Switch Mode

အခန်း (၆)

အိပ်မက်

“အစ်ကို”

“အစ်ကို”

ထူးခြားပြီး ပျော့ပျောင်းညင်သာလွန်းသည့် အသံငယ်လေးတစ်ခု စုမင် အိပ်မက်ထဲတွင် ပဲ့တင် ထပ်နေသည်။

“အစ်ကို နားထောင်နေရဲ့လား”

“အစ်ကို”

“အစ်ကို ရှင့်ကို ကျွန်မ စောင့်နေတယ်”

အထက်ပါစကားကို တစ်သက်လုံး ပြောလာခဲ့သလိုမျိုး အသံပိုင်ရှင်မှာ မောလျပင်ပန်းနေသည်။ အသံမှာ တဖြည်းဖြည်း တိုးညှင်းလာပြီးနောက် ပျောက်ကွယ်သွားလေတော့သည်။

အသံလေး အားပျော့တိုးညှင်း သွားသည်နှင့်အမျှ စုမင်သည်လည်း အိပ်မက်ထဲတွင် စိတ်မကောင်းခြင်း ကြီးစွာ ခံစားလိုက်ရသည်။ သူ့အတွက် အလွန် အရေးပါသည့် တစ်စုံတရာသည် ထိုအသံလေးနှင့်အတူ ထပ်တူ ပျောက်ကွယ်သွားသလိုမျိုး။ ထိုခံစားချက်လေးကြောင့် သူ အိပ်ရာမှ လှုပ်နှိုးလာလေသည်။

စုမင် တစ်ကိုယ်လုံး အေးစက် နေပြီး ချွေးများနှင့် ရွှဲစိုနေ၏။ သူ့မျက်နှာမှာ ဖြူရော်နေပြီး အသက်ကို ပြင်းပြင်းရှူနေရသည်။ ဘေးဘီဝဲယာကို ငဲ့ကြည့်လိုက်၍ ရင်းနှီးနေကျ မြင်ကွင်းများ မြင်တွေ့လိုက်ရမှသာ သူ့စိတ်များ ပြန်တည်ငြိမ် သွားတော့သည်။

အချိန်မှာ ညသန်းခေါင်ပင် ရောက်နေလေပြီ။ ကျေးငှက်တို့နှင့် သားရဲ တိရစာၦန်တို့၏ မာန်ဖီဟိန်းဟောက်သံများကို အဝေးကပင် ကြားနေရ၏။ ထိုအသံများမှလွဲ၍ အရာအားလုံး တိတ်ဆိတ်နေသည်။ စုမင် အသာအယာ အိပ်ယာမှ ထပြီး လက်ထဲမှ ကျောက်နက်ကလေးကို ကြည့်လိုက်၏။ သူ သံသယဝင်စ ပြုနေလေပြီ။

“အခုနက အိပ်မက်က သိပ်ထူးဆန်းတယ် … ငါ ပင်လည်း မပင်ပန်းပါဘူး ဒါပေမဲ့ ဒီကျောက်တုံးအကြောင်း စူးစမ်းရင်း အိပ်ပျော်သွားတာ။ ဒီအိပ်မက် …  ဒီအသံက … ”

စုမင် မျက်နှာမှာ မရေရာမှုများနှင့် ဖုံးလွှမ်းနေသည်။ သူ့ဘဝတွင် တစ်ခါမှ ယခုလို အိပ်မက်မျိုး မမက်ဖူးပေ။ သို့တိုင် အိပ်မက်ထဲမှ မိန်းကလေး၏အသံက ထူးထူးခြားခြား သူ ရင်းနှီးကျွမ်းဝင်နေသည်။

“ဒါတွေ အားလုံး ဒီကျောက်တုံးကြောင့်ပဲ နေမှာ ”

စုမင်က မျက်လွှာကို ချပြီး လရောင်ကို အားပြုလျက် လက်ထဲမှ ကျောက်တုံးကို သေချာ ကြည့်လိုက်ပြန်၏။ သူ မျက်မှောင်ကြုတ်သွားပြန်သည်။

“ဒါက ဘာလဲကြာ”

စုမင် ခေတ္တ တုံ့ဆိုင်းနေပြီးနောက် သူ့လက်ချောင်းထိပ်ကို ကိုက်ဖောက်လိုက်၏။ စာလိပ်ထဲတွင် ရေးထားသည့် အတိုင်းဆိုလျှင် လောကတွင်ရှိသည့် အဖိုးတန်ရတနာပစ္စည်း အတော်များများသည် သွေးဖြင့် သွန်းလောင်းပါက အသက်ဝင်လာလေ့ ရှိသည်ဟု ဆိုထားလေသည်။

ယခုအချိန်ထိ စုမင်ဘဝတွင် အဖိုးတန်ပစ္စည်း တခါမှ မပိုင်ဆိုင်ဖူးပေ။ ထိုကျောက်နက်ကလေးမှာ သူ့အတွက် ပထမဆုံး မြင်ဖူးသည့် အဖိုးတန်ပစ္စည်းလေးပင်။ သူ့လက်ညိုးမှ သွေးစက်ကလေး ကျောက်နက်ပေါ် ကျသွားသည်ကို သူ မျှော်လင့်တကြီး ကြည့်နေ၏။

အချိန် အတော်ကြာသည်အထိ ဘာမှ မဖြစ်သလို သူ့သွေးကိုပင် စုပ်ယူသွားခြင်းမျိုး မရှိပေ။

စုမင် ခေါင်းကို ကုတ်လိုက်၏။ သို့တိုင် သူက ခေါင်းမာမာနှင့် လက်မလျှော့လိုသေး။ မတ်တတ်ထပြီး နည်းမျိုးစုံနှင့် စမ်းသပ်ကြည့်၏။ သွားနှင့် ကိုက်ကြည့်၏။ လက်နှင့် နှစ်ခြမ်းခွဲဖို့ လုပ်ကြည့်၏။ ယုတ်စွအဆုံး ရေထဲပင် စိမ်ကြည့်သေး၏။ ဘယ်လိုပင်လုပ်လုပ် ကျောက်နက်ကလေးကတော့ ဘာမှ ပြောင်းလဲမလာသေးပေ။

မကြာခင် အရုဏ်တက်တော့မည်။ စုမင်က လက်ထဲမှ ကျောက်နက်ကလေးကို ဆုပ်ထားရင်း အတွေး နယ်ချဲ့နေမိသည်။ အချိန်များသာ ကုန်လွန်သွားပြီး မိုးစင်စင် လင်းသွားခဲ့ချေပြီ။ နေထွက်ချိန်တွင် စုမင် အကြံ တစ်ခု ရလာလေ၏။

“ငါဒါကို ရင်ဘတ်မှာ ထားတုန်းက အနွေးဓာတ်လေး ရခဲ့တယ်။ အဲဒီလို သုံးရတာ ဖြစ်နိုင်တယ်။ ”

စုမင် ချက်ချင်းဆိုသလိုပဲ ကျောက်တုံးကို လည်ပင်းမှာ ကောက်ဆွဲပြီး ရင်ဘတ်မှာ တန်းလန်း ချထားလိုက်၏။

အနွေးလှိုင်းများ စိမ့်ထွက်လာပြီး စုမင် တစ်ကိုယ်လုံး ဖြန့်ကျက်သွား၏။ ခန္ဓာကိုယ်အနှံ့ လှည့်လည် သွားပြီး သက်သောင့်သက်သာနှင့် လွှမ်းခြုံရစ်သိုင်းလိုက်လေတော့သည်။ စုမင် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်၏။ သူ့စိတ်ထဲတွင် မာန်နတ်ဘုရား ရုပ်တုထံမှ ရလာခဲ့သည့် မာန်ပညာရပ် ကျင့်ကြံခြင်း နည်းလမ်းတွေကို ပြန်စဉ်းစားလိုက်သည်။

မာန်သည် ဤစကြဝဠာတွင် ရှိရှိသမျှသော အရာခပ်သိမ်းတို့၏ သော့ချက် ဖြစ်သည်။ ယခု စုမင်သည် မာန်ပညာရပ်၏ ပထမဆုံး အဆင့် ကျင့်စဉ်ကို ကျင့်ကြံနိုင်မည့် နည်းလမ်းများကို ရရှိထားပြီ ဖြစ်သည်။

စာလိပ်ထဲမှ စုမင်သိထားသည့်အတိုင်းဆိုလျှင် ကမ္ဘာမြေနှင့် ကောင်းကင်ဘုံကို စတင် ဖန်တီးစဉ်က မာန်ဘိုးဘေးတိုင်း ထင်ရှားသည့် အစွမ်းတစ်ခုစီ ပိုင်ဆိုင်ထားကြလေ၏။ နှစ်ကာလများ ကုန်လွန်ပြီးသည့်နောက် မာန်မျိုးနွယ်စုသည် ဒဏ္႑ာရီတစ်ပုဒ်သာ ဖြစ်သွားတော့၏။ ၎င်းတို့သည် ရှေးယခင်များနှင့် လုံးဝ မတူဘဲ သာမန်လူများ ဖြစ်ကုန်ကြတော့၏။

မာန် ပညာရပ်သည် ရှေးခေတ်များစွာမှ လက်ဆင့်ကမ်း အမွေဆက်ခံခဲ့သည့် ပညာရပ် ဆိုသော်လည်း ယနေ့ခေတ်နှင့်အညီ ကိုက်ညီအောင် ပြုပြင်ထားသည်များလည်း ရှိနေသည်။ ပထမဆုံး ကျင့်စဉ်ဖြစ်သည့် သွေးကြော ကျောက်သား ကျင့်စဉ်တွင် အဆင့်ပေါင်း (၁၁) ဆင့် ခွဲခြားထား၏။ ၎င်းကျင့်စဉ်မှာ ဘိုးဘေးများထံမှ အမွေဆက်ခံရရှိထားတဲ့ သွေးကို နိုးထ အသက်ဝင်စေပြီး ကျောက်သားကဲ့သို့ ခိုင်မာ တည်ကြည်စေခြင်း ဖြစ်သည်။

မာန်နတ်ဘုရား ရုပ်တုသည် ရှေးယခင်ကတည်းက ဘိုးဘေးများထံမှ အားကောင်းသည့် မာန်သွေး ဆက်ခံသူကို ရှာဖွေပေးလေသည်။ ၎င်းအမွေဆက်ခံသူများသာ မာန်ပညာရပ်ကို ကျင့်ကြံနိုင်ကြသည့် လူများဟု စုမင်တို့အားလုံး ယုံကြည်ကြလေသည်။ ထိုလူများသည်သာ မာန်ပညာရှင်တို့၏ လမ်းစဉ်အတိုင်း လျှောက်လှမ်း နိုင်ကြမည် ဖြစ်၏။

မာန်သွေး အားပျော့သည့် သာမန် မျိုးနွယ်ဝင် တစ်ယောက်အား မာန်နတ်ဘုရား ရုပ်တုက အသိအမှတ် မပြုပေ။ ထို့ကြောင့်သာ စုမင်တို့လို လာစုများမှာ မာန်ပညာရှင် ဖြစ်လာရန် အခွင့်အရေး မရှိကြခြင်း ဖြစ်သည်။ မာန် နတ်ဘုရား ရုပ်တုကို ပူဇော်သည့်အခါ ရုပ်ထု၏ အသိအမှတ်ပြုခြင်းကို မခံရပါက မာန်ပညာရပ်ကို ကျင့်ကြံရန် နည်းလမ်းများ ရရှိနိုင်မည်လည်း မဟုတ်ပေ။

သို့သော် စုမင်မှာ လူတစ်ထူး ဖြစ်သည်။ သူ့တွင် မာန်ခန္ဓာကိုယ် မပိုင်သော်လည်း ထူးဆန်းလှသည့် ကျောက်နက်လေးကြောင့် ကျင့်ကြံခြင်း နည်းလမ်းများကို မမျှော်လင့်ဘဲ ရရှိခဲ့လေသည်။

“အာရုံ စိုက်ပြီးတော့ မင်းရဲ့ သွေးကြောထဲက သွေးတွေကို ခဲသွားပါစေ။ ပြီးရင်တော့ မင်းဟာ သွေးကြောတွေကို လှုပ်နှိုး လိုက်နိုင်ပြီ။ ရုပ်နယ်လွန် အဆင့်ကို ရောက်ရှိနိုင်ဖို့ မင်းရဲ့ ကိုယ်ပိုင် မာန် အမှတ်အသားကို ရေးဆွဲနိုင်မှ ဖြစ်မယ်”

စုမင် မျက်လုံးများကို တဖျတ်ဖျတ်ခတ်ရင်း ရေရွတ်လိုက်၏။

စုမင် တင်ပျဉ်ခွေ ထိုင်ချပြီး အသက်ကို တစ်ဝကြီး ရှူသွင်းကာ မျက်လွှာကို ခပ်ဖြည်းဖြည်း ပိတ်ချလိုက်၏။ ထို့နောက် သူရထားသည့် ကျင့်စဉ်ထဲတွင် အာရုံကို နှစ်မြှုပ် ထားလိုက်တော့၏။

များမကြာမီ နေမှာ မိုးကောင်ကင်၏ အမြင့်ဆုံး နေရာထိ မြင့်တက်လာပြီ ဖြစ်သည်။ မျိုးနွယ်စု အလယ်ရှိ မီးပုံကို ငြှိမ်းသတ်လိုက်ကြ၍ မီးခိုးလုံးများ ထွက်ပေါ်လာလေသည်။ မျိုးနွယ်စုများသည်လည်း အလုပ်ကိုယ်စီနှင့် အားမလပ်အောင် ရှိနေကြသည်။ မျိုးနွယ်စုခေါင်းဆောင်များ ဦးဆောင်သည့် အမဲလိုက်အဖွဲ့ပင် မိသားစု၏ ကောင်းချီးကို ခံယူပြီး အစာရေစာအတွက် အမဲလိုက် ထွက်သွားကြပြီ ဖြစ်၏။

အသက် လေးငါးနှစ်သာ ရှိဦးမည့် လာစုလေးများသည် အဝတ်ဗလာနှင့် ပျော်ရွှင်မြူးထူးစွ အော်ဟစ် ဆော့ကစားနေကြ၏။ ၎င်းတို့၏ တက်ကြွလန်းဆန်းသည့် ရယ်သံလေးများက မျိုးနွယ်ဝင်တို့၏ မျက်နှာပေါ် အပြုံးပန်းလေးများ ဆောင်ယူလာပေးသည့်အလားပင်။

မာန် ကိုယ်ခန္ဓာပိုင်ဆိုင်သည်ဟု အသိအမှတ်ပြု ခံရသည့် မျိုးနွယ်ဝင် နှစ်ယောက်မှာ အကြီးအကဲ အိမ်ထဲတွင် ရှိနေကြ၏။ မာန်ပညာရပ်အား ကျင့်ကြံနည်း၊ မာန်စွမ်းအားရှင် တစ်ယောက် ဖြစ်လာပုံ စသည်တို့နှင့် မာန်တို့သည် မျိုးနွယ်စုအတွက် အဘယ်မျှ အရေးကြီးကြောင်းကို သင်ခန်းစာများ ပို့ချခံနေရ၏။

နက်မှောင်တောင် မျိုးနွယ်စုတွင် ယမန်ညက ရွေးချယ်ခံရသည့် မာန်စွမ်းအားရှင် နှစ်ယောက် အပါအဝင် ကနဦး မျိုးဆက် ဘိုးဘေးများ ကွယ်လွန်သွားချိန်မှစ၍ ယခုချိန်အထိ မာန်စွမ်းအားရှင်  (၂၂) ယောက်သာ ပေါ်ထွန်းခဲ့ဖူးလေသည်။

ယနေ့မနက် စုမင်၏ အိမ်တံခါး စေ့ထားသည်ကို မည်သူမျှ သတိမထားမိကြပေ။ အိမ်ထဲတွင် ထိုင်နေသော စုမင် ကိုယ်ပေါ်မှ အနီရောင် အလင်းဖျော့ဖျော့ ဖြာထွက်နေ၏။ အလင်းရောင်သည် စုမင်ကိုယ်အတွင်းရှိ သွေးကြောများမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။ စုမင်၏ သွေးကြောလေးများ အနီရဲရဲနှင့် တောက်ပရွှန်းစိုနေသည့် မြင်ကွင်းက အင်မတန် ဆွဲဆောင်မှု ရှိလှပေသည်။

ထိုအခိုက် သူ့ခန္ဓာကိုယ်မှ သွေးကြော တစ်မျှင် ကြွတက် ပေါ်ပေါက်လာလေ၏။ ကြည့်ရသည်မှာ လုံလောက်သည့် အားအစွမ်း မပြည့်ဝသေး၍ ယခုလို သွေးကြောလေးတမျှင်သာ ကြွတက်လာခြင်း ဖြစ်ဟန် တူသည်။

အချိန်အတန်ကြာမှ စုမင် မျက်လုံးများ ပြန်ပွင့်လာ၏။ သူ့ အသက်ရှူသံများက တုန်ရီနေလေသည်။

“သွေးကြော ကျောက်သား ကျင့်စဉ် ကျင့်နေချိန်အတွင်း သွေးကြောများများ ပေါ်လာတာက ရုပ်နယ်လွန် အဆင့်ရောက်ဖို့ အလားအလာ ကောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒါပေမဲ့ ရုပ်နယ်လွန် အဆင့်ကို ရောက်နိုင်ဖို့ဆိုတာ အလွန် ခက်ခဲတယ်။ စာလိပ်မှာ ရေးထားတဲ့ အတိုင်းဆိုရင် မိမိရဲ့ ရုပ်ခန္ဓာကိုယ် ကန့်သတ်မှုတွေကို ကျော်လွှား နိုင်သူမှသာ ကိုယ့်ကိုယ်ကိုယ် မာန်စွမ်းအားရှင်လို့ ပညတ်ခွင့် ရှိတယ်။ ရုပ်နယ်လွန် အဆင့်ကို ကျင့်ကြံ အောင်မြင်တဲ့ သူဟာ အနည်းဆုံးတော့ မျိုးနွယ်စု အငယ်စားကို အလယ်အလတ်တန်း အင်အားစု တစ်ခုဖြစ်အောင် ပြောင်းလဲ ပေးနိုင်စွမ်း ရှိတယ်”

“အကြီးအကဲက သွေးကြော ကျောက်သားကျင့်စဉ် တစ်ဝက်ကို ကျင့်ကြံ အောင်မြင်ခဲ့ပြီးပေမဲ့ ရုပ်နယ်လွန် အဆင့်ကို မရောက်ရှိ နိုင်သေးဘူး။ ဒီအနီးတစ်ဝိုက်မှာလည်း ရုပ်နယ်လွန်အဆင့်ထိ တက်ရောက် ကျင့်ကြံနိုင်သူ မပေါ်ပေါက် သေးဘူး”

စုမင် အဆက်မပြတ် ရေရွတ် ညည်းတွားလိုက်၏။ ရုပ်နယ်လွန်အဆင့်သို့ ရောက်ရှိရန်မှာ ယခုထိ သူ့အတွက် ရွှေပြည်တော် မျှော်တိုင်းဝေးဆဲ အိပ်မက်တစ်ခု ဖြစ်သည်။ သွေးကြော ကျောက်သား ကျင့်စဉ်၏ ပထမ အဆင့်ကိုတောင် ကျင့်ကြံနိုင်ပါ့မလားဟု ကိုယ့်ကိုယ်ကိုယ် စိတ်ပူနေမိ၏။

သွေးကြော ကျောက်သား ပထမအဆင့် အောင်မြင်ဖို့ဆိုလျှင် စုမင်အနေဖြင့် ကိုယ်ပေါ်တွင် အနည်းဆုံး သွေးကြော သုံးခု ပေါ်အောင် လုပ်နိုင်ဖို့ လိုအပ်ပေသည်။

မာန် ကိုယ်ခန္ဓာ ပိုင်ဆိုင်ထားသူများဆိုလျှင် သွေးများကို မြန်မြန်ဆန်ဆန် လည်ပတ်နိုင်စွမ်းရှိပြီး ပထမဆုံး အဆင့်ကို ကျင့်ကြံ အောင်မြင်နိုင်ကြသည်။ စုမင်ကဲ့သို့ ခက်ခက်ခဲခဲ ညှစ်ထုတ်ပြီးမှ ပထမဆုံး သွေးကြော ပေါ်လာခြင်းမျိုး မဟုတ်ပေ။

ခြေလှမ်း အစက မလှသော်လည်း စုမင်က လွယ်လွယ်နှင့် လက်မလျော့ပေ။ သူ လေ့ကျင့်နေသရွေ့ မျှော်လင့်ချက်ဟူသည် ရှိနေလေသည်။

ထို့အပြင် သူ့ကိုယ်ပေါ်မှ သွေးကြောများ ပေါ်ရန် စုမင် ကြိုးစားလေ သူ့ရင်ဘတ်ပေါ်မှ ကျောက်တုံးလေးက ပို၍ ပူပြင်းလာလေ ဖြစ်သည်။ ထိုအချက်က စုမင်ကို စိတ်တက်ကြွစေသည်။ သူ့ဘဝတွင် အဖိုးတန် ရတနာလေး၏  အဓိက သော့ချက်ကို ရယူပိုင်ဆိုင်ထားသူမျိုး ခံစားရစေသည်။

ခုနစ်ရက် ကုန်လွန်သွားချေပြီ။ ထိုခုနစ်ရက်လုံးလုံး စုမင်မှ အိမ်အပြင်သို့ လုံးဝမထွက်ခဲ့ပေ။ သူဗိုက်ပင် မဆာ၍ ကိုယ့်ကိုယ်ကိုယ် သံသယဝင်မိသည်။ စာလိပ်ထဲမှအတိုင်းဆိုလျှင် မာန်တို့သည် သွေးကြော ကျောက်သားကျင့်စဉ် ကျင့်နေခိုက် အစားစားချင်စိတ် ပိုတိုးတတ်ကြသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့အနေဖြင့် တစ်ကိုယ်လုံးတွင်ရှိသော သွေးကြောများ နိုးထလာအောင် လှုံ့ဆော်ပေးနေရ၍ ဖြစ်သည်။ အစားများများ စားပေးမှသာ ကိုယ်ခန္ဓာအရ ပိုမို ကြီးထွားလာနိုင်မည်ဖြစ်ပြီး ကျင့်ကြံမှု ပြုလုပ်ရာတွင်လည်း လတ်ဆတ်သန့်စင်သော သွေးသန့်များ ပိုထွက်လာနိုင်မည် ဖြစ်သည်။

သို့တိုင် စုမင်တွင်တော့ ဆာလောင်သည့် အရိပ်အယောင်ဟူ၍ နည်းနည်းလေးမျှ မပြပေ။ သူတွေးကြည့်ရာ ကျောက်နက်ကလေးထံမှ ထုတ်လွှတ်ပေးနေသည့် အနွေးဓာတ်ကြောင့်သာ ယခုလို မဆာလောင်ခြင်း ဖြစ်ရမည်ဟု ယူဆလိုက်သည်။

ထိုခုနစ်ရက်အတွင်း စုမင်ထံ သမင်ကတိုးသွေးပေးရန်နှင့် နဂါးခံတွင်းရည်တောင်းဖို့ လေ့ချန် တစ်ခေါက် ရောက်လာသေးသည်။ လေ့ချန်သည် အသက်ခုနစ်နှစ်ကတည်းက မာန်ကိုယ်ခန္ဓာ ပိုင်ဆိုင်ထားသည်ဟု အတည်ပြု စမ်းသပ်ထားပြီးသူ ဖြစ်သည်။ ယခုဆိုလျှင် သွေးကြော ကျောက်သားကျင့်စဉ်၏ အဆင့်လေးဆင့်ကို ပြီးမြောက် အောင်မြင်ထားပြီးသူလည်း ဖြစ်သည်။ သူ့ကိုယ်ပေါ်တွင် သွေးကြော နှစ်ဆယ့်သုံးကြောင်း ပေါ်နေပြီး အမဲလိုက် အဖွဲ့တွင်လည်း အစွမ်းထက်သူ ဖြစ်သည်။

သူမသွားခင် ခေတ္တ တုံ့ဆိုင်းနေသေး၏။ လေ့ချန်မှာ စုမင်ကို ပျော်စေချင်သည်။ သို့သော် နောက်ဆုံးတွင် စုမင်အား ကြည့်ကာ ရိုးရိုးသားသားပင် စကားပြောရန် ရွေးချယ်လိုက်၏။

“စုမင် … ငါတို့က အတူကြီးပြင်း လာခဲ့ကြတာနော်။ အခုချိန်ကစပြီး ငါမင်းကို ကာကွယ်ပေးပါ့မယ်။ မင်းကို အနိုင်ကျင့်တဲ့သူက ငါ့ရန်သူပဲ ”

ပြောပြီးသည်နှင့် သူ့လက်မောင်းသားများကို အားရှိပါးရှိ  ယမ်းခါကာ ငယ်ဂုဏ်လွှမ်းသည့် အပြုံးမျက်နှာနှင့် ထွက်ခွာသွားလေ၏။

ထွက်သွားသည့် လေ့ချန်နောက်ကျောကို ကြည့်ပြီး စုမင် ရင်ထဲမှာ ကြည်နူးသွားသည်။

မျိုးနွယ်စု၏ လူနေမှုပုံစံမှာ ရိုးစင်းသော်လည်း ပျင်းရိစရာမကောင်းပေ။ မျိုးနွယ်ဝင်အားလုံးနီးပါးသည် မျိုးနွယ်စုကြီးအား တစ်ထောင့်တစ်နေရာမှ ကူညီထောက်ပံ့နိုင်ရန် ကိုယ်စီကိုယ်ငှ အလုပ်လုပ်ကိုင်ကြရလေသည်။

မာန် စွမ်းအင်နှိုးပွဲအပြီး လဝက်အကြာ စုမင်သည် မျိုးနွယ်စုများကို ပြောပြီး ခြင်းတစ်လုံးနဲ့ သစ်တောဆီ ထွက်လာခဲ့ပြန်သည်။

တောထဲ ဝင်လိုက်သည်နှင့် စုမင်မှာ တခြားလူတစ်ယောက်လို ပြောင်းလဲသွားသည်။ သူ လျင်မြန် တက်ကြွလာ၏။ တစ်ခါခုန်ရုံနှင့် မြားတစ်စင်းလို အရှိန်နှင့် ရှေ့ရောက်သွား၏၊ အားနည်းနည်းစိုက် ခုန်လိုက်ရုံနှင့် သစ်ပင်အကြီးကြီးများ အပေါ် တက်နိုင်၏။ သစ်ကိုင်းကြီးတစ်ခုပေါ်တွင် ထိုင်ရင်း စုမင် ပြုံးနေမိသည်။ ပြုံးမိသည်မှာ သူ့အမြန်နှုန်းအတွက် ဂုဏ်ယူမိသောကြောင့် ဖြစ်သည်။

‘ငါဟာ သွေးကြော ကျောက်သားရဲ့ ပထမဆုံးအဆင့် မအောင်မြင်သေးပေမဲ့ ငါ့ခန္ဓာကိုယ်က အရင်ကထက် ပိုပြီး သွက်လက်လာမှန်း သိသာတယ်’

စုမင် လက်နှစ်ချောင်းကို နှုတ်ခမ်းမှာ တေ့လိုက်ပြီး လက်ခေါက် မှုတ်လိုက်သည်။ အသံမှာ အဝေးထိ ပျံ့နှံ့သွားပြီး ပဲ့တင် ထပ်နေ၏။ မကြာခင်တွင် အဝေးကလာနေသော အနီရောင် အရိပ်လေးကို မြင်လိုက်ရ၏။ အနီစက်ကလေးမှာ အလွန်လျင်မြန်လွန်းလှရာ စုမင် အနားသို့ လျှပ်တပြက်အတွင်း ရောက်ချလာ၏။

အနီရောင်လေး သူ့အနား ရောက်လာသည်နှင့် စုမင်က သွားပေါ်အောင် ပြုံးလိုက်ပြီး ရှေ့ကို ခုန်ထွက်သွား၏။ အနီရောင်လေးက အော်ဟစ် မြည်တမ်းပြီး စုမင် နောက်မှ လိုက်လာတော့သည်။

“ရှောင်ဟုန်ရေ ဒီနေ့ တောင်ထိပ်ကို ဘယ်သူ အရင်ရောက်မလဲ ကြည့်ရအောင်ကွာ”

စုမင်အသံက အူကိုလေပင့်နေသည့်အလား ပျော်ရွှင်နေသည်။ ပြောရင်း သူ့အရှေ့ကို ဆက်ပြေးသွား၏။ သူ့နောက်တွင် ရှောင်ဟုန်။ မျောက်လေး၏ မျက်နှာက စူပုပ်နေသည်။ စုမင်နှင့် ပြိုင်ဆိုင်ရသည်မှာ သူ့အတွက် မတန်သည့် ပြိုင်ပွဲဟု မှတ်ယူထားပုံ ရသည်။ သူ့လက်ထဲ သစ်သီးတစ်လုံးပင် စားနေသေး၏။ ရှောင်ဟုန်က မျက်နှာကို ကုပ်ဖဲ့ရင်း လေးတိလေးကန်နှင့် စုမင်နောက်မှ လိုက်လာလေသည်။

သို့သော် မျောက်ကလေး၏ အသံမှာ စူးရှလာပြီး ကဆုန်ပေါက်အော်ဟစ်နေတော့၏။ သူ့အကြည့်တွင် အံ့ဩထိတ်လန့်မှုများ ပြည့်နှက်နေ၏။ စားလက်စအသီးကို ဒေါသတကြီး လွှင့်ပစ်ပြီး ရှိသမျှ အားကုန်သုံး၍ စုမင် နောက်သို့ တဟုန်ထိုး ပြေးလိုက်သွားလေတော့သည်။

*****

Comment

Leave a Reply

Options

not work with dark mode
Reset