အခန်း (၁၅၅) ဂုဏ်သိက္ခာထိခိုက်မည်စိုးသောကြောင့်
“ဂိုဏ်းတူအစ်မ… ဂရုစိုက်ပြီးပြန်နော်…”
ကျန်းလန်က ရှောင်ယွိကိုကြည့်ရင်း လှမ်းပြောလိုက်သည်။
ရှောင်ယွိက ဓားပေါ်တွင် ပျံသန်းစီးနှင်သွားပြီး ကျန်းလန်ကို လက်ပြနှုတ်ဆက်လိုက်၏။
ရှောင်ယွိ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့မှ ကျန်းလန်လည်း မရဏဂူသို့ ပြန်ခဲ့လေသည်။
သူ ပြင်ပသို့ ထွက်ခွာရန် ဆန္ဒမရှိသေးပေ။ မရှိမှုအာကာသအဆင့် အောင်မြင်သည်အထိ တစ်ယောက်တည်း ကျင့်ကြံရဦးမည် ဖြစ်သည်။
မရှိမှုအာကာသအဆင့် အောင်မြင်ပြီးပါက အင်မော်တယ်ဖြစ်လာရန် အလွန်နီးစပ်ပြီ ဖြစ်သည်။
ရှောင်ယွိပြန်သွားပြီးနောက်ပိုင်း နေ့ရက်များက ကျန်းလန်အတွက် ပုံမှန်အတိုင်းပင် ဖြစ်သည်။ စာကြည့်တိုက်သွားကာ စာအုပ်များဖတ်ရင်း စနစ်တွင်မှတ်ပုံတင်ခြင်းမှ ရရှိထားသည့် ပြဒါးဆေးများကို စားသည်။
ညဘက်တွင်တော့ ကျောက်စိမ်းရေကန် နတ်ဘုရားမ ပန်းချီကားကို အသုံးပြုကာ ဂါထာမန္တန်များနှင့် ကျင့်စဉ်များကို ပိုမိုကျွမ်းကျင်လာစေရန် ကျင့်ကြံသည်။
ကျန်းလန်၏ ကျင့်ကြံခြင်းကတော့ အလျှင်မြန်ဆုံးနှုန်းဖြင့် မြင့်တက်လျှက် ရှိသည်။
ထိုသို့ဖြင့်…
ကျန်းလန် အချိန် (၁)နှစ်ခန့် ကျင့်ကြံပြီးသည့်နောက် ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်မှု စတင်ဖြစ်ပေါ်လာလေသည်။
ပုံမှန်အားဖြင့်ဆိုလျှင် မရဏအငွေ့အသက်များ ပေါက်ကွဲထွက်သည်မှာ အနည်းငယ် နောက်ကျသည်ဟု ဆိုနိုင်သော်လည်း ကျန်းလန်မျှော်လင့်ထားသည်ထက်တော့ အနည်းငယ် အချိန်စောနေခဲ့သည်။
ကျန်းလန် မရဏဂူထဲတွင် ရှိနေလေသည်။
သူက မရဏအလောကနှင့် ချိတ်ဆက်ထားသည့် တွင်းနက်ကြီးအတွင်း သတိကြီးကြီးထားကာ ခေါင်းငုံ့ကြည့်လိုက်သည်။
“နောက်ထပ် နှစ်နည်းနည်းလောက်ဆိုရင် ငါ ဒီနေရာမှာ ရှိပါတော့မလားတောင် မသိဘူး… ၊ ပြင်ပလောကကို ရောက်ချင်ရောက်နေမှာ…”
ကျန်းလန်တွေးလိုက်မိသည်။
နတ်မိစ္ဆာအုပ်စုကို သတ်ဖြတ်ခဲ့စဉ်က ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်လာပြီး မရဏလောကအသက်ဝင်လာချိန်တွင် နတ်မိစ္ဆာများ မရဏဂူထဲ ခိုးဝင်ရန် ကြံစည်နေကြသည့်သတင်းကို ကျန်းလန် ကြားသိခဲ့ရသည်။
ယခု ငရဲတံခါးမှ မရဏအငွေ့အသက်များ စတင် ပေါက်ကွဲထွက်နေပြီ ဖြစ်သည်။
ယခုအချိန်ဆိုလျှင် နတ်မိစ္ဆာများ လှုပ်ရှားမည်ဆိုလျှင် စတင်လှုပ်ရှားနေကြပေလောက်ပြီ။ သို့သော် နဝမတောင်ထွတ်တွင် နေထိုင်နေသရွေ့ ကျန်းလန် စိုးရိမ်ပူပန်ခြင်း မရှိပေ။
မရဏအငွေ့အသက်များ ထိပ်ဆုံးအဆင့် ပေါက်ကွဲထွက်ရန်က အချိန်ကြာဦးမည် ဖြစ်၏။
ထို့နောက် ကျန်းလန် အတွေးမများတော့ဘဲ စိတ်ကိုတည်ငြိမ်အောင် ပြုလုပ်ကာ ကျင့်ကြံခြင်း စတင်လိုက်သည်။
…………………
ထိုသို့ဖြင့်…
မျက်စိတစ်မှိတ်အတွင်း (၃)နှစ်ဆိုသည့်အချိန်က ကုန်ဆုံးသွားလေသည်။
ယနေ့တော့ ကျန်းလန် မရဏဂူထဲမှ ထွက်ခွာလာခဲ့သည်။
သူနှင့်အတူ ရေသဖန်းပင်လေးနှင့် သားရဲဥလေးကိုလည်း နေဆာလှုံပေးရန် ယူဆောင်လာလေသည်။ ထိုအရာလေးများကို ယခုတစ်ကြိမ် အပြင်သို့ထုတ်ပြီးလျှင် မရဏဂူထဲသို့ အချိန်အတန်ကြာအောင် ပြန်မသွင်းသေးရန် ကျန်းလန် ဆုံးဖြတ်ထားသည်။
အဘယ်ကြောင့်ဆိုသော် မရဏအငွေ့အသက်များ ပေါက်ကွဲထွက်သည့်ဒဏ်ကို ထိုအရာလေးများက ခံနိုင်ရည် မရှိသောကြောင့် ဖြစ်၏။
လွန်ခဲ့သည့်နှစ်ပေါင်း (၁၀၀)ခန့်က မရဏအငွေ့အသက်များ ပေါက်ကွဲထွက်စဉ် သားရဲဥလေး ဒဏ်မခံနိုင်သည်ကို ကျန်းလန် သိရှိခဲ့ပြီး ဖြစ်သည်။
ဤသားရဲဥလေးနှင့် ရေသဖန်းပင်လေးက အမှန်တကယ် ထူးခြားမှုရှိသည့် ပစ္စည်းလေးများ ဖြစ်သည်။
သားရဲဥလေးက နှစ်ပေါင်း (၁၇၀) ကျော် သူ့ကို အဖော်လုပ်ပေးခဲ့ပြီး ရေသဖန်းပင်လေးကတော့ နှစ်ပေါင်း (၆၀)ခန့် သူနှင့်အတူ ရှိနေပေးခဲ့သည်။
ထိုအရာလေးများ မည်သည့်အချိန်တွင် အသက်ဓာတ်ကုန်ဆုံးသွားမည်ကို ကျန်းလန် မသိရှိပေ။
အချိန် (၃)နှစ်အတွင်း ကျန်းလန်က သူ ကျင့်ကြံသင့်သည့် ဂါထာမန္တန်များနှင့် ကျင့်စဉ်များကို ကျွမ်းကျင်အောင် ကျင့်ကြံနိုင်ခဲ့ပြီးပြီ ဖြစ်သည်။ ထို့အတူ သူ စမ်းသပ်ချင်သည့်အရာများကိုလည်း စမ်းသပ်ကြည့်ပြီးပြီ ဖြစ်သည်။
အန္တရယ်ကိုးသွယ်စွမ်းအားကိုတော့ ကျန်းလန် အသုံးပြုနိုင်ခြင်း မရှိသေးပေ။ မရှိမှုအာကာသအဆင့် အောင်မြင်ပြီးမှသာ ထပ်မံကြိုးစားကြည့်ရန် ဆုံးဖြတ်ထားသည်။
ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်း တန်ခိုးစွမ်းအားသည်လည်း ထိပ်ဆုံးအဆင့်ရောက်ရှိသည်အထိ ကျင့်ကြံနိုင်ခြင်း မရှိသေးပေ။
နွားရိုင်းကိုးကောင်စွမ်းအားကတော့ ကျွမ်းကျင်အဆင့်ရောက်နေပြီဖြစ်ပြီး အရင်အချိန်များကထက် သိသိသာသာ စွမ်းအား ပိုမို ပြင်းထန်လာသည်။
ယခုအချိန် နတ်မိစ္ဆာအဖွဲ့မှတပ်မှူး “မန်တု” နှင့် ပြန်လည်တိုက်ခိုက်မည်ဆိုလျှင် လက်သီး (၂)ချက် အသုံးပြုစရာမလိုဘဲ တစ်ချက်တည်းဖြင့် ဇီဝိန်ခြွေပစ်နိုင်မည် ဖြစ်၏။
ကျန်းလန် သူနေထိုင်ရာ ခြံဝန်းဆီသို့ လမ်းလျှောက်လာစဉ် ခြံဝန်းထဲတွင် တစ်စုံတစ်ယောက် ရောက်နေသည်ကို သတိပြုလိုက်မိသည်။
ထိုသူက ဝင်္ကပါထောင်ချောက်ကို ဖြတ်ကျော်ပြီး သူနေထိုင်ရာ ခြံဝန်းအတွင်းသို့ ဝင်ရောက်လာသူ ဖြစ်သည်။
“ဂိုဏ်းတူအစ်မ ရှောင်ယွိ ရောက်လာတာပဲ ဖြစ်ရမယ်…”
ကျန်းလန် တွေးလိုက်သည်။
မက်မွန်ဝင်္ကပါထောင်ချောက်ကို ဖြတ်ကျော်နိုင်သူဆို၍ ရှောင်ယွိတစ်ယောက်သာ ရှိသည် မဟုတ်ပါလား။
ကျန်းလန် ခြံဝန်းထဲသို့ ရောက်သည်နှင့် အဖြူရောင်နှင့်အပြာရောင်ရောစပ်ထားသည့် ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်မပျိုလေးတစ်ယောက်ကို တွေ့လိုက်ရသည်။
သူမ မြေပြင်ထက်တွင် တင်ပျဉ်ခွေထိုင်ရင်း ပွင့်လန်းနေသည့် ရောင်စုံပန်းများကို ငေးကြည့်နေလေသည်။ သူမ၏ မျက်နှာလေးက ပြုံးရိပ်သမ်းလျှက် ရှိသည်။
တောက်ပသည့်နေရောင်ခြည်အောက်တွင် မိန်းမပျိုလေးတစ်ယောက် ပန်းများကို မြတ်မြတ်နိုးနိုးကြည့်နေသည့်ပုံစံလေးက အလွန်မှ ရင်သပ်ရှုမောစရာ ကောင်းလှသည်။
အနောက်ဘက်မှ ခြေသံကြားသည်နှင့် ရှောင်ယွိက လှည့်ကြည့်လိုက်သည်။
ကျန်းလန်ကိုတွေ့သည့်အခါ သူမက ပြုံးပြလိုက်ရင်း…
“ဂိုဏ်းတူမောင်လေး… မတွေ့တာ ကြာပြီနော်…”
သူ့ကိုလှည့်ကြည့်ကာ ပြုံးပြလာသည့် ရှောင်ယွိ၏ မျက်နှာနုနုကိုတွေ့မြင်ရသည့်အခါ ကျန်းလန် မှင်တက်သွားရသည်။
သူ့ကို ပြုံးပြနေသည့် မိန်းမပျို၏ အပြုံးလေးက အလွန်တရာ စွဲမက်စရာကောင်းလွန်းလှသည်။
ကျန်းလန်က ခေါင်းညိတ်ပြလိုက်ရင်း…
“အင်း… မတွေ့တာကြာပြီ…”
ရှောင်ယွိ၏ ပုံစံလေးကတော့ လွန်ခဲ့သည့် (၃)နှစ်ကအတိုင်း ပြောင်းလဲခြင်း မရှိပေ။
ယခုထက် အနည်းငယ် အသက်ပိုကြီးလာမည်ဆိုလျှင် သူမ၏ ပုံစံက လုန်ယွိနှင် တစ်ထေရာတည်း ဖြစ်သွားပေလိမ့်မည်။
ရှောင်ယွိက မတ်တတ်ရပ်လိုက်ပြီး ကျန်းလန်အနားသို့ လမ်းလျှောက်လာသည်။
“ဂိုဏ်းတူမောင်လေး လက်ထဲမှာယူလာတာ ဘာပင်လေးလဲ…”
ရှောင်ယွိက အရင်ကထက် အရပ်မြင့်လာသော်လည်း ကျန်းလန်ထက်တော့ အရပ်နိမ့်သည်ဟု ဆိုရမည် ဖြစ်သည်။ သူမ၏အရပ်လေးက ကျန်းလန် ပခုံးဆီပင် မရောက်တတ်သေးပေ။
လုန်ယွိကတော့ ကျန်းလန်ပခုံးကျော်သည်အထိ အရပ်မြင့်မားလေသည်။
ကျန်းလန်က…
“ဒါက ရေသဖန်းပင်လေးလေ… သူ့ကိုစိုက်ထားတာ ဆယ်စုနှစ်တွေ ကြာလှပြီ…”
ရှောင်ယွိက ရေသဖန်းပင်လေးကို စိတ်ဝင်စားနေသောကြောင့် ကျန်းလန်က သူမလက်ထဲသို့ ပန်းအိုးလေး ထည့်ပေးလိုက်သည်။
ပန်းအိုးလေးထဲတွင် သားရဲဥလေးကိုလည်း ထည့်ထားလေရာ ရှောင်ယွိက သားရဲဥလေးကို စိတ်ဝင်တစားဖြင့် အသာထိကိုင်ကြည့်လိုက်၏။
“ဒီ ပန်းအိုးထဲကဟာလေးက ကျောက်တုံးလေးလား…”
ကျန်းလန်က…
“အဲဒါ ဝိညာဉ်သားရဲဥလေးလေ… ၊ ကျွန်တော် အခြေခံတည်ဆောက်ခြင်းအဆင့် အောင်မြင်သွားတုန်းက ဆရာ လက်ဆောင်ပေးထားတာ…”
ရှောင်ယွိက ကျန်းလန်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။
ကျန်းလန် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ အဆင့်တက်ရောက်စဉ်က သူမနှင့် တတိယတောင်ထွတ် ၊ မှော်ရုံနယ်မြေထဲတွင် ဆုံခဲ့ဖူးကြောင်း ပြန်လည်အမှတ်ရလိုက်မိသည်။
ထိုစဉ်က သူမက အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ကျန်းလန်ကတော့ သူမအဖွဲ့ထဲမှ ဂိုဏ်းတူမောင်လေး ဖြစ်၏။
ထို့ပြင် တတိယတောင်ထွတ်၏ မှော်ရုံနယ်မြေထဲတွင် သူမ လုပ်ကြံခံခဲ့ရလေရာ ကျန်းလန်ကြောင့်သာမဟုတ်လျှင် အသက်ရှင်နိုင်မည် မဟုတ်ပေ။
ရုတ်တရက် သူမ၏ ဂိုဏ်းတူမောင်လေးက အလွန်ငယ်ရွယ်သေးသည်ကို ရှောင်ယွိ သဘောပေါက်သွားသည်။
ထိုစဉ်က သူမက ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူဖြစ်ပြီး ကျန်းလန်ကတော့ ချီစွမ်းအားသန့်စင်ခြင်းအဆင့် အောင်မြင်ခါစလေး ရှိသေးသည်။
ဤအဆင့် (၂)ဆင့်၏ ကွာခြားမှုက အလွန်တရာ ကြီးမားသည်။
ယခု သူမက မူလဝိညာဉ်အဆင့် အောင်မြင်နေပြီဖြစ်ပြီး ဂိုဏ်းတူမောင်လေးကတော့ မူလဝိညာဉ်အဆင့် ကနဦးအဆင့် ရောက်ရှိပြီ ဖြစ်သည်။
သူတို့ (၂)ယောက် ကျင့်ကြံခြင်းအဆင့် သိပ်ပြီးကွာခြားမှု မရှိတော့ပေ။ ကျန်းလန်က အချိန်တိုအတွင်း သူမနှင့် သက်တူရွယ်တူ ၊ အဆင့်တူအလား ဖြစ်လာခဲ့သည်။
ရှောင်ယွိက သားရဲဥလေးကို သေသေချာချာ ကြည့်နေရင်း…
“ဂိုဏ်းတူမောင်လေး… အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်ရောက်နိုင်ကတည်းကဆိုတော့ ဒီသားရဲဥလေးက အခုဆို နှစ်ပေါင်း (၁၅၀)လောက် ရှိနေပြီပေါ့… ဟုတ်တယ်မလား…”
ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…
“ဟုတ်တယ်… အခုဆိုရင် နှစ်ပေါင်း (၁၇၀) ရှိနေပြီ ဒီသားရဲဥလေးက အကောင်လည်း မပေါက်သေးဘူး… ၊ ဒါပေမဲ့ အသက်ဓာတ်စွမ်းအားတော့ ရှိနေသေးတယ်… ၊ ဒါကြောင့် ရေသဖန်းပင်လေးနဲ့အတူ သူ့ကိုပါမွေးထားတာ…”
ရှောင်ယွိက မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း သားရဲဥလေးကို စိတ်ရှုတ်ထွေးစွာဖြင့် ကြည့်လိုက်သည်။
နှစ်ပေါင်းတစ်ရာကျော်သည့်တိုင် အကောင်မပေါက်သေးသည်က မည်သို့သော သားရဲလေးများပါလဲ…။
မည်သို့ပင်ကြည့်ကြည့် ဤသားရဲဥလေးက ထူးခြားသည့် အသက်ဓာတ်တည်ဆောက်ပုံတစ်ခုဟု ရှောင်ယွိ မမြင်မိပေ။
ထို့ပြင် အကောင်မပေါက်သည့် သားရဲဥလေးကို သစ်ဥလေးပမာ လူတစ်ယောက်က စိတ်ရှည်လက်ရှည်ဖြင့် မွေးမြူထားသည်ကိုလည်း သူမဘဝတွင် ပထမဆုံး တွေ့မြင်ဖူးခြင်း ဖြစ်သည်။
သူမ ကျန်းလန်ကို နားလည်အောင် ကြိုးစားရင်း ကျန်းလန်က ထူးခြားသူတစ်ယောက်ဖြစ်ကြောင်း သိရှိလာရသည်။
ရှောင်ယွိ ထပ်မစဉ်းစားတော့ဘဲ သူမလက်ထဲမှ သစ်သားဓားလေးကို ကျန်းလန်ကို လှမ်းပေးလိုက်သည်။
“ဓားဝိညာဉ် မရှိတော့ဘူး…”
ကျန်းလန်က သစ်သားဓားလေးကို လှမ်းယူလိုက်ရင်း နဂါးသုတ်သင်ဓားသိုင်းကို ဆက်လက်မလေ့ကျင့်တော့ရန် ရှောင်ယွိကို တိုက်တွန်းလိုက်ချင်သည်။
သို့သော် တကယ်တမ်းတွင် ထုတ်ဖော်မပြောမိတော့ဘဲ သစ်သားဓားလေးထဲသို့သာ နဂါးသုတ်သင်ဓားဝိညာဉ် ထည့်သွင်းပေးလိုက်တော့သည်။
ရှောင်ယွိက ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်ရင်း…
“အခုတလော… နဝမတောင်ထွတ်မှာ မရဏအငွေ့အသက်တွေ ပိုများလာသလိုပဲနော်…”
ကျန်းလန်က…
“အင်း… ဟုတ်တယ်… ငရဲတံခါးက မရဏအငွေ့အသက်တွေ ပေါက်ကွဲထွက်မယ့်အချိန် ရောက်နေပြီလေ…”
ကျန်းလန်က ရေသဖန်းပင်လေးနှင့် သားရဲဥလေးကို ဝိညာဉ်ဆေးရည်များ လောင်းပေးရန် ဟန်ပြင်တော့ ရှောင်ယွိက စိတ်ဝင်စားစွာ ဖြင့်ကြည့်နေလေသည်။
“ဂိုဏ်းတူမောင်လေး… သူတို့ကို ကျွန်မ ဆေးရည်လောင်းပေးမယ်လေ…”
အသစ်အဆန်းကို စိတ်ဝင်စားတတ်သည့် ရှောင်ယွိအကြောင်းကို သိရှိပြီးဖြစ်သောကြောင့် ကျန်းလန်က ခွင့်ပြုလိုက်သည်။
ထို့နောက် ရှောင်ယွိက ရေသဖန်းပင်လေးနှင့် သားရဲဥလေးကို ဝိညာဉ်ဆေးရည်များလောင်းပေးလိုက်သည်။
ပြီးမှ ရှောင်ယွိက စိတ်ဝင်တစားဖြင့်…
“မရဏအငွေ့အသက်တွေ ပေါက်ကွဲထွက်တာက ဂိုဏ်းတူမောင်လေးကို မထိခိုက်စေဘူးလား…”
ထိုမေးခွန်းကိုကြားသည်နှင့် ကျန်းလန် အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
နောက်ဆုံးတော့ ရှောင်ယွိကို အမှန်အတိုင်းပြောပြရန် ဆုံးဖြတ်လိုက်သည်။
“မရဏအငွေ့အသက်တွေ ထိပ်ဆုံးအဆင့်ထိ မြင့်တက်လာရင်တော့ ကျွန်တော့်ကို ထိခိုက်နိုင်ပါတယ်…”
လွန်ခဲ့သည့် နှစ်ပေါင်း (၁၀၀) ခန့်က မရဏအငွေ့အသက်များ ထိပ်ဆုံးအဆင့် ပေါက်ကွဲထွက်စဉ်က သူ့အပေါ် အမှန်တကယ်သက်ရောက်ခဲ့ပြီး ကိုယ်တွင်းမိစ္ဆာနှင့် ရင်ဆိုင်ခဲ့ရဖူးသည်။
သို့သော် ယခုတော့ ကျန်းလန်အနေဖြင့် ခံနိုင်ရည်ရှိလောက်ပြီ ဖြစ်သည်။
ယခင်အချိန်နှင့် ယခုအချိန် သူ၏ ကျင့်ကြံခြင်းအဆင့်က များစွာကွာခြားသွားခဲ့ပြီ မဟုတ်ပါလား။ ယခုဆိုလျှင် သူက အင်မော်တယ်ဖြစ်လာရန်ပင် အလွန်နီးကပ်နေပြီ ဖြစ်သည်။
ထို့ပြင် သူ၏ စိတ်စွမ်းအားကလည်း အတိုင်းအတာတစ်ခုအထိ အဆင့်မြင့်တက်လာပြီ ဖြစ်သည်။ ထို့ကြောင့် မရဏအငွေ့အသက်များ ပေါက်ကွဲထွက်လျှင်လည်း ကျန်းလန်ကို ထိခိုက်နိုင်တော့မည် မဟုတ်ပေ။
ဤသည်က ကျန်းလန်၏ မှန်းဆချက်သာ ဖြစ်ပြီး အတည်ပြုရန်တော့ လိုအပ်သေးသည်။
“သြော်…”
ရှောင်ယွိက ထိုမျှသာပြောပြီး စကားပြောခြင်းကို ရပ်တန့်လိုက်သည်။
ထို့နောက် သူမက ရေသဖန်းပင်လေးကို စိတ်ဝင်တစားဖြင့် လေ့လာနေလေသည်။
ယခင်ကလည်း ရေသဖန်းပင်များစွာကို သူမ တွေ့မြင်ဖူးသည်။ သို့သော် ယခုကဲ့သို့ ညှိုးနွမ်းခြောက်သွေ့နေသည့် ရေသဖန်းပင်မျိုးကိုတော့ တစ်ခါမှ မတွေ့ခဲ့ဘူးပေ။
ထိုသို့ဖြင့်…
နှစ်ယောက်သား ဟိုဟိုဒီဒီ စကားစမြည်အနည်းငယ် ပြောဆိုကြပြီးနောက် ညနေစောင်းချိန်တွင်တော့ ရှောင်ယိ ကျန်းလန်ကို နှုတ်ဆက်ကာ ကျောက်စိမ်းရေကန်သို့ ပြန်သွားလေတော့သည်။
ကျောက်စိမ်းရေကန်သို့ ပြန်ရောက်သည်နှင့် ရှောင်ယွိက လုန်ယွိအဖြစ်သို့ အသွင်ပြောင်းလဲသွားလေသည်။ လုန်ယွိသည်ကား တစ်စက်လေးပင် အပြစ်ဆိုစရာမရှိလေသော အလှဧကရီလေး ဖြစ်လေ၏။
သူမက ကျောက်စိမ်းရေကန်နံဘေးတွင် မတ်တတ်ရပ်ရင်း ကျောက်စိမ်းရေကန်အစွန်းသို့ လှမ်းမျှော်ငေးကြည့်နေလေသည်။ သူမကိုကြည့်ရသည်မှာ တစ်စုံတစ်ခုကို စဉ်းစားနေဟန် ရှိသည်။
အတန်ကြာမှ…
“ဂိုဏ်းတူမောင်လေးလည်း ကျောက်စိမ်းရေကန်မှာသာလာပြီး ကျင့်ကြံမယ်ဆိုရင် ကျင့်ကြံခြင်းအဆင့်တက်တာ လျှင်မြန်လာမှာပဲ…”
လုန်ယွိ ရေရွတ်လိုက်သည်။
သို့သော် ကျန်းလန်ကို ကျောက်စိမ်းရေကန်သို့ ခေါ်ပြီး ကျင့်ကြံခိုင်းရန်မှာ သင့်တော်သည့်အလုပ် မဟုတ်ပေ။
သူမ ရေကန်နံဘေးတွင် မတ်တတ်ရပ်ရင်း အချိန်အတန်ကြာအောင် စဉ်းစားနေခဲ့လေသည်။
နောက်ဆုံးတော့ ကျန်းလန်ကို ကျင့်ကြံရန်အတွက် ကျောက်စိမ်းရေကန်သို့ ခေါ်ယူရန်မှာ မသင့်တော်ကြောင်း လုန်ယွိ ဆုံးဖြတ်လိုက်သည်။
သူမ၏ ဂိုဏ်းတူမောင်လေးက ပါရမီရှင်တစ်ယောက် မဟုတ်ပေ။
ကျန်းလန်၏ ကျင့်ကြံခြင်းက နှေးကွေးခြင်းမရှိသော်လည်း သူမက ကျန်းလန်ကို ကျောက်စိမ်းရေကန်သို့ ခေါ်ယူလိုက်ပါက လူအများ အငြင်းပွားစရာ ဖြစ်လာပေလိမ့်မည်။
သူမနှင့် စေ့စပ်ခြင်းက ကျန်းလန်အတွက် ဖိအားများစွာ ရင်ဆိုင်ရသည်ဖြစ်လေရာ နောက်ထပ်ဖိအားများကို ထပ်မပေးချင်တော့ပေ။
နောက်တစ်ချက်မှာ သူမက ကျန်းလန်ကို ကျောက်စိမ်းရေကန်တွင် လာရောက်ကျင့်ကြံရန် အခွင့်အရေးပေးလိုက်ပါက ကျန်းလန်၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည် ဖြစ်သည်။
လုန်ယွိ အကြံအစည်ကို လက်လျှော့လိုက်ပြီး နဂါးသုတ်သင်ဓားသိုင်းကို စတင်လေ့ကျင့်လိုက်သည်။
နဂါးသုတ်သင်ဓားဝိညာဉ်ကို ကျန်းလန်ထံမှ သွားရောက်တောင်းယူခြင်းက အကူအညီတောင်းခြင်း မဟုတ်ပေ။
သူမက တောင်သခင်များနှင့် အကြီးအကဲများ၏ (၁၀)နှစ်တိုင်တိုင် သင်ကြားပို့ချပေးမှုများပါဝင်သည့် မှတ်တမ်းတင်မှော်ဝင်ပစ္စည်းလေးများကို ကျန်းလန်ထံသို့ နှစ်စဉ်ပို့ပေးခဲ့သည်ဖြစ်လေရာ မျှတသည့်အပေးအယူ ပြုလုပ်ခြင်းဟု သူမက ယူဆလေသည်။
…………………
ရှောင်ယွိကို လိုက်ပို့ပေးပြီးနောက် ကျန်းလန် မရဏဂူထဲ ပြန်လာကာ ဆက်လက်ကျင့်ကြံနေခဲ့သည်။
ရှောင်ယွိကို တွေ့မြင်ရသောကြောင့် ကျန်းလန် ပရမ်းပတာ ရင်ခုန်စိတ်လှုပ်ရှားသွားခြင်းမျိုး မဖြစ်မိပေ။ ဆန့်ကျင်ဘက်အားဖြင့် သူ့စိတ်များပင် ပို၍ တည်ငြိမ်နေသေးသည်။
တစ်ခါတစ်ရံ ဘဝတွင် နှောင်ကြိုးများရှိနေခြင်းက တိုးတက်မှုကို အတားအဆီး မဖြစ်စေဘဲ ပို၍ပင် တိုးတက်မှုမြင့်မားလာစေကြောင်း ကျန်းလန် သဘောပေါက်လိုက်သည်။
ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်နေပြီ ဖြစ်သည်။ မရဏအငွေ့အသက်များက ကျန်းလန်ကို အန္တရယ် မဖြစ်စေသည့်အပြင် ကျင့်ကြံခြင်းကိုပါ ပိုမိုလျှင်မြန်လာစေသည်။
ဤနှုန်းအတိုင်းသာ ဆက်လက်ကျင့်ကြံသွားမည်ဆိုလျှင် မကြာခင်မှာပင် မရှိမှုအာကာသအဆင့် အောင်မြင်သွားပေလေိမ့်မည်။
အစပိုင်းတွင် နောက်ထပ် နှစ်ပေါင်း (၆၀) သို့မဟုတ် နှစ်ပေါင်း (၇၀) ခန့်တွင် မရှိမှုအာကာသအဆင့် အောင်မြင်မည်ဟု ကျန်းလန် ခန့်မှန်းထားခဲ့သည်။
သို့သော် ယခုလို ကျင့်ကြံခြင်းလျှင်မြန်မှုမျိုးနှင့်ဆိုလျှင် နောက်ထပ်နှစ်ပေါင်း (၄၀) သို့မဟုတ် နှစ်ပေါင်း (၅၀)အတွင်း ကျင့်ကြံခြင်းအဆင့်တက်နိုင်တော့မည် ဖြစ်သည်။
တစ်နည်းဆိုရသော် နှစ်ပေါင်း (၂၀၀) ကျော်ခန့် ကျင့်ကြံပြီးသည့်နောက် သူ အင်မော်တယ်တစ်ပါး ဖြစ်လာတော့မည် ဖြစ်ပေ၏။