အခန်း ( ၁၀၉ )

အစ်ကိုကြီး အကြံထုတ်ပြီ

အစောင့်အရှောက်အဖြစ် တာဝန်ကျသော တပည့်၏ ပြောကြားချက်အရ ချုံတောင်လေးမှ လူတစ်ယောက်နှင့် တွေ့ချင်သည်ဟု ပြော၍ လာရောက်သော ချီကျင့်ကြံသူအချို့ ဂိုဏ်းအပြင်သို့ ရောက်နေ၏။

လီချန်ရှို့သည် ထိုနေရာကို နတ်အာရုံသုံး၍ အာရုံခံလိုက်သည်။ ဂိုဏ်းဂိတ်တံခါးအပြင်ဘက်တွင် တိမ်စီး၍ ရပ်နေသော လူနှစ်ယောက်ကို တွေ့လိုက်ရ၏။ သူတို့သည် ဂိတ်တံခါးကို စောင့်ကြပ်နေသော နတ်ဝိဇ္ဇာများထံ တစ်စုံတစ်ခု ပေးနေသည့်ပုံပေါ်၏။

လီချန်ရှို့သည် လက်ယမ်း၍ လင်းအယ်ကို သွားတွေ့လိုက်ရန် အချက်ပြလိုက်၏။ အာဒိကပ္ပလောကတွင် ဝါကြီးသူသည် ဝါနိမ့်သူကို ခိုင်းစေနိုင်သော စည်းမျဉ်းရှိလေသည်။

လီချန်ရှို့သည် ခြုံတောင်လေးတွင် ခြင်များရှိလေသ‌လောဟု ဂရုတစိုက်အာရုံခံလိုက်၏။ သို့သော် ခြင်ရှိခြင်းသည် ပြဿနာမဟုတ်ပေ။ ပြီးခဲ့သော လပိုင်းအတွင်း၌ လီချန်ရှို့တစ်ယောက် ပင်ပန်းနေသဖြင့် သတိမထားနိုင်ခဲ့ခြင်းဖြစ်နိုင်ပြီး ယခုတွင် စိတ်အားလက်အား ရှိသွားပြီဖြစ်သဖြင့် အတန်ငယ် စိုးရိမ်စိတ်ဖြစ်သွားမိ၏။

သူသည် ရေကန်ဘေးသို့သွားလိုက်ပြီး ဝိညာဉ်စား ကျောက်စိမ်းဖားတစ်အုပ်ကိုကြည့်လိုက်သည်။ ထို့‌နောက် နတ်အာရုံကိုသုံး၍ တောင်ပေါ်ရှိ နေရာအနှံ့ကို လေ့လာလိုက်သည်။ သူ၏ နတ်အာရုံသည် ပို၍ ထက်မြက်လာပြီး ဝေရှိအတတ်ကို သုံး၍ရနေပြီဖြစ်ကြောင်း သူသိလိုက်ရ၏။

ဝေရှိအတတ်ဆိုသည်မှာ အဘယ်နည်း။

ထိုအတတ်သည် နတ်အာရုံကို ပို၍ အဆင့်မြင့်မြင့်သုံးနိုင်မည့် အတတ်ဖြစ်သည်။ ထိုအတတ်သည် ချီကျင့်ကြံခြင်းအတတ်တစ်ခုမဟုတ်ပေ။ ချီကျင့်ကြံသူများသည် မိမိတို့၏ အာရုံခံစားနိုင်မှုကို တိတိပပနားလည်သဘောပေါက်လာသော အခါမှသာ သုံး၍ ရသောအတတ်တစ်ခုဖြစ်သည်။

ထိုအတတ်ဖြင့်ဆိုလျှင် သူသည် လီ(၁၀၀၀)ကျော်မှ ပုရွက်ဆိတ်လေးတစ်ကောင်ကိုပင် လှမ်း၍ မြင်နိုင်ပေပြီ။

လင်းအယ်တစ်ယောက် ဂိုဏ်းဂိတ်တံခါးမှနေ၍ ပြန်လာပြီဖြစ်သည်။

ယခင်က လီချန်ရှို့ လင်းအယ်ကို အာရုံခံခဲ့လျှင် သူမ၏ ကိုယ်နေဟန်ထား၊ ရုပ်သွင်နှင့် မျက်နှာထားတို့ကိုသာ မြင်နိုင်ခဲ့သည်။ သူမ၏ ဆံနွယ်များ မည်သို့ လှုပ်ယမ်းနေသည်ကဲ့သို့ အသေးစိတ်အချက်အလက်များကိုမူ အနည်းအပါးသာ မြင်နိုင်ခဲ့သည်။

ယခုတွင်မူ မတူတော့ပေ။ သူ၏ နတ်အာရုံသည် သူမ၏ အရေပြားပေါ်ရှိ သွေးကြောလေးများကိုပါ မြင်နိုင်ပေပြီ။

လင်းအယ်၏ အသားအရည်သည် အလွန်ကောင်းမွန်၏။ လီချန်ရှို့တစ်ယောက် သူ၏ ဝေရှိအတတ်ကို သုံး၍ အာရုံခံကြည့်ရာ၌ပင် ပြစ်ချက်ရှာမတွေ့ပေ။ သူမ၏ အသားအရည်သည် ကျောက်စိမ်းကဲ့သို့ ချောမွေ့နေပြီး လက်ချောင်းကလေးဖြင့် တို့လိုက်လျှင်ပင် ထိခိုက်သွားလောက်မတတ် နူးညံ့ပေသည်။

ထိုကဲ့သို့ ပြီးပြည့်စုံသောအရေပြားကို သူဝိညာဉ်ဆေးဖော်ရာတွင် ထည့်သုံး၍ မရသည်မှာ နှမြောစရာပင်။

လီချန်ရှို့သည် နတ်အာရုံကို လင်းအယ်ထံမှ ပြန်ရုတ်သိမ်းလိုက်ပြီး ချုံတောင်‌လေးပေါ်ရှိ နေရာအနှံ့ကို ထပ်မံအာရုံခံလိုက်၏။ ဝေရှိအတတ်ကြောင့် သူ၏ အာရုံခံနိုင်စွမ်းသည် ပို၍ မြန်ဆန်ကာ၊ ပို၍ သက်တောင့်သက်သာ ရှိလာ၏။

‘ ခြင်တွေက ဘယ်မှာလဲ ’

ယခင်က သူသည် ချုံတောင်လေးပေါ်ရှိ ခြင်များကို မျိုးတုန်းသွားအောင် လုပ်ပစ်ခဲ့သည်။ ထို့ကြောင့် တောင်ပေါ်တွင် သာမန်ခြင်တစ်ကောင်မျှပင် မရှိချေ။

“ အစ်ကိုကြီး… ညီမ ဘာယူလာလဲ ကြည့်ပါဦး… ”

လင်းအယ်သည် တိမ်ပေါ်မှ ခုန်ဆင်းလိုက်ပြီး အချီးကျုးခံလိုသည့်ဟန်ဖြင့် အော်ပြောလိုက်သည်။

လင်းအယ်၏ လက်အတွင်း၌ ကျောက်စိမ်းအဆောင်ကလေးတစ်ခုသည် ဖြည်းညင်းစွာ လည်နေလေသည်။ ၎င်းမှနေ၍ အလင်းအနည်းငယ်ထွက်နေပြီး သာမန်ကျောက်စိမ်းအဆောင်တစ်ခုကဲ့သို့ ထင်ရလေသည်။

“ ညီမ စစ်ဆေးပြီးသွားပြီလား… ”

လင်းအယ်ပြန်ဖြေလိုက်၏။

“ ဟုတ် စစ်ဆေးပြီးသွားပါပြီ။ ဒါက စာပို့ကျောက်စိမ်းအဆောင်လေးပါ။ ဘာတံဆိပ်တော်မှ မပါ,ပါဘူး ”

လီချန်ရှို့သည် ထိုကျောက်စိမ်းအဆောင်လေးကို လှမ်းယူလိုက်ပြီး အကြိမ်အနည်းငယ် ထပ်စစ်ဆေးလိုက်၏။

လင်းအယ်က လျင်မြန်စွာ ပြောလိုက်သည်။

“ အစ်ကိုကြီး… ဒါက ဆရာ့အတွက်နော်… ညီမလေးတို့ သွားဖွင့်ဖတ်လို့ မရဘူး ”

“ ဆရာ့အတွက်လား… ”

“ ဟုတ်တယ်… ဂိတ်တံခါးက နတ်ဝိဇ္ဇာတွေပြောတာကတော့ ဒီကျောက်စိမ်းအဆောင်လေးကို ချီကျင့်ကြံသူနှစ်ယောက်က ပေးသွားတာတဲ့။ သူတို့က အရေးကြီးလုပ်စရာရှိသေးလို့ ထွက်သွားကြပြီ။ သူတို့က ချုံတောင်လေးမှာ ဘယ်သူရှိလဲလို့မေးပြီး ဒီကျောက်စိမ်းအဆောင်ကို ဆရာ့ရဲ့ မိတ်ဆွေတစ်ယောက်က ပေးခိုင်းလို့ လာပေးတာလို့ ပြောသွားတယ်တဲ့။ သူတို့က ဒီကျောက်စိမ်းအဆောင်လေးကို ဆရာ့ကို ပေးချင်တာ… ”

လီချန်ရှို့သည် မျက်ခုံးပင့်ကာ အတွင်းမှ စာများကို မြင်လိုဟန်ဖြင့် ကျောက်စိမ်းအဆောင်လေးကို ချိန်ဆရင်း ပြန်ပြောလိုက်သည်။

“ ညီမလေးသာ အစ်ကို့ကို အဲ့အကြောင်းမပြောပြရင် အစ်ကို စိတ်ဝင်စားမှာမဟုတ်ဘူး…. ”

သူသည် ထိုအဆောင်ကို သတိလက်လွတ်မဖွင့်ရဲပေ။ စာပို့ကျောက်စိမ်းအဆောင်အများစုသည် ခပ်ညံ့ညံ့ပြုလုပ်ထားသည့် အဆောင်များဖြစ်ကြ၏။ အတွင်း၌ ရေးထားသောစာများကို ဖတ်ပြီးသွားသည်နှင့် ထိုစာများသည် အလိုလိုပျောက်ကွယ်သွားမည် ဖြစ်၏။ သို့သော် ထိုအရာသည် ထောင်ချောက်ဖြစ်ပါက အတွင်း၌ အန္တရာယ်ပေးနိုင်သော အရာများကို ဝှက်ထားနိုင်လေသည်။

သူ၏ ဆရာအတွက် မြေနတ်ဝိဇ္ဇာတစ်ပါး ဖြစ်လာရန်ပင် မလွယ်ကူခဲ့ချေ။ နောင်တွင် သူ၏ဆရာသည် ကောင်းကင်ဘုံခုံရုံးတွင် အလုပ်လုပ်ခဲ့စေကာမူ နှစ်တစ်သောင်းကျော်လောက်သာ ရှင်သန်နိုင်မည်ဖြစ်သည်။ သူသည် ထောင်ချောက်ဆင်ခံရလျှင် မည်သို့မှ ရှောင်ရှားနိုင်မည် မဟုတ်ချေ။

