Switch Mode

စာစဥ် (၂၆) အပိုင်း (၃၅၉)

စိတ်ဝိဉာဥ် အလယ်အလတ်ဒြပ်ထည်အဆင့်သို့ ရောက်ရှိခြင်း

သူတော်စင်မှော်စာလုံးခန်းမ၏ရှေ့၌ စောင့်ကြည့်နေကြသော တပည့်များမှာ လေထုထဲ၌ ရစ်ဝဲနေလျက်ရှိသော မှန်ချပ်ကြီးစီမှ အကြည့်ပင်မခွာနိုင်လောက်အောင် ဖြစ်နေကြ၏။ အဘယ့်ကြောင့်ဆိုသော် ဇူယွမ်၏ဦးခေါင်းထက်၌ ရှိနေသော စိတ်ဝိဉာဥ်မှာ တံဆိပ်တော်အား ဖြည်းညင်းစွာ မတင်နေခြင်းအား မြင်တွေ့နေရသောကြောင့်ပင် ဖြစ်သည်။

ထို့ကြောင့် သူတော်စင်မှော်စာလုံးခန်းမရှေ့ ဧရိယာမှာ  ဝေဖန်ဆူညံသံများဖြင့် လေထုကိုပင်ပေါက်ကွဲစေမတက် ပြည့်နှက်​နေခဲ့၏။

“ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ ဇူယွမ်က ဘယ်လိုလို့ စီနီယာအမတော်လေးရှားယွီရဲ့ တံဆိပ်တော်ကို မတင်နေနိုင်တာလဲ။”

“စီနီယာအမတော်လေးရှားယွီက စိတ်ဝိဉာဥ် အလယ်အလတ်ဒြပ်ထည်အဆင့်ကိုတောင် ရောက်နေပြီလေ။”

“ခုနကတင် ဇူယွမ်က ဖိနှိပ်ခံနေရတာ မဟုတ်ဘူးလား။”

“…”

အထူးသဖြင့် သူတော်စင်မှော်စာလုံးတောင်ထွတ်၏ တပည့်များမှာ သူတို့မျက်လုံးပင်သူတို့ မယုံကြည်နိုင်အောင် ဖြစ်နေရကာ မြင်နေရသောမြင်ကွင်းကြောင့် အံ့အားသင့်ပြီး စကားပင်မပြောလောက်နိုင်လောက်အောင် ဖြစ်နေရလေသည်။ သူတို့အားလုံးမှာ အစပထမ၌ ဤတိုက်ပွဲအား ရှားယွီကပင် အနိုင်ရလိမ့်မည်ဟု တထစ်ချယုံကြည်ထားခဲ့သည်။ သို့သော် တိုက်ပွဲ၏နောက်ဆုံးအချိန်မှ အလှည့်အပြောင်းများ ဖြစ်ပေါ်လာလိမ့်မည်ဟု မည်သူမျှ တွေးပင်မတွေးထားဖူးချေ။

“ဒါက……”

ဂူဟွမ်ချီအား ပုခုံးပုတ်ကာ နှစ်သိမ့်နေလျက်ပင် ရှိနေသေးသော စူးဝမ်မှ မြင်လိုက်ရသောမြင်ကွင်းကြောင့် အံ့အားတကြီးဖြစ်စွာနှင့် သေချာစူးစိုက်၍ ကြည့်လိုက်မိသည်။ မျက်စိတမှိတ်စာမျှသော အချိန်လေးအတွင်းမှာပင် အမှန်တရားကို လက်မခံနိုင်၍ နှစ်သိမ့်ဖြောင်းဖျခြင်းခံရတော့မည့်သူသည် စူးဝမ်ဖြစ်သွားခဲ့လေသည်။

“ဒါဘယ်လိုဖြစ်နိုင်မှာလဲ။” စူးဝမ်မှ ရေရွတ်လိုက်၏။

စူးဝမ်၏ဘေးတွင် စိတ်ပျက်အားငယ်လျက်ရှိနေသော ဂူဟွမ်ချီ၏မျက်ဝန်းများမှာ ပြန်လည်လင်းလက်တောက်ပလာကာ စူးဝမ်၏လက်ကိုကိုင်လိုက်ရင်း လှပသောအပြုံးလေးဖြင့် စကားဆိုလိုက်သည်။ “စီနီယာအမတော် စူးဝမ်…တိုက်ပွဲမပြီးခင်မှာ ကြိုပြီးကောက်ချက်ချတာက မမှန်နိုင်ပါဘူးလို့ ကျွန်မပြောသားပဲ။”

ဂူဟွမ်ချီမှာ မှန်ချပ်ကြီးပေါ်မှ ဇူယွမ်၏ ငယ်ရွယ်ခန့်ညားသော ပုံရိပ်အားကြည့်ရင်း သူမ၏နီဆွေးသော နှုတ်ခမ်းသားလေးများကို ညင်သာစွာ ဖိကိုက်လိုက်လေသည်။ ကြည့်ရသည်မှာ ဇူယွမ်သည် မည်မျှပင်ခက်ခဲသော ပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့ရပါစေ၊ အလွယ်တကူ အရှုံးပေးခြင်းမရှိကြောင်း သိသာပေ၏။ ထုိက့ဲသို့သော စိတ်ဓာတ်ခိုင်မာခြင်းနှင့် ဇွဲလုံ့လရှိခြင်းတို့သည် ဂူဟွမ်ချီအား အမှန်တကယ်ပင် အထင်ကြီးလေးစားမိစေသည်။

ဂူဟွမ်ချီမှာ အပျော်များဖြင့် ပြုံးရွှင်ကြည်နူးနေသောအချိန်၌ လုရွှမ်းယင်၏အပြုံးများမှာ တင်းမာခက်ထန်လာခဲ့သည်။ လုရွှမ်းယင်မှာ ဇူယွမ်သည် သူမ၏မျက်နှာအား တည့်တည့်ရိုက်ချလိုက်သကဲ့သို့ ခံစားနေရပြီး အလွန်ပင် ဒေါသထွက်နေရသည်။

လုရွှမ်းယင်၏ဘေးတွင်ရှိနေသော ရှုယန်မှာ နှုတ်ခမ်းအစုံ ပွင့်ဟမိသည်အထိ အံ့အားသင့်သွားကာ စကားဆိုလိုက်၏။ “ဇူယွမ်က တကယ်ကို အံ့သြစရာတွေနဲ့ ပြည့်နေတဲ့သူပဲ။”

ဇူယွမ်၏စိတ်ဝိဥာဥ်အဆင့်တက်လာခြင်းကို ခံစားသိရှိခဲ့သည်သူမှာ ယဲ့ကယ်နှင့်လီချင်းချန်တို့နှစ်ဦးသာ ရှိခဲ့၏။ လီချင်းချန်မှာ ဇူယွမ်၏ပုံရိပ်အား ကြည့်နေရင်း သူမ၏မျက်ဝန်းများမှာ အံ့အားသင့်မှုများနှင့် ပြည့်နှက်သွားခဲ့ရသည်။

“ဇူယွမ်ရဲ့….စိတ်ဝိဉာဥ်က အဆင့်တက်သွားပြီလား။”

ဇူယွမ်သည် စိတ်ဝိဉာဥ်အလယ်အလတ်ဒြပ်ထည့်အဆင့်သို့ တက်လှမ်းခြင်းတစ်မျိုးတည်းဖြင့်သာ ရှားယွီ၏တံဆိပ်တော်အား တွန်းလှန်မတင်နိုင်ရန် စွမ်းအင်များကို ရရှိနိုင်မည်မှာ ထင်ရှားပေသည်။ ပြောရမည်ဆိုလျှင် ဇူယွမ်၏အလောင်းအစားမှာ အလုပ်ဖြစ်ခဲ့သည့်သဘောပင် ဖြစ်သည်။

ဇူယွမ်သည် ရှားယွီ၏တံဆိပ်တော်မှ ဖိနှိပ်ခြင်းစွမ်းအားများကို ခံယူကာ သူ၏စိတ်ဝိဥာဥ်အား အကန့်အသတ်ရောက်သည်အထိ တွန်းပို့ခဲ့ပြီး ထိုအကန့်အသတ်အားချိုးဖျက်ကာ အလယ်အလတ်ဒြပ်ထည်အဆင့်သို့ တက်လှမ်းခဲ့ခြင်း ဖြစ်၏။ ကြည့်ရသည်မှာ ရိုးရှင်းသော်လည်း တကယ်တမ်းတော့ အလွန်ပင်အန္တရာယ်များသော ကိစ္စရပ်တစ်ခုပင် ဖြစ်ပေသည်။ထို့ကြောင့် မည်သူကမှ ဇူယွမ်က့ဲသို့ အန္တရာယ်နှင့် ရင်ဆိုင်နေရသောအချိန်တွင်း အဆင့်တက်လှမ်းရန် ​စိတ်ပင်ကူးရဲကြမည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် အဆင့်တက်ရန် ကျရှုံးခဲ့မည်ဆိုပါက စိတ်ဝိဉာဥ်မှာ ပြင်းပြင်းထန်ထန် ထိခိုက်သွားနိုင်သောကြောင့် ဖြစ်၏။ သို့သော်လည်း ဇူယွမ်ကတော့ ကြောက်လန့်ခြင်းဆိုသည့် စကားလုံး၏အဓိပ္ပါယ်ကိုတောင် နားလည်မည့်ပုံ မပေါ်ချေ။

လီချင်းချန်မှာ အေးစက်စက်မျက်ဝန်းများဖြင့် ဇူယွမ်၏ပုံရိပ်အား ကြည့်ကာ ရေရွတ်လိုက်သည်။ “ယောင်ယောင်က သူ့ကိုလုံးဝ ယုံကြည်နေတာ အံ့သြစရာ မရှိတော့ပါဘူး။ ငါကသာ ဇူယွမ့်ကို လျှော့တွက်ခဲ့မိတာပဲ။”

ယဲ့ကယ်၏အံ့အားသင့်နေသော မျက်နှာအမူအရာမှာ တဖြည်းဖြည်းနှင့် ပြန်၍တည်ငြိမ်လာခဲ့သည်။ ဇူယွမ်၏ အလှည့်အပြောင်းမှာ လူတိုင်းကို အံ့အားသင့်စေခဲ့သော်လည်း အခုမှ ဇူယွမ်မှာ ရှားယွီနှင့် အဆင့်တူတူသာ ရှိနေသေး၏။ ရှားယွီမှာ အစီအရင်ဗဟိုချက်မှ စွမ်းအင်များကို ရယူသုံးစွဲ၍ ရနေသောကြောင့် စိတ်ဝိဉာဥ်အလယ်အလတ်ဒြပ်ထည်အဆင့်ဆိုလျှင်ပင် ဇူယွမ်မှာ ရှားယွီနှင့် ရင်ဆိုင်တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။

***

ဝုန်း…

ဇူယွမ်၏စိတ်ဝိဥာဥ်မှာ မတ်တပ်ရပ်နိုင်ခဲ့ပြီး တံဆိပ်တော်အား တောင်တစ်လုံးကိုထမ်းထားသကဲ့သို့ ထမထားကာ တဖြည်းဖြည်းနှင့် မတင်နေလျက်ရှိ၏။ ထို့နောက်တွင်တော့ စွမ်းအင်အလင်းတန်းတစ်ခု ပေါက်ကွဲသွားလေတော့သည်။

ဒေါင်….

နောက်ဆုံးတွင်တော့ ဇူယွမ်၏စိတ်ဝိဥာဥ်မှာ တံဆိပ်တော်အား တောင်ထိပ်ပေါ်တွင်ရှိနေသော ရှားယွီထံသို့ ပစ်ထုတ်လိုက်နိုင်၏။ ရှားယွီမှာ တံဆိပ်တော်အား ပြန်လည်ဖမ်းယူလိုက်ပြီးနောက် တံဆိပ်တော်မှာ အလင်းရောင်အစက်အပြောက်များအဖြစ် ရှားယွီ၏မျက်ခုံးနှစ်ခုကြားထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။ ရှားယွီမှ ဇူယွမ်အားကြည့်ကာ အသိအမှတ်ပြုသောအသံဖြင့် လှမ်း၍​ပြောလိုက်၏။ “စီနီယာအကိုတော် ဇူယွမ်….ရှင်က ကျွန်မရဲ့ စိတ်ဝိဉာဥ်တံဆိပ်တော်ကိုတောင် အသုံးပြုပြီး အဆင့်တက်နိုင်လိမ့်မယ်လို့ တစ်ခါမှမထင်ခဲ့ဖူးဘူး။”

ဇူယွမ်၏ ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် ရဲစွမ်းသတ္တိရှိမှုတို့က ရှားယွီ၏နှလုံးသားကိုပင် တုန်လှုပ်သွားစေခဲ့သည်။

ဇူယွမ်မှာ အကြောများကိုဆန့်ကာ ချိုင့်ဝှမ်းထဲမှ မတ်တပ်ထရပ်လိုက်ပြီး ဇူယွမ်၏စိတ်ဝိဥာဥ်မှာလည်း ခန္ဓာကိုယ်ဖြင့် ပြန်၍ပေါင်းစည်းသွားခဲ့သည်။

“စီနီယာအမတော်လေးရှားယွီက အရမ်းသန်မာလွန်းတော့ ကျွန်တော့်မှာရွေးချယ်စရာမရှိပဲနဲ့ စွန့်စားလိုက်ရတာပါ။” ဇူယွမ်မှ ခပ်ဖွဖွရီမောရင်း စကားဆိုလိုက်၏။ ဇူယွမ်သည် သူ၏စိတ်ဝိဥာဥ်မှာ ယခင်ကထက် များစွာသန်မာလာပြီး ပို၍သိပ်သည်းလာကာ စွမ်းအင်များလည်း ပို၍တိုးလာခဲ့သည်အား ခံစားမိလေသည်။

ထို့ကြောင့် ဇူယွမ်၏အာရုံခံနိုင်စွမ်းမှာ ပို၍ရှင်းလင်းတိကျလာခဲ့၏။ ပြောရမည်ဆိုလျှင် အစီအရင်ထဲသို့ စတင်ဝင်ရောက်လာစဥ်မှစ၍ စွမ်းအင်ဗဟိုချက်အား အနည်းငယ်မျှတော့ အာရုံခံမိခဲ့လေသည်။

ရှားယွီမှ ဇူယွမ်အား လေးလေးနက်နက်ဖြင့်ကြည့်ကာ ပြောလိုက်၏။ “စီနီယာအကိုတော် ဇူယွမ်….ကျွန်မတို့သာ နယ်နိမိတ်အစီအရင်ထဲမှာ မဟုတ်ဘူးဆိုရင် ကျွန်မတို့နှစ်ယောက်မှာ ဘယ်သူပိုသာမလဲဆိုတာ ဆုံးဖြတ်ဖို့တော်တော်ခက်မှာပဲ။ ဒါပေမဲ့အခု ကျွန်မတို့က အစီအရင်ထဲမှာ ဖြစ်နေတဲ့အတွက် ကျွန်မကိုရှင်နိုင်စရာအကြောင်း မရှိတော့ဘူး။ အဲ့ဒါကြောင့် ရှင်အရှုံးပေးလိုက်ပါတော့။”

“စိတ်ဝိဉာဥ် အလယ်အလတ်ဒြပ်ထည်အဆင့်ကို ရောက်ဖို့ ကျွန်တော့်အတွက် တော်တော်ကြီးကို ခက်ခဲခဲ့တယ်။ အဲ့ဒါကြောင့် ကျွန်တော်ရဲ့စွမ်းအားတွေကို ကျွန်တော် စမ်းသပ်ကြည့်သင့်တယ်မလား။” ဇူယွမ်မှ ပြုံးကာ ပြန်၍ပြောလိုက်၏။

ရှားယွီမှာ ကူကယ်ရာမဲ့စွာ​ဖြင့် ခေါင်းအားခါယမ်းလိုက်လေသည်။ “စီနီယာအကိုတော် ဇူယွမ်က အရှုံးပေးဖို့ကို ခေါင်းမာနေသေးတဲ့ပုံပဲ။ အဲ့ဒါဆိုလည်း ကျွန်မတို့ ဆက်ပြီးယှဥ်ပြိုင်ကြတာပေါ့။”

ထိုစကားများကို ပြောပြီးသည်နှင့်တစ်ပြိုင်နက် ရှားယွီ၏ မှော်စုတ်တံမှာ လင်းလက်တောက်ပလာခဲ့သည်။

ဝုန်း…

သို့သော်လည်း ဇူယွမ်က ရှားယွီထက်ပင် ပို၍မြန်ဆန်နေသေး၏။ ဇူယွမ်သည် ေကာင်းကင်ဘုံယွမ်စုတ်တံဖြင့် စုတ်ချက်များကို လျင်မြန်စွာ ရေးဆွဲနေခဲ့ပြီးနောက် မူလမှော်စာလုံးတစ်ခုဖြစ်ပေါ်လာကာ ဇူယွမ်၏ခန္ဓာကိုယ်အား လေအဟုန်ကဲ့သို့ လျင်မြန်စွာ ရွေ့လျားစေခဲ့၏။ စိတ်ဝိဉာဥ်အလယ်အလတ်​ဒြပ်ထည့်အဆင့်သို့ ရောက်ရှိလာသောအခါတွင် မူလမှော်စာလုံးများရေးဆွဲရာ၌ လျင်မြန်မှုနှင့်ရှင်းလင်းတိကျမှု ပို၍ရှိလာသည်ကို ဇူယွမ်မှ ခံစားမိလေသည်။

ထိုအချိန်၌ပင် ရှားယွီမှာလည်း မှော်စာလုံးအား ရေးဆွဲ၍ ပြီးသွားခဲ့ပြီး တောင်တန်းကြီးမှာ အက်ကွဲလာကာ ကြီးမားလှသော ကျောက်တုံးကျောက်စိုင်ကြီးများက ဇူယွမ့်ထံသို့ အဆက်မပြတ် တိုးဝင်လာခဲ့၏။

“ကောင်းကင်ဘုံဓားသွား မှော်စာလုံး…”

ဇူယွမ်၏လက်များ လှုပ်ရှားလိုက်ပြီး ကောင်းကင်ဘုံယွမ်စုတ်တံအားဆွဲယူကာ လေထုထဲ၌ ရှုပ်ထွေးလှသော စုတ်ချက်များကို ရေးဆွဲလိုက်ပြီးသည့်နောက် မူလမှော်စာလုံးတစ်ခု ပေါ်လာခဲ့သည်။ထိုမူလမှော်စာလုံးမှာ အလွန်ပင်ထက်မြသောစွမ်းအင်အား ထုတ်လွှတ်နေလျက်ရှိပြီး ပတ်ဝန်းကျင်ရှိစွမ်းအင်များကို စုပ်ယူသွားခဲ့ပြီးနောက် ပေရာကျော်မျှရှိသော လင်းလက်တောက်ပနေသည့် ဓားတစ်ချောင်းအဖြစ် ပြောင်းလဲသွားခဲ့၏။ ကြောက်မက်ဖွယ်ရာစွမ်းအင်များ ထုတ်လွှတ်လျက်ရှိနေသော ဓားကြီးမှာ အရှေ့သို့ရွေ့လျားနေခဲ့ပြီး သူသွားရာလမ်းတလျှောက်ရှိ လေထုများကိုပင် ဆုတ်ပြဲစေခဲ့လေသည်။

ရှပ်…

လင်းလက်တောက်ပနေသောဓားကြီးမှာ ရှားယွီထံမှ ရောက်ရှိလာသော ကျောက်တုံးကျောက်စိုင်ကြီးများကို စက္ကူစအား ထက်ပိုင်းဖြတ်နေသကဲ့သို့ပင် ဖြတ်နေလျက်ရှိ၏။

ရှားယွီမှာသူမ၏ခြေထောက်အား မြေပြင်သို့ဆောင့်နင်းချလိုက်သောအခါ ကြီးမားထူထဲလှသော ကျောက်နံရံကြီးတစ်ခုမှာ ချက်ချင်းပင် ထွက်ပေါ်လာခဲ့ပြီး လင်းလက်တောက်ပသောဓားကြီးအား ပိတ်ဆို့ထားလိုက်လေသည်။

ရွှစ်….ရွှတ်….

ဇူယွမ်မှာ အသာစီးအယူမခံပဲ မူလမှော်စာလုံးများကို အဆက်မပြတ် ရေးဆွဲကာ ထုတ်လွှတ်နေလိုက်၏။ မှော်စာလုံးများဖြင့် အဆက်မပြတ် တိုက်ခိုက်နေခြင်းကြောင့် ရှားယွီ၏ပတ်ပတ်လည်ရှိ စွမ်းအင်များပင် တုန်ခါလာခဲ့ရသည်။ သို့သော်လည်း ရှားယွီမှာ ဇူယွမ်၏တိုက်ခိုက်မှုများအား အနည်းငယ်မျှပင် ကြောက်လန့်ခြင်းမရှိပဲ ပြုံးလိုက်၏။ အဘယ့်ကြောင့်ဆိုသော် အစီအရင်၏ဗဟ်ိုချက်မှ စွမ်းအင်များကို ရယူသုံးစွဲလိုက်ရုံဖြင့် ဇူယွမ်၏တိုက်ခိုက်မှုများအားလုံးကို အလွယ်တကူပင် ချေဖျက်လိုက်နိုင်မည် ဖြစ်သောကြောင့် ဖြစ်သည်။

ယဲ့ကယ်မှန်းဆထားသည့်အတိုင်းပင် အလယ်အလတ်ဒြပ်ထည်အဆင့်သို့ ဇူယွမ်တက်လှမ်းသွားနိုင်ခြင်းက ရှားယွီနှင့် အဆင့်တူရုံမျှသာ ဖြစ်သွားပြီး ရှားယွီသည် အစီအရင်ဗဟိုချက်၏စွမ်းအင်များကြောင့် အသာစီးရနေဆဲပင် ဖြစ်၏။ တိုက်ခိုက်မှုသည် အစီအရင်ထဲတွင် ဖြစ်နေသမျှ ရှားယွီမှာ အကန့်အသတ်မဲ့စွမ်းအားများကို ရရှိနေမည် ဖြစ်ပေသည်။ ဇူယွမ်မှာ မည်မျှပင်အရည်အချင်းရှိနေပါစေ နောက်ဆုံးရှုံးနိမ့်သွားရမည်သာ ဖြစ်၏။ အကယ်၍ မရှုံးနိမ့်ခဲ့ဘူးဆိုလျှင်တောင် ဇူယွမ်မှာ စွမ်းအင်ဗဟိုချက်အား ချိုးဖျက်နိုင်ရန်တော့ မဖြစ်နိုင်ပါပေ။

ပြောရမည်ဆိုလျှင် ဇူယွမ်နှင့်ယောင်ယောင်တို့နှစ်ဦးမှာ တိုက်ခိုက်တာကြာလာသည်နှင့်အမျှ စွမ်းအင်များကုန်ခမ်းလာမည်ဖြစ်သော်လည်း ကျင်ကျန်းနှင့်ရှားယွီတို့ကတော့ စွမ်းအင်ဗဟိုချက် လက်ထဲရှိနေသမျှ ကာလပတ်လုံး အကန့်အသတ်မဲ့စွမ်းအင်များအား ရရှိနေမည် ဖြစ်ပေသည်။

ယဲ့ကယ်တစ်ဦးတည်းသာ ဤသို့တွေးနေသည်မဟုတ်ပဲ ဇူယွမ်တို့နှစ်ဦး ဆက်လက်တိုက်ခိုက်နေသည်ကို ကြည့်ခြင်းဖြင့် သူတော်စင်မှော်စာလုံးခန်းမရှိ တပည့်များပင် ထိုသို့တွေးတောလာခဲ့ကြသည်။

“ကြည့်ရတာ ဇူယွမ်က အလယ်အလတ်ဒြပ်ထည်အဆင့်ကို ရောက်သွားတာတောင် နိုင်မယ့်ပုံတော့ မပေါ်ဘူး။”

“ဇူယွမ်ရှုံးသွားရင်တောင်မှ သူရဲ့အရည်အချင်းကိုတော့ အသိအမှတ်ပြုမှာပဲ။ သူက သာမန်တော့ မဟုတ်ဘူး။”

“ဇူယွမ်က အရည်အချင်းရှိတာ မှန်ပါတယ်။ ဒါပေမဲ့ စွမ်းအင်ဗဟိုချက်ကို ချိုးဖျက်နိုင်ဖို့ကတော့ လုံးဝမဖြစ်နိုင်ဘူး။”

“…”

စူးဝမ်၏မျက်နှာတွင် စိတ်မကောင်းဖြစ်သော အရိပ်အယောင်များ ပေါ်လာခဲ့ပြီး ဇူယွမ်အားအသိအမှတ်ပြုသည့်အနေဖြင့် စကားဆိုလိုက်သည်။ “စိတ်မကောင်းစရာပဲ။ ဇူယွမ်ကတော်ပေမယ့် အနိုင်ရဖို့တော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။”

ထိုအချိန်၌ ဂူဟွမ်ချီ၏အပြုံးတို့မှာ မှေးမှိန်သွားကာ ပြန်၍ပြောလုိက်၏။ “စီနီယာအမတော် စူးဝမ်ရယ် စီနီယာအမတော်လေး ရှားယွီကို ဒီလောက်ထိခက်ခဲအောင် လုပ်နိုင်ထဲက ဇူယွမ်က အရမ်းကို တော်နေပါပြီ။”

ဂူဟွမ်ချီသည် ဇူယွမ်၏ဒီနေ့တိုက်ပွဲအား အလွန်ပင် စိတ်ကျေနပ်နေသည်မှာ ထင်ရှား၏။

စူးဝမ်မှ ထောက်ခံသည့်အနေနှင့် ခေါင်းငြိမ့်ပြလိုက်သည်။ ပထမဆုံးအကြိမ်အဖြစ် စူးဝမ်သည် ဇူယွမ့်အား အသိအမှတ်ပြုခဲ့လေသည်။ ခုနက စိတ်ဝိဉာဥ် အဆင့်တက်လှမ်းနိုင်ခဲ့ခြင်းအားကြည့်ခြင်းဖြင့် ဇူယွမ်သည် အနာဂတ်တွင် သူမ၏ပြိုင်ဖက်တစ်ယောက်ပင် ဖြစ်လာနိူင်ကြောင်း လက်ခံမိ၏။

“ဒါပေမဲ့ တိုက်ပွဲရလာဒ်ကတော့ ပြောင်းလို့မရတော့ဘူး ထင်ပါတယ်။”

***

ဝုန်း…

ဇူယွမ်နှင့်ရှားယွီတို့ အပြန်အလှန် တိုက်ခိုက်နေကြသော မူလမှော်စာလုံးများမှာ တစ်ခုနှင့်တစ်ခု ဖျက်စီးနေကြပြီး အံ့သြဖွယ်မြင်ကွင်းအား ပေးစွမ်းလျက် ရှိ၏။ မှော်စာလုံးများက အဆက်မပြတ်ပင် တစ်ခုနှင့်တစ်ခု တိုက်ခို​က်ဖျက်စီးနေလျက် ရှိပေသည်။

ရှားယွီမှာ ဇူယွမ်အား လင်းလက်တောက်ပနေသော မျက်ဝန်းများဖြင့်ကြည့်ကာ စကားဆိုလိုက်၏။ “စီနီယာအကိုတော် ဇူယွမ် ရှင်ဘယ်လောက်ပဲ တိုက်ခိုက်တိုက်ခိုက် ရှင်ရဲ့စွမ်းအင်တွေကို အလဟဿဖြုန်းတီးပစ်နေသလိုပဲ ဖြစ်နေမှာ။”

“အဲ့လိုလား?”

ဇူယွမ်၏မျက်ဝန်းများမှာ လင်းပတောက်ပသွားပြီး လက်ထဲရှိ ကောင်းကင်ဘုံယွမ်စုတ်တံမှာ လှုပ်ရှားလာခဲ့ကာ စုတ်တံထိပ်မှ ဖြူဖွေးနေသော အမွှေးများရှည်ထွက်လာခဲ့ပြီးနောက် ရှားယွီရပ်လျက်ရှိနေသောတောင်အား ကြာပွတ်တစ်ခုကဲ့သို့ ရစ်ပတ်သွားခဲ့ကာ ခေတ္တမျှသောအချိန်လေးအတွင်းမှာပင် ဇူယွမ်သည် တောင်ပေါ်သို့ ရောက်ရှိသွားခဲ့၏။

ထိုအရာအား ရှားယွီမှမြင်လိုက်ရသောအခါ သူမ၏စုတ်တံအား ဆွဲယူလိုက်ပြီး ကျောက်တုံးမြွေနဂါးတစ်ကောင်အား ထွက်ပေါ်စေခဲ့ကာ ဇူယွမ်အား တိုက်ခိုက်စေလိုက်သည်။

ဇူယွမ်မျက်လုံးထဲမှ အနက်ဖော်သူတော်စင်မှော်စာလုံး မှာ လင်းလက်လာပြီးနောက် ဇူယွမ်မှာ ကျောက်တုံးမြွေနဂါး၏ပါးစပ်ထဲသို့ တိုးဝင်သွားခဲ့ပြီး မြွေနဂါး၏ဝမ်းဗိုက်တွင်ရှိနေသော မူလမှော်စာလုံးအား ဖျက်စီးပစ်လိုက်၏။

ဝုန်း….

ကျောက်တုံးမြွေနဂါးကြီးမှာ ကျောက်တုံးကျောက်စိုင်ကြီးများအဖြစ်သို့ ပေါက်ကွဲပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် ဇူယွမ်၏ပုံရိပ်မှာ တောင်ပေါ်သို့ ရောက်လာခဲ့လေသည်။

ရှားယွီမှာ သူမ၏လက်များကို ပေါင်းစည်းလိုက်ပြီးနောက် ေမြပြင်မှ မရေမတွက်နိုင်သော ဆူးချွန်ကြီးများကို ထွကိပေါ်စေခဲ့ကာ ဇူယွမ်၏လမ်းကြောင်းအား ပိတ်ဆို့ထားလိုက်၏။

သို့သော်လည်း ဇူယွမ်မှာ အလွန်ပင် လျင်မြန်လေသည်။ ခေတ္တမျှသောအချိန်လေးအတွင်းမှာပင် ထိုဆူးချွန်များအားလုံးကိုကျော်ဖြတ်ကာ ရှားယွီရှေ့သို့ ရောက်လာခဲ့၏​။

ရှားယွီမှာ ဇူယွမ်သည် အလွန်လျင်မြန်စွာ ရောက်ရှိလာခဲ့ခြင်းကြောင့် အံ့အားသင့်သွားသော်လည်း အလျင်အမြန်ပင် တည်ငြိမ်သွားကာ တိုးညှင်းစွာဖြင့် စကားဆိုလိုက်၏။ “စီနီယာအကိုတော်ဇူယွမ် ဒီနေရာမှာ ရှင့်ရဲ့ချီစွမ်းအင်တွေကလည်း သုံးစားလို့မှမရတာ။ ရှင်ဒီနေရာထိ ရောက်လာခဲ့ရင်လည်း အပိုပဲ။”

“ပြီးတော့ စွမ်းအင်ဗဟိုချက်ကလည်း ကျွန်မရဲ့စွမ်းအားတွေကို အကန့်အသတ်မဲ့စေတယ်။”

ထိုစကားများကို ပြောပြီးသည်နှင့်တစ်ပြိုင်နက် ကျောက်နံရံကြီးများ အလျင်အမြန် ထွက်ပေါ်လာခဲ့ပြီး  ဇူယွမ့်အား အရပ်လေးမျက်နှာမှ ပိတ်ဆို့ထားလိုက်၏။

ဇူယွမ်မှာ သူ၏ရှေ့တွင်ရှိနေသော ရှားယွီအား ကြည့်ရင်း တောက်ပစွာပြုံးကာ စကားဆိုလိုက်၏။ “စီနီယာအမတော်လေးရှားယွီက ကိုယ့်ရဲ့စိတ်ဝိဥာဥ်ကို အရမ်းယုံကြည်မှုရှိတဲ့ပုံပဲနော်။”

“ကျွန်တော်စမ်းသပ်ကြည့်ရင်ကောင်းမလား။”

ဇူယွမ်မှာ အရှေ့သို့ လျင်မြန်စွာ တိုးလာကာ ရှားယွီ၏ခန္ဓာကိုယ်နှင်​့ ထိလုမတက်ပင် ဖြစ်သွားသည်။ ဇူယွမ်၏အငွေ့အသက်များကြောင်​့ ရှားယွီမျက်နှာမှာ ရဲတွတ်သွားရကာ အလျင်အမြန်ပင် နောက်သို့ဆုတ်မိသွား၏။ သို့သော် ဇူယွမ်မှာလည်း အရှေ့သို့ဆက်လက်တိုးလာခဲ့သည့်အတွက်  ရှားယွီနှင့်အလွန်ပင် နီးကပ်နေလျက်ရှိသည်။ ရှားယွီအလွန်ပင် အံ့အားသင့်နေစဥ်မှာပင် ဇူယွမ်က သူ၏နဖူးအား ရှားယွီ၏နဖူးနှင့် ညင်သာစွာ ထိကပ်လိုက်လေသည်။

သူတို့နှစ်ဦး၏နဖူးများ ထိကပ်သွားသောကြောင့် ဇူယွမ်နှင့်ရှားယွီမှာ တစ်ဦး၏အသက်ရှူသံကိုပင် တစ်ဦးမှကြားနေရပြီး မျက်နှာနှစ်ခုမှာ အလွန်ပင်နီးကပ်နေလျက် ရှိ၏။

ရှားယွီ၏မျက်နှာမှာ ပေါက်ကွဲလုမတက် ရဲတွတ်လာခဲ့ရ​ပေသည်။

သို့သော် ရှက်ရွံ့စိတ်ကြောင့် အော်ဟစ်ခြင်းမပြုမီမှာပင် ရှားယွီးအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့ရ၏။ အဘယ့်ကြောင့်ဆိုသော် ဇူယွမ်၏စိတ်ဝိဥာဥ်မှ ကြောက်မက်ဖွယ်ရာဖိအားများအား သူမ၏စိတ်ဝိဥာဥ်မှ ခံစားမိနေခြင်းကြောင့် ဖြစ်သည်။

“ငါကြုံတွေ့ခဲ့ရတဲ့ ကြောက်လန့်ခြင်းကို နည်းနည်းလောက် ခံစားကြည့်စမ်းပါ။” ထိုအသံမှာ ဇူယွမ်၏နှလုံးသားထဲမှ ထွက်ပေါ်လာခြင်း ဖြစ်၏။

ရှားယွီ၏စိတ်ဝိဉာဥ်မှာ အလွန်ပင်တုန်လှုပ်ခြောက်ခြားနေလျက်ရှိပြီး အဆုံးမဲ့နယ်မြေတစ်ခုထဲသို့ ကျရောက်သွားခဲ့လေသည်။ ထိုအဆုံးမဲ့နယ်မြေတွင် သူမ၏စိတ်ဝိဥာဥ်မှာ ရပ်နေလျက်ရှိပြီး တဖြည်းဖြည်းနှင့် နတ်ဘုရားဖျက်စီးခြင်းကျောက်တုံးမှ အရာအားလုံးကို ဖျက်စီးတော့မည့်စွမ်းအင်များကုိ ထုတ်လွှတ်ကာ လှိမ့်လာလျက်ရှိသည်။

ထိုအချိန်၌ ရှားယွီ၏စိတ်ဝိဉာဥ်မှ ကြောက်လန့်တုန်လှုပ်မှုများသည် အကန့်အသတ်မဲ့ ထွက်ပေါ်လာခဲ့လေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset