“ကြယ်ကိုးပွင့် မှော်စာလုံး…”
ကျင်ကျန်းသည် ရေတံခွန်၏ထိပ်၌ ရပ်နေလျက်ရှိပြီး သူ၏ကြေးနီရောင်မှော်စုတ်တံနှင့် စုတ်ချက်အချို့အား ရေးဆွဲလိုက်ပြီးသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ စွမ်းအင်များမှာစုပ်ယူခံလိုက်ရကာ ရှုပ်ထွေးလှသော မူလမှော်စာလုံးတစ်ခု ပေါ်ပေါက်လာခဲ့၏။
ဝှစ်….ဝှစ်…
မူလမှော်စာလုံးမှအလင်းရောင်များ ဖြာဆင်းထွက်ပေါ်လာပြီးနောက် ကြယ်ပွင့်စုံသောကောင်းကင်ငယ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်လျက်ရှိသော ကြီးမားသောကြယ်ကိုးပွင့်သည် ထိုကောင်းကင်ငယ်မှ ကြွေကျလာကာ ယောင်ယောင့်ထံသို့ ကြောက်မက်ဖွယ်ရာအမြန်နှုန်းနှင့် ကျဆင်းလာလေသည်။ ထိုကြယ်ကိုးပွင့်မှထွက်ပေါ်လာသော စွမ်းအင်ဖိအားများကြောင့် သမုဒ္ဒရာမျက်နှာပြင်တစ်ခုလုံးပင် ဆုတ်ပြဲသွားခဲ့ရ၏။
ကျင်ကျန်း၏တိုက်ခိုက်မှုမှာ အလွန်ပင်ပြင်းထန်လှပေသည်။ ထို့အပြင် ကျင်ကျန်းမှာ အစီအရင်ဗဟိုချက်ပေါ်တွင် ရှိနေခြင်းကြောင့် ဗဟိုချက်၏စွမ်းအင် ရှစ်ဆယ်ရာခိုင်နှုန်းအား သုံးစွဲ၍ရနေသဖြင့် အကန့်အသတ်မဲ့စွမ်းအင်တို့အား ရရှိနေသက့ဲသို့ ဖြစ်နေပေသည်။
ကြယ်ကိုးပွင့်မှာ ယောင်ယောင်၏မျက်စိရှေ့၌ပင် လျင်မြန်စွာ ကြီးမားလာခဲ့၏။ ယောင်ယောင်မှာ သူမ၏လက်အား လှုပ်ရှားလိုက်ရုံနှင့်ပင် ကျောက်စိမ်းမှော်စုတ်တံမှ များစွာသော စုတ်ချက်တို့ ထွက်ပေါ်လာလေသည်။
“ပေထောင်ချီသောရေခဲအကာအကွယ် မှော်စာလုံး…”
မူလမှော်စာလုံးတစ်ခုမှာ လျင်မြန်စွာ ဖြစ်ပေါ်လာခဲ့ကာ ရေအောက်ထဲသို့ တိုးဝင်နစ်မြုပ်သွားခဲ့၏။ထို့နောက် ပေထောင်ကျော်မျှရှိသော ေရလှိုင်းတို့မြင့်တက်လာပြီး ယောင်ယောင့်အားကာကွယ်လိုက်ကာ အလွန်ခံခိုင့်သော ရေခဲအကာအကွယ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ဝုန်း….ဝုန်း…
ကြယ်ကိုးပွင့်မှာ ရေခဲအကာအကွယ်အား အဆက်မပြတ်တိုးဝင်နေလျက်ရှိသောကြောင့် အက်ကြောင်းများပင် စတင်ဖြစ်ပေါ်လာခဲ့၏။ ရေခဲအက်ရာများ ပိုမိုဖြစ်ပေါ်လာသည်နှင့်အမျှ ကြယ်ပွင့်များမှာလည်း တစ်လုံးပြီးတစ်လုံး ကြွေကျသွားခဲ့သည်။ နောက်ဆုံးတွင်တော့ ရေခဲအကာအကွယ်မှာ သူ၏အကန့်အသတ်သို့ ရောက်ရှိသွားခဲ့ပြီး ပြင်းထန်စွာ ပေါက်ကွဲကာ ကောင်းကင်တစ်ခုလုံးအား ရေခဲမှုန်များဖြင့် ပြည့်နှက်သွားစေခဲ့ပေသည်။