လင်းအယ် တီးတိုးပြောလိုက်၏။

“ အစ်ကိုကြီး… ဆရာက ဂိုဏ်းအပြင်မှာ မိတ်ဆွေတွေ ဘာတွေ ရှိလို့လား… ”

“ အစ်ကိုသိသလောက်တော့ မရှိဘူးထင်တယ်… ”

လီချန်ရှို့ ပြန်ပြောလိုက်သည်။

“ ဂိုဏ်းအပြင်က မိတ်ဆွေတွေ မပြောနဲ့ဦးး ဂိုဏ်းထဲက မိတ်ဆွေတွေတောင် ဆရာနဲ့ ရင်းရင်းနှီးနှီးသိပ်ရှိတာ မဟုတ်ဘူး။ အင်း…ဆရာကလည်း လွန်ခဲ့တဲ့ နှစ်တစ်ထောင်အတွင်းမှာ ကျင့်ကြံတာမှာပဲ အာရုံစိုက်နေခဲ့တာကိုး… ”

လင်းအယ် သက်ပြင်းသဲ့သဲ့ချ၍ ပြောလိုက်၏။

“ ဆရာက တော်တော် သနားစရာကောင်းတာပဲ… ”

လီချန်ရှို့က လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်၏။

“ ဒီ စာပို့ကျောက်စိမ်းအဆောင်က တစ်ယောက်ယောက်ရဲ့ ထောင်ချောက်ပဲဖြစ်ရမယ်။ လင်းအယ်… အစ်ကို အုတ်ဂူကန်တော့ပြီးပြန်လာတော့ ညီမ အစ်ကို့ကို ပြောခဲ့တဲ့ ကောလဟလကို မှတ်မိသေးလား… ”

သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ရုတ်ခြည်းပင် ထိုကိစ္စ၏ လေးနက်မှုကို သ‌ဘောပေါက်သွားလေတော့သည်။

ထို့ကြောင့် ထိုနှစ်ဦးသည် လီချန်ရှို့၏ တဲအိမ်အတွင်းသို့ သွားလိုက်ကြပြီး တဲအပြင်ရှိ မန္တန်အစီအရင်အသေးလေးများကို နှိုးလိုက်လေသည်။ သူတို့သည် ခေါင်းချင်းဆိုင်၍ ကျောက်စိမ်းအဆောင်လေးကို ဖွင့်လိုက်ကြသည်။

ခေတ္တမျှကြာပြီးနောက်…

“ ဟားဟားဟား… အစ်ကိုကြီး… ညီမပြောသားပဲ ”

လင်းအယ်သည် သူမအစ်ကိုကြီး၏ အိပ်ရာပေါ်တွင် လှဲ၍ ခွက်ထိုးခွက်လန် ရယ်နေလေသည်။ ထိုသို့ ရယ်မောနေသဖြင့် ခေါင်းတွင်ထိုးထားသော ဆံထိုးအနီလေးပင်စောင်းသွားပြီး ဆံပင်များ ရှုပ်ပွသွားလေ၏။

ဆရာဒေါ်လေးကျိုးကျိုးတစ်ယောက် ဤနေရာတွင် မရှိနေခြင်းသည် နာပေသည်။ ဆရာဒေါ်လေးသာ လင်းအယ်တစ်ယောက် ထိုမျှ ရယ်မောနေသည်ကို မြင်လျှင် အံ့အားသင့်နေပြီဖြစ်သည်။

စားပွဲပုလေးဘေးတွင် ထိုင်နေသော လီချန်ရှို့တစ်ယောက် ဆွံ့အနေ၏။ သူသည် ကျောက်စိမ်းအဆောင်လေးအတွင်း၌ ရေးထားသော စာများကို ငေးကြည့်နေ၏။ ထိုစာများသည် တဖြည်းဖြည်းပျောက်ကွယ်နေပေပြီ။

ထိုစာသည် သာမန်စာမဟုတ်ပေ။

ထိုစာသည် “ ဝမ်ကျန်းယွီ ”ဟု လက်မှတ်ရေးထိုးထားသည် အရေးကြီးပုဂ္ဂိုလ်တစ်ဦးထံမှ စာဖြစ်သည်။

လီချန်ရှို့ ငယ်ရွယ်စဉ်အခါက သူ၏ဆရာ အကြောင်းအမျိုးမျိုးကြောင့် အရက်မူးလာလျှင် ထိုအမည်အား အော်ခေါ်တတ်သည်ကို သူမှတ်မိနေ၏။ ထိုသူသည် လီချန်ရှို့၏ ဆရာဒေါ်လေးဖြစ်ရပေမည်။

လီချန်ရှို့သည် စာအတွင်း၌ပါသော အကြောင်းအရာများကို မဖတ်လိုပေ။ သို့သော် သူသည် ထိုစာများပျောက်ကွယ်မသွားခင် ကူးရေးထားရမည် ဖြစ်သဖြင့် ဖတ်မိသလို ဖြစ်သွား၏။

လီချန်ရှို့သည် ထိုကျောက်စိမ်းအဆောင်လေးကိုပင် ဆက်သုံးချင်သော်လည်း ၎င်းတွင်ပါသည့် စိတ်တန်ခိုးများကို အသုံးပြုပြီးသွားပြီဖြစ်သည်။

