ရှောင်ချန်း၏ အာခေါင်ခြစ်အော်ဟစ်နေသံသည် တတိယတောင်ထိပ်တစ်ခုလုံးတွင် ဂယက်ထလျက်ရှိသည်၊၊ ရှိသမျှ ဂိုဏ်းသားအားလုံးသည် အလွန်အင်အားသင့်ကာ ရှောင်ချန်းကို လိုက်ငေးကြည့်ကြသည်၊၊ ဒယ်အိုးမဲကြီးကိုလွယ်၊ အင်္ကျီအထူကြီးကို အထပ်ထပ်ဝတ်၊ သေတော့မည်ကဲ့သို့ ကွင်းကိုပတ်ပြေးလွှားနေသော ရှောင်ချန်းကို သဲသဲကွဲကွဲ မြင်နေရသည်။ သူ့ကိုကြည့်ရသည်မှာ ဘောလုံးကြီးလိမ့်လာသကဲ့သို့ဖြစ်သည်။
အဝေးကကြည့်လိုက်လျှင် ရှောင်ချန်းဟု ပြောရခက်သော်လည်း လွယ်ထားသော ဒယ်အိုးမည်းကြီးကြောင့် နွားချေးပိုးထိုးကောင်ကဲ့သို့ထင်ရှားနေပြီး စွတ်ပြေးနေသည်မှာ ပျံတက်သွားတော့မတက် ဖြစ်နေသည်။
ထို့ပြင် ခါးပတ်တွင် ချိတ်ဆွဲထားသော အသားခုတ်ဓားမကြီး ရှစ်ချောင်းမှာလည်း တချွင်ချွင် တချွမ်ချွမ် မြည်နေသေးသည်။
“လူသတ်သမားပါဗျို့…”
စူးစူးဝါးဝါးအော်ရင်း အရှိန်ထပ်တင်ပြီးတောင် ပြေးလိုက်သေးသည်။
“တစ်ယောက်ယောက် ကျုပ်ကို ကယ်ကြပါဦး…ကျုပ် မသေချင်သေးဘူးဗျ…”
ရွှီပေါက်ချိုင်သည် ကျွဲမြီးတိုနေလေပြီ။ မျက်နှာတွင် သွေးဆုတ်ကာ ဖြူဖပ်ဖြူလျော် ဖြစ်နေပြီး မျက်ဝန်းများက ရက်စက်ကြမ်းကြုတ်မှု အခိုးအငွေ့များနှင့် ပြည့်နှက်နေသည်။ ရင်ထဲတွင်လည်း ဒူးရင်းသီးများ သီးနေကာ ထိန်းမနိုင် သိမ်းမရ ဒေါသပုန်ထလျက်ရှိသည်။
ယခုလိုမျိုး ရှောင်ချန်ကို လိုက်ဖမ်းနေခြင်းသည် ဂိုဏ်းသားများ၏ အာရုံစိုက်မှုကို ခံနေရသဖြင့် အစောင့်များ သတိပြုမိသွားမည်ကို စိုးရိမ်မိလာသည်။ စိုးရိမ်စိတ်မှာ တစထက် တစ နှလုံးအိမ်ထဲ၌ ကြီးထွားလာသည်။
“သောက်ရမ်း ဖင်ကုန်းအော်နေတာကို ခုချက်ချင်း ပိတ်စမ်း…”
ရွှီပေါက်ချိုင်က စိတ်မရှည်လွန်းစွာ အော်လိုက်သည်။
“တိတ်တိတ်နေစမ်း…ဘာလို့အဲ့လောက်တောင် အာခေါင်ခြစ်အော်နေတာတုန်း။ သောက်ပါးစပ်ကို ပိတ်စမ်း…မအေဘေးလေး…”
ရွှီပေါက်ချိုင်သည် ဂါထာရွတ်သကဲ့သို့ ထပ်ကာထပ်ကာ ရေရွတ်နေရင်း လျှောက်ပြေးနေသော ရှောင်ချန်းဆီသို့ သစ်သားဓားကို အံကြိတ်ပြီး ဝှီးခနဲ ပစ်လိုက်လေသည်။
သစ်သားဓားနှင့် ရှောင်ချန်း ဒယ်အိုးတို့ တိုက်မိသည့် အသံက ဒေါင်ခနဲမြည်ကာ ခေါင်းလောင်းထိုးလိုက်သည့် အလား ပဲ့တင်သံတွေ ဟိန်းထွက်လာသည်။ ထိုကဲ့သို့ ဆက်မပြေးလွှားနေရန် အမျိုးမျိုး ဟန့်တားနေသော်လည်း ဘာမှမဖြစ်ခဲ့ သလိုပင် ရှောင်ချန်းမှာ ပြေးကောင်းတုန်း ဖြစ်သည်။
ရွှီပေါက်ချိုင်သည် သွားကို တင်းနေအောင် စေ့ထားသည်။ ဒယ်အိုးကြီးသည် ဒိုင်းသဖွယ် ရှောင်ချန်းတစ်ကိုယ်လုံး နီးပါးကို ကာကွယ်ပေးထားသည်ဖြစ်ရာ သူ့ကို ထိမှန်အောင် ပစ်မိဖို့ရာ ခဲယဉ်းနေသည်။ သို့သော်လည်း ရွှီပေါက်ချိုင်တွင် ရှောင်ချန်းကို လိုက်ဖမ်း ဖို့ ရွေးခြယ်စရာ ရှိနေသေးသည်။
ရှောင်ချန်းသည် ဂိုဏ်းဧရိယာ အပြင်ဘက်ကို ဦးတည်ပြေးနေသည် ဖြစ်ရာ ရွှီပေါက်ချိုင်လည်း ဆက်လိုက်သွားသည်။
“သူတောင်းစားလေးက ဒယ်အိုးကြီး ကျောမှာလွယ်ထားတာတောင် တော်တော်အပြေးသန်တာပဲ…”
ရွှီပေါက်ချိုင် ဟောဟဲလိုက်ကာ အသက်ကို မှန်အောင် ကြိုးစားရှူနေရင်း တွေးမိသည်။ ချီစုစည်းမှုအဆင့်နှစ်ကို အောင်မြင်ထားသည့် ရွှီပေါက်ချိုင်သည် တတ်နိုင်သမျှ အားကုန်ပြေးလိုက်သော်လည်း ရှောင်ချန်းမှာ ယုန်တစ်ကောင်လိုမျိုး နောက်ကျတဲ့ခြေထောက် သစ္စာဖောက် ဟုဖင်ထောင်ပြေးနေရာ(Na Na သေကာနီး ထထပြေးသလို နေမှာပေါ့ 😟) ဘယ်လိုမှ လိုက်ဖမ်းမမိဘဲ ဖြစ်နေသည်။
ပိုပြီး ထိတ်လန့်စရာကောင်းသည်က ရွှီပေါက်ချိုင်မှာ ရှောင်ချန်းကို လက်ဖျားလေးနှင့်ပင် မထိလိုက်ရသေးဘဲ အဆမတန် ပင်ပန်းနွမ်းနယ်လာခြင်း ဖြစ်သည်။ ရွှီပေါက်ချိုင်သည် သူ့တစ်သက်နှင့်တစ်ကိုယ် ထိုမျှလောက်ပင်ပန်းမှုမျိုးမကြုံဖူးသည် ဖြစ်ရာ သားသတ်ရုံတွင် အသတ်ခံရတော့မည့် ဝက်ကဲ့သို့ အော်ဟစ်ငြီးငြူနေလေသည်။
မကြာမီ ရှောင်ချန်းသည် စားဖိုဆောင်ကို လှမ်းမြင်လိုက်ရပြီဖြစ်သဖြင့် အားတက်သွားသည်။ သူ့စိတ်ထဲတွင် အလွန်လုံခြုံနွေးထွေးသော အိမ်ဆီသို့ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။ စိတ်ထဲတွင်လည်း သရိုးသရီကြီးဖြစ်လာပြီး ငိုချချင်စိတ်ပင်ပေါက်လာသည်။
“အကိုကြီး…ကျွန်တော့်ကို ကယ်ပါဦး…”
ရှောင်ချန်းက ငိုယိုပြီး တိုင်သည်။
“သူ ကျွန်တော့်ကို သတ်ဖို့ ကြိုးစားနေတယ်…”
ဖုန်တထောင်းထောင်းထအောင် တန်းပြေးလာရသည့်အကြောင်းကို ဒရမ်မာချိုးတော့သည်။ ဖက်တီးကျန်းကြီးနှင့် အခြားသူများသည် သူပြောသမျှကို တအံ့တသြနားထောင်ကြသည်။
“အကိုကြီး…ကျွန်တော့ကို ကယ်ပါဦးဗျာ။ ရွှီပေါက်ချိုင်က ကျွန်တော့ကို သတ်တော့မှာဗျ။ ကံကောင်းလွန်းလို့ လက်မတင် သီသီလေး လွတ်လာခဲ့တာ ”
(ဟိုကဖြင့် သူ့အမြီးလေးတောင်မှ မမြင်လိုက်ရဘဲနဲ့…လူဆိုး)
ရှောင်ချန်းသည် ပြောရင်းဆိုရင်း ဖက်တီးကျန်းကြီးနောက်သို့ ဝင်ပုန်းလိုက်သည်။
ဖက်တီးကျန်းကြီးသည် မျက်လုံးများကို မှေးစင်းကာ ရှောင်ချန်းပြောသော ရက်စက်ကြမ်းကြုတ်စွာ သတ်တော့မည့်သူကို နိုးနိုးကြားကြား ရှာဖွေသော်လည်း တစ်ယောက်မှ မတွေ့ပေ။
“ရွှီပေါက်ချိုင် ဟုတ်လား” ဖက်တီးကျန်းက မေးသည်။ ရှောင်ချန်းသည် စားဖိုဆောင်သို့ ပြန်ပြေးလာသည့် လမ်းတစ်လျှောက်တွင် ဟောဟဲ လိုက်နေသော ရွှီပေါက်ချိုင်ကို နောက်ဆုံးတွေ့လိုက်ရသည့်အဖြစ်အား မြင်ယောင်မိလာသည်။
အခုမှ ရှောင်ချန်းသည် ရွှီပေါက်ချိုင် အဝေးကြီးတွင် ပြတ်ကျန်နေခဲ့မှန်း ရိပ်မိလာသဖြင့် မျက်နှာပေးမှာ မချိုမချဉ် ဖြစ်လာသည်။
“အီး…သူပြေးတာ ဘာလို့ အဲ့လောက်နှေးရတာပါလိမ့်”
ဖက်တီးကျန်းကြီးသည် ရှောင်ချန်းကိုကြည့်လိုက်သည်။ ထို့နောက် ခုမှ နောက်က ဟောဟဲဆိုက်ကာ လိုက်လာနေသော ရွှီပေါက်ချိုင်ကို ကြည့်ပြန်သည်။ ဟိုကြည့် သည်ကြည့် ကြည့်နေသဖြင့် မျက်နှာပေါ်က အဆီများသည် တသိမ့်သိမ့်တုန်နေလေသည်။
ရွှီပေါက်ချိုင်သည် ရှိသမျှအားစိုက်ကာ လိုက်ဖမ်းခဲ့ရသည် ဖြစ်၍ စားဖိုဆောင်နားထိပင် ဆက်လိုက်လာသည်။ ထို့ကြောင့် ရှောင်ချန်းပြောသမျှ အားလုံးကိုကြားလိုက်ရပြီး ယမ်းပုံမီးကျ ဒေါသပုန်ထသွားသည်။ ထို့နောက် ခြင်္သေ့ ကဲ့သို့ ဟိန်းဟောက်လိုက်ရင်း သူ့ညာဘက်လက်ကို ဝှေ့ယမ်း၍ အနီးရှိ သစ်ပင်သို့ သစ်သားဓားနှင့် ပစ်ပေါက်လိုက်သည်။
ဒုန်းခနဲ အသံမြည်၍ သစ်ပင်တစ်ပင်လုံး တသိမ့်သိမ့်လှုပ်ရမ်းပြီး ထုတ်ချင်းပေါက်လျက် ဓားအပေါက်ကြီး ကျန်ခဲ့လေသည်။
“ပိုင်ရှောင်ချန်း…မင်းနဲ့ ငါနဲ့က တော်တော်ကွာခြားသွားပြီကွ…”
ရွှီပေါက်ချိုင်က ငိုသံကြီးနှင့် ပြောသည်။ သူ့မျက်လုံးများသည် နီရဲတွတ်လျက် ရှိပြီး ရှောင်ချန်းနှင့် ဖက်တီးကျန်းကို စူးစူးဝါးဝါးကြည့်သည်။ နောက်ဆုံးတော့ လာရာလမ်းအတိုင်း ဒေါသတကြီး ပြန်ထွက်သွားသည်။
ရှောင်ချန်းသည် သစ်ပင်ပေါ်က အပေါက်ကြီးကို ကြည့်ပြီး ရင်တွေ တဒိန်းဒိန်း ခုန်နေသည်။ အမျက်တချောင်းချောင်းထကာ ပြန်သွားသော ရွှီပေါက်ချိုင်ကို နောက်ကနေ လှမ်းကြည့်ရင်း တံတွေးမျိုချမိလိုက်သည်။ ရှောင်ချန်းသည် ထိုအဖြစ်အပျက်များကြောင့် ရင်လေးလျက်ရှိသည်။
ဖက်တီးကျန်းသည် ရွှီပေါက်ချိုင်၏ မျက်ဝန်းထဲတွင် ထပ်၍ လုပ်ကြံဦးမည့် အရိပ်အယောင် သမ်းနေသော အကြည့်များကို မြင်လိုက်ရသည်။ ထို့ကြောင့် ရှောင်ချန်းကို ပုခုံးပုတ်ကာ အားပေးလိုက်သည်။
“ဘာမှ စိတ်ပူမနေနဲ့…အမှတ်ကိုးညီလေး။ ရွှီပေါက်ချိုင်လည်း ဂိုဏ်းနဲ့မျက်နှာပျက်ရမယ့် အလုပ်တွေကို ထပ်မလုပ်ရဲလောက်ပါဘူး။ နောက်ခါ လာရဲလာကြည့်…ငါတို့တွေအကုန်လုံး သူ့ခြေထောက်ကို ရိုက်ချိုးပစ်မယ်…”
ထိုစကားလုံးများကို ပြောပြီးလျှင် ပြောပြီးချင်း ဖက်တီးကျန်းသည် လေသံပြောင်းသွားသည်။
“ဒါပေမယ့်လည်း…စားဖိုဆောင်ထဲမှာနေတာတော့ အကောင်းဆုံးပေါ့ကွာ။ မင်းကို ကြည့်ရတာ နည်းနည်းပိန်နေသေးတယ်။ ဒီထက်ပိုပြီးနည်းနည်းဝလာအောင် မင်းကို လုပ်ပေးရဦးမယ်ကွ။ နောက်ပြီး သိပ်မကြာခင်မှာ အကြီးအကဲကျိုးရဲ့ မွေးနေ့ပွဲလည်း ရှိသေးတယ်…”
ပိုင်ရှောင်ချန်းသည် ခေါင်းညိတ်ပြလိုက်သော်လည်း ရွှီပေါက်ချိုင် သစ်သားဓားနှင့်လုပ်သွားသော သစ်ပင်က အပေါက်ကြီးကိုသာ အမှတ်တမဲ့ ငေးကြည့်နေမိသည်။
ထို့နောက် သူ့အစ်ကိုကြီးများနှင့် စားဖိုဆောင်ထဲသို့ လိုက်သွားသည်။ နောက်တော့ သူ့အခန်းထဲမှာ ထိုင်ပြီး တနုံ့နုံ့တွေးနေရင်း မသက်မသာ ခံစားနေရသည်။ ရွှီပေါက်ချိုင်ပစ်လိုက်သော ဓားသည် သစ်ပင်ကိုသာမဟုတ်ဘဲ သူ့ကိုသာ ထိမှန်ခဲ့မည်ဆိုလျှင် အလောင်းကောင်ဖြစ်နေလောက်ပေပြီ။
“တကယ်လို့ငါသာ စားဖိုဆောင်မှာ တစ်သက်လုံးမနေဘူးဆိုရင် ကျန်တဲ့အချိန်တွေမှာ သူငါ့ကို ဖမ်းမိသွားရင် ဘယ်လိုလုပ်ရမှာပါလိမ့်…”
ရှောင်ချန်းသည် ရွှီပေါက်ချိုင်ထွက်မသွားခင် ကြည့်သွားသည့် အကြည့်ကို မတွေးရဘဲ မနေနိုင်အောင်ဖြစ်နေသည်။
“ဘယ်တော့မှ မသေဖို့ ငါဒီကို လာခဲ့တာလေ”
မလုံခြုံမှုကြောင့် သောကရောက်နေသော ရှောင်ချန်းမှာ တစ်ယောက်တည်း ကမ္ဘာပျက်လျက်ရှိသည်။ တော်တော်လေးကြာတော့ သူသည် အံကို တင်းတင်းကြိတ်လိုက်သည်။
“တစ်ခုခုလုပ်ရမယ်…ငါတော့ မီးကုန်ယမ်းကုန် တစ်ခုခုလုပ်မှ ရမယ်။ ငါ မီးကုန်ယမ်းကုန်တစ်ခုခုကို လုပ်မှပဲ ခုလိုတစ်ယောက်တည်း ကြောက်လန့်နေရတဲ့ ဘဝက လွတ်မှာ။ မဟုတ်ရင် ဘယ်သူမှ ငါ့ကို ကယ်နိုင်မှာ မဟုတ်ဘူး”
ရှောင်ချန်း၏ မျက်လုံးများသည် နီရဲတွတ်လျက်ရှိသည်။ ရှောင်ချန်းသည် သေရမှာကို ကြောက်သည့်လူစားမျိုးဟု ဆိုရမည်ထက် အေးအေးချမ်းချမ်း ဘေးကင်းကင်းနေရသည်ကို ကြိုက်သောလူစားမျိုးဟု ဆိုလျှင်ပိုမှန်ပေလိမ့်မည်။ သူကြုံခဲ့ရသမျှ ဒုက္ခသုက္ခများက သူ့ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ ထိုးဆွလှုံ့ဆော်ပေးနေသည်။
“ကျင့်ကြံခြင်းကို သေသေချာချာ ငါ လေ့ကျင့်ရမယ်။ ပိုပြီး ငါသန်မာလာရမယ်…”
ရှောင်ချန်းသည် အိုးနင်းခွက်နင်း အသက်ကို ရှုသွင်းကာ ဆုံးဖြတ်ချက်ချလိုက်သည်။ ဒယ်စောက်အိုး ခရမ်းရောင်ချီ ထိန်းချုပ်နည်းပညာရပ် ဝါးလိပ်ကို ဆွဲထုတ်ပြီး ဒုတိယပုံအတိုင်း ကျင့်ကြံတော့သည်။
သူဗီဇအရ သေရမည်ကို ကြောက်သကဲ့သို့ နောက်ထပ်အကျင့်တစ်ခုမှာ ပြင်းထန်သော ဇွဲရှိခြင်း ဖြစ်သည်။ လွန်ခဲ့သော နှစ်များအတွင်း အမွှေးတိုင်ကို မီးညှိလိုက်သောအခါ မိုးကြိုးများ ဆက်တိုက်ပစ်နေသော်ငြား ဆယ့်သုံးကြိမ် တိုင်တိုင် ကြိုးစားခဲ့သည်ကို ကြည့်ခြင်းဖြင့် မည်မျှဇွဲကောင်းကြောင်းကို တွေ့မြင်နိုင်သည်။
ခိုင်မာသော ဆုံးဖြတ်ချက်ကို ချပြီးပြီဖြစ်၍ သူသည် ဒုတိယပုံမှ ကိုယ်ဟန်အနေအထားအတိုင်း ဇွဲနပဲကြီးစွာ ထိန်းချုပ်ရင်း သွားဖြဲကြီးနှင့် ထိုင်နေလေသည်။ အရင်က ထိုပုံစံနှင့် အသက်ရှူခြင်းကို ဆယ်ကြိမ်သာ ထိန်းနိုင်သော်လည်း ယခုမူ ဆယ့်ငါးကြိမ်အထိ ထိန်းသိမ်းနိုင်လာသည်။
သူ့တစ်ကိုယ်လုံးမှာ နာကျင်မှုကြောင့် ဖိစီးနေသည်။ နဖူးမှ ချွေးတွေလည်း တပေါက်ပေါက် ကျနေသည်။ သို့သော်လည်း သူ့ရဲ့ ခိုင်မာသော ဆုံးဖြတ်ချက်သည် အနည်းငယ်မျှပင် ယိမ်းယိုင်ခြင်း မရှိပေ။ မကြာမီမှာပင် အကြိမ် နှစ်ဆယ်ခန့်ထိ ထိန်းထားနိုင်လာသည်။ ထို့နောက် အကြိမ် သုံးဆယ်။ သူ့ကိုယ်တွင်းတွင် ဆယ်ရာခိုင်နှုန်းမျှသော ချီလမ်းကြောင်းလေးသည် အောင်မြင်စွာ ထွက်ပေါ်လာသည်။ အင်မတန် မောပန်းနွမ်းနယ်လာသောအခါ အမြင်အာရုံအလုံးစုံက အမှောင်အတိကျသွားသည်။ ထိုအခါ ခဏလောက် နားလိုက်ပြီး ပြန်ကျင့်ပြန်သည်။
ထုံးစံအတိုင်း မည်သည့်အရာမှ ထူးခြားခြင်းမရှိဘဲ ညတစ်ညကုန်လွန်သွားလေသည်။ မကြာမီ နောက်တစ်နေ့သို့ပင် ရောက်တော့မည်။ ပြီးတော့ နောက်တစ်နေ့။ ပြီးတော့ နောက်ထပ်တစ်နေ့။ နောက်ဆုံးတွင်တော့ ဆယ့်ငါးရက်တိတိ ကုန်လွန်သွားလေသည်။ အစားစားခြင်းနှင့် ခဏ အနားယူခြင်းမှ လွဲ၍ ရှောင်ချန်းသည် ဘယ်သောအခါမှ သူ့အခန်းထဲက မထွက်တော့ပေ။ ထိုကျင့်စဉ်ကို ကျင့်ရသည်မှာ အင်မတန်ပင် ပျင်းရိငြီးငွေ့ဖွယ်ကောင်းလှသည်။ သို့သော်လည်း ရှောင်ချန်းသည် နည်းနည်းလေးမျှ လက်မလျှော့ပေ။
ဖက်တီးကျန်းကြီးနှင့် အခြားသူများသည် သူ့ရဲ့ မဆုတ်မနစ်သော လေ့ကျင့်မှုကို အံ့အားသင့်လျက် ရှိကြသည်။ ဒယ်စောက်အိုးခရမ်းရောင်ချီ ထိန်းချုပ်နည်းပညာရပ်ကို လေ့ကျင့်ခြင်းသည် လွယ်ကူသော အလုပ်တစ်ခု မဟုတ်ပါ။ ကျင့်ကြံရမည့် စည်းမျဉ်းစည်းမျဉ်းများသည် အလွန် ရိုးရှင်းလှသည်။ သို့သော်လည်း ပုံတွင်ပြထားသည့်အတိုင်း အဆင့်များကို အောင်မြင်ဖို့ရန် အတွက်မူ စိတ်ကူးထဲတွင်ပင် တွေးမမီနိုင်လောက်သော နာကျင်မှုမျိုးကို ခံစားရမည် ဖြစ်သည်။ ထို့ပြင် မယုံကြည်နိုင်လောက်အောင် မြင့်မားသော သည်းခံနိုင်ခြင်း စွမ်းရည်ကို ပိုင်ဆိုင်ထားဖို့ရန်လည်း လိုအပ်သေးသည်။ ယေဘုယျအားဖြင့်တော့ ဂိုဏ်းသားများသည် ရက်အနည်းငယ် လေ့ကျင့်ပြီးသည်နှင့် လက်လျှော့လိုက်ကြတာ များလေသည်။
ထို့ကြောင့် လဝက်ကျော်အထိ ဆက်လက်လေ့ကျင့်နေသော ရှောင်ချန်းကို ဖက်တီးကျန်းကြီးနှင့် အခြားသူများ မြင်သောအခါ လွန်ခဲ့သော လအနည်းငယ်က သူတို့သိခဲ့သော ရှောင်ချန်းနှင့်မတူတော့ကြောင်း အကဲခတ်မိလာသည်။
ရှောင်ချန်း၏ အဝတ်များသည် တွန့်လိမ်လျက်ရှိသည်။ ဆံပင်များက ဖိုသီဖတ်သီ ဖြစ်နေသည်။ မျက်လုံးများက နီရဲတွတ်နေသည်။ သူ့တစ်ကိုယ်လုံးသည် ညစ်ပတ်စုတ်ပြတ်နေသည်။ တချိန်တည်းမှာပဲ ပြတ်သားသော ဆုံးဖြတ်ချက် ချထားဟန်ကလည်း ပေါ်လွင်နေသည်။ သူသည် ခံစားရသမျှ ဝေဒနာများကို ဂရုမစိုက်ဘဲ ဘယ်တော့မှ အရှူံးပေးတော့မည့်ပုံ မပေါ်ပေ။
နောက်ထပ်ကိစ္စတစ်ခုက ဖက်တီးကျန်းတို့ ဝအောင်လုပ်ပေးထားသည့် အဆီတွေကျလာခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ထဲ၌ စိတ်စွမ်းအင်စီးကြောင်းသည်လည်း ငါးဆယ်ရာခိုင်နှုန်းကျော် အောင်မြင်နေပြီးနေပြီ ဖြစ်သည်။ ပထမအဆင့်ချီစုစည်းမှုစက်ဝိုင်း တစ်ပတ်အပြည့်ပတ်မိရန် အလွန်နီးကပ်လာပြီ ဖြစ်သည်။
သူစားထားသော အဖိုးတန် သစ်ဥသစ်ဖုများ အားလုံးသည် အဆီများ ဖြစ်သွားသည်ဟု ထင်ရသော်လည်း ကျင့်ကြံနေစဉ်တွင် ကျင့်ကြံခြင်းအခြေခံကို ပေါ်ပေါက်လာအောင် ဖန်တီးပေးနေသော အရာများ ဖြစ်သည်။ ၎င်းအာဟာရများကပင်လျှင် သူ၏ ခန္ဓာကိုယ်ကို သာမာန်လူများထက် ပိုမို အကြမ်းခံနိုင်လာစေသည်။
“အမှတ်ကိုး ညီလေး…မင်းဘာလို့အနားမယူသေးတာတုန်း။ တောက်လျှောက်ကျင့်နေတာ လဝက်တောင်ကျော်နေပေါ့…”
ဖက်တီးကျန်းကြီးနှင့် အဖော်များက အနားယူရန် တိုက်တွန်းကြသည်။ သို့သော်လည်း ရှောင်ချန်း မျက်လုံးထဲတွင် ပိုင်နိုင်သော ဆုံးဖြတ်ချက်ချထားဟန်ကိုတွေ့လိုက်ရသောအခါ တုန်လှုပ်ပီး ကျန်ခဲ့လေသည်။
အချိန်များ ကုန်ဆုံးခဲ့ချေပြီ။ မကြာမီမှာပင် ရှောင်ချန်း အရူးအမူးကျင့်ကြံနေသည်မှာ တစ်လပြည့်တော့မည်။ ဖက်တီးကျန်းကြီးနှင့် အခြားသူများသည် တော်တော်လေး အံ့သြတုန်လှုပ်နေသည်။ ဖက်တီးကျန်းကြီးသည်
“ရှောင်ချန်းကတော့ လေ့ကျင့်နေတာနဲ့မတူတော့ဘူး။ ကိုယ့်ကိုယ်ကိုယ် သတ်သေနေတာနဲ့တူနေပြီ ” ဟုပင် ပြောလေသည်။
ဒုတိယပုံမှာပြထားသည့် ကိုယ်နေဟန်ထား အတိုင်း ရှောင်ချန်းသည် အကြိမ်တစ်ရာကျော်ပင် အသက်ရှုခြင်းကို ထိန်းချုပ်နိုင်လာပြီဖြစ်သည်။ မကြာမီ အချိန်အတွင်းတွင် အကြိမ်တစ်ရာ့ငါးဆယ်တိုင်အောင် ထိန်းချုပ်နိုင်တော့မည် ဖြစ်သည်။ စိတ်စွမ်းအင် စီးကြောင်းမှာလည်း အရင်ကလို လမ်းကြောင်းသေးသေးလေး မဟုတ်တော့ဘဲ အဆများစွာ အားကောင်းနေပြီ ဖြစ်သည်။
နောက်ထပ် တစ်လ ထပ်ကုန်ခဲ့ပြန်သည်။ ဖက်တီးကျန်းကြီးနှင့် အခြားသူများသည် ရှောင်ချန်းက သူ့ကိုယ်သူ ပင်ပင်ပန်းပန်းခိုင်းလွန်းသဖြင့် သတ်သေသလိုဖြစ်မည်ကို စိုးရိမ်ပူပန်လာကြသည်။ သူတို့က ရွှီပေါက်ချိုင်ကို သွားနှင်ထုတ်ဖို့တောင် အစီအစဉ်ဆွဲပြီးနေပြီ ဖြစ်သည်။ ထိုစဉ် ရှောင်ချန်း၏ တဲဆီမှ တအုန်းအုန်း မြည်သံကို ကြားလိုက်ရသည်။
ဒုတိယအဆင့်ချီစုစည်းမှုမှ စိတ်စွမ်းအင်ဖိအားသည် တဲအတွင်းမှ အရပ်မျက်နှာအနှံ့သို့ ပဲ့တင်ထပ်ကာ မိုင်ပေါင်းများစွာအထိ ပေါက်ကွဲထွက်သွားသည်။ ဖက်တီးကျန်းကြီးနှင့် အခြားသူများသည် အကြောင်းအရာအစုံကို ရိပ်မိသွားသောအခါ အလွန်အံ့အားသင့်သွားသည်။
“ညီလေးက ဒုတိယအဆင့် ချီစုစည်းမှုကို အောင်မြင်သွားပြီဟ။ သူက စားဖိုဆောင်ထဲက အစားအစာတွေကို နှစ်ဝက်လောက်ပဲ စားပြီး ဒုတိယအဆင့်ကို အောင်မြင်သွားတာတဲ့။ ဟဲ့ သောက်ပလုပ်တုတ်…ရှားပါးဖြစ်စဉ်ကွ။ ငါတောင် တစ်နှစ်လုံးလုံး ကျင့်ယူရတာလေ”
သူတို့မှာ အာမေဋိတ်များပြုကာပင် အံ့အားသင့်ယူနေရသည်။ ထိုစဉ် ရှောင်ချန်း၏ တံခါးဖွင့်သံကို ကြားလိုက်ရသည်။ ရှောင်ချန်းသည် ဖရိုဖရဲနှင့် ပင်ပန်းနွမ်းနယ်နေသော်လည်း သူ့မျက်ဝန်းများမှာ တလက်လက် တောက်ပနေလေသည်။
ဖက်တီးကျန်းကြီးနှင့် အခြားသူများသည် ရှောင်းချန်းကို ဝိုင်းပြီးဂုဏ်ပြုကြသည်။ ရှောင်ချန်းသည် လေပေါ်ပျံလိုက်ပြီး ဝါးခြံစည်းရိုးပေါ်ကို သွက်လက်ကျွမ်းကျင်စွာ ဆင်းလိုက်သည်။
ရှောင်ချန်းသည် လက်ကို နောက်ပစ်ကာ ဂုဏ်ယူစွာ ခေါင်းကိုမော့ထားပြီး မြောက်ကြွ မြောက်ကြွ လုပ်နေသည်။ အဝေးက ကြည့်လျှင်ပင် သူ့မျက်ဝန်းထဲက ထူးခြားလေးနက်မှုကို တွေ့နိုင်သည်။ သူ့ကို ကြည့်ရသည်မှာ အောင်ပွဲရလာသော စစ်သူကြီးကဲ့သို့ပင်။
ဖက်တီးကျန်းကြီးနှင့် အခြားသူများသည် တုန်လှုပ်ခြောက်ခြားစွာ ကြည့်ကြသည်။
“ဒီလောက် သူပင်ပန်းနေတာကို ဘာလို့ရပ်နေတာတုန်း…သူ့ကို ကြည့်ရတာ ထူးဆန်းတယ်။ အစွမ်း တစ်ခုခုရလာခဲ့တာလား ”
သူတို့အားလုံးသည် ပိုင်ရှောင်ချန်း၏စုပ်ပြတ်နေသော ရုပ်သွင်ကို ကြည့်နေစဉ်မှာပင် ပိုင်ရှောင်ချန်းထံမှ ဂုဏ်ယူဝင့်ကြွားသောအသံတစ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
“ရွှီပေါက်ချိုင်က ရက်စက်တဲ့နေရာမှာ ပြောင်မြောက်ပြီး ပြိုင်ဘက်ကင်းတဲ့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းထဲက ဂိုဏ်းသားတစ်ယောက် ဖြစ်တယ်။ သူက ဒုတိယအဆင့်ချီစုစည်းခြင်းအထိတောင်မှ အောင်မြင်ထားခဲ့တယ်။ ဆိုတော့ သူက ကြောက်စရာပဲနော်။ ဒါပေမယ့် ကျွန်တော်လည်း ဒုတိယအဆင့်ကို အောင်မြင်ပြီးပြီဆိုတော့ သူနဲ့ကျွန်တော်ယှဉ်ပြိုင်တိုက်ခိုက်ရမယ့် အချိန်ရောက်လာပြီ။ ကျွန်တော်ကတော့ ဂိုဏ်းတစ်ခုလုံးတုန်လှုပ်သွားအောင် သူနဲ့တိုက်ပစ်လိုက်ချင်တာပဲ။ သွေးထွက်သံယိုဘယ်လောက်ဖြစ်ဖြစ် အရိုးတွေဘယ်လောက်ကျိုးကျိုး အရွတ်တွေ ဘယ်လောက်ပဲ ပြဲပြဲပေါ့ဗျာ။ နေဦး…အဲ့ပွဲက လိုသေးတယ်၊ တော်တော်လိုသေးတယ်။ ဘာလို့ဆို အရေးကြီးတဲ့ပွဲကိုးဗျ။ ကျွန်တော် ဆက်ပြီးလေ့ကျင့်ဖို့ လိုသေးတယ်…”
ပြောလို့ဆုံးသောအခါ ရှောင်ချန်းသည် ဘေးကိုတစ်ချက် ဝေ့ကြည့်လိုက်ပြီး အင်္ကျီလက်ကို ခေါက်တင်လိုက်သည်။ တံခါးအစုတ်လေးကို ဆွဲပိတ်လိုက်ပြီး နောက်ထပ် စတင်လေ့ကျင့်လေသည်။ နောက်ဆုံးတွင် “သူ့ကို ပုပ်နေတဲ့အစားအစာတွေ ပေးလိုက်မိတယ်လို့တော့ ငါ့ကို မပြောနဲ့နော်” အမှတ်သုံး ဖက်တီးဟီက ပြောလိုက်သည်။
“အိုး…မဖြစ်ဘူး…အခြေအနေက တော်တော်လေးဆိုးနေပြီ။ ရှောင်ချန်းကတော့ စိတ်စွမ်းအင်ကို သောက်ပြီးသွားပြီ။ သူကတော့ကျင့်နေရင်းနဲ့ ရူးသွားပြီထင်တယ်။ ငါတို့ ခုကစပြီး သူ့ကိုရန်သွားမစသင့်တော့ဘူး…”
အမှတ်နှစ် ဖက်တီးဟွမ်က တုန်လှုပ်ခြောက်ခြားစွာပြောသည်။