Switch Mode

စာစဥ် (၂၆) အပိုင်း (၃၅၇)

စိတ်ဝိဉာဥ်အားဖိနှိပ်ခြင်း

“နောက်ဆုံးတော့ စီနီယာအကိုတော် ကျင်ကျန်းက ရှုံးသွားတာပဲ။”

“ဇူရှောင်ယိုက စီနီယာအကိုတော် ကျင်ကျန်းကိုတောင် လှည့်စားနိုင်ပြီး အရမ်းရှားပါးတဲ့ ပုံရိပ်ယောင်မှော်စာလုံးကို အသုံးပြုနိုင်တယ်ဆိုတော့ သူမရဲ့အရည်အချင်းက ကြောက်စရာပဲ။”

“အဲ့လိုပုံရိပ်ယောင်ကမ္ဘာကုိဖန်တီးတဲ့ မှော်စာလုံးတွေက ရေးဆွဲတဲ့သူရဲ့ စိတ်ဝိဉာဥ်နဲ့ လုံးဝသက်ဆိုင်တယ်။ စီနီယာအကိုတော်ကျင်ကျန်းက အဲ့ဒါကိုရှုံးနိမ့်ခဲ့တယ်ဆိုတော့ ယောင်ယောင်ကစိတ်ဝိဥာဥ်က အကိုတော်ထက်ကို အများကြီးပိုသန်မာတယ်လို့ ဆိုလိုတာပဲ။”

“တောင်ထွတ်ဆရာသခင် မျက်ခုံးဖြူက ဇူရှောင်ယိုကို အရမ်းအလေးထားနေတာ အံ့သြစရာမဟုတ်တော့ပါဘူး။ သူမရဲ့ မူလမှော်စာလုံးပညာရပ်က မယုံကြည်နိုင်လောက်အောင် ကောင်းလွန်းတယ်။”

“…”

ယောင်ယောင်တို့၏တိုက်ပွဲပြီးသွားသည်နှင့် သူတော်စင်မှော်စာလုံးခန်းမ၏ရှေ့၌ စောင့်ကြည့်နေကြသော တပည့်များထံမှ ဝေဖန်ဆွေးနွေးသံများ ထွက်ပေါ်လာခဲ့ပြီး သူတို့၏မျက်နှာအမူအရာများမှာ အံ့အားသင့်နေဟန် ရှိပေသည်။ အစပိုင်း၌ တပည့်များအားလုံးမှာ ယောင်ယောင်မှမတိုက်ခိုက်ပဲ ခုခံကာကွယ်ခြင်းကိုသာ ပြုလုပ်နိုင်ခဲ့သောကြောင့် အထင်မကြီးခဲ့ကြသော်လည်း ထိုအရာများအားလုံးသည် ပုံရိပ်ယောင်မှော်စာလုံးလေးတစ်ခုထဲမှ ဖန်တီးထားခြင်းဖြစ်သည်ကိုတော့ မသိရှိခဲ့ပါပေ။ ကျင်ကျန်းအပါအဝင် သူတို့အားလုံးမှာ ပုံရိပ်ယောင်ကမ္ဘာတစ်ခုကိုသာ မြင်တွေ့နေခဲ့ရခြင်း ဖြစ်ပေသည်။ ကျင်ကျန်း၏ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုများအားလုံးသည်လည်း အချိန်ဖြုန်းတီးနေရုံသက်သက်သာ ဖြစ်ခဲ့၏။

ကျောက်တုံးစင်မြင့်၏ရှေ့၌ လှပတင့်တယ်စွာ ရပ်နေလျက်ရှိသော လီချင်းချန်မှာ မှန်ချပ်ထဲရှိ ယောင်ယောင်၏ပုံရိပ်ကိုကြည့်ရင်း အံ့အားသင့်နေလျက်ရှိ၏။ ယောင်ယောင်၏အနိုင်ယူလိုက်သော နည်းဗျူဟာမှာ ထူးခြားဆန်းကြယ်၍ အံ့အားသင့်ဖွယ် အလွန်ကောင်းပေသည်။ သူတို့အားလုံးမှာ ယောင်ယောင်သည် နည်းလမ်းလေးတစ်ခုအသုံးပြုလိုက်ရုံမျှဖြင့် စွမ်းအင်ဗဟိုချက်အား အလွယ်တကူ သိမ်းပိုက်ရယူနိုင်လိမ့်မည်ဟု မမျှော်မှန်းထားခဲ့ချေ။

ယခုအချိန်၌ စွမ်းအင်ဗဟိုချက်မှာ ယောင်ယောင်ခြေဖဝါးအောက်တွင်ရှိနေပြီး အတွေးလေးတစ်ချက်မျှနှင့်ပင် ချိုးဖျက်ပစ်နိုင်နေပြီ ​ဖြစ်သည်။ အကယ်၍ အစီအရင်တွင် ဗဟိုချက်တစ်ခုသာ ရှိမည်ဆိုပါက ယောင်ယောင်မှာ အနိုင်ရပြီးနေလောက်ပြီ ဖြစ်၏။ သို့သော်လည်း ချိုးဖျက်ရမည့်ဗဟိုချက်မှာ နှစ်ခုပါဝင်နေလေသည်။

လီချင်းချန်မှာ သက်ပြင်းချလိုက်ကာ အခြားသောမှန်ချပ်တစ်ခုအား ကြည့်လိုက်၏။ အစီအရင်ကိုဖျက်စီးနိုင်ရန် ဗဟိုချက်နှစ်ခုအား တစ်ချိန်တည်း၌ လူနှစ်ဦးမှ အတူတကွ ချိုးဖျက်ပစ်ရမည် ဖြစ်သည်။ ယောင်ယောင်မှာ စွမ်းအင်ဗဟိုချက်အား ရယူနိုင်ခဲ့သော်လည်း ဇူယွမ်ဖက်ရှိ ဗဟိုချက်မှာ ရှားယွီ၏ထိန်းချုပ်မှုအောက်တွင်သာ ရှိနေပြီး ဇူယွမ်မှာ ရယူနိုင်ရန် အခွင့်အရေးပင်မရှိဟန် ​ဖြစ်နေလေသည်။

လီချင်းချန်မှ စိတ်မကောင်းဖြစ်သောအမူအရာဖြင့် ရေရွတ်လိုက်၏။ “ယောင်ယောင် ငါအစထဲက ဇူယွမ်ကို မျှော်လင့်လို့မရပါဘူးလို့ ​ပြောခဲ့သားပဲ။ ဇူယွမ်က အရည်အချင်းရှိတာမှန်ပေမယ့် အစီအရင်ကိုချိုးဖျက်နိုင်ဖို့တော့ မလုံလောက်သေးဘူး။”

ထို့ကြောင့် ယောင်ယောင်မည်မျှပင် တော်နေပါစေ။ သူမ၏အရည်အချင်းများကို အလဟဿ ဖြုန်းတီးနေသလိုသာ ဖြစ်နေပေလိမ့်မည်။

“ဝမ်းနည်းစရာပဲ။” စူးဝမ်မှ စိတ်မကောင်းဖြစ်နေဟန်ဖြင့် ခေါင်းအားခါယမ်းလိုက်လေသည်။

သူမ၏ဘေးတွင် ရှိနေသော ဂူဟွမ်ချီမှာ လက်များကိုတင်းတင်းဆုပ်ထားကာ ဇူယွမ်ပုံရိပ်အား ပြသလျက်ရှိနေသော မှန်ချပ်မှ အကြည့်ပင်မခွာပဲ စကားဆိုလိုက်၏။ “စီနီယာအမတော် စူးဝမ်…တိုက်ပွဲကမပြီးသေးပါဘူး။”

စူးဝမ်မှာ မှန်ချပ်ထဲမှ ကျောက်တုံးမြွေနဂါးများ လိုက်လံဖမ်းဆီးခြင်းခံနေရသော ဇူယွမ်၏ပုံရိပ်အား ကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကိုခါယမ်းလိုက်လေသည်။

“ဘယ်အချိန်မှာ အရှုံးပေးရမလဲဆိုတာ တကယ်မသိတဲ့ကောင်လေးပဲ။”

“နင်ကရှားယွီရဲ့ပြိုင်ဖက် ဘယ်လိုလို့ဖြစ်နိုင်မှာလဲ။”

***

ဝုန်း…

ကျောက်တုံးမြွေနဂါးလေးကောင်မှာ ေကာင်းကင်ထက်တွင် ရစ်ဝဲနေလျက်ရှိပြီး သူတို့၏ခန္ဓာကိ်ုယ်မှ ချီစွမ်းအင်များကို ထုတ်လွှတ်နေလျက် ရှိပေသည်။ ထို့နောက် ကျောက်တုံးမြွေနဂါးများမှာ အမြှီးများကို လွှဲလိုက်ကာ အရိပ်တစ်ခုအလား အလွန်လျင်မြန်လှသောအရှိန်ဖြင့် ဇူယွမ်ထံသို့ တိုးဝင်လာခဲ့၏။ အမြှီးလေးခုမှာ ဇူယွမ်လွတ်မြောက်နိုင်ခြင်းမရှိအောင်ပင် အရပ်မျက်နှာများအား ပိတ်ဆို့ထားခဲ့၏။

ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား ဆုတ်ကိုင်ကာ လေထုထဲ၌ စုတ်ချက်ပေါင်းများစွာကို ရေးဆွဲလိုက်သည်နှင့်တကွ ပတ်ဝန်းကျင်ရှိ စွမ်းအင်များကို မှော်စာလုံးမှ စုပ်ယူသွားခဲ့လေသည်။

“သတ္တုလိပ်ခွံအကာအကွယ် မှော်စာလုံး..”

မူလမှော်စာလုံးမှာ ဇူယွမ်၏ဦးခေါင်းထက်၌ လျင်မြန်စွာ ကြီးထွားလာခဲ့ပြီး မှေးမှိန်စွာတောက်ပနေသည့် ပေရာကျော်မျှရှိသော လိပ်ခွံသဏ္ဍာန်အဖြစ်သို့ ပြောင်းလဲသွားလေသည်။

ဒေါင်….

အမြှီးလေးခုမှာ လိပ်ခွံအား အဆက်မပြတ် တိုးဝင်နေခဲ့ကြပြီး အက်ကြောင်းများကို ဖြစ်ပေါ်စေလျက် ရှိ၏။ ထို့နောက် ကျယ်လောင်လှသောအသံတစ်ခုနှင့်အတူ ဇူယွမ်မှာ အောက်သို့ပြုတ်ကျသွားခဲ့ကာ ချိုင့်ကြီးတစ်ခုပင် ဖြစ်ပေါ်စေခဲ့၏။ ချိုင့်ဝှမ်းအား မျက်နှာအပ်လျက်ရှိသောဇူယွမ်မှာ အနည်းငယ် တုန်လှုပ်နေပေသည်။ ကျောက်တုံးမြွေနဂါးများမှာ အမှန်ပင် ကြောက်မက်ဖွယ်ရာကောင်းလှပြီး တစ်ကောင်ချင်းစီမှာ ဝေယိုရွှမ်းထက် အားမနည်းကြပေ။ ထို့အပြင် လေးကောင်ပေါင်း၍ တိုက်ခိုက်လျက်ရှိသောကြောင့် ပို၍ကြောက်မက်ဖွယ်ကောင်းကာ သန်မာပေသည်။

ဝေါင်း…..

ကျောက်တုံးမြွေနဂါးလေးကောင်မှာ ဟိန်းဟောက်လိုက်ပြီးနောက် ဇူယွမ်အားအသက်ရှူဖို့ပင် အချိန်မပေးပဲ ချိုင့်ဝှမ်းထဲသို့ လျင်မြန်စွာ ထိုးဆင်းလာခဲ့၏။ မြွေနဂါးကြီးများမှ ထုတ်လွှတ်လျက်ရှိသော စွမ်းအင်ဖိအားများကြောင့် မြေပြင်သည်ပင် တုန်လှုပ်အက်ကွဲလာခဲ့ရသည်။ ကျောက်တုံးမြွေနဂါးများမှာ ဇူယွမ်၏မြင်ကွင်းနှင့် ပုိ၍နီးကပ်လာပါသော်လည်း ဇူယွမ်မှာ တည်ငြိမ်နေလျက် ရှိပေသည်။

ဝုန်း….

ကျောက်တုံးမြွေနဂါးများ ဇူယွမ်ထံသို့ ရောက်ရှိလုနီးအချိန်၌ပင် ဇူယွမ်၏ပတ်ဝန်းကျင်ရှိ မြေပြင်များမှ ဆူးလေးချောင်းမှာတစ်ပြိုင်နက် ထွက်ပေါ်လာခဲ့ပြီး ထိုဆူးများအား မူလမှော်စာလုံးများက ရစ်ဝဲနေလေသည်။

ချပ်….

ဆူးလေးချောင်းမှာ လျှပ်စီးက့ဲသို့သော လျင်မြန်သည့်အရှိန်ဖြင့်တိုးထွက်လာပြီးနောက် ကျောက်တုံးမြွေနဂါးလေးကောင်၏ ခန္ဓာကိုယ်အား ဖောက်ထွက်သွားကာ မြွေနဂါးများ၏ဝမ်းဗိုက်ထဲရှိ မှော်စာလုံးများကိုပါ ဖျက်စီးသွား၏။

ဇူယွမ်မှာ ပြိုကွဲပျက်စီးသွားသော ကျောက်တုံးမြွေနဂါးလေးကောင်အားကြည့်ကာ ပြုံးလိုက်လေသည်။ သို့သော် တစ်ခဏအတွင်းပင် ဇူယွမ်၏အပြုံးများမှာ ပျောက်ကွယ်သွားခဲ့ပြီး မျက်ဝန်းများပြူးကျယ်သွားခဲ့ရ၏။ အဘယ့်ကြောင့်ဆိုသော် ကျောက်တုံးမြွေနဂါးများ ပြိုကွဲပျက်စီးသွားသည်နှင့်တစ်ပြိုင်နက် မြွေနဂါးများ၏ခန္ဓာကိုယ်ထဲမှ မမြင်နိုင်သော စ်ိတ်ဝိဉာဥ်စွမ်းအားများမှာ စုရုံးသွားပြီးနောက် ကြီးမားသောစိတ်ဝိဉာဥ်တံဆိပ်​တော်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျလာ​နေသောကြောင့် ဖြစ်သည်။

ဝုန်း…

စိတ်ဝိဉာဥ်တံဆိပ်တော်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်နှင့်တစ်ပြိုင််နက် ဇူယွမ်၏အမူအရာမှာ ပြောင်းလဲသွားခဲ့၏။ ဇူယွမ်သည် နူးညံ့သိမ်မွေ့လှသောရှားယွီက တိုက်ပွဲအတွင်း၌ ထိုမျှလောက်ကြောက်မက်ဖွယ်ရာကောင်းလိ်မ့်မည်ဟု မထင်ထားခဲ့ချေ။ယခုနမှ ကျောက်တုံးမြွေနဂါးများမှာ လှည့်စားရုံသက်သက်သာဖြစ်ပြီး အမှန်တကယ်တိုက်ကွက်မှာ မြွေနဂါးများအတွင်း၌ ကွယ်ဝှက်ထားသော ကြီးမားသည့် စိတ်ဝိဉာဥ်တံဆိပ်တော်သာ ဖြစ်လေသည်။

စိတ်ဝိဉာဥ်တံဆိပ်တော်ဖြင့် တိုက်ခိုက်မှုမှာ ကြမ်းတမ်းပြင်းထန်သော တိုက်ခိုက်မှုမဟုတ်သည့်အတွက် ရှားယွီမှာ သူမ၏စိတ်ဝိဥာဥ်တံဆိပ်​တော်ဖြင့် ဇူယွမ်၏စိတ်ဝိဥာဥ်အား ဖိနှိပ်ထားရုံသာ ပြုလုပ်ပြီး ဇူယွမ်ပြန်လည်၍ မခုခံမတိုက်ခိုက်ရန်သာ ရည်ရွယ်ထားကြောင်း ထင်ရှားပေသည်။

ဇူယွမ်၏မျက်ခုံးနှစ်ခုကြားမှ နေရာမှာ လင်းလက်တောက်ပလာပြီးနောက် ဇူယွမ်နှင့်တထေရာတည်းတူညီသော စိတ်ဝိဉာဥ်တစ်ခုမှာ ဖြည်းညင်းစွာဖြင့် ဇူယွမ်၏ဦးခေါင်းထက်သို့ ထွက်ပေါ်လာခဲ့လေသည်။ ထိုစိတ်ဝိဥာဥ်သည် အတော်အတန်ပင် ဒြပ်ထည်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ဇူယွမ်၏စိတ်ဝိဉာဥ်ပင် ဖြစ်၏။

ဇူယွမ်၏စိတ်ဝိဥာဥ်မှာ လက်နှစ်ဖက်လုံးကိုမြှောက်လိုက်ကာ စွမ်းအင်များကိုထုတ်လွှတ်၍ အပေါ်မှဖြည်းညင်းစွာဖိနှိပ်လာလျက်ရှိသော စိတ်ဝိဉာဥ်တံဆိပ်တော်အား တွန်းကန်နေလျက်ရှိသည်။

တောင်ထိပ်တွင်ရှိနေသော ရှားယွီမှာ ဇူယွမ်အားကြည့်လုိက်ပြီးနောက် ဖြည်းညင်းစွာဖြင့် စကားဆိုလိုက်၏။ “စီနီယာအကိုတော် ဇူယွမ်…ကျွန်မရဲ့စိတ်ဝိဥာဥ်က အလယ်အလတ်ဒြပ်ထည်အဆင့်ကို ရောက်နေပြီဆိုပေမယ့် ရှင့်ရဲ့စိတ်ဝိဉာဥ်ကတော့ အစပိုင်းဒြပ်ထည့်အဆင့်ပဲ ရှိသေးတယ်။ ရှင်ဘယ်လောက်ပဲ ခုခံပြီးတွန်းကန်နေပါစေ အသုံးမဝင်ဘူး။”

ဇူယွမ်မှ ဘာမှပြန်၍ ဖြေကြားခြင်းမရှိပေ။ ဇူယွမ်၏ ဦးခေါင်းထက်မှ စိတ်ဝိဉာဥ်မှာ စွမ်းအင်များကို ဆက်လက်ထုတ်လွှတ်ကာ တံဆိပ်တော်အား ဆက်လက်တွန်းကန်နေလျက်ရှိ၏။

ရှားယွီမှာ ထိုအခြင်းအရာအား မြင်လိုက်ရသောအခါ ဘာမှဆက်၍ ပြောကြားခြင်းမရှိတော့ပဲ သူမ၏လက်အားလှုပ်ရှားလိုက်ကာ တံဆိပ်တော်အား ပို၍လျင်မြန်စွာ ဖိနှိပ်စေခဲ့လေသည်။

တံဆိပ်တော်မှာပို၍ ဖိနှိပ်လာသည်နှင့်အမျှ ဇူယွမ်၏စိတ်ဝိဥာဥ်မှာ ကြီးမားလှသောဖိအားကို ခံစားလာရ၏။ ထို့နောက် ဇူယွမ်၏မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ အတွေးအချို့ကို တွေးတောလိုက်ပြီးနောက် အေးစက်စက်အမူအရာတစ်ခု ဇူယွမ့်မျက်နှာပေါ်၌ ပေါ်လာခဲ့လေသည်။

“အလယ်အလတ်ဒြပ်ထည်အဆင့်ဟုတ်လား..အဟက်။”

ဇူယွမ်မှာ ထိုစကားအား ရေရွတ်လိုက်ပြီးနောက် အသက်ပြင်းပြင်းတစ်ချက် ရှူရှိုက်ကာ မျက်လုံးများကို မှိတ်ထားလိုက်၏။ ဇူယွမ်၏စိတ်ဝိဥာဥ်စွမ်းအင်များအားလုံး ထွက်​ပေါ်လာခဲ့ပြီး တံဆိပ်တော်၏ပြင်းထန်သောဖိအားများကြောင့် ဇူယွမ်၏စိတ်ဝိဥာဥ်မှာ မှေးမှိန်စွာပင် လင်းလက်နေလျက်ရှိသည်။

ဇူယွမ်၏မျက်ခုံးနှစ်ခုကြားရှိ သူတော်စင်မှော်စာလုံးမှာ အေးမြသောစွမ်းအင်များ အဆက်မပြတ် ထွက်ပေါ်လာပြီးနောက် ဇူယွမ်၏စိတ်ဝိဥာဥ်မှ ထိုစွမ်းအင်များကို စုပ်ယူနေခဲ့လေသည်။

တံဆိပ်တော်မှာ ဖြည်းညင်းစွာဖြင့်ပင် ဖိနှိပ်နေလျက်ရှိနေသော်လည်း ရပ်တန့်သွားမည့်ဟန်မရှိပဲ တဖြည်းဖြည်းပင် အောက်သို့ကျလာလျက် ရှိနေ၏။ ဤနှုန်းအတိုင်းဆိုလျှင် မကြာမီမှာပင် ဇူယွမ်၏စိတ်ဝိဥာဥ်မှာ အလုံးစုံဖိနှိပ်ခံရတော့မည်ပင် ဖြစ်သည်။ ဇူယွမ်မှာ လုံးဝရှုံးနိမ့်သွားတော့မည်ဟု ခန့်မှန်း၍ရနေပြီ ဖြစ်ပေသည်။

သို့သော်လည်း ဇူယွမ်မှာ တည်ငြိမ်နေလျက်ပင် ရှိပြီး ဖြည်းညင်းစွာဖြင့် ဆင်းသက်ဖိနှိပ်နေလျက်ရှိသော တံဆိပ်တော်အား စိတ်ဝိဉာဥ်ဖြင့် ဆက်လက်ရင်ဆိုင်နေပေသည်။

သူတော်စင်မှော်စာလုံးခန်းမ၏ရှေ့၌ စောင့်ကြည့်နေကြသောတပည့်များမှာ တိတ်တိတ်စွာဖြင့်ပင် ခေါင်းများကိုခါယမ်းလိုက်ကြလေသည်။ သူတို့အားလုံးမှာ ယခင်က ဇူယွမ်တဇွတ်ထိုးပြုလုပ်ခဲ့သည်များအား ကြုံတွေ့ခဲ့ဖူးပါသော်လည်း ဤတစ်ကြိမ်သည် ဇူယွမ်၏နောက်ဆုံးအကြိမ်ပင် ဖြစ်သွားနိုင်၏။

“နောက်ဆုံးတော့လည်း ဒုက္ခရောက်ရတော့မှာပါလား။” လုရွှမ်းယင်မှာ ပြုံးကာရေရွတ်လိုက်၏။ လုရွှမ်းယင်သည် ဇူယွမ်မှာ သူမကြောင့်မဟုတ်ပဲ သူတော်စင်မှော်စာလုံးတောင်ထွတ်၌ ပထမဆုံးအကြိမ်အဖြစ် အရှက်တကွဲအကျိုးနည်း ဖြစ်လိမ့်မည်ဟု မထင်မှတ်ထားဖူးခဲ့ချေ။

လုရွှမ်းယင်၏ဘေး၌ရှိနေသော ရှုယန်မှာလည်း ခပ်ဖွဖွရီမောလိုက်လေသည်။ ဇူယွမ်မှာ အရည်အချင်းရှိသော တပည့်အသစ်လေးတစ်ဦးဖြစ်သော်လည်း အတွေ့အကြုံနှင့်ရင့်ကျက်မှုတို့ များစွာလိုအပ်နေပေသေး၏။ ဒီနေ့ပြီးလျှင်တော့ ဇူယွမ်မှာ ကန်ရွှမ်းကလန်၌ ရွှေခါးစည်းတပည့်လေးတစ်ယောက်သည် လုပ်ချင်ရာလုပ်နေရန် မဖြစ်နိုင်ကြောင်း သိရှိသွားတော့မည်ပင် ဖြစ်သည်။

ဂူဟွမ်ချီ၏အနီးတွင်ရှိနေသော စူးဝမ်မှာ ဂူဟွမ်ချီ၏ပခုံးအားပုတ်ကာ နှိမ့်သိမ့်လိုက်လေသည်။ သို့သော်လည်း ဂူဟွမ်ချီမှာ နှုတ်ခမ်းများကို တင်းတင်းစေ့ထားကာ မှန်ချပ်ထံမှ မျက်စိပင်မခွာပဲ ကြည့်နေလျက်ရှိ၏။

သူတော်စင်ခန်းမရှေ့ရှိတပည့်များမှာ ဇူယွမ်၏စိတ်ဝိဥာဥ်ပေါ်သို့ တံဆိပ်တော်မှ ဖြည်းညင်းစွာဖြင့် ဖိနှိပ်နေခြင်းအား စောင့်ကြည့်နေကြလေသည်။ သူတို့အားလုံးမှာ တံဆိပ်တော်မှအလုံးစုံဖိနှိပ်လိုက်သောအချိန်သည် ဇူယွမ်ရှုံးနိမ်ရမည့်အချိန်ပင်ဖြစ်​ကြောင်း သိရှိထားကြပေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset