Switch Mode

အခန်း (၈)

မြေရိုင်း

အလင်းရောင် ပေါ်ထွက်လာတဲ့ အချိန် ဝမ်းဗိုက်ဆီမှ အားပြင်းသည့် အပူလှိုင်းတစ်ခု ပေါ်ထွက်လာပြီး စုမင်ကိုယ်ထဲ လှည့်လည်သွားလာနေသည်ကို သိသိသာသာကြီး ခံစားလိုက်ရ၏။ ၎င်းအပူလှိုင်းက တစ်ကိုယ်လုံးကို တမုဟုတ်ချင်း ပျံ့နှံ ဖြာဆင်းသွားပြီး နဂါး ခံတွင်းရည်ကြောင့် ဖြစ်ပေါ်လာသည့် အအေးဓာတ်နှင့် ပေါင်းစည်းသွားပြီး သွေးထဲကို စိမ့်ဝင်သွားလေသည်။

စုမင်၏ ကိုယ်ထဲမှ ကြုံးဝါးသံ ကျယ်ကျယ် လောင်လောင်ကြီး ထွက်ပေါ်လာသည်။ စုမင် ထိုင်နေရင်း သူ့ခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန် ယိမ်းထိုးနေပြီး စတုတၳမြောက် သွေးကြောမှာ အလိုအလျောက် ပေါ်လာလေ၏။

တစ်ချိန်တည်းတွင် များပြားလှသော အနက်ရောင်အငွေ့များ စုမင်၏ မွေးညင်းပေါက်များထဲမှ စိမ့်ထွက်လာ၏။ ထိုအနက်ရောင်အငွေ့များမှာ ညစ်နွမ်းပြီး အနံ့အသက် မကောင်းသလို တိုက်ခတ်နေသည့် လေပြည်နှင့်အတူ အဝေးကို လွင့်ပါသွား၏။

သွေးကြော သုံးခု ပေါ်ပေါက်နေသည့် လူတစ်ယောက်သာ သွေးကြောကျောက်သားကျင့်စဉ်၏ ပထမဆုံး အဆင့်ကို ရောက်ရှိနိုင်သူ ဖြစ်သည်။ ယခု စုမင်မှာ သွေးကြောကျောက်သားကျင့်စဉ်၏ ပထမဆုံးအဆင့်ကို ပြီးမြောက်အောင်မြင်ပြီးဖြစ်သည့် မာန်စွမ်းအားရှင် တစ်ယောက်ဖြစ်ခဲ့ပြီ ဖြစ်သည်။

ယခုထိ စုမင်၏ မျက်လုံးအစုံမှာ ပိတ်ထားဆဲ ဖြစ်သည်။ သူနိုးထလာမည့် အရိပ်အယောင် နည်းနည်းလေးမှ ရှိမနေ။ အချိန် ကြာလာသည်နှင့်အမျှ အားလုံး ပုံမှန်အတိုင်း တည်ငြိမ်သွားပြီး စတုတၳမြောက် သွေးကြော ထင်ရှားသိသာစွာ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။

နောက်တစ်နေ့ မနက်ခင်းတွင် မျောက်ကလေးမှာ သူ့ညာလက်ကို တရှုံရှုံ နမ်းရင်း ပျော်နေသည့် မျက်နှာထားနှင့် ရောက်ရှိလာလေသည်။ ထိုအခါ အနက်ရောင်အငွေ့များကြားမှ စုမင်ကို မြင်လိုက်ရ၍ သူအံ့သြ သွားသည်။ စိတ်ရှုပ်ရှုပ်နှင့် ခေါင်းကို ဖိကုပ်နေပြီး စုမင်အား လှည့်ပတ် ကြည့်ရှုနေသည်။

မျောက်ကလေးမှာ ဉာဏ်ကောင်းသော်လည်း စုမင် ဘာဖြစ်နေသည်ကို မသိနိုင်။ စပ်စပ်စုစုနှင့် စုမင်အနား ကပ်လာပြီး သူ့လက်လေးဖြင့် ပုတ်ပေးချင်သည့်အတွက် လက်ကို ရှေ့လှမ်းပေးလိုက်၏။

စုမင်ကို ထိမိတော့မည့်အချိန် အလင်းရောင်မှာ စူးစူးရှရှနှင့် စုမင်ကိုယ်ပေါ်မှ နောက်တစ်ခါ ထွက်ပေါ် လာပြန်သည်။ တစ်ခဏလေးအတွင်း အလင်းရောင်မှာ အစွမ်းကုန်လင်းလက်သွားပြီး စုမင်ကို ရစ်သိုင်း သွားလိုက်လေသည်။ မျောက်ကလေး ပါးစပ် အဟောင်းသား ဖြစ်သွားလေသည်။ သူ့မျက်စိရှေ့တွင် စုမင် ပျောက်ထွက်သွားလေ၏။

မျောက်လေးအတွက် စုမင်အား အလင်းတန်းများက ခေါ်ဆောင်သွားခြင်းသာ။ ထိုမြင်ကွင်းက မျောက်ကလေး၏ မျက်လုံးများကို ပြူးကျယ်သွားစေပြီး အသံစူးစူး ပြုလိုက်၏။ စုမင် ထိုင်နေသည့် နေရာထံ ပြေးဝင်လာပြီး အူယားဖားယားနှင့် လိုက်ရှာသော်လည်း ဘာမှမတွေ့ဘဲ ရှိနေသည်။ မျောက်ကလေးမှာ ထိုအနားတွင် ကြောင်တောင်တောင်လေးနှင့် မလှုပ်မယှက် ရပ်ကျန်နေခဲ့၏။

စုမင်ကိုယ်တိုင် ဘယ်ရောက်နေသည်ကို မသိပေ။ ဘေးနားပတ်ဝန်းကျင်အား စိတ်ရှုပ်ထွေးခြင်းကြီးစွာနှင့် ကြည့်နေ၏။ သူရောက်နေသည့်နေရာမှာ မြူမှုန်များနှင့် လွှမ်းခြုံနေလေသည်။ သူနှင့် အတော်ဝေးဝေးထိ စုမင် မြင်ရသော်လည်း တောင်ထိပ် အနားသတ်မျဉ်းကို ခပ်ရေးရေးသာ တွေ့ရလေ၏။

သူ ယခုမှ မျက်စိဖွင့်ကြည့်ခြင်း ဖြစ်သည်။ မကြာခင်က နက်မှောင်တောင်တွင် ရှိနေခဲ့သော်လည်း ယခုအရပ်ကို မည်သို့မည်ပုံ ရောက်လာခဲ့မှန်း နားမလည်နိုင်ဘဲ ရှိနေသည်။

သတိကြီးစွာနှင့် စုမင် လိုက်ကြည့်မိ၏။ ပထမဆုံး မျက်လွှာချပြီး ရင်ဘတ်ကို ငုံ့ကြည့်လိုက်သည့်အခါ သူထိတ်ခနဲ တုန်သွား၏။ သူ့ရင်ဘတ်တွင် ကျောက်နက်လေး ရှိမနေတော့။

“မရှိတော့ဘူး”

စုမင် လန့်သွား၏။ ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီး ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ မြူမှုန်များ ရစ်ဝိုင်းနေသည့် တောင်ထိပ်ဆီ လျှောက်လှမ်းသွားရင်း စုမင်က ပတ်ဝန်းကျင်ကို လေးနက်သော သတိအပြည့်နှင့် ကြည့်နေသည်။

တောင်တန်းနှင့် သိပ်အဝေးကြီး မဟုတ်လှ။ အချိန်တိုလေးအတွင်း စုမင်မှာ တောင်ခြေသို့ ရောက်လာ၏။ စုမင် ခေါင်းမော့ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။

ဤနေရာသည် တကယ့် တောင်ထိပ်အစစ်တစ်ခုနှင့် တူနေသော်လည်း မည်သည့်သစ်ပင်မျှ ရှိမနေ။ စေ့စေ့ ပေါက်ပေါက် တိုက်ချွတ်သန့်စင်ထားသလို ရှင်းရှင်းလင်းလင်း ဖြစ်နေ၏။ ထွင်းထားတဲ့ ပုံ အများအပြား၊ တောင်တန်းများ၊ မြစ်ပြင်များနှင့် ထူးဆန်းလှသည့် သတ္တဝါများ အပါအဝင် စုမင်ပင် သေချာမဖတ်တတ်တဲ့ စကားလုံးများလည်း ပါဝင်နေသည်။ ဒီနေရာက ပေးသည့်ခံစားချက်မှာ ရှေးအရင်ခေတ်များဆီ ပြန်ရောက်သွားသလို၊ ယဉ်ကျေးမှု မထွန်းကားမီ ခေတ်ကာလက အခြေအနေမျိုး ဖြစ်နေသည်။

တောင်ထိပ်မှ ပုံများကို ကြည့်နေစဉ် လေထုထဲ၌ ထစ်ချုန်းသံတစ်ခု မြည်ဟည်း ပဲ့တင်ထပ်လာသည်။ မမြင်ရသည့် စွမ်းအားတခုက တိခနဲ ဖြတ်ချလိုက်သလို တောင်၏ အလယ်တည့်တည့်မှ အက်ကွဲကြောင်း ထင်လာလေသည်။

အက်ကွဲရာမှာ သေးသော်လည်း အောက်ခြေအထိ ရောက်လာသည်ကို စုမင် မြင်နေရ၏။ အက်ကွဲရာမှာ စုမင် ခြေဖဝါးအောက်တွင် ရပ်တန့်သွား၏။

စုမင် ခဏ တုံ့ဆိုင်းနေသော်လည်း အံကို တင်းတင်းစေ့လိုက်၏။ သည်နေရာကို မည်သည့်နည်းနှင့် ရောက်လာခဲ့သနည်း။ ပြန်ထွက်ရန် နည်းလမ်းကို မသိရသေးပေ။ ယုတ်စွအဆုံး သူရောက်နေတာ ဘယ်နေရာမှန်းပင် သူမသိ။  ယခု ရှေ့တွင် လမ်းတစ်လမ်း ပေါ်လာ၍ သူ ရဲရဲကြီး ရှေ့တိုး လျှောက်လှမ်းသွားလေသည်။

စုမင် စိတ်ထဲတွင် အသေအချာ သိနေသည်က ယခု ကြုံနေသမျှသည် ကျောက်နက်ကလေးနှင့် ဆက်စပ်နေလိမ့်မည် ဆိုတာပင်။ အကြောင်းမှာ ကျောက်နက် ထုတ်လွှတ်နေကျ အနွေးဓာတ်ကို ရနေ၍ ဖြစ်သည်။

တောင်နံရံ အက်ကွဲရာ ခပ်ကျဉ်းကျဉ်းထဲသို့ ရောက်ရန် အတော်ကလေး လျှောက်လှမ်းလိုက်ရသည်။ သူ့ရှေ့မှ လမ်းမှာ လျှောက်နေရင်းနှင့် တဖြည်းဖြည်း ကျယ်ပြောလာသည်။ တောင်နံရံများတွင်လည်း ထူးဆန်းသည့် ရုပ်ပုံလွှာများ အပြည့်။  စုမင် သေချာ နားမလည်သော်လည်း ထွင်းထားတဲ့ ပုံထဲတွင် အမျိုးမျိုးသော သစ်ပင်များနှင့် ဆေးမြစ်အမျိုးအစားများ ပါဝင်နေ၏။ ဆံပင် ရှုပ်ပွပွနှင့် ကိုယ်လုံးတီး လူများ ထူးဆန်းသည့်ပုံစံနှင့် အိုးကြီးဘေးပတ်လည်တွင် ဝိုင်းနေကြသည့် ပုံများလည်း ရှိသည်။ ကြည့်ရသည်မှာ ဆေးမြစ်များနှင့် တစ်ခုခု လုပ်နေကြသည့်ပုံ ဖြစ်သည်။

စုမင် ထိုပုံများကို သေချာလိုက်ကြည့်နေရင်း သူ့မျက်လုံးထောင့် တစ်နေရာတွင် လမ်းအဆုံးကို ဖျတ်ခနဲ တွေ့သွား၏။ အဆုံးတွင် တံခါးတစ်ချပ် ရှိနေပြီး စုမင်မှာ ၎င်းတံခါးရှေ့တွင် ခြေစုံ ရပ်လိုက်၏။

တံခါးချပ် ပေါ်တွင်လည်း ထွင်းထုထားသည့် ပုံရိပ်များ ရှိနေသည်။ ဆေးမြစ် အမျိုးအစားများမှာ တစ်ခုနှင့်တစ်ခု မတူကြပေ။ စုမင်နှင့် ရင်းနှီးပြီးသား အလင်းရောင်တန်းက တံခါးချပ် တစ်ခုလုံးအပြည့် စက်ဝိုင်းပုံ ဆေးမြစ်ငါးခုကို သွယ်ဆက်ထားလေသည်။

တံခါး အလယ်တည့်တည့်တွင် အပေါက်ကလေး လေးဆယ့်ငါးပေါက် ရှိနေ၏။ အထဲတွင် တစ်ခုခု ထည့်ထား၍ရသည့် ပုံစံမျိုးလေး ဖြစ်နေသည်။ ၎င်းတို့မှာ စက်ဝန်းပုံ အဝန်းအဝိုင်းလေးအဖြစ် တည်ရှိနေသည်။

စုမင် မျက်မှောင်ကြုတ်ပြီး တံခါးကို စေ့စေ့ ကြည့်လိုက်၏။ ဘေးဘီကို တစ်ချက် အကဲခတ်ပြီး တံခါးတွင် ရှိနေသော ဆေးမြစ် ငါးခုထံသို့ အကြည့်ရောက်သွားသည်။

“ဒါက သံမဏိ အမြုတေပန်းပဲ ဟုတ်တယ် သံမဏိ အမြုတေပန်းပဲ”

“ဒါကတော့ ပျော်ရွှင်မှု သစ်ရွက်နဲ့တူတယ် … ဒါကျတော့ အေးခဲ ညောင်ပင် ”

“ဒါက ငါခဏခဏ စုဆောင်းဖြစ်တဲ့ ညလင်းသစ်ကိုင်းပဲ…”

“ဒါ ဘာပါလိမ့်…အရမ်း ရင်းနှီးနေတယ်”

“နောက်ဆုံး တစ်ခုကိုတော့ တစ်ခါမှ မမြင်ဖူးဘူး”

ခပ်ကြာကြာ ကြည့်ပြီးနောက် စုမင် တွေဝေသွားသည်။ တံခါးကို စမ်းပြီး တွန်းဖွင့်ကြည့်သင့် မသင့် စဉ်းစားနေသည်။

သူတွန့်ဆုတ်နေတုန်း ဆေးမြစ် ငါးခု ဝန်းရံထားသည့် ကြိုးတန်းလေးမှာ မျက်လုံးကန်းတော့မတတ် လင်းလက် တောက်ပ လာလေ၏။ စုမင် မှင်တက်နေတုန်း ခဏတွင် တံခါးမှ အလင်းရောင်သည် လေထဲသို့ လွင့်ပျံလာပြီး စုမင် အနားသို့ ခပ်မြန်မြန် ရောက်ရှိလာသည်။

အလင်းအရှိန်သည် လျင်မြန်လွန်းသည့်အတွက် စုမင် ရှောင်တိမ်းချိန်ပင် မရလိုက်။ တစ်ခဏလေး အတွင်း အလင်းရောင်မှာ စုမင် တစ်ကိုယ်လုံး လွှမ်းခြုံသွားလေ၏။

တစ်ချိန်တည်းတွင် စုမင်နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိသည့် မှတ်ဉာဏ်များ စုမင် စိတ်ထဲ အလုအယက် ဝင်ရောက်လာကြ၏။ ၎င်းမှတ်ဉာဏ်များမှာ အလင်းရောင်နှင့်အတူ ပါလာပုံပေါပြီး စုမင် ခေါင်းထဲသို့ အတင်းအကျပ်ကို တိုးဝင်လာကြ၏။ တိုးဝင်လာသော မှတ်ဉာဏ်များကြောင့် စုမင်မှာ မသက်မသာ ဖြစ်စေသည်။

စုမင် လူတစ်ယောက်ကို မြင်လိုက်ရ၏။ ထိုသူမှာ ပန်းချီပုံထဲမှ တခြားသူများအတိုင်းပင်၊ အိုးအကြီးကြီးထဲသို့ ဆေးမြစ်များ ပစ်ထည့်နေသည်။ ၎င်း၏လှုပ်ရှားမှုများက မြန်ဆန်လွန်းသည်။ ဆေးမြစ် တစ်ခုကို တစ်ခါ ပစ်ထည့်ခါနီးတိုင်း ဆေးမြစ်ကို တစ်ချက် နမ်းကြည့်၏။ ထိုအခါ သူ့အကြည့်များက လေးနက်သွား၏။ ညာလက်ကို လေထဲ ဝှေယမ်းလိုက်သည့်အခါ မီးတောက်များ ပေါ်ပေါက်လာ၏။

လုပ်ငန်းစဉ်က တအား ရှုပ်ထွေးလွန်းသည်။ မီးတောက်၏ အရွယ်အစားကအစ ထိန်းချုပ်ရန် လိုအပ်သည်။ စုမင်အဖို့ ယခုမြင်ကွင်းကို တစ်ခါမှ မမြင်ဖူးပေ။ မျိုးနွယ်စုထဲမှ လုပ်ငန်းစဉ်များသည် ရှုပ်ထွေးခြင်း မရှိပေ။ သည်အတိုင်း ဝါးစားခြင်းဖြစ်ဖြစ် အများဆုံးလုပ်သည်ဆို၍ အာနိသင် ပိုမိုထက်မြက်ရန် ပေါင်းစပ် ဆေးရည် လုပ်ခြင်းလောက်သာ ရှိသည်။

သူ့ခေါင်းထဲ ပေါ်လာသည့် မှတ်ဉာဏ်များကို စုမင် အသေအချာ အာရုံဝင်စားနေ၏။ အချိန်များစွာ ကုန်လွန်သွားပြီးမှ အနှီပုဂ္ဂိုလ်က ညာဘက်လက်နှင့် အိုးကို ရိုက်ချလိုက်လေ၏။

ရုတ်တရက်ဆိုသလို အိုးဘေး ပတ်လည်ဝန်းရံနေသည့် မီးတောက်မှာ ပျောက်ကွယ်သွား၏။ ထူးဆန်းသည့် အိုးကြီး၏ နှုတ်ခမ်းဝကို လှပ်လိုက်တဲ့အခါ လက်သည်းခွံအရွယ်လောက်သာရှိ၍ စက်ဝိုင်းပုံ သဏ္ဌာန်ရှိသည့် အစိမ်းရောင် ပစ္စည်းသုံးမျိုးကို အိုးထဲတွင် စုမင် မြင်လိုက်ရ၏။

ထိုအရာအားလုံးမှာ သူ့ခေါင်းထဲတွင် ပေါ်လာသည့် မှတ်ဉာဏ်သက်သက် ဖြစ်သော်လည်း စုမင်မှာ လေထဲမှ ဆေးမြစ်ဆေးရွက်တို့၏ အနံ့ကို ခပ်ဖျော့ဖျော့လေး ရနေမိသည်။ စက်ဝိုင်း ပုံသဏ္ဌာန် အရာသုံးမျိုးကို မြင်လိုက်ရချင်း မိုးကြိုးဒဏ် ခံလိုက်ရသူတစ်ယောက်လို စုမင် မှင်တက်သွားသည်။

စုမင်သည် ငယ်ငယ်လေးထဲက ဆေးနှင့်လူ ပြတ်ခဲ့သူ မဟုတ်ပေ။ တစ်ချက်ကလေး ကြည့်လိုက်ရုံနှင့် ဆေးအမျိုးမျိုး၏ အရည်အသွေး မည်မျှကောင်းသည်၊ မကောင်းကို အတပ်ပြောနိုင်သည်။ စုမင်မှာ ဆေးအကြောင်း ကျွမ်းကျင်သော်လည်း စက်ဝိုင်းပုံ ပစ္စည်းလေးများ၏ အရည်အသွေးကို မသတ်မှတ်ရဲ ဖြစ်နေသည်။

စုမင်ကိုယ်ကို လွှမ်းခြုံထားတဲ့ အလင်းရောင်က ပျောက်ကွယ်သွားပြီး တံခါးဆီ ပြန်ရောက်သွားသည်။ တံခါးပေါ်မှာ ကြိုးမျှင်မျှင်လေးများမှာ စက်ဝန်းပုံစံအတိုင်း ရွှေ့လျားသွားနေ၏။

အလင်းရောင်များ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်နှင့် စုမင် မြင်နေရသမျှ အမှောင်အတိကျသွားသည်။ မမြင်ရသည့် အားအင်တစ်ခု၏ တွန်းထိုးမှုကြောင့် သူ ရွေ့လျားသွားရသလိုမျိုးပင်။ စုမင် အမြင်များ ပြန်လည်ကြည်လင်သွားချိန် အသံစူးစူးလေးတခုကို ကြားလိုက်ရ၏။ များမကြာမီ စုမင် အနားသို့ မြူးတူးစွာ ရောက်လာသည့် အနီရောင် အစက်အပြောက်လေးကို တွေ့လိုက်ရတော့၏၊၊

အနီရောင် အစက်အပြောက်လေးသည် ကျိန်းသေပေါက် ရှောင်ဟုန်ပင် ဖြစ်သည်။ မျောက်လေးသည် စုမင် ကိုယ်ပေါ် တွယ်တက်ပြီး ကိုယ်ပေါ်မှာ ပျော်ပြီး ခုန်နေ၏။

မျောက်လေးသည် စုမင် ပျောက်သွားစဉ်က ကြောက်လန့်နေခဲ့သည်။ ယခု စုမင် ပြန်လာ၍ ပျော်နေရှာခြင်း ဖြစ်သည်။

စုမင် ကြောင်သွားသည်။ ဘေးအနား လှည့်ပတ်ကြည့်လိုက်အခါ သူ နက်မှောင်တောင်ပေါ်မှ ကျောက်ဆောင်ကြီးပေါ် ပြန်ရောက်နေမှန်း တွေ့လိုက်ရသည်။ ခေါင်းငုံ့ကြည့်လိုက်သည့်အခါ စောနက ပျောက်သွားခဲ့သော ကျောက်နက်လေးကို သူ့ရင်ဘတ်တွင် ဆွဲလျက်သား တွေ့လိုက်ရ၏၊၊

“အရာအားလုံးဟာ ဒီဟာလေးနဲ့ ဆက်စပ်နေရမယ်။ ဖြစ်နိုင်တာက သွေးကြော ကျောက်သားကျင့်စဉ်ရဲ့ ပထမဆုံး အဆင့်ကို ငါ ရောက်ရှိသွားတဲ့ အချိန်မှာ ဒီဟာလေးကို အသက်သွင်း မိသွားတာ ဖြစ်ရမယ်။ အဲဒီမှာ ဒါတွေ အကုန်လုံး ဖြစ်လာတာပဲ။ ရှောင်ဟုန့် အမူအရာ အနေအထားကို ကြည့်ရတာတော့ ငါသေချာပေါက် အိပ်မက်မက်နေတာ မဟုတ်ဘဲ အဲဒီနေရာကို လူအကောင်လိုက် ရောက်သွားခဲ့ပုံပဲ။ တကယ် ဘာပစ္စည်းလဲကွာ … ဒီကို ဘယ်လို ရောက်လာတာလဲ”

စုမင် ခပ်တိုးတိုး ရေရွတ်နေရင်း ခေါင်းထဲက မှတ်ဉာဏ်များအကြောင်း ပြန်စဉ်းစားနေမိသည်။

” ဆေးလုံးတွေကို နိုင်စီးငြှိမ်းသတ်ခြင်း လုပ်နေတာပဲ … ”

တစ်ခဏအကြာ စုမင်မှာ သူမြင်ခဲ့ရသည့် ဆေးဝါးသန့်စင်ခြင်း လုပ်ငန်းစဉ်၏နာမည်ကို ရေရွတ် လိုက်သည်။

“မြူမှုန်ထိုးခွဲ”

၎င်းသည် ဆေးလုံး၏ နာမည်ဖြစ်သည်၊။ ထို့နောက် သူခေါင်းထဲတွင် ပေါ်လာခဲ့သည့် မှတ်ဉာဏ်ပေါင်း များစွာအနက်မှ တစ်ခုသာ ဖြစ်သည်၊၊

စုမင် တိုးတိုးလေးပဲ ပြောလိုက်သည်။ သူ့စိတ်ထဲတွင် တံခါးပေါ်မှ ပန်းချီပုံများကို မြင်ယောင် ကြည့်နေမိသည်။ သူ့မျက်လုံးများက တဖြည်းဖြည်းနှင့် အရောင်လက်လာသည်။ နေရာအတိအကျကိုသာ မသိလျှင် နေမည်။ မြင်လာခဲ့သည့် နိုင်စီးငြှိမ်းသတ်ခြင်း လုပ်ငန်းစဉ်က စုမင်၏ စိတ်အာရုံအလုံးစုံကို ဖမ်းစား ထားလိုက်သည်ကတော့ ထင်ရှားလှသည်။

စုမင်၏ အမြင်အရ မာန်စွမ်းအားရှင် ဖြစ်လာရန် ခန္ဓာကိုယ်တွင်း သွေးအား တိုးစေသည့် ဆေးဝါးများနှင့် ဆက်စပ်မှုရှိရမည်။ ကိုယ်ခန္ဓာ ကြံ့ခိုင် သန်မာလာစေရန် သွေးကို အများကြီး သုံးဖို့လိုသည်။ စောနက အာရုံထဲတွင် မြင်ခဲ့ရသည့် နိုင်စီးငြှိမ်းသတ်ခြင်း လုပ်ငန်းစဉ်သည် စုမင်၏ ကျင့်ကြံမှုကို ထိထိရောက်ရောက် ကူညီပေးနိုင်လိမ့်မည်။

“အဲဒီလို ခပ်ဝိုင်းဝိုင်း ဆေးလုံးမျိုးတော့ မျိုးနွယ်စုထဲမှာ တစ်ခါမှ မမြင်ဖူးဘူး။ အကြီးအကဲတောင် မြင်ဖူးမယ် မထင်ဘူး။ မဟုတ်ရင် ငါလည်း မြင်ဖူးနေမှာပေါ့။ ဒါပေမဲ့ အဲဒီဆေးလုံးက အလုပ်ဖြစ်မယ့် ပုံတော့ပေါ်တယ်။ ဘယ်လောက် အာနိသင် ထက်မြက်မလဲ ဆိုတာတော့ ငါ ဆေးဝါး သန့်စင်ခြင်း လုပ်ပြီးတာနဲ့ ကြည့်ကြသေးတာပေါ့”

” ဒါဖြင့် ငါ့ရဲ့ နောက်ထပ် ခြေလှမ်းက အဲဒီ ဆေးမြစ်ငါးမျိုးကို ရှာဖွေဖို့ ဖြစ်သွားပြီ။ ရှောင်ဟုန် မင်း ဒီလို ဆေးနှစ်မျိုးကို မြင်ဖူးလား”

စုမင် ဆုံးဖြတ်ချက် ချပြီးသည်နှင့် ရှောင်ဟုန်ကို အော်ခေါ်ပြီး ကျောက်တုံးတစ်တုံးကို ကောက်ကာ သူ အမျိုးအမည် ခွဲခြားမရသော ဆေးနှစ်မျိုးကို မြေပြင်ပေါ်တွင် ချဆွဲကာ ရှောင်ဟုန်အား မျှော်လင့်တကြီး ကြည့်လိုက်၏။

ရှောင်ဟုန်က သွားတွေ စေ့ထားရင်း ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

စုမင် စိတ်ဓာတ်တွေ တက်ကြွသွား၏။ သူတွေးထားသလို လုပ်နိုင်ပါ့မလားဟု ချိန်ဆတွေးတောရင်း ကျောက်ဆောင်တစ်ဝိုက်ကို လူးလားခေါက်တုံ့ လျှောက်နေ၏။

” ဆေးမြစ်တွေတော့ ရှာနိုင်ပါပြီတဲ့။ အဲဒီဆေးလုံး ဖြစ်အောင်လုပ်ဖို့ လုပ်ငန်းစဉ်တွေက ရှုပ်ထွေး လွန်းတယ်။ မီးတောက်တွေတောင် ပါသေးတယ်။ အဲဒါက ထမင်း ချက်သလိုပဲ … စိတ်ဝင်စားစရာ ကောင်းသား”

အတွေးများကို နေရာတကျ စီမံ ပြီးကာမှ စုမင် မျက်မှောင်ကြုတ်လိုက်သည်။

ဆေးကြိုသည့် အိုးကြီးက ထူးဆန်းနေသည်ကို စုမင် သတိထားမိသွားသည်၊၊ မျိုးနွယ်စု၏ ထမင်းချက်သည့် အိုးမျိုးနှင့်လည်း မတူ။ ဦးနှောက်ထဲမှ မှတ်ဉာဏ်များကို ပြန်ရှာဖွေကြည့်သည့်အခါ နိုင်စီးငြှိမ်းသတ်ခြင်း အတွက် အသုံးပြုထားသည့် ၎င်းအိုးတွင် ထူးဆန်းသော နာမည်ရှိသည်ကို တွေ့လိုက်ရသည်။

“ဒါက ‘မြေရိုင်းဆေးအိုး’ တဲ့”

“မျိုးနွယ်စုထဲမှာ သုံးတဲ့ အိုးတွေက အသုံးဝင်မှာ မဟုတ်ဘူး။ ငါ မီးရှာဖို့လည်း လိုသေးတယ်”

စုမင် နှုတ်က ခပ်တိုးတိုး ရေရွတ်ရင်း ခေါင်းမော့လိုက်၏။ နဂါးနက်မှောင် တောင်စဉ်များအနက် တစ်ခု အပါအဝင် ဖြစ်ပြီး ဟိုးအဝေးတွင် တည်ရှိနေသော တောင်စဉ်တန်းမှ တောင်တစ်လုံးကို လှမ်းကြည့်လိုက်ရင်း စုမင်၏ မျက်လုံးများ အရောင် တောက်လာသည်။

၎င်းတောင်သည် အရောင်အားဖြင့် ညိုမှောင်ပြီး တောင်ထိပ်ပေါ်မှ အခိုးအငွေ့များ ထွက်လျက် ရှိနေသည်။

*****

Note: edited version

Comment

Leave a Reply

Options

not work with dark mode
Reset