇူယွမ်မှာ စိတ်မထိန်းနိုင်တော့ပဲ မေးမြန်းလိုက်၏။ ဘယ်လိုအရာမျိုးက ယောင်ယောင့်အား ပျော်ရွှင်စေတာလဲဆိုတာကို အလွန်အမင်း သိချင်နေပြီ ဖြစ်သည်။
ယောင်ယောင်မှာ သူမ၏နီဆွေးသော နှုတ်ခမ်းသားလေးအား လျှာဖြင့်သပ်လိုက်ပြီး တောက်ပ နေသော မျက်ဝန်းများဖြင့် ဇူယွမ့်ထံသို့ ဝါကျင့်ကျင့် စာရွက်အား လှမ်း၍ ပေးလိုက်လေသည်။
ဇူယွမ်မှာ စာရွက်အားရယူကာ ကြည့်လိုက်ပြီး ခေတ္တမျှတွေဝေ သွားရသည်။ ထို့နောက် သူဖတ်ရှုနေသည်မှာ အလွန်ပင်ကြာလှပြီဖြစ်သော အရက်ချက်ချင်း နည်းစနစ် တစ်ခုဖြစ်ကြောင်း နားလည် သဘောပေါက်လာခဲ့၏။
“ဘာမှလည်း မဟုတ်ပဲနဲ့ ရေးကြီးခွင်ကျယ်လုပ်နေတယ်” ဇူယွမ်မှ စိတ်ဆိုးနေသော အသံဖြင့် ရေရွတ် လိုက်လေသည်။
ယောင်ယောင်မှာ နှာခေါင်းရှုံ့ကာ ပြန်၍ ပြောလိုက်သည်။ “နင်က ဘာသိလို့လဲ။ ဒါက ပျောက်ဆုံးနေတာ အရမ်းကြာပြီ။ ဒီနေရာမှာ ပြန်တွေ့ရတာ တော်တော်ကံကောင်းလို့”
ယောင်ယောင်မှာ သူမ၏ လက်ချောင်းလေးများဖြင့် ခုံအားခေါက်နေရင်း နောက်တစ်ဖက်ဖြင့် မေးကိုထောက်ကာ ဇူယွမ်အား ကြည့်၍ စကားဆိုလိုက်၏။ “နင်ဒါကို ငါ့အတွက် လုပ်ပေးစေချင်တယ်”
ဇူယွမ်၏ မျက်လုံးများပင် ပြူးကျယ် သွားရသည်။ ယောင်ယောင်မှာ သူ့ကိုယ်သူ အမိန့်ပေးခွင့်ရှိသော မမလေးဟု ထင်နေပါသလော။
“ဘယ်လိုလုပ်ရမလဲဆိုတာ ငါမသိဘူး”
ယောင်ယောင်မှာ မတ်တတ် ထရပ်လိုက်ပြီး စားပွဲခုံအား လက်ဖြင့်ထောက်ကာ ဇူယွမ့်ထံသို့ နီးကပ်စွာ တိုးကပ်သွားပြီးနောက် စကားဆိုလိုက်သည်။ “နင်လုပ်မှာလား မလုပ်ဘူးလား”
အလွန်နီးကပ်နေသော ယောင်ယောင်၏ မျက်နှာလေးကြောင့် ဇူယွမ်မှာနှုတ်ခမ်းများပင် ခြောက်သွေ့လာရပြီး အလျင်အမြန်တွေးတောကာ ပြန်၍ပြောလိုက်၏။ “လုပ်ပေးရင် ဘာရမှာလဲ”
“နင်ကဘာလိုချင်လို့လဲ” ယောင်ယောင်မှ ပြုံးကာ ပြောလိုက်သည်။
ဇူယွမ်မှာ သူ၏နှုတ်ခမ်းအားသပ်ကာ မျက်တောင်ပုတ်ခတ် ပုတ်ခတ် လုပ်နေလေသည်။
ထို့နောက် ဘာမှမပြောရသေးခင်မှာပင် ယောင်ယောင်မှ အေးစက်နေသော လက်များဖြင့် ဇူယွမ်၏ မျက်နှာအား ညင်သာစွာ ပွတ်သပ်လိုက်သည်။ ဇူယွမ်မှာ အထိအတွေ့နှင့် မျောပါတော့မည့် အချိန်မှာပင် ယောင်ယောင်မှာ အေးစက်စက် ပြုံးလိုက်ပြီး ဇူယွမ်၏ နားရွက်များကို ဆွဲလိမ်လိုက်၏။
“ဇူယွမ် ကြည့်ရတာ နင်က တော်တော် ဆိုးလာတာပဲ။ ငါ့ကိုတောင်မှ အခွင့်အရေးယူဖို့ စဥ်းစားရဲတယ် ဆိုတော့ ငါထန်ထန့်ကို နင့်ကိုကိုက်ဆွဲပြီး မျိုချဖို့ပြောလိုက်မယ် နင်ယုံလား မယုံဘူးလား”
အခန်း၏ ထောင့်တစ်နေရာတွင် ထန်ထန်မှာ နှာကို တရှူးရှူးတရှဲရှဲမှုတ်ကာ ဇူယွမ့်အား မကျေမနပ်ဖြင့် ကြည့်နေလေသည်။ ဇူယွမ်၏မျက်နှာအမူအရာမှာ ပြောင်းသွားကာ လျင်မြန်စွာပင် ယောင်ယောင့်အား တောင်းပန်လိုက်ရ၏။ “ကောင်းပြီ ကောင်းပြီ။ ငါနည်းလမ်း တစ်ခု စဥ်းစားပေးပါ့မယ် ဟုတ်ပြီလား”
ထိုစကားကို ကြားရမှသာ ယောင်ယောင်မှာ ကျေနပ်အားရသွားသောပုံစံဖြင့် ပြန်ထိုင် လိုက်လေသည်။ “လူလိမ္မာလေးဇူယွမ် ငါဒီဟာကို နာမည်ပေးဖို့ စဥ်းစားထားတယ်။ ဒါကို ထောင်ယောင်းဝိုင်လို့ ခေါ်မယ်”
ယောင်ယောင်မှာ လက်နှစ်ဖက်လုံးဖြင့် မေးကိုထောက်ကာ မျက်နှာပေါ်၌ မျှော်လင့်ချက် အရိပ်အယောင်များ ယှက်သန်းနေလျက် ရှိသည်။
ဇူယွမ်၏နှလုံးသားမှာ အနည်းငယ် ရင်ခုန်နှုန်း မြန်နေခဲ့လေသည်။ ယောင်ယောင်၏ သီးခြားဆန်မှုနှင့် ဂရုမစိုက်ခြင်းများက တဖြည်းဖြည်းနှင့် ပျောက်ကွယ် လာခဲ့သည်ဟု ခံစားမိခဲ့သည်။ သို့သော် သူတစ်ယောက်တည်းနှင့်သာ ဖြစ်၏။ ပြောရမည်ဆိုလျှင် ယောင်ယောင်မှာ သူနှင့်နေရတာ ပို၍ သက်တောင့်သက်သာ ဖြစ်လာဟန် ရှိသည်။ ဒါဟာ သူတို့နှစ်ဦး နီးကပ်လာသည့် သဘောပင် မဟုတ်ပါလား။
ဇူယွမ်မှာ သူ၏ရှေ့တွင်ရှိနေသော ဘာမှန်းမသိသည့် စာရွက်ကြီးအား ကြည့်နေရင်း ယောင်ယောင်၏ တလက်လက် တောက်ပနေသော မျှော်လင့်ချက်အပြည့်နှင့် မျက်ဝန်းလေးများကို တွေ့လိုက်ရသောအခါ ခပ်ဖွဖွ ရယ်မောမိလိုက်သည်။ ဆရာသခင် ကန်းယွမ်သည် သူ့အား ယောင်ယောင့်ကို ဂရုစိုက်စောင့်ရှောက် ပေးပါရန် မှာကြားခဲ့ပေသည်။ သို့သော် ပြီးခဲ့သည့် နှစ်များအတွင်း ယောင်ယောင်ကသာ သူ့အား ကူညီစောင့်ရှောက် ပေးခဲ့ခြင်း ဖြစ်၏။ ယောင်ယောင်သာ မရှိပါက ဇူယွမ်မှာ ဒီနေ့ဒီနေရာမှာပင် ရှိနေပါ့မလား မသေချာပါချေ။
အဲဒါကြောင့်…….
မင်းလိုချင်တယ်ဆိုရင် ငါကောင်းကင်ကကြယ်ကို တက်ပြီး ခူးပေးရလည်း ဖြစ်တယ်။
အချိန်များက ဖြည်းညင်းစွာ ကုန်ဆုံးလာခဲ့ပြီး ကန်ရွှမ်းကလန်ထဲ၌ ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲ ကျင်းပတော့မည့် အချိန်သည် နီးကပ်လာခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် ကန်ရွှန်းကလန် တစ်ခုလုံးမှာလည်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက် လာရသည်။
ခရမ်းရောင်ခါးစည်း အဆင့်သို့ တက်လှမ်းနိုင်ခြင်းသည် တပည့်များ အားလုံးအတွက် အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကိုပါ မြှင့်တင်နိုင်ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ဇူယွမ်နှင့် ယောင်ယောင်တို့ သူတော်စင် မှော်စာလုံးတောင်ထွတ်မှ အစီအရင်ကို ချိုးဖြတ်နိုင်ခဲ့သည့် အကြောင်းမှာလည်း ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲအကြောင်းနှင့် အတူ လူပြော များလာခဲ့၏။
ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲ ကျင်းပတော့မည့် အချိန် နီးကပ်လာသည်နှင့်အတူ ကလန်အတွင်း လူအပြောများဆုံး အကြောင်းအရာမှာ မည်သူမှ ချန်ပီယံ ဖြစ်နိုင်သလဲဆိုသည့် ကိစ္စပင်ဖြစ်ပြီး တပည့်များ အကြားတွင် ထိုကိစ္စအား အလောင်းအစားပင် လုပ်ကြလေသည်။
လူအများခန့်မှန်းထားကြသော ချန်ပီယံဖြစ်နိုင်ချေ ရှိသည့်သူများမှာ ကန်ရွှမ်းတောင်ထွတ်မှ စူးဝမ်၊ ဟုန်ယာတောင်ထွတ်မှ ဝူယွဲ့၊ နှင်းပဒုမ္မာတောင်ထွတ်မှ မုချွမ်းလဲ့၊ ဓားကပ်ဘေးတောင်ထွတ်မှ လီထျန်း၊ မိုးကြိုး အကျဥ်းထောင် တောင်ထွတ်မှ ဝမ်ချန်းနှင့် သူတော်စင်မှော်စာလုံး တောင်ထွတ်မှ ရှားယွီတို့ဖြစ်ပြီး ထိုသူများမှာ သက်ဆိုင်ရာ တောင်ထွတ်များ၏ အထူးချွန်ဆုံး ပထမတန်း ရွှေခါးစည်း တပည့်များဖြစ်ကာ ပြိုင်ပွဲဝင်များအကြားတွင် အသန်မာဆုံး သူများဖြစ်သောကြောင့် ကျော်ကြား၏။ တပည့်အများစုမှာ ချန်ပီယံနေရာသည် သူတို့ထဲမှတစ်ဦးသာ ဖြစ်လိမ့်မည်ဟု ခန့်မှန်းကြပေသည်။
