သူတော်စင် မှော်စာလုံး တောင်ထွတ်၏ စစ်ဆေးမှုကို အောင်မြင်ပြီး မူလမှော်စာလုံး နယ်နိမိတ် အစီအရင်အား ချိုးဖြတ်နိုင်ခဲ့ခြင်းသည် ကြိုတင် မျှော်မှန်းထားသည့် အတိုင်းပင် ကန်ရွှမ်းကလန် တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့ သွားခဲ့သည်။ ထို့ကြောင့် အစတည်းက ထင်ရှား ကျော်ကြားနေသော ယောင်ယောင်၏ ဂုဏ်သတင်းမှာ ပို၍ပင် မြင့်မားသွားခဲ့ပြီး ရွေးချယ်ခံ ဆယ်ယောက်နှင့်ပင် တူညီလုနီးပါး ဖြစ်လာခဲ့၏။
ပြောရမည်ဆိုလျှင် ကလန်ခေါင်းဆောင် ချင်းယန်နှင့် အခြားသော တောင်ထွတ် ဆရာသခင်များပင် ထိုအဖြစ်အပျက် ပြီးသည့်နောက်တွင် ယောင်ယောင့်အား သူတို့၏ တောင်ထွတ်များဆီသို့ ခေါ်ယူချင်ကြသဖြင့် အနည်းငယ် အငြင်းပွားခဲ့ကြသည် ဟူသော ကောလာဟလများပင် ထွက်လာခဲ့လေသည်။
ယောင်ယောင် ထုတ်ဖော်ပြသခဲ့သော စွမ်းရည်မှာ ရွေးချယ်ခံ ဆယ်ယောက်ထဲမှ တစ်ယောက် ဖြစ်ရန်ပင် အရည်အချင်း ပြည့်မီနေပြီ ဖြစ်သည်။ ထို့ကြောင့် တောင်ထွတ် ဆရာသခင်များမှာ ယောင်ယောင့်အား ခေါ်ယူခြင်းဖြင့် ရွေးချယ်ခံ တပည့်တစ်ယောက်အား မိမိတို့ တောင်ထွတ်မှ ပိုင်ဆိုင်ခွင့်ရမည် မဟုတ်ပါလော။
ကန်ရွှမ်းကလန်၌ တောင်ထွတ် တစ်ခုစီအား ထောက်ပံ့ ပေးအပ်သော မူလ အရင်းအမြစ် များသည် သက်ဆိုင်ရာ တောင်ထွတ်ရှိ တပည့်များ၏အရည်အချင်းနှင့်သာ သက်ဆိုင်ပေသည်။ ထိုစည်းကမ်းချက်မှာ ကလန် ခေါင်းဆောင်ချင်း ယန်ကိုယ်တိုင်ပင် လိုက်နာရသည် ဖြစ်၏။
ထို့ကြောင့် ရွေးချယ်ခံ တစ်ယောက်အား ရရှိထားသောတောင်ထွတ်သည် ကျင့်ကြံခြင်း အရင်းအမြစ်များ ပိုမိုရရှိမည် ဖြစ်ပြီး တောင်ထွတ်ရှိ တပည့်များ အားလုံးအတွက် ကောင်းမွန်သော အကျိုးအမြတ် များစွာ ရရှိမည်ပင် ဖြစ်သည်။
တောင်ထွတ် ဆရာသခင်များ အားလုံးမှာ ရွေးချယ်ခံ တပည့်တစ်ယောက် ဖြစ်လာစေရန် ပြုစုပျိုးထောင် ပေးလျှင်ပင် ကံတရားနှင့် ကြိုးစားအားထုတ်မှုများ များစွာ လိုအပ်သေးကြောင်း ရှင်းလင်းစွာ သိရှိထားကြပေသည်။ ထို့ကြောင့် ဆရာသခင်များမှာ ပျိုးထောင် လေ့ကျင့်ပေးရန်ပင် မလိုအပ်သော ယောင်ယောင့်အား လိုချင်ကြသည်မှာ အဆန်းမဟုတ်ပေ။
ထိုအတွက်ကြောင့် ကလန်ခေါင်းဆောင် ချင်းယန်နှင့် အခြားသော တောင်ထွတ် သခင်များမှ အချိန်ကြာမြင့်စွာ ဆွေးနွေးငြင်းခုံ ခဲ့ကြသော်လည်း မည်သူကမှ အလျှော့ပေးရန် ဆန္ဒမရှိခြင်းကြောင့် ထိုကိစ္စအား မဖြေရှင်းနိုင်ခဲ့ချေ။ အဆုံးတွင်တော့ သူတို့အားလုံးမှာ ယောင်ယောင်၏ ဆုံးဖြတ်ချက်ကိုသာ လေးစားစွာလက်ခံရန် ဆုံးဖြတ်ခဲ့ကြပြီး တောင်ထွတ် ရွေးချယ်ခြင်းကို ယောင်ယောင် ကိုယ်တိုင်သာ ပြုလုပ်ရန် လက်ခံခဲ့ကြသည်။
ယောင်ယောင်၏ ဂုဏ်သတင်းမှာ တစ်ဟုန်ထိုး ကျော်ဇောလာသည်နှင့် အမျှ မူလမှော်စာလုံး နယ်နိမိတ် အစီအရင် ချိုးဖြတ်ခြင်းတွင် အတူပါဝင်ခဲ့သော ဇူယွမ်မှာလည်း ကျော်ကြားလာခဲ့၏။ အဓိက အကြောင်းအရင်းမှာတော့ ဇူယွမ်သည် ရှားယွီအား အနိုင်ယူနိုင်ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။
ရှားယွီသည် သူတော်စင် မှော်စာလုံးတောင်ထွတ်၏ အထူးချွန်ဆုံး ပထမတန်း ရွှေခါးစည်း တပည့်တစ်ဦး ဖြစ်ရုံသာမက လာမည့် ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲတွင်လည်း ချန်ပီယံနေရာ ရရှိနိုင်သော အသန်မာဆုံး ပြိုင်ပွဲဝင်တစ်ဦးလည်း ဖြစ်ပေသည်။ ထို့ကြောင့် ဇူယွမ်မှ ရှားယွီအား အနိုင်ရရှိခဲ့ခြင်းသည် လူတိုင်း၏အာရုံကို ဖမ်းစားထားနိုင်ခဲ့၏။
ပထမ၌ ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲတွင် ဇူယွမ်ပါဝင်လာမည့်သတင်းအား မည်သူမှ ဂရုမစိုက်ခဲ့ကြရုံ သာမက တပည့်အများစုမှာ ဇူယွမ်သည် မိမိကိုယ်ကို အထင်ကြီးလွန်း သည်ဟုပင် ခံစားရသောကြောင့် လှောင်ပြောင် သရော်ခဲ့ကြသည်။ ဇူယွမ်သည် အတွင်းတောင်သို့ ရောက်ရှိလာသည်မှာ တစ်လကျော်မျှသာ ရှိသေးသော်ငြားလည်း ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲအား ပါဝင် ယှဥ်ပြိုင်ရဲခဲ့သောကြောင့် လှောင်ပြောင်ခဲ့ကြခြင်း ဖြစ်၏။ အလွန်ပင် ထူးချွန်ထက်မြက်သော စီနီယာအစ်ကိုတော် ချူချင်းသည်ပင် ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်နိုင်ရန် ခြောက်လမျှ လေ့ကျင့် ကြိုးစားခဲ့ရပေသည်။ ထို့ကြောင့် လူအများစုသည် ဇူယွမ်မှာ ကိုယ့်အဆင့်ကိုယ် မသိပဲ ဘဝင်မြင့်လွန်းသောသူဟု သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း ထိုထင်မြင်ချက်များသည် ဇူယွမ်မှ နယ်နိမိတ် အစီအရင်အား ချိုးဖြတ်နိုင်ခဲ့သည့် အတွက်ကြောင့် ပျောက်ကွယ် ထားခဲ့ရသည်။ ဇူယွမ်သည် ရှားယွီအား အနိုင်ယူနိုင်ရန် ရှားယွီ၏ စိတ်ဝိညာဉ်ကို တိုက်ခိုက်ခဲ့သည်အား သိရှိသွားကြသော်လည်း ဇူယွမ် ပြသခဲ့သော မူလမှော်စာလုံး စွမ်းရည်သည်ပင် အသိအမှတ်ပြုရန် လုံလောက်နေပြီ ဖြစ်ပြီး အနည်းငယ်မျှ လျှော့မတွက် ထားသင့်ပေ။
ဇူယွမ်၏ မှော်စာလုံး စွမ်းရည်သက်သက်ဖြင့်ပင် လာမည့် ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲ၌ နောက်ဆုံး ဆယ်ယောက်ထဲ ပါဝင်ရန် အရည်အချင်း ပြည့်မီနေပြီဖြစ်သည်။
ထို့ကြောင့် ပထမ၌ မည်သူမှ အလေးမထားခဲ့သော ဇူယွမ်အကြောင်းသည် ယခုအခါတွင် ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲအကြောင်း ဆွေးနွေးကြသော စကားပိုင်းများ၌ မပါမဖြစ် ဖြစ်လာခဲ့ပြီး ချန်ပီယံ နေရာရရှိနိုင်သည်ဟု ထင်ကြေး ပေးခံရသူများကြားမှ တစ်ယောက် ဖြစ်လာခဲ့သည်။ ထိုသို့သော အပြောင်းအလဲ သတင်းများမှာ ဇူယွမ်အတွက် ပို၍ ခက်ခဲသွားစေမည်သာ ဖြစ်၏။
ကန်ရွှမ်းကလန်ထဲ၌ ဇူယွမ်နှင့် ယောင်ယောင်တို့ အကြောင်းများဖြင့်သာ ပွတ်လော ရိုက်နေခဲ့သော်လည်း ဇူယွမ်တို့ နှစ်ဦးမှာတော့ ထိုအကြောင်းအရာများ အားလုံးကို လျစ်လျူရှု ထားကာ သူတော်စင် မှော်စာလုံးခန်းမထဲ၌သာ အချိန်ကုန် နေခဲ့ကြသည်။
သူတော်စင် မှော်စာလုံး ခန်းမသည် ကန်ရွှမ်းကလန် စတင်တည်ဆောက်စဥ်မှ စ၍ မူလ မှော်စာလုံးများကို စုဆောင်း သိမ်းဆည်း ထားခဲ့သော နေရာ ဖြစ်လေသည်။ ထို့ကြောင့် ယောင်ယောင်သည်ပင် ထိုခန်းမအား အလွန်ပင် စိတ်ဝင်စားခဲ့ကာ ဖြစ်နိုင်မည်ဆိုပါက ထိုခန်းမတွင်သာ တစ်သက်လုံး နေထိုင်သွားချင်စိတ်ပင် ဖြစ်မိသည် အထိပင် ဖြစ်၏။
ဇူယွမ်မှာလည်း သူတော်စင် မှော်စာလုံးခန်းမတွင် စုဆောင်းထားသည့် များစွာသော မူလ မှော်စာလုံးများကြောင့် အလွန်ပင် ကျေနပ်ပျော်ရွှင် နေပေသည်။ သို့သော်လည်း မူလမှော်စာလုံး ပညာရပ်တွင် ဇူယွမ်မှာ ယောင်ယောင်လောက် နားလည် တတ်မြောက်ခြင်း မရှိသဖြင့် ဇူယွမ် လေ့လာသင်ယူနိုင်သော မှော်စာလုံး အရေအတွက်မှာ အကန့်အသတ်ရှိ၏။
ထိုသို့ဆိုလျှင်တောင်မှ သူတော်စင် မှော်စာလုံး ခန်းမထဲသို့ ဝင်ရောက် လေ့လာခွင့်ရခဲ့ခြင်းက ဇူယွမ့်အား အတော်ပင် အတွေ့အကြုံ ရစေခဲ့သည်။ အသင်္ချေမျှသော ထူးဆန်းပြီး အံ့အားသင့်ဖွယ် ကောင်းသော မူလမှော်စာလုံးများအား မြင်တွေ့ချီးကျူးခွင့် ရခဲ့၏။
ထို့ကြောင့် ဇူယွမ်နှင့် ယောင်ယောင်တို့ နှစ်ဦးမှာ အချိန်များကိုပင် မေ့လျော့ သွားခဲ့ကြပြီး သူတော်စင် မှော်စာလုံးခန်းမ၌ နေ့ရက်များစွာကို ကုန်ဆုံး စေခဲ့ကြသည်။ ရက်အနည်းငယ်အကြာ၌ ဇူယွမ်၏မှော်စာလုံးစွမ်းရည်မှာ အတော်ပင် တိုးတက် လာခဲ့လေသည်။ ယခုအချိန်၌ ရှားယွီနှင့် ရင်ဆိုင် တိုက်ခိုက်မည်ဆိုလျှင်ပင် ဇူယွမ်သည် ဘာမှကြောက်စရာ မရှိတော့ပေ။
နေ့ရက်တစ်ခု၌…။
ဇူယွမ်မှာ ကျောက်တုံး စင်ဟောင်းတစ်ခု၏ ရှေ့တွင် ရပ်လျက်ရှိနေကာ စာအုပ်ဟောင်း တစ်ခုအား အပြန်ပြန်အလှန်လှန် ဖတ်နေလျက်ရှိ၏။ ထိုစာအုပ်ဟောင်းအထဲမှ ရှေးကျသော မူလမှော်စာလုံး များသည် သူ့အား အလွန်ဖမ်းစား ထားပေသည်။
ဇူယွမ်တို့နှင့် ခပ်လှမ်းလှမ်းတွင်တော့ သူတော်စင် မှော်စာလုံးတောင်ထွတ်မှ တပည့်များ ရှိနေကြပြီး သူတို့နှစ်ဦးအား လေးစားအားကျနေသော မျက်ဝန်းများဖြင့် ရံဖန်ရံခါ ငေးကြည့်နေလျက် ရှိ၏။ လွန်ခဲ့သော ရက်အနည်းငယ်က ဖြစ်ပေါ်ခဲ့သော မှော်စာလုံး အစီအရင်အား ချိုးဖြတ်ခြင်း ကိစ္စတွင် သူတော်စင် မှော်စာလုံးတောင်ထွတ်ရှိ တပည့်များမှာ ဇူယွမ်၏ မှော်စာလုံး စွမ်းရည်ကို ရှင်းလင်းစွာ သိမြင်ခဲ့ရပေသည်။
ဇူယွမ်မှာ စာအုပ်များ အကြား နစ်မြုပ်နေစဥ်မှာပင် နှာခေါင်းဝ၌ ခပ်ဖျော့ဖျော့ သင်းရနံ့ တစ်ခုအား ရလိုက်၏။ ခေါင်းကို မော့ကြည့်လိုက်သော အခါတွင် သူ၏ရှေ့၌ အပြစ်ကင်းစင်သော လှပသည့် မျက်ဝန်းဝိုင်းလေးများဖြင့် မိန်းမငယ်အား တွေ့ရှိလိုက်ရပေသည်။ ထိုမိန်းမငယ်လေးမှာ သူတော်စင် မှော်စာလုံးတောင်ထွတ်မှ စီနီယာ အစ်မတော်လေး ရှားယွီပင် ဖြစ်သည်။
ဇူယွမ်မှ မော့ကြည့်လာသည်ကို မြင်ရသောအခါ ရှားယွီ၏မျက်နှာလေးမှာ နီရဲသွားကာ အနောက်သို့ သုံးလေးလှမ်းလောက် ဆုတ်သွား၏။ သို့သော် ရှားယွီက သူမ၏နှုတ်ခမ်းအား ဖိကိုက်လိုက်ကာ အနောက်သို့ ဆုတ်နေသော ခြေလှမ်းများအား ရပ်တန့်လိုက်လေသည်။
“စီနီယာအမတော်လေးရှားယွီ တစ်ခုခု လိုအပ်တာများ ရှိလို့လား” ဇူယွမ်မှာ ရယ်မောကာ မေးမြန်းလိုက်၏။ ကြည့်ရသည်မှာ တိုက်ပွဲတုန်းက အဖြစ်အပျက်များအား ရှားယွီမှ မေ့မရသေးဟန် ရှိပေသည်။
ရှားယွီမှာ အလွန် သတိထားသော ပုံစံဖြင့် အနားကပ်လာကာ တိုးညင်းသော အသံဖြင့် စကားဆို လိုက်၏။ “ကန်ရွှမ်းတောင်ထွတ်က ဂူဟွမ်ချီလို့ခေါ်တဲ့ ဂျူနီယာ ညီမတော်လေးက ရှင့်ကို စကားအချို့မှာလိုက်လို့။ လာမယ့် ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ ပြိုင်ပွဲကြရင် ဓားကပ်ဘေး တောင်ထွတ်ကို သတိထားပါတဲ့”
ဇူယွမ်မှာ ခေတ္တမျှ တွေဝေသွားခဲ့သည်။ ဓားကပ်ဘေးတောင်ထွတ်။
“ကျေးဇူးတင်ပါတယ် စီနီယာအစ်မတော်လေး ရှားယွီ” ဇူယွမ်မှ လက်နှစ်ဖက်အားဆုပ်ပြီး အရိုအသေပေးကာ ပြုံးပြလိုက်၏။
ရှားယွီမှာ ခေါင်းကို ခါယမ်းလိုက်ကာ သူမ၏ မျက်လုံးဝိုင်းဝိုင်းလေး များဖြင့် ဇူယွမ်အား ကြည့်လိုက်ပြီး ထပ်ပြော လိုက်လေသည်။ “ရှင်က လာမယ့် ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ ပြိုင်ပွဲအတွက် အထင်ရှားဆုံး ပြိုင်ပွဲဝင်ထဲမှာ ပါနေပြီလို့ ကျွန်မကြားခဲ့တယ်”
“ဒီလိုဖြစ်အောင် သတင်းလွှင့်နေတဲ့ လူအများစုက ဓားကပ် ဘေးတောင် ထွတ်က တပည့်တွေပဲ။ သူတို့ကတမင် ရှင်နာမည်မကြီးကြီးအောင် လုပ်နေကြတာ”
ဇူယွမ်မှာ အံ့အားသင့်သွားခဲ့သည်။ ဇူယွမ်နှင့် ဓားကပ်ဘေး တောင်ထွတ်တို့သည် ဆက်ဆံရေး သိပ်မပြေလည်သည့် အထဲတွင်ပါပြီး သူသည် ခုန်းရှန်၏ အကြံအစည်ကိုပင် နှောင့်ယှက်ခဲ့ဖူးသူ ဖြစ်သည်။ သို့သော်လည်း အဘယ့်ကြောင့် ဓားကပ်ဘေး တောင်ထွတ်မှ သူနာမည်ကြီးအောင် လုပ်ပေးနေရပါသနည်း။ ထိုအရာမှာ လုံးဝပင် အဓိပ္ပါယ်မရှိချေ။
ထို့နောက် ဇူယွမ်သည် ရှားယွီ၏ လင်းလက် တောက်ပနေသော မျက်လုံးဝိုင်းလေးများကို ကြည့်လိုက်ကာ တစ်စုံတစ်ခုအား သဘောပေါက် သွားခဲ့၏။ ဇူယွမ်မှာ တည်ငြိမ်သော အမူအရာဖြင့်ပင် ရေရွတ်လိုက်သည်။ “တော်တော်ကောင်းတဲ့ အကြံအစည်ပဲ”
သူတို့သည် ဇူယွမ့်အား တမင်တကာ ထင်ရှားကျော်ကြားအောင် သတင်းလွှင့်မည်ဖြစ်သည်။ ထိုအခါတွင် လူတိုင်းမှ ဇူယွမ့်အား လာမည့်ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲ၌ ချန်ပီယံနေရာ ရနိုင်မည့်သူဟု ထင်မှတ်လာကြပေမည်။ တကယ့်ပြိုင်ပွဲနေ့မှ ဇူယွမ့်အား အရှက်တကွဲ ရှုံးနိမ့်အောင် ပြုလုပ်ကာ ဇူယွမ်၏ဂုဏ်သတင်းအား ဆိုးရွားသည်ထက် ပို၍ဆိုးရွားအောင် ပျက်စီးစေမည်ဖြစ်၏။
ဤအကြံအစည်အား တွေးတောခဲ့သည့်သူသည် အတော်ပင် ဉာဏ်များပြီး ကောက်ကျစ်တတ်သူသာ ဖြစ်ပေလိမ့်မည်။
ဇူယွမ်မှာ လက်နှစ်ဖက်အား ဆုပ်ကာ ရှားယွီအား အရိုအသေထပ်ပြုလိုက်၏။ ရှားယွီမှာ ထက်မြက်သူ ဖြစ်သဖြင့် ဓားကပ်ဘေး တောင်ထွတ်မှ တပည့်များ၏ ရည်ရွယ်ချက်အား ရှင်းလင်းစွာ သိမြင်ကာ ဇူယွမ့်အား သတိပေးခဲ့လေသည်။
“စီနီယာ အစ်မတော်လေးရှားယွီ တိုက်ပွဲတုန်းက ကိစ္စအတွက် ကျွန်တော် တကယ် တောင်းပန်ပါတယ်” ရှားယွီသည် တိုက်ပွဲမှ အဖြစ်အပျက်အား အမှုမထားပဲ ဇူယွမ်ထံသို့ ပင်လာကာ အရေးကြီးသော သတင်းများအား ပြောပြခဲ့ပေသည်။ ထိုအပြုအမူကြောင့် ဇူယွမ်မှာ တိုက်ပွဲမှ အဖြစ်အပျက်အား တောင်းပန်လိုသော ခံစားချက်များ ဖြစ်ပေါ်လာရသည်။
ရှားယွီမှခေါင်းကို ခါယမ်းလိုက်ကာ ဇူယွမ်အား တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် ရဲတွတ်နေသော ပါးပြင်လေးများဖြင့် ထွက်ခွာ သွားလေသည်။
ဇူယွမ်မှာ ထွက်ခွာသွားသော ရှားယွီ၏ ပုံရိပ်အား ကြည့်ကာ တွေဝေနေခဲ့၏။ မှော်စာလုံး တိုက်ပွဲ၌ ထုတ်ဖော်ပြသခဲ့သော ဇူယွမ်၏ စွမ်းရည်ကြောင့် လူအများစုမှာ သူ့အားပို၍ သတိထား လာကြသည်။ ထို့ကြောင့် လာမည့် ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲတွင် ဇူယွမ့်အား အနိုင်ယူနိုင်ရန် အကြံအစည်များစွာ ကြံစည်ကြတော့မည် ဖြစ်၏။
“မိန်းကလေးတွေနဲ့ပတ်သက်ရင် နင်ရဲ့ကံက တော်တော် ကောင်းတာပဲ” ဇူယွမ် အတွေးများကြား နစ်မြုပ်နေစဥ်မှာပင် အနောက်မှ စနောက်လိုသော အသံတစ်ခုမှာ ထွက်ပေါ် လာခဲ့သည်။ ဇူယွမ်လှည့်ကြည့်လိုက်သော အခါတွင် ယောင်ယောင်မှာ ကျောက်တုံး စာအုပ်စင် တစ်ခုအား မှီကာရပ်နေလျက်ရှိပြီး ဇူယွမ်အား ပြုံးကာ ကြည့်နေလေသည်။
ယောင်ယောင်၏ တောက်ပနေသောမျက်ဝန်းများကို ကြည့်ရင်း ဇူယွမ်မှာ မသက်မသာ ရယ်မောကာ စကားဆိုလိုက်၏။ “စီနီယာ အစ်မတော်လေးရှားယွီက ဒီအတိုင်း ကြင်နာတတ်တဲ့ မိန်းကလေး တစ်ယောက်ပါပဲ”
ယောင်ယောင်မှာ ပျင်းရိနေဟန်ဖြင့် ပြန်၍ ပြောလိုက်လေသည်။ “အခုဘယ်နေရာမှာ ရှိနေတာလဲဆိုတာ နင့်ကိုယ်နင် သိရင်ကောင်းမယ်။ ပြဿနာ မဖြစ်ချင်ဘူး ဆိုရင် တခြား တောင်ထွတ်က အလှဆုံးပန်းလေးကို သွားပြီးတော့ ဂရုစိုက်ြပမနေနဲ့”
ဇူယွမ်သည် ခန်းမ ပတ်ဝန်းကျင်အား လိုက်ကြည့် လိုက်သောအခါ အမှန်တကယ်ပင် အချို့သော သူတော်စင် မှော်စာလုံးတောင်ထွတ်ရှိ တပည့်များ၏ မျက်နှာ၌ ဇူယွမ်မှာ သူတို့၏ ဂျူနီယာ ညီမတော်လေး ရှားယွီကိုပင် သွေးဆောင် ဖြားယောင်ရဲသည်ဟူသော အမူအရာများနှင့် လူသတ်ချင်များ ပြည့်နေသည့် မျက်ဝန်းများအား တွေ့ရှိလိုက်ရေပသည်။
ဇူယွမ်၏နှုတ်ခမ်းများမှာ ကူကယ်ရာမဲ့စွာဖြင့် ရှုံ့မဲ့သွားခဲ့ရ၏။ ယောင်ယောင်မှာ ရယ်ချင်နေသော အမူအရာဖြင့် စာအုပ်ဟောင်း တစ်အုပ်အား ဇူယွမ့်ထံသို့ ပစ်ပေးလိုက်သည်။
“လျှောက်ကြည့်နေတာတွေ တော်တော့။ ငါနင့်အတွက် စာအုပ် ရွေးပေးထားတယ်။ လာမယ့် ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲမှာ ဒုက္ခမရောက်ချင်ဘူး ဆိုရင် ဒီဟာကို လေ့ကျင့် ထားလိုက်တော့”
ဇူယွမ်မှာ စာအုပ်အား ဖမ်းယူကာ လှန်လှောကြည့်ရှုလိုက်ရင်း မျက်လုံးများက ကျယ်ဝန်း လာခဲ့သည်။
“ကောင်းကင်ဘုံလျှပ်စီးနှင့် ထူးခြားသောမီးတောက် အစီအရင်”
ယောင်ယောင်မှာ တည်ငြိမ်နေသော အမူအရာဖြင့်ပင် ရှင်းပြလိုက်၏။ “အခုနင့်ရဲ့ အဆင့်နဲ့ဆိုရင် ဒီအစီအရင်က အသင့်တော်ဆုံးပဲ။ ဒါကို နင်ကျွမ်းကျင်သွားပြီ ဆိုတာနဲ့ ဒီအစီအရင်က နင့်ရဲ့ဝှက်ဖဲတစ်ခု ဖြစ်လာလိမ့်မယ်”
ဇူယွမ်မှာ အလွန်ပင် ပျော်ရွှင်သွားကာ သူ၏ ချောမောခန့်ညားသော မျက်နှာပေါ်၌ အပြုံးတစ်ပွင့် ပေါ်လာခဲ့လေသည်။ “အမကြီးယောင်ယောင်က ကျွန်တော့်အပေါ် အကောင်းဆုံးပဲ”
“အဟက်…”
ယောင်ယောင်၏ နှုတ်ခမ်း ထောင့်စွန်းလေးများမှာ တွန့်ကွေးတက်သွားခဲ့ပြီး သူမ၏ နက်မှောင်နေသော ဆံနွယ်ရှည်လေးများကို ခါယမ်းကာ လှည့်ထွက်သွား၏။
“အဲ့စကားတွေကို နင်တခြား မိန်းကလေးတွေကိုပဲ ပြောဖို့ ချန်ထားသင့်တယ်။ အဲ့လို လှည့်စားတဲ့ စကားတွေက ငါ့အပေါ် အလုပ်ဖြစ်မှာ မဟုတ်ဘူး”