သူသည် ခေတ္တမျှတွေးတောလိုက်ပြီးနောက် အဝတ်စလေးတစ်ခုကို ထုတ်လိုက်၏။ ထို့နောက် လက်ဝဲလက်ဖြင့် စုတ်တံကိုကိုင်၍ စာများကို အဝတ်စပေါ်တွင် ကူးရေးလိုက်လေသည်။ ရေးပြီးသွားသောအခါ နတ်တန်ခိုးကိုသုံး၍ မှင်များကို ခြောက်အောင်လုပ်လိုက်ပြီး စာအတုကို ဖန်တီးလိုက်လေတော့သည်။

သူသည် ဝမ်ကျန်းယွီ၏ ကိုယ်ရောင်ကိုယ်ဝါပါသော ကျောက်စိမ်းအဆောင်လေးကို သိမ်းထားလိုက်သည်။

“ အစ်ကိုကြီး… စာထဲမှာ ဘာအကြောင်းရေးထားလဲ ”

လီချန်ရှို့က ပြန်ပြောလိုက်၏။

“ ဒီစာ‌ရေးတဲ့ သူက သူဒီနှစ်တွေအတွင်းမှာ အဆင်ပြေနေတယ်ဆိုတာ ဆရာ့ကို ပြောချင်တာ။ သူက ကောင်းမွန်တဲ့ဘဝမှာ နေ,နေတယ်တဲ့။ သူ အရင်တုန်းက မှားခဲ့တယ်တဲ့… ဆရာ့ရဲ့ ဆရာတူအစ်မဖြစ်ပေမယ့် ဆရာ့ကို ကာကွယ်မပေးနိုင်ခဲ့ဘူးတဲ့… ”

လင်းအယ် အတန်ငယ် မျက်မှောင်ကြုတ် လိုက်၏။ သူမ၏ နှုတ်ခမ်းစွန်းနှစ်ခုသည် တွန့်ကွေးသွားပြီး တီးတိုးပြောလိုက်၏။

“ အစ်ကိုကြီး… ညီမလေးတော့ ဒီဆရာဒေါ်လေးကို သိပ်သဘောမကျဘူး ”

“ အင်း… သူပြန်မလာတာ နှစ်ရှစ်ရာ၊ ကိုးရာလောက်ရှိပြီ။ ပြီးတော့ ကြားထဲမှာလည်း ဆရာ့ကို လုံးဝမဆက်သွယ်ခဲ့ဘူး။ အစ်ကိုလည်း သူ့ကို သဘောမကျဘူး ”

လီချန်ရှို့၏ အသံသည် ပို၍ ညင်သာလာသည်။ သူသည် ထိုကဲ့သို့ နူးနူးညံ့ညံ့ ပြောခဲ၏။

“ လူမှုကိစ္စဖြစ်ဖြစ်၊ အခြားကိစ္စဖြစ်ဖြစ် အကုန်လုံးအတွက် အစ်ကိုက အဆိုးဆုံးကို ကြိုတွေးတယ်။ အဲဒါမှ အစ်ကိုက အဆိုးဆုံးအခြေအနေတွေကို ရင်ဆိုင်နိုင်မှာပေါ့… ဒါပေမဲ့ ဒီကိစ္စကိုတော့ အကောင်းဆုံးဖြစ်ဖို့ပဲ အစ်ကို မျှော်လင့်ပါတယ်… ”

“ အစ်ကိုကြီး… အကောင်းဆုံး အခြေအနေက ဘာလဲ ”

လင်းအယ်သည် ဂါဝန်လေးကိုစုသိမ်း၍ သူမ၏ အစ်ကိုကြီးဘေးတွင် ဒူးထောက်ထိုင်လိုက်သည်။ သူမသည် ဂရုတစိုက်နားစွင့်နေပြီး မျက်ဝန်းများထဲတွင်လည်း သိမ်မွေ့မှုများနှင့် ပြည့်နှက်နေလေသည်။

“ အကောင်းဆုံး အခြေအနေက… ဒီဆရာဒေါ်လေးက ဆရာ့ရဲ့ ဒဏ်ရာကို ပျောက်အောင်လုပ်ပေးနိုင်တဲ့ ရတနာတစ်ခုခုသွားရှာပြီး ဆရာ့ရဲ့ တာအိုအခြေခံကို ပြန်ကောင်းအောင်လုပ်ပေးတာပဲ။ ဒါပေမဲ့ သူနှစ်ရာချီရှာတာတောင် အဲ့ရတနာကို ရှာမတွေ့ဘူး။ သူစိတ်ထဲမှာ အားငယ်လာပေမယ့် ဂိုဏ်းကိုလည်း ပြန်မလာဝံ့ဘူး… သူပြန်လာတဲ့အချိန်မှာ ဆရာက ကိုယ့်ကိုယ်ကို လက်လျှော့လိုက်လို့ ဆရာ့ရဲ့ အရိုးအုတ်ဂူကိုပဲ တွေ့လိုက်ရမှာ စိုးထိတ်နေတယ်… ”

“ ဒါကြောင့် နှစ်ပေါင်း ရှစ်ရာ၊ ကိုးရာလောက်ကျမှ အရဲစွန့်ပြီး စာတစ်စောင်ပို့ကြည့်လိုက်တာပဲ… ”

လီချန်ရှို့ စကားဆုံးသွားသောအခါ လင်းအယ်သည် တွေဝေငေးမောနေဆဲဖြစ်ပြီး မျက်လုံးလေးများ အရောင်လက်နေလေ၏။

လင်းအယ် သိမ်သိမ်မွေ့မွေ့ ပြောလိုက်သည်။

“ အစ်ကိုကြီး… တကယ်လို့ တစ်ယောက်ယောက်က တစ်‌နေ့နေ့မှာ ညီမလေးကို ဒဏ်ရာရအောင်လုပ်ခဲ့ရင် အစ်ကိုကြီးရော အခုလို လောကအနှံ့သွားပြီး ညီမလေးအတွက် ဆေးသွားရှာပေးမှာလား ”

“ မပူပါနဲ့… ”

လီချန်ရှို့က ခေါင်းညိတ်၍ လေးလေးနက်နက်ပြောလိုက်သည်။

“ ညီမသာ သေတဲ့အထိ အရိုက်ခံရတာမဟုတ်ရင် ညီမကို ကယ်နိုင်မယ့်နည်းတစ်ခုကို အစ်ကို စဉ်းစားနိုင်မှာပါ။ တကယ်လို့ ညီမသေသွားရင်တောင် ညီမရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ် မပျက်ဆီးသွားဘူးဆိုရင် မြေအောက်လောကကိုသွားပြီး ပြန်ဝင်စားလို့ရတာပဲ မဟုတ်ဘူးလား။ ပြီးတော့ ညီမက ဘာလို့ ဒဏ်ရာရ,ရမှာလဲ… ညီမက စိတ်ငြိမ်သုတ္တန်ကို လုံလုံလောက်လောက် ကူးရေးပြီးပြီမလား… ”

“ ညီမ…‌ ”

လင်းအယ်သည် ရုတ်ခြည်း လက်တွေ့လောကသို့ ပြန်ရောက်သွား၏။ သူမသည် စိတ်ဆိုးဟန်ဖြင့် မျက်လုံးပင့်လိုက်ပြီး သူမ၏ အစ်ကိုကြီးကို ကိုက်ဆွဲပစ်ချင်စိတ် ပေါက်သွားလေ၏။

သို့သော် သူမ၏ အစ်ကိုကြီးတစ်ယောက် အတန်ငယ် မျက်မှောင်ကြုတ်နေသည်ကို မြင်လိုက်သဖြင့် သူမ၏ နှုတ်ခမ်းစွန်းနှစ်ခု အနည်းငယ် တွန့်ကွေးသွား၏။

သူမ၏ အစ်ကိုကြီး ထိုကဲ့သို့ မျက်နှာထားမျိုးကို ဖော်ပြတိုင်း…

လင်းအယ်သည် ချက်ချင်းပင် နောက်သို့ရို့လိုက်ပြီး စိတ်လှုပ်ရှားနေ၏။

‘ ဒီတစ်ခေါက်ကဘယ်သူဖြစ်မလဲ… ငါ အစ်ကိုကြီး အသုံးချတာကို ခံရတော့မှာလား… ’

“ လင်းအယ်… ညီမ တခြားတောင်တွေက တပည့်လေးငါးယောက်လောက်နဲ့ သိလား… ”

လီချန်ရှို့ ဆက်ပြောလိုက်သည်။

“ ဆရာနဲ့ ဆရာဒေါ်လေး ဝမ်ကျန်းယွီတို့ရဲ့ အကြောင်းကို လျှို့ဝှက်ပြီး သတင်းလိုက်ဖြန့်ရမယ်။ ညီမလေး ကြိုက်သလို စီစဉ်ပြီး လုပ်လို့ရတယ်။ ချုံတောင်လေးက ဝမ်ကျန်းယွီက ချုံတောင်လေးက ချီယွမ်ဆီ ပြန်လာတော့မယ်ဆိုတာ တခြားသူတွေ သိသွားရင်ရပြီ…အဲ့လောက်ဆို လုံလောက်တယ်.. ”

လင်းအယ်သည် ထိုအကြောင်းကို တွေးတောဆင်ခြင်ကြည့်လိုက်ရာ အစ်ကိုကြီး၏ အကြံကို နားလည်သွားလေသည်။ သူမတီးတိုးပြောလိုက်၏။

“ အစ်ကိုကြီး… အစ်ကိုကြီး ကြံနေတာက… ”

“ အပိုစကားတွေ ပြောမနေနဲ့တော့… ”

လီချန်ရှို့သည် သူ၏ ညီမလေးကို ကြည့်၍ ပြောလိုက်၏။

“ညီမလည်း ပါဝင်ကူညီခဲ့တယ်လို့ နည်းနည်းခံစားရအောင် ဒီကိစ္စကိုပဲ လုပ်လိုက်ပါ။ အသေးစိတ်အစီအစဉ်ကိုတော့ အစ်ကိုနောက်မှ ဆွဲလိုက်မယ် ”

“ ဟုတ်… ”

လင်းအယ်တစ်ယောက် နှုတ်ခမ်းစေ့လိုက်ပြီး ဆက်၍ စကားမပြောဝံ့တော့ပေ။ သူမသည် သတင်းကို မည်သို့ဖြန့်ရမည်ကိုသာ စတင်တွေးတောလိုက်လေသည်။

သူမသည် အစ်ကိုကြီး မည်သည်ကို ကြံစည်နေကြောင်း သိ၏။ အစ်ကိုကြီးသည် ဆရာ အတိတ်က ရစ်တွယ်ခဲ့သည့် ကမ္မနှောင်ကြိုးများကို ဖြတ်တောက်ပေး၍ ရန်ငြိုးရန်စများကို စာရင်းရှင်းလိုခြင်းပင်။

*****

လီချန်ရှို့ မျှော်လင့်ထားသကဲ့သို့ပင် သူ့ဆရာကို စာအတုပေးလိုက်သောအခါ တာအိုရသေ့အိုကြီးချီယွမ်သည် သူစာခိုးဖတ်ထားကြောင်းကို ရိပ်မိသွား၏။ ထုံစံအတိုင်းပင် သူ၏ဆရာသည် မြင်းမြီးနှင်တံကို မြှောက်၍ ချုံတောင်လေးပေါ်တွင် ပတ်၍ပြေးနေသော လီချန်ရှို့ကို တစ်နာရီမျှကြာအောင် နောက်မှ လိုက်ရိုက်ခဲ့လေသည်။

ချီယွမ်သည် စာကိုဖတ်ပြီးသွားသောအခါ သက်ပြင်းချလိုက်၏။ သူ မည်သည့်စကားကိုမှ မပြောခဲ့သလို ဝမ်းသာသွားဟန်လည်း မရှိပေ။

တာအိုရသေ့အိုကြီးချီယွမ်သည် ပို၍ပင် အိုစာပုံပေါက်သွား၏။ သူသည် သူ၏အခန်းအတွင်း၌သာ ဆက်၍ တရားထိုင်နေလိုက်သည်။

လင်းအယ်သည် ထိုအခြင်းအရာကို တွေ့သောအခါ စိုးရိမ်ပူပန်နေလေသည်။

“ အစ်ကိုကြီး…ဘာလို့ ဆရာက တစ်စက်ကလေးတောင် ဝမ်းသာသွားပုံ မပေါ်တာလဲ ”

လီချန်ရှို့တစ်ယောက် တင်ပါးကို ပွတ်ရင်း နှုတ်ခမ်းစေ့လိုက်သည်။ သူသည် ညီမလေးထံသို့ အသံပို့လွှတ်လိုက်ပြီး သူ့ဆရာကို အပြစ်တင်လိုက်လေသည်။

“ ဆရာက ခေါင်းမာတဲ့သူပဲ… ပြီး‌တော့ သဘောပေါက်တာလည်း နှေးတယ်။ ဆရာက အခု ဆရာဒေါ်လေးသူ့ကို ထားသွားတာနဲ့ အတိတ်က ရန်ပွဲကို ရှုံးခဲ့တဲ့အပေါ်မှာပဲ အာရုံရောက်နေတုန်းနေမယ်။ သူ အချိန်တစ်ခုလောက်အထိ အဲ့အကြောင်းကိုပဲ တွေးပြီး ဆွေးနေဦးမှာ။ အစ်ကိုပြောတာ မယုံရင် ညီမလေး နောက်တစ်နာရီလောက်ကျရင် လာကြည့်လိုက်။ ဆရာတဲထဲမှာ ခုန်ပေါက်ပြီး အူမြူးနေတာကို တွေ့ရလိမ့်မယ်… ”

ထိုသို့ပြောပြီးနောက် လီချန်ရှို့သည် ခေါင်းခါယမ်းလိုက်ပြီး တိမ်စီးကာ ဆေးဖော်ဆောင်ဆီသို့ ထွက်သွားလေတော့သည်။ သူသည် မသွားခင် ပွစိပွစိ ပြောခဲ့သေးသည်။

သူ ကျောက်စိမ်းအဆောင်လေးကို ကြို၍ ဖွင့်ခဲ့ခြင်းသည် သူ့ဆရာ၏ လုံခြုံရေးအတွက်သာဖြစ်၏။

*****

တစ်နာရီကြာပြီး‌နောက်…

ပြတင်းပေါက်ကလေးကို မှီနေသောလင်းအယ်သည် ဂလုံးဂလွမ်းအသံများကို ရုတ်တရက် ကြားလိုက်ရ၏။ သူမဆရာ၏ တဲအိမ်အတွင်းမှ နေ၍ ရယ်မောသံတစ်သံ ထွက်ပေါ်လာ၏။ သူမ၏ဆရာသည် သစ်သားတံခါးလေးကို တွန်းဖွင့်လိုက်သည်။

တာအိုရသေ့အိုကြီးသည် အပြင်ကို ခုန်ထွက်လာပြီး မြင်းမြီးနှင်တံကို မြှောက်ကာ အော်ပြောနေလေသည်။

“ ချန်ရှို့…လင်းအယ်… မင်းတို့ရဲ့ ဆရာဒေါ်လေးက ငါ့ဆီကို စာပို့လိုက်ပြီ… ”

လင်းအယ်သည် ကိုယ့်နဖူးကိုယ်သာ ရိုက်လိုက်ရ၏။ သူမသည် ဝင်၍ သရုပ်ဆောင်ပေးလိုက်ပြီး ပြန်အော်ပြောလိုက်၏။

“ ဆရာ… အဲဒါ တကယ်ပဲလား… ”

“ အာ…တကယ်ပေါ့… လင်းအယ် မြန်မြန်လာပြီး ဒါကို လာကြည့်စမ်း… ”

“ ဟုတ်ကဲ့ဆရာ… လင်းအယ်လာခဲ့ပါမယ် ”

လင်းအယ်သည် ပြုံး၍ လီချန်ရှို့ ကူးယူထားသောစာကို ဖတ်ရန် သွားလိုက်လေသည်။

ဆေးဖော်ဆောင်အတွင်းရှိ လီချန်ရှို့သည် ထိုမြင်ကွင်းကိုတွေ့သောအခါ စိတ်သက်သာရာရသွားဟန် သက်ပြင်းချလိုက်၏။ ဆက်၍လုပ်ရမည့် အရာမှာ သတင်းများ ပျံ့သွားမည့်အချိန်ကို စောင့်ရန်ဖြစ်သည်။

‘ အင်း.. ညီမလေး ဆရာဒေါ်လေးဝမ်ကျန်းယွီနဲ့ ပတ်သက်တဲ့ သတင်းကိုဖြန့်ပြီးသွားပြီဆိုရင် ဆရာ့ရဲ့ ရန်သူက ဘယ်သူလဲဆိုတာ ငါတို့သိလာနိုင်မလား စောင့်ကြည့်ရမှာပေါ့… ”

‘ အဲ့ရန်သူကို ငါတို့ချုံတောင်လေးဆီ ပြဿနာလာရှာတဲ့အထိ ရန်စနိုင်ရင် အကောင်းဆုံပဲ… ”

သို့သော် လီချန်ရှို့သည် ထိုကိစ္စတစ်ခုတည်း အပေါ်တွင်ပဲ အာရုံစိုက်ထားသည်မဟုတ်ပေ။ သူ့တွင် ယနေ့အတွက် အရေးကြီးလုပ်စရာ နှစ်ခုရှိသေးပေသည်။

ပထမတစ်ခုမှာ ကျင့်ကြံ၍ ဉာဏ်အလင်းပွင့်အောင် လုပ်ရမည့် ကိစ္စပင်။

ဒုတိယတစ်ခုမှာ သူသည် တစ်ရက်လျှင် နှစ်နာရီမျှ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများ၏ တိုးတက်လာမှုကို ရုပ်တုများမှတစ်ဆင့် အာရုံခံလေ့လာရန် ဖြစ်သည်။

သူသည် နတ်တမန်တော်များအား မကြာခဏ အိပ်မက်ပေး၏။ ထို့ပြင် သူ့ကို ကိုးကွယ်သော ကြင်နာတတ်သည့်သူများကိုလည်း ကောင်းချီးများပေး၏။

သူသည် ထိုလမ်းကို မိမိဘာသာရွေးခဲ့ပြီဖြစ်သဖြင့် “တရာမဝင်နတ်မင်း” ဂုဏ်ပုဒ်နှင့် ထိုက်တန်စေရန် အကောင်းဆုံးကြိုးစားရပေမည်။ ပြီးမှ ဖြည်းဖြည်းချင်း အခွင့်အရေးရှာ၍ နတ်မင်းရာထူးကို အခြားသူတစ်ယောက်အား လွှဲပေးရမည်ဖြစ်သည်။

နဂါးအစောင့်အရှောက်အချို့သည် အလွန်စွမ်းအားကြီး၍ အားကိုးရကြောင်းကိုလည်း ဖော်ပြရန် ထိုက်တန်၏။

ထိုနဂါးအစောင့်အရှောက်များသည် မကြာသေးမီက ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများအနီးတွင် မိစ္ဆာအရောင်အဝါများကို တွေ့ခဲ့၏။ သူတို့သည် ထိုမိစ္ဆာ၏ နောက်ကြောင်းကို စုံစမ်းခြင်းပင် ပြုမနေတော့ဘဲ မတုံ့မဆိုင်းဖြင့် ထိုမိစ္ဆာကို တွေ့သည့်နေရာမှာပင် ထိပ်တိုက် တိုက်ခိုက်ခဲ့လေသည်။ သူတို့သည် ထိုမိစ္ဆာပျံကို လီ(၃၀,၀၀၀) ကျော်အထိလိုက်လံတိုက်ခိုက်ခဲ့ပြီး သေမျိုးလောကရှိ မြို့ကြီးတစ်မြို့တွင် ထိုမိစ္ဆာကို သတ်ပစ်ခဲ့ကြ၏။

အာဒိကပ္ပလောကရှိ နဂါးများသည် အေးအေးလူလူနေတတ်သူများဖြစ်သော်လည်း လိုအပ်လာလျှင် ရက်စက်ပေသည်။

ထို့နောက် နောက်ကွယ်မှ လျှို့ဝှက် အကြံပေးသူတစ်ဦးကြောင့် မိစ္ဆာတစ်အုပ် ထပ်မံ‌ရောက်လာခဲ့သည်။ တောင်သမုဒ္ဒရာတွင် ပုန်းအောင်းနေသော ရေနဂါးစစ်သည်များနှင့် ပညာရှင်များသည် ထိုမိစ္ဆာအုပ်စုကို အတူတကွ တိုက်ခိုက်ခဲ့ကြသည်။ သူတို့သည် ထိုမိစ္ဆာအုပ်စုကို အချိန်ပိုင်းအတွင်းမှာပင် အနိုင်ယူနိုင်ခဲ့လေသည်။

ရုပ်တုများမှတဆင့် အာရုံခံကြည့်ရှုနေသော လီချန်ရှို့သည် လွန်စွာ စိတ်သက်သာရာ ရခဲ့၏။ ထိုကဲ့သို့ ပဋိပက္ခမျိုး နောက်ထပ်အကြိမ်အနည်းငယ် ဖြစ်ပြီးလျှင် တောင်သမုဒ္ဒရာတစ်ဝိုက်ရှိ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများသည် နဂါးမျိုးနွယ်က အမွှေးတိုင်ပူဇော်မှုစုဆောင်းရန် အသုံးပြုနေသော ဘုံကျောင်းများဖြစ်ကြောင်း တောင်ကျွန်း၏ အနောက်တောင်ဒေသတစ်ခုလုံးကို ကြေညာနိုင်ပေပြီ။

နဂါးမျိးနွယ်သည် သမိုင်းအစဉ်အလာကြီးခဲ့သော မျိုးနွယ်တစ်ခုဖြစ်ပြီး လက်ရှိတွင် ဒေါသများဖြင့် ပြည့်နေပေသည်။ အနောက်ကျောင်းတော်သည်ပင် သူတို့ကို အနည်းငယ်ရှိန်၏။ ထို့ပြင် လူသိခံ၍ မရသည့် အကြောင်းများလည်းရှိနေသဖြင့် နောက်ကွယ်မှ လျှို့ဝှက်ကြိုးကိုင်နေသူများသည် စွမ်းအားကြီးသော မိစ္ဆာများကိုသာ ထိန်းချုပ်၍ နဂါးအစောင့်အရှောက်များကို သွေးတိုးစမ်းနေခြင်းပင်။ သူတို့သည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများနှင့် ပေါ်ပေါ်ထင်ထင် ရန်ပွဲများ မဖြစ်လိုသေးပေ။

လီချန်ရှို့သည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများ၏ နဂါးအစောင့်အရှောက်များကို သူ၏ အသုဘလုပ်ငန်းစဉ်များဖြစ်သော မီးသင်္ဂြိုလ်ခြင်း၊ ပြာကျဲခြင်းနှင့် သုတ္တန်များရွတ်ဆိုပေးခြင်းတို့ကို လုပ်ခိုင်း၍ မရသဖြင့် အတန်ငယ် စိတ်မကောင်းဖြစ်နေ၏။ မဟုတ်လျှင် ထိုအသုဘလုပ်ငန်းစဉ် မြင်ကွင်းသည် သေချာပေါက် အလွန်ခမ်းနားပေလိမ့်မည်။

လီချန်ရှို့သည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကို စောင့်ကြည့်နေရင်းမှာပင် ဂိုဏ်းအတွင်းကိုလည်း သုံးလတိုင်တိုင် လျှို့ဝှက်အာရုံခံနေခဲ့၏။

ဂိုဏ်းအတွင်းမှ လူအများစုသည် ချုံတောင်လေးနှင့်ပတ်သက်သော အတင်းအဖျင်းများကို သိရှိပြီးနေပေပြီ။ သို့သော် သူတို့သည် ပြုံး၍ စကားအနည်းငယ်သာ ပြောခဲ့ကြ၏။

ရန်သူသည် သူ၏သဲလွန်စကိုပင် မပြခဲ့ပေ။ ထိုရန်သူသည် လီချန်ရှို့နှင့် မည်သူက ပို၍ စိတ်ဓာတ်ခိုင်မာကာ စိတ်ရှည်ကြောင်း အသံတိတ် ပြိုင်ဆိုင်နေသကဲ့သို့ပင်။

သို့သော် ထိုအရာသည် အရေးမကြီးပေ။ လီချန်ရှို့သည် စိတ်ရှည်လက်ရှည်ဖြင့် စောင့်နိုင်၏။ သို့ရာတွင် သုံးလကြာပြီးနောက် သူ၏ဆရာထံသို့ ဒုတိယစာတစ်စောင်ရောက်ရှိလာရာ လီချန်ရှို့ အံ့အားသင့်သွားလေတော့သည်။

ချီယွမ်သည် ထိုစာကို ဖတ်ပြီးသောအခါ ပို၍ပင် စိတ်လှုပ်ရှားလာလေသည်။

တာအိုရသေ့အိုကြီးသည် လီချန်ရှို့နှင့် လင်းအယ်ကို သူ့ထံခေါ်လိုက်၏။ သူသည် ပြုံးဖြီးနေရာ နှုတ်ခမ်းမွေးများသည် မျက်ခုံးမွေးများနှင့် သွားငြိတော့မယောင်ပင်ထင်ရ၏။ ထို့နောက် ချီယွမ်သည် တည်ငြိမ်စွာပင် ပြောလိုက်၏။

“ ချန်ရှို့၊ လင်းအယ်… ငါ အခု ဂိုဏ်းပြင်ကို သွားရမယ်။ အဲ့အတောအတွင်း ချုံတောင်လေးကို ဂရုစိုက်ထားပါ ”

လီချန်ရှို့ မျက်မှောင်ကြုတ်သွား၏။ သူ၏ ဆရာသည် ဂိုဏ်းဂိတ်တံခါးဆီသို့ပင် ပျံသန်းသွားနေပေပြီ။

‘ ဆရာ… ဘာလို့ဒီလောက် အလျင်လိုနေရတာလဲ… ’

‘ ဆရာ့ကို အကောက်ကြံနေတာဆို ဘယ်လိုလုပ်မလဲ… ’

လီချန်ရှို့ လျင်မြန်စွာပင် လှမ်းအော်လိုက်၏။

“ ဆရာ…နေပါ… ”

လီချန်ရှို့သည် ထိုစကားလုံးမှာ နိမိတ်မကောင်းဟုခံစားလိုက်ရဖြင့် ပြောမည်လုပ်ပြီးမှ “ ရပ်ပါဦး… ”ဟု ပြန်ပြောင်း၍ ပုံမှန်အသံဖြင့် လှမ်းပြောလိုက်လေတော့သည်။

***


Comment

  1. Anonymous says:

    ဟိုင်း။
    ဒီကနေ ဆက်ဖတ်မယ်ဆိုရင်
    ၀န်ဇင်းကနေ
    စာစဉ် ဘယ်လောက်ကစ၀ယ်ရမှာလဲဗျ

    1. Anonymous says:

      စာစဥ် ( ၉ ) ကနေ ဆက်ဖတ်ပါ။ အခန်း ( ၁၁၂ ) ကနေ စပါမယ်

Leave a Reply


Options

not work with dark mode
Reset