သို့သော် ဇူယွမ်မှာလည်း သူတော်စင်မှော်စာလုံးတောင်ထွတ်၌ အစီအရင်အား ချိုးဖြတ်ကာ သူ၏စွမ်းရည်အား ထုတ်ဖော် ပြသခဲ့သောကြောင့် လူပြောများသော ပြိုင်ပွဲဝင်တစ်ဦး ဖြစ်လာခဲ့ပြီး ချန်ပီယံနေရာ ရနိုင်ကြောင်း ခန့်မှန်းကြသည့် အထဲပင် ပါဝင်လာခဲ့သည်။ ထို့ကြောင့် အချို့သော တပည့်များမှာ ဇူယွမ်ဖက်မှ ယုံကြည်မှုအပြည့်နှင့် လောင်းကြသောသူများပင် ရှိခဲ့၏။
သို့သော် တပည့်အများစုမှာတော့ ဇူယွမ်ဖက်မှ လောင်းခြင်းအား သဘောမကျချေ။ ဇူယွမ်သည် ရှားယွီ၏ ခုခံကာကွယ်ခြင်းကိုပင် ချိုးဖောက်ကာ မှော်စာလုံးအစီအရင်အား ဖျက်ဆီး နိုင်ခဲ့ပါသော်လည်း ရှားယွီအား အနိုင်ယူနိုင်ရန် အတော်ရုန်းကန်ခဲ့ရခြင်း ဖြစ်၏။ ပြောရမည်ဆိုလျှင် ဇူယွမ်၏ စိတ်ဝိညာဉ်မှာ အဆင့်တက်နိုင်ခဲ့သော်လည်း အလယ်အလတ် ဒြပ်ထည့် အဆင့်၏ အစပိုင်းတွင်သာ ရှိနေသေးပြီး ရှားယွီသည် ထိုအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်မှာ ကြာပြီဖြစ်ကာ အခြေခံမှာလည်း ဇူယွမ်ထက် ပို၍သန်မာလေသည်။
ထို့အပြင် ဇူယွမ်၏ ဝှက်ဖဲများ အားလုံးမှာ မှော်စာလုံးတိုက်ပွဲ၌ ထုတ်ဖော် ပြသခဲ့ပြီး ဖြစ်သဖြင့် အခြားသူများမှ ကြိုတင်လေ့လာကာ ရှောင်ရှား၍ ရပေသည်။ ဇူယွမ်မှာ ထိုဝှက်ဖဲများအား မည်သူ့အပေါ်မှ အသုံးပြု၍ရတော့မည် မဟုတ်ပေ။ ထိုအတွက်ကြောင့် လူအများစုမှာ ကြိုတင်ပြင်ဆင်မှုရှိကာ အခြေခံပိုကောင်းသည့် ရှားယွီကသာ ဇူယွမ်ထက် ချန်ပီယံဖြစ်သင့်သည်ဟု ခံစားခဲ့ရ၏။
ထို့ကြောင့် လူအများစုမှာ ဇူယွမ်အား ချန်ပီယံ ဖြစ်နိုင်သည်ဟု ခန့်မှန်းခြင်းများအပေါ် မကျေမနပ် ဖြစ်ခဲ့ကြကာ ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲစသည်နှင့် တစ်ပြိုင်နက် ဇူယွမ်၏ အသုံးမကျသော အရည်အချင်း အစစ်အမှန်မှာ ပေါ်ထွက် လာလိမ့်မည်ဟု ယုံကြည်ထားကြပြီး ဇူယွမ်ဖက်မှ အလောင်းအစား လုပ်ကြသည့် တပည့်များကိုပင် မလောင်းသင့်ကြောင်း သင်ကြား ပေးခဲ့ကြသေးသည်။
မည်သို့ပင် ဆိုစေကာမူ ယခုအချိန်၌ ဇူယွမ်မှာ ချန်ပီယံဖြစ်နိုင်သည်ဟု ရေပန်းစားနေသော ပြိုင်ပွဲဝင်များထဲမှ တစ်ဦး ဖြစ်လာခဲ့လေသည်။ ဇူယွမ့်အား သဘောမကျသူ မည်မျှပင်ရှိနေပါစေ လူအများစုမှာ ဇူယွမ်၏ အရည်အချင်းအား မြင့်မားစွာ မျှော်မှန်းထားကြသည်ကိုတော့ ဝန်ခံရပေလိမ့်မည်။
ထိုသို့နှင့်ပင် ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲ ကျင်းပမည့် အချိန်မှာ ဖြည်းညင်းစွာ ရောက်ရှိလာခဲ့၏။