Switch Mode

အပိုင်း(၁၄၀၁)

ပတ်ပတ်လည်မှ လုယက်ရန် ကြိုးစားခြင်း

ကျန်းယွမ်သည် ကောင်းကင်တွင် ရပ်လျှက် နတ်မိုးကြိုးကို ဆင့်ခေါ်လိုက်သော်လည်း ထိုအချိန်၌ သူခံစားရသည်က ထိုမဟာလမ်းစဥ် စွမ်းအားများက ဖိနှိပ်ခံထားရကာ စုစည်းရန် ခက်ခဲလေသည်။

သူက ရီဖူရှင်းကို မော့ကြည့်လိုက်လျှင် နတ်ဆင်အင်ပါယာနှင့် ပေါင်းစပ်ကာ တောက်ပနေသည့် ခန္ဓာကိုယ်အား မြင်လေသည်။

ကောလာဟလများအရ နတ်ဆိုးအင်ပါယာ၏ စီးတော်ဖြစ်သော အရိပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာသည် ပြိုင်ဘက်ကင်းစွမ်းအားရှိသည်ဟု ဆိုသည်။ ရှေးဟောင်းစာအုပ်များတွင် ရေးသားထားသည်က အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာသည် ကောင်းကင်တွင် ခြေတစ်ချက်ဆောင့်ရုံနှင့် မြေပြင်ကို ဖျက်ဆီးနိုင်သည်ဟု ဆိုသည်။ ယနေ့ခေတ်တွင် မည်သူကမှ သူမည်မျှ အစွမ်းထက်သည်ကို မသိသော််လည်း ထို နတ်ဆင်များ၏ ဘုရင်သည် နတ်ဆိုးဘုံ အရှင်သခင်တစ်ဦး ဖြစ်သောကြောင့် သူက မဟာလမ်းစဥ်အားလုံးကို ဖိနှိပ်နိုင်သည့် ပြိုင်ဘက်ကင်း စွမ်းအား ရှိရပေမည်။

ရီဖူရှင်းသည် ဆက်လက် လျှောက်လာနေဆဲ ဖြစ်သည်။ သူ့ ခြေလှမ်းများတွင် ထိုမဟာလမ်းစဥ်ကို ဖိနှိပ်နိုင်သည့် စွမ်းအားများ ပါဝင်နေပြီး ဆင်များ၏ စွမ်းအားနှင့် ရောမွှေထားသော ထူးခြားဆန်းကြယ်သည့် ကျင့်စဥ်ကဲ့သို့ ထင်မှတ်ရပေသည်။ ​ခြေလှမ်းတိုင်းသည် ကောင်းကင်လမ်းစဥ်ကို ကိုယ်စားပြုနေပုံရသည်။

ကျန်းယွမ်ကဲ့သို့ အစွမ်းထက် တန်ခိုးရှင်ပင်လျှင် ယင်းမှတဆင့် အလွန် အစွမ်းထက်သည့် ဖိအားကို ခံစားရပေသည်။

ဘန်း…

ရီဖူရှင်းသည် နောက်ထပ်ခြေတစ်လှမ်း လှမ်းလိုက်လျှင် လေထုက တုန်ခါသွားသည်။ ထောင်သောင်းချီသည့် ဆင်ပုံရိပ်တို့က ဆင်းသက်လာကာ ကျန်းယွမ်ဆီသို့ တိုးဝင်သွားသည်။ ကျန်းယွမ်၏ ခန္ဓာကိုယ်ဆီမှ မိုးကြိုးစွမ်းအားများ ပေါက်ကွဲထွက်လာသည်။ သူသည် အဆုံးမဲ့ ဆင်အရိပ်များ သူ့ဆီသို့ ဒုန်းဆိုင်းဆင်းလာသည်ကို မြင်လိုက်ရသောကြောင့် ထူးကဲသော မိုးကြိုးအရှိန်အဝါတို့ကို ထုတ်လွှတ်လိုက်၏။

ရီဖူရှင်းက သူ့ကို ရှုံးနိမ့်စေလိုသည်လား။

သူက မည်သို့ ရှုံးနိမ့်နိုင်မည်နည်း။

သူက ခြေတစ်ဖက်ကို မ လိုက်သည်။ သန့်စင်သည့် အရှိန်အဝါက သူ့ခန္ဓာမှ ပေါက်ကွဲထွက်လာပြီး သူ၏ ခန္ဓာကိုယ်သည် မိုးကြိုးနတ်ဘုရားအဖြစ် ပြောင်းလဲသွားသည်ဟု ထင်မှတ်ရကာ မိုးခြိမ်းသံများက သူ့ခန္ဓာ နေရာအနှံ့မှ ထွက်ပေါ်လာပြီး မဟာလမ်းစဥ်နှင့် ရောယှက်သွားသည်။

သူသည်လည်း ရှေ့ကို တက်လိုက်လျှင် မိုးခြိမ်းသံများက လောကကို ဖြတ်၍ နေရာအနှံ့သို့ လွှမ်းခြုံသွားသည်။  ထိုတိုက်ခိုက်လာသည့် ဆင်ပုံရိပ်များ အားလုံးသည် ပေါက်ကွဲပျက်စီးသွားပြီး ကောင်းကင်တခွင်ကို ​ပျံ့နှံ့သွားခဲ့သည်။

ပြင်းထန်သော ရန်ဟောင်စွမ်းအားများက ကျန်းယွမ်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။

ကျန်းယွမ်က လေထဲမှ လမ်းလျှောက်လာနေသည့် ပုံရိပ်ကို ကြည့်ကာ ပြောလိုက်သည်။ “အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာရဲ့ အရိုးမှာ ထူးကဲသာလွန်တဲ့ စွမ်းအားတွေ ရှိနေတယ်ဆိုရင်တောင် မင်းက ရန်ဟောင်ပစ္စည်းကို ပိုင်ဆိုင်သင့်တဲ့သူ မဟုတ်ဘူး”

သူ ပြောလိုက်သည်နှင့် သူ့ခန္ဓာကိုယ်က မိုးကြိုးနတ်ဘုရားအဖြစ် ပြောင်းလဲသွားပြီး ပြိုင်ဘက်ကင်း မိုးကြိုးလမ်းစဥ် စွမ်းအားများက သူ့ခန္ဓာကိုယ် နေရာအနှံ့မှ ထွက်ပေါ်လာသည်။ ကောင်းကင်သည် သူ့ကို ကန့်သတ်ချုပ်ထိန်းနိုင်ခြင်း မရှိတော့ဟု ထင်မှတ်ရသည်။ သူက လေထဲသို့ လျှောက်သွားကာ ရီဖူရှင်းဆီသို့ ဦးတည်လိုက်သည်။ သူ သွားသည့် နေရာတိုင်းတွင် သူ့ခန္ဓာမှ ထွက်ပေါ်နေသည့် နတ်မိုးကြိုးအလင်းတို့က လွှမ်းခြုံနေပြီး နတ်ဆင်ကြီးများ၏ ပုံရိပ်အားလုံးကို ဖျက်ဆီးပစ်နေသည်။

ရီဖူရှင်းသည် ကျန်းယွမ် တစ်လှမ်းချင်း လာနေသည်ကို ကြည့်လိုက်၏။ ကျန်းယွမ်သည် ရန်ဟောင်ပစ္စည်းတစ်ခုခုကို အသုံးပြုကာ သူ့ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်၍ စစ်မှန်သည့် မိုးကြိုးနတ်ဘုရားသဖွယ် ဖြစ်လာအောင် ပြုလုပ်ထားဟန်ရသည်။

ထို့ပြင် အထွတ်အထိပ်ဆရာသခင်အနေဖြင့် ကျန်းယွမ်သည် မိုးကြိုးခန္ဓာ အသွင်ပြောင်းသွားသောအခါ သူ၏ ခန္ဓာကိုယ်က ဝင်္ကပါတစ်ခု ဖြစ်လာသည်။ ယခု သူသည် ကပ်ဘေးမိုးကြိုးဝင်္ကပါ ဖြစ်လာသည်။ သူသည် သူ့လက်ကို ဆန့်ထုတ်လိုက်သည့်အခါ အဆုံးမဲ့ နတ်မိုးကြိုးတိမ်တိုက်တို့ ကျဆင်းလာသည်။ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် မိုးခြိမ်းသံပင်လျှင် စွမ်းအင်များ ပျော်ဝင်နေပြီး ယင်းက အရာအားလုံးကို ပြိုကွဲစေကာ နတ်ဆင်ပုံရိပ်များကို ဖျက်ဆီးပစ်လိုက်သည်။

