Switch Mode

အခန်း ( ၅ )

သနားစရာကောင်းတဲ့ ငါ့အသက်လေးသာ ဆုံးရှုံးလိုက်ရမယ်ဆိုရင်

အချိန်အတော်ကြာကြာစောင့်ပြီးတာတောင်မှ ထူးထူးဆန်းဆန်းအရာတစ်ခုမှ ဖြစ်မလာချေ။ ပိုင်ရှောင်ချန်းသည် လိပ်ပုံစံ ဒယ်အိုးပေါ်ကအင်းကွက်များကိုကြည့်လိုက်၊ မီးဖိုထဲသို့ငုံ့ကြည့်လိုက်နှင့် အတွေးများထဲတွင် နစ်မျောနေလေသည်။ ထင်းများကုန်သွားပြီး ပြာမှုန့်များသာကျန်တော့သည့်အတွက် အပြင်ထွက်သွားကာ မိနစ်အနည်းငယ်အကြာတွင် ထင်းအနည်းငယ်ထပ်ယူလာလေသည်။

စားဖိုဆောင်ထဲတွင် ထင်းကို ကိုယ်ရေးကိုယ်တာကိစ္စများအတွက် အသုံးနည်းသဖြင့် သူ့ခဗျာ အစ်ကိုဖက်တီးကျန်း ဆီသို့သွား၍ ထင်းအနည်းငယ်ထပ်ပေးရန်တောင်းဆိုရလေသည်။

မီးမွှေးပြီးနောက် ပိုင်ရှောင်ချန်းသည် လိပ်ပုံစံ ဒယ်အိုးပေါ်မှ ပထမအင်းကွက်ကို အာရုံစူးစိုက်ကြည့်လိုက်လေသည်။ ထင်းများလောင်သွားသည်နှင့်တစ်ပြိုင်နက် အင်းကွက်မှာလည်း မီးလင်းလာလေသည်။ ပိုင်ရှောင်ချန်း၏ နှလုံးသည် စိတ်လှုပ်ရှားမှုများနှင့် ခုန်နေလေတော့သည်။ ထို့နောက် သစ်သားဓားမှ စူးရှသော ငွေရောင်အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာလေသည်။

သူသည် နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ ထို့နောက် အလင်းတန်းမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကာ ဒယ်အိုးထဲမှ စူးရှသော ရနံ့တစ်ခု ထွက်ပေါ်လာလေသည်။

သူသည် အသက်ပြင်းပြင်းရှူလိုက်ကာ ဒယ်အိုးဆီသို့ ကြောက်ကြောက်ရွံ့ရွံ့နှင့် တိုးသွားလေသည်။ ဝိညာဉ်ဆန်စေ့ အတိုင်းပင် သစ်သားဓားပေါ်တွင်တောက်ပသော ငွေရောင်အင်းကွက်ပေါ်ထွက်လာပြီး တဖြည်းဖြည်းချင်း ငွေအရင့်ရောင်သို့ပြောင်းသွားလေသည်။

ဓားသည် အရင်ကပုံစံနှင့် လုံးဝမတူတော့ချေ။ သစ်သားနှင့်လုပ်ထားသောဓား ဖြစ်သော်လည်း ယခုတွင်မူ သတ္တုနှင့် လုပ်ထားသကဲ့သို့ထင်ရသည်။ ဒယ်အိုးထဲမှ ဓားကို ဆွဲထုတ်လိုက်သောအခါ ပိုင်ရှောင်ချန်း၏မျက်လုံးများမှာ အရောင်တောက်လာသည်။ ဓားမှာ ယခင်ကထက်ပိုလေးသွားပြီး အေးစက်သောခံစားချက်တစ်ခုကိုလည်းပေးစွမ်းလေသည်။

” အလုပ်ဖြစ်တယ်။ သစ်သားဓားပေါ်မှာ ငါ့ရဲ့ပထမဦးဆုံး စိတ်စွမ်းအင်အဆင့်မြှင့်ခြင်း အစီအရင် အောင်မြင်သွားပြီကွ ” ဟု ပိုင်ရှောင်ချန်းက ရေရွတ်ကာ ဓားကို ဝမ်းမြောက်စွာနှင့် ပွတ်သတ်နေသည်။ ထို့နောက်ဒယ်အိုးကို လှမ်းကြည့်လိုက်ပြီး ဘာဆက်လုပ်ရင်ကောင်းမလဲ ဟုအကြံထုတ်နေလေသည်။ နောက်ဆုံးတွင်မူ ဒယ်အိုးကို ထိုနေရာမှာပဲ ထားခဲ့ရန်ဆုံးဖြတ်လိုက်သည်။ သူ ထိုဒယ်အိုးကို ပုံမှန်ပစ္စည်းတစ်ခုလိုပဲ သဘောထားမှ အခြားလူများလည်း ထိုဒယ်အိုးကို သတိမထားမိမည်မဟုတ်ပါလော။

ဝိညာဉ်ဆန်စေ့ကိုမူ သူတဖြည်းဖြည်းချင်း နည်းနည်းချင်းစားရန်ဆုံးဖြတ်လိုက်လေသည်။ အခြားသူများ သစ်သားဓားကို မတွေ့သွားစေရန်အတွက်လည်း အထူးဂရုစိုက်နေလေ၏။ ပို၍စိတ်ချရစေရန်အတွက် တောက်ပနေသောအင်းကွက်ကို ဖုံးနိုင်ရန် ဓားကို ဆေးရောင်ခြယ်ရန် ဆုံးဖြတ်လိုက်သည်။

နောက်ဆုံးတွင် အခန်းကို ရှင်းကာ ထူးထူးဆန်းဆန်းဘာမှ မဖြစ်ခဲ့သလို ပုံစံနှင့် ထွက်လာလေသည်။ နောက်ရက်အနည်းငယ်အတွင်း သူသည် ဓားကိုဆေးရောင်ခြယ်ရန် စားဖိုဆောင်ထဲမှ အရည်တစ်ချို့ကို လိုက်၍စုဆောင်းလေသည်။ ထို့နောက်ဓားကို အရုပ်ဆိုးအောင် အရောင်စုံဖြင့်တောက်ပနေအောင်ခြယ်သလိုက်လေသည်။ အရေးကြီးဆုံးအချက်ဖြစ်သည့် ဝိညာဉ်အင်းကွက်ကို တော်ရုံတန်ရုံမသိသာစေရန် ဖုံးအုပ်ထားလေသည်။ အဆုံးတွင် ပိုင်ရှောင်ချန်းသည် ခေါင်းတငြိမ့်ငြိမ့်နှင့် ကျေနပ်နေလေတော့သည်။

နေ့ရက်များ ကုန်ဆုံးသွားသည်နှင့် ပိုင်ရှောင်ချန်းသည်လည်း မီးဖိုဂိုဏ်းထဲတွင်ကျင်လည်နေထိုင်ရသည်မှာ ရေထဲကငါးသကဲ့သို့ အဆင်ချောနေပြီဖြစ်သည်။ အခြားအစ်ကိုကြီးများနှင့်လည်း အဆင်ပြေကာ လုပ်စရာအလုပ်များနှင့်လည်း ကျင့်သားရစပြုလာပြီဖြစ်သည်။ မတူညီသော မှော်အစားအစာများချက်ရန် မတူညီသော မီးအမျိုးစားကိုလိုအပ်ကြောင်း သူသိလိုက်ရလေသည်။ မီးအမျိုးစားများကိုမူ အရောင်ကိုကြည့်၍ခွဲခြားလေသည်။ တစ်ရောင်ခြယ်မီး၊ နှစ်ရောင်ခြယ် မီး အစရှိသဖြင့်ရှိလေသည်။ စောစောက လိပ်ဒယ်အိုးကိုအပူပေးရန်သူသုံးခဲ့သော မီးမှာ တစ်ရောင်ခြယ် ထင်းဖြစ်လေသည်။

ဖက်တီးကျန်းသည် ပိုင်ရှောင်ချန်းကို အထူးသဘောကျကာ အလွန်ဂရုစိုက်လေသည်။ လအနည်းကြာပြီးနောက် သူပြောခဲ့သည့်အတိုင်းပင် ပိုင်ရှောင်ချန်းသည်လည်း ဝိတ်တက်ကာ ဝလာတော့သည်။

သူသည် ဂိုဏ်းထဲသို့စစဝင်ချင်းတုံးက လိုမျိုး ပိန်ပိန်ပါးပါးကောင်လေးမဟုတ်တော့ချေ။ ဝလာပြီး အသားအရည်မှာလည်း ပို၍ကြည်လင် သန့်စင်လာသည်။ အန္တရယ်ပေးနိုင်မည့်ပုံစံ အနည်းငယ်မျှမရှိတော့ပဲ အမှတ်ကိုးဖက်တီးပိုင် ဆိုသောဘွဲ့နှင့် ထိုက်တန်နေပြီဖြစ်သည်။

အထူးအစာစားပွဲကိုလည်း သူကြုံရသည်မှာ တစ်ခေါက်မကတော့ပေ။ သို့သော်လည်း ပိုင်ရှောင်ချန်း စိတ်ပျက်နေသောအချက်မှာ ဝိတ်တက်လာသော်လည်း သူ၏ကျင့်စင်မှာ အရင်ကလို တိုးတက်မှုနှေးနေသော အချက်ပင်ဖြစ်သည်။ နောက်ဆုံးတွင်မူ ထိုအချက်ကို စိတ်ပူမနေတော့ပဲ အချိန်တော်တော်များကို သူ၏အစ်ကိုကြီးများနှင့် သောက်စားကာ ကုန်ဆုံးစေလေတော့သည်။ ဘဝကြီးသည်ကား သာသာယာယာပင်။ လအနည်းငယ်ကြာသောအခါ စိတ်စွမ်းအင်နတ်ရေစင် ဂိုဏ်းထဲက လတ်တလောအဖြစ်အပျက်များ၏ အတင်းအဖျင်း သတင်းများကို တစ်စတစ်စ ကြားမိလေသည်။

ဖက်တီးကျန်းကသူ့ကိုဂိုဏ်း၏သဘောတရားများကိုထပ်၍သင်ပေးထားသည်။ ဂိုဏ်းသားများကို အတွင်းစည်းဂိုဏ်းသားများနှင့် အပြင်စည်းဂိုဏ်းသားများဟူ၍ ၂မျိုးခွဲထားကြောင်း သိရလေသည်။ ချီစုစည်းမှု အဆင့်၃ သို့ရောက်သောမည်သည့် အစေခံမဆို ဂိုဏ်း၏တောင်ထိပ်အမျိုးမျိုးရှိလမ်းကြောင်းများတွင်ပြုလုပ်သော မီးဖြင့်စမ်းသပ်သည့်အစီအရင်တွင် ဝင်ရောက်စိန်ခေါ်နိုင်သည်။ ထိုစမ်းသပ်မှုတစ်ခုကို အောင်မြင်သော အစေခံသည် သက်ဆိုင်ရာတောင်ထိပ်ကို အပြင်စည်းဂိုဏ်းသားအဖြစ် ဝင်ရောက်နိုင်သည်။ အပြင်စည်းဂိုဏ်းသားဖြစ်မှသာလျှင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တစ်စိတ်တစ်ပိုင်း ဟုခေါ်ဆိုရမည်ဖြစ်လေသည်။

သို့ရာတွင် ထိုကဲ့သို့အောင်မြင်ဖို့မှာ အင်မတန် အံ့သြဖွယ်ကောင်းသော အရာတစ်ခုဖြစ်ပြီး ” နဂါးတံခါးဝကို ခုန်ကျော်နိုင်သောငါး” ဟူသော ဆိုရိုးစကားနှင့်ပင် နှိုင်းယှဉ်ကြလေသည်။ လစဉ်ကျင်းပသော မီးဖြင့်စမ်းသပ်သည့်အစီအရင်ထဲက ထိပ်ဆုံး၃ယောက်ကိုသာ လက်ခံမည်ဖြစ်သည်။ ထို့ကြောင့် အပြင်စည်းဂိုဏ်းသားအဖြစ်လက်ခံမည့်လူအရေအတွက်မှာ အကန့်အသတ်နှင့်ဖြစ်လေသည်။

တစ်ရက်တွင် အမှတ်ခုနစ်ဖက်တီးသည် အပြင်ထွက်ကာ ရိက္ခာများဝယ်ရန် တာဝန်ကျသော်လည်း အခြားကိစ္စများနှင့် အလုပ်ရှုပ်နေ၏။ ထို့ကြောင့် အစ်ကိုဖက်တီးကျန်းက ပိုင်ရှောင်ချန်းကိုခေါ်ကာ ဖက်တီးခုနစ်အစားသွားခိုင်းလေသည်။ လွန်ခဲ့သောလအနည်းက ရွှီပေါက်ချိုင်နှင့် တက်ခဲ့သောပြဿနာကိုပြန်စဉ်းစားမိသောကြောင့် ပိုင်ရှောင်ချန်းမှာ ခေတ္တမျှ တုံ့ဆိုင်းနေသည်။ စိတ်ပူစရာအရာမဟုတ်သော်လည်း ကြောက်စိတ်ကိုမဖျောက်နိုင်ပေ။ ထို့ကြောင့် မထွက်ခွာခင် သူ့အခန်းထဲသို့သွား၍ အသားခုတ်ဓား ၈ ချောင်းကိုယူကာ သားရေအင်္ကျီ၆ထည်ကို ဝတ်လိုက်လေသည်။ ထိုအခါ သူ့ပုံစံသည်ဘောလုံးတစ်လုံး နှင့်တူနေလေသည်။

သို့သော်လည်း အရေးကြီးသည့်အချက်မှာ သူလုံခြုံသည်ဟု ခံစားရဖို့ပင်ဖြစ်သည်။နောက်ဆုံးတွင် ဒယ်အိုးကို သူ၏နောက်ကျောတွင်ချည်လိုက်ပြီးနောက် လုံးဝလုံခြုံသွားပြီ ဟုခံစားလိုက်ရလေသည်။ ထို့နောက် စားဖိုဆောင်မှထွက်ကာ တောင်အောက်သို့ တယိမ်းတယိုင်နှင့်ဆင်းသွားလေတော့သည်။

ဂိုဏ်းထဲမှ အစိမ်းရောင် ထုံးကျောက်လမ်းတစ်လျှောက် လျှောက်လာရင်း ခြံဝန်းထဲရှိလှပသော အဆောက်အဦများကို ကြည့်ကာ သူ၏စိတ်ထဲတွင် အရင်ကထက်ပို၍ပင် ဝင့်ကြွားလာတော့သည်။

“အချိန်တွေကုန်တာ မြန်ချက်ပဲ။ ဘဝကြီးက အိပ်မက်တစ်ခုလိုပါပဲလား။ ငါ၊ ပိုင်ရှောင်ချန်း ကျင့်စင်ကျင့်တာ လအနည်းငယ်ပဲရှိသေးပေမယ့် လူ့လောကကြီးနဲ့ ငါရွာမှာနေခဲ့ရတုံးကဘဝကြီး အကြောင်း ပြန်တွေးမိလိုက်တိုင်း မျက်ရည်စို့မိနေတုံးပဲ။ ” ဟု လက်နှစ်ဖက်ကို နောက်ကျော တွင်ချိတ်ကာ ဟန်ပါပါလမ်းလျှောက်ရင်း အတွေးထဲစီးမျောနေလေသည်။ အဝတ်အစားအထပ်ပေါင်း များစွာဝတ်ကာ နောက်ကျောတွင် ချည်ထားသောဒယ်အိုး၊ ခါးပတ်မှတွဲလောင်းကျနေသော အသားခုတ်ဓား၈ချောင်း ဖြင့် လမ်းလျှောက်လာပုံမှာ ကော်ပတ်ဘောလုံး အစုတ်တစ်လုံးနှင့် တူနေလေသည်။ တစ်ချက်တစ်ချက်တွင်မူ သူ့ကို အထူးတဆန်း လိုက်ငေးကြည့်ကြသော အစေခံများနှင့်လည်းတွေ့ရလေသည်။

အချို့သော မိန်းကလေးအစေခံများဆိုလျှင် သူ့ကိုမြင်သောအခါ မထိန်းနိုင်ပဲ အော်ရယ်မိကြလေသည်။ ပါးစပ်ကိုလက်ဖြင့်အုပ်ထားသောကြောင့် ရယ်သံများမှာ ငွေရောင် ဆည်းလည်းသံများကဲ့သို့ ကြည်လင်ပြတ်သားကာ နားဝင်ချိုလှသည်။

ရှက်သွေးဖျန်းကာ မျက်နှာအနည်းငယ်နီရဲသွားသော ပိုင်ရှောင်ချန်းကမူ ကိုယ့်ကိုယ်ကို အရင်ကထက်ပင် ပို၍အထင်ကြီးမိလာတော့သည်။ လည်ချောင်းတစ်ချက်ဟန့်လိုက်ကာ ရင်ကော့ရင်း လမ်းကိုဖြည်းဖြည်းချင်းဆက်လျှောက်လာသည်။

များမကြာမှီ တတိယမြောက်တောင်ထိပ်၏ အစေခံတန်းလျားမှ မထွက်ခွာခင်ချိန်တွင် အစေခံတစ်ချို့ စိတ်လှုပ်ရှားစွာ အဝေးတစ်နေရာသို့ အပြေးအလွှားသွားနေကြသည်ကို သူသတိထားမိလိုက်သည်။ အပြင်ဘက်စည်းဂိုဏ်းသားများ စုဝေးရာနေရာဖြစ်သော တတိယမြောက်တောင်ထိပ်သို့တက်ရာလမ်းဘက်သို့ သွားနေကြဟန်တူသည်။

ထိုဘက်သို့ စိတ်လှုပ်ရှားစွာ ပြေးသွားနေကြသော အစေခံများမှာ ပို၍ပို၍ များလာလေသည်။ ထိုမြင်ကွင်းကြောင့် အံ့သြနေသော ပိုင်ရှောင်ချန်းသည် အနီးနားကပြေးနေသော ပိန်ပါးပါးအစေခံတစ်ယောက်ကိုလှမ်းဆွဲလိုက်သည်။

“ဂိုဏ်းတူညီလေး။ ဘာတွေဖြစ်နေတာတုံးကွ။ ဘာလို့ လူတွေအကုန် အဲ့ဘက်ကို အပြေးအလွှားသွားနေကြတာတုံး။” ဟု ပိုင်ရှောင်ချန်းက နားမလည်နိုင်သောအကြည့်နှင့်မေးလိုက်သည်။

လူငယ်က စိတ်ဆိုးသောအကြည့်နှင့်ကြည့်လိုက်ရင်း ပိုင်ရှောင်ချန်း၏ ကျောပေါ်က အနက်ရောင်ဒယ်အိုးကိုမြင်လိုက်သဖြင့် မနာလိုဟန် ဖြစ်သွားသည်။

“အစ်ကို့ကိုစားဖိုဆောင်ကမှန်း မသိလိုက်လို့ပါ ဂိုဏ်းတူအစ်ကို။ အစ်ကိုလည်း ကျနော်တို့နဲ့အတူ လိုက်ကြည့်လိုက်လေ။ အပြင်စည်းဂိုဏ်းက လက်ရွေးစင် ၂ ယောက်ဖြစ်တဲ့ ကျိုးဟုန်နဲ့ ကျန်းရိသဲ့တို့ မီးနဲ့စမ်းသပ်တဲ့မြေကွက်လပ်မှာ တိုက်ခိုက်နေကြတာလေ။ သူတို့၂ယောက်က အရင်ထဲက ရန်ငြိုးရန်စရှိဖူးတယ်လို့တော့ကြားတယ်ဗျ။ သူတို့က ချီစုစည်းမှုအဆင့်၆ရောက်နေပြီဆိုတော့ သူတို့တိုက်ခိုက်တာကိုကြည့်ရင်း လေ့လာသင်ယူစရာလေးတွေ ရနိုင်တယ်လေဗျာ။” ဟုရှင်းပြရင်း တိုက်ပွဲလွတ်သွားမှာကိုစိုးရိမ်သောဟန်ဖြင့် အပြေးထွက်သွားလေသည်။

ပိုင်ရှောင်ချန်းလည်း အလွန်စိတ်ဝင်စားသွားပြီး လူအုပ်ကြီးအတိုင်းလိုက်သွားလေသည်။ အစေခံတန်းလျားမှထွက်ကာ တတိယမြောက်တောင်ထိပ်၏အခြေသို့ရောက်သော် စင်မြင့်ကြီးတစ်ခုအားတွေ့ရလေသည်။

စင်မြင့်ကြီးမှာ မီတာ ၃ထောင်လောက် အကျယ်အဝန်းရှိပြီး အစေခံများဖြင့် ဝိုင်းနေလေ၏။ တောင်ပေါ်ကနေ၍ လှမ်းကြည့်နေသည့် တောက်ပြောင်သော အဝတ်အစားများနှင့် အပြင်စည်းဂိုဏ်းသား များပင်ရှိနေသည်။

စင်မြင့်ပေါ်တွင် ခမ်းနားသောအဝတ်အစားများဝတ်ဆင်ထားသည့် လူငယ်၂ယောက်ကနေရာယူထားလေသည်။ တစ်ယောက်၏ မျက်နှာတွင်မူ အမာရွတ်ကြီးရှိကာ တစ်ခြားတစ်ယောက်၏ အသားအရေမှာ ကျောက်စိမ်းရောင်ကဲ့သို့ ဖွေးစွတ်နေ၏။ သူတို့၂ယောက် အပြန်အလှန်တိုက်ခိုက်နေရာမှ ထွက်လာသောအသံကျယ်ကြီးများသည် ပဲ့တင်ထပ်နေလေသည်။

မှော်ပစ္စည်းများမှ အလင်းရောင်များက သူတို့၂ယောက်လုံးကို ဝန်းရံထားသည်။ မျက်နှာတွင်အမာရွတ်ရှိသော လုလင်၏ ရှေ့တွင် ကိုယ်ပျောက်လက်တစ်စုံကဝှေ့ယမ်းနေသဖွယ် အလိုအလျောက် ပျံသန်းနေသော အလံငယ်လေးရှိလေသည်။ ထိုအလံလေးသည် နားကွဲမတတ်ဟိန်းသံများ မြည်ဟည်းကာ မြူခိုးကျား အဖြစ်သို့ ပြောင်းသွားလေသည်။

ကျောက်စိမ်းရောင် လုလင်ပျိုသည်ကား တိုက်ခိုက်နေရင်း လှုပ်ရှားနေသည်မှာ ရှေ့နှင့်နောက် နွဲ့ယိမ်းကာ ကနေသလိုပင်။ သူ၏ အပြာရောင်ဓားအသေးလေးသည် လျှင်မြန်လွန်းလှသဖြင့် လေကိုခွင်းရာ လမ်းတစ်လျှောက်တွင် အလင်းတန်းများပင် ပေါ်လာသည်။

ထိုသို့ပျံသန်းနေသော ဓားကိုကြည့်ရင်း ပိုင်ရှောင်ချန်းသည် မှင်သက်နေလေ၏။ သူ၏ သစ်သားဓားကို ထိုအတိုင်းထိန်းချုပ်နိုင်သော်လည်း သူ၏ကျွမ်းကျင်မှုသည် ထို ကျောက်စိမ်းရောင်လုလင်နှင့် ယှဉ်ဖို့ရာကား မဖြစ်နိုင်ချေ။

ပို၍ အံ့သြဖွယ်ကောင်းသည်မှာ ထိုလုလင်ပျို ၂ယောက်လုံးသည် အလျှော့ပေးဟန် တစ်စက်လေးမျှမရှိခြင်းပင်။ အသေသတ်မည့်စိတ်များဖြင့် တိုက်ခိုက်နေကြခြင်းဖြစ်ပြီး တစ်ခဏလေးအတွင်း သေစေနိုင်သော အခြေအနေများ ပေါ်ထွက်လာလေသည်။ နှစ်ယောက်လုံး ဒဏ်ရာအကြီးအမားတွေရကုန်ကြလေသည်။ သေလောက်သည်အထိ မပြင်းထန်သော်လည်း ကြည့်ရသူများအဖို့ ရင်ထိတ်ဖွယ်ပင်ဖြစ်သည်။ ကျင့်ကြံသူများ တိုက်ပွဲကို ပိုင်ရှောင်ချန်း ယခုပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်ပြီး သူတွေးထားပုံနှင့် လားလားမျှပင်မသက်ဆိုင်ပေ။ ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်နေကြသည့်အတွက် သူ၏နှလုံးမှာ ကြောက်စိတ်များနှင့် တဒုတ်ဒုတ် ခုန်နေလေသည်။

” ထာဝရအသက်ရှည်နည်း ကျင့်တယ်ဆိုတာ ထာဝရနေထိုင်နိုင်ဖို့ပဲမဟုတ်ဘူးလား။ ဘာလို့များ ဒီလိုသတ်ဖြတ် တိုက်ခိုက်နေကြတာလဲ။ ငါ့ရဲ့ သနားစရာအသက်လေး ဒီလိုတိုက်ခိုက်ရင်း ပျောက်သွားရင်ဘယ်လိုများလုပ်ရပါ့မလဲကွာ။” ဟု အမာရွတ်မျက်နှာ ပိုင်ရှင်လုလင်ပျို၏ မြူခိုးကျားက တစ်ခြားလုလင်ပျိုအား အငမ်းမရ ခုံအုပ်လိုက်ပုံကို ကြည့်ရင်း ပိုင်ရှောင်ချန်းက တုန်လှုပ်စွာတွေးကာ တံတွေးများပင် မြိုချနေလေ၏။ မျက်ခုံးများမှ စီးကျလာသည့် ချွေးများကိုသုတ်လိုက်ကာ ပြင်ပလောကကြီးသည်ကား အန္တရာယ်ကြီးသော နေရာတစ်ခုဖြစ်ကြောင်း စားဖိုဆောင်မှာ လုံလုံခြုံခြုံနေတာကသာ ပို၍ကောင်းကြောင်းတွေးမိလေသည်။

ထိုသို့တွေးရင်း ထွက်ခွာမည်ပြုလိုက်စဉ် ရုတ်တရက် သူ့နာမည်ကို အော်ခေါ်နေသံကိုကြားလိုက်ရလေသည်။

” ပိုင်ရှောင်ချန်း ”

အသံလာရာဘက်ကို လှည့်ကြည့်လိုက်သောအခါ သတိပေးစာပိုင်ရှင် ရွှီပေါက်ချိုင်က ကြောက်စရာကောင်းသော မျက်နှာပေးနှင့် သူ့ဆီသို့ ပြေးလာနေသည်ကို တွေ့လိုက်ရလေသည်။ ချီစုစည်းမှုအဆင့် ၁ ထက်ပိုသော ထူးဆန်းသည့် အလင်းတန်းများဖြင့်တောက်ပနေသော သစ်သားဓားတစ်ချောင်းသည် သူ့ဘေးနားက ဖြတ်ပျံသွားလေသည်။ ဓားပျံသန်းရာလမ်းတစ်လျှောက်တွင် အလင်းတန်းတစ်ခုကျန်ခဲ့ပြီး ကြောက်မက်ဖွယ် စိတ်စွမ်းအား တစ်ခု ပေါ်ထွက်လာလေသည်။

ထိုသစ်သားဓားသူ့ဆီသို့ ပျံလာနေသည်ကိုမြင်လိုက်သောအခါ ပိုင်ရှောင်ချန်းသည် မျက်လုံးပြူးသွားပြီး သေကံတော့နီးပြီဟေ့ ဟူသောအတွေးများ ဝင်လာလေသည်။

“ဟာ…. သူတော့ငါ့ကိုသတ်တော့မှာပဲဟ”

“လူသတ်သမားပါဗျို့။ လူသတ်သမားပါ။” ဟုရုတ်တရက်ထအော်ကာ ဆန့်ကျင်ဘက်ကိုထွက်ပြေးလေးတော့သည်။

ထိုနေရာရှိ အစေခံများလည်း အော်သံကိုကြားသောကြောင့် အလန့်တကြားလှည့်ကြည့်ကြလေသည်။ အော်သံမှာကျယ်လွန်းသည့်အတွက် ကျိုးဟုန်နှင့် ကျန်းရိသဲ့တို့ ပင်လျှင် တိုက်ပွဲကိုရပ်လိုက်ကြလေသည်။

ရွှီပေါက်ချိုင်ပင်လျှင် ထိုအော်သံများကြောင့် အနည်းငယ်လန့်သွားလေသည်။ ပိုင်ရှောင်ချန်း၏နာမည်ကို အော်ခေါ်ပြီး သူ့နောက်ကိုလိုက်ရုံတင်လိုက်ရသေးသည်မဟုတ်ပါလော။ သူ့ဓားသည်ပိုင်ရှောင်ချန်းကိုပင် မထိရသေးသော်လည်း ပိုင်ရှောင်ချန်းအော်နေပုံမှာကား မသိလျှင် အကြိမ်ပေါင်းများစွာ ဓားထိုးခံထားရသကဲ့သို့ပင်။

ရွှီပေါက်ချိုင်သည် ပိုင်ရှောင်ချန်းကို မုန်းသည့်စိတ်ကြောင့် သွားဖုံးတွေယားသည် အထိပင်။ ဖြူဖပ်ဖြူရော်ဖြစ်နေသောမျက်နှာနှင့် သူ့နောက်ကိုပြေးလိုက်ကာ “ဟေ့ကောင် ပိုင်ရှောင်ချန်း။ မင်းဘယ်လို ချရမယ်မှန်းသိတယ်မလား။ လာစမ်းကွာ။ ဘာကိစ္စဒီလိုထွက်ပြေးနေရတာလဲ။” ဟု အော်ဟစ်နေလေ၏။

“ငါသာ သိုင်းချတတ်ရင်ထွက်ပြေးနေပါ့မလားကွ ငမိုက်သားရ။ အဲ့လိုဆိုမင်းကိုအရင်ထဲက သတ်ပြီးတာကြာပေါ့။ လူသတ်သမားပါဗျို့။ လူသတ်သမားပါဗျ။” ဟု ငယ်သံပါအောင်အော်ကာ ထွက်ပြေးနေပုံမှာ ယုန်ဖက်တီးလေးတစ်ကောင် ပြေးနေသည့်အတိုင်းပင်။

ထိုအချိန်တွင် တောင်ထိပ်ရှိလေထဲသို့ငေါထွက်နေသော အဆောက်အဦထဲတွင် လူ၂ယောက် ကျားကစားနေကြလေသည်။ တစ်ဦးမှာ လူလတ်ပိုင်းဖြစ်ကာ ကျန်တစ်ဦးမှာ အဘိုးအိုတစ်ယောက် ဖြစ်လေသည်။

သက်လတ်ပိုင်းလူသည်ကား မည်သူမှမဟုတ် ။ လီချင်ဟောက်ပင်ဖြစ်လေသည်။

အဘိုးအိုသည်ကားနီမြန်းသောအသားအရေ ရှိပြီး တစ်ခေါင်းလုံးရှိဆံပင်များက ဖွေးစွတ်နေလေသည်။ သူ၏မျက်လုံးများမှာ တောက်ပနေပြီး တော်ရုံလူမဟုတ်သည်မှာ ထင်ရှားသည်။ သူကအောက်တွင် ဖြစ်ပျက်နေသောအရာများကို အပေါ်ကနေငုံ့ကြည့်နေသည်။

“ချင်ဟောက်ရေ။ မင်းခေါ်လာတဲ့ကလေးကတော့ စိတ်ဝင်စားဖို့အကောင်းသားပဲကွ။” ဟု ရယ်ရင်းပြောလိုက်လေသည်။

“အရှက်ရစရာတွေတော့ဖြစ်ကုန်ပါပြီ ဂိုဏ်းခေါင်းဆောင်ရယ်။ အဲ့ကလေးရဲ့ စိတ်နေစိတ်ထားကို အများကြီးပြုပြင်ပေးစရာလိုသေးတယ်။” ဟု လီချင်ဟောက်က ခေါင်းခဲနေသောလေသံဖြင့်ဆိုကာ သူ၏ ဇယ်စေ့ကို ဘုတ်ပြားပေါ်သို့တင်ကာ ခေါင်းရမ်းပြလေသည်။

“စားဖိုဆောင်ထဲက ကလေးတွေက မာနကြီးပြီး ပေါင်းသင်းရခက်တာကို ဒီကောင်လေးကတော့ ချက်ချင်းဝင်ဆံ့သွားတာကွ။ လွယ်တဲ့အလုပ်တော့မဟုတ်ဘူးနော်…ဟင်း……” ဟု အဘိုးအိုက သူ၏မုတ်ဆိတ်မွှေးကို သပ်ရင်း ရယ်ကျဲကျဲပြောလိုက်လေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset