Switch Mode

အခန်း ( ၇ )

လိပ်ဒယ်အိုးနှင့် ချိတ်ဆက်ခြင်း

နောက်ရက်များတွင် ဖက်တီးကျန်းနှင့်အစ်ကိုများမှာ ပိုင်ရှောင်ချန်း၏ တဲတစ်ဝိုက်ကို မျက်စိဒေါက်ထောက် စောင့်ကြည့်နေကြရသည်။ ပိုင်ရှောင်ချန်ကတော့ ချီစုစည်းမှုအဆင့်နှစ် ကို ပြီးမြောက်ပြီးနောက်ပိုင်း ယုံကြည်မှုပိုမိုမြင့်တက်လာ၍ ကျင့်ကြံမှုကိုသာ အာရုံစိုက်နေသည်။

လောလောဆယ်လည်း သူ့တဲထဲမှာပင် တစ်ကိုယ်တည်း အဝတ်ဗလာ ချွေးတလုံးလုံးဖြင့် နာကျင်မှုကို အံကြိတ်ခံရင်း ဝါးစာလိပ်ထဲမှ တတိယကျင့်ကြံပုံအညွှန်း ကိုယ်နေဟန်အတိုင်း ကြိုးစားလိုက်လုပ်ရင်း အလုပ်ရှုပ်နေသည်။

သူ၏ချီကြောမှာလည်း တဖြည်းဖြည်းကြီးမားလာကာ သူ၏ခန္ဓာကိုယ်အတွင်း တဝုန်းဝုန်း မြည်ဟီးရင်း လှည့်လည်စီးဆင်းလျက်ရှိသည်။ အရင်ဝဖိုင့်ဖိုင့် ခန္ဓာကိုယ်မှာလည်း ယခုအခါ စားဖိုဆောင် မရောက်ခင်ကထက်ပင် ပိုမိုပိန်ကျသွားသည်။

သို့သော် ခန္ဓာကိုယ်အတွင်းစွမ်းအင်မှာ ယခင်ကထက် သိသိသာသာတိုးတက်လာသည်။ ကျင့်ကြံမှု အဆင့်မြင့်တက်လာသည်နှင့်အတူ သူ၏အရိုးပြိုင်းပြိုင်း ခန္ဓာ ကိုယ်မှာ ကိုယ်တွင်းစွမ်းအင်များဖြင့် ပေါက်ကွဲလုမတက် ပြင်းထန်နေသည်။ အကယ်၍ ဂရုတစိုက်နားထောင်ကြည့်ပါက သူ၏အခန်းကျဉ်းလေးထဲတွင် ပဲ့တင်ထပ်နေသော နှလုံးခုန်သံကိုပင်ကြားရနိုင်သည်။

ကိုယ်တွင်းစိတ်စွမ်းအင်များကြောင့် တိုးပွားလာသော စွမ်းအားများကို ခံစားရသော်လည်း သူ၏ပိန်လာသော ခန္ဓာကိုယ်မှာ ဒဏ်မခံနိုင်သောကြောင့် နောက်ဆုံးတွင်လက်လျှော့လိုက်ရသည်။

မျက်လုံးများလည်း သွေးရောင်ဖြင့်နီရဲနေပြီး မည်သို့မှ ရှေဆက်ကျင့်နိုင်စွမ်း မရှိလောက်အောင် သူ့ခန္ဓာကိုယ်မှာ ပင်ပန်းနွမ်းလျနေသည်။ ကျင့်ကြံစဉ်အတွင်း မြေပြင်နှင့်ကောင်းကင်မှ စိတ်စွမ်းအားများစီးဝင်လာသော်လည်း သူ့ခန္ဓာကိုယ်မှ အမှန်တကယ်ကုန်ဆုံးသွားသောစွမ်းအင်နှင့်ယှဉ်လျင် မကာမိပေ။ ပို၍ဆိုးသည်မှာ ပြန်လည်ဖြည်တင်းရန်အတွက် စားဖိုဆောင်တွင်ရတတ်သော အဖိုးတန်အစားအသောက်များမှာလဲ ရံဖန်ရံခါသာရတတ်သည်။

