Switch Mode

အခန်း ( ၄ )

စိတ်စွမ်းအင် အဆင်မြှင့်တင်ခြင်း

အားလုံးက ပျော်ရွှင်မြူးတူးနေကြပြီး ပိုင်ရှောင်ချန်း၏အကြံကိုလည်း အလွန်သဘောကျ နှစ်ခြိုက်နေကြသည်။

ရှောင်ချန်းက ရုပ်ရည်ခန့်ညားရုံပင်မက လိမ်မာပါးနပ်မှုကလည်းရှိသည်။

ဖက်တီးကျန်းသည် ပိုင်ရှောင်ချန်းကို ဆုအဖြစ်ဖြင့် စိတ်ဝိညာဉ်ဆန်စေ့တစ်စေ့ကို ချီးမြှင့်လေသည်။

ရှောင်ချန်းသည် မူးနေသဖြင့် ကယိမ်းကပါးနှင့် အပျော်လွန်ပြီး အခန်းသို့ပြန်သွားသည်။ ခုတင်ပေါ်ကို မတက်နိုင်လိုက်မီမှာပင် အမျိုးစုံသော အဖိုးတန်စားဖွယ်များမှ စုပ်ယူထားသမျှ စိတ်စွမ်းအားများသည် သူ့ခန္ဓာကိုယ်ထဲတွင် ရုတ်တရက်ပေါက်ကွဲထွက်ကုန်သည်။ ချာချာလည်အောင် ခေါင်းမူးလွန်းသဖြင့် မြေပြင်ပေါ်သို့ မျက်နှာအပ်ပြုတ်ကျကာ တခေါခေါအိပ်ပျော်သွားသည်။

သူသည် တစ်ညလုံးနှစ်ခြိုက်စွာ အိပ်မောကျခဲ့သည်။ နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် မျက်လုံးများကို အလင်းရောင်ထိုးသဖြင့် နိုးလာသည်။ သူ့ကိုယ်သူပြန်ငုံ့ကြည့်လိုက်သောအခါ မနေ့ကထက်ပိုပြီးဝနေသည်ကို တွေ့ရလေသည်။ ထို့အပြင် သူ့အရေပြားပေါ်တွင်လည်း စေးကပ်ကပ်နှင့်အညစ်အကြေး အလွှာတစ်ခုလည်း ရှိနေသေးသည်။အညစ်အကြေးများကို ဆေးရန် အလျင်အမြန်ထွက်သွားချိန်တွင် ဖက်တီးကျန်း နှင့် အခြားသူများသည် ဂိုဏ်းသားများအတွက် မနက်စာပြင်ဆင်နေကြသည်။ သူတို့က ဖရိုဖရဲနှင့် အိပ်ရာနိုးလာစ ပိုင်ရှောင်ချန်းကိုတွေ့လိုက်သောအခါ ဝိုင်းရယ်ကြလေသည်။

“အမှတ်ကိုး ဂိုဏ်းတူညီလေး… ဒီအညစ်အကြေးတွေက မင်းကိုယ်ထဲကထွက်လာတဲ့ အညစ်အကြေးတွေကွ…ဒါတွေကို တစ်ခေါက် ဆေးကြောပြီးတိုင်းမှာ ကျင့်ကြံဖို့အတွက် တစ်ဆင့်ပိုလွယ်သွားပြီ…ရက်အနည်းငယ်လောက် အနားယူနိုင်တယ်…ခုရက်ပိုင်းတော့ ငါတို့ကို ကူလုပ်စရာ မလိုသေးဘူး…ဒီရက်တွေအတွင်းမှာ သေချာကျင့်ပေါ့…သြော်…ဒါနဲ့ ဝိညာဉ်ဆန်ကို မမေ့ပစ်လိုက်နဲ့နော်…ပျက်စီးမသွားခင် စားပစ်လိုက်ဦး ”

” ဟုတ်ကဲ့ ”
ပိုင်ရှောင်ချန်းက ပြန်ပြောသည်။

ရှောင်ချန်းသည် တော်တော်လေးအားပြည့်နေသကဲ့သို့ ခံစားရသည်။ သူ့အခန်းကိုပြန်ပြီး မီးဖိုပေါ်က လိပ်ခွံသဏ္ဍာန်ဒယ်အိုးကိုဆွဲယူလိုက်သည်။ဒယ်အိုးထဲရေဖြည့်ပြီးနောက် မီးဖိုပေါ်သို့ အိုးကို တဖန်ပြန်တင်လိုက်သည်။ ထို့နောက် ဝိညာဉ်ဆန်စေ့ကို အိတ်ထဲမှထုတ်ပြီး စစ်ဆေးကြည့်ရှုလေသည်။ ထိုဆန်စေ့သည် လက်မခန့်အရွယ်အစားရှိပြီး ဖန်သားအသွင် ကြည်လင်နေသည့်အပြင် တလှိုင်လှိုင်သင်းကြိုင်သော ရနံ့လည်းရှိလေသည်။

” ထာဝရရှင်သန်သူတွေက ဒါကို စားတယ်ဆိုရင် ဒါက အံ့သြစရာကောင်းလို့ဖြစ်မယ် ”

ရှောင်ချန်းသည် သက်ပြင်းချရင်း ထင်းတချို့ကို မီးဖိုထဲသို့ ပစ်ထည့်ပြီး မီးမွှေးလိုက်ရာ ရုတ်တရက် မီးဟပ်ခံလိုက်ရသည်။ ထို့ကြောင့် ရှောင်ချန်းသည် နောက်သို့ ထိတ်လန့်စွာ ခုန်ဆုတ်လိုက်ပြီး ကြောက်လန့်လွန်းသဖြင့် မျက်လုံးလေး ပေကလပ် ပေကလပ်ဖြစ်နေသည်။ ပြီးနောက် သူ့ကို အနာတရဖြစ်အောင်လုပ်သည့် မီးကို မကျေနပ်သောကြောင့် အထင်သေးဟန်နှင့် မျက်လုံးပြူးကာ လျှာထုတ်ပြောင်ပြလေသည်။

“ဒါက သာမန်မီးမဟုတ်ဘူးဟ…မီးစွဲနှုန်းကလည်း မြန်ချက်ပဲ…အပူချိန်ကလည်း ရွာကမီးထက် အဆမတန် ပိုပူတယ်”

မီးထဲက ထင်းတွေကိုကြည့်ရင်း ထင်းများသည် သာမန်ထင်းများ မဟုတ်ကြောင်း ရှောင်ချန်း သတိပြုမိလာသည်။

ထိုအချိန်တွင် မီးသည် အစောပိုင်းကထက်ပင် ပိုမိုပူလောင်စွာ လောင်ကျွမ်းလျက်ရှိသည်။ ထိုစဉ် လိပ်ခွံသဏ္ဍာန် ဒယ်အိုးပေါ်မှ အစင်းကြောင်းများသည် လိပ်အမြီးမှ ခေါင်းတိုင်အောင် တဖြည်းဖြည်း ရောင်စဉ်အလင်းတန်းများ တောက်ပစွာ ထွက်ပေါ်လာသဖြင့် ရှောင်ချန်းသည် အလွန်အမင်း အံ့အားသင့်လျက်ရှိသည်။

ရှောင်ချန်းသည် အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသားနှင့် အကြောင်သား ငေးကြည့်နေမိသည်။ ထို့နောက် အိပ်မက်ဟုတ်မဟုတ် သေချာအောင် ကိုယ့်ပေါင်ကိုကိုယ် မယုံနိုင်စွာ ရိုက်ကြည့်သည်။

“ငါသိပြီ ဒီဒယ်အိုးက ရတနာတစ်မျိုးပဲ…ဖက်တီးကျန်းကြီး
ရဲ့ ဒယ်အိုးထက်ကို ကျိန်းသေပိုကောင်းတဲ့ ဒယ်အိုးပဲ”

ထို ဒယ်အိုးသည် သာမာန်ဒယ်အိုးမဟုတ်သည်မှာ ပိုပြီးသေချာသွားလေသည်။ ရှောင်ချန်းသည် ရေထဲသို့ ဝိညာဉ်ဆန်စေ့ကို အလျင်အမြန် ထည့်လိုက်သည်။

ထို့နောက် သူသည် ဒယ်စောက်အိုး ခရမ်းရောင်ချီ ထိန်းချုပ်နည်းပညာရပ် ရေးထိုးထားရာ ဝါးပုရပိုက်ဘေးတွင်ထိုင်ချလိုက်သည်။ ကျမ်းထဲရှိ ပထမပုံတွင်ပြထားသည့်အတိုင်း ရှောင်ချန်းက စတင် ကျင့်ကြံလေသည်။

သူသည် စပြီး ကျင့်ကာစမှာပင် မျက်လုံးပြူးသွားသည်။ မနေ့က ပင်ပန်းဆင်းရဲစွာ ကျင့်ကြံခဲ့ရသော ကျင့်စဉ်များသည် ယနေ့တွင် လွယ်ကူနေသလို ခံစားရသောကြောင့် ဖြစ်သည်။တကယ်တော့ သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် အနည်းငယ်မျှပင် အဆင်မပြေခြင်း အလျဉ်းမရှိဘဲ သက်တောင့်သက်သာဖြစ်လျက်ရှိသည်။ ထို့အပြင် အသက်ရှူကျင့်စဉ်မှာလည်း မွမ်းကြပ်မှုများကို လုံးဝမခံစားရပေ။ သူသည် အလွန်ပင် နှစ်လိုဖွယ် အထိအတွေ့ကို ခံစားနေရသည်။ မနေ့က အသက်ရှူရာတွင် သုံးလေးကြိမ်တည်းသာ ထိန်းနိုင်ခြင်းမှာ လုံးဝသေချာသော်လည်း ယနေ့တွင်မူ ခုနစ်ကြိမ် ရှစ်ကြိမ်ပြီးသည်တိုင် နာကျင်မှုနှင့် အဆင်မပြေမှုကို မခံစားရပေ။

ရှောင်ချန်းသည် စိတ်လှုပ်ရှားမှုကို ထိန်းထားပြီး ကြိုးစားကျင့်ကြံရာ အကြိမ်သုံးဆယ်ထွက်သက်ရှုထုတ် ပြီးသည်အထိ အေးအေးဆေးဆေး အောင်မြင်ခဲ့သည်။ နောက်ဆုံးတွင် သူသည် စိတ်မသက်မသာနှင့် အားနည်းသကဲ့သို့ ခံစားလာရပြီး သူ့ကိုယ်တွင်းမှာ ချီစီးကြောင်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ ၎င်းက အလွန်အေးစက်နေပြီး လျင်မြန်စွာလှည့်ပတ်လာကာ သူ၏ခန္ဓာကိုယ်တွင်း စက်ဝိုင်းပုံ တစ်ပတ်အပြည့် မပတ်နိုင်ခင်မှာပင် ပျောက်ကွယ်သွားသည်။ သို့သော် ရှောင်ချန်းသည် စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်လျက်ရှိသည်။

” ချီ…ဟား…ဟား…ဟား…နောက်ဆုံးတော့ ချီတချို့ ပေါ်လာခဲ့ပြီလေ”

သူသည် ရင်ခုန်စွာ အော်ဟစ်နေပြီး သူ့အခန်းဆီသို့ ခြေဦးလှည့်လိုက်သည်။ မနေ့ညက သူစားသုံးခဲ့သော အဖိုးတန်ပစ္စည်းများနှင့် တခုခုပတ်သက်နေခြင်းဖြစ်ကြောင်း သူလျင်မြန်စွာ ကောက်ချက်ချလိုက်သည်။ ရုတ်တရက်ပင် သူသည် ထိုအရာများကိုနောက်ထပ် ထပ်စားချင်လာသည်။

” စားဖိုဆောင်ထဲမှာ အငတ်နေရလို့သေတော့မှာဆိုရင်တောင် ဂိုဏ်းပြင်ထွက်သွားတာထက် ပိုကောင်းသေးတယ်လို့ အကိုကြီးကျန်း တွေးတာ အံ့သြစရာမဟုတ်ဘူး။ အပြင်စည်းဂိုဏ်းသားတွေဆိုရင် ဒီလိုအခွင့်အရေးမျိုးတွေနဲ့တောင် ကြုံရမှာ မဟုတ်ဘူး ”

ဤတစ်ကြိမ်တွင် ရှောင်ချန်းသည် ထွက်သက် အကြိမ်ခြောက်ဆယ်တိုင်အောင် ကိုယ်ဟန်ကို ထိန်းသိမ်းနိုင်ခဲ့သည်။ ယခုအခါ ချီစီးကြောင်းတစ်ခုသည် သူ့ကိုယ်တွင်းမှာ သိသာထင်ရှားစွာ ထွက်ပေါ်လာပြီး လျင်မြန်စွာလှည့်ပတ်လာသည်။

အရင်လေ့ကျင့်ခဲ့သည့်အတွေ့အကြုံများအရ သူသည် ကျမ်းထဲက ပထမပုံထဲတွင် ပြထားသည့်အတိုင်း ချီကို တိကျသောလမ်းကြောင်းအဖြစ် စတင်ထိန်းချုပ်ရန် အဆင်သင့်ဖြစ်နေခဲ့သည်။

မကြာမီမှာပင် ချီသည် သူအလိုရှိသည့်အတိုင်း ခန္ဓာကိုယ်အတွင်း စီးဆင်းနိုင်လာသည်။ ပထမပုံတွင်ပြထားသကဲ့သို့ သူသည် ကိုယ်ဟန်အမူအရာကို ပြုလုပ်ကာ လှည့်ပတ်စေလိုက်ရာ သူ့ခန္ဓာကိုယ်အနှံ့မှ အအေးဓာတ်များ ထွက်ပေါ်လာပြီး အချို့သည် ရေစက်များအဖြစ်ပင် ပြောင်းလဲသွားသည်။ ချီစီးကြောင်းသည်လည်း ပိုပြီး အားကောင်းလာ၏။

အဆုံးသတ်တွင် အဆက်မပြတ်လည်ပတ်နေသည့် ချီစီးကြောင်း တစ်ခုဖြစ်လာသည်။ သူ့တစ်ကိုယ်လုံးတုန်တုန်ရီရီဖြစ်လာပြီး အငွေ့များထွက်လာသည်။ တဂျုံးဂျုံးမြည်သံတစ်သံသည် သူ့ကိုယ်တွင်းထဲမှာ ထွက်ပေါ်လာကာ ပဲ့တင်ထပ်လျက်ရှိသည်။

အရင်ကထက် သူအလွန်ပေါ့ပါးသွက်လက်သွားသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ တချိန်တည်းတွင်ပင် သူ့ခန္ဓာကိုယ်ထဲမှ အညစ်အကြေးများသည် အညစ်အကြေးအလုံးလေးများ အဖြစ်သို့ ပြောင်းလဲကာ ခန္ဓာကိုယ်အပြင်ဘက်သို့ ထွက်သွားကြသည်။

သူ့ကိုယ်ထဲက ချီစီးကြောင်းသည် ယခင်တစ်ခေါက်ကနှင့်မတူဘဲ ပျောက်ကွယ်သွားခြင်း မရှိဘဲ ခန္ဓာကိုယ်ထဲတွင် စက်ဝိုင်းသဏ္ဍာန်လှည့်ပတ်နေသည်။ ရှောင်ချန်း မျက်လုံးဖွင့်လိုက်သောအခါ အရင်ကထက်ပင် တောက်ပစူးရှလျက်ရှိသည်။ စိတ်အာရုံကိုလည်း ပိုမိုလျင်မြန်သွက်လက်စွာ ထိန်းချုပ်နိုင်သကဲ့သို့ ခန္ဓာကိုယ်မှာလည်း ပို၍ပေါ့ပါးမြန်ဆန်သွားလေသည်။

” ထာဝရ ချီကြော ”

စိတ်လှုပ်ရှားစွာဖြင့် ရှောင်ချန်တွေးလိုက်သည်။

“ဒါက ဒယ်စောက်အိုး ခရမ်းရောင်ချီထိန်းချုပ်ခြင်းနည်း ပညာရပ်ရဲ့ ပထမအဆင့်ကို ငါအောင်မြင်သွားပြီဆိုတဲ့ လက္ခဏာပဲ ”

ပိုင်ရှောင်ချန်းသည် အပျော်လွန်ကာ ရုတ်တရက် ရေချိုးခန်းထဲသို့ပြေးသွားလေသည်။

ဖက်တီးကျန်းကြီး နှင့် အခြားသူများသည် ရှောင်ချန်းကိုမြင်သောအခါ တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်လိုက်ကြသည်။ သူတို့အားလုံးက ပထမအဆင့်ကို လျင်မြန်စွာအောင်မြင်အောင် ရှောင်ချန်း ကျင့်ကြံလိုက်နိုင်သည့်အတွက် အလွန်အမင်း အံ့အားသင့်နေကြသော်လည်း မည်သည့်အတွက်ကြောင့် ထိုသို့ဖြစ်သွားလဲဆိုတာ သိနေကြသည်။

ရှောင်ချန်းသည် အခန်းကိုပြန်လာပြီး အသက်ကိုပြင်းပြင်းရှုပြီးနောက် ကျမ်းကို ထပ်ပြီး စေ့စေ့စပ်စပ် လေ့လာဖတ်ရှုလေသည်။

“ပထမအဆင့် ဒယ်စောက်အိုး ခရမ်းရောင်ချီထိန်းချုပ် နည်းပညာရပ်ကို အောင်မြင်သွားပြီ ဆိုတော့ ငါကရုပ်ဝတ္ထုပစ္စည်းတွေကို ထိန်းချုပ်နိုင်သွားပြီပေါ့…ဝိုး…ဒါက အခြေခံ အင်မော်တယ်မှော်ပညာရပ်ပဲ။ ငါအရာဝတ္ထုတွေကို လေပေါ်ပျံအောင်လုပ်လို့ရပြီပေါ့…”

ရှောင်ချန်းသည် ဝါးလိပ်မှာပြထားသော ညွှန်ကြားချက်များအတိုင်း လက်ကွက်ဖော် လိုက်သည်။ ထို့နောက် လက်ချောင်းလေးများကို ဝှေ့ယမ်းကာ ဘေးနားက ခုံစောင်းကို ရွေ့အောင်ကြိုးစားသည်။ ချက်ချင်းပင်လျှင် သူ့ကိုယ်ထဲက ချီစီးကြောင်းသည် တလိပ်လိပ်တက်လာပြီး ညာဘက်လက်ညှိုးမှတဆင့် အပြင်သို့ထွက်သွားသည်။

ထို့နောက် မမြင်ရသော ချီ အမျှင်လေးအနေနှင့် ခုံစောင်းသို့သွားထိလေသည်။ သို့သော်လည်း ခုံစောင်းနှင့်ထိလျှင်ထိချင်း ချီအားလှိုင်းမှာ ပြိုကွဲသွားပြီး အစိပ်စိပ်အမွှာမွှာဖြစ်သွားသည်။

ရှောင်ချန်း၏မျက်နှာမှာ ဖျော့တော့သွားသည်။ ခဏလောက် အားပြန်ဖြည့်ပြီးနောက်တွင် သူ့ကိုယ်သူပြန်သုံးသပ်ကာ ခုံအလေးကြီးကို ရွှေ့မည့်အစီအစဉ်အား လက်လျှော့လိုက်သည်။ ထိုအစား အိတ်ထဲက သစ်သားဓားတစ်ချောင်းကို ဆွဲထုတ်လာပြီး စားပွဲစောင်းထိပ်ပေါ်တွင် တင်ထားလိုက်သည်။ ထိုသစ်သားဓားကို ဘာသစ်သားနှင့်လုပ်ထားမှန်း ရှောင်ချန်းကိုယ်တိုင်ပင် မသိပေ။ သို့သော် စားပွဲစောင်းထက်တော့ ပိုပေါ့တာ သေချာလေသည်။ သစ်သားဓားက သိပ်လေးမည့်ပုံမပေါ်ပေ။ လက်ချောင်းတွေကို ထိုဓားဆီသို့ ဝှေ့ရမ်းလိုက်သောအခါ ဓားက လူးလွန့်သွားသည်။ ထို့နောက် တဖြည်းဖြည်းချင်း လေပေါ်သို့ တစ်လက်မခန့်တက်လာသည်။ ပြီးတော့ ခုံပေါ်သို့ပြန်ပြုတ်ကျသွားသည်။

ရှောင်ချန်း စိတ်ဓာတ်ကျသွားသည်။ နောက်ထပ် စိတ်လှုပ်ရှားစွာ ကြိုးပမ်းမှုအပြီးမှာတော့ ဓားကို ပိုမြင့်အောင် စွမ်းဆောင်နိုင်လာသည်။ မကြာခင်မှာပဲ ဆယ်လက်မ။ထို့နောက် ဆယ့်နှစ်လက်မ။ထို့နောက် လက်မသုံးဆယ်။ ညနေစောင်းသွားသည့်အချိန်တွင်တော့ သစ်သားဓားကို ရေပြင်ညီအတိုင်း တည့်မတ်စွာ ပျံသန်းနိုင်အောင် လုပ်နိုင်ခဲ့ပြီဖြစ်သည်။ သို့သော်လည်း ဖြည်းဖြည်းလေးသာ ပျံနိုင်သေးသည်။ ပြီးတော့ ကွေ့အောင်လည်း မလုပ်နိုင်သေးပေ။ မကြာခဏလည်း ပြုတ်ပြုတ်ကျတတ်သေးသည်။

” မည်သို့ပင် ဆိုစေကာမူ ငါ ပိုင်ရှောင်ချန်း အင်မော်တယ်ဖြစ်ပြီ ”

သူ့ဘာသာလျှောက်ပြောပြီး ဘယ်ဘက်လက်ကို နောက်သို့ ဟန်ပါပါပစ်ကာ မြောက်ကြွမြောက်ကြွ လမ်းလျှောက်ရင်း ညာဘက်လက်ကို ရှေ့နှင့်နောက်ဝှေ့ယမ်းကာ သစ်သားဓားကို တလူးလူး တလွန့်လွန့်နှင့် အခန်းထဲတွင် ပျံခိုင်းထားသည်။

နောက်ဆုံးတွင် သူ၏ချီသည် မတည်မငြိမ်ဖြစ်လာသဖြင့် သစ်သားဓားကို သိမ်းထားလိုက်ပြီး ဆက်လက်လေ့ကျင့်သည်။ ထို့နောက် ဒယ်အိုးထဲမှ အမွှေးနံ့က သူ့ကိုဆွဲဆောင်လာသည်။ တနေကုန် လေ့ကျင့်နေတာနှင့်အလုပ်ရှုပ်နေသဖြင့် ဒယ်အိုးထဲတွင် ပြုတ်ထားသော ဝိညာဉ်ဆန်အား လုံးဝမေ့နေသည်ကို သူသတိပြုမိလာသည်။ သူသည် အူလိမ်နေအောင် တလိပ်လိပ်ဆာလောင်လာသဖြင့်ဒယ်အိုးဆီသို့ပြေးသွားကာ အဖုံးဖွင့်၍ အထဲသို့ကြည့်လိုက်သည်။

အဖုံးလှပ်လိုက်သည်နှင့် ဝိညာဉ်ဆန်စေ့၏ အဆမတန် မွှေးကြိုင်နေသော အနံ့ပြင်းပြင်းများသည် အတင်းတိုးဝှေ့ထွက်လာသည်။ ထို့ပြင် ဆန်စေ့မျက်နှာပြင်ပေါ်တွင်လည်း ငွေရောင်အမှတ်အသားတစ်ခု ဖြစ်ပေါ်နေပြီး ပြတ်ပြတ်သားသားမြင်နေရသည်။ ရှောင်ချန်းသည် သေသေချာချာ ငုံ့ကြည့်လိုက်ရာ အလင်းရောက်အောက်ဝယ် သူနစ်မျောသွားသည်။ ခဏကြာသောအခါ အမှတ်အသားမှာ မှေးမှိန်သွား၏။ သူသည် မျက်လုံးများကို မှေးစင်းလိုက်ပြီး သေချာ လေးလေးနက်နက် စဉ်းစားသည်။ ထို့နောက် ဝိညာဉ်ဆန်စေ့ကို ကောက်ယူပြီး လက်ထဲတွင် အနီးကပ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလေသည်။

“ဒီ အမှတ်အသားက တော်တော်လေးတူတာပဲ…”

သူ့မျက်တောင်များကို တဖျတ်ဖျတ်ခတ်ရင်း အတွေးလွန်နေကာ ရီဝေဝေမျက်လုံးများနှင့် ပြောသည်။ ခေါင်းကိုစောင်းကာ မီးဖိုအောက်ကို ငုံ့ကြည့်တော့လည်း မီးငြိမ်းသွားတာကြာပြီဖြစ်သည့်ပုံစံကိုသာ မြင်ရသည်။ ထင်းတွေအကုန်လုံးလည်း ပြာတွေဖြစ်ကုန်တာက လွဲ၍ ဘာမှမထူးခြားပေ။ ဒယ်အိုးအောက်က အမှတ်အသားသည်လည်း မမြင်နိုင်အောင် ပြန်မှေးမှိန်နေပြန်သည်။

သို့သော်လည်း ဝိညာဉ်ဆန်စေ့ပေါ်က ငွေရောင်ပုံစံနှင့် ဒယ်အိုးနောက်ဘက်က ပုံစံက အတူတူပဲဆိုတာကိုတော့ သူပြောနိုင်လေသည်။

လောလောဆယ် ထိုအမှတ်အသားအကြောင်းစုံစမ်းခြင်းကို ခဏရပ်တန့်ထားပြီး ဆန်စေ့ကိုလည်းမစားသေးဘဲ သိမ်းထားဦးမည်ဟု ဆုံးဖြတ်လိုက်သည်။ ထိုအစား သူသည် ခဏကြာအောင်ထိုင်ပြီး လေးလေးနက်နက်စဉ်းစားလိုက်သည်။ ထို့နောက် ဖက်တီးကျန်းနှင့်အခြားသူများကို ကူညီရန် တဲမှထွက်သွားလေသည်။

လဝက်ခန့်ကုန်သွားပြန်လေပြီ။ ပိုင်ရှောင်ချန်း၏ကျင့်ကြံမှုတိုးတက်နှုန်းသည်လည်း နှေးကွေးလာခဲ့သည်။ သို့သော် အချိန်အနည်းငယ်လေ့လာပြီးနောက် ဝိညာဉ်ဆန်ကို ထပ်မံချက်ပြုတ်လိုက်သည့်အခါ ငွေရောင်အမှတ်အသားများ ထွက်ပေါ်လာခြင်း မရှိတော့ကြောင်း သူသိသွားသည်။

သူ၏သိချင်စိတ်က တစ်နေ့တစ်ခြား တိုးပွားလာခဲ့သည်။ ထိုအကြောင်းကို တွေးမိလေ ဆန်စေ့မှာ တစ်ခုခုထူးခြားနေပြီဆိုတာ သေချာလေဖြစ်သည်။ ဒယ်အိုးမှာမူ ပြောစရာမလိုပေ။ ပို၍ပင် ထူးဆန်းလိမ့်မည်။ ရက်အနည်းငယ်ကြာသောအခါ အမှတ်သုံးဖက်တီးဟီသည် စားဖိုဆောင်အတွက် လိုအပ်တာများဝယ်ရန် ဈေးသွားသည်။ ထိုအချိန်သည် ရှောင်ချန်း အတွက် အဏ္ဏဝါလေးသွယ်အခန်း ကို သွားစုံစမ်းဖို့အကောင်းဆုံးအချိန်ဖြစ်သည်။ ထိုအခန်းသည် အစေခံများအတွက် ကျင့်ကြံခြင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို စုံစမ်းနိုင်သည့်နေရာဖြစ်သည်။

တဲသို့အပြန်လမ်းတွင် သူ့ရင်တစ်ခုလုံး စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေသော်လည်း ဘာမှမထူးခြားဟန် အတတ်နိုင်ဆုံး ဟန်ဆောင်ဖုံးကွယ်လာသည်။ တဲထဲရောက်သည်နှင့် တံခါးကိုပိတ်ကာ ဆန်စေ့ပေါ်က ငွေရောင်အမှတ်အသားကိုလေ့လာလေသည်။ သူ့မျက်နှာပေါ်တွင် မယုံကြည်နိုင်သည့် အသွင်အပြင်များ တဖြည်းဖြည်း ထင်ဟပ်လာသည်။

“အင်မော်တယ် ဖြစ်အောင်ကျင့်မယ်ဆိုရင် မဖြစ်မနေလုပ်ရမယ့် အရာသုံးခုရှိတယ်။ ပထမတစ်ခုက ဆေးဝါးဖော်စပ်ခြင်း၊ ဒုတိယတစ်ခုက လက်နက်ပြုလုပ်ခြင်း၊ တတိယတစ်ခုက စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း “

ရှောင်ချန်းသည် အဏ္ဏဝါလေးသွယ်အခန်း တွင် ရှာဖွေတွေ့ရှိခဲ့သော ရှေးဟောင်းပုံများကို ပြန်လည်မြင်ယောင်ကာတွေးနေမိသည်။

သူရှာဖွေ တွေ့ခဲ့သောပုံများထဲမှ ငွေရောင်အမှတ်အသားတစ်ခုသည် ဆန်စေ့ပေါ်က အမှတ်အသားနှင့် တော်တော်လေးဆင်တူနေသည်။

“စိတ်စွမ်းအင် အဆင့်မြှင့်တင်ခြင်း…”

ခဏကြာသောအခါ ရှောင်ချန်းသည် သက်ပြင်းရှည်ကြီးကိုချလိုက်သည်။

စိတ်စွမ်းအင် အဆင့်မြှင့်တင်ခြင်းဆိုသည်မှာ ထူးခြားသည့်ပညာရပ်တစ်ခုဖြစ်ပြီး ကောင်းကင်နှင့် မြေကြီး၏စွမ်းအားများကို ရုပ်ဝတ္ထုပစ္စည်းများအပေါ်တွင် အသုံးချခြင်းဖြစ်သည်။ ဆေးလုံးများ၊ အမွှေးနံ့သာများ သို့မဟုတ် အံ့ဖွယ်ပစ္စည်းများအကူအညီနှင့် သဘာဝအစွမ်းများနေရာတွင် အစားထိုးအသုံးပြုသည့် ထူးဆန်းသည့်ပညာရပ်တစ်မျိုးဖြစ်သည်။ ကံမကောင်းစွာပင် ကောင်းကင်နှင့် မြေကြီး၏ ပစ်ပယ်ခြင်းကို ခံရလျှင်မူ အောင်မြင်သည့်နှုန်း ကန့်သတ်ခံသွားရလိမ့်မည်။ အောင်မြင်မှုတစ်ခုက ပစ္စည်းတစ်ခုကို များစွာအစွမ်းထက်အောင် ပြုလုပ်ပေးနိုင်သည်။ ရှုံးနိမ့်သွားလျှင်မူ ထိုပစ္စည်း၏စိတ်စွမ်းအင်များ မကျန်တော့ဘဲ ဘာမှအသုံးမဝင်တော့သောဘဝသို့ ရောက်သွားမည်ဖြစ်သည်။

စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းနှင့်ပတ်သက်သည့် အံ့သြတုန်လှုပ်ဖွယ်ရာများ ထပ်ခါထပ်ခါ ဖြစ်ပွားနေခဲ့သည်။ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းကိုအသုံးပြု၍ အောင်မြင်သည့်အချိန်တိုင်းမှာ အစွမ်းအစများသည် ဆယ်ဆတိုးပွားလာမည်ဖြစ်ပြီး ကောင်းကင်ကို လှုပ်ယမ်းစေခြင်းနှင့် မြေပြင်ကိုကွဲထွက်အောင်ပြုလုပ်ခြင်းများကိုပင် ဆောင်ရွက်နိုင်လာလိမ့်မည်။

တစ်ဆင့်ထက်တစ်ဆင့်လည်း အောင်မြင်နိုင်သည့် အခွင့်အရေးရာခိုင်နှုန်းများ လျော့နည်းလာသည်။ ထို့ကြောင့် အချို့သော ဆရာကြီးများသည် ရှေ့သို့ဆက်ပြီးကျင့်ကြံရန် မဝံ့ရဲကြချေ။ အရှုံး၏ရိုက်ခတ်မှုဒဏ်များကို ခံနိုင်ရည်မရှိကြ၍ ဖြစ်သည်။

“ရှေးဟောင်း မှတ်တမ်းတွေအရ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း ရဲ့အဆောင်ရတနာက စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းနဲ့ ဆယ်ဆင့် တိုးမြှင့်ထားတဲ့ ကောင်းကင်ချိုဓားဖြစ်တယ်တဲ့ ”

ရှောင်ချန်း၏အာခေါင်များခြောက်သွေ့လာသည်။ သူ့မျက်လုံးများသည် မယုံကြည်နိုင်ခြင်းများ၊ ရှုပ်ထွေးခြင်းများနှင့် တလက်လက် တောက်ပနေသည်။ တံတွေးကိုတစ်ချက်မြိုချလိုက်ပြီး လိပ်ခွံပုံ ဒယ်အိုးကို သူကြည့်လိုက်သည်။ ဒယ်အိုး၏နောက်ဘက်ကို မှေးမှိန်သော မျဉ်းဆယ်ကြောင်းနှင့် တန်ဆာဆင်ထားသည်။ ထိုမျဉ်းကြောင်းများကို ကြည့်ကာ သူ၏နှလုံးသားသည် ရင်ဘတ်မှပေါက်ကွဲထွက်တော့မည့်အလား ခံစားလိုက်ရသည်။

ထို့နောက် ဆန်စေပေါ်က ပုံစံသည် စိတ်စွမ်းအင်အဆင့်မြှင့်ခြင်း၏ အမှတ်အသားများ ဖြစ်သည်ဟု ရှောင်ချန်းသိသွားလေသည်။ ထို့ပြင် ထိုအမှတ်အသား၏အရင်းအမြစ်သည် သူ့ဒယ်အိုးကြောင့် ဖြစ်လာခြင်းဆိုသည်မှလွဲ၍ တခြားအကြောင်းပြချက်မရှိပေ။

သူသည် တွေဝေကာ စဉ်းစားပြီးနောက် အံကို တင်းတင်းကြိတ်ထားလိုက်သည်။ ဤထူးဆန်းမှုတွေကို ကောင်းစွာ မသိရမချင်း အိပ်တော့မည်မဟုတ်ဟု သူဆုံးဖြတ်ချက် ချလိုက်သည်။ဤဒယ်အိုးသည် ထူးခြားချက်များရှိနေသည်ဖြစ်ရာ ထိုလျှို့ဝှက်ချက်နှင့်ပတ်သက်ပြီး မည်သူ့ကိုမှ သူ အသိမပေးနိုင်ပေ။

ရှောင်ချန်းသည် ညဥ့်နက်သည့်အချိန်ရောက်အောင် စောင့်နေ၏။ ထို့နောက် သူသည် ခြေဖျားထောက်နင်းကာ ဒယ်အိုးကို သွားယူသည်။ အသက်ကို ပြင်းပြင်းရှူသွင်းပြီးနောက် ကျရှုံးသွားရင်ဘာဖြစ်နိုင်လဲဆိုတာကိုမတွေးတော့ဘဲ သစ်သားဓားကိုဆွဲထုတ်ပြီး အထဲကိုပစ်ထည့်လိုက်သည်။ ထိုနည်းတူစွာပင် ဆန်စေ့ကိုလည်း အတူပစ်ထည့်လိုက်သည်။

Comment

  1. hlaingzinphyo941 says:

    good

Leave a Reply

Options

not work with dark mode
Reset