အခန်း (၁၅၁)

ခွန်လွန်မိစ္ဆာလိုက်အဖွဲ့

အခန်း (၁၅၁) ခွန်လွန်မိစ္ဆာလိုက်အဖွဲ့

ကျန်းလန် လမ်းလျှောက်လာစဉ်မှာပင် တောထဲမှ ပြင်းထန်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။

“မရှိမှုအာကာသ ၊ နောက်ဆုံးအဆင့်ပဲ… ၊ အတော်လေး စွမ်းအားမြင့်မားတယ်…”

ကျန်းလန် အံ့သြတုန်လှုပ်စွာဖြင့် တွေးလိုက်သည်။

ဘာတွေများ ဖြစ်နေတာလဲ…။

အင်မော်တယ်ဖြစ်ခါနီး ကျင့်ကြံသူများက အဘယ့်ကြောင့် ဤနေရာတွင် လာရောက်တိုက်ခိုက်နေရပါသနည်း။ အဖြစ်အပျက်က အတော်လေး ကြောက်မက်ဖွယ်ရာဖြစ်သည်။

သူတို့ တိုက်ခိုက်နေသည်ကို ခွန်လွန်တောင်က သိသွားမည်ကို မစိုးရိမ်ကြဘူးလား။

ခွန်လွန်တောင်တွင် သူလျှိုများစွာရှိကြောင်း ကျန်းလန် သိရှိထားသည်။ သို့သော် သူလျှိုများက ယခုလောက် အတင့်ရဲမည်ဟု သူ ထင်မထားခဲ့ပေ။

ယခင်က ကျန်းလန်က ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသောကြောင့် အချို့အကြောင်းအရာများကို သိရှိခြင်း မရှိပေ။ သို့သော် ယခု သူ၏ကျင့်ကြံခြင်းအဆင့်လည်း မြင့်မားလာပြီဖြစ်ရာ သတိထားရမည့်အချက်များ ပိုမိုများပြားလာပြီ ဖြစ်သည်။

သူလျှိုများသာ သူ့ကို ရှာဖွေတွေ့ရှိသွားမည်ဆိုပါက သူ့အတွက် အန္တရယ်များနိုင်သည်။

“သူတို့က သူသေကိုယ်သေ တိုက်ပွဲတွေ ရင်ဆိုင်နေရတာကြောင့် ဖြစ်လာမယ့်အကျိုးဆက်တွေကို အရေးမစိုက်ကြတော့တာများလား…”

ထိုအချက်က ဖြစ်နိုင်ချေမြင့်မားသည်။

ထို့နောက် ကျန်းလန် ခပ်သုတ်သုတ်ဖြင့်ပင် ရှေ့ဆက်လျှောက်လာခဲ့သည်။ အခြားသူများ သူ့ကို အာရုံမစိုက်မိစေရန် ခြေသံလုံအောင်လည်း လျှောက်လာမိသည်။

သို့သော် မကြာမီ သူ့ရှေ့တွင် လူတစ်ယောက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။

ထိုသူက မိန်းကလေးကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သူ့ထံသို့ ဒရောသောပါးဖြင့် ပြေးလွှားလာနေခြင်း ဖြစ်သည်။

သူမပုံစံက ဖရိုဖရဲဖြင့် လက်တစ်ဖက်ကလည်း လက်မောင်းရင်းမှ ပြတ်လျှက်ရှိကာ ဝတ်ထားသည့် အဝတ်အစားများတွင် သွေးများ စွန်းပေနေသည်။

သူမက မရှိမှုအာကာသ ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လေ၏။

ကျန်းလန် အနည်းငယ် အံ့အားသင့်သွားသည်။

မရှိမှုအာကာသအဆင့် ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကို ဒဏ်ရာရအောင် တိုက်ခိုက်နိုင်သူက မည်သူတွေ ဖြစ်ပါသနည်း။

မိန်းကလေးကျင့်ကြံသူက သွေးရူးသေးတန်းဖြင့် လက်တစ်ဖက်ဆန့်တန်းရင်း ကျန်းလန်ရှိရာသို့ ပြေးလွှားလာသည်။

“ဂိုဏ်းတူမောင်လေး… ကယ်ပါဦး … ကယ်ပါဦး…”

သူမကိုကြည့်ရသည်မှာ သေခါနီးအချိန် ကောက်ရိုးတစ်မျှင်ကို လှမ်းဆွဲနေသည့်အလား ဖြစ်သည်။

ကျန်းလန်ကတော့ မည်သူ့ကိုမှ ယုံကြည်တတ်သူ မဟုတ်ပေ။

သူက မိန်းမပျိုကို အေးစက်စွာကြည့်လိုက်ပြီး အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်သည်။

သူမ၏ လှုပ်ရှားမှုပုံစံများက စောစောက သတ်ဖြတ်ပစ်ခဲ့သည့်  လူ (၂)ယောက်နှင့် သွားရောက်ဆင်တူနေလေရာ ပေါ့ပေါ့ဆဆ သဘောမထားဝံ့ပေ။

ထိုစဉ်…

“ဝှီး… ဝှစ်… ဝှစ်…”

များပြားလှစွာသော ဓားရှည်များက မိန်းမပျိုထံသို့ ပျံသန်းဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။

“မဟုတ်ဘူး… မဟုတ်ဘူး… ၊ ဂိုဏ်းတူမောင်လေး… ကယ်ပါဦး…”

သူမထံသို့ ပျံသန်းလာသည့် ဓားရှည်များကို တွေ့မြင်လိုက်သည်နှင့် မိန်းမပျိုက ကြောက်ရွံ့စွာဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

“ဇွပ်… ဇွပ်…”

“ဘုန်း…”

ဓားရှည်များက ချက်ချင်းပင် မိန်းမပျို၏ ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်သွားကြပြီး မိန်းမပျိုမှာလည်း ကျန်းလန်နှင့် မနီးမဝေး မြေပြင်ထက်တွင် လဲကျ အသက်ပျောက်သွားလေတော့၏။

ရုတ်တရက် တွေ့မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ကျန်းလန်ပင် ရင်ထဲနင့်သွားရသည်။

သို့သော် ချက်ချင်းပင် သတိအနေအထားဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

စုစုပေါင်း (၆)ယောက်…။

အဆင့်မြင့်ကျင့်ကြံသူ (၆)ယောက် သူ့ကို စူးစိုက်ကြည့်နေကြောင်း ကျန်းလန် အာရုံခံလိုက်မိသည်။

ထိုသူများအားလုံး၏ ကျင့်ကြံခြင်းအဆင့်က ကျန်းလန်ထက် နိမ့်ပါးခြင်း မရှိပေ။ အချို့ဆိုလျှင် သူ့ထက်ပင် ကျင့်ကြံခြင်းအဆင့် မြင့်မားကြသည်။

“ဘာတွေဖြစ်နေတာလဲ…”

ကျန်းလန် စိတ်များ ရှုတ်ထွေးသွားသည်။

သို့သော် သူ့အနေဖြင့် ဤအခြေအနေမှ လွတ်လမ်းမရှိတော့ပေ။

ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်း တန်ခိုးစွမ်းအားကို အသုံးပြုမည်ဆိုလျှင်လည်း နောက်ဆက်တွဲပြဿနာများကို ရင်ဆိုင်ရနိုင်ချေရှိသည်။

“ခဏလောက်စောင့်ကြည့်ရမယ်…”

ကျန်းလန် တွေးလိုက်သည်။

မိုးပြိုသည့်အချိန်တွင် နေရာမှာပင် ရပ်နေရန်က အရေးကြီးသည်။

“ဝှစ်…”

ထိုစဉ် လူရိပ်တစ်ရိပ် ကျန်းလန် နံဘေးသို့ ရောက်ရှိလာသည်။

ထို့နောက် အခြားသောလူရိပ် (၅)ခုကလည်း ကျန်းလန်နှင့် မနီးမဝေးတစ်နေရာတွင် ပျံသန်းဆင်းသက်လာကြသည်။

ထိုသူ (၆)ယောက် မြေပြင်ထက် ခြေချလိုက်သည်နှင့် ကျင့်ကြံသူမိန်းမပျို၏ ခန္ဓာကိုယ်ထက်တွင် စိုက်ဝင်နေသည့် ဓား (၆)လက်က သူတို့လက်များဆီသို့ ချက်ချင်း ပျံသန်းရောက်ရှိသွားကြသည်။

ထို့နောက် သူတို့က ဓားများကို ဓားအိမ်အတွင်းသို့ ပြန်ထည့်လိုက်ကြပြီး ကျောထက်တွင် လွယ်လိုက်ကြသည်။

သူတို့ထံမှ ထွက်ပေါ်လာသည့် တန်ခိုးစွမ်းအားများက ပြင်းထန်လွန်းသည်။ ထို့ပြင် အချိန်မရွေး ဓားကိုဆွဲထုတ်တိုက်ပွဲဝင်ရန်လည်း အသင့်ပြင်ထားကြဟန် ရှိသည်။

ထိုသူ (၆)ယောက်က ချက်ချင်းပင် ကျန်းလန်ကို ဝန်းရံထားလိုက်ကြ၏။

ထိုသူများအားလုံးက ရင်ဘတ်တွင် ပါးကွသင်္ကေတပါဝင်သည့် တာအိုဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ သို့သော် မျက်နှာများကို ရှင်းလင်းစွာ တွေ့မြင်ရခြင်း မရှိပေ။

သူတို့ထဲမှတစ်ယောက်က…

“သူ့ကို အရင်က တစ်ခါမှ မမြင်ဖူးပါဘူး…”

နောက်တစ်ယောက်က…

“ကျုပ်လည်း သူ ဘယ်သူလဲဆိုတာ မသိဘူး…”

“သူက စာရင်းထဲမှာ မပါဘူးကွ…”

ထိုစကားများကို ကြားရသည့်အခါ ကျန်းလန် အတော်လေး အံ့အားသင့်သွားသည်။

“အားလုံး (၆)ယောက်… ၊ (၂)ယောက်က မရှိမှုအာကာသ ၊ နောက်ဆုံးအဆင့် ၊ (၄)ယောက်က မရှိမှုအာကာသ ၊ အလယ်ဆင့်… အတော်စွမ်းအားကြီးတဲ့ အုပ်စုပဲ…”

ကျန်းလန် ချက်ချင်းပင် ရန်သူများ၏ စွမ်းအားကို တွက်ချက်ကြည့်လိုက်သည်။

ဤမျှစွမ်းအားမြင့်မားသည့်အုပ်စုနှင့် တိုက်ခိုက်ခြင်းအားဖြင့် ကျန်းလန်အတွက် အကျိုးမရှိနိုင်ပေ။

မရှိမှုအာကာသအဆင့် ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူများနှင့် ယခင်က ကျန်းလန် တိုက်ခိုက်ခဲ့ဖူးခြင်း မရှိပေ။ ထို့ကြောင့် တစ်ဖက်လူ၏စွမ်းအား မည်မျှရှိကြောင်း ကျန်းလန် အတိအကျ မခန့်မှန်းနိုင်ပေ။

နွားရိုင်းကိုးကောင်စွမ်းအားက မရှိမှုအာကာသ ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်နိုင်မည်လား ကျန်းလန် တစ်ခါမှ လက်တွေ့သုံးမကြည့်ခဲ့ဖူးပေ။

သို့သော် လက်ရှိတွင် ဤလူများက သူ့ကို တိုက်ခိုက်မည့်ဟန် မရှိသေးပေ။

ပြီးတော့ “သူက စာရင်းထဲမှာမပါဘူး” ဆိုသည့်စကားက ဘာအဓိပ္ပါယ်များလဲ…။

ကျန်းလန် ဆိုလိုသည့်အဓိပ္ပါယ်ကို နားမလည် ဖြစ်ရသည်။

သူတို့ပြောသည့်စာရင်းက ခွန်လွန်တောင်မှ သတ်ဖြတ်သုတ်သင်ပစ်ရမည့်လူများ၏ စာရင်းများလား။

“ဒီလူတွေက တူညီဝတ်စုံတွေဝတ်ဆင်ထားတာ… ၊ ကြည့်ရတာ ဂိုဏ်းတစ်ခုတည်းက ဖြစ်မယ်ထင်တယ်…”

ကျန်းလန် နေရာတွင်ပင် တည်ငြိမ်စွာ ရပ်နေပြီး တကယ်တမ်းတိုက်ခိုက်ကြလျှင် တိုက်ပွဲအခြေအနေ မည်သို့ရှိမည်ကို ခန့်မှန်းကြည့်နေသည်။

နွားရိုင်းကိုးကောင်စွမ်းအားနှင့် ရွှေခန္ဓာဆေးလုံးကို ပေါင်းစပ်အသုံးပြုမည်ဆိုလျှင် မရှိမှုအာကာသ ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူကို တိုက်ခိုက်နိုင်မည်လားဟု ကျန်းလန် သိချင်မိသည်။

မည်သို့ပင်ဖြစ်စေ ရန်သူကို အချိန်တိုအတွင်း သတ်ဖြတ်ပစ်ရန်ကတော့ လွယ်ကူမည် မဟုတ်ပေ။

အားလုံးက ကိုယ့်အလုပ်ကိုယ်သာ အာရုံစိုက်ပြီး အခြားသူ၏ ကိစ္စများကို ဝင်မစွက်လျှင်တော့ အကောင်းဆုံး ဖြစ်သည်။

ကျန်းလန်က စကားပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ထိုသူများထဲမှ တစ်ယောက်က စကားစတင် ပြောလိုက်သည်။

“ဂိုဏ်းတူညီလေး… ကျုပ်တို့မှာ အကြောင်းလေးနည်းနည်းရှိလို့ ဒီနေရာမှာ ခဏလောက် စောင့်ပေးလို့ရမလား… ”

ထိုသူများက နေရာတွင်ပင် ရပ်နေကြပြီး ကျန်းလန်ကို တိုက်ခိုက်မည့်ဟန် မရှိပေ။ သို့သော် အသင့်အနေအထားတော့ ပြင်ထားကြသည်။

“အင်း… သူတို့ဆီက သတ်ဖြတ်လိုတဲ့အငွေ့အသက်တွေ အာရုံမခံမိဘူးဆိုတော့… စောင့်ဆိုလည်း စောင့်နိုင်ပါတယ်…”

ခဏမျှ စဉ်းစားပြီးနောက် ကျန်းလန် ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် သူတို့အားလုံး စကားတစ်လုံးမှ မပြောကြတော့ပေ။

စောင့်ရသည့်အချိန်က (၁၀) စက္ကန့်မျှသာကြာပြီး အလွန်မှ တိုတောင်း၏။

“မရှိမှုအာကာအဆင့် အောင်မြင်ထားတဲ့ ကျင့်ကြံသူတစ်ယောက် ရောက်လာတာပဲ…”

ကျန်းလန် အမှောင်ထဲသို့ လှမ်းကြည့်ရင်း တွေးလိုက်သည်။

အမှောင်ထဲမှ လူတစ်ယောက် လမ်းလျှောက်ထွက်လာသည်ကို တွေ့လိုက်ရလေသည်။

ထိုသူသည်လည်း အခြားသူများကဲ့သို့ပင် ပါးကွသင်္ကေတပုံစံပါဝင်သည့် ဝတ်စုံကို ဝတ်ဆင်ထားသည်။

စက္ကန့်ပိုင်းအတွင်းမှာပင် ထိုသူက ကျန်းလန်တို့ရှိရာသို့ ရောက်ရှိလာသည်။

ထိုသူ၏ လက်ထဲတွင် လူသေအလောင်းတစ်လောင်းကို ကိုင်လာပြီး ထိုလူသေအလောင်းကို သေဆုံးနေသည့် မိန်းမပျိုအလောင်းရှိရာသို့ ပစ်ချလိုက်သည်။

ပြီးမှ ထိုသူက ကျန်းလန်ကို လှမ်းကြည့်လိုက်ရင်း…

“ရုတ်တရက် ရောက်လာတဲ့ ဂိုဏ်းတူညီလေးဆိုတာ ဒီညီလေးကို ပြောတာလား…”

လူ (၆)ယောက်ထဲမှ တစ်ယောက်က…

“ကျွန်တော်တို့ လူတွေလိုက်ဖမ်းနေတုန်း ဒီညီလေးနဲ့ ဆုံရတာပဲ… ၊ ကြည့်ရတာ ဒီညီလေးက တောအုပ်ထဲက ထွက်လာတာ ဖြစ်နိုင်တယ်…”

ခေါင်းဆောင်ဖြစ်ဟန်တူသူက ထိုသူ၏ အဖြေကို သိပ်အရေးမစိုက်ပေ။

သူက ကျန်းလန် အနားသို့ လမ်းလျှောက်လာ၏။ တစ်ချိန်တည်းမှာပင် မှုံဝါးဝါးဖြစ်နေသည့် သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရသည်။

မျက်နှာကို ဖုံးကွယ်ထားသည့် အစီအရင်ကို ဖယ်ရှားလိုက်ဟန် တူသည်။

ထိုသူက ချောမောသည့် လူငယ်တစ်ယောက် ဖြစ်၏။

“ကျုပ်က ဒုတိယတောင်ထွတ်က ပေဖန်းပါ… ၊ ဂိုဏ်းတူညီလေးက ဘယ်တောင်ထွတ်ကများလဲ… ကျုပ်တို့ကို ကိုယ်ပိုင်အမှတ် ကျောက်စိမ်းပြား ပြနိုင်မလား…”

ပေဖန်းက သိမ်မွေ့စွာပင် စကားပြောလိုက်သည်။

စကားဆုံးသွားသည်နှင့် ပေဖန်းက သူ၏ ကိုယ်ပိုင်အမှတ်ကျောက်စိမ်းပြားကိုပါ တစ်ခါတည်း ထုတ်ပြလိုက်သည်။

ကျန်းလန်ကလည်း သူ၏ ကိုယ်ပိုင်အမှတ် ကျောက်စိမ်းပြားကို ထုတ်ပြလိုက်ပြီး…

“နဝမတောင်ထွတ်က ကျန်းလန်ပါ…”

ပေဖန်းမှလွဲပြီး အခြားသူများ၏ မျက်နှာများကို သေသေချာချာ တွေ့မြင်ရခြင်း မရှိပေ။

ထိုသူများအားလုံးက ခွန်လွန်တောင်မှတပည့်များ ဖြစ်ဟန်တူသည်။

ထို့ပြင် မရှိမှုအာကာသအဆင့် အောင်မြင်ထားသည့် ပေဖန်းကို ကျန်းလန် မည်သည့်နည်းနှင့်မှ ယှဉ်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် လိုအပ်လျှင် ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်း တန်ခိုးစွမ်းအား အသုံးပြုပြီး ထွက်ပြေးရတော့မည်ဟု စဉ်းစားလိုက်၏။

နောက်ပိုင်းကြုံတွေ့ရမည့်ပြဿနာများကိုတော့ သူ ဖြေရှင်းရမည် ဖြစ်သည်။

“အာ… ဂိုဏ်းတူညီလေး ကျန်းလန်ကိုး… ၊ မင်း နာမည်ကြားဖူးနေတာတော့ ကြာပါပြီကွာ…”

ကျန်းလန်၏ ကိုယ်ပိုင်အမှတ် ကျောက်စိမ်းပြားကို တွေ့မြင်လိုက်သည်နှင့် ပေဖုန်းက ပြောလိုက်သည်။

ကျန်လူ (၆)ယောက်မှာလည်း ယခုမှ စိတ်သက်သာရာရသွားဟန်ဖြင့် သတိအနေအထားကို ဖြေလျှော့လိုက်ကြသည်။ ကျန်းလန်ကို သူတို့ဘက်မှ လူတစ်ယောက်ဟု သတ်မှတ်လိုက်ကြဟန် ရှိသည်။

ပြောင်းလဲသွားသည့် အမူအရာများကြောင့် ကျန်းလန် အံ့အားသင့်သွားသည်။

“ကျုပ်တို့က လျှို့ဝှက်တာဝန်တစ်ခု ထမ်းဆောင်နေတာပါ… ၊ ဂိုဏ်းတူညီလေးနဲ့ အခုလို ဆုံတွေ့ရလိမ့်မယ်လို့ ထင်မထားမိဘူး… ၊ အခု ဂိုဏ်းတူညီလေး ဘာမှ မထိခိုက်သွားဘူး မဟုတ်လား…”

ပေဖန်းက တောင်းပန်သည့်လေသံဖြင့် ပြောလိုက်သည်။

ကျန်းလန်က ခေါင်းခါရမ်းလိုက်ရင်း…

“မထိခိုက်ပါဘူးဗျာ…”

ပေဖန်းက…

“ဒီ လျှို့ဝှက်တာဝန်က ပြင်ပကလူတွေနဲ့ ပတ်သက်နေတယ်… ၊ ဒါကြောင့် ဂိုဏ်းတူညီလေးကိုတော့ အသေးစိတ် ပြောပြလို့မရဘူး… ၊ ဒီတော့ မင်းစိတ်ထဲ မရှင်းဘူးဆိုရင် နဝမတောင်ထွတ်ကို ပြန်ရောက်မှ မင်းရဲ့ ဆရာကို မေးကြည့်လို့ရတယ်… ၊ အင်း… ကျုပ်တို့ကို သူလျှိုတွေလို့ မင်း သံသယဝင်နေရင်တော့ ဒုတိယတောင်ထွတ်မှာ သွားမေးလို့ရပါတယ်ကွာ…”

ပေဖန်းက ကျန်းလန်ကို တစ်ချက်အကဲခတ်လိုက်ရင်းမှ…

“ကဲ… ကျုပ်တို့တာဝန်က ဆက်လုပ်ဖို့ ရှိသေးတော့ ဂိုဏ်းတူညီလေးကို အဖော်လုပ်မပေးနိုင်တော့ဘူး…”

ကျန်းလန်က…

“ကောင်းပါပြီ… ၊ ဒါဖြင့် ကျုပ်လည်း ဂိုဏ်းတူအစ်ကိုတို့ကို မနှောက်ယှက်တော့ဘူးနော်…”

ပေဖုန်းက ခေါင်းတစ်ချက်ညိတ်လိုက်ရင်း…

“ကျိချိုး… မင်းက ဂိုဏ်းတူညီလေးကို နဝမတောင်ထွတ်ကို လိုက်ပို့ပေးလိုက်… ၊ ကျန်တဲ့သူတွေကတော့ အလုပ်ဆက်လုပ်ကြမယ်…”

ပေဖန်း၏ စကားဆုံးသွားသည်နှင့် ကျန်းလန်အနားသို့ ကျင့်ကြံသူတစ်ယောက် ရောက်ရှိလာပြီး အခြားသူများကတော့ တောအုပ်ထဲသို့ ပြေးဝင်သွားကြသည်။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကို…”

ကျန်းလန် ပေဖန်းကို ကျေးဇူးတင်စကားဆိုပြီးသည်နှင့် ချက်ချင်း ထွက်ခွာသွားလေတော့သည်။

ကျန်းလန်ကို လိုက်ပို့ပေးသည့် ကျိချိုးဆိုသူက မရှိမှုအာကာသ ၊ အလယ်ဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်၏။

တစ်ဖက်လူက သူ့ကို နှုတ်ပိတ်ချင်သည့်အတွက်များ လူတစ်ယောက် ထည့်ပေးလိုက်ခြင်းများလားဟု ကျန်းလန် သံသယဝင်မိသည်။

ကျိချိုးတစ်ယောက်တည်းကို ရင်ဆိုင်ရန်က ပြဿနာမရှိဟု ကျန်းလန် တွေးလိုက်သည်။

သို့သော် တစ်ယောက်ကို သတ်မည်ဆိုလျှင် တစ်ဖွဲ့လုံးကို သတ်ရမည်ပဲ ဖြစ်သည်။

ထိုသူ (၇)ယောက်လုံးကို သတ်ဖြတ်ရန် (၁) ညတော့ အချိန်ယူရမည် ဖြစ်၏။

အဖွဲ့က တစ်စုတစ်စည်းတည်း ရှိမနေလျှင် တစ်ယောက်ချင်း လိုက်လံသတ်ဖြတ်ရမည်ဖြစ်လေရာ အချိန်လည်း ကြာသလို အခက်အခဲအချို့လည်း ရှိနိုင်ပေသည်။ ထို့အတူ အန္တရယ်လည်းများပေလိမ့်မည်။

သို့သော် ကျန်းလန်က ရင်ဆိုင်ရန် အသင့်ပြင်ထား၏။

ထူးခြားသည်မှာ ထိုသူများထံမှ ရန်ပြုလိုသည့် အငွေ့အသက်များကို ခံစားရခြင်း မရှိပေ။

အလျှင်အမြန် ထွက်ခွာသွားကြသည့် ကျန်းလန်နှင့် ကျိချိုးကိုကြည့်ပြီး ပေဖန်း အံ့အားသင့်ရင်း ကျန်ရစ်ခဲ့သည်။

“နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးက လေးစားစရာတော့ တကယ်ကောင်းတာပဲ…”

“ဒီ ဂိုဏ်းတူညီလေးက စိတ်စွမ်းအားအရမ်းကောင်းတယ်လို့ ကြားဖူးတယ်… ၊ ဒါပေမဲ့ သူက ပါရမီရှင်တော့ မဟုတ်ဘူး… ၊ ဒါပေမဲ့ သူနဲ့ ဒီနေ့ဆုံလိုက်ရတော့ ထူးခြားမှုတစ်ခုကို တွေ့လိုက်ရတယ်…”

“မရှိမှုအာကာသအဆင့် ကျင့်ကြံသူ (၆)ယောက် ဝိုင်းရံထားတာကိုခံရပြီး သူ့မျက်စိရှေ့မှာတင် မိန်းမပျို ကျင့်ကြံသူတစ်ယောက် အသတ်ခံရတာကို တွေ့ရတာတေင်မှ သူက တစ်ချက်မှ မတုန်လှုပ်ဘူး… ၊ သူ့စိတ်က အရမ်းတည်ငြိမ်တာပဲ… သူ့စိတ်ထဲ ဘာတွေးနေလဲဆိုတာ ငါတောင် မခန့်မှန်းနိုင်ဘူး…”

ဤသည်က ပေဖန်း၏ အတွေးများသာ ဖြစ်လေသည်။

လူတစ်ဖက်သား၏ အတွေးကို မခန့်မှန်းနိုင်ခြင်းက တစ်ဖက်လူက ကြောက်ရွံ့နေခြင်းမဟုတ်ဟု မဆိုလိုပေ။

ကြောက်စိတ်ကို အကောင်းဆုံး ဖုံးကွယ်ထားနိုင်ခြင်းလည်း ဖြစ်ပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ကျန်းလန်ကတော့ သူ၏ ပင်ကိုယ်တုန့်ပြန်မှုများကို အခြားသူများ လုံး၀ မရိပ်မိအောင် ဖုံးကွယ်ထားနိုင်ခြင်းက ထူးခြားသူတစ်ယောက်ဖြစ်ကြောင်း ဖော်ပြနေလေ၏။


Comment

Leave a Reply


Options

not work with dark mode
Reset