ဒယ်စောက်အိုး ခရမ်းရောင်ချီကို ထိန်းချုပ်နည်း ကျင့်စဉ်မှာ လူအများစုအတွက် နှစ်ချီကြာမှ တစ်ကြိမ်သာကျင့်နိုင်သော ကျင့်စဉ်မျိုးဖြစ်သည်။ စိတ်ထက်သန်လှပါသည်ဆိုသော သူများပင် တစ်ရက်တစ်ကြိမ်သာ ကျင့်နိုင်သည်။ ဖက်တီးကျန်းတို့ အံသြမည်ဆိုလဲ အံသြစရာပင်၊ ပိုင်ရှောင်ချိန်တစ်ယောက် နေ့မနားညမအားကျင့်ကြံနေပုံမှာ အတွင်းစည်းဂိုဏ်သားများအတွက်ပင် အဆန်းတကြယ်ဖြစ်နေမည့် ဇွဲ ဝီရိယမျိုးဖြစ်သည်။

ဤမျှအဆင့်သော ကျင့်ကြံမှုမျိုးကို ရောက်ရှိနေတာတောင်မှ ပိုင်ရှောင်ချန်မှာ အားမလိုအားမရဖြင့် ကျေနပ်ပုံမပေါ်သေး။ ပိုင်ရှောင်ချန်မှာ မပိုင်ရင် ခြင်တောင်မရိုက်ဆိုသောလူစားမျိုးဖြစ်သည်။ နောက်ဆုံးကြံရာမရသည့်အဆုံး သူ့၏အဖိုးတန် အဆင့်မြှင့်ထားသော ဝိဉာဉ်ဆန်စေ့ကို အတန်ကြာမျှအလွမ်းသယ်ပီးနောက် သာမန်ဒယ်အိုးတစ်လုံးဖြင့် ချက်စားလိုက်တော့သည်။

ဆန်စေ့မှာ သူပါးစပ်ထဲ ရောက်သည်နှင့် စိတ်စွမ်းအင်များအဖြစ်ပြောင်းလဲသွားသည်။ ထိုဆန့်စေ့သည် သာမန်ဝိဉာဉ်ဆန်ထက် အဆပေါင်းများစွာ အစွမ်းရှိလေသည်။ သူခန္ဓာကိုယ်အတွင်း စွမ်းအင်များ၏ အချက်ပေးသံ ကြားသည်နှင့် ပိုင်ရှောင်ချန်မှာ ကျင့်ကြံခြင်းလုပ်ငန်းစဉ်ကို ပြန်လည်စတင်လေသည်။ တတိယပုံမှ ကိုယ်နေဟန်အတိုင်းပြန်ထိုင်ပီးနောက် အသက်ရှူ နှုန်းကို စည်းချက်ညှိရသည်။

လဝက်လောက်အကြာ ညလယ်ခေါင်တွင် ခန္ဓာကိုယ်မှာ ထူးခြားမှုတစ်ခုပေါ်ပေါက်လာပီးနောက် ပိုင်ရှောင်ချန်မျက်လုံးဖွင့်လာသည်။ ရုတ်ခြည်းဆိုသလို ချီစုစည်းမှု အဆင့်နှစ်မှ အဆင့်သုံးသို့ ကူးပြောင်းနိုင်ပြီ ဖြစ်ကြောင်းသတိပြုမိလာသည်။

ယခုအောင်မြင်မှုကြောင့် ပိုင်ရှောင်ချန်မှာရူးမတတ် ပျော်ရွှင်ပြီး ဝမ်းသာပီတိမျက်ရည်များဖြင့် စိတ်လွှတ်လက်လွှတ် ရယ်မောလေသည်။ လက်ရှိသူ့ ချီကြောမှာ မြစ်တစ်စင်းပမာဏမျှထိ တိုးတက်လာသည်။

” ချီစုစည်းမှုအဆင့်သုံး။ တော်တော်ကိုမိုက်တာပဲ” နောက်ထပ် စွမ်းအင်မြှင့် ဝိညာဉ်ဆန်ထပ်ထုတ်ရန်အတွက် စုတ်တစ်ချက်သတ်ပီးနောက် ထိုင်ရာမှထလိုက်သည်။ သို့ရာတွင် ဝါးစားလိပ်တွင်ဖော်ပြထားသောအချက်တစ်ချက်ကို ရုတ်တရက် သတိရပီးနောက် တွန့်ဆုတ်သွားသည်။ ဖော်ပြချက်အရ ကိုယ်တွင်း သွေးကြော ကြီးထွားလာမှုကို ခန္ဓာကိုယ်အနေဖြင့် ဖြေညှိရန်အတွက် ကျင့်ကြံခြင်းကို ခေတ္တမျှရပ်နားထားရန်လိုအပ်သည်။

ထို့ကြောင့်ဝိညာဉ်ဆန်ဖန်တီးရန်အစီအစဉ်ကို အသာမေ့ထားလိုက်ပီး ခေါင်းကိုမော့ ရင်ကိုကော့၍ အခန်းပြင်ထွက်ရန်ပြင်လိုက်သည်။ တံခါးဝကိုခြေချမိသည်နှင့် စားဖိုဆောင်လမ်းကြားလေးနှင့် အပေါက်ဖြစ်နေသော သစ်ပင်ကို အကြည့်ကရောက်ပြန်သည်။ အချိန်မှာ ညဉ့်နက်ပြီဖြစ်သော်လည်း သစ်ပင်နှင့် သစ်ပင်ပေါ်ရှိ အပေါက်ကို သဲသဲကွဲကွဲမြင်နေရသည်။

“ခုလိုနေလို့မဖြစ်သေးပါဘူး၊ ရွှီပေါင်ချိုင်ရဲ့ သစ်သားဓားက တော်တော်ကိုထူးကဲတယ်၊ ချီစည်းမှုအဆင့်သုံးလောက်နဲ့လဲ ငါမလုံခြုံနိုင်ဘူး”အတန်ကြာမျှ မျက်မှောင်ကျုံ့ မှုန်ကုတ်ကုတ်နှင့် စဉ်းစားပြီးနောက် သူ၏ ရောင်စုံသစ်သားဓားကိုတစ်လှည့် အခန်းထဲက ဒယ်အိုးဖင်ကိုတစ်လှည့်ကြည့်လျက် အကြံထုတ်နေသည်။

“နောက်ထပ် စိတ်စွမ်းအင်အဆင့်မြှင့်တင်မှုတစ်ခု ထပ်လုပ်ထားမှ ဖြစ်မယ်” အတွေးအဆုံးမာပဲ စိတ်မြန်လက်မြန်ဖြင့် စားဖိုဆောင်မှ ဝိညာဉ်ထင်းတစ်ချို့ကို သွားသယ်လိုက်သည်။

ပြင်ဆင်စရာရှိတာပြင်ဆင်ပြီးနောက် မီးမွှေးပြီး သူ့၏ထူးခြားသောဒယ်အိုးကိုတင်သည်။ အင်းကွက်အစုံ ရုပ်လုံးပေါ်လာသည်နှင့် သစ်သားဓားကို အိုးထဲထည့်လိုက်သည်။

သို့သော် အချိန်အတော်ကြာစောင့်ပြီးသည့်တိုင် ပြောင်းလဲမှုတစ်စုံတစ်ရာဖြစ်မလာပဲ ဝိညာဉ်ထင်းများသာ ပြာဖြစ်သွားသည်။ ထို့ကြောင့်ထင်းအချို့ထပ်ရှာရပြန်သည်။ အဖန်တလဲလဲ စမ်းသပ်ပြီးသည့်တိုင် သစ်သားဓားမှာ ဘာမှ အပြောင်းအလဲပေါ်မလာခဲ့ပေ။

“ဒီထင်းတွေက တစ်ရောင်ခြယ် မီးတောက်အတွက်ဟာတွေဆိုတော့ သိပ်မပူလို့များလား၊ နှစ်ရောင်ခြယ်မီးတောက်ကထွက်တဲ့အပူဆိုရင်တော့ ရမယ်ထင်တယ်” အခန်းအပြင်ထပ်ထွက်ပြီး စားဖိုဆောင်မှာပင် ရှာပါးသော ခရမ်းရင်ရောင်ထင်းတစ်စကို သယ်လာပြန်သည်။

မီးရှို့့လိုက်သောအခါ တစ်ရောင်ခြယ်မီးထက် များစွာပိုပူသော နှစ်ရောင်ခြယ် မီးတောက်ထွက်ပေါ်လာသည်။ဒယ်အိုးအောက်ခြေကို မီးမဟပ်ခင်မှာပင် အခြေရှိ အင်းကွက်ပုံမှာ လင်းလက်တောက်ပလာသည်။

“တကယ်အလုပ်ဖြစ်တယ်ကွ” သစ်သားဓားကို အိုးထဲခပ်မြန်မြန်ပစ်ထည့်လိုက်သောအခါ ဓားမှာ ငွေရောင် တလက်လက်ထလာသည်။ ယခုအကြိမ်မှာ ယခင် စိတ်ဝိဉာဉ်မြှင့်တင်စဉ်ကထက် အချိန်တော်တော်ကြာကြာခံနေသည်။

အလင်းရောင် စတင်မှိန်ကျလာပီးနောက် ရုတ်တရက် စူးရှတောက်ပသော အလင်းတန်းတစ်ခုထွက်ပေါ်လာပီး ပိုင်ရှောင်ချန်ဆီသို့ တည့်တည့်သွားမှန်သည်။ အဖြစ်အပျက်မှာ မြန်ဆန်လွန်းလှသောကြောင့် ပိုင်ရှောင်ချန်းမှာ လှုပ်ချိန်ပင်မရလိုက်ပဲ အေးစက်ခြောက်ကပ်သော ခံစားချက်တစ်ခုကိုခံစားလိုက်ရသည်။ ကျောချမ်းဖွယ်အအေးဓာတ်က သူ့ခန္ဓာကိုယ်အတွင်းလှိုက်စားဝါးမျိုလာပြီး ရှောင်ချန်တစ်ယောက် မရှူ နိုင်မကယ်နိုင်ဖြစ်လာသည်။

မျက်နှာမှာသွေးဆုတ်လာပီး အမြင်အာရုံများလည်း ဝေဝါးနေပြီး သူ့ခန္ဓာကိုယ်အတွင်းမှ တစ်စုံတစ်ခုကို လိပ်ဒယ်အိုးက စုပ်ယူနေသလိုပင်။

နောက်ဆုံးတော့ ငွေအလင်းတန်း ပျောက်ကွယ်သွားပြီး ဒယ်အိုးထဲရှိသစ်သားဓားမှာ အရင်နှင့်မတူ တမူထူးကာ တောက်ပလျက်ရှိသည်။တကယ်တော့ တောက်ပလွန်းလို့ စိုက်ကြည့်မိလျှင်ပင် မျက်စိစူးသည်အထိ ဖြစ်ေနသည်။

အရင်ကဲ့သို့အရောင်စုံ ဆက်ရှိနေသော်လည်း သစ်သား၏အတွင်းသားအကြောများမှာ လုံးဝပြောင်းလဲသွားသည်။ ဆေးတွေကိုသာ ခြစ်ထုတ်လိုက်ပါက ဓားတစ်ခုလုံး ကြယ်ရောင်ကဲ့သို့ တလက်လက်လင်းနေမည်ထင်ရသည်။ပြောရမည်ဆိုလျှင် လုံးဝဓားအသစ်တစ်ချောင်းအဖြစ် ပြောင်းလဲသွားခြင်းဖြစ်သည်။

ဓားအသစ်ပေါ်လာသည့် တစ်ချိန်တည်းမှာပင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တောင်ဘက်ကမ်းပါးထက် ကောင်းကင်ယံတွင် မိုးကြိုးလျှပ်စီးများ ယှက်သန်းလာသည်။ ကောင်းကင်ဘုံမှာ ဒေါသတစ်ကြီး သောင်းကျန်းနေသလိုဖြစ်နေရာ နတ်ရေစင်စမ်းချောင်းဂိုဏ်း ကျင့်ကြံသူအချို့ပင် စိုးရိမ်ထိတ်လန့်နေကြသည်။

မိုးကြိုးများ ပစ်ခတ်နေစဉ်တွင် ဒုတိယငွေရောင် အင်းကွက်တစ်ကွက် ထွက်ပေါ်လာပီး မျက်တစ်ခတ်မျှအတွင်းမှာပင် ပျောက်ကွယ်သွားသည်။

သို့သော် ပိုင်ရှောင်ချန်းမှာ ယခုထက်တိုင် ဓါးကိုမကြည့်နိုင်သေးပဲ ခါးသီးသောမျက်နှာထားနှင့် ဒယီးဒယိုင်နောက်ဆုတ်နေသည်။ အချိန်အတော်ကြာပီးနောက် ခန္ဓာကိုယ်မှာသက်သာလာသည့်တိုင် စိတ်ထဲတွင်အကြောက်တရားကမပြေသေး။

“ခုနက ငါ့ထဲက တစ်ခုခု စုပ်ယူသွားသလိုပဲ၊ ဘာများပါလိမ့်…..” နံရံပေါ်ရှိ ကြေးနီမှန်ထဲမှ မိမိပုံရိပ်ကို အလန့်တကြားကြည့်ရင်းတွေးတောမိသည်။ မျက်လုံးကိုပွတ်သပ်ပြီး နောက်တစ်ခါ သေချာပြန်ကြည့်မိတော့မှကြက်သေသေသွားသည်။

သူ့နဖူးထိပ်ရှိ ဆံပင်တစ်ချောင်း ဖွေးဖွေးဆွတ်ဖြူ နေသည်။ သူ့မျက်နှာမှာ တစ်စုံတစ်ရာ ပြောင်းလဲမသွားသည့်တိုင် ဆံဖြူ တစ်ချောင်းကြောင့် သူ့အသက် တစ်နှစ်လောက်ပိုကြီးသွားသည် ဆိုသည့်အတွေးကြောင့် အင်မော်တယ်ရူးခမျာ ကမ္ဘာပျက်နေသည်။

” ဟင်…ငါ့ အသက်ကလေး……” တုန်တုန်ယင်ယင်ဖြင့် ရေရွတ်လိုက်သည်။

“ဟာ…. အခု ငါ့အသက် လျော့သွားတာလား…..ငါ့…သွားပါပြီကွာ…..” သူအော်သာငိုလိုက်ချင်သည်။ သို့သော်မျက်ရည်ကမထွက်၊ သူ့ဘဝတစ်ခုလုံး ကျင့်ကြံမှုလမ်းစဉ်ကို လိုက်ရသည့် တစ်ခုတည်းသော အကြောင်းအရင်းက ထာဝရရှင်သန်ဖို့၊ ခုတော့ ထာဝရရှင်သန်ခြင်းနှင့်မနီးစပ်သည့်ပြင် သက်တမ်းထဲကပင် တစ်နှစ်လျော့သွားပေပြီ။

” တလွဲကောင်…… ။ ငါ့ဘဝ တစ်လျှောက်လုံး အင်မော်တယ်ဖြစ်ဖို့ အမြဲသတိကြီးကြီး နေခဲ့တာတောင် ခုတော့လွဲပြီ ” လင်းတမှိုင် မှိုင်ကာ ခနကြာဆွေးပြီးနောက်တော့ သူအဖြစ်သူတွေးပြီး တခစ်ခစ်ရယ်ရပြန်သည်။ သူ့စိတ်ကိုသူ ပြန်ဖြေဖျောက်ပြီးနောက် ဒယ်စောက်ကို ကြည့်မိသောအခါ သူမျက်လုံးမှာ အမျိုးအမည်မသိသော အံသြခြင်းနှင့် တောက်ပသွားသည်။ သူရဲ့ သက်တမ်းတစ်နှစ် အနှုတ်ခံလိုက်ရပြီးနောက် အကြောင်းတရားတစ်ခုခုကြောင့် သူနှင့်ဒယ်အိုးကြားမှာ ဆက်သွယ်ပေါင်းစည်းမှုတစ်ခု ပေါ်ပေါက်လာသလိုပင်။ သူကပဲဒယ်အိုးကို ထိန်းချုပ်နေသလိုလို ရှိသည်။

ရင်တဒိတ်ဒိတ်ဖြင့် လက်ကိုဆန့်၍ လက်ညိုးဖြင့် အိုးဆီသို့ ညွှန်ကြည့်လိုက်သည်။

ချက်ချင်းဆိုသလိုလိပ်ဒယ်အိုးမှာလှုပ်ရှားလာပြီး တလွန်လွန့်တလူးလူးဖြင့် ပိုင်ရှောင်ချန်းဆီ ပျံဝဲလာသည်။မျက်တစ်ခတ် အတွင်းမှာပင် သူ့လက်ညိုးထိပ်တွင် ဒယ်ကပျောက်သွားသည်။ မျက်ပြူ းဆံပြာဖြင့် ထိတ်လန့်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ်တောင် ခုန်ဆုတ်မိသွားသည်။ သူ့လက်ညိုးကြိုကည့်လိုက် ဒယ်အိုးမရှိတော့သော မီးဖိုကိုကြည့်လိုက်နှင့် ကြောင်တောင်တောင်ဖြစ်နေသည်။

” ဒါ…..ဒါ……” သူ့လက်ညိုးကို မြေသို့ညွှန်လိုက်ပြီး နောက်မှာ အနက်ရောင်အလင်းတစ်ခု ဖြာခနဲထွက်သွားသည်၊ ထို့နောက် ‘ချလွမ်’ ဆိုသောအသံနှင့်အတူ ဒယ်စောက်မှာ ပြန်ပေါ်လာသည်။

အကြိမ်အနည်းငယ် လေ့ကျင့်ပြီးနောက်မှာတော့ မဲ့တဲ့တဲ့မျက်နှာမှာ ပြန်ရွှင်လာသည်၊ ထို့နောက် ချက်ချင်းပင် ငြီးတွားပြန်သည်။

” ဒီဒယ်အိုးကြီးကို ငါ့ကိုယ်ထဲ စုပ်ယူထားနိုင်တာတော့ဟုတ်ပါပြီ၊ ဒါပေမယ့် ငါ့အသက်ထဲကတော့ တစ်နှစ်ကြီးများတောင်ပါသွားပြီ…..ပိုင်ရှောင်ချန်း တလွဲကောင်..”

နောက်နေ့မွန်းတည့်ချိန်မှာတော့ ဆုံးရှုံးသွားတဲ့ သက်တမ်းတစ်နှစ်ကို ဘယ်လိုပြန်ရနိုင်မလဲ ကြံဆပြန်သည်။ အချက်အလက်တွေရှာဖွေစုဆောင်းနေတုန်းမှာပဲ လူရှစ်ယောက် စားဖိုဆောင်နား ချည်းကပ်လာသည်ကိုအာရုံခံစားမိသည်။

ပထမချီစုဆောင်းမှု အဆင့်ဖြင့်ဆို ယခုကဲ့သိုခံစားနိုင့်ဖို့ဆိုသည်မှာ မဖြစ်နိုင်၊ တတိယအဆင့်မှာတော့ ထိုလူရှစ်ယောက်ထဲမှ တစ်ယောက်မှာ ရွှီပေါင်ချိုင် ဖြစ်ကြောင်းကိုပင် ခံစားသိပေသည်။

တစ်ချိန်တည်းမှာပဲ မုန်းတီးမှုများ ပြည့်နေသည့် ရွှီပေါင်ချိုင်၏ ဒေါသတကြီး အော်ဟစ်လိုက်သော အသံလည်း ပေါ်ထွက်လာသည်။

“ပိုင်ရှောင်ချန်း မင်းမှာပဲ ရှေ့ကကာကွယ်ပေးမဲ့ အစ်ကိုတွေရှိတာ မဟုတ်ဘူး၊ ငါ့မှာလဲရှိတယ်၊ ငါတို့ရဲ့ မပြီးပြတ်နိုင်တဲ့ ရန်ငြိုးကို ဒီနေ့ ဒီမှာပဲ အပြီးတိုင် အဆုံးသတ်လိုက်ကြရအောင် “


Comment

Leave a Reply

Options

not work with dark mode
Reset