ကျန်းယွမ်သည် ရီဖူရှင်းဆီသို့ တိုက်ရိုက် လျှောက်သွားခဲ့လျှင် ထိုနတ်ဆိုးဆင်ပုံရိပ်များက သူ့ကို ချဥ်းကပ်နိုင်စွမ်းမရှိချေ။ နတ်ဆင်ပုံရိပ်များ သူ့အနားသို့ ရောက်လာသည့် အခိုက်အတန့်တွင် မိုးကြိုးအလင်းကြောင့် ရှင်းလင်းပစ်ခံရခြင်း မဟုတ်ပါက ကြောက်မက်ဖွယ် မိုးခြိမ်းသံကြောင့် ပျက်စီးသွားရလေသည်။ သူက ရန်ဟောင်စွမ်းအားများကို သူ၏ လမ်းစဥ်အတွင်း ရောစပ်ထားသည်။ မည်မျှ အစွမ်းထက်လိုက်သနည်း။

သူတို့နှစ်ယောက်က ရှေ့သို့ ဆက်လျှောက်လာနေကြသည်။ သူတို့၏ စွမ်းအားများက အားကောင်းသထက် အားကောင်းလာပြီး နှစ်ဖက်လုံးသည် သူတို့၏ သန်မာလှသော စွမ်းအားကို ယုံကြည်သည်ဖြစ်ရာ ထိပ်တိုက်ရင်ဆိုင်ရန် မကြောက်ရွံ့ကြပေ။

ဘုန်း…

နောက်ဆုံးတွင် သူတို့သည် တစ်ယောက်၏ ရှေ့သို့ တစ်ယောက် ရောက်ရှိသွားသည်။ နတ်ဆင်ပိုင်ဆိုင်ထားသည့် ရီဖူရှင်းသည် ကျန်းယွမ်၏ ခန္ဓာကိုယ်ကို တက်နင်းလိုက်သည်။

အော်မြည်နေသော မိုးကြိုးများက တောက်ပလာပြီး ကျန်းယွမ်၏ ခန္ဓာကိုယ်က ကြီးမားသထက် ကြီးမားလာ၍ စစ်မှန်သည့် တိုက်ခိုက်ရေးမိုးကြိုးနတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားသည်။ အဆုံးမဲ့မိုးကြိုးများသည် ခရမ်းရင့်မိုးကြိုးတွဲများအဖြစ် ပြောင်းလဲသွားပြီး သူ့ခန္ဓာနှင့် ဆက်သွယ်လာသည်။ မရေတွက်နိုင်သည့် မိုးကြိုးစွမ်းအားများက ကောင်းကင်နှင့် မြေကြီး ကောင်းကင်နှင့် မြေကြီးကြားတွင် သူ ပြောင်းလဲလိုက်သော တိုက်ခိုက်ရေးမိုးကြိုးနတ်ဘုရားနတ်ဘုရားနှင့် တသားတည်း ဖြစ်လာသည်။

ကျန်းယွမ်သည် သူ့လက်သီးကို မြှောက်လိုက်ပြီး ကျဆင်းလာသည့် နတ်ဆင်ခြေဖဝါးဆီသို့ ပစ်ထိုးလိုက်၏။ ကောင်းကင်၌ မိုးကြိုးလမ်းစဥ်က ပြင်းထန်လာသည်။ မရေတွက်နိုင်သည့် ကပ်ဘေးမိုးကြိုးဓားများက သူ့လက်သီးမှ ပေါက်ကွဲထွက်လာကာ နတ်ဆင်ကို ထိုးဖောက်ရန် ကြိုးစားလိုက်သည်။ တစ်ချိန်တည်းတွင် အဆုံးမဲ့ နတ်မိုးကြိုးအလင်းများက သူ့ခန္ဓာမှ ထွက်ပေါ်လာပြီး ရီဖူရှင်းဆီသို့ တိုးဝင်သွားသည်။

နောက်ဆုံးတွင် နတ်ဆင်များ၏ ပုံရိပ်က တုန်ခါလာသော်လည်း သူတို့၏ ပြင်းထန်သည့် စွမ်းအားက တူညီသောအဆင့်တွင် ရှိနေကာ ကျန်းယွမ်ကို နောက်ဆုတ်သွားစေ၏။ သူ့ခန္ဓာကိုယ်သည် ကောင်းကင်သို့ တရှိန်ထိုး တက်သွားကာ ရီဖူရှင်းကို မိုးကြိုးလျှပ်စီး အလင်းတန်းကဲ့သို့ ထိုးဖောက်လိုက်သည်။

သူ့ခန္ဓာကိုယ်အထက်မှ ထွက်ပေါ်လာသည့် အော်မြည်သံနှင့် မိုးကြိုးအလင်းတန်းများသည်  ရှန့်ထိုအဆင့်မှ ဖြစ်တည်မှုအားလုံးကို ဖျက်ဆီးနိုင်သော်လည်း ရီဖူရှင်းကို ဖုံးလွှမ်းထားသည့် နတ်ဆင်အရိပ်ကိုတော့ ဖျက်ဆီးနိုင်စွမ်း မရှိပေ။

ရီဖူရှင်းသည်လည်း လက်သီးကို မြှောက်လိုက်ကာ ရှေ့သို့ ထိုးလိုက်သည်။

ထိုအချိန်တွင် တိုက်ခိုက်ရေးမိုးကြိုးနတ်ဘုရား၏ ပုံရိပ်နှင့် နတ်ဆင်တို့သည် ထိပ်တိုက်တွေ့ဆုံခဲ့ကြသည်။ သူတို့အနီး လေဟာနယ်က ပြိုကျပျက်စီးတော့မလို ထင်မှတ်ရသည်။ သူတို့ကြားမှ တိုက်ခိုက်မှုတိုင်းက အလွန် ကြောက်စရာကောင်း၏။

ကောင်းကင်တခွင်တွင် ဖျက်ဆီးခြင်းအလင်းများက အရူးအမူး ထွက်ပေါ်နေပြီး ကောင်းကင်တစ်ခုလုံးကို ဆက်တိုက် တုန်ခါနေစေသည်။ သူတို့အချင်းချင်း မည်မျှ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခဲ့ကြပြီးသည်ကို မည်သူမှ မသိတော့သော်လည်း သူတို့က နောက်ဆုတ်ခြင်း မရှိကြသေး​ပေ။

ရီဖူရှင်းကို လွှမ်းခြုံထားသည့် ထိုသက်စောင့်ဝိညာဥ်သည် အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ၏ အရိုးမှ ပြောင်းလဲထားခြင်းဖြစ်သည်။ ၎င်းသည် ရတနာမဟုတ်သော်လည်း အခြားသော သာမန် ရန်ဟောင်အဆင့် ရတနာတို့ထက် အားကောင်းပေသည်။ ယင်းက သက်စောင့်ဝိညာဥ်အတွင်း ပေါင်းစပ်သွားသည့်အခါ ရီဖူရှင်း၏ သက်စောင့်ဝိညာဥ်သည်လည်း နတ်ဆိုးအင်ပါယာ၏ စွမ်းအားများ ပါဝင်လာခဲ့သည်။ ယင်းက မယိမ်းယိုင်နိုင်လောက်အောင် ခိုင်ခိုင်မာမာ ဖြစ်လာခဲ့၏။

သို့သော် ကျန်းယွမ်သည် အလွန် အစွမ်းထက်လှကာ သူ့ခန္ဓာကိုယ်သည်လည်း ရန်ဟောင်ပစ္စည်းတစ်ခုခုနှင့် ပေါင်းစပ်ထားပြီး မိုးကြိုးလမ်းစဥ်နှင့် တသားတည်း ဖြစ်လာစေသည်။ ယခုတွင် သူသည် ကိုယ်တိုင်ပင် မိုးကြိုးလမ်းစဥ် ဖြစ်လာသကဲ့သို့ ထင်မှတ်ရသည်။

အဆုံးမှာတော့ သူတို့က အချင်းချင်း လူချင်းခွဲလိုက်ကြသည်။ ပြင်းထန်သည့် လေပြင်းက သူတို့အနီးတွင် တိုက်ခတ်နေဆဲ ဖြစ်သည်။ မမြင်ရသော မုန်တိုင်းက ကျယ်ပြောသည့် အဆုံးမဲ့လေဟာနယ်ကို ဖြတ်သန်းတိုက်ခတ်လာသည်။ မိုးကြိုးသည် ဆက်လက်အော်မြည်နေပြီး နတ်ဆိုးဆင်များက ရေတွက်၍ မရနိုင်လောက်အောင် ကျန်ရှိသေးပေသည်။

ကျန်းယွမ်သည် ခံစားချက်မဲ့​နေသည်။ ဖိနှိပ်နိုင်သော စွမ်းအားက သူ၏ မျက်ဝန်းများထဲမှ ထွက်ပေါ်လာသည်။

သူက နတ်ဆင်အင်ပါယာ၏ အရိုးအကူအညီနှင့် မည်မျှ သန်မာသည့် ခွန်အားကို ရရှိနိုင်သနည်း။

သူ့တိုက်ခိုက်မှုကပင် ရီဖူရှင်းကို မဖျက်ဆီးနိုင်ပေ။

ကောင်းကင်ထက်တွင် မိုးကြိုးတိမ်တိုက်များက လှည့်ပတ်နေသည်။ အရပ်ရှစ်မျက်နှာမှ မိုးကြိုးများက ပေါင်းစပ်လာသည်။ သူက မိုးကြိုးနတ်ဘုရားအဖြစ် ​ပြောင်းလဲသွားပြီး ထောင်သောင်းချီသည့် နတ်မိုးကြိုးများကို ထိန်းချုပ်ကာ ရီဖူရှင်းဆီသို့ တစ်ခါတည်း တိုးဝင်သွားစေ၏။

အံ့အားသင့်ဖွယ် ဆင်အော်သံများက ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ မဟာလမ်းစဥ်၏ နတ်အလင်းက စတင်စီးဆင်းလာသည်။ အဆုံးမဲ့နတ်ဆင်များက သူ့အနီးတွင် ရှိနေကာ ပစ်ခတ်လာသည့် နတ်မိုးကြိုးများကို ခုခံရန် ကူညီပေးနေသည်။

ဘုန်း…

ထိုအချိန်၌ ကျန်းယွမ်က ပျောက်ကွယ်သွားပြီး လေဟာနယ်တွင် မိုးကြိုးအော်မြည်သံတို့ ပဲ့တင်ထပ်ကာ ကျန်နေခဲ့သည်။ သူ့ခန္ဓာကိုယ်က ကောင်းကင်နှင့် ဆက်သွယ်နေပြီး သန်းနှင့်ချီသော နတ်မိုးကြိုးများကို စုစည်းနေကာ လျှပ်စီးအလင်းအဖြစ်သို့ ပြောင်းလဲသွားစေပြီး ရီဖူရှင်း ပြောင်းလဲထားသည့် နတ်ဆင်ပုံရိပ်ဆီသို့ ထိုးဖောက်စေလိုက်သည်။

ဘုန်း… ဘုန်း… ဘုန်း…

ကျန်းယွမ်သည် ရုတ်တရက် ရီဖူရှင်း၏ ရှေ့သို့ ရောက်ရှိလာကာ အဆုံးမဲ့တိုက်ခိုက်မှုများက ရီဖူရှင်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။  နတ်ဆင်သက်စောင့်ဝိညာဥ်၏ ကာကွယ်မှုနှင့်ပင် ရီဖူရှင်းသည် ညည်းတွားလိုက်ရကာ သူ၏ သက်စောင့်ဝိညာဥ်က ပေါက်ကွဲတော့မလို ဖြစ်လာ၏။ တိုက်ခိုက်မှု စွမ်းအားများက ပြင်းထန်လာသည်။

သူ့ခန္ဓာက တုန်ခါကာ နောက်သို့ ဆုတ်ခွာလိုက်ရကာ သူ့ သက်စောင့်ဝိညာဥ်သည် ပျက်စီးတော့မလို ထင်မှတ်လာရသည်။ သူသည် နောက်သိုဘ ဆုတ်ခွာနေရင်းက လက်ကို ဆန့်ထုတ်လိုက်ကာ တောက်ပသည့် နှင်တံရှည်တစ်လက် သူ့လက်ထဲ၌ ပေါ်ပေါက်လာသည်။

ဘုန်း…

ဆင်ကြီးက ကောင်းကင်တွင် ရပ်နေပြီး နောက်သို့ ဆုတ်ခွာနေခြင်းကို ရပ်တန့်လိုက်ကာ နှင်တံအတွင်းသို့ နတ်ဆင်၏ ပြင်းထန်သော စွမ်းအားများကို ထည့်သွင်းလိုက်သည်။ ကောင်းကင်သည် ပျက်စီးသွားတော့မလို ထင်မှတ်ရပြီး ကျန်းယွမ် ပြောင်းလဲထားသည့် မိုးကြိုးနတ်ဘုရားပုံရိပ်က လက်တစ်ဖက်ကို မြှောက်လိုက်ကာ မိုးကြိုးအရိပ်များကို စေလွှတ်လိုက်သည်။ ထိုအခိုက်တွင် ကောင်းကင်က ပြင်းထန်စွာ တုန်ခါနေ၏။

ကျယ်လောင်သည့် အသံကို ကြားရပြီးနောက် ကျန်းယွမ်၏ ခန္ဓာကိုယ်သည် အောက်ဘက်သို့ ပြုတ်ကျသွားခဲ့ပြီး ရီဖူရှင်း၏ ခန္ဓာကိုယ်သည်လည်း တုန်ခါနေကာ သူ၏ အသက်ဓာတ်က မတည်မငြိမ်ဖြစ်နေပြီး အတွင်းကလီစာများက တုန်ခါနေသည်။

ထို့​နောက် ရီဖူရှင်းသည် ရုတ်တရက် အလွန်အားကောင်းလှသည့် အန္တရာယ်ကို ခံစားမိလိုက်သည်။ သူသည် ချက်ချင်းပင် အနီးသို့ လှည့်ကြည့်လိုက်လျှင် ရွှေရောင်အလင်းတန်းက အလွန် လျင်မြန်လှသည့် အရှိန်ဖြင့် သူ့ထံသို့ တိုးဝင်လာနေသည်အား မြင်လိုက်ရသည်။

သူက ခြေတစ်ဖက်ကို မြှောက်ကာ ခြေလှမ်းလိုက်၏။ နတ်ဆင်သည် မာန်ဟုန်ပြင်းသည့် အော်သံကို တဖန်ပြုလုပ်သောကြောင့် ကောင်းကင်နှင့် မြေကြီးက တုန်ခါသွားသော်လည်း ရွှေရောင်အလင်းတန်းက လုံးမမရပ်တန့်ခဲ့ဘဲ သူ့ရှေ့သို့ တိုက်ရိုက်တိုးဝင်လာကာ နတ်ဆင်မှ ဖန်တီးလိုက်သော အလင်းအကာအကွယ်နှင့် တိုက်မိသွားသည်။ လျှပ်စီးအလင်းတန်းသည် အလင်းအကာအကွယ်ကို ထိုးဖောက်သွားကာ နတ်ဆင်၏ ခန္ဓာပေါ်တွင် ဖြတ်ရှရာတစ်ခုကို ဖန်တီးခဲ့သည်။ ထို့ကြောင့် အတွင်းရှိ ရီဖူရှင်းသည်လည်း ထိုလျှပ်စီးတန်းကြောင့် ထိခိုက်ခဲ့သည်။ သူထံမှ ညည်းသံသဲ့သဲ့ထွက်ပေါ်လာ​ကာ ရွှေရောင်လျှပ်စီးတန်းက သူ၏ ခန္ဓာကိုယ်ဆီသို့ တည့်မတ်စွာ တစ်ဟုန်ထိုး တိုးဝင်လာသည်။

နတ်ဆင်သက်စောင့်ဝိညာဥ်က ရုတ်တရက် ပျက်စီးပျောက်ကွယ်သွားသော်လည်း ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ရွှေရောင်အရှိန်အဝါများ တောက်ပနေကာ အထဲတွင် ဖုံးကွယ်ထားသော ရွှေရောင် နတ်ဆင်ချပ်ဝတ်က ထွက်ပေါ်လာ၏။ တစ်ချိန်တည်းမှာပင် သူ့အနီးတွင် ကြယ်တာရာများက ဝန်းရံလာသည်။ သူက လေထဲတွင် လျင်မြန်စွာ လှုပ်ရှား၍ ပြန်ဆုတ်ရန် ကြိုးစားလိုက်သည်။

သို့သော် အလွန်နောက်ကျသွားပြီ ဖြစ်သည်။ တစ်ဘက်မှ လာသည့် အရှိန်အဟုန်က အလွန် လျင်မြန်ရာ ရိုက်နှက်ခံရလုနီးပါးဖြစ်သွားသည်။

ကြယ်တာရာများ၏ အကာအကွယ်က ပျက်စီးသွားကာ ရွှေရောင်အရှိန်အဝါက အက်ကွဲလာသည်။ ရီဖူရှင်းသည် သွေးတစ်လုပ်အန်လိုက်ရပြီး သူ့ခန္ဓာက နောက်သို့ လွင့်စင်ထွက်သွားသည်။

လျှပ်စီးအတွင်းမှ ပုံရိပ်သည် အရိပ်ကဲ့သို့ပင် လှုပ်ရှားနေပြီး ရီဖူရှင်းဆီသို့ ဆက်လက် တိုးဝင်သွားနေကာ သူ့အရှိန်က အမြင့်ဆုံးအကန့်အသတ်သို့ ရောက်ရှိလာသည်။

ဘုန်း…

မရေတွက်နိုင်သည့် ထက်ရှသော ဓားများသည် ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ထိုးထွက်လာပြီး ကျားယဲ့ဓားတစ်လက်သည်လည်း သူ၏ မျက်ခုံးကြား အလယ်မှ ထွက်ပေါ်လာကာ တစ်ဘက်လူထံသို့ တိုးဝင်သွားသည်။

ရွှေရောင်အလင်းထဲမှ ပုံရိပ်သည် ဓားကို ခုခံရန် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီးနောက် သူက ရပ်တန့်လိုက်သည်။

ထိုသူသည် ထည်ဝါသည့် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း ကြည့်ရသည်မှာ ကြွက်ကဲ့သို့ မျက်လုံးတစ်စုံနှင့် အလွန် ရုပ်ဆိုးလှသည်။ ရီဖူရှင်းသည် သူ့ကို အကြည့်တစ်ချက်နှင့် မှတ်မိလိုက်သည်။ ကောင်းကင်အာဏာစက်ဘုံတွင် ထိုသို့သော အသွင်အပြင်နှင့် လူများများစားစားမရှိပေ။

ထိုသူသည် နတ်ဆိုးဘုံရှိ ခရမ်းရွှေကြွက်ကလန်မှ ဖြစ်သည်။ သူတို့က ကိုယ့်ကိုယ်ကိုယ် ခရမ်းရွှေနတ်ကြွက်များဟု ခေါ်ကြပေသည်။

ယခင်က ကျူးကျောက်သည် သူ့ကို ထိုကလန်အား ရန်မစမိစေရန် သတိပေးခဲ့သည်။ သူတို့က အညှိုးအတေးကြီးပြီး အလွန် အတ္တဆန်သည့် သတ္တဝါများ ဖြစ်ကြသည်။ ထိုကြွက်ကလန်မှ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ပေါ်ထွန်းလာခဲ့ပြီး ဤကလန်က အောင်မြင်ဖြစ်ထွန်းနေလျှင်ပင် နိမ့်ကျသည့် စိတ်က သူတို့၏ အသွေးအသားများထဲတွင် စီးဆင်းနေပြီး ဖယ်ရှားနိုင်ခြင်းမရှိပေ။

ထို့ပြင် ကြွက်ကလန်မှ လူများက အလွန် လောဘကြီးပြီး ရတနာများကို အလွန်နှစ်သက်ပေသည်။

ဤခရမ်းရွှေကြွက် ရုတ်တရက် ပေါ်ပေါက်လာခြင်းမှာ ရီဖူရှင်း၏ လက်ထဲမှ ရတနာကို ရည်ရွယ်ပြီး အချိန်ကိုက် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

“ကျုပ်ကို အားလုံးပေးလိုက်ရင် မင်းကို မသတ်ဘူး” ခရမ်းရွှေကြွက်က ရီဖူရှင်းကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။ သူ၏ ကျဥ်းမြောင်းပြီး ရှည်လျားသည့် မျက်လုံးများက ကောက်ကျစ်ဟန်ပေါ်ပြီး မာနဝံ့ကြွားခြင်းအချို့လည်း ရှိနေသည်။

ရီဖူရှင်းသည် သူ့ကို အေးစက်စွာ ကြည့်လိုက်၏။ ကြွက်ကလန်မှ တန်ခိုးရှင်သည်လည်း ဝင်စွက်ဖက်ချင်​နေသည်လား။

သူ့ခန္ဓာကိုယ်အနီးတွင် အသက်ဓာတ်များ စီးဆင်းနေသည်။ သူသည် တစ်ခုခုကို အာရုံခံမိပုံပေါ်ကာ အဝေးသို့ ကြည့်လိုက်သည်။ ထို​နေရာတွင် ခမ်းနားထည်ဝါသည့် ပုံရိပ်အချို့ လာနေသည်ကို မြင်လိုက်ရပြီး အားလုံးက သူ့ကို ဒေါသဖြင့် စူးစိုက်ကြည့်နေကြသည်။

ထိုမြင်ကွင်းကို ကြည့်၍ ရာရာက ဖြူဖျော့သွားသည်။ သူမက သူတို့ကို မျက်ချေဖြတ်ရန် ကျရှုံးခဲ့သည်လား။

သူမသည် ရီဖူရှင်းနှင့် ရှားရှင်းယွန်ကို ဤနေရာသို့ ခေါ်ဆောင်လာရန် အကောင်းဆုံး ကြိုးစားခဲ့ရသည်။ များပြားလှသည့် တန်ခိုးရှင်များက ဤနေရာသို့ ခြေမချရဲကြသော်လည်း ထိုထိပ်တန်းပုဂ္ဂိုလ်များကတော့ ဤနယ်မြေသို့ ဝင်ရောက်လာကာ ရီဖူရှင်းရရှိထားသည့် ပစ္စည်းအား လက်လျှော့လိုခြင်း မရှိကြပေ။

အထူးသဖြင့် ယခု သူတို့သည် ကျန်းယွမ်နှင့် ရီဖူရှင်းကြားမှ တိုက်ပွဲကို မြင်ပြီးသည့်အခါ ထို အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ၏ အရိုးက အလွန်အစွမ်းထက်သည်ဟု ပို၍ပင် ယုံကြည်သွားကြပေလိမ့်မည်။ ရီဖူရှင်းက ရရှိသွားသည့် အံ့သြဖွယ်ကောင်းသော ထိုအရာသည် နတ်ဆိုးကျင့်စဥ်များအတွက် ကြီးမားသော အကျိုးကျေးဇူးကို ရရှိပေလိမ့်မည်။

“ကြားဖူးတာတော့ ခရမ်းရွှေကြွက်တွေက အရမ်း အားကောင်းတယ်တဲ့။ ဒါပေမယ့် ခင်ဗျားကတော့ ဒီလို ခိုးကြောင်ခိုးဝှက် အလုပ်တွေ လုပ်နဲ့ အကျင့်ကို မပြောင်းပစ်နိုင်သေးဘူးပဲ” ကျန်းယွမ်က ခရမ်းရွှေကြွက်ကို ကြည့်ကာ ပြောလိုက်သည်။ “ခင်ဗျား လိုချင်ရင် ပွင့်ပွင့်လင်းလင်း ယူသင့်တယ်”

ခရမ်းရွှေကြွက်က သူ့ကို ကြည့်လိုက်သည်။ ကြွက်များ​က လုပ်ရိုးလုပ်စဥ် နည်းလမ်းများကို ဂရုမစိုက်ဘဲ သူတို့ လုပ်ချင်သည်ကိုသာ လုပ်ကြသည်။ သူတို့၏ ဘိုးဘေးများက ကြိုးစား၍ ယနေ့တွင် သူတို့ အောင်မြင်နေသည်အား မည်သူမှ မေ့လိမ့်မည် မဟုတ်ပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset