အခန်း (၄)

စူးရှတောက်ပနေတဲ့ အလင်းရောင်
ညအမှောင်ထုသည် နက်သထက် နက်လာသည်။ ခုတင်ပေါ်တွင် လှဲနေသော်လည်း အိပ်မပျော်နိုင်သေးသည့် စုမင်မှာ အမှောင်ကြီးစိုးနေသည့် ဘေးပတ်ဝန်းကျင်ကို ကြည့်နေမိ၏။ အကြီးအကဲ ပြောခဲ့သော စကားများကို သူ့ခေါင်းထဲ အဆက်မပြတ် ပြန်ကြား နေရသလို လွန်ခဲ့သည့် ရှစ်နှစ်က မြင်ကွင်းမှာလည်း အတွေးထဲ ပြန်ပေါ်လာသည်။

သက်ပြင်းရှည်တစ်ချက် မှုတ်ထုတ်ပြီးနောက် စုမင် လဲနေရာမှထပြီး သစ်သားတံခါးကို အသာအယာ ဖွင့်လိုက်၏။ ပေရေရှုပ်ပွနေသည့် သူ့ဆံပင်စများကို လေညင်းများက ပွတ်တိုက် ဖြတ်သန်းသွား၏။ ကမ္ဘာမြေကြီးအား ငြှိမ်းချမ်းစေရန် ညနှင့်အတူ ရောက်ရှိလာသည့် လေညင်း၏ အေးမြမှုကို သူခံစားလိုက်ရသည်။

ညသည် တိတ်ဆိတ်နေ၏။ အဝေးတွင်ရှိနေသော နက်မှောင်တောင်ပေါ်မှ ကျေးငှက်တိရစာၦန် တချို့၏ အသံများကို တိုးတိုးလေးကြားနေရ၏။ ကျေးရွာလေး၏ နေရာအတော်များများ မှောင်မိုက်နေ၏။ မျိုးနွယ်စု အလယ်တွင် ဖိုထားသည့် မီးပုံမှ တောင်လောင်နေဆဲ မှုန်ပျပျ အလင်းရောင်လေးတစ်ခုသာ ရှိနေသည်။ မီးပုံထဲမှ မီးခဲတချို့မှာ မီးပွားလေးများအဖြစ် လေထဲတွင် ပျံ့နှံ့ပျောက်ကွယ်သွားကြ၏။ မီးပုံ ပတ်ပတ်လည်တွင် ရှိနေသော ထုထည် ကြီးမားလှသည့် သစ်သားနံရံကြီးများပေါ်မှ မီးတိုင်များသည် ညအမှောင်ကြောင့် တဖျစ်ဖျစ် တောက်လောင်နေသလိုမျိုး မြင်နေရသည်။

စုမင် ခေါင်းမော့ပြီး ကောင်းကင်ကျယ်ကြီးကို ကြည့်လိုက်သည်။ တောက်ပစွာ လင်းထိန်နေသော လမင်းကြီးနှင့် ကြယ်တာရာများသည် ကြည့်ရှုသူတိုင်း၏ အမြင်အာရုံကို ဖမ်းစားနိုင်စွမ်း ရှိနေသည်။ အဆုံးမရှိသော ကြယ်တာရာ အစုအဝေးကြီးသည် စုမင်၏ မျက်လုံးကို မသေချာမှုများနှင့် တဖြည်းဖြည်း ဖုံးလွှမ်းသွားလေသည်။

“ငါ့မျိုးနွယ်စုတွေက ကြင်ကြင်နာနာ ဆက်ဆံကြပေမဲ့ ငါက သူတို့နဲ့ မတူပဲ ကွဲပြားတယ် ဆိုတာက အသိသာကြီးပဲ၊ ဒီအကြောင်းကြောင့်ပဲ ‘မာန်’ နတ်ဘုရား ရုပ်တုရှေ့မှာ ငါပူဇော်တုန်းက မအောင်မြင်ခဲ့တာ ဖြစ်နိုင်တယ်။’

“ငါ့မှာ မာန်ကိုယ်ခန္ဓာ မရှိပဲ ဒီအတတ်ပညာတွေ လေ့ကျင့်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ ဒီလိုသာဆိုရင် ဒီသားရေ စာလိပ်ထဲမှာ ရေးထားတဲ့ အပြင်လောကကို မြင်တွေ့ခွင့် မရှိတော့တဲ့အပြင် ဒီနေရာက မထွက်ခွာနိုင်ဘဲ တစ်သက်လုံး ပိတ်မိနေတော့မှာ…”

အပြင်တွင် ရှိနေသော စုမင်သည် အိမ်နံရံကို မှီပြီး အသာအယာ ထိုင်ချလိုက်၏။ မိုးကောင်းကင်ကို မျှော်ကြည့်တိုင်း သူ့ရင်ထဲမှ သံသယ ထုထည်မှာ ပိုမို ကြီးထွားလာလေ ဖြစ်သည်။

“ကမ္ဘာမြေနဲ့ လူသားတွေ စတင် ဖြစ်တည်လာချိန်ကစလို့ မာန်မျိုးနွယ်စုတွေက တည်ရှိလာလိုက်တာ အခုထိ တိုင်အောင်ပဲ။ မာန်စွမ်းအင် ပိုင်ဆိုင်သူတွေကို မာန်စွမ်းအားရှင်လို့ ခေါ်တွင်တယ်။ သူတို့ဟာ လေပေါ်မှာ ပျံသန်းနိုင်စွမ်း ရှိပြီး ပင်လယ်ဒီရေ အတက်အကျကို ချုပ်ထိန်းနိုင်တဲ့ တန်ခိုးရှိတယ်။ မာန်တွေဟာ အနာဂတ်ကို ကြိုတင်သိနိုင်ပြီး နေမင်း၊ လမင်းနဲ့ ကြယ်တာရာ အစွမ်းကို ရယူနိုင်တယ်” ဟု နက်မှောင်တောင် မျိုးနွယ်စု၏ ထောင့်တစ်နေရာတွင် ထိုင်နေသော လူငယ်လေး တစ်ယောက်က ညအမှောင်တွင် ကောင်းကင်ကို ကြည့်ပြီး တိုးတိုးလေး ရေရွတ်လိုက်၏။

ထိုအချိန် သူသတိမထားမိခင်လေးမှာပင် လည်ပင်းမှ ကျောက်နက်ကလေးသည် အလင်းမှိန်မှိန် တစ်ချက် လင်းလက်သွားလေသည်။

အချိန်များ အလျင်အမြန် ကုန်ဆုံးပြီးနောက် သုံးရက်မြောက်နေ့ ရောက်ရှိ၍ လာသည်။

ယနေ့သည် နက်မှောင်တောင်ရှိ လာစုများအတွက် ‘မာန်စွမ်းအင်နှိုးပွဲတော်’ ကျင်းပမည့်နေ့ ဖြစ်သည်နှင့်အညီ တစ်မနက်ခင်းလုံး ပွဲတော်အတွက် ပြင်ဆင်ရင်း မျိုးနွယ်စုဝင်အားလုံး ပျားပန်းခပ်သလို လှုပ်ရှားနေကြ၏။ မျိုးနွယ်စုဝင် အားလုံးနီးပါးသည် ၎င်းတို့နှင့် သက်ဆိုင်ရာ လာစုအသီးသီး ခေါ်လာကြပြီး ရင်ပြင်မှာ စုရုံးနေကြ၏။

အသက် ၁၆ နှစ်ပြည့်ပြီးသော လာစုများအတွက် ‘မာန်စွမ်းအင်နှိုးပွဲတော်’ ကျင်းပနိုင်ရန် အချိန် တစ်ရက်တိတိ လိုအပ်သည်။ ၎င်းပွဲသည် သက်ပြည့်အခမ်းအနားပွဲလည်း ဖြစ်သည်။  ‘မာန်စွမ်းအင်နှိုးပွဲတော်’ တွင် အောင်မြင်သွားသည့် လာစုများသည် မိမိဘဝလက်တွဲဖော်ကို ယနေ့တွင် တစ်ခါတည်း ရွေးချယ်နိုင်မည် ဖြစ်သည်။

ထူးခြား ဆန်းကြယ်သည့် သံစဉ်နှင့် ဖန်တီးထားသော ဗုံတီးသံ၏ ပဲ့တင်သံမှာ ပွဲအတွင်း ပျံ့လွင့်နေ၏။ စည်းချက်သံအတိုင်း လာစုများသည် လူအုပ်ထဲမှ ရှေ့သို့ ထွက်လာပြီး အလယ်ဗဟိုတွင် တန်းစီနေရာယူ လိုက်ကြ၏။

ယနေ့ ‘မာန်စွမ်းအင်နှိုးပွဲတော်’ တွင် ရောက်ရှိနေကြသော လာစု အများစုသည် ဆယ်ကျော်သက် အရွယ်လေးများဖြစ်ပြီး ခန့်မှန်းခြေ အယောက် ၃၀ ခန့် ရှိသည်။ အသက် ငယ်ရွယ်ကြသော်လည်း တောင့်တင်း သန်မာပြီး ကျန်းမာကြံ့ခိုင်သော ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားသည့် ၎င်းတို့၏ မျက်နှာမှာ ခက်ထန်မှုများနှင့် ပြည့်နှက်နေ၏။

မိန်းကလေးဖြစ်နေလျှင်ပင် ၎င်းတို့၏ ကိုယ်ခန္ဓာဖွဲ့စည်းပုံသည် ယောက်ျားလေးများနှင့် အတော် တူကြသည်။ ဒါကြောင့် ရုပ်ရည်ချောမော သန့်ပြန့်ပြီး၊ ခန္ဓာကိုယ် ဖွဲ့စည်းပုံ မတောင့်တင်းသည့် စုမင်၏ အသွင်အပြင်မှာ ဘေးနားရှိ လူများနှင့် ကွဲပြားနေသည့်အပြင် ၎င်းပုံစံသည်လည်း လူအုပ်ထဲတွင် ထင်ရှား ပေါ်လွင်နေသောကြောင့် မြင်သူတိုင်းက အလွယ်တကူ သတိမူမိကြသည်။

မည်သို့ ဖြစ်နေပါစေ … သူတို့မျိုးနွယ်စုဝင်များသည် ယခင်ကတည်းက စုမင်၏ ဖြစ်တည်မှုကို လက်ခံပြီးသား ဖြစ်သည်။ တခြားမျိုးနွယ်ဝင်များနှင့် မတူသည့် သူ့အား ဖယ်ကြဉ်ထားခြင်းမျိုး မရှိသည့်အပြင် မျိုးနွယ်ဝင် တစ်ယောက်အဖြစ်ပင် အသိအမှတ်ပြုထားကြ၏။

‘မာန်စွမ်းအင်နှိုးပွဲတော်’ တွင် ပါဝင်ဆင်နွှဲကြမည့် လာစုများ အသင့်ဖြစ်သည်နှင့် မျိုးနွယ်ဝင်များသည် ၎င်းတို့အား ဝန်းရံလိုက်ပြီး ကောင်းကင်အား ယဇ်ပူဇော်သည့် ရှေးဟောင်း အကတစ်မျိုး စတင်သရုပ်ဖော် ကကြတော့၏။ ထိုရိုးရာအကဖြင့် မိုးကောင်းကင်နှင့် မြေကြီးအား ဂါရဝတရားနှင့် ရှိခိုးပူဇော် ဆက်သနေခြင်း ဖြစ်သည်။

‘စုမင်… မင်း နဂါးနက်တောင်ကိုသွားပြီး နဂါးခံတွင်းရည် ရလာခဲ့တယ်လို့ သူများတွေပြောတာ ကြားလိုက်တယ်။”

ကနေသည့် လူအုပ်ကြီး၏ ကောင်းချီးသြဘာပေးသံများကြားမှ ရင်းနှီး ဖော်ရွေဖွယ်ကောင်းသည့် အသံတသံကို စုမင်ဘေးနားတွင် ကြားလိုက်ရသည်။

စုမင်နှင့် သက်တူရွယ်တူလောက်သာ ရှိသေးသည့် ထိုကောင်လေးသည် စုမင် ခန္ဓာကိုယ်ထက် နှစ်ဆကြီးပြီး ကြမ်းတမ်းမာကျောသည့် အသားအရေကို ပိုင်ဆိုင်ထားသည်။ ကလေးဆန်သည့် အပြုံးနှင့်အတူ တောက်ပစူးရှနေသော မျက်ဝန်းများက စုမင်အား စိုက်ကြည့်နေလေသည်။

စကားပြောလိုက်သည့် ကောင်လေးကို ဖျော့တော့နေသည့် အပြုံးနှင့် စုမင် လှမ်းကြည့်လိုက်သည်။ လေ့ချန်ဆိုသော ကောင်လေးသည် မျိုးနွယ်စုထဲတွင် သူအခင်ရဆုံး သူငယ်ချင်းတစ်ယောက် ဖြစ်သည်။

‘ငါ နည်းနည်းရခဲ့တယ်။ မနေ့က မင်းကို လာရှာခဲ့ပေမဲ့ တောလိုက်တဲ့ အဖွဲ့နဲ့ တောင်ပေါ် လိုက်သွားတယ်ဆိုတာ မင်းအဖေက ပြောတယ်။ ဒီပွဲတော် ပြီးသွားတဲ့အခါ ငါ့ဆီမှာ မင်းလာယူပေါ့။’

လေ့ချန်မျက်နှာမှာ စိတ်အားထက်သန်စွာဖြင့် ဝင်းလက်သွားသည်။ သို့သော် သူ့အနားသို့ ကပ်လာသည့် မျက်နှာပေါ်တွင် ကလေးဆန်သော အပြုံးက ဆက်ရှိနေဆဲ ဖြစ်သည်။

‘စောစော ပြန်လာလို့ရပေမဲ့ ငါတို့ အပြန်လမ်းမှာ သမင်ကတိုးတစ်ကောင် တွေ့ခဲ့တယ်။ ဆေးဖော်တဲ့ နေရာမှာ သုံးဖို့ အဲဒီတိရစာၦန်ရဲ့ သွေးကို လိုတယ်လို့ မင်းပြောခဲ့ဘူးတာ ငါသတိရမိတာနဲ့ အဲဒီ အကောင်နောက်ကို ငါလိုက်သွားလို့ အပြန် နောက်ကျသွားတာပါကွာ။’

သူပြောနေသည့် ကိစ္စမှာ အရေးမကြီးသည့် သာမန်ကိစ္စတစ်ခု ဖြစ်သည်။ သို့သော် သမင်ကတိုးဆိုသော သားကောင်များသည် အလွန် အန္တရာယ်များပြီး သတ်ရခက်သည်ကို စုမင် ကောင်းကောင်းသိ၏။ ထို့ကြောင့် အန္တရာယ်များကို အရေးမစိုက်ဘဲ စုမင်အတွက် ကြိုးစားပမ်းစား လုပ်ဆောင်ပေးခဲ့သည့် သူငယ်ချင်း၏ စကားသံကြောင့် စုမင်ရင်ထဲ နွေးထွေးသွားသည်။

သူတို့နှစ်ဦး စကားပြောနေစဉ် ကောင်းချီး သြဘာပေးသံများ တဖြည်းဖြည်း တိတ်ဆိတ်သွား၏။ ထို့နောက် လူအုပ်ကြီးသည် အကြီးအကဲအတွက် လမ်းဖယ်ပေးလိုက်ကြ၏။ ချည်ထည်ကြမ်း ဝတ်ဆင်ထားပြီး အရိုးနှင့် ပြုလုပ်ထားသော တောင်ဝှေးနက် တစ်ချောင်းအား လက်ထဲတွင် ကိုင်ဆောင်ထားသည့် အကြီးအကဲသည် မျိုးနွယ်စုဝင် အနည်းအကျဉ်း ခြံရံပြီး လူငယ်လေးများရှိရာသို့ လျှောက်လာလေ၏။

၎င်း၏ အသွင်အပြင်တွင် ဆိတ်ငြိမ် အေးချမ်းခြင်းကို ခံစားရ၏။ ၎င်းအား အရိုအသေပေးနေကြသည့် လူငယ်လေးများမှာ ကြောက်ရွံ့နေသည်ကိုလည်း ထင်ထင်ရှားရှား တွေ့နေရလေသည်။

‘ငါတို့ ဘိုးဘေးတွေကို ယဇ်ပူဇော်ပသဖို့ စတင်ကြစို့။’

သူ့ဘေးနားတွင် ဝိုင်းရံနေသော လူငယ်များကို ကြည့်လိုက်သည့် အကြီးအကဲ၏ မျက်လုံးများက တောက်ပနေသည်။ စုမင်ထံအရောက်တွင် သူ့အကြည့်များ တစ်ခဏချင်း ရပ်တန့်သွား၏။ သူစကားပြောနေချိန် ညာလက်မှ တောင်ဝှေးနက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ချက်ချင်း သန်မာ ထွားကျိုင်းသည့် လူတချို့ လူအုပ်ကြီးထဲမှ ထွက်လာကြသည်။ တစ်ယောက်စီသည် ကြိုးတုပ်ထားသည့် သားရိုင်းတိရစာၦန် တစ်ကောင်ကို ပခုံးပေါ်တွင် ထမ်းထားကြလေ၏။

ဒေါသတကြီး အော်ဟစ်နေသည့် တိရစာၦန်လေးများမှာ အပြင်းအထန် ရုန်းကန်နေကြသော်လည်း ၎င်းတို့၏ ကြိုးစားမှုက အရာမထင်ပေ။

ခဏအကြာ မတူညီသည့် မျိုးစိတ်ရှိသည့် တိရစာၦန်ပေါင်း ၄၉ကောင်ကို လူငယ်လေးများ ဘေးတွင် နေရာချထားရန် လက်ဖြင့် ကိုင်မြှောက်ထားလိုက်ကြ၏။ တိရစာၦန်လေးများ၏ အော်သံများမှာ ကျေးရွာလေးအနှံ့ ပဲ့တင်ထပ်နေပြီး စိတ်ဝိညာဉ်များကိုတောင် ဖောက်ထုတ်သွားသလို ထင်မြင်နေရသည်။

နက်မှောင်တောင် လူမျိုးစုများ စုဝေးခြံရံနေသည့် အလယ်တွင် ဖမ်းဆီး တုပ်နှောင်ထားခံရတာကြောင့် တိရစာၦန်လေးများအတွက် လုံးဝ လွတ်လမ်းမရှိနိုင်ပေ။

တိရစာၦန်လေးများ၏ ဘေးတွင် ရပ်နေသော လူများက တွေဝေတွန့်ဆုတ်ခြင်း မရှိဘဲ ခေါင်းငုံ့ပြီး အသွားထက်ထက် ချွန်မြနေသည့် ကျောက်ဓားများကို ဘယ်လက်ထဲတွင် ကိုယ်စီ ဆုပ်ကိုင်ထားကြ၏။ ထို့နောက် သားကောင်များ၏ လည်မျိုကို ဖောက်ပြီး ခေါင်းနှင့် ကိုယ်ကို ခွဲဖြတ်လိုက်လေတော့၏။

ခေါင်းဖြတ်ခံလိုက်ရသည့် တိရစာၦန်လေးများ၏ အော်သံမှာ ရုတ်တရက် တိတ်ဆိတ် ပျောက်ကွယ်သွားသည်။ ထိုကဲ့သို့ သွေးပျက်ဖွယ်ကောင်းသည့် မြင်ကွင်းကိုကြည့်ရင်း ရိုးရာပွဲတော်တွင် ပါဝင်ဆင်နွှဲနေသည့် လာစုတချို့မှာ ကြောက်ရွံ့ထိတ်လန့်သွားကြလေ၏။

အနည်းငယ် လန့်ဖျပ်သွားသည့် စုမင်မှာ နှုတ်ခမ်းကို ကိုက်ပြီး အားတင်းလိုက်သည်။ လေ့ချန်ကို လှည့်ကြည့်လိုက်ချိန် သူ့မျက်လုံးများက ကြောက်လန့်ဖွယ် အကြည့်များနှင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရ၏။

ယခုလို ဖြစ်ရပ်များနှင့် အကျွမ်းတဝင်ရှိပြီး ကြမ်းကြမ်းတမ်းတမ်း အပြုအမူများကို နှစ်သက်သည့် လေ့ချန်၏ သွေးဆာနေသော မျက်လုံးများကို အထင်းသား မြင်လိုက်ရ၏။ လေ့ချန်မှာ မကြာခင်က စုမင်နှင့် စကားပြောခဲ့သည့် သဘောမနောဖြူစင်ရိုးသားသော လူငယ်တယောက်နှင့် လုံးဝ မတူအောင် ပြောင်းလဲသွားချေပြီ။

ရေပန်းတစ်ခုလို အရှေ့ကို ထွက်ကျလာသည့် သွေးစိမ်းရှင်ရှင်များ၏ အောဂလီဆန်စရာကောင်းသည့် မနှစ်မြို့ဖွယ်အနံ့များ လေထဲ ပျံ့နှံ့သွား၏။ လာစုတို့၏ ဆံပင်၊ ခန္ဓာကိုယ်နှင့် ၎င်းတို့ရပ်နေသည့် မြေကြီးပေါ်တွင် သွေးစက်များ ဖိတ်စင်သွား၏။

‘မျိုးနွယ်စုတွေ ကြားမှာ စစ်ပွဲတွေ မရှိတော့လို့ မင်းတို့ကံကောင်းကြပေမဲ့ တစ်ဖက်မှာ မင်းတို့ဟာ ကံဆိုးကြတယ်…။’

သူ့အရှေ့တွင် ရပ်နေသော လူငယ်များကို ကြည့်ပြီး အကြီးအကဲက ညင်ညင်သာသာ စကားစလိုက်၏။

‘ငါ့အလှည့်တုန်းက ‘မာန်စွမ်းအင်နှိုးပွဲတော်’ကျင်းပတဲ့အချိန်မှာ အောင်မြင်နိုင်ဖို့ ငါ့ရန်သူရဲ့ ခေါင်းကို ဖြတ်ပြီး သူ့သွေးကို သောက်ခဲ့ရတာ’

‘အဲဒီ အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ရင် မင်းတို့ ကံကောင်းတယ်လို့ ဆိုနိုင်ပေမဲ့ ရန်သူ့ ခေါင်းကိုင်ရတဲ့ အခွင့်အရေးမရှိဘဲ တိရစာၦန်အသွေးနဲ့ ကျေနပ်နေရတဲ့ မင်းတို့ဟာ ကံခေတယ်။’

အကြီးအကဲသည် လာစုများကို ကြည့်ပြီး ညာလက်တွင်ကိုင်ထားသည့် တောင်ဝှေးနက်ကို အရှေ့သို့မမြှောက်ခင် ဖြည်းဖြည်းချင်း ပြောလိုက်၏။

လက်သီး ကျစ်ကျစ်ပါအောင်ဆုပ်ထားသည့် ဘယ်လက်ကို မြှောက်ပြီး လက်သီးဆုပ်ကို ဖြေလိုက်ချိန် တန်ခိုးစွမ်းအင် ပြည့်ဝနေသော အခိုးအငွေ့တစ်ခု ၎င်း၏ခန္ဓာကိုယ်ထဲမှ ထွက်လာ၏။ ၎င်းအငွေ့တို့သည် အင်အားကြီးမားသည့် လေထုအဖြစ် ပြောင်းလဲသွားပြီးနောက် နက်မှောင်တောင် တစ်ခုလုံးကို ဖုံးလွှမ်းသွားလေ၏။

အကြီးအကဲ မျက်နှာပေါ်တွင် အမှတ်အသားများ ထင်ရှားလာပြီး တစ်ခုနဲ့တစ်ခု ရောယှက်သွားကာ စပါးအုံး မြွေတစ်ကောင်အသွင် ပြောင်းလဲသွားလေ၏။

စပါးအုံး မြွေကြီးသည် သက်ရှိတစ်ကောင်အလား ထင်မှတ်ရလောက်အောင် အလွန် အသက်ဝင်လွန်းလှ၏။

အကြီးအကဲ၏ မျက်နှာပေါ်တွင် ကောင်းကင်ယံထက် မြည်ဟိန်းပြီး ဦးမော့နေသည့် မြွေကြီး၏ ပုံရိပ်ကို အထင်းသား မြင်နေရ၏။ ဖြစ်ပျက်နေသည့် အကြောင်းအရာ အလုံးစုံကို အကုန်အစင် နားမလည်ကြသော်လည်း နက်မှောင်တောင် မျိုးနွယ်ဝင်များအပြင် ခွန်အားကြီး သန်မာကြသည့် ခေါင်းဆောင်များပါမကျန် ကြောက်လန့်ပြီး နောက်သို့ ခြေတစ်လှမ်း ပြန်ဆုတ်လိုက်ကြ၏။

‘မြွေနက်သခင်ရဲ့ အမှတ်အသား… ဒါဟာ ‘မာန်’ လူမျိုး အကြီးအကဲရဲ့ အမှတ်အသားဘဲ…’

စုမင်လည်း အံ့အားသင့်နေသည့် အမူအရာနှင့် အကြီးအကဲအား စိုက်ကြည့်လိုက်၏။ မျက်နှာပေါ်မှ အမှတ်အသားကို တွေ့လိုက်ရချိန် ကြက်သေသေသွားလောက်အောင် မှင်သက်နေမိသည်။ ယခုလိုပုံစံကို လွန်ခဲ့သည့် (၉) နှစ်ခန့်က တစ်ခါ မြင်ဖူးသော်လည်း အခုတစ်ဖန် ထပ်မြင်လိုက်ရသည့်အချိန် ခံစားလိုက်ရသည့် ထိတ်လန့်မှုမှာ ယခင်ကထက် ပိုဆိုးရွားလေသည်။

‘မျိုးနွယ်စု တစ်ခုလုံးကို ဖျက်ဆီးချင်တဲ့ စိတ်ဆန္ဒရှိရင်တောင် ဖျက်ဆီးနိုင်စွမ်းရှိတဲ့ အကြီးအကဲတောင် သွေးကြော ကျောက်သားကျင့်စဉ်ရဲ့ အဆင့်၉မှာပဲ ရှိနေသေးတယ်… ဒီကျင့်စဉ်ကို အဆုံးထိ ကျင့်ကြံနိုင်သူတွေဟာ ဘယ်လောက်ထိ စွမ်းအားရှိလိမ့်မလဲ ဆိုတာ…’

‘သွေးကြော ကျောက်သား ကျင့်စဉ်အားလုံးကို အောင်မြင်သွားတဲ့သူတွေက “အရိုးအရေစတေး” အဆင့်ကို ရောက်သွားတယ်… ။ သားရေစာလိပ်ထဲမှာတော့ လူဦးရေ အတော်အတန်များတဲ့ လူမျိုးစု တစ်ခုမှာတောင် “အရိုးအရေစတေး” အဆင့်ကို ရောက်တဲ့သူဆိုတာ မရှိသလောက် ရှားပါးတယ်လို့ ရေးထားတယ်။ အမှန်တကယ် အင်အားကြီးမားတဲ့ လူမျိုးစုတွေမှာသာ အဲဒီအဆင့်ကို ရောက်နိုင်သူ အနည်းအကျဉ်း ရှိတယ်’

စုမင် နှလုံးခုန်နှုန်း မြန်ဆန်လာ၏။ ‘မာန်’ တစ်ယောက်ဖြစ်ချင်တဲ့ စိတ်များလည်း ပိုပိုပြင်းပြလာသည်၂။

‘မြေပေါ်က အသွေးတွေနဲ့ ယဇ်ပူဇော်ပသပြီး တိရစာၦန်တွေရဲ့ ကိုယ်ခန္ဓာနဲ့ နက်မှောင်တောင် မာန်နတ်ဘုရားကို ဆင့်ခေါ် ပင့်ဆောင်လိုက်တယ်’

မိုးကြိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာသည့် အကြီးအကဲ၏ ရွတ်ဖတ်ပူဇော်သံများကြောင့် စုမင်၏ အတွေးရထား ပျက်ပြယ်သွားသည်။ သူ့စကားအဆုံးတွင် တိရစာၦန် အသေကောင်များမှာ အပိုင်းပိုင်း အပြတ်ပြတ် လွင့်စင်သွား၏။ လူငယ်လေးများ၏ ခန္ဓာကိုယ်ပေါ် ဖိတ်စင်ခဲ့သည့် အသားအစများနှင့် သွေးသံသံရဲရဲတို့သည် အမည်မသိ စွမ်းအားတစ်ခု၏ စုပ်ယူ ဖမ်းစားခြင်းကို ခံလိုက်ရ၏။ ၎င်းတို့သည် လေထဲတွင်ရှိသော သွေးပင်လယ်ထံ သွားရောက် ပေါင်းစည်းကြ၏။

အကြီးအကဲဘေးတွင် ရပ်နေသော နက်မှောင်တောင် မျိုးနွယ်စု ခေါင်းဆောင်ဖြစ်သူထံမှ ‘မာန်စွမ်းအင်နှိုးပွဲတော်’ ဆိုသော အော်ဟစ် ကြွေးကြော်သံကြီးကို ကြားလိုက်ရသည်။

စုမင် အပါအဝင် လာစုအားလုံး တုံ့ဆိုင်းမနေဘဲ. လျှာကို ကိုက်ကာ သွေးစိမ်းရှင်ရှင်များကို အန်ထုတ်လိုက်ကြ၏။ လေထဲသို့ ရောက်ရှိသွားသည့် သွေးများသည် သွေးပင်လယ်ထဲသို့ စုဝေး ရောက်ရှိသွားကြ၏။ ထိုအရာများ အားလုံးပေါင်းစပ်သွားပြီးနောက် ကျောက်နက် ရုပ်ထုကြီးထံမှ အလွန် ကျယ်လောင်လှသည့် မြည်ဟည်းသံကြီး ထွက်ပေါ်လာလေသည်။

လူသားတစ်ပိုင်း သားရဲတစ်ပိုင်းအဖြစ် ပုံပေါ်လာသည့် ရုပ်ထုကြီးသည် ကြောက်လန့်စရာ ကောင်းလှသည့်အပြင် ရှေးဆန်ပြီး ခက်ထန် ကြမ်းတမ်းသည့် အငွေ့အသက်များ ထွက်ပေါ်နေ၏။ လက်တစ်ဖက်တွင် ရှည်လျားသည့် နဂါးတစ်ကောင်ကို ကိုင်ထားပြီး တခြားဘက်တွင် ဧရာမလှံကြီးတချောင်းကို ကိုင်ထား၏။ ရက်စက် ကြမ်းကြုတ်ပြီး သွေးဆာပုံရှိသည့် အကြည့်များက မျက်သားအိမ်တွင် ပြည့်နှက်နေသည်။

နတ်ဘုရား၏ စွမ်းအားများဖြင့် မိုးသားကောင်းကင်ယံကို ထိန်းချုပ်လိုက်သလို ကောင်းကင်ယံတွင် အမှောင်ထုများ အားကောင်းလာ၏။

‘နက်မှောင် တောင်ပေါ်က မာန်နတ်ဘုရား…’ နှလုံးအိမ်တွင် တစ်ဂျိန်းဂျိန်း မြည်နေသော ရင်ခုန်သံကြောင့် နှလုံးသည်းခြေ ပေါက်ကွဲလုမတတ် ဖြစ်နေသော်လည်း လည်တိုင်တွင် ဝတ်ဆင်ထားသော ကျောက်နက်ကလေးထံမှ ထုတ်လွှင့်လိုက်သည့် နွေးထွေးမှုကြောင့် ခံစားနေရသည့် ကြောက်ရွံ့ ထိတ်လန့်မှုများ ပြေပျောက်သွားလေ၏။

ထိုခံစားမှုကြောင့် စုမင်မှာ ခဏတာ ကြက်သေ သေသွားသည်။ စကားပြောနေသည့် အကြီးအကဲအား အကျင့်ပါနေတဲ့အတိုင်း သူ့အကြည့် ပြန်ရောက်သွားပြန်၏။

‘အရှေ့ကို အစဉ်လိုက်ထွက်လာပြီး ‘မာန်’ နတ်ဘုရားကို ဆုတောင်းဝတ်ပြုဖို့ လာကြပါ။’

ဖျတ်ဖျတ်လတ်လတ်ရှိပုံရသော လူငယ်လေးတစ်ယောက် အရှေ့သို့ ထွက်လာပြီး ရုပ်ထုကြီး၏ အောက်တွင် ရပ်လိုက်သည်။ လူငယ်လေးမှာ ပျောက်ကွယ်သွားလေ၏။ ခဏအကြာမှာ စိတ်ပျက်နေသည့်ဟန်နှင့် ပျောက်ကွယ်သွားခဲ့သည့် နေရာတွင် ထိုလူငယ်လေး ပြန်ပေါ်လာ၏။ ထို့နောက် စကားတစ်ခွန်းမှ မဆိုတော့ဘဲ ထွက်ခွာသွားလေသည်။

‘နောက်တစ်ယောက်’ ဟု နက်မှောင်တောင် မျိုးနွယ်စု၏ ခေါင်းဆောင်က လှမ်းခေါ်လိုက်သည်။ သူ့အကြည့်များက လေးနက်စူးရှပြီး လာစုတစ်ယောက်ချင်းအား စေ့စေ့စပ်စပ် ကြည့်လိုက်လေသည်။

‘မာန်စွမ်းအင်နှိုးပွဲတော်’ဆင်နွဲရန် အရွယ်ရောက်နေပြီဖြစ်သည့် လာစုများ တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြ၏။ အားလုံး ပျောက်ကွယ်သွားပြီး ခဏအကြာ ပြန်ပေါ်လာကြသည်။ ယခုကဲ့သို့ ဆက်တိုက်ဖြစ်နေသည်မှာ ရုပ်ထုကြီး၏အောက်တွင် မိန်းကလေးတစ်ယောက် လာမရပ်ခင်အထိ ဖြစ်သည်။ သူမ ရောက်လာချိန် ရုပ်ထုကြီးထံမှ ထူးခြားတောက်ပသည့် အနီရောင် မီးအလင်းရောင်များ ထွက်လာ၏။

မျိုးနွယ်စုအားလုံး ရင်ခုန် စိတ်လှုပ်ရှားစွာနှင့် အရှေ့သို့ မျက်တောင်မခတ်တမ်း စောင့်ကြည့်နေကြ၏။ အကြီးအကဲများကလည်း ရုပ်ထုကြီးအပေါ်မှာ အပြည့်အဝ အာရုံစိုက်ကြည့်နေသည်။ မိန်းကလေး ပျောက်ကွယ်သွားပြီး ပြန်မပေါ်လာခင်အထိ ရုပ်ထုကြီးထံမှ အနီရောင် မီးအလင်းရောင် (၉) ကြိမ် အဆက်မပြတ် ထွက်လာ၏။

“သူမက ‘မာန်’ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားတာပဲ”

“ရုပ်ထုကြီးဆီက အလင်းရောင် (၉) ကြိမ် ဖြာထွက်လာတယ်ဆိုတာ သူမမှာ မာန်ကိုယ်ခန္ဓာ ပိုင်ဆိုင်ထားတယ်ဆိုတဲ့ သက်သေပဲ’

သူမပြန်ပေါ်လာချိန် ပျော်ရွှင်မှုများနှင့် တောက်ပနေသော မျက်နှာလေးကို တွေ့လိုက်ရသည်။

‘မင်းနာမည်က ဝူလ မဟုတ်လား။ သိပ်တော်တယ်၊ ငါ့ဘေးနားမှာ လာရပ်နေ’

တည်ငြိမ်လေးနက်သော အပြုံးနှင့်အတူ အကြီးအကဲက သူမအား ခေါင်းငြိမ့် အသိအမှတ်ပြုလိုက်သည်။

အကြီးအကဲနားကို တိုးသွားသည့် မိန်းကလေးကို ကြည့်ပြီး စုမင်မှာ အမျိုးအမည်မသိ ဝေဒနာတစ်ခုကို ခံစားလိုက်သည်။ ထို့နောက် အံကိုကြိတ်ပြီး ရုပ်တုရှေ့ လှမ်းသွားလိုက်၏။ သူ့ ပြုမူလှုပ်ရှားပုံများက တခြားသော မျိုးနွယ်စုဝင်တို့၏ အာရုံကို ရုတ်တရက် ဖမ်းစားလိုက်လေသည်။

နက်မှောင်တောင် မျိုးနွယ်စု၏ မျိုးနွယ်စုဝင် အားလုံးသည် ၎င်းတို့နှင့်မတူဘဲ ထူးထူးခြားခြား ပုံစံကွဲလွဲနေသည့် လူငယ်လေးကို ကြင်ကြင်နာနာ ဆက်ဆံကြသည်။ စုမင်တယောက် ရုပ်ထုကြီးအောက် မတ်တတ်ရပ်လိုက်ချိန် လူအားလုံး၏ အကြည့်က သူ့ထံ ကျရောက်လာလေသည်။

အသက်ပြင်းပြင်း တစ်ချက်ရှုသွင်းလိုက်ပြီးနောက် မနီးမကမ်းတွင် သူ့အားကြည့်နေသည့် အကြီးအကဲဖြစ်သူကို စုမင် တစ်ချက်လှည့်ကြည့်လိုက်သည်။ မျက်လုံးများကို မှိတ်လိုက်ချိန် ရွှံ့ထဲနစ်ဝင်သွားပြီး ဖော်ပြခြင်းငှာ မစွမ်းသာသည့် စွမ်းအင်တစ်ခုက သူ့ကိုယ်ခန္ဓာအား ရစ်ပတ်ထားသလို ခံစားလိုက်ရသည်။ မျက်လုံး ဖွင့်လိုက်ချိန် သူ့ပတ်ဝန်းကျင်တွင် ရှိရှိသမျှအရာအားလုံး ပြောင်းလဲသွားလေ၏။

သူ မြင်နေရသည်က နက်မှောင်တောင် မျိုးနွယ်စုများ မဟုတ်ပေ။ အရှေ့ရှိ ရုပ်ထုကြီးထံမှ ထွက်နေသော အနီရောင် မီးအလင်းရောင်ကို မှုန်ပျပျသာ မြင်နိုင်လောက်အောင် မည်းမှောင်လှသည့် နေရာငယ်လေးတွင် သူရောက်နေခြင်း ဖြစ်သည်။

ရုပ်ထုသည် အပြင်တွင် တွေ့ခဲ့ရသော ရုပ်တုနှင့် တထေရာတည်း ဖြစ်ပြီး ထုတ်လွှတ်နေသည့် အငွေ့အသက်များမှာလည်း ရှေးဆန်ပြီး ခက်ထန် ကြမ်းတမ်းလှ၏။

‘မာန်’ နတ်ဘုရားရုပ်ထုကို ကြည့်လိုက်ချိန် တစ်စုံတစ်ခုကို ခံစားရပြီး ခပ်မဆိတ်လေးပဲ ရိုသေ ကိုင်းရှိုင်းစွာနဲ့ လေးလေးနက်နက် ပူဇော်လိုက်လေ၏။

ဦးညွတ် ပြီးသည့်နောက် စုမင်၏မျက်နှာမှာ ခါးသီးမှုများနှင့် ပြည့်နှက်သွားသည်။ အကယ်၍ သူသည်သာ မာန်ခန္ဓာကိုယ် ပိုင်ဆိုင်သူတစ်ယောက် ဆိုလျှင် တစ်ကြိမ်ဦးညွတ်ပြီးသည်နှင့် ရုပ်ထုထံမှ မီးအလင်းရောင် ထွက်လာမည်မှန်း သူသိနေသည်။ သို့သော် ရုပ်ထုကြီးမှာ လွန်ခဲ့သည့် (၉) နှစ်ကအတိုင်း ဘာပြောင်းလဲမှုမှ မရှိပေ။

ငါဟာ ‘မာန်’ တစ်ယောက် ဖြစ်လာနိုင်ဖို့ လုံးဝ အကြောင်းမရှိဘူး။… စုမင် သူ့နှုတ်ခမ်းကို ပြန်ကိုက်လိုက်၏။ သက်ပြင်းချပြီး ပြန်ရန် လှည့်ထွက်လိုက်၏။

သူအနောက်လှည့်လိုက်ချိန် ရုတ်တရက် မှင်တက်သွားလေ၏။ နောက်လှည့်ပြီး ရုပ်ထုကြီးအား ကြည့်လိုက်သည်။ သူ အမှန်တကယ် လန့်ဖျပ်သွားရလောက်အောင် အံသြ မှင်တက်သွား၏။

သူတစ်ချိန်လုံး လျစ်လျူရှု သတိမထားမိခဲ့သည့် ကျောက်တုံးနက်ထံမှ ကြည်လင် တောက်ပ စူးရဲသော အလင်းရောင်ကို တစ်ချိန်တည်းတွင် မြင်လိုက်ရလေသည်။

*****


Comment

Leave a Reply


Options

not work with dark mode
Reset