Switch Mode

စာစဥ် (၂၆) အပိုင်း (၃၆၀)

အစီအရင်အားချိုးဖျက်ခြင်း

အလွန်ပင်ကြီးမားလှသော နတ်ဘုရားဖျက်စီးခြင်းကျောက်တုံးကြီးသည် အဆုံးမဲ့နယ်မြေ၌ ဖြည်းညင်းစွာဖြင့် ရှားယွီ၏စိတ်ဝိဥာဥ်ထံသို့ လိမ့်လာလျက်ရှိနေပြီး ရှားယွီ၏စိတ်ဝိဉာဥ်မှာ သဲပွင့်လေးတစ်ပွင့်အလား သိမ်ငယ်မှုကို ခံစားနေရပေသည်။ ရှားယွီ၏နှလုံးသားမှာ အလွန်ပင် ကြောက်လန့်တုန်လှုပ်နေပြီ ဖြစ်၏။

ရှားယွီ၏စိတ်ဝိဉာဥ်မှာ မည်မျှပင်သန်မာနေပါစေ နတ်ဘုရားကျောက်တုံးနှင့် ရင်ဆိုင်ကြုံတွေ့ရသောအခါ၌ မထိန်းချုပ်နိုင်သော ကြောက်လန့်တုန်လှုပ်မှုများစွာ ထွက်ပေါ်လာခဲ့ရသည်။ သူမ၏ရှေ့၌ရှိနေသော နတ်ဘုရားကျောက်တုံးမှာ အလွန်ပင်ကြောက်မက်ဖွယ်ရာကောင်းသည်ကို ရှားယွီမှာ ရှင်းလင်းတိကျစွာ ခံစားနေရသည်။

“အဲ့….အဲ့ဒါကဘာလဲ။”

ရှားယွီ၏အသံများပင် တုန်ရီနေခဲ့ပြီ ဖြစ်သည်။

ဝုန်း….

နတ်ဘုရားကျောက်တုံးမှာ ရှားယွီရှေ့သို့ ရောက်ရှိလာခဲ့၏။ ရှားယွီမှာ မည်မျှပင်ထွက်ပြေးလွတ်မြောက်အောင် ကြိုးစားနေပါစေ…နတ်ဘုရားကျောက်တုံးထံမှ မလွတ်မြောက်နိုင်ပဲ အချည်းနှီးသာ ဖြစ်နေရပေသည်။ ရှားယွီမှာ နတ်ဘုရားကျောက်တုံးမှ သူမ၏စိတ်ဝိဥာဥ်ကို နင်းချေဖျက်စီးပစ်ခြင်းကို လက်သင့်ခံရန်ပင် ရှိတော့သည်။

ဘန်း…

ရှားယွီ၏စိတ်ဝိဉာဥ်မှာ ဖျက်စီးခံလိုက်ရပေသည်။

“အား…..”

ရှားယွီမှာ ကြောက်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်၏။

တောင်ထိပ်ပေါ်၌ တင်းကြပ်စွာပိတ်ထားလျက်ရှိသော ရှားယွီ၏မျက်ဝန်းအစုံမှာ ကြောက်ရွံ့ထိတ်လန့်မှုအပြည့်နှင့် ပြန်လည်ပွင့်ဟလာခဲ့ပြီး ချက်ချင်းပင်အနောက်သို့ ဒယိမ်းဒယိုင်ဖြင့် ဆုတ်လိုက်ကာ မျက်နှာမှာ အလွန်ပင် ဖြူရော်နေခဲ့သည်။ ရှားယွီ၏မျက်ခုံးအကြားတွင်ရှိနေသော စိတ်ဝိဥာဥ်မှာ မှေးမှိန်နေခဲ့ပြီး ယခုနမှ ဖျက်စီးခံလိုက်ရခြင်းကြောင့် ဒဏ်ရာပင် ရနေခဲ့၏။

ရှားယွီမှာ သတိလက်လွတ်ဖြင့် အနောက်သို့ဆက်တိုက် ဆုတ်နေခဲ့ခြင်းကြောင့် ခြေချော်သွားကာ သူမ၏ခန္ဓာကိုယ်မှာ လေထုထဲသို့ ပြုတ်ကျသွားခဲ့လေသည်။

ဝှစ်…

နှင်းက့ဲသို့ဖြူစွတ်နေသော ကောင်းကင်ဘုံယွမ်စုတ်တံထိပ်မှ အမွှေးများမှာ ကြာပွတ်တစ်ခုကဲ့သို့ ရှားယွီ၏သေးသွယ်သော ခါးလေးအား လှမ်း၍ဖမ်းထားလိုက်၏။ ဇူယွမ်မှာ ထိုနေရာသို့သွားကာ ကြောက်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသော ရှားယွီအားကြည့်၍ ပြုံးကာစကားဆိုလိုက်သည်။ “အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအမတော်လေးရှားယွီ။”

ထို့နောက် ကောင်းကင်ဘုံယွမ်စုတ်တံကို အနည်းငယ်မျှ လှုပ်ရှားလိုက်ပြီး ရှားယွီအား တောင်ထွတ်တစ်ခုပေါ်သို့ ညင်သာစွာ တင်ပေးလိုက်၏။ ရှားယွီသည် တောင်ထွတ်ပေါ်၌ ခြေချပြီးသည်နှင့်တစ်ပြိုင်နက် ဖြူရော်နေသောမျက်နှာနှင့် ကြောက်လန်တုန်လှုပ်နေသောအသံတို့ဖြင့် ဇူယွမ်အား မေးမြန်းလိုက်သည်။ “ရှင် ကျွန်မကို ဘာလုပ်လိုက်တာလဲ။ အဲ့ဒါက ပုံရိပ်ယောင်တစ်ခုလား။”

ထိုသို့သာမေးမြန်းလိုက်သော်လည်း ထိုအရာမှာ ပုံရိပ်ယောင်တစ်ခုမဟုတ်ဟု ရှားယွီခံစားနေမိသည်။ အဘယ့်ကြောင့်ဆိုသော် အကယ်၍ ထိုအရာသာ ပုံရိပ်ယောင်ဆိုပါက သူမ၏စိတ်ဝိဥာဥ်မှာ အလွယ်တကူပင် ကျော်ဖြတ်နိုင်လိမ့်မည်ဖြစ်ကြောင်း ယုံကြည်ပေသည်။

ဇူယွမ်မှာ ပြုံးရုံမျှသာပြုံးလိုက်ပြီး ရှားယွီ၏မေးခွန်းအား ပြန်လည်ဖြေကြားခြင်း မရှိခဲ့ချေ။ တကယ်တော့ထိုအရာမှာ ဆရာကန်းယွမ်မှ ဇူယွမ်၏စိတ်ဝိဥာဥ်ထဲသို့ ထည့်ပေးခဲ့သော နတ်ဘုရားဖျက်စီးခြင်းကျောက်တုံး၏ စိတ်ဝိဉာဥ်ပေါင်းစပ်ခြင်းနည်းလမ်းပင် ဖြစ်သည်။ သို့သော်လည်း စိတ်ဝိဉာဥ်ပေါင်းစပ်ခြင်းနည်းလမ်းအား မသိသောသူတို့မှာ နတ်ဘုရားဖျက်စီးခြင်းကျောက်တုံးအား ခံနိုင်ရည်ရှိကြမည် မဟုတ်ပေ။

သို့ပေသော်ငြားလည်း ပုံမှန်အားဖြင့် အခြားသူတစ်ယောက်၏စိတ်ဝိဥာဥ်အား နတ်ဘုရားဖျက်စီးခြင်းကျောက်တုံး၏ အဆုံးမဲ့နယ်မြေထဲသို့ ဆွဲယူရန် မဖြစ်နိုင်ချေ။ အကယ်၍ ရှားယွီသာ သူ့ကိုလျှော့မတွက်ပဲ သူမအနားသို့ ချည်းကပ်ခွင့်မပြုခဲ့ပါက ဇူယွမ်သည်လည်း ရှားယွီ၏စိတ်ဝိဉာဥ်အား ဆွဲယူခြင်းပြုနိုင်ခဲ့မည် မဟုတ်ပေ။ ကံကောင်းထောက်မစွာဖြင့် ဇူယွမ်မှာ အောင်မြင်အောင် လုပ်နိုင်ခဲ့၏။

အခုတော့ ဇူယွမ်မှာ စွမ်းအင်ဗဟိုချက်၏အပေါ်တည့်တည့်တွင် ရှိနေပြီ ဖြစ်သည်။ ဇူယွမ်၏လက်စွပ်မှ အပူလှိုင်းများ ထွက်ပေါ်လာခဲ့လေသည်။ ကြည့်ရသည်မှာ ယောင်ယောင်မှ အလျင်လုိနေဟန်ရှိ၏။ ထို့ကြောင့် ဇူယွမ်မှ မြေပြင်အား ဆောင့်နင်းချလိုက်လေတော့သည်။

ဝုန်း…

တောင်ထိပ်မှာ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး စတင်၍ ပြိုကျလာခဲ့၏။ မူလက တောင်ထိပ်ကြီးသည် အခုတော့ အပျက်အစီးပုံကြီးတစ်ခုအဖြစ်သာ ကျန်ရစ်လေသည်။

***

အစီအရင်၏အခြားတစ်ဖက်၌…။

ယောင်ယောင်မှာ ရေတံခွန်၏ထိပ်၌ ရပ်နေလျက်ရှိပြီး ကျင်ကျန်းမှာ ယောင်ယောင်နှင့် ခပ်လှမ်းလှမ်းတွင်ရှိနေကာ ယောင်ယောင့်အား လှမ်း၍ပြောလိုက်သည်။ “ဂျူနီယာညီမတော် ယောင်ယောင်….စွမ်းအင်ဗဟိုချက်ရဲ့တည်နေရာက မကြာခင် ပြောင်းတော့မှာ။”

ယောင်ယောင်၏ခြေဖဝါးအောက်ရှိ ရေတံခွန်မှာ စတင်၍တုန်ခါလာကာ မကြာမီပင် သမုဒ္ဒရာထဲသို့ ပြန်ရောက်သွားတော့မည့်ဟန် ရှိနေသည်။ စွမ်းအင်ဗဟိုချက်၏ တည်နေရာပြောင်းသွားသည်နှင်​့တစ်ပြိုင်နက် ယောင်ယောင်တွင် မည်သည့်အသာစီးရမှုမှ ကျန်တော့မည်မဟုတ်ပေ။

ထို့အပြင် ခုနတိုက်ပွဲ၌ ကျင်ကျန်းမှာ ပုံရိပ်ယောင်မှော်စာလုံးနှင့် တိုက်ခိုက်ခြင်းခံခဲ့ရသည့်အတွက် ပို၍သတိထားမည်ဖြစ်ကာ ထိုသို့သောလှည့်ကွက်ထဲသို့ နောက်တစ်ကြိမ်ဝင်တော့မည် မဟုတ်ချေ။

ယောင်ယောင်မှာ ခေါင်းကိုငုံ့ကာ တုန်ခါနေသော ရေတံခွန်အား ကြည့်လိုက်၏။ သူမ၏မျက်နှာသည် တည်ငြိမ်နေလျက်ပင် ရှိနေလေသည်။ ယောင်ယောင်မှာ ဇူယွမ်သည် ဤနယ်နိမိတ်အစီအရင်အတွင်း၌ ချီကျင့်ကြံခြင်းများ အသုံးပြု၍ မရနိုင်သည်အား သိရှိထားပြီးဖြစ်သည့်အပြင် ဇူယွမ်၏ပြိုင်ဖက်မှာ သူတော်စင်မှော်စာလုံးတောင်ထွတ်မှ ပထမတန်းရွှေခါးစည်းတပည့်ဖြစ်နေသည့်အတွက် လွယ်ကူလိမ့်မည်မဟုတ်ကြောင်း နားလည်ထားပေသည်။

ထိုအတွက်ကြောင့် ဒီနေ့ဇူယွမ် ရှုံးနိမ့်ခဲ့မည်ဆိုလျှင်ပင် ယောင်ယောင်မှာ စိတ်ပျက်ဒေါသထွက်မည် မဟုတ်ပေ။ သူမ၏အမြင်တွင် ဤအစီအရင်သည် ဇူယွမ်၏စိတ်ဝိဥာဥ်အား လေ့ကျင့်ရန် သင့်လျော်ပေသည်။ ထို့ကြောင့် ဇူယွမ်ဒီနေ့ရှုံးခဲ့လျှင် သူမတို့မနက်ဖြန်ထပ်၍ လာလို့ရသည်ပင် ဖြစ်၏။ ဇူယွမ်မှ ရှားယွီကို မနိုင်မချင်း ထပ်ခါထပ်ခါ လာ၍လေ့ကျင့်ခိုင်းလို့ ရပေသည်။

“အမ်…”

ထိုအတွေးများကို တွေးနေစဥ်မှာပင် ယောင်ယောင်သည် တစ်စုံတစ်ခုအား ခံစားမိခဲ့သောကြောင့် အမူအရာအနည်းငယ် ပြောင်းသွားလေသည်။

သမုဒ္ဒရာရေပြင်ထက်တွင်ရှိနေသော ကျင်ကျန်းမှာလည်း တည်ငြိမ်နေလျက်ရှိရာမှ နေရာတစ်ခုအားလှမ်း၍ကြည့်လိုက်ပြီး မယုံကြည်နိုင်သော အသံဖြင့် ရေရွတ်လိုက်၏။ “စွမ်းအင်ဗဟိုချက်နောက်တစ်ခုက ဖျက်စီးခံလိုက်ရပြီလား။ ဂျူနီယာညီမတော် ရှားယွီက ရှုံးသွားတာလား။ ဘယ်လိုဖြစ်နိုင်မှာလဲ။”

ကျင်ကျန်းသည် ဗဟိုချက်နောက်တစ်ခု၏စွမ်းအင်များကို ခံစား၍မရတော့သောကြောင်​့ ရှားယွီရှုံးနိမ့်သွားသည်အား သိရှိခဲ့ရခြင်း ဖြစ်သည်။

တိုက်ပွဲစသည်မှစ၍ အခုအချိန်ထိ ပထမဆုံးအကြိမ်အဖြစ် ယောင်ယောင်၏မျက်နှာတွင် မှေးမှိန်သောအပြုံးလေးတစ်ခု ပေါ်ပေါက်လာခဲ့ပြီး သူမအနီးရှိ သမုဒ္ဒရာရေပြင်သည်ပင် ပို၍လင်းလက်တောက်ပသွားသည်ဟု ထင်ရပေသည်။

“နင်တို့အကုန်လုံးက ဇူယွမ့်ကိုလျှော့တွက်ခဲ့ကြပြီး ငါနဲ့ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုပဲ တွေးနေခဲ့ကြတာကိုး။” ယောင်ယောင်မှာ တည်ငြိမ်နေသောအသံထြင့်ပင် စကားဆိုလိုက်၏။

ကျင်ကျန်းမှာ ခါးသက်စွာဖြင့် ရီမောပစ်လိုက်သည်။ ဇူယွမ်အား ကိုင်တွယ်နိုင်ရန် သူတို့သူတော်စင်မှော်စာလုံးတောင်ထွတ်၏ အတော်ဆုံးနံပါတ်တစ် ရွှေခါးစည်းတပည့် ရှားယွီအား လုပ်ဆောင်စေခဲ့သည်။ ထိုသည်တောင်မှ လျှော့တွက်ထားသည်တဲ့လား။ အဘယ်မျှကြောင့် ဇူယွမ်ကဲ့သို့ ရွှေခါးစည်းတပည့်တစ်ဦးအား ကိုင်တွယ်ရန် ခရမ်းရောင်ခါးစည်းအဆင့်တပည့်အား စေလွှတ်ရပါမည်နည်း။ ထိုသို့လုပ်ဆောင်ခဲ့လျှင် သူတော်စင်မှော်စာလုံးတောင်ထွတ်မှာ အရှက်ရစရာ ဖြစ်နေပေလိမ့်မည်။

ယောင်ယောင်မှာ ကျင်ကျန်းအား လျစ်လျူရှုထားလိုက်လေသည်။ ဇူယွမ်ဖက်မှ အဆင်သင့်ဖြစ်ပြီဆိုမှတော့ သူမအတွက်လည်း ထပ်၍စောင့်ဆိုင်းနေရန် မလိုအပ်တော့့ပေ။ ထို့ကြောင့် ယောင်ယောင်မှာ ခြေထောက်အားဆောင့်နင်းချလိုက်လေတော့သည်။

ခရက်…

ယောင်ယောင်၏ခြေဖဝါးအောက်တွင် ရှိနေသော ရေတံခွန်မှာ စတင်၍ ပြိုကျလာခဲ့၏။

ရေတံခွန် အလုံးစုံပြိုကျသွားသောအခါ၌ စွမ်းအင်ဗဟိုချက်နှစ်ခုလုံးအား ဖျက်စီးခဲ့ပြီ ဖြစ်လေသည်။

သမုဒ္ဒရာမှာလျင်မြန်စွာဖြင့် ပျောက်ကွယ်သွား၏။

ယောင်ယောင်နှင့်ဇူယွမ်တို့နှစ်ဦးမှာ ယခုအချိန်တွင် သူတော်စင်မှော်စာလုံးခန်းမ၏ရှေ့၌ ရပ်နေသည်ကို ပြန်လည်မြင်တွေ့လိုက်ရပြီး မြူခိုးများမှာ တဖြည်းဖြည်းနှင့် ကွယ်ပျောက်လာခဲ့သည်။

ထို့နောက် သူတို့နှစ်ဦးအား လူပေါင်းများစွာမှ စောင့်ကြည့်နေကြသည်ကိုလည်း တွေ့လိုက်ရပေသည်။အများစုမှာ ဇူယွမ်အား ကြည့်နေကြခြင်း ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် လူတိုင်းမှာ ယောင်ယောင်၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့် တိုင်းတာ၍မရနိုင်သောစွမ်းအင်များအကြောင်းကို သိရှိနေခဲ့ပြီးဖြစ်သော်လည်း ဇူယွမ်သည် ရှားယွီအား အနိုင်ယူနိုင်လိမ့်မည်ဟု မည်သူမှ မထင်မှတ်ထားပေ။

ရှားယွီသည် သူတော်စင်မှော်စာလုံးတောင်ထွတ်၏ အထူးချွန်ဆုံး ပထမတန်းရွှေခါးစည်း တပည့်တစ်ဦးဖြစ်ပြီး လာမည့်ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲတွင် အသန်မာဆုံးသောပြိုင်ပွဲဝင်များထဲမှ တစ်ယောက်ဖြစ်သည်ကို လူတိုင်းမှ သိရှိထားသောကြောင့်  ဖြစ်သည်။

ထို့ကြောင့် ဇူယွမ်မှ ရှားယွီအား အနိုင်ယူနိုင်ခဲ့ခြင်းမှာ လာမည့်ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲတွင်လည်း ချန်ပီယံနေရာရယူနိုင်ရန် အရည်အချင်းပြည့်မှီသည်ဟူသည့် သဘောပင် မဟုတ်ပါလော။

ထို့အတွက်ကြောင့် တပည့်ပေါင်းများစွာမှာ အံ့အားသင့်နေခဲ့ရခြင်း ဖြစ်၏။

လုရွှမ်းယင်၏လှပသောမျက်နှာလေးမှာ ဒေါသကြောင့် တင်းမာခက်ထန်နေလျက်ရှိပြီး ဇူယွမ်အား စိုက်ကြည့်နေရင်း လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့သည်။ သူမသည် အစောပိုင်းက ဇူယွမ့်အား ​ လှောင်ပြောင်သရော်နေခဲ့ခြင်းမှာ ယခုအခါတွင် မိမိကိုယ်ကိုသာ ပြန်အရှက်ရနေရပေသည်။

လုရွှမ်းယင်၏ဘေး၌ရှိနေသော ရှုယန်၏အမူအရာမှာလည်း ခက်ထန်နေခဲ့ပြီးနောက် ခြောက်ကပ်ကပ်နှင့်ရီမောကာ စကားဆိုလိုက်၏။ “ဂျူနီယာညီမတော်လေးရှားယွီက ဘာလို့ရုတ်တရက်ကြီး ရှုံးနိမ့်သွားရတာလဲ။ဇူယွမ့်ကို သနားသွားလို့များလား။”

ရှုယန်၏အမြင်၌ စိတ်ဝိဉာဥ်အလယ်အလတ်ဒြပ်ထည့်အဆင့်ကို ရောက်နေရုံသာမက အစီအရင်ဗဟိုချက်၏စွမ်းအင်များကိုပင် ရယူသုံးစွဲ၍ ရနေသော ရှားယွီသည် မည်သို့မျှ မရှုံးနိမ့်သင့်ပေ။

ရှုယန်သည် ခေါင်းကိုခါယမ်းလိုက်ကာ ဒေါသထွက်နေလျက်ရှိသော လုရွှမ်းယင်အား ကြည့်လိုက်ပြီး နှစ်သိမ့်စ​ကားဆိုလိုက်၏။ “ဒေါသထွက်နေစရာ မလိုပါဘူး။ ဒီနေ့မှာ ဇူယွမ်ရဲ့စိတ်ဝိဉာဥ် မထိခိုက်ခဲ့ဘူးဆိုတာက ကောင်းကင်က မင်းကိုယ်တိုင် သူ့ကို သင်ခန်းစာပေးနိုင်ဖို့ အခွင့်အရေးပေးလိုက်တာပဲ။ စိတ်မပူနဲ့ ကိုယ်အားလုံး စီစဥ်ပြီးသွားပြီ။ လာမယ့်ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲကြရင် မင်းရဲ့မကျေနပ်မှုတွေကို အကောင်းဆုံးဖြေလျှော့လို့ ရစေရမယ်။”

ထိုစကားအား ကြားလိုက်ရသောအခါတွင် လုရွှမ်းယင်၏အမူအရာမှာ အနည်းငယ် ပြေလျော့သွားကာ ဖြည်းညင်းစွာ ခေါင်းငြိမ့်ပြလိုက်၏။

သူတော်စင်မှော်စာလုံးခန်းမ၏ အခြားတစ်ဖက်တွင်ရှိနေသော ဂူဟွမ်ချီမှာ ပြုံးရွှင်စွာဖြင့် စူးဝမ်အား ပြောလိုက်သည်။ “ကျွန်မ မပြောဘူးလား။ အစောကြီးကြိုပြီး ခန့်မှန်းတာက မမှန်နိုင်ပါဘူးလို့။”

စူးဝမ်မှာ ခေတ္တမျှတွေဝေနေပြီးနောက် သက်ပြင်းချကာ ပြန်၍ပြောလိုက်၏။ “ငါလက်ခံပါတယ်။ ဇူယွမ်က လုံးဝကို သာမန်မဟုတ်လောက်ဘူး။ ဒီလိုမျိုး ရင်ဆိုင်နေခဲ့ရတာတောင်မှ အ​​ခြေအနေတွေကို ပြောင်းလဲပစ်နိုင်ခဲ့တယ်။ ဒါပေမယ့် အဆုံးမှာ ရှားယွီကို သူဘယ်လိုနိုင်သွားတာလဲ။”

စူးဝမ်၏အမြင်၌ အသာစီးရနေခဲ့သည်မှာ ရှားယွီ ဖြစ်သည်။ ဇူယွမ်သည် စိတ်ဝိဉာဥ်အလယ်အလတ်ဒြပ်ထည့်အဆင့်သို့ တက်လှမ်းနိုင်ရုံဖြင့်တော့ ရှားယွီမှာ ရှုံးနိမ့်စရာအကြောင်းမရှိချေ။

ဂူဟွမ်ချီမှာ ပခုံးသာ တွန့်ပြလိုက်၏။ သူမသည်လည်း ထိုအကြောင်းအရာနှင့်ပက်သတ်၍ အနည်းငယ်စိတ်ရှုပ်ထွေးနေပါသော်လည်း အများကြီးမတွေးချင်ပေ။ ဇူယွမ်အနိုင်ရခြင်းသည်သာ အရေးကြီးသောကိစ္စ ဖြစ်ပေသည်။

လူတိုင်းမှ အံ့အားတသင့် ဖြစ်နေကြသောအချိန်တွင် ယဲ့ကယ်မှာ အသိစိတ်ပြန်ဝင်လာခဲ့သည်။ ထို့နောက်ဇူယွမ်အား ကြည့်လိုက်ပြီး ခါးသက်စွာ ရီမောပစ်လိုက်၏။ သူ၏ ပြည့်စုံလှသောအကြံအစည်အား ဇူယွမ်လိုကောင်မှ ဖျက်စီးခဲ့သည်ကို မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်နေရသည်။

လီချင်းချန်မှာ နှုတ်ခမ်းသားများကို ဖိကိုက်လိုက်ပြီး ထူးဆန်းနေသော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်လိုက်၏။ ယောင်ယောင်၏ယုံကြည်ချက်မှာ မှန်ကန်နေလိမ့်မည်ဟု သူမတစ်ခါမှ မထင်မှတ်ထားခဲ့ချေ။ လီချင်းချန်သည် ပထမ၌ ဇူယွမ်အား လွန်စွာအထင်သေးခဲ့သဖြင့် ယောင်ယောင်၏ဆုံးဖြတ်ချက်မှာ ဆင်ခြင်တုံတရားကင်းမဲ့လှသည်ဟု ခံစားခဲ့ရလေသည်။ သို့သော် မှားယွင်းနေခဲ့သောသူမှာ လီချင်းချန်ဟူသော သူမသာ ဖြစ်နေခဲ့၏။

“ဒီကောင်လေး…..”

လီချင်းချန်သည် ဇူယွမ့်အားကြည့်လိုက်ရင်း နှုတ်ခမ်းသားများကို ဖိကိုက်ကာ ရေရွတ်လိုက်၏။

“ငါသူ့အပေါ်​ အရမ်းအထင်သေးနေခဲ့မိတာလား။”

ဇူယွမ်မှာ ဒီနေ့တိုက်ပွဲအား လှပစွာဖြင့် အနိုင်ယူသွားနိုင်ခဲ့သည်ကိုတော့ သူမ ဝန်ခံရပေလိမ့်မည်။

Comment

Leave a Reply

Options

not work with dark mode
Reset