Switch Mode

စာစဥ် (၂၆) အပိုင်း (၃၅၈)

တံဆိပ်တော်အား စိတ်ဝိဥာဥ်ဖြင့် မတင်ခြင်း

ဖောက်ထွင်းမြင်နေရသော တံဆိပ်တော်မှာ တဖြည်းဖြည်းနှင့် လေထုထဲသို့ ဖိနှိပ်နေခဲ့၏။ တံဆိပ်တော်မှာ ဒြပ်ထည်အဆင့်မဟုတ်သော်လည်း ​ပြင်းထန်သောဖိအားများကို ထုတ်လွှတ်နေလျက် ရှိသောကြောင့် ဇူယွမ်၏မျက်နှာအမူအရာမှာလည်း ခက်ထန်နေခဲ့သည်။

စိတ်ဝိဉာဥ်အစပိုင်းဒြပ်ထည်အဆင့်နှင့် အလယ်အလတ်ဒြပ်ထည့်အဆင့်မှာ တစ်ဆင့်သာကွာခြားပါသော်လည်း အဆင့်နှစ်ခုမှာ အလွန်ပင် ခြားနားလေသည်။ ဇူယွမ်မှာ လအနည်းငယ်မျှ လေ့ကျင့်နေခဲ့ပါသော်လည်း စိတ်ဝိဉာဥ်ကျင့်ကြံခြင်းအဆင့် တက်မလာသေးသည်ကို ကြည့်ခြင်းအားဖြင့်ပင် အဆင့်နှစ်ခုမည်မျှခြားနားကြောင်း သိရှိနိုင်၏။

ဇူယွမ်မှာ အချိန်အများစုအား ချီစွမ်းအင်ကျင့်ကြံခြင်း၌သာ ကုန်ဆုံးပါသော်လည်း စိတ်ဝိဉာဥ်ကျင့်ကြံခြင်းကိုလည်း မေ့လျော့၍မနေခဲ့ပေ။ ဇူယွမ်သည် စိတ်ဝိဉာဥ်ကျင့်ကြံခြင်း၏ အစပိုင်းဒြပ်ထည့်အဆင့်အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး အလယ်အလတ်ဒြပ်ထည်အဆင့်သို့ တက်ရောက်နိုင်ရန် အဆင့်ကလေးတစ်ဆင့်မျှသာ လိုပေတော့သည်။

ထိုအဆင့်လေးတစ်ဆင့်သည် ဇူယွမ့်အတွက်အချိန်အတော်ကြာသည့်တိုင်အောင် အတားအဆီးဖြစ်နေခဲ့သည်။ ဇူယွမ်သည် ထိုအဆင့်အားတက်လှမ်းနိုင်ရန် အခွင့်အလမ်းတချို့ လိုအပ်နေခြင်းဖြစ်ကြောင်း နားလည်ထား၏။

ကြီးမားလှသောစိတ်ဝိဥာဥ်တံဆိပ်တော်မှာ အပေါ်မှနေ၍ အဆက်မပြတ် ဖိိနှပ်နေလျက်ရှိပြီး ဇူယွမ်၏စိတ်ဝိဥာဥ်မှာလည်း အဆက်မပြတ်တွန်းကန်နေလျက် ရှိပေသည်။ တံဆိပ်တော်၏ဖိအားမှာ ဇူယွမ့်အပေါ်သို့ ကျရောက်လာလျက်ရှိသော်လည်း ဇူယွမ်မှာ အနည်းငယ်မျှပင် တုန်လှုပ်ခြင်းမရှိပဲ နတ်ဘုရားဖျက်စီးခြင်းကျောက်တုံး၏ စိတ်ဝိဉာဥ်ပေါင်းစပ်ခြင်းနည်းလမ်းအား ကျင့်ကြံရန် ကြံစည်လိုက်လေသည်။

ဇူယွမ်မှာ အဆင့်တက်လှမ်းနိုင်လောက်သော အခွင့်အလမ်းအား တစ်ချိန်လုံးရှာဖွေနေခဲ့ပြီး ဒီအချိန်သည် အဆင့်တက်လှမ်းရန် အကောင်းဆုံးအချိန်ပင် ဖြစ်၏။ ကြောက်မက်ဖွယ်ကောင်းလှသော ဖိအားများ၏အောက်တွင် ဇူယွမ်မှာ သူ၏အကန့်အသတ်သို့ ရောက်သည်အထိ တွန်းလှန်နေခဲ့သည်။ အကန့်အသတ်သို့ ရောက်ရှိပြီဆိုသည်နှင့် ဇူယွမ်မှာ အချိန်ကြာမြင့်စွာ မချိုးဖျက်နိုင်ခဲ့သော အတားအဆီးအား ဖြတ်ကျော်နိုင်တော့မည်ဖြစ်ကာ ထိုသေးငယ်သောအဆင့်ကလေးအား တက်လှမ်းသွားနိုင်မည် ဖြစ်၏။ ကံကြမ္မာသည် သူ့အားမျက်နှာသာမပေးခဲ့ပါက သယကိုယ်တိုင် အခွင့်အရေးကို ဖန်တီးယူရမည်ပင် ဖြစ်သည်။

ဇူယွမ်မှာ နှလုံးသားအား လှိုင်းဂယက်တစ်ခုပင်မရှိသော ရေကန်ငယ်ကဲ့သို့ တည်ငြိမ်စေလိုက်၏။ နတ်ဘုရားဖျက်စီးခြင်းကျောက်တုံး၏ စိတ်ဝိဥာဥ်ပေါင်းစပ်ခြင်းနည်းလမ်းအား စတင်လိုက်သည်နှင့် ဇူယွမ်၏စိတ်ဝိဥာဥ်မှာ စတင်လင်းလက်လာသည်ကို ခံစားမိလိုက်လေသည်။ ပြင်းထန်လှသော ဖိအားများအောက်တွင် ပြိုလဲသွားရမည့်အစား ဇူယွမ်၏စိတ်ဝိဥာဥ်မှာ တဖြည်းဖြည်းနှင့်  ပို၍သန်မာလာကာ ဒြပ်ထည်ပုံသဏ္ဍာန် ပေါ်လာခဲ့သည်။

ဇူယွမ်၏ဦးခေါင်းထက်၌ ဖြည်းညင်းစွာ ကျဆင်းလာလျက်ရှိနေသော တံဆိပ်တော်မှာ ယခုအခါတွင် ဇူယွမ်၏စိတ်ဝိဥာဥ်နှင့် ပေအနည်းငယ်မျှသာ လိုပေတော့သည်။ ကြီးမားသောတံဆိပ်တော်နှင့် ထိတွေ့မိသည်နှင့်တကွ ဇူယွမ်၏စိတ်ဝိဥာဥ်မှာ ဒဏ်ရာရရှိသွားမည် ဖြစ်၏။ သို့သော်လည်း ဇူယွမ်မှာ အနည်းငယ်မျှပင် လှုပ်ရှားခြင်းမရှိပဲ ကျောက်တုံးကျောက်စိုင်က့ဲသို့ပင် တည်ငြိမ်စွာ ရှိနေခဲ့သည်။

***

သူတော်စင်မှော်စာလုံးခန်းမ၏ရှေ့၌ စောင့်ကြည့်နေကြသော တပည့်များမှာ ကြီးမားသောတံဆိပ်တော်ကြီးမှ ဖြည်းညင်းစွာ ကျဆင်းလာသည်ကိုကြည့်ရင်းဖြင့် စိတ်လှုပ်ရှားသောကြောင့် နှလုံးခုန်နှုန်းများပင် မြန်ဆန်နေပြီ ဖြစ်သည်။

“ဇူယွမ်က ဘာလုပ်နေတာလဲ။ ဘာလို့ နည်းနည်းမှ မလှုပ်ရှားရတာလဲ။ သူက တကယ်တံဆိပ်တော်ကို သူ့ရဲ့စိတ်ဝိဉာဥ်နဲ့ ထိတွေ့ခိုင်းဖို့ ရည်ရွယ်နေတာလား။”

“အရမ်းရူးလွန်းတာပဲ။ စီနီယာအမတော် ရှားယွီက စိတ်ဝိဉာဥ်အလယ်အလတ်ဒြပ်ထည်အဆင့်ကိုတောင် ရောက်နေပြီ။ သူ့စိတ်ဝိဥာဥ်ကျင့်ကြံခြင်းထက် အများကြီးသာတယ်။”

“ဘယ်လိုအရူးမျိုးပါလိမ့် ။ သူသာမြန်မြန် အရှုံးမပေးရင် တံဆိပ်တော်နဲ့ဖိနှိပ်ခြင်းကို ခံရတဲ့အခါ လွယ်ကူမှာမဟုတ်ဘူး။”

“…”

တံဆိပ်တော်မှ ဇူယွမ့်အပေါ်သို့ တဖြည်းဖြည်းနှင့် ဖိနှိပ်နေခြင်းအား ကြည့်ရှုနေရင်း တပည့်များထံမှ ဝေဖန်ဆွေးနွေးသံများ ထွက်ပေါ်လာခဲ့လေသည်။ တံဆိပ်တော်မှာ ဇူယွမ်၏စိတ်ဝိဥာဥ်အား အလုံးစုံဖျက်စီးပစ်လိုက်မည်မှာ သေချာသလောက်ပင် ​ဖြစ်၏။ ထိုသို့ဖြစ်သွားခဲ့လျှင် ဇူယွမ် ရှုံးနိမ့်သွားမည်ပင် ဖြစ်ပေသည်။

ယဲ့ကယ်သည်လည်း ဇူယွမ့်၏ပုံရိပ်အား အာရုံစိုက်ကာ စောင့်ကြည့်နေရင်းနှင့် မျက်ဝန်းများက ကျဥ်းမြောင်းလာခဲ့၏။ ယဲ့ကယ်၏ထက်ရှသော အာရုံခံစိတ်မှာ တံဆိပ်တော်မှ တဖြည်းဖြည်းနှင့် ပို၍ဖိနှိပ်လာခဲ့သည်ကို ခံစားနေမိ၏။သို့သော် ဇူယွမ်၏ခုခံနိုင်စွမ်းမှာလည်း ပို၍ပို၍ သန်မာလာနေခဲ့သည်။

“ ဇူယွမ်…မင်းဘာတွေလုပ်ဦးမလု့ိလဲ။”

ယဲ့ကယ်မှာ ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် အံကိုကြိတ်ကာ ရေရွတ်လိုက်၏။ “ဇူယွမ်က သူ့ကိုယ်သူအန္တရာယ်ကြားထဲတွန်းပို့ပြီး စိတ်ဝိဉာဥ်အကန့်အသတ်ကို ရောက်အောင် လုပ်ဆောင်ပြီးတော့ သူ့ရဲ့စိတ်ဝိဥာဥ်ကို အလယ်အလတ်ဒြပ်ထည်အဆင့်ကို တက်လှမ်းနိုင်အောင် လုပ်နေတာများလား။”

ယဲ့ကယ်၏အမူအရာမှာ ပြောင်းလဲသွားခဲ့သည်။ အကယ်၍ သူ၏ခန့်မှန်းချက်သာ မှန်ကန်နေမည်ဆိုပါက ဇူယွမ်၏ဆုံးဖြတ်ချက်မှာ အလွန်ပင်အန္တရာယ်များကာ ရဲစွမ်းသတ္တိမှာလည်း ချီးကျူးဖွယ်ရာပင် ဖြစ်၏။

အဘယ့်ကြောင့်ဆိုသော် ထိုသည်မှာ အလောင်းအစားတစ်ခုပင် ဖြစ်သည်။ အကယ်၍ ဇူယွမ် ရှုံးနိမ့်ခဲ့မည်ဆိုပါက ဇူယွမ်၏စိတ်ဝိဥာဥ်မှာ များစွာထိခိုက်သွားမည်ဖြစ်ပြီး ပြန်လည်ကောင်းမွန်နိုင်ရန်ပင် အချိန်ပေါင်းများစွာ လိုအပ်ပေလိမ့်မည်။

ယဲ့ကယ်မှာ ဇူယွမ်၏ဦးခေါင်းထက်သို့ ဖြည်းညင်းစွာ ကျဆင်းလာလျက်ရှိနေသော တံဆိပ်တော်အား စိုက်ကြည့်နေမိ၏။ တံဆိပ်တော်မှအလုံးစုံ ဖိနှိပ်ခြင်းမပြုမီတွင် ဇူယွမ်၏စိတ်ဝိဥာဥ် အဆင့်မတက်နိုင်ခဲ့ပါက ဇူယွမ်၏စိတ်ဝိဥာဥ်မှာ ဖျက်စီးခံရမည်ဖြစ်ပြီး အလောင်းအစား ရှုံးနိမ့်သွားပေလိမ့်မည်။

“ဇူယွမ်…မင်းဒီအချိန်ခဏလေးအတွင်းမှာ အဆင့်တက်လှမ်းနိုင်လိမ့်မယ်လို့ ငါမယုံဘူး။”

***

အစီအရင်၏အခြားတစ်ဖက်၌…။

ယောင်ယောင်မှာ ရေတံခွန်၏ထိပ်ဖျား၌ ရပ်နေလျက်ရှိပြီး ကျင်ကျန်းမှာတော့ သမုဒ္ဒရာအားမျက်နှာမူကာ ရပ်နေလျက်ရှိကာ တိုက်ခိုက်​ြကမည့်အရိပ်အယောင်ပင် အနည်းငယ်မျှ ရှိမနေတော့ပေ။ ကျင်ကျန်းသည် အစီအရင်ဗဟိုချက်၏စွမ်းအင်များမှာ သုံးစွဲနိုင်ခြင်းမရှိပါက ယောင်ယောင့်အား ယှဥ်ပြိုင်တိုက်ခိုက်နိုင်ရန် လုံးဝမဖြစ်နိုင်ကြောင်း သိရှိထားပေသည်။ သို့သော်လည်း ကျင်ကျန်းမှာ အနည်းငယ်မျှပင် စိတ်ပူပန်ခြင်း မရှိပေ။အဘယ့်ကြောင့်ဆိုသော် စွမ်းအင်ဗဟိုချက်၏တည်နေရာမှာ အချိန်နှင့်အမျှပြောင်းလဲနေခြင်းဖြစ်ပြီး ထိုသို့ပြောင်းလဲမည့်အချိန်ရောက်လာပါက သူတစ်ခါပြန်၍ သိမ်းပိုက်လိုက်ရုံပင် ဖြစ်၏။ အစီအရင်ဗဟိုချက်အား မချိုးဖျက်ရသေးသမျှ ကျင်ကျန်းမှာ ကြောက်လန့်နေစရာမလိုအပ်ပဲ အခွင့်အရေးရလာပါက ယောင်ယောင့်ကိုပင် ထောင်ချောက်ထဲ ထည့်ပိတ်၍ရချင်ရပေဦးမည် ဖြစ်သည်။

ကျင်ကျန်းမှာ ခေါင်းကိုမော့ကာ ယောင်ယောင်အား ကြည့်လိုက်၏။ ဂျူနီယာညီမတော် ယောင်ယောင်…မင်းဇူယွမ်နဲ့ အတူတွဲလုပ်နေသမျှ အနိုင်ဆိုတာ ငါတို့အတွက်ပဲ။

***

အချိန်များကဖြည်းညင်းစွာဖြင့် ကုန်ဆုံးလာခဲ့၏။

ယခုအခါတွင် ကြီးမားလှသော တံဆိပ်တော်ကြီးမှာ ဇူယွမ်၏စိတ်ဝိဥာဥ်နှင့် ခြေတစ်လှမ်းစာမျှသာ ကွာခြားပေတော့လေသည်။ တံဆိပ်တော်မှ အကန့်အသတ်မဲ့ဖိအားများကို ထုတ်လွှတ်နေလျက်ရှိသောကြောင့် ဇူယွမ်၏ခန္ဓာကိုယ်မှာ ချွေးစက်များဖြင့် စိုရွှဲနေခဲ့ပြီး အဝတ်အစားများပင် ဆုတ်ပြဲလာရသည်။စောင့်ကြည့်နေကြသော မျက်ဝန်းများစွာ၏အောက်၌ပင် တံဆိပ်တော်၏ဖိနှိပ်နိုင်စွမ်းမှာ ပို၍တိုးပွားလာခဲ့ပြီး အောက်သို့ကျဆင်းနှုန်းမှာလည်း အနည်းငယ်လျင်မြန်လာခဲ့ပေသည်။

ယခုဆိုလျှင် တံဆိပ်တော်နှင့် ဇူယွမ်၏စိတ်ဝိဥာဥ်အကြားတွင် နှစ်လက်မစာမျှသာ ကွာခြားပေတော့သည်။

သူတော်စင်မှော်စာလုံးခန်းမ၏ရှေ့၌ စောင့်ကြည့်နေကြသောတပည့်များမှာ သနားကရုဏာသက်သောအမူအရာများဖြင့် သက်ပြင်းချလိုက်ကြ၏။ ကြည့်ရသည်မှာ ဇူယွမ်သည် ရှုံးနိမ့်မှုအား ရှောင်လွှဲရန် မဖြစ်နိုင်တော့ပေ။

ဂူဟွမ်ချီမှာ နှုတ်ခမ်းများကို ဖိကိုက်ထားကာ မျက်လုံးများကို မှိတ်ထားလေသည်။ သူမ၏ဘေးတွင် ရှိနေသော စူးဝမ်မှ ဂူဟွမ်ချီ၏ပခုံးအားပုတ်ကာ နှစ်သိမ့်လိုက်၏။”ဇူယွမ်က အခုအချိန်ထိ ကောင်းကောင်းတောင့်ခံနိုင်ခဲ့တာပဲလေ။ ဘယ်လိုပဲဖြစ်ဖြစ် ရှားယွီက သူတော်စင်မှော်စာလုံးတောင်ထွတ်ရဲ့ ပထမတန်း ရွှေခါးစည်းတပည့်ပဲဟာ။ ပြီးတော့ သူမက လာမယ့်ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲမှာလည်း ချန်ပီယံရဖို့ထိတောင် ရေပန်းစားနေတာ။ အဲ့ဒါကြောင့် ဇူယွမ် သူမကိုရှုံးရတာ ဘာမှမထူးဆန်းပါဘူး။”

“နောက်ဆုံးတော့ ရှုံးပြီပေါ့လေ။” သူတော်စင်ခန်းမ၏ အခြားတစ်ဖက်တွင်ရှိနေသော လုရွှမ်းယင်မှာ အားရကျေနပ်စွာပြုံးရင်းဖြင့် ရေရွတ်လိုက်၏။

ရှုယန်မှ ခပ်ဖွဖွရီမောကာ စကားဆိုလိုက်သည်။ “စိတ်မကောင်းစရာပဲ။ ကြည့်ရတာ ဇူယွမ်က ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲမှာ ငါပြင်ဆင်ထားတဲ့လက်ဆောင်ကိုတောင် ကြည့်ခွင့်မရှိတော့ဘူး ထင်ပါတယ်။”

ဇူယွမ်၏စိတ်ဝိဥာဥ်ထိခိုက်သွားခဲ့မည်ဆိုပါက တိုက်ပွဲရှုံးနိမ့်ရုံတင်မကပဲ စိတ်ဝိဉာဥ် ပြန်လည်ကောင်းမွန်လာဖို့ပင် လပေါင်းများစွာ အချိန်ယူကုစားရမည် ဖြစ်ပေသည်။ ထို့ကြောင့် လာမည့်ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲအား ဇူယွမ်ပါဝင်ယှဥ်ပြိုင်ရန် မဖြစ်နိုင်တော့ပေ။

စောင့်ကြည့်နေကြသော အကြည့်များစွာ၏အောက်၌ပင် တံဆိပ်တော်မှာ ဆက်လက်ကျဆင်းနေလျက်ရှိ၏။ နှစ်လက်မ…..တစ်လက်မ…

ယဲ့ကယ်၏အမူအရာမှာ စိတ်သက်သာရာရသွားဟန်ရှိကာ ဖြည်းညင်းစွာ စကားဆိုလိုက်၏။ “ဒီလောက်အကြာကြီးတောင် ဘာမှ​ဖြစ်မလာပုံထောက်ရင် ဇူယွမ်ရဲ့စိတ်ဝိဉာဥ်က ငါထင်ထားတာထက် အများကြီးပိုပြီးအဆင့်တက်လာဖို့ခက်ခဲတာပဲ။”

ဇူယွမ်မှာ အစပိုင်းဒြပ်ထည့်အဆင့်၏အထွတ်အထိပ်အား ရောက်ရှိနေခဲ့သည်မှာ အတော်ပင်ကြာပြီဖြစ်သော်လည်း နောက်တစ်ဆင့်သို့တက်လှမ်းနိုင်ရန်အတွက် စိတ်ဝိဉာဥ်အကန့်အသတ်သို့ ရောက်ရှိရန် များစွာလုပ်ဆောင်နေခဲ့ရဆဲပင် ဖြစ်သည်။

တံဆိပ်တော်နှင့် ဇူယွမ်၏စိတ်ဝိဥာဥ်တို့ ထိမိတော့မည့်အချိန်၌ သက်​ပြင်းချသံများ များစွာထွက်ပေါ်လာခဲ့၏။ မကြာမီအချိန်တွင်းမှာပင် ဇူယွမ်၏စိတ်ဝိဥာဥ်မှာ အလုံးစုံဖိနှိပ်ခံရတော့မည် ဖြစ်သည်။

တောင်ထိပ်ပေါ်၌ရှိနေသော ရှားယွီမှာ အခုမှစိတ်အေးလက်အေးဖြစ်သွားဟန်နှင့် သက်ပြင်းချလိုက်လေသည်။ ဇူယွမ်မှာ စိတ်ဝိဉာဥ်အစပိုင်းဒြပ်ထည်အဆင့်ရှိသူသာဖြစ်သော်လည်း သူမအနေနှင့် အတော်ခက်ခဲစွာ ရင်ဆိုင်ခဲ့ရသည်။

“တော်သေးတာပေါ့။ ငါသူတော်စင်မှော်စာလုံးတောင်ထွတ်က တပည့်တွေရဲ့ မျှော်လင့်ချက်တွေကို မပျက်စီးစေခဲ့ဘူး။” ရှားယွီမှပြုံးကာ ရေရွတ်လိုက်၏။

ရှားယွီပြုံးလိုက်သည့်အချိန်၌ပင် တံဆိပ်တော်မှ တိုးညှင်းသောအသံတို့ ထွက်ပေါ်လာခဲ့သည်။ အသံထွက်ပေါ်ရသည့်အကြောင်းအရင်းအား ကြည့်လိုက်သောအခါတွင် ရှားယွီ၏အပြုံးများမှာ အေးခဲသွားခဲ့ပြီး တင်းတင်းကြပ်ကြပ်မျက်လုံးပိတ်ထားလျက်ရှိသော ဇူယ​ွမ်မှာ မျက်လုံးများ ပြန်လည်ဖွင့်ဟလာခဲ့သည်ကို တွေ့လိုက်ရ၏။

လင်းလက်တောက်ပနေသောဇူယွမ်၏မျက်ဝန်းများကို ေတွ့လိုက်ရသောအခါတွင် ရှားယွီ၏စိတ်နှလုံးတို့ တုန်ခါသွားခဲ့၏။ ဇူယွမ်မှာ ခေါင်းကိုငုံ့ကာ လက်စွပ်အားကြည့်လိုက်လေသည်။

ထို့နောက်ဇူယွမ်းမျက်လုံးများမှာ တဖြည်းဖြည်းမှိတ်သွားကာ ဇူယွမ်စိတ်ဝိဥာဥ်၏မျက်လုံးများက ပွင့်ဟလာခဲ့ပြီး ဇူယွမ်၏စိတ်ဝိဥာဥ်မှ တောက်ပသောအလင်းရောင်များ ထွက်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ရှားယွီ၏မျက်ဝန်းအစုံမှာ ကျဥ်းမြောင်းသွားခဲ့၏။

အဘယ့်ကြောင့်ဆိုသော် ဇူယွမ်၏စိတ်ဝိဥာဥ်မှာ လက်များကိုဆန့်ထုတ်ကာ စိတ်ဝိဥာဥ်တံဆိပ်တော်အား တွန်းကန်နေသောကြောင့်ပင် ဖြစ်၏။ ဇူယွမ်၏စိတ်ဝိဥာဥ်မှာ တံဆိပ်တော်အား ဖြည်းညင်းစွာ မတင်နေသည်နှင့်အမျှ ကျယ်လောင်ပြင်းထန်သောအသံတို့မှာ ထွက်ပေါ်နေလျက် ရှိပေသည်။

“ဒါ…ဒါဘယ်လိုဖြစ်နိုင်မှာလဲ။” ရှားယွီမှ အံ့သြတုန်လှုပ်စွာဖြင့် ရေရွတ်လိုက်၏။

ထိုအချိန်၌ပင် သူတော်စင်မှော်စာလုံးခန်းမ၏ရှေ့၌ စောင့်ကြည့်နေကြသော တပည့်များမှာလည်း ထိုမြင်ကွင်းအား မြင်လိုက်ရပြီးနောက် အံ့သြတုန်လှုပ်သွားကြသောအသံများ များစွာထွက်ပေါ်လာခဲ့လေသည်။

“ဘုရားရေ…ဇူယွမ်ရဲ့စိတ်ဝိဉာဥ်က တံဆိပ်တော်ကို မတင်နေတာလား။”

“ဘယ်လိုလို့ဖြစ်နိုင်မှာလဲ။ ဇူယွမ်ရဲ့စိတ်ဝိဉာဥ်က အစပိုင်းဒြပ်ထည့်အဆင့်ပဲ ရှိသေးတဲ့ဟာကို ဘယ်လိုလို့ စီနီယာအမတော်လေးရှားယွီရဲ့ စိတ်ဝိဉာဥ်နဲ့ပြုလုပ်ထားတဲ့ တံဆိပ်တော်ကို မတင်နေနိုင်ရတာလဲ။”

“…”

သူတော်စင်ခန်းမ၏ရှေ့၌ တပည့်များမှ ဆူညံပွတ်လောရိုက်သံများဖြင့် လေထုအား ပြည့်နှက်သွားစေခဲ့လေသည်။

ပြုံးရွှင်နေလျက်ရှိသော ယဲ့ကယ်၏မျက်နှာမှာလည်း ခက်ထန်သွားခဲ့ရ၏။

Comment

Leave a Reply

Options

not work with dark mode
Reset