ရီဖူရှင်းက ကောင်းကင်ထက်ရှိ ကျန်းယွမ်ကို ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် ပေါက်ကွဲသံမှာ တစထက်တစ ကျယ်လောင်လာ၏။
သူ့ထံမှ ဆင်အော်သံသဲ့သဲ့လည်း ထွက်ပေါ်လာပြီး ကောင်းကင်မှ မမြင်နိုင်သော မဟာလမ်းစဥ် စွမ်းအားများ ကျဆင်းလာသကဲ့သို့ လေထုက တုန်ခါလာသည်။ ကျယ်ပြောသည့် လေဟာနယ်သည် မမြင်ရသော မဟာလမ်းစဥ်စွမ်းအားများနှင့် ပြည့်နှက်သွား၏။
အော်သံက ကျယ်လောင်သထက် ကျယ်လောင်လာသည်။ ရီဖူရှင်းသည် လေထဲတွင် လမ်းလျှောက်ကာ သူ့ခန္ဓာကိုယ်မှ ထောင်သောင်းချီသော ရွှေရောင်အလင်းများ ထုတ်လွှတ်နေပြီး ကြီးမား၍ မြင့်မြတ်သည့် ဆင်အရိပ် ပေါ်ပေါက်လာ၏။
ကျန်းယွမ်က ရီဖူရှင်း၏ ခန္ဓာကိုယ်ကို စူးစိုက်ကြည့်လိုက်သည်။ သူက နတ်ဆိုးဆင်အင်ပါယာ၏ အရိုးတည်ရှိမှုကို အာရုံခံမိသည်။ ရီဖူရှင်းက ခေါင်းကိုးလုံးဖီးနစ်ကို ထိုအင်ပါယာအရိုးအား အသုံးပြုကာ ရှုံးနိမ့်စေခဲ့သည်လား။
ရီဖူရှင်း လာနေသည်ကို မြင်သော်လည်း ကျန်းယွမ်သည် ရီဖူရှင်းမှာ သူ့ အာရုံစိုက်မှုကို မထိုက်တန်သည့်အလား လျစ်လျူရှုထား၏။
သူသည် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ကောင်းကင်မှ မိုးကြိုးစွမ်းအားများကို ဆွဲယူလိုက်သည်။ ချက်ချင်းပင် သူ့ခေါင်းအထက်တွင် နတ်မိုးကြိုးဝင်္ကပါ ဖြစ်တည်လာ၏။ အစီအရင်က အလွန်အမင်း ပြင်းထန်လှသည်။ အထွတ်အထိပ်ဆရာသခင်တစ်ဦး အနေနှင့် သူသည် မိုးကြိုးလမ်းစဥ်ကို အသုံးချနိုင်သည့် အရည်အချင်းနှင့် မွေးဖွားလာခဲ့ပြီး ခရမ်းရင့်ကောင်းကင်နန်းတော်၏ နတ်မိုးကြိုးရှစ်သွယ် ကျင့်စဥ်ကို အနည်းဆုံး တတိယဆင့်ထိ ကျင့်ကြံခဲ့ပြီး ဖြစ်သည်။ တတိယဆင့်ဆိုသည်မှာ သံသယကင်းစင်ခြင်း ရှန့်ထိုအဆင့်ကို ဆိုလိုပြီး လေးဆင့်မြောက်ကတော့ ပြန်လည်မွေးဖွားခြင်းအဆင့် ဖြစ်သည်။
သူက တတိယဆင့်ကို ကျွမ်းကျင်ခဲ့ပြီးဖြစ်ကာ မိုးကြိုးလမ်းစဥ်ရှစ်သွယ်ကို စတုတ္ထဆင့်ထိပင် ရောက်ရှိတော့မည် ဖြစ်၏။ သူ၏ ကပ်ဘေးမိုးကြိုးဝင်္ကပါက မည်မျှ အစွမ်းထက်လိမ့်မည်နည်း။
သူက လက်ဝါးတစ်ချက် ဆန့်ထုတ်လိုက်သည်နှင့် နတ်မိုးကြိုးက ဖြစ်တည်မှုအားလုံးကို အမြစ်ဖြတ်သုတ်သင်နိုင်သည့် နတ်ဘုရားပြစ်ဒဏ်မိုးကြိုးကဲ့သို့ ကောင်းကင်မှ ကျဆင်းလာသည်။
ပြင်းထန်သည့် နတ်ဘုရားပြစ်ဒဏ်မိုးကြိုး၏ စွမ်းအားအောက်တွင် ရီဖူရှင်း၏ ပုံရိပ်က သေးငယ်နေပြီး ကပ်ဘေးမိုးကြိုး စွမ်းအားအောက်တွင် မြူမှုန်အဖြစ် ပြောင်းလဲသွားတော့မလိုပင် ဖြစ်သည်။
ရီဖူရှင်းသည် ကောင်းကင်သို့ ဆက်တက်သွားနေဆဲ ဖြစ်ကာ ဆင်အော်သံများကလည်း ဆူညံနေ၏။ ကောင်းကင်နှင့် မြေကြီးကြားတွင် များပြားလှသည့် နတ်ဆိုးဆင်များက ပေါ်ပေါက်လာပြီး အထက်ကောင်းကင်ဆီသို့ တစ်ဟုန်ထိုး လျှောက်လှမ်းသွားကြသည်။ သူ့ခန္ဓာအနီးတွင် ပညာရှိကျမ်း၏ အရှိန်အဝါများ ပေါ်ပေါက်လာပြီး သူ့ကို လွှမ်းခြုံထားသည်။ သူက နတ်ဆင်၏ အရိပ်နှင့် ရောယှက်နေသည်။
အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ အရိုး၏ စွမ်းအားသည် သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည်။ သူက ကောင်းကင်တွင် နတ်ဆင်၏ ပုံရိပ်ယောင်ကဲ့သို့ လမ်းလျှောက်နေ၏။
ဘုန်း…
မိုးကြိုးဆင်းသက်လာသကဲ့သို့ မရေတွက်နိုင်သည့် ဆင်ကြီးများက ကဆုန်ပေါက်ပြေးလွှားနေပြီး ကျန်းယွမ်ရှိနေရာသို့ ဦးတည်သွားနေကြသည်။
နတ်မိုးကြိုးအလင်းက မရေတွက်နိုင်သည့် ဆင်များနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ကာ ပတ်ဝန်းကျင်သည် ပေါက်ကွဲမှုများ အဆက်မပြတ် ဖြစ်လာသည်။ ဆင်များ၏ ပုံရိပ်တို့က မိုးကြိုးကြောင့် တစစီဖျက်ဆီးခံလိုက်ရပြီး မည်သည့်အစအနမှ မကျန်သည်ထိ ဖြစ်သွားရသော်လည်း ရီဖူရှင်းက ဆက်လက်၍ ရှေ့သို့ ဆက်သွားနေကာ ဆင်များသည်လည်း မကုန်ဆုံးနိုင်သကဲ့သို့ ထပ်ကာ ထပ်ကာ ပေါ်လာနေသည်။
တောက်ပသည့် နတ်ဘုရားပြစ်ဒဏ်အလင်းက ရီဖူရှင်း၏ နတ်ဆင်ပုံရိပ်ပေါ်သို့ ကျဆင်းလာကာ နတ်ဆင်၏ ခန္ဓာကိုယ်အား ဆုတ်ဖြဲပစ်ရန် ကြိုးစားလေသည်။ ကောင်းကင်နှင့် မြေကြီးက အော်မြည်နေပြီး ရီဖူရှင်းက ဆက်လက်၍ အထက်သို့ ရွေ့လျားနေသည်။ နတ်ဆင်များက အလွန် ပြင်းထန်သည့် ဖျက်ဆီးခြင်း ဖိအားကို တောင့်ခံနေပြီး အနေအထား ပျက်ယွင်းသွားသော်လည်း ယင်းတို့သည် ကောင်းကင်က ဆက်လက်ချီတက်နေကာ ကျန်းယွမ်ဆီသို့ တိုးဝင်သွားခဲ့သည်။
ကျန်းယွမ်က မျက်မှောင်ကြုတ်လိုက်၏။ သူသည် နတ်ဆင်များ၏ ပုံရိပ်ကို ကြည့်ရင်း လေထဲသို့ ပြေးဝင်သွားကာ လက်တစ်ဖက်ကို မြှောက်၍ ရိုက်ချလိုက်သည်။ မိုးကြိုးစွမ်းအားက သူ၏ လက်ဝါးထဲ၌ ကွယ်ဝှက်နေသည်။ နတ်ဆင်က ရောက်ရှိလာသည့်အခါ သူ့လက်ဝါးက နတ်ဆင်၏ ဦးခေါင်းသို့ တိုက်ရိုက် ရိုက်ခတ်မိလေသည်။
ကြောက်မက်ဖွယ် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ကျန်းယွမ်၏ ခန္ဓာကိုယ်က ကောင်းကင်သို့ ပြန်ကန်ထွက်သွားသလို နတ်ဆင်၏ ခန္ဓာကိုယ်သည်လည်း မိုးကြိုးတို့ဖြင့် စီးဆင်းသွားခဲ့၏။ သို့သော် ဆင်ပုံရိပ်က အပြီးတိုင် ပျက်ပြယ်သွားခြင်းမရှိဘဲ ဆင်ပုံရိပ်က ပေါင်းစည်းသွားပြီး အစစ်အမှန် နတ်ဆင်အင်ပါယာတစ်ပါး ရောက်ရှိလာသကဲ့သို့ ထင်မှတ်ရပေသည်။
“အဲဒီဆင်အရိုး”
ကျန်းယွမ်က ဆင်အင်ပါယာ၏ ပုံရိပ်က်ု ငုံ့ကြည့်လိုက်ပြီး ယင်းမှ နတ်ဆိုးအင်ပါယာ၏ စွမ်းအားများ ထွက်ပေါ်နေသည်ဟု ခံစားရပေသည်။ သူက နတ်ဆင်ခန္ဓာကိုယ်မှတဆင့် ဆင်အင်ပါယာအရိုး၏ တည်ရှိမှုကို ခံစားနိုင်ပေသည်။
ဤဆင်ပုံရိပ်က နတ်ဆင်အင်ပါယာ၏ အရိုးအပိုင်းအစမှ ဖြစ်တည်လာခြင်း ဖြစ်နိုင်သည်လား။
ထိုအရိုးအပိုင်းအစသည် ရန်ဟောင်အဆင့်ရတနာ ဖြစ်သည်။
နတ်မြေခွေးနန်းတော်သည် ထက်မြက်ဟန်ဆောင်ထားသည့် ငတုံးများသာဖြစ်သည်။ သူတို့က အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ၏ အရိုးအား တခြားသူများထံသို့ အလွယ်တကူ ပေးလိုက်သည်။
သို့သော် သူ့တွင် နတ်ဆိုးအင်ပါယာ၏ အရိုး ရှိနေလျှင်ပင် မည်သူက ထိုလျှို့ဝှက်ချက်အား ဖော်ထုတ်နိုင်မည်နည်း။
ကျန်းယွမ်က သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ နတ်မိုးကြိုးတို့က ကောင်းကင်ထက်တွင် လှည့်ပတ်နေပြီး အဆုံးမဲ့ကောင်းကင်တွင် မိုးကြိုးတိမ်တိုက်များဖြင့် ဖုံးလွှမ်းလာကာ သူ့ ခေါင်းထက်ရှိ ကပ်ဘေးမိုးကြိုးဝင်္ကပါဆီသို့ တစ်ဟုန်ထိုး ပြေးဝင်လာကြသည်။
တောက်ပသည့် အလင်းများက ဤနက်မှောင်သည့် လေဟာနယ်ကို နေ့အချိန်ကဲ့သို့ ထွန်းလင်းလာစေသည်။ ကျန်းယွမ်သည် ကြောက်မက်ဖွယ် မိုးကြိုးစွမ်းအားများ ပြည့်ဝနေသည့် မျက်လုံးတို့နှင့် ရီဖူရှင်းကို ငုံ့ကြည့်လိုက်သည်။
အရပ်ရှစ်မျက်နှာမှ မိုးကြိုးစွမ်းအားများက ပေါင်းစည်းလာ၏။
ကပ်ဘေးမိုးကြိုးဝင်္ကပါတွင် မိုးကြိုးတိမ်တိုက်များက ကောင်းကင်ကို ဖုံးလွှမ်းထားကာ အောက်ဘက်ရှိ နေရာတစ်ခုလုံးအား လွှမ်းခြုံထား၏။ ဝင်္ကပါဗဟိုချက်သည် ကောင်းကင်ရှိ နတ်မိုးကြိုးတို့နှင့် ဆက်သွယ်နေသည်။ ကျန်းယွမ်က လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ရုတ်တရက် ဖောက်ထွင်းမြင်နေရအောင် ကြည်လင်နေသည့် နတ်မိုးကြိုးဓားတစ်လက်က သူ့လက်ထဲတွင် ပေါ်ပေါက်လာခဲ့လျှင် ၎င်းမှ ထွက်ပေါ်လာသော တောက်ပသည့် အလင်းက မျက်လုံးများပင် ကျိန်းသွားစေလောက်သည်။
“ကပ်ဘေးမိုးကြိုး”
ကျန်းယွမ်က လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ဓားက ကျဆင်းလာကာ ရီဖူရှင်းဆီသို့ တိုးဝင်သွားသည်။
ထိုအချိန်၌ ကောင်းကင်နှင့် မြေကြီးက ဖျက်ဆီးခြင်းစွမ်းအားအောက်၌ ကျရောက်သွားသည်။ ရီဖူရှင်းသည် အရပ်ရှစ်မျက်နှာမှ မိုးကြိုးတို့ဖြင့် လွှမ်းခြုံခံလိုက်ရပြီး ဓားချက်ကို မရှောင်နိုင်ဘဲ တိုက်ခိုက်မှုကို ထိမှန်ခံရတော့မည်ဟု ထင်မှတ်ရသည်။
ရာရာက သူတို့ကို ကြည့်လိုက်၏။ သူမ၏ မျက်နှာက ဖြူဖျော့နေသည်။ ဤသည်က ပြန်လည်မွေးဖွားခြင်းအဆင့် တိုက်ခိုက်မှုဖြစ်သည်။
ကျန်းယွမ်သည် ခရမ်းရင့်ကောင်းကင်နန်းတော်၏အထွတ်အထိပ်ဆရာသခင် ဖြစ်ပြီး ဤမျိုးဆက်တွင် အားအကောင်းဆုံး တန်ခိုးရှင်ဖြစ်သည်။ သူသည် ခရမ်းရင့်ကောင်းကင်နန်းတော်၏ ဆက်ခံသူအဖြစ် ဆုံးဖြတ်ထားခံရ၍ ခရမ်းရင့်ကောင်းကင်နန်းတော် နန်းတော်သခင်၏ တိုက်ရိုက်တပည့် ဖြစ်သည်။ သူ၏ ခွန်အားက အားကောင်းသည်မှာ ငြင်းဆန်စရာမရှိပေ။ သံသယကင်းစင်ခြင်း အဆင့်တစ်ယောက် အနေနှင့် သူသည် ပြန်လည်မွေးဖွားခြင်းအဆင့် စွမ်းအားကို အသုံးပြုနိုင်စွမ်း ရှိလေသည်။
သူမသည် အခြေအနေနှစ်မျိုးလုံးအတွက် ကျင့်ကြံထားခဲ့သော်လည်း ကျန်းယွမ်ကို အလွယ်တကူ ရှုံးနိမ့်ခဲ့ရသည်။
ကပ်ဘေးမိုးကြိုးဓားကို ကြည့်လိုက်ရင်းက ထိုဓားချက်အား ယခင်တိုက်ပွဲ၌ သူမအပေါ်တွင် အသုံးပြုခဲ့ပါက သူမအနေဖြင့် မရှုမလှရှုံးနိမ့်သွားမည်သာဖြစ်ကြောင်း သိလိုက်သည်။
ကျန်းယွမ်သည် သူမကို ရင်ဆိုင်သည့်အခါ၌ အစွမ်းကုန် ကြိုးစားရန်ပင် မလိုအပ်ခဲ့ပေ။
နတ်ဆင်သည် အော်မြည်လိုက်ပြ ရီဖူရှင်းကို အတွင်း၌ ဖုံးအုပ်ထားသည်။ သူက ကောင်းကင်ကို မော့ကြည့်လျှင် မရေတွက်နိုင်သည့် ဆင်များက ပြေးထွက်လာသည်။ ရီဖူရှင်းက ထွက်မပြေးခဲ့ဘဲ ကောင်းကင်သို့ တည့်မတ်စွာ ပြေးဝင်သွား၏။ ကြမ်းတမ်းသည့် ရွှေရောင်နတ်ဆင်များစွာက ကျရောက်လုဆဲဆဲ နတ်ဘုရားပြစ်ဒဏ်ဓားဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားပြီး ပြင်းထန်သည့် မဟာလမ်းစဥ် စွမ်းအား၏ ဖိအားတို့က လွှမ်းခြုံလာသည်။ ကောင်းကင်သည် တောက်ပနေသော နတ်ဆင်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည့် မွန်းကြပ်ဖွယ် နတ်ဆိုးအင်ပါယာ စွမ်းအားများဖြင့် ပြည့်နှက်သွားခဲ့သည်။
ဘုန်း…
ဓားက အောက်သို့ ကျဆင်းလာသည်။ ကပ်ဘေးမိုးကြိုးဓားက နတ်ဆင်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွား၏။ အဆုံးမဲ့ ဖျက်ဆီးခြင်းအလင်းတို့က ကျဆင်းရိုက်ခတ်လာပြီး ရုတ်ချင်းပင် နတ်ဆင်၏ ကြီးမားသော ခန္ဓာကိုယ်ကို ဝါးမျိုကာ ထိုးဖောက်၍ အပိုင်းပိုင်း ဖျက်ဆီးပစ်ရန် ကြိုးစားလေသည်။
ဘန်း…
ထောင်ချီသည့် ရွှေရောင်အလင်းတန်းတို့က နတ်ဆင်တစ်ကိုယ်လုံးပေါ်တွင် လွှမ်းခြုံထားကာ ကောင်းကင်နှင့် မြေကြီးကြားရှိ မဟာလမ်းစဥ်ကို ဖိနှိပ်ထားသည်။ ထိပ်တိုက်ထိတွေ့မိသည့်နေရာ၌ လေဟာနယ်က ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး ကျယ်လောင်စွာ အသံထွက်ပေါ်လာသည်။ မြင်ကွင်းက အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ကျယ်လောင်သည့် အသံဖြင့်အတူ ရီဖူရှင်းနှင့် နတ်ဆင်ခန္ဓာကိုယ်နှစ်ခုလုံးသည် တုန်ခါသွားသည်။ အက်ကြောင်းများက နတ်ဆင်၏ ခန္ဓာကိုယ်တွင် ပေါ်ပေါက်လာသည်။ ဖျက်ဆီးခြင်းအလင်းတို့က အတွင်းထိ ထိုးဖောက်ကာ ဖျက်ဆီးပစ်ရန် ကြိုးစားသော်လည်း နတ်ဆင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော နတ်အရှိန်အဝါတို့က ထိုအက်ကြောင်းများကို ချက်ချင်း ပြုပြင်ပေးလေသည်။
အခြားတစ်ဖက်တွင် နတ်ဓားက ဆက်လက် ပျက်စီးနေပြီး အဆုံးမဲ့အလင်းများအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်နှင့် မြေကြီးကြား၌ မှေးမှိန်ပျောက်ကွယ်သွားလေသည်။
ထိုမြင်ကွင်းသည် ကျန်းယွမ်ကို မျက်မှောင်ကြုတ်သွားစေသည်။ သူက မိုးကြိုးစွမ်းအားတို့ဖြင့် တောက်ပနေသော မျက်လုံးအစုံဖြင့် ရီဖူရှင်းအား စူးစိုက်ကြည့်လိုက်သည်။ နတ်ဆင်၏ ပုံရိပ်က မည်သည့်အကြောင်းကြောင့် မဖျက်ဆီးနိုင် ဖြစ်နေရသနည်း။
ယခုတွင် ထိုတိုက်ခိုက်မှုက နတ်ဆင်သည် ပုံရိပ်ယောင်မဟုတ်ဘဲ အစစ်အမှန် ခန္ဓာကိုယ်ဟု ခံစားရစေသည်။
“အံ့သြစရာမရှိပါဘူး။ ဒါက အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာရဲ့ အရိုးပဲလေ” ကျန်းယွမ်က ပြောလိုက်သည်။ ရန်ဟောင်အဆင့်ကို မဆိုထားနှင့် ရှန့်ထိုအဆင့်တန်ခိုးရှင်များပင်လျှင် သေမျိုးလူသားတို့၏ သွေးသားခန္ဓာ ကန့်သတ်ချက်၏ လွှမ်းမိုးခြင်းကို ခံထားရခြင်း မရှိတော့ပေ။
ရန်ဟောင်အဆင့် တန်ခိုးရှင်၏ အသွေးအသားနှင့် သွေးကြောများသည် သာမန်မဟုတ်တော့ဘဲ သူတို့၏ သွေးနှင့် အရိုးများ အားလုံးက တစ်မူထူးခြားသည့် အရာများ ဖြစ်သွားခဲ့သည်။ ၎င်းတို့၏ အရိုးများသည်ပင် အရိုး၏ လမ်းစဥ်စွမ်းအားများနှင့် ကျင့်စဥ်စွမ်းအားများ ပါဝင်နေပြီး ထိုမှတဆင့် သူတို့၏ ကြံ့ခိုင်အားကောင်းသည့် သွေးမျိုးဆက်ကို အနာဂတ်မျိုးဆက်များက ဆက်ခံနိုင်ပေသည်။
ရီဖူရှင်း ရရှိခဲ့သည့် ထိုနတ်ဆိုးအရိုးအပိုင်းအစသည် အလွန် ထူးခြားသည့် အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ၏ အရိုးလမ်းစဥ်စွမ်းအားဖြစ်ကာ ၎င်းမှ ဖန်တီးထားသည့် နတ်ဆင်၏ ပုံရိပ်ယောင်သည်ပင် အလွန် အစွမ်းထက်လှပေသည်။
ထိုသို့ ကျန်းယွမ်၏ ခန့်မှန်းချက်အများစုက မှန်ကန်သော်လည်း အရေးကြီးဆုံး အချက်ကတော့ မှားယွင်းနေပေသည်။
နတ်ဆင်သည် ပေါင်းစပ်ခြင်းဖြင့် မွေးဖွားလာခြင်းမဟုတ်ဘဲ ရီဖူရှင်း၏ သက်စောင့်ဝိညာဥ်အဖြစ် ပြောင်းလဲခံလိုက်ရခြင်း ဖြစ်ပေသည်။
ထို့အပြင် အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ၏ အရိုးသည် သက်စောင့်ဝိညာဥ်အတွင်း ပျော်ဝင်သွားပြီ ဖြစ်ရာ ထိုသက်စောင့်ဝိညာဥ်၌ ရန်ဟောင်စွမ်းအားများ ပါဝင်နေပေသည်။
ရီဖူရှင်းက ကျန်းယွမ်၏ စကားကို ကြားလိုက်ပြီး တစ်ဘက်လူသည် မှားယွင်းစွာ ကောက်ချက်ချလိုက်ကြောင်း သိလိုက်သည်။ တစ်စုံတစ်ယောက်က ရှန့်ထိုအဆင့်သို့ ရောက်သည့်အခါ သူတို့၏ သက်စောင့်ဝိညာဥ်သည် သီးခြားရပ်တည်နိုင်သော ဖြစ်တည်မှုတစ်ခု ဖြစ်သွားပေလိမ့်မည်။ နတ်ဆိုးအင်ပါယာ သက်စောင့်ဝိညာဥ်သည်လည်း ထိုနတ်ဆိုးကြီး၏ သီးသန့်ပုံရိပ်နှင့် တူညီနေပေသည်။ သာမန်လူများက မတူညီမှုကို မမြင်တွေ့နိုင်ကြပေ။ ယခု ရီဖူရှင်းက နတ်ဆင်သက်စောင့်ဝိညာဥ်ကို ဆင့်ခေါ်ထားသော်လည်း ကျန်းယွမ်က ၎င်းကို နတ်ဆင်၏ အရိုးဟု တွေးထင်နေပေသည်။
ဘုန်း….
လေထုသည် တုန်ခါသွားပြီး နတ်ဆင်သည် လေထဲသို့ ခုန်လိုက်ကာ ကောင်းကင်ကို ဖိနှပ်နေသည်က ကျန်းယွမ်ကို မျက်မှောင်ကြုတ်သွားစေသည်။
ထိုမျှ အစွမ်းထက်သည့် ဓားတိုက်ခိုက်မှုမျိုးနှင့် ကျန်းယွမ်သည် ပြန်လည်မွေးဖွားခြင်းအဆင့်ကိုပင် ခြိမ်းခြောက်နိုင်သော်လည်း သူက မိမိကိုယ်ကိုယ်သိမြင်ခြင်းအဆင့်မှ တန်ခိုးရှင်ကို သတ်ရန် ကျရှုံးခဲ့ရုံမျှမက ဒဏ်ရာ ကြီးကြီးမားမားပင် မရစေခဲ့ပေ။ ရီဖူရှင်းသည် ရှေ့သို့ ဆက်လက်လာနေပြီး တိုက်ခိုက်မှုများအား ထုတ်ဖော်လိုက်သည်။
ရီဖူရှင်းက နတ်ဆိုးအင်ပါယာ၏ အရိုးစွမ်းအားကို အသုံးပြုနေသည်အား သူသိသော်လည်း ၎င်းကပင် သူ့အား ဒေါသထွက်စေသည်။
လေးလံသည့် ဖိအားက သူ့ခန္ဓာကိုယ်ပေါ်သို့ လွှမ်းခြုံလာသည်။ ကျန်းယွမ်သည် လေထဲတွင် ရပ်နေရင်း အလွန်ပြင်းထန်သည့် ဖိအားကို ခံစားမိလေသည်။ နတ်ဆင်များသည် တိမ်တိုက်များကို ဒုန်းစိုင်းကာ ဖြတ်သွားနေပြီး ရီဖူရှင်းသည် နတ်ဆင်အားလုံး၏ အရှင်သခင်ကဲ့သို့ ဆင်အုပ်ကို ဦးဆောင်ကာ ကျန်းယွမ်ဆီသို့ လာနေသည်။
ကျန်းယွမ်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ခဏအတွင်း ကပ်ဘေးနတ်မိုးကြိုးဝင်္ကပါက ကျဆင်းလာကာ အရာအားလုံးကို ဝါးမျိုမည့် မိုးကြိုးမုန်တိုင်းကဲ့သို့ ဆင်များဆီသို့ ဦးတည်သွားသည်။
ဘုန်း…
အဆုံးမဲ့ အလင်းများက ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။ သူ့အနီးတွင် မရေတွက်နိုင်သော နတ်ဆင်များက ကောင်းကင်ကို ဖြတ်သန်းပြေးလွှားနေပြီး နတ်ဆင်အရှင်သခင်က ဝင်္ကပါဆီသို့ တိုက်ရိုက်သွားခဲ့သည်။
ဖျက်ဆီးခြင်းမုန်တိုင်းက ကောင်းကင်ထက်တွင် ပြင်းထန်စွာ ဖြစ်ပေါ်နေသည်။ မြင်ကွင်းက ကြောက်မက်ဖွယ်ပင် ဖြစ်သည်။ ဆူညံသည့် အသံများ ထွက်ပေါ်လာပြီး ကပ်ဘေးမိုးကြိုးဝင်္ကပါက ဖျက်ဆီးခံလိုက်ရကာ ပေါက်ကွဲ၍ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားလေသည်။ ကပ်ဘေးမိုးကြိုးဝင်္ကပါက မရေတွက်နိုင်သည့် နတ်ဆင်များကြောင့် အပြီးတိုင် ဖျက်ဆီးခံလိုက်ရလေသည်။
နတ်ဆင်ဘုရင်က လေထုအတွင်း တစ်ဟုန်ထိုး ပြေးဝင်သွားသည့်အခါ ကျန်းယွမ်က တစ်ဖက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်ရပေသည်။ သူတို့နှစ်ယောက်က တဖန်ထပ်ကာ လူချင်းကွဲသွားကြသည်။
ကျန်းယွမ်က သဘောမကျသည့်အမူအရာဖြင့် ရီဖူရှင်းကို စူးစိုက်ကြည့်လိုက်သည်။ ဤတန်ခိုးရှင်က နတ်ဆိုးအင်ပါယာ၏ အရိုးကို အသုံးပြုပြီး သူ့ကို စိန်ခေါ်နေသည်လား။
ဘုန်း…
ထိုအချိန်၌ ရီဖူရှင်းက ကောင်းကင်သို့ ခြေလှမ်းလိုက်သည်အား မြင်လေသည်။ သူက ခေါင်းကို မော့ကာ ကြည့်လိုက်လျှင် ကောင်းကင်ပေါ်တွင် လျှောက်လှမ်းနေသည့် နတ်ဆင်အင်ပါယာကို မြင်သည်။
သူ ခြေလှမ်းလှမ်းလိုက်တိုင်းတွင် လေဟာနယ်က တုန်ခါသွားပြီး လေဟာနယ်တစ်ခုလုံးက သူ၏ ဖိနှိပ်မှုအောက်၌ ရောက်ရှိနေပေသည်။ ကျန်းယွမ်သည် အလွန် ကြောက်မက်ဖွယ် ဖိနှိပ်မှုစွမ်းအားက သူ့ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်ကို အားကောင်းစွာ ခံစားမိလေသည်။
သူက ရီဖူရှင်း နတ်ဆိုးအင်ပါယာ၏ ကျင့်စဥ်ကို ထိုအရိုးမှတဆင့် ရရှိထားသည်လားဟု သံသယဝင်လာ၏။
ဘန်း…
လေထုက တဖန် တုန်ခါလာပြီး ကောင်းကင်က ယိမ်းခါလာသည်။ အဆုံးမဲ့စွမ်းအားတို့က ကောင်းကင်မှ ကျဆင်းလာ၏။ ရုတ်တရက် မရေတွက်နိုင်သည့် နတ်ဆင်အရိပ်များက အဆုံးမဲ့ကောင်းကင်တွင် ပေါ်ပေါက်လာသည်။ ရီဖူရှင်းသည် အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ၏ သဏ္ဌာန်အဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ကို နင်း၍ မဟာလမ်းစဥ်အားကို ဖြိုခွဲလိုက်သည်။
***