စုမင် တောထဲတွင် တစ်ချက်ကလေးမျှ မရပ်နားဘဲ ပြေးလွှားနေသည်။ တောကျွမ်းမှုနှင့် လျင်မြန် သွက်လက်မှုကို ပေါင်းစပ်အသုံးချနေပုံမှာ လေးညှို့မှ ပစ်လွှတ်လိုက်သည့် မြားတစ်စင်းပမာ ဖြစ်နေစေသည်။ မကြာခင် သူ့ရှေ့တွင် နဂါးနက်တောင်ကို မြင်တွေ့လိုက်ရ၏။ တောထဲမှ ထွက်လိုက်ပြီ ဆိုသည်နှင့် နဂါးနက်တောင်ကို ရောက်ရှိပြီ ဖြစ်သည်။
ငယ်စဉ်ကလေးဘဝကတည်းက သည်တောင်ကို လာရောက်ကာ ဆေးမြစ်ဆေးရွက်များ လာရောက် စုဆောင်းနေကျ စုမင် အတွက် ဤတောဤတောင်၏ ရှိရှိသမျှ သက်ရှိသက်မဲ့ အရာအားလုံးသည် သူ့စိတ်ကို သက်သာရာ ရစေသည်။
“စာလိပ်ထဲမှာ ရေးထားတာက သွေးကြော ကျောက်သားကျင့်စဉ်ကို ကျင့်ကြံရင် မိမိ ကိုယ်ထဲက မာန် သွေးကို အားကောင်းစေတဲ့အတွက်ကြောင့် မာန် ကျင့်ကြံသူတွေဟာ သွေးတွေကို ခန္ဓာကိုယ် အနှံ့လည်ပတ်အောင် လုပ်ဆောင်ရင်း ခွန်အားလည်း တိုးတက်တယ်တဲ့၊။ ငါ့ကိုယ်ငါ ဒီလို အခွင့်အလမ်းမျိုး ဘယ်တော့မှ မရနိုင်ဘူး ထင်ထားတာ၊ ကြည့်ရတာတော့ အဲဒီအရာကို ဒီကနေ့ပဲ ကြုံတွေ့ လိုက်ရပြီ ထင်တယ်။ ”
“သွေးကြောမြောက်ဖို့ ခန္ဓာကိုယ်မှာ သွေးကြော သုံးခု ပေါ်ပေါက်လာဖို့ လိုတယ်။ ငါဟာ သွေးကြော သုံးခု ပေါ်အောင် မလုပ်နိုင်သေးပေမဲ့ ငါ့ရဲ့ ခုန်ပျံ ကျော်လွှားမှုတွေကတော့ အရှိန်နှုန်း ပိုမြန်လာတယ်။ ငါ့ရဲ့ ခွန်အားကလည်း … ”
စုမင် ရှေ့သို့ ခုန်လိုက်ပြီး လေပေါ် မြောက်နေတုန်း ဘေးနားတွင် ရှိနေသော သစ်ပင်ကြီး တစ်ပင်ကို ညာလက်သီးနှင့် ထိုးချလိုက်၏။
ကျယ်လောင်သည့် ထိခိုက်သံကြီးနှင့်အတူ သူ့လက်သီးရာ မထင်မရှားလေးတခု ပင်စည်ပေါ်တွင် ပေါ်လာ၏။ သူ့ညာလက်တစ်ခုလုံး ထုံကျင်သွားသည့်တိုင် စုမင်မှာ စိတ်လှုပ်ရှားမှုများနှင့် အားရကျေနပ်နေလေသည်။
ထိုကဲ့သို့ စုမင်တစ်ယောက် စိတ်လှုပ်ရှားမှုထဲ နစ်ဝင်နေချိန် လျှပ်တပြက်ပြေးဝင်လာသည့် အနီရောင်က သူ့ကို ကျော်တက်သွားပြီး ဂုဏ်ယူနေဟန်နှင့် အော်ဟစ်လိုက်သည်။ သိသာစွာပင် ၎င်းအနီရောင်မှာ စုမင်ကို အမှီ လိုက်ပြီး ကျော်တက်နိုင်သွား၍ ပျော်နေရှာသည့် ရှောင်ဟုန် ဖြစ်လေသည်။
စုမင် ပြုံးပြီး နောက်က ပြေးလိုက်သွားသည်။ သူ့ရဲ့ အရှိန်က လျော့ကျ မသွားသည့်တိုင် မျောက်ကလေး နောက်ကို အမီမလိုက်နိုင်ပေ။ ယခင်ကဆိုလျှင် နက်မှောင်တောင် တောင်ခြေရောက်သည်နှင့် မျောက်ကလေးသည် အကြာကြီး စောင့်လိုက်ရသလို မထီမဲ့မြင် မျက်နှာထားမျိုး စုမင်ကို အမြဲလုပ်ပြနေကြ ဖြစ်သည်။
ယနေ့တော့ နှစ်နာရီအတွင်း တောင်စဉ်တစ်ခုစီက အပေါက်ပါသော ကျောက်ဆောင်ဆီ ရောက်လာနိုင်ပြီး မျောက်ကလေးကိုပါ တွေ့ရလေ၏။ မျောက်ကလေး၏ မျက်နှာမှာ စိတ်အလိုမကျမှုများနှင့် ပြည့်နေပြီး တကိုယ်လုံးလည်း ချွေးများ ရွှဲနစ်နေသည်။ ချွေးများပင် မခြောက်သေးသည်ကို ထောက်၍ မျောက်ကလေးမှာ သူ့ထက်အရင် ကြိုရောက်နေသော်လည်း အကြာကြီး စောင့်လိုက်ရဟန် မတူပေ။
စုမင် ခပ်ပြုံးပြုံးနှင့် မျောက်မျက်နှာလေးကို တစ်ချက်တို့လိုက်သည်။ လွယ်ထားသည့် ခြင်းကို ဘေးချပြီး ကျောက်ဆောင်ပေါ် မတ်တတ်ရပ်လိုက်၏။ မြူပတ်လည် ဝန်းရံနေသည့် ပတ်ဝန်းကျင်တွင် အသက်ကို တစ်ဝကြီး ရှူလိုက်၏။
သူ့အောက်တွင် ချောက်ကမ်းပါးကြီးသာ ရှိနေသော်လည်း စုမင်မှာ ထိုနေရာတွင်ရပ်ပြီး ရှုမျှော်ခင်း ကြည့်ရသည်ကို သဘောကျသည်။ သူသာ နည်းနည်း ရှေ့တိုးလိုက်မည်ဆိုရင် တိုက်ခတ်နေသည့် လေကြမ်းများကြား တုန်ရီပြီး ပြုတ်ကျသွားနိုင်သည်။ သည်နေရာက အန္တရာယ်များလွန်းလှသည်။ သို့သော် စုမင် အဖို့တော့ ငယ်စဉ်ကလေးဘဝကတည်းက သည်တောင်ပေါ် တက်နေကျဖြစ်၍ သူ့အတွက် ဒုတိယအိမ်ဟုပင် ခေါ်ဆို၍ ရနိုင်သည်။
“ရှောင်ဟုန် ဒီတောင်ကြီးရဲ့ ဟိုဘက်အခြမ်းက ဘယ်လိုရှိလဲ … အဲဒီကို အရင်က ရောက်သွားဖူးလား”
စုမင်၏ ဝတ်စုံမှာ လေထဲတွင် တဖျပ်ဖျပ် လွင့်မျောနေ၏။ အကျင့်ပါနေသည့်အတိုင်း စုမင်က ညာလက်နှင့် ရင်ဘတ်က ဆွဲကြိုးလေးကို ထိတွေ့လိုက်သည်။
ဘေးနားတွင်ရှိနေသော မျောက်ကလေးက မျက်လုံးများကို လှန်ပြီး အဝေးကြီး လှမ်းကြည့်လိုက်သည်။ စုမင်အမေးကို ပြန်မဖြေဘဲ တစ်ခုခုကို ရှာနေသလို သူ့အမွေးထဲ ခေါင်းစိုက်နေလေ၏။
မျောက်လေးက သူ့ကို အဖတ်မလုပ်ဘဲ သူ့ကိုယ်သူ သနေတာ မြင်တော့ စုမင်က နှာခေါင်းကို တစ်ချက် ကုပ်လိုက်သည်။ ထို့နောက် ခေါင်းကို ခါယမ်းပြီး သူရောက်နေသည့် နေရာမှာပင် တင်ပျဉ်ခွေထိုင်ချလိုက်၏။
“ရှောင်ဟုန် ငါ ဒီတစ်ခါ မျိုးနွယ်စုဆီ အတော်ကြာကြာထိ ပြန်ဖြစ်ဦးမှာ မဟုတ်ဘူး၊ ဒီမှာ ကြာကြာ နေဖြစ်မှာမို့လို့ မင်းသွားဆော့ရင် ငါ့အတွက် သစ်သီးလေး ဘာလေးယူလာပေး”
စုမင်ဘေးနားတွင် ရှိနေသည့် မျောက်ကလေးမှာ ခေါင်းထောင်လာပြီး အံ့ဩနေသည့် မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ စုမင်ကို စေ့စေ့စပ်စပ် လေ့လာပြီးနောက် ရွှင်ရွှင်ပျပျနှင့် ခေါင်းညိတ်ပြလိုက်သည်။ အမြဲတမ်းလိုလို စုမင်နှင့်သူ လေးငါးရက်သာ နေဖူးသည်။ စုမင် ပြန်သွားတိုင်း ရှောင်ဟုန်မှာ တစ်ကောင်တည်း အထီးကျန်နေခဲ့ရသည်။ စုမင်ပြောသမျှ နားလည်သွားသည်နှင့် မျောက်ကလေးမှာ အလွန် အူမြူးသွားလေသည်။
စုမင် အသက်ကို တဝရှူပြီး သူ့မျက်နှာပေါ် တိုက်ခတ်နေသည့် လေများကို ခံစားလိုက်၏။ သူ သည်နေရာတွင် သွေးကြော ကျောက်သားကျင့်စဉ် ပထမဆုံးအဆင့် ပြီးမြောက်သည်အထိ ကျင့်ကြံတော့မှာ ဖြစ်သည်။ ပြီးမြောက်မှသာ သူအိမ်ပြန်မည်။
တကယ်တမ်း စုမင်ကိုယ်တိုင်လည်း သူဘာတွေ ဖြစ်နေသည်ကို သေချာမသိပေ။ သူ့စိတ် တစ်နေရာတွင် ယခုအကြောင်းကို လျှို့ဝှက်ချက်အနေနှင့် ထိန်းသိမ်းထားပြီး မည်သူ့ကိုမျှ ပေးမသိလိုသေးပေ။ စုမင် မျက်လုံးများ မှိတ်လိုက်ချင်း နီမြန်းမြန်း သွေးကြောမျှင်လေး ပေါ်လာသည်။ သွေးကြောမျှင်လေးမှ ခပ်မှိန်မှိန် အနီရောင် အလင်းတန်းလေး ပေါ်ထွက်နေ၏။ အရင်ကအတိုင်း မှုန်ပျပျ မဟုတ်တော့ဘဲ ပြတ်သား ထင်ရှားနေပြီ ဖြစ်သည်။
စုမင်အနေဖြင့် မာန်စွမ်းအားရှင်များ ကျင့်ကြံသည့် နည်းနာများအတိုင်း လုပ်နိုင်ချင်မှ လုပ်နိုင်လိမ့်မည်။ သို့သော် သူက အလွယ်တကူ အရှုံးပေးတတ်သူ မဟုတ်ချေ။ ထို့ကြောင့် အချိန်ရသည်နှင့် တင်ပျဉ်ခွေ ထိုင်ပြီး ကျင့်ကြံ အားထုတ်နေခြင်း ဖြစ်သည်။ အချိန်များ တရွေ့ရွေ့ ကုန်လွန် လာနေတော့သည်။
နေထွက်လာချေပြီ၊ စုဝေးနေသည့် မြူများပင် နေရာအနှံ့သို့ ပျံ့နှံ့ ထွက်ခွာသွားချေ၏။ ကျေးငှက်တိရစာၦန်လေးများ၏ အသံသာ တစ်တောလုံး ပဲ့တင် ထပ်နေပြီး တောင်တန်းကြီးမှာ ဆိတ်ငြိမ် အေးချမ်းနေလေ၏။ ထိုဆိတ်ငြိမ်မှုများ၏ အလယ်တွင် နောက်တစ်နေ့ မနက်ရောက်မှ စုမင် မျက်လုံးများကို ဖွင့်လိုက်၏။
သူ့ခန္ဓာကိုယ်ကို အနည်းငယ် အကြောဆန့်လိုက်၏။ အနောက်ကို ကြည့်လိုက်သည့်အခါ ထွက်ခွာသွားသည့် မျောက်လေးကို တွေ့လိုက်ရသည်။ မြေပေါ်တွင် သစ်သီးသစ်ဖု အများအပြား ရှိနေသလို စား၍ကုန်နေသည့် အူတိုင် တချို့တလေကိုလည်း တွေ့လိုက်ရ၏။
စုမင် သစ်သီးများကို ကောက်ပြီး အတော်များများ စားပစ်လိုက်သည်။ ဆာလောင်လွန်းလှ၍ သစ်သီးများမှာ သူ့နံကြားပင် မကပ်နိုင်။ စုမင်မှာ သစ်သီးသစ်ဖုများ စားသုံးရသည်ကို နှစ်ခြိုက်သော်လည်း ယခုလို အများကြီး စားတာမျိုးကို မနှစ်သက်ပေ။
စားပြီးသည်နှင့် စုမင် ချက်ချင်းထိုင်ချပြီး ကိုယ်တွင်းရှိနေသော မာန်သွေးများကို သန့်စင်သည့် နေရာတွင် အပြည့်အဝ အာရုံစိုက်လိုက်၏။ သို့သော် တစ်ခဏလေးအတွင်း မသေချာ မရေရာသည့် မျက်နှာထားနှင့် စုမင်မျက်လုံး ဖွင့်လာသည်။
“ပထမ သွေးကြောကတော့ ထင်ထင်ရှားရှား ပေါ်လာပြီးပြီ။ ဒါပေမဲ့ ဒုတိယမြောက် သွေးကြော ပေါ်လာဖို့ ငါ့မှာ လုံလောက်တဲ့ သွေးသန့်သန့် မရှိသေးဘူး … ”
သူ့အခြေအနေကို မည်သည့်စကားလုံးဖြင့် ဖော်ပြရမှန်း စုမင် မသိချေ။ ပထမဆုံး ပေါ်လာသည့် သွေးကြောက စုမင် ကိုယ်မှာရှိသည့် သွေးတစ်ဝက်ကျော် စုပ်ယူသွားသည်မို့ ဒုတိယသွေးကြော ပေါ်လာရန် မလုံမလောက် ဖြစ်နေရခြင်း ဖြစ်သည်။
ရှင်းပြရန် ခက်ခဲသော်လည်း ထိုအတိုင်းသာ ဖြစ်လိမ့်မယ်ဟု စုမင် ခံစားနေရသည်။
“ငါ့မှာ သွေး လုံလုံလောက်လောက် မရှိဘူးပဲ ”
စုမင် ခေါင်းကုတ်ပြီး သက်ပြင်းချလိုက်သည်။ မာန်ကျင့်ကြံသူများ အစပိုင်းအဆင့်များကို မည်သည့်နည်းနှင့် ကျင့်ကြံကြသည်ကို စုမင် မသိထားချေ။ အားအင် ပြည့်ဝသည့် ကိုယ်ခန္ဓာ မရှိသောကြောင့် ကျင့်ကြံမှုအဆင့် မြန်မြန်တက်ရန်နှင့် သွေးကြောများ တစ်ကြောပြီးတစ်ကြော ဆက်တိုက် ပျံ့နှံ့ထင်ရှားမှု နှောင့်နှေးရန် ခန္ဓာကိုယ်တွင်းရှိနေသော သွေးများကို များများနှင့် မြန်မြန် သွေးသစ်များအဖြစ် ပြန်လောင်းနိုင်ရန် ဆေးဝါး အများအပြား သောက်သုံးရန် လိုအပ်သည်။
မာန် စွမ်းအားရှင် တစ်ယောက်၏ ခွန်အားသည် သွေးကြော ကျောက်သားကျင့်စဉ် အဆင့်၌ လူကိုယ်တွင် ရှိနေသော သွေးများ၊ သွေးကြောများနှင့် ဆက်နွယ်နေသည်။ သွေးများလေ၊ သွေးကြော များများပေါ်အောင် လုပ်နိုင်လေဖြစ်ပြီး ခွန်အားများများ ရှိလေဖြစ်မည်။ စွမ်းအား ရှိလာပြီဆိုသည်နှင့် ၎င်းတို့၏ ကာယခွန်အား တစ်ခုတည်းနှင့် သားရဲ အကြီးစားတစ်ကောင်ကို လက်ချည်း သက်သက် နှစ်ခြမ်းဆွဲဖြဲနိုင်မည် ဖြစ်သည်။ ထိုအရာသည် မာန်စွမ်းအားပင် ဖြစ်သည်။
ထိုအရာများက မျိုးနွယ်စု၏ အရေးကြီး လျှို့ဝှက်ချက်များ ဖြစ်သည်။ မာန်ကိုယ်ခန္ဓာ ပိုင်ဆိုင်သူသာ သိခွင့်ရှိနိုင်သည့် အချက်အလက်များလည်း ဖြစ်သည်။
“မျိုးနွယ်ဝင် တစ်ယောက် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားရင် သူတို့ဟာ သွေးအများကြီး ဆုံးရှုံးမယ်။ မျက်နှာက ဖြူရော်လာပြီး အားနည်းသွားမယ်။ အဲဒီအချိန်မှာ သွေးသစ် ဖြစ်စေတဲ့ ဆေးဝါးတွေကို သောက်သုံးဖို့ လိုအပ်တယ်။ ”
စုမင် မျက်လုံးများ တောက်ပသွား၏။ အသေအချာ စဉ်းစားပြီးနောက် ခြင်းကို ကောက်လွယ်ပြီး တောင်တစ်ဘက်ခြမ်းထံ ခုန်ကူးသွားလိုက်သည်။ ယခုတစ်ကြိမ်တွင် သူ့အရှိန်နှုန်းက မြန်ဆန်လွန်းပြီး တစ်နာရီ ကြာပြီးနောက် ပြန်ရောက်လာလေသည်။
သူပြန်လာသည့်အခါ ခြင်းထဲမှာ ဖုန်တွေ သဲတွေ ကပ်ပေနေသည့် ဆေးမြစ်တချို့ ပါလာသည်။ ဆေးမြစ်များကို ဆေးကြောသန့်စင်ပြီးနောက် ခြင်းထဲမှ ပန်းကန်လုံးတစ်လုံးကို ထုတ်လိုက်၏။ ဆေးမြစ်တို့ကို ချိုးခြေပြီး နှင်းစက်ရည်နှင့် ရောနယ်လိုက်သည့်အခါ ထူးဆန်းသည့် အနံ့အသက်နှင့် သောက်စရာ ဆေးတစ်ခွက် ရလာတော့သည်။
သို့သော် ၎င်းအနံ့ကို သူကျင့်သား ရနေပြီး ဖြစ်သည်။ နည်းနည်း အနံ့ခံ ကြည့်ပြီး ဆေးမြစ်တချို့ ထပ်ထည့် လိုက်၏။ ပြီးတာနဲ့ အသက်အောင့်ပြီး တစ်ခါတည်း သောက်ချလိုက်သည်။
စိတ်ပျက်စရာ ကောင်းလိုက်သည့် အရသာပင်။ တင်ပျဉ်ခွေ ပြန်မထိုင်ခင် စုမင်မှာ မသက်မသာနှင့် မျက်မှောင်ကြိုတ်ပြီး ကုန်စင်အောင် မနည်း သောက်လိုက်ရ၏။
နောက်တစ်ခေါက် မျက်လုံးများ ပြန်ပွင့်လာသည့်အခါ ညဥ့်သန်းခေါင် ရောက်လုနီးနေပြီ ဖြစ်သည်။ အမှောင်ထုကို ကြည့်ရင်း အတွေးနယ်ချဲ့မိပြန်၏။
“နည်းနည်းတော့ အကျိုး သက်ရောက်မှု ရှိပါတယ်။ ဒါပေမဲ့ နည်းနည်းလေးပဲ။ နည်းလမ်းက မှန်ရဲ့သားနဲ့ တစ်ခုခုတော့ လွဲနေသေးပုံပဲ”
စုမင် မျက်မှောင်ကြုတ်လိုက်၏။ သူ ယခုအကြောင်းကို အကြီးအကဲအား ပြောပြ၍လည်း မဖြစ်နိုင်။ ကိုယ့်အားကိုယ်ကိုးပြီး ဖြေရှင်းဖို့ လိုသည်။
“မှားနေတာ ဒါပဲဖြစ်ရမယ်”
စုမင်၏ မျက်လုံးအစုံ လင်းလက်သွားသည်။ မျိုးနွယ်စု၏ သမားတော်တစ်ယောက်အနေနှင့် စုမင်အလုပ်က ဆေးမြစ်ဆေးရွက်များ စုဆောင်းရန် ဖြစ်သည်။ သူမှတ်မိသလောက် ဆေးမြစ်များစုပြီး ပြန်လာတိုင်း အကြီးအကဲက တချို့သော ဆေးမြစ်များကို ရွေးယူသွားလေ့ရှိသည်။ ကျန်ဆေးမြစ်များကို မျိုးနွယ်စု ခေါင်းဆောင်နှင့် အခြားလိုအပ်နေသူများကို ပေးဝေလေသည်။ ဒဏ်ရာရသူများနှင့် နာမကျန်းသူများကို ကုသရန်လိုအပ်သည့်အခါ ဆေးသိုလှောင်ခန်းမှ လာရောက် ထုတ်ယူ၍ ရလေသည်။
နဂါးခံတွင်းရည်မှာ အကြီးအကဲ ယူဆောင် သွားနေကျ ဆေးထဲတွင် ပါသည်။ သို့သော် ထိုခံတွင်းရည်က သူ့အတွက် အသုံးဝင်လှသည်တော့ မဟုတ်ပေ။ နောက်ပိုင်း စုမင် ခန္ဓာကိုယ် ကြံ့ခိုင်ရန်နှင့် အားဖြည့်သည့် နေရာတွင်သာ သုံးရန် စုမင်အတွက် အကုန်ပြန်ပေးတတ်လေသည်။
“လေ့ချန် ကိုပေးလိုက်ပြီး ငါ့မှာ နည်းနည်း ကျန်နေသေးသားပဲ”
စုမင် အလောတကြီး ခြင်းထဲကို ရှာပြီး ပုလင်းလေးကို ထုတ်ယူလိုက်၏။ ပုလင်းအဖုံး ဖွင့်လိုက်သည့်အခါ ရင်းနှီးကျွမ်းဝင်နေသည့် အနံ့အသက်က လေထဲကို ဝေ့သီသွား၏။ သူ ခပ်ဖြည်းဖြည်းလေး လှုပ်ခါကြည့်၏။ ဆေးရည်မှာ တစ်ဝက်ခန့်ပင် မကျန်ချင်တော့။ စုမင် လုံးဝတုံ့ဆိုင်းမနေတော့ဘဲ ပုလင်းဝကို ပါးစပ်နှင့်တေ့ပြီး တစ်ကျိုက်ထဲ မော့ချလိုက်၏။
ထို့နောက် ချက်ချင်းပင် တင်ပျဉ်ခွေထိုင်ပြီး သွေးကြောထဲတွင် ရှိနေသော မာန်သွေးများကို သန့်စင်ခြင်းနှင့် ကျောက်သားကဲ့သို့ ခိုင်မာအောင် တည်ဆောက်သည့်နေရာ၌ အပြည့်အဝ အာရုံစိုက်ထား လိုက်လေ၏။ စုမင်သည် ဟိုးငယ်ငယ်လေးထဲက နဂါးခံတွင်းရည်ကို သောက်သုံးလာခဲ့သူ ဖြစ်သည်။ သောက်တိုင်း သေရည်မူး၍ အိပ်ချင်သလို မူးဝေဝေ ခံစားမှုမျိုး အမြဲခံစားနေကျ ဖြစ်သည်။
သို့သော် ယခုတစ်ခေါက် နဂါးခံတွင်းရည်ကို သောက်ပြီး မာန်ပညာရပ် လေ့ကျင့်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ စုမင် သွေးကြောတွင်းမှ သွေးများ စတင်လည်ပတ်သည်နှင့် သူ့ကိုယ်ထဲမှ အအေးဓာတ်က ပိုမိုအင်အားကြီးလာပြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်၊၊ အအေးဓာတ်သည် သွေးကြောတွင်းမှ သွေးများနှင့် ပေါင်းစပ်မိသွားပြီး ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုနှုန်းကို တိုးတက်လျင်မြန်လာစေ၏။ သွေးခုန်နှုန်း တိုးလာသည့် လက္ခဏာပင် ဖြစ်သည်။
“ငါထင်တဲ့အတိုင်းပဲ”
စုမင် စိတ် တက်ကြွသွား၏။ သွေးများကို လမ်းကြောင်းလွှဲပြောင်းရန် လုပ်နေတုန်း စုမင် ခန္ဓာကိုယ် ရုတ်တရက် တုန်ခါသွား၏။ စုမင် မျက်လုံး ဖွင့်ကြည့်၏။ သူ့မျက်နှာတွင် မယုံနိုင်မှုများ၊ သံသယများ အပြည့်နှင့် …။
“ဘယ်လိုလို့ ဖြစ်နိုင်မှာလဲ … ဒါ အကြီးအကဲလား”
နဂါးခံတွင်းရည်တွင် ပါဝင်သည့် အအေးဓာတ်ကို စုမင် စုပ်ယူလိုက်သောကြောင့် သူ့ခန္ဓာကိုယ် ရှိရှိသမျှ အစိတ်အပိုင်းတိုင်းမှ တစ်ခြားသော အအေးဓာတ်များ စိမ့်ထွက်လာသည့် ထင်ထင်ရှားရှား ခံစားနေရသည်။ ထိုအအေးဓာတ်သည် စုမင်ကိုယ်တွင်း ငုပ်လျှိုးလျက် ရှိနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူသွေးကြောများကို သန့်စင်လိုက်သည့်အချိန်တွင် အရှိန်နဲ့ ဆောင့်တက်လာခဲ့ခြင်း ဖြစ်၏။
၎င်းအအေးဓာတ်ကို လှုပ်နှိုးလိုက်သည်မှာ စုမင် တစ်သက်လုံး သောက်လာခဲ့သည့် နဂါး ခံတွင်းရည်သာ ဖြစ်သည်။
ယခု သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုချင်းစီမှ စုစည်းဖြစ်တည်နေသည့် အအေးဓာတ်သည် ပင်လယ်ထဲမှ လိမ့်တက်လာသည့် လှိုင်းလုံးကြီးများပမာ စုမင်၏ သွေးကြောများကို လာရောက် ရိုက်ခတ်နေ၏။
ဤသည်မှာ စုမင်အတွက် ငယ်စဉ်ကတည်းက ပြင်ဆင်ပေးခဲ့သည့် အကြီးအကဲတစ်ယောက်၏ လက်ဆောင်မွန် ဖြစ်သည်။ ၎င်းလက်ဆောင်မွန်မှာ နဂါး ခံတွင်းရည်နှင့် အားဖြည့်ပျိုးထောင်ခဲ့ရသည့် စုမင်၏ ခန္ဓာကိုယ်ပင် ဖြစ်သည်။ အကယ်၍ စုမင်သာ မာန်စွမ်းအားရှင်တို့၏ ကျင့်ကြံခြင်း လမ်းစဉ်အား လျှောက်လှမ်းဖြစ်ခဲ့မည်ဆိုလျှင် ထိုစွမ်းအားသည် သူ၏ ကျင့်ကြံခြင်းလမ်းစဉ် စတင်ကတည်းက ကြီးကြီးမားမား အထောက်အပံ့ ဖြစ်စေမည် ဖြစ်သည်။ မာန်ကျင့်ကြံခြင်း လမ်းစဉ်ကို မလျှောက်ဖြစ်ခဲ့လျှင်လည်း ကျန်းမာရေး ကောင်းစေမည် ဖြစ်သည်။
“အကြီးအကဲ … ”
စုမင် ရေရွတ်လိုက်၏။ သူ့ကိုယ်ထဲမှ ထစ်ချုန်းသံ သဲ့သဲ့ ထွက်ပေါ်လာနေသည်။ အချိန်နှင့်အမျှ စုဆောင်းထားခဲ့သည့် နဂါး ခံတွင်းရည်များသည် စုမင်သွေးများကို အလျင်အမြန် တွန်းတင်ပေးလိုက်သည့် အတွက်ကြောင့် ဒုတိယမြောက်သွေးကြော ချက်ချင်း ပေါ်ပေါက်လာပြီး တမုဟုတ်ချင်း ထင်ရှားသွားလေ၏။
ဒုတိယမြောက် သွေးကြော ပေါ်ပေါက်လာပြီး များမကြာမီ တတိယမြောက် သွေးကြောလည်း ပေါ်ပေါက်လာသည်။
စတုတၳမြောက် သွေးကြောပင် ခပ်ရေးရေးလေး ပေါ်လာလေ၏။
စုမင်၏ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ကြီးထွားလာနေသည်။ သွေးလည်ပတ်မှုနှုန်းနှင့် ပြင်းအားကြောင့် စုမင်၏ ရုပ်ပိုင်းဆိုင်ရာ ကြီးထွားလာခြင်း ဖြစ်သည်။ သည်အတိုင်း ကြီးထွားမည်ဆိုပါက စုမင်အနေဖြင့် ချိနဲ့နဲ့ ချူချာချာ ကောင်လေး တစ်ယောက် ဖြစ်တော့မည် မဟုတ်ပေ။ မျိုးနွယ်စုထဲမှ တခြားမျိုးနွယ်ဝင်များအတိုင်း ဖြစ်လာတော့မည် ဖြစ်၏။ ကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာကို ရရှိနိုင်တော့မည် ဖြစ်သည်။
ထိုအချိန်၌ စုမင်ရင်ဘတ်တွင် ဆွဲထားသော ကျောက်နက်လေးထံမှ မာန်နတ်ဘုရားရုပ်တုရှေ့တွင် ထုတ်လွှတ်ခဲ့သလိုမျိုး စူးစူးရှရှ အလင်းရောင်လေး ရုတ်တရက်ကြီး ထလင်းလာ၏။
ထိုအလင်းရောင် လင်းလက်သွားသည့် အချိန်၌ အရာအားလုံး ပြောင်းလဲသွားတော့သည် …။
*****
LIKE