အခန်း (၁၅၃)

ပြိုင်ဘက်ကင်းလျှင်မချိုးဖျက်နိုင်သည့်အရာမရှိ

အခန်း (၁၅၃) ပြိုင်ဘက်ကင်းလျှင်မချိုးဖျက်နိုင်သည့်အရာမရှိ

ခွန်လွန်တောင် ၊ ကျောက်စိမ်းရေကန်…

လုန်ယွိက သူမလက်ထဲမှ မှတ်တမ်းတင်မှော်ဝင်ပစ္စည်းလေးတစ်ခုကို သေသေချာချာ လေ့လာနေလေသည်။

ကျောက်စိမ်းရေကန်နံဘေးတွင် ကျက်သရေရှိစွာထိုင်နေသည့် လုန်ယွိကိုကြည့်ပြီး လင်စီးယာက စပ်စုလိုက်သည်။

“ဂိုဏ်းတူအစ်မ… ကျောက်စိမ်းရေကန်ကနေ ဘယ်မှ မသွားတော့ဘူးလား…”

လုန်ယွိ လိုချင်သည်ဆိုသောကြောင့် သူမက မှော်ဝင်ပစ္စည်းလေး လာပေးခြင်း ဖြစ်သည်။

တောင်သခင်များနှင့် အကြီးအကဲများက ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး သင်ကြားပို့ချပေးသည်ဆိုခြင်းမှာ ရှားပါးကိစ္စ ဖြစ်လေသည်။

ထို့ကြောင့် အရေးကြီးသည့် သင်ကြားပို့ချမှုအပိုင်းများကို မှတ်တမ်းယူထားခြင်းအားဖြင့် လိုအပ်သည့်အချိန်တွင် ပြန်လည်လေ့လာရန် ပိုမိုလွယ်ကူစေမည် ဖြစ်သည်။

သင်ကြားပို့ချမှုတစ်ခုကို ပထမအကြိမ်နားထောင်ခြင်းနှင့် ဒုတိယအကြိမ် နားထောင်ခြင်းက မတူညီပေ။ ဒုတိယအကြိမ် ထပ်မံနားထောင်ရာတွင် ပထမအကြိမ်နှင့် မတူညီသည့် အသိအမြင်သစ်များကို ရရှိနိုင်မည် ဖြစ်သည်။

ဤသို့သော မှတ်တမ်းတင်မှော်ဝင်ပစ္စည်းလေးများက တန်ဖိုးကြီးသည့် ပစ္စည်းလေးများ ဖြစ်သည်။

ထို့ကြောင့် တောင်သခင်များနှင့် အကြီးအကဲများ၏ သင်ကြားပို့ချမှုများကို တစ်ခုပြီးတစ်ခု မှတ်တမ်းတင်ထားနိုင်သူဆို၍ လူနည်းစုသာ ရှိပေလိမ့်မည်။

သို့သော် ထိုလူနည်းစုများထဲတွင် လုန်ယွိကတော့ တစ်ယောက်အပါအဝင် ဖြစ်၏။

“ငါ အခုတလောမှ ပြန်ပြီး ကျင့်ကြံဖြစ်တာ… ၊ ဒီတော့ ပိုပြီး ကြိုးစား ကျင့်ကြံရမယ်လေ… ၊ ဒါကြောင့် ဘယ်မှ မသွားတော့ဘူး…”

လုန်ယွိက ပြောလိုက်သည်။

သူမက ကျောက်စိမ်းရေကန်ကို ကျောခိုင်းထားသည့်အနေအထားဖြင့် ထိုင်နေခြင်း ဖြစ်သည်။

ကျောက်စိမ်းရေကန်၏ စွမ်းအားများကြောင့် သူမ၏ ကျင့်ကြံခြင်းအဆင့်တက်မှုက အလွန်လျှင်မြန်လျှက် ရှိသည်။ နှစ်အနည်းငယ်အတွင်းမှာပင် မူလဝိညာဉ်အဆင့်ကို သူမ အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။

မရှိမှုအာကာသအဆင့်သို့တက်ရောက်ရန် သူမအတွက် သိပ်မဝေးလှတော့ပေ။

အများဆုံးနှစ်ပေါင်း (၁၀၀)အတွင်းမှာပင် မရှိမှုအာကာသအဆင့်သို့ သူမ အဆင့်တက်ရောက်သွားနိုင်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် အင်မော်တယ်ဖြစ်လာရန်လည်း သိပ်မလိုတော့ပေ။

လင်စီးယာက…

“ဒါဖြင့် ဂိုဏ်းတူအစ်မက ကျင့်ကြံခြင်းအဆင့် အမြန်ဆုံး အဆင့်တက်ချင်နေတာပေါ့…”

ခဏနားပြီးမှ လင်စီးယာက လုန်ယွိကို ကြည့်လိုက်ရင်း…

“ဂိုဏ်းတူအစ်မ… နဝမတောင်ထွတ်က ဂိုဏ်းတူမောင်လေးအပေါ်မှာရော ဘယ်လိုခံစားချက်မျိုးရှိလဲ…”

လုန်ယွိက ခပ်တိုးတိုးလေသံဖြင့်…

“ငါ သူ့ကို မမုန်းပါဘူး…”

ဟု ပြောလိုက်သည်။

သို့သော် သူမက ကျန်းလန်အကြောင်း စကားမဆက်ဘဲ မှော်ဝင်ပစ္စည်းလေးအကြောင်းသာ ဆက်ပြောလိုက်သည်။

“ဒါလေးက သိပ်တော့ ကြာရှည်ခံမယ် မထင်ဘူး…”

“ဟုတ်တယ်… ဆရာဦးလေးအချို့က သူတို့ သင်ကြားပို့ချပေးတဲ့အချိန်မှာ တန်ခိုးစွမ်းအားကို အများကြီး အသုံးမပြုကြလို့ တော်သေးတယ်… ၊ မဟုတ်ရင် ဒီပစ္စည်းလေး ချက်ချင်း တစ်စစီဖြစ်သွားမှာ…”

အင်မော်တယ်များ စကားပြောသည့်အခါ နားထောင်သူများအပေါ် လွှမ်းမိုးနိုင်စွမ်းရှိစေရန် အင်မော်တယ်စွမ်းအားများကို အလိုအလျောက် အသုံးပြုမိလေ့ ရှိကြသည်။

ထိုအင်မော်တယ်စွမ်းအားများကို မှတ်တမ်းတင်မှော်ဝင်ပစ္စည်းလေးများက ခံနိုင်ရည်ရှိရန် ခက်ခဲသည်။ သို့သော် အများဆုံး အချိန် (၁)နှစ်တော့ ခံနိုင်ရည်ရှိမည် ဖြစ်သည်။

လင်စီးယာက…

“ဒီတော့ အထဲမှာ မှတ်တမ်းတင်ထားတဲ့ စာတွေကို ဂိုဏ်းတူအစ်မအနေနဲ့ မြန်မြန်လေ့လာဖို့တော့လိုတယ်…”

လုန်ယွိက ခေါင်းညိတ်ပြလိုက်သည်။

လင်စီးယာက…

“ဒါဖြင့် ကျွန်မ တောင်ပေါ်ပြန်ပြီး ကျင့်ကြံလိုက်ဦးမယ်…”

ထို့နောက် သူမက လုန်ယွိကို နှုတ်ဆက်ကာ ပြန်သွားလေသည်။

လင်စီးယာက တောင်သခင်များ၏ သင်ကြားပို့ချပေးမှုများကို ကိုယ်တိုင်သွားရောက် နားထောင်ခဲ့သူ ဖြစ်သည်။ တိုက်ဆိုင်စွာပင် ဟောပြောချက်များထဲတွင် သူမ သိချင်နေသည့် အကြောင်းအရာများကို သိခွင့်ရခဲ့သည်။

ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး အချို့ကိစ္စများကို ရှင်းရှင်းလင်းလင်း သိမြင်လာရသည်။ ထို့ကြောင့် ခဏတာမျှ တံခါးပိတ်ကျင့်ကြံရန် သူမ ဆုံးဖြတ်ထားသည်။

သို့သော် သူမ အချိန်အကြာကြီးတော့ တံခါးပိတ်ကျင့်ကြံမှု မပြုလုပ်နိုင်သေးပေ။ ဆက်လက်သင်ကြားပေးမည့် ဟောပြောချက်များကို နားထောင်ရဦးမည် ဖြစ်လေသည်။

လင်စီးယာပြန်သွားတော့မှ လုန်ယွိက သူမလက်ထဲမှ မှတ်တမ်းတင်မှော်ဝင်ပစ္စည်းလေးကို သေသေချာချာ ကြည့်လိုက်သည်။

ပြဿနာ တစ်စုံတစ်ရာမရှိကြောင်း သေချာတော့မှ သူမက ကျောက်စိမ်းရေကန်၏ ထူးခြားသည့်စွမ်းအားကို အသုံးပြုကာ ထိုပစ္စည်းလေးကို နဝမတာင်ထွတ်သို့ ပို့လွှတ်လိုက်သည်။

မှတ်တမ်းတင် မှော်ဝင်ပစ္စည်းလေး နဝမတောင်ထွတ်သို့ အန္တရယ်ကင်းကင်းရောက်သွားကြောင်း အတည်ပြုပြီးမှ သူမက သစ်သားဓားကို ထုတ်ယူကာ နဂါးသုတ်သင်ဓားသိုင်းကို စတင်လေ့ကျင့်လိုက်သည်။

တစ်ချိန်ချိန်မှာတော့ သူမလည်း နဂါးသုတ်သင်ဓားသိုင်းကို လေ့ကျင့်အောင်မြင်နိုင်မည်ဟု သူမ ယုံကြည်ထားလေ၏။

…………………

ရင်ပြင်ထက်တွင် မျောလွင့်နေသည့် ပုတီးစေ့လေးကို ကျန်းလန် သံသယအပြည့်ဖြင့် ကြည့်နေလေသည်။

ထို့နောက် အနားသို့ ကပ်သွားပြီး သေသေချာချာ လေ့လာကြည့်လိုက်သည်။

ထိုပုတီးစေ့လေးက ကျောက်စိမ်းရေကန်ရှိရာ တောင်ထွတ်ဆီမှ လွင့်မျောရောက်ရှိလာခြင်း ဖြစ်၏။

ကျန်းလန်က လက်တစ်ဖက်ကို ဆန့်တန်းလိုက်ရာ ပုတီးစေ့လေးက သူ့လက်ဖဝါးထက်သို့ ကျရောက်လာသည်။

“မှတ်တမ်းတင် မှော်ဝင်ပစ္စည်းလေးပဲ…”

သူ့တွင်လည်း ထိုသို့သော မှော်ဝင်ပစ္စည်းလေး (၂)ခု ရှိလေသည်။ သို့သော် သူ တစ်ခါမှ အသုံးပြုခဲ့ခြင်း မရှိပေ။

ထိုပစ္စည်းလေး (၂)ခုလုံးက သူ့ကို လုန်ယွိ ပေးထားခြင်း ဖြစ်၏။

တစ်ခုက ရှောင်ယွိ စိမ်းပြာရောင်ပုတီးစေ့လေးကို ပြန်တောင်းသွားပြီးနောက် အစားပြန်ပေးထားသည့် ပုတီးစေ့လေး ဖြစ်သည်။

နောက်တစ်ခုကတော့ စေ့စပ်ပွဲနေ့တွင် လုန်ယွိကိုယ်တိုင် သူ့ကို ပြန်ပေးခဲ့သည့် စိမ်းပြာရောင်ပုတီးစေ့လေး ဖြစ်သည်။ လုန်ယွိ ပြန်ပေးသွားသည့် စိမ်းပြာရောင်ပုတီးစေ့လေးကတော့ သူ့အတွက် ထူးခြားသည့် အဓိပ္ပါယ် ရှိလေသည်။

ယနေ့ ရောက်ရှိလာသည့် ပုတီးစေ့လေးကတော့ အဘယ့်ကြောင့် ရောက်လာရသည်ကို ကျန်းလန် နားမလည်နိုင် ဖြစ်နေရသည်။

ဘာလို့များ လုန်ယွိက နောက်ထပ် မှတ်တမ်းတင်မှော်ဝင်ပစ္စည်း နောက်တစ်ခု သူ့ကို ထပ်ပေးရပါသနည်း။

ထို့နောက် ပစ္စည်းလေးထဲတွင် မည်သည့်အရာပါဝင်သည်ကို ကျန်းလန် ကြည့်လိုက်သည်။

မှော်ဝင်ပစ္စည်းလေးကို ဖွင့်ကြည့်လိုက်သည့်အခါ သူ့ပတ်ဝန်းကျင်တွင် စကားလုံးများထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ထိုစာလုံးများက တောင်ထွတ်အသီးသီးမှ တောင်သခင်များနှင့် အကြီးအကဲများ၏ သင်ကြားပို့ချချက်များ ဖြစ်လေသည်။

“ဒီတစ်နှစ်အတွင်း တောင်သခင်တွေ သင်ကြားပို့ချထားတဲ့ ဟောပြောချက်တွေကို မှတ်တမ်းယူထားတာလား…”

ကျန်းလန် တွေးလိုက်သည်။

အမှန်တော့ တောင်သခင်များ၏ သင်ကြားပို့ချပေးခြင်းများကို ကျန်းလန် သွားရောက် နားထောင်လိုခဲ့သည်။ သို့သော် နဝမတောင်ထွတ်မှလည်း မဆင်းချင်သောကြောင့် သွားရောက်နိုင်ခဲ့ခြင်း မရှိပေ။

လုန်ယွိက ယခုကဲ့သို့ မှတ်တမ်းတင်မှော်ဝင်ပစ္စည်းလေးဖြင့် ပို့ပေးလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့မိပေ။

ကျန်းလန်က ထိုပစ္စည်းလေးကို ချက်ချင်း မကြည့်သေးဘဲ သိမ်းဆည်းလိုက်ပြီး နဝမတောင်ထွတ်၏ ခန်းမဆေင်နှင့် ရင်ပြင်ကို အရင်ဦးစွာ သန့်ရှင်းရေး လုပ်လိုက်သည်။

အလုပ်များအားလုံး ပြီးဆုံးသွားတော့မှ ကျန်းလန်က သူနေထိုင်သည့် ခြံဝန်းထဲတွင်ထိုင်ရင်း ထိုပစ္စည်းလေးကို ဖွင့်ကြည့်လိုက်သည်။

သူက မှတ်တမ်းများကို ဖြည်းဖြည်မှန်မှန်ပင် လေ့လာနေလေသည်။

သင်ကြားပို့ချပေးမှုများကို လေ့လာနေသည့် အချိန်တိုင်း ၊ စက္ကန့်တိုင်းတွင် အသိဉာဏ်ပွင့်လင်းမှုများကို ခံစားရလေသည်။

အထူးသဖြင့် အကြီးအကဲများနှင့် တောင်သခင်များ သင်ကြားပို့ချပေးသည်က မရှိမှုအာကာသအဆင့် တပည့်များအတွက် ဦးတည်ပို့ချပေးလေရာ သူ့အတွက် အလွန်အသုံးဝင်လေသည်။

ဆရာဖြစ်သူက သူ့ကို ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး သင်ပြပေးလေ့ရှိသည်။

သို့သော် အခြားသူများ၏ အာဘော်ကိုနားထောင်ရသည်က ဆရာဖြစ်သူတစ်ယောက်တည်း၏ အာဘော်ကို နားထောင်ရသည်နှင့် မတူညီပေ။

မှတ်တမ်းတင်မှော်ဝင်ပစ္စည်းလေးထဲတွင် ကျင့်ကြံခြင်းနှင့်ပတ်သက်သည့် ပညာရပ်အတော်များများပါဝင်သည်။ အဂ္ဂိရတ်ပညာနှင့် ဖိုထိုးခြင်းစွမ်းရည်များအကြောင်းကိုပင် သင်ပြပေးထားသည်။

သို့သော် သူက အကြမ်းဖျင်းနားလည်ရုံသာ ကြိုးစားခဲ့ပြီး အလေးအနက် မထားခဲ့ပေ။ ထိုပညာများကို သင်ယူရန် သူ့တွင် အချိန်များများစားစား မရှိပေ။

ထိုသို့ဖြင့်…

မှတ်တမ်းတင်မှော်ဝင်ပစ္စည်းလေးကို အချိန်နှစ်ဝက်ခန့်ကြာအောင် ကျန်းလန် လေ့လာခဲ့သည်။ ထို့နောက် စိတ်ရောကိုယ်ပါနှစ်ပြီး ကျင့်ကြံခြင်းကို စတင်ပြုလုပ်လေသည်။

နောက်ပိုင်းတွင်တော့ နေ့ဘက်တွင် စာကြည့်တိုက်တွင် ကျမ်းစာများကိုလေ့လာပြီး ညဘက်တွင် ကျင့်ကြံခြင်းကို ပြုလုပ်သည်။

ဒုတိယမြောက်နှစ်တွင်လည်း…

နဝမတာင်ထွတ်ရင်ပြင်ထက်သို့ နောက်ထပ် မှတ်တမ်းတင်မှော်ဝင်ပစ္စည်းလေးတစ်ခု ရောက်ရှိလာပြန်သည်။

ထိုပစ္စည်းလေးသည်လည်း ကျောက်စိမ်းရေကန်မှ လုန်ယွိက ပို့ပေးလိုက်ခြင်း ဖြစ်သည်။

ထိုပစ္စည်းလေးရသည်နှင့် ကျန်းလန်က စာဖတ်ခြင်းကို ရပ်တန့်လိုက်ပြီး နေ့ဘက်တွင် မှတ်တမ်းကို ကြည့်ရှုလေ့လာပြီး ညဘက်တွင် ကျင့်ကြံခြင်းကို ပြုလုပ်လေသည်။

သူနှင့်သက်ဆိုင်သည့် သင်ကြားပို့ချမှုများအားလုံးကို ကျန်းလန် အဆုံးထိ လေ့လာခဲ့သည်။

ထိုသို့ဖြင့် ကျန်ရှိသည့် အချိန် (၈)နှစ်လုံးလုံး ၊ နှစ်စဉ်နှစ်တိုင်း မှတ်တမ်းတင်မှော်ဝင်ပစ္စည်းလေးများ ကျန်းလန်ရှိရာသို့ အချိန်မှန် ရောက်ရှိလာခဲ့လေသည်။

ကျန်းလန်ကလည်း ထိုမှော်ဝင်ပစ္စည်းလေးများ ရောက်ရှိလာတိုင်း သင်ကြားပို့ချမှုမှတ်တမ်းများကို နှစ်ဝက်ခန့် လေ့လာမှု ပြုခဲ့သည်။

အချိန် (၁၀)နှစ်ကြာပြီးသည့်နောက် မရှိမှုအာကာသ ၊ နောက်ဆုံးအဆင့်သို့ ရောက်ရှိရန် အလွန် နီးကပ်နေပြီဟု ကျန်းလန် ခံစားလိုက်ရသည်။

နောင်အနှစ် (၅၀) ခန့်ဆိုလျှင် မရှိမှုအာကာသအဆင့် အောင်မြင်သည့်အဆင့်သို့ ရောက်ရှိတော့မည် ဖြစ်သည်။ သူ့အတွက် အင်မော်တယ်ဖြစ်လာရန် ပိုမိုနီးကပ်လာပြီဟု ဆိုနိုင်သည်။

အချိန် (၁၀)နှစ်ကြာပြီးနောက် ကျောက်စိမ်းရေကန်မှ တစ်နှစ်တစ်ခါ ပို့လေ့ရှိသည့် ပုတီးစေ့လေးများ ရောက်မလာတော့ပေ။

သို့သော် ကျန်းလန်က အကျင့်ပါနေပြီဖြစ်လေရာ ပုတီးစေ့လေးများ ရောက်လာဦးမည်လားဟု သွားပြီး မျှော်နေတတ်ခဲ့သည်။

……………

ထိုသို့ဖြင့်…

နွေဦးရာသီကုန်ဆုံးသွားပြီး ဆောင်းဦးရာသီကို ရောက်ရှိလာခဲ့ပြီ  ဖြစ်သည်။

ပန်းများ ပွင့်လန်းလာပြီး ပြန်လည်ကြွေကျသွားခဲ့သည်။

(၁၀)နှစ်ဆိုသည့်အချိန်က လျှင်မြန်စွာပင် ကုန်ဆုံးသွားခဲ့သည်။

အမှောင်ရိပ်ဖုံးလွှမ်းနေသည့် ခွန်လွန်တောင်သည်လည်း ပထမဆုံးနေရောင်ခြည်ကို စတင်တွေ့မြင်ရပြီ ဖြစ်သည်။

ကျန်းလန် မရဏဂူထဲတွင် ကျင့်ကြံနေရာမှ မျက်လုံးများကို အသာဖွင့်ကြည့်လိုက်သည်။

သူ့ခန္ဓာကိုယ်တွင် အသစ်သောပြောင်းလဲမှုများ ရုတ်တရက်ဖြစ်ပေါ်သွားသည်။

သူ၏ တန်ခိုးစွမ်းအားများက တည်ငြိမ်နေပြီး သူ၏ မျက်လုံးများက တောက်ပသည့်လရောင်အလား လင်းလက်သွားသည်။

သို့သော် ချက်ချင်းပင် အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။

မရှိမှုအာကာသ ၊ နောက်ဆုံးအဆင့်…။

ကျန်းလန် မရှိမှုအာကာသ ၊ နောက်ဆုံးအဆင့်သို့ အဆင့်တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။

ယခုအချိန် ဒုတိယတောင်ထွတ်မှလူများနှင့် ထပ်မံဆုံတွေ့ရမည်ဆိုလျှင် အေးအေးဆေးဆေးပင် ရင်ဆိုင်နိုင်မည် ဖြစ်သည်။

သူ အင်တော်တယ်ဖြစ်လာရန် ခြေလှမ်း (၂)လှမ်းခန့်သာ လိုတော့သည်။

မရှိမှုအာကာသအဆင့် အောင်မြင်ရန်က ခြေလှမ်းတစ်လှမ်း ၊ အင်မော်တယ်အဖြစ် အဆင့်တက်ရန် နည်းလမ်းရှာဖွေရန်က ခြေလှမ်းတစ်လှမ်း ဖြစ်သည်။

“နှစ်ပေါင်း (၂၀) တောင် ကုန်လွန်သွားပြီ… ၊ ငါနဲ့ လုန်ယွိရဲ့ စေ့စပ်ပွဲအကြောင်း ဝေဖန်မယ့်သူတွေ ရှိသေးလား မသိဘူး…”

ယခုလောက်အချိန်ကြာလျှင် စေ့စပ်ပွဲအကြောင်း ပြောဆိုဝေဖန်မှုများ လျော့ကျသွားလောက်ပြီ ဖြစ်သည်။ အချို့ဆိုလျှင် စေ့စပ်ပွဲကို မေ့မေ့ပျောက်ပျောက်ပင် ဖြစ်နေကြပေတော့မည်။

ထို့ပြင် လွန်ခဲ့သည့် (၁၀)နှစ်အတွင်း တောင်သခင်များနှင့် အကြီးအကဲများ ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး သင်ကြားပို့ချမှုများ ပြုလုပ်ပေးခဲ့လေရာ စေ့စပ်ပွဲအကြောင်း ဝေဖန်ပြောဆိုမှုများကို ရပ်တန့်သွားစေခဲ့သည်။

(၁၀)နှစ်ကြာ သင်ကြားပို့ချပေးမှုများကို နားထောင်ပြီးသည့်နောက် တပည့်အများစုက ရှည်လျားသည့် တံခါးပိတ်ကျင့်ကြံခြင်းပြုလုပ်ကြမည် ဖြစ်သည်။

ကျောက်စိမ်းရေကန်နတ်ဘုရားမနှင့် နဝမတောင်ထွတ်မှ ကျန်းလန်အကြေင်းကို စိတ်ဝင်စားသူ အနည်းငယ်သာ ရှိပေတော့မည်။

“မရှိမှုအာကာသအဆင့် အောင်မြင်တဲ့အထိ ငါ တစ်ယောက်တည်း ကျင့်ကြံဖို့လိုသေးတယ်…”

ကျန်းလန် တွေးလိုက်သည်။

အများအမြင်တွင်တော့ သူ၏ ကျင့်ကြံခြင်းအဆင့်က မူလဝိညာဉ် ၊ ကနဦးအဆင့်သာ ရှိသေးသည်။

မည်သို့ပင်ဖြစ်စေ တောင်သခင်များနှင့် အကြီးအကဲများ၏ သင်ကြားပို့ချပေးမှု မှတ်တမ်းများကို ကြည့်ရှုပြီးနောက် သူ၏ ကျင့်ကြံခြင်းအတွက် များစွာ အထောက်အပံ့ဖြစ်ခဲ့သည်။

ထို့ကြောင့် နောက်ထပ် ဆယ်စုနှစ်တစ်ခုအတွင်း သူ၏ ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ထားသည်ကို တစ်လွှာဖြေလျှော့ရန် စဉ်းစားလိုက်သည်။

သူ၏ ကျင့်ကြံခြင်းအဆင့် အစစ်အမှန်က မရှိမှုအာကာသ ၊ နောက်ဆုံးအဆင့် ဖြစ်ကြောင်း သိရှိသူက သူတစ်ယောက်တည်းသာ ရှိသည်။

ကျင့်ကြံခြင်းအဆင့်တက်သွားပြီးနောက် ကျန်းလန် မရဏဂူအပြင်သို့ထွက်ရန် စီစဉ်လိုက်သည်။

“နှစ်တွေကြာပြီဆိုတော့ ငါနေတဲ့အိမ်ကို သွားပြီးပြုပြင်ထားဖို့ အချိန်ကျပြီပဲ…”

ကျန်းလန် ရေရွတ်လိုက်သည်။

ဆယ်စုနှစ်များစွာ ကုန်လွန်ခဲ့ပြီ ဖြစ်ရာ ယခုအချိန် အိမ်ကိုပြင်မထားလျှင် အသစ်ပြန်ဆောက်ရပေလိမ့်မည်။

ကျန်းလန်က ထိုအဆောက်အဦတွင် နေလေ့မရှိသော်လည်း အကြောင်းရှိသဖြင့် ရွှေ့ပြောင်းနေထိုင်ရမည်ဆိုလျှင် အဆင်သင့်ဖြစ်စေရန် ပြုလုပ်ထားခြင်း ဖြစ်၏။

သူ့အနေဖြင့်လည်း မရဏဂူထဲတွင် ထာဝရနေထိုင်နိုင်မည် မဟုတ်ပေ။

ယခုနှစ်များအတွင်း ကျင့်ကြံခြင်းပြုလုပ်တိုင်း ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားကို ကျန်းလန် အသုံးပြုခဲ့သည်။

တစ်ခါတစ်လေ ပန်းချီကားအတွင်းမှ နဂါးငယ်လေးကို ကျန်းလန် သတိထားပြီး ကြည့်နေတတ်သည်။

လုန်ယွိသည်လည်း အတော်လေး စွမ်းအားမြင့်မားလာသည်ကို တွေ့ရှိရလေသည်။ ယခင်ကကဲ့သို့ အားနည်းဖျော့တော့နေသည့် အခြေအနေတွင် မရှိတော့ပေ။

သို့သော် သူမကို ကျောက်စိမ်းရေကန်နံဘေး သို့မဟုတ် ကျောက်စိမ်းရေကန်ထဲတွင်သာ တွေ့မြင်ရလေ့ရှိပြီး အသေးစိတ်အချက်အလက်များကိုတော့ တွေ့မြင်ရခြင်း မရှိပေ။

တည်နေရာကလည်း နေ့ဝက်လောက်မှတစ်ခါ နေရာပြောင်းတတ်သည်။

“အိမ်ပြင်ပြီးရင်တော့ နှစ်နှစ် သုံးနှစ်လောက် ဂါထာမန္တန်တွေ ၊ ကျင့်စဉ်တွေကို ပြန်လေ့ကျင့်ရမယ်… ၊ အန္တရယ်ကိုးသွယ်စွမ်းအားကိုလည်း စမ်းကြည့်ရဦးမယ်…”

အဆင့် (၁)ဆင့် တက်ပြီးတိုင်း ဂါထာမန္တန်များ ၊ ကျင့်စဉ်များနှင့် အသားကျအောင် ပြန်လည် ကျင့်ကြံရစမြဲ ဖြစ်သည်။

သို့သော် ကျန်းလန်က ဂါထာမန္တန်များနှင့် ကျင့်စဉ်များကို သိပ်ပြီး အသုံးပြုလေ့မရှိပေ။ လိုအပ်သည့်အခါ အသုံးပြုနိုင်ရန် အသင့်ပြင်ဆင်ထားခြင်းသာ ဖြစ်သည်။

အချိန်တန်သည့်အခါ ထိုသို့ ကျင့်ကြံမထားသောကြောင့် တန်ခိုးစွမ်းအား အပြည့်အ၀ မထုတ်ဖော်နိုင်မည်ကို စိုးရိမ်မိသောကြောင့် ဖြစ်၏။

ကျန်းလန်က အန္တရယ်ကို အစဉ်အမြဲ အလေးထားသူ ဖြစ်သည်။

အသုံးမပြုသည့် တန်ခိုးစွမ်းအားများကိုလည်း ပြီးပြည့်စုံအောင် ကျင့်ဘကံထားခြင်းက အမှားမရှိနိုင်ပေ။

ထိုစဉ်…

နဝမတောင်ထွတ်သို့ တစ်စုံတစ်ယောက် ဝင်လာကြောင်း အစီအရင်မှ အချက်ပေးသည်ကို သိရှိလိုက်ရသည်။

“ဟမ်…”

“ငါနေတဲ့ ခြံဝန်းထဲကို တစ်ယောက်ယောက် ဝင်လာတာပဲ…”

ကျန်းလန်က နဝမတောင်ထွတ်တွင် အစီအရင်များအပြင် ထောင်ချောက်အချို့ကိုလည်း ပြုလုပ်ထားသည်။

အစီအရင်ပညာကို ကျွမ်းကျင်သူမဟုတ်ပါက ချိုးဖျက်ဝင်ရောက်လာနိုင်မည်မဟုတ်ဘဲ ပိတ်မိနေမည် ဖြစ်သည်။

သို့သော် ပြိုင်ဘက်ကင်းစွမ်းအားများကို ပိုင်ဆိုင်သူတစ်ယောက်ဆိုလျှင်တော့ အစီအရင်ပညာကို မကျွမ်းကျင်သည့်တိုင် အလွယ်တကူ ဝင်ရောက်လာနိုင်မည် ဖြစ်သည်။

ပြိုင်ဘက်ကင်းလျှင်တော့ မချိုးဖျက်နိုင်သည့်အရာ မရှိပေ။

ကျန်းလန်၏ နွားရိုင်းကိုးကောင်စွမ်းအားဖြင့်ဆိုလျှင်တော့ အစီအရင်များ ၊ ထောင်ချောက်များအားလုံးကို ချိုးဖျက်ပစ်နိုင်မည် ဖြစ်သည်။

ယခုဝင်လာသည့်လူက ထောင်ချောက်ထဲတွင် ပိတ်မိနေလေရာ ပြိုင်ဘက်ကင်းမဟုတ်သည်မှာ ထင်ရှားသည်။

“ဒါပေမဲ့… အကြောင်းမရှိဘဲ ဘယ်သူက နဝမတောင်ထွတ်ကို လာရတာလဲ…”

အချိန်က နေ့ခင်းကြောင်တောင် ဖြစ်လေရာ မရဏဂူရှိရာသို့ ခိုးဝင်လာကြသည့် နတ်မိစ္ဆာများလည်း မဖြစ်နိုင်ပေ။

နတ်မိစ္ဆာများက ငရဲတံခးါမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်ချိန်တွင် မရဏဂူအတွင်း ခိုးဝင်ရန် စီစဉ်ခဲ့ကြဖူးသည် မဟုတ်ပါလား။

သို့သော် ယခုအချိန်က ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်ရန် အချိန်အနည်းငယ် လိုသေးသည်ဖြစ်ရာ နတ်မိစ္ဆာများ ဝင်ရောက်လာခြင်းမှာ မဖြစ်နိုင်သည့်ကိစ္စ ဖြစ်လေ၏။


Comment

Leave a Reply


Options

not work with dark mode
Reset