ကျင်ကျန်းသည် သူ၏တိုက်ခိုက်မှုအား ခုခံရင်ဆိုင်လိုက်သည်ကို တွေ့ရသောအခါတွင် မျက်ခုံးအနည်းငယ် မြင့်တက်သွားရုံမှလွဲ၍ အံ့အားသင့်ခြင်း မဖြစ်မိပေ။ ကျင်ကျန်းမှာ ခပ်ဖွဖွသာရီမောလိုက်ရင်း သူ၏ကြေးနီရောင်စုတ်တံအား ဆုပ်ကိုင်လိုက်သည်နှင့်တကွ မူလမှော်စာလုံးတစ်ခု ဖြစ်ပေါ်လာကာ ရေပြင်နဲ့ ပေါင်းစပ်သွားခဲ့၏။
ချပ်…..ချပ်…
ချက်ချင်းဆိုသလိုပင် ယောင်ယောင်၏ခြေဖဝါးအောက်ရှိရေပြင်မှ တိုးညှင်းသောအသံများ ထွက်ပေါ်လာပြီးနောက် မရေမတွက်နိုင်သော ရေခဲကျောက်စိုင်ငယ်များ ပေါ်ထွက်လာကာ ယောင်ယောင်၏ ေသကွင်းသေကွက်များသို့ တည့်တည့်တိုးဝင်လာလေသည်။
ယောင်ယောင်မှာလေထဲသို့ ညင်သာစွာ ပျံဝဲလိုက်ကာ ကောင်းကင်ထက်၌ မူလမှော်စာလုံးတစ်ခုအား ရေးဆွဲလိုက်၏။
“သံမဏိရေပြင် မှော်စာလုံး…”
သမုဒ္ဒရာမျက်နှာပြင်မှာ ကွဲသွားခဲ့ပြီးနောက် အနက်ရောင်သတ္ထုရေပြင်ငယ်တစ်ခု ပေါ်လာခဲ့သည်။
ချလန်း…ချလန်း…..ချလန်း…
ထက်မြလှသောရေခဲကျောက်စိုင်ငယ်များမှာ အနက်ရောင်သတ္တုရေပြင်နှင့် ဆုံတွေ့သွားခဲ့၏။ အနက်ရောင်သတ္တုရေပြင်မှာ သံမဏိကဲ့သို့ မာကျောနေသည့်အတွက် ရေခဲကျောက်စိုင်ငယ်များမှာ မည်သို့မှ တိုးမပေါက်နိုင်ပဲ ရေခဲမှုန်များအဖြစ်သို့သာ ပျက်စီးသွားခဲ့ရသည်။
ယောင်ယောင်နှင့်ကျင်ကျန်းတို့နှစ်ဦးလုံးသည် အလွန်ပြင်းထန်စွာဖြင့် တိုက်ခိုက်နေလျက်ရှိပြီး သူတို့အသုံးပြုလိုက်သော မှော်စာလုံးတိုင်းမှာ ကြောက်မက်ဖွယ်စွမ်းအင်များပါဝင်နေကာ ဇူယွမ်နှင့်ရှားယွီတို့၏တိုက်ပွဲထက် နှိုင်းယှဥ်၍မရအောင်ပင် သာလွန်ပေသည်။
သို့သော်လည်း ကျင်ကျန်းသည် အစီအရင်ဗဟိုချက်၏ စွမ်းအင်ရှစ်ဆယ်ရာခိုင်နှုန်းအား အသုံးပြုနိုင်နေခြင်းကြောင့် ယောင်ယောင့်ထက်ပို၍ လက်ဦးမှုရနေ၏။ ထို်ကြောင့် ယောင်ယောင်မှာ တိုက်ခိုက်ခြင်းထက် ခုခံကာကွယ်ခြင်းအား ပြုလုပ်နေရပေသည်။
ရေတံခွန်ပေါ်တွင်ရှိနေသော ကျင်ကျန်းမှာ ယောင်ယောင်၏ဆွဲဆောင်မှုရှိလှသော ပုံရိပ်လေးအား ငေးမောနေရင်းဖြင့် တစ်စုံတစ်ခုအား တွေးတောနေလျက်ရှိသည်။ အစောပိုင်းမှတိုက်ခိုက်မှုများအရ ကျင်ကျန်းသည် အစီအရင်ဗဟိုချက်၏စွမ်းအင်များအား အကန့်အသတ်မဲ့ရရှိနေသောကြောင့် ယောင်ယောင်မှာ သူ့အားအလွန်ပင်သတိထားနေကြောင်း ခံစားမိလေသည်။
“ဂျူနီယာညီမတော် ယောင်ယောင်က ခုခံကာကွယ်ရတာကို သဘောကျမှတော့ ဒီတိုက်ခိုက်မှုကိုလည်း တုံ့ပြန်နိုင်အောင် ကြိုးစားကြည့်လေ..”
ကျင်ကျန်း၏မျက်နှာတွင် အပြုံးတစ်ခုပေါ်လာခဲ့ပြီးနောက် သူ၏စုတ်တံမှာ လေထုထဲ၌ လှုပ်ရှားသွားခဲ့၏။
ဝုန်း…
အသင်္ချေမျှသော အလင်းရောင်အစက်အပြောက်များသည် ယောင်ယောင်ခြေဖဝါးအောက်ရှိ ရေပြင်ထဲမှ ထွက်ပေါ်လာကာ သေချာအနီးကပ်ကြည့်မည်ဆိုပါက ကြီးမားသောလခြမ်းကြီးနှစ်ခုပုံသဏ္ဍာန် ပေါ်ပေါက်လာသည်ကို မြင်တွေ့ရမည်ဖြစ်သည်။လခြမ်းနှစ်ခုသည် ဓားသွားများက့ဲသို့ထက်ရှနေကာ သူတို့ဖြတ်သန်းရာလမ်းတလျှောက် ရေပြင်များကိုပင် စုတ်ပြဲစေခဲ့သည်။ အလွန်ပင်စူးရှထက်မြနေသောစွမ်းအင်ဖိအားကို ထုတ်လွှတ်နေလျက်ရှိကာ လခြမ်းများ၏အလင်းရောင်က သမုဒ္ဒရာမျက်နှာပြင်ထက်ထိ လင်းလက်တောက်ပနေ၏။
ကျင်ကျန်းမှ ယောင်ယောင်အားကြည့်၍ စကားဆိုလိုက်၏။ “ဒါက ထပ်ဆင့်လခြမ်းစိတ်ဝိဉာဥ် မှော်စာလုံးပဲ။ ပုံမှန်သာဆို ဒီစာလုံးကို ရေးဆွဲဖို့ ငါ့ရဲ့စွမ်းအင်တွေအကုန်လုံးနီးပါးကို အသုံးပြုရမှာ။ ဒီနေရာမှာ စွမ်းအင်တွေလိုသလောက်ရနေလို့သာ အသုံးပြုရဲတာ။”
“ဂျူနီယာညီမတော် ယောင်ယောင်က အကို့ကို ညွှန်ပြမှုအချို့ ပေးနိုင်မယ်ထင်ပါတယ်။”
ထို့နောက် လခြမ်းနှစ်ခုမှာ ရေမျက်နှာပြင်အထက်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ လများ၏အလင်းရောင်မှာ ပေနှစ်ထောင်ခန့်ထိ လင်းလက်နေခဲ့ပြီး ယောင်ယောင်ထံသို့ ကြောက်မက်ဖွယ် စွမ်းအင်များဖြင့် တိုးဝင်လာခဲ့လေသည်။
ထိုပြင်းထန်သောတိုက်ခိုက်မှုအား မြင်တွေ့လိုက်ရပြီးနောက် သူတော်စင်မှော်စာလုံးခန်းမရှေ့မှ စောင့်ကြည့်နေကြသော တပည့်များမှာ အံ့အားသင့်သွားခဲ့ကြ၏။ လူတိုင်းမှာ ထိုမူလမှော်စာလုံးသည် ကျင်ကျန်း၏ အမှတ်အသားက့ဲသို့ပင်ဖြစ်နေသော အကောင်းဆုံးတိုက်ခိုက်မှုတစ်ခုဖြစ်မှန်း သိရှိထားကြလေသည်။ မူလစဦး နဝမအဆင့်ထက်နိမ့်သော မည်သည့်တပည့်မဆို ဤတိုက်ခိုက်မှုမှ မလွတ်မြောက်နိုင်ပေ။
“ဟူး….ကျင်ကျန်းက အဲ့မှော်စာလုံးကို အသုံးပြုလိုက်ပြီဆိုမှတော့ ဇူရှောင်ယို နိုင်ဖို့လမ်းမရှိတော့ဘူး။”
“ဇူရှောင်ယိုက ကျင်ကျန်းကို အတော်လေးတော့ သတိထားပြီး ခုခံနေခဲ့တာပဲ။ဒါပေမဲ့ ကျင်ကျန်းက အစီအရင်ဗဟိုချက်ရဲ့စွမ်းအင်တွေကို သုံးလို့ရနေတယ်လေ။”
“စိတ်မကောင်းစရာပဲ။”
စောင့်ကြည့်နေကြသော တပည့်များမှာ ခေါင်းများကိုခါယမ်းကာ သက်ပြင်းချလိုက်ကြ၏။ သူတော်စင်မှော်စာလုံးတောင်ထွက်၏တပည့်များကတော့ စိတ်အေးလက်အေးရှိနေပုံ ရပေသည်။ သူတော်စင်မှော်စာလုံးတောင်ထွတ်၏တပည့်များမှာ ကျင်ကျန်းမှ ထပ်ဆင့်လခြမ်းစိတ်ဝိဉာဥ် ေမှာ်စာလုံးအား အသုံးပြုလိုက်သည်နှင့် တိုက်ပွဲတစ်ခုလုံးကို ကျင်ကျန်းမှအသာစီးရသွားမည်ဟုပင် ယုံကြည်ထားကြသည်။
ကြည့်ရသည်မှာ တောင်ထွတ်ဆရာသခင်မှပင် လေးစားတန်ဖိုးထားခြင်းခံရသော ဇူရှောင်ယိုသည် ထိုမျှလောက်လညး် မဟုတ်ပါပေ။
ယဲ့ကယ်မှာ လေထဲ၌ရစ်ဝဲနေလျက်ရှိသော မှန်ချပ်ကိုသာ အာရုံစိုက်ကာ မျက်မှောင်ကျုံ့လျက် ယောင်ယောင်တို့၏တိုက်ပွဲအား ကြည့်ရှုနေပေသည်။ ကျင်ကျန်းမှ အသာစီးရနေပါသော်လည်း ဘာအကြောင်းကြောင်မှန်းမသိပဲ ယဲ့ကယ်မှာ စိုးရိမ်ပူပန်သလို ခံစားနေရ၏။
တကယ်ပဲ ယောင်ယောင့်ကို အနိုင်ရဖို့က လွယ်ကူတာလား…
ကျင်ကျန်းမှာ အစီအရင်ဗဟိုချက်၏စွမ်းအင်များကို အသုံးပြုနိုင်ရုံမျှဖြင့် ယောင်ယောင့်အား အနိုင်ယူရန် လုံလောက်နေပြီလား…
“ယောင်ယောင်……မင်းဘာတွေကြံစည်နေတာလဲ။” ယဲ့ကယ်မှ ရေရွတ်လိုက်၏။
လူများစွာ၏ အကြည့်အောက်၌ပင် လခြမ်းနှစ်ခုမှာ သမုဒ္ဒရာရေပြင်ထက်သို့ ထွက်ပေါ်လာကာ ယောင်ယောင့်အား အရပ်နှစ်ခုမှ ချိန်ဆထားလျက် လျင်မြန်သောအရှိန်ဖြင့် တိုးဝင်လာပြီး ယောင်ယောင်နောက်ဆုတ်၍ရမည့် အခွင့်အရေးမရှိအောင်ပင် လမ်းကြောင်းများကို ပိတ်ဆို့ထားလေသည်။
ယောင်ယောင်မှာ သမုဒ္ဒရာထက်တွင် တည်ငြိမ်စွာဖြင့်ပင် ရပ်နေလျက်ရှိပြီး သူမ၏စုတ်တံကိုပင် အနည်းငယ်မျှ လှုပ်ရှားခြင်းမပြုပဲ လခြမ်းနှစ်ခုမှ တိုက်ခိုက်လာခြင်းအား ငြိမ်သက်စွာပင် ခံယူမည့်ဟန် ရှိနေ၏။
ထို့ကြောင့် သူတော်စင်မှော်စာလုံးခန်းမ၏ရှေ့၌ စောင့်ကြည့်နေကြသော တပည့်များပင် အံ့သြကုန်ရသည်။
ယဲ့ကယ်၏မျက်ဝန်းများပင် အနည်းငယ်ပြူးကျယ် သွားလေသည်။ သို့သော် တောင်ထွတ်ဆရာသခင်သည်လည်း ဤပြိုင်ပွဲကို စောင့်ကြည့်လျက်ရှိနေသောကြောင့် ယောင်ယောင့်အား တစ်ခုခု ထိခိုက်စေလိမ့်မည်တော့ မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေကာမူ အဘယ့်ကြောင့် ယောင်ယောင်မှ အနည်းငယ်မျှပင် ခုခံကာကွယ်ရန် အားမထုတ်ရပါသနည်း။
ချပ်…
လခြမ်းနှစ်ခုမှာ သမုဒ္ဒရာရေပြင်ကို ဖြတ်သန်းလာပြီးနောက် ယောင်ယောင်၏ခန္ဓာကိုယ်အား ဖောက်ထွင်းကာ ဖြတ်သန်းသွားလေသည်။
“သူမကိုထိသွားလား။” တပည့်များ၏ မျက်နှာမှာ ဖြူဖပ်ဖြူရော်ပင် ဖြစ်နေခဲ့သည်။ မူလစဦး နဝမအဆင့်ရှိသောတပည့်တစ်ဦးပင်လျှင် ထုိတိုက်ခိုက်မှုအား ခန္ဓာကိုယ်သက်သက်ဖြင့် ခံယူရန် မဖြစ်နိုင်ပါပေ။
ထို့အပြင် ယောင်ယောင်မှာ မူလမှော်စာလုံးပညာရပ်တွင်သာ ထူးချွန်သူဖြစ်ကာ သူမ၏ခန္ဓာကိုယ်တွင် ချီစွမ်းအင်အနည်းငယ်မျှပင် ရှိမနေချေ။
ရေတံခွန်၏ထိပ်၌ ရှိနေသော ကျင်ကျန်းမှာ လခြမ်းနှစ်ခုက ယောင်ယောင်အား ဖောက်ထွင်းဖြတ်သန်းသွားသည်ကို မြင်ရသောအခါ မျက်ဝန်းများကျဥ်းမြောင်းသွားပြီး အလျင်အမြန် အော်ဟစ်လိုက်၏။ “ဂျူနီယာညီမတော်ယောင်ယောင်။”
သို့သော်လည်း ကျင်ကျန်းသည် ချက်ချင်းဆိုသလိုပင် တစ်စုံတစ်ခုမှ မူမမှန်ကြောင်း သတိထားမိခဲ့သည်။ ထိုသည်မှာ ယောင်ယောင်သည် အရင်နေရာ၌ပင် ရပ်လျက်ရှိနေကာ သူ့အားစိုက်ကြည့်နေခြင်းပင် ဖြစ်သည်။ ထို့အပြင် သွေးပင်တစ်စက်မှ ထွက်မနေပေ။
“ဘာတွေဖြစ်နေတာလဲ။”
ကျင်ကျန်း၏မျက်ဝန်းများမှာ ကျဥ်းမြောင်းသွားခဲ့ပြီး စောင့်ကြည့်နေကြသော တပည့်များမှာလည်း အခြေအနေမှာ တစ်စုံတစ်ခု ထူးဆန်းနေသည်ဟု ခံစားနေရ၏။
ယဲ့ကယ်တစ်ယောက်ထဲကသာ အတွေးများထဲ နစ်မြုပ်နေဟန် ရှိပေသည်။ ခေတ္တမျှစဥ်းစားပြီးနောက်တွင် တစ်စုံတစ်ခုကို နားလည်သွားပုံရပြီး မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ေရရွတ်လိုက်မိလေသည်။ “ဖြစ်နိုင်ပါ့မလား။”
ခရက်…
ကျင်ကျန်း၏ပတ်ဝန်းကျင်တဝိုက်တွင် မှန်ချပ်များက့ဲသို့ အက်ကွဲရာများ ပေါ်ပေါက်လာခဲ့ပြီး သူ၏စိတ်ဝိဉာဥ်မှာ မူးဝေလာခဲ့သည်။
ခရက်….ခရက်…
အက်ကွဲကြောင်းများမှာ အဆက်မပြတ် ထင်ဟပ်လာခဲ့ပြီး ကျင်ကျန်း ပတ်ပတ်လည်ရှိ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပြိုကျတော့မည့်ဟန် ရှိနေ၏။ကျင်ကျန်းမှာ ပတ်ဝန်းကျင်တစ်ခုလုံး အက်ကွဲပြိုကျမတက် ဖြစ်နေခြင်းကြောင့် အံ့အားသင့်နေစဥ်မှာပင် တစ်စုံတစ်ခုအား တွေးမိသွားကာ လျှာကိုအလျင်အမြန်ကိုက်လိုက်ပြီး သွေးအဆီအနှစ်တချို့ကို စိတ်ဝိဉာဥ်ဆီသို့ ပို့ဆောင်လိုက်လေသည်။ ထို့နောက် ကျင်ကျန်းမှာ မျက်လုံးများကိုမှိတ်ထားခဲ့ပြီး အချိန်အနည်းငယ်ကြာပြီးမှသာ မျက်လုံးများ ပြန်၍ဖွင့်လာခဲ့၏။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်နေလျက်ရှိပြီး မည်သည့်အက်ကွဲရာမှပင်ရှိမနေပဲ သမုဒ္ဒရာရေပြင်ထက်မှ ရေလှိုင်းကစားသံလေးများကိုသာ ကြားနေရ၏။ အစောပိုင်းက တုန်လှုပ်အက်ကွဲနေသည်ဟူသော သဲလွန်စတစ်ခုပင် ရှိမနေပဲ အိမ်မက်တစ်ခုကဲ့သို့ ဖြစ်နေရပေသည်။
ထို့နောက် ကျင်ကျန်းမှာ ယောင်ယောင်ရပ်နေခဲ့သော နေရာအား အလျင်အမြန် လှည့်ကြည့်လိုက်သောအခါ ယောင်ယောင်မှာ ထိုနေရာတွင် ရှိမနေခဲ့ချေ။ ကျင်ကျန်းမှာ တုန်လှုပ်စွာဖြင့် အပေါ်အားမော့ကြည့်လိုက်သောအခါ ယောင်ယောင်၏လှပသော ပုံရိပ်လေးမှာ စွမ်းအင်ဗဟိုချက်တည်ရှိရာ ရေတံခွန်၏ထိပ်ဖျား၌ ရပ်နေလျက်ရှိသည်ကို တွေ့ရှိလိုက်ရပေသည်။ကျင်ကျန်းကာကွယ်နေခဲ့သော စွမ်းအင်ဗဟိုချက်မှာ ယောင်ယောင့်ထံသို့ ရောက်ရှိနေခဲ့၏။
“ဘယ်လိုဖြစ်သွားတာလဲ။” သူတော်စင်မှော်စာလုံးခန်းမရှေ့၌ စောင့်ကြည်နေကြသော တပည့်များမှာ အံ့အားသင့်သွားကြသည်။
ယဲ့ကယ်မှာ အသက်ပြင်းပြင်းတစ်ချက် ရှူရှိုက်လိုက်ပြီး အံ့သြတုန်လှုပ်နေသောမျက်ဝန်းများဖြင့် ဖြည်းညင်းစွာ စကားဆိုလိုက်၏။ “ငါတို့က ရှားပါးတဲ့ပုံရိပ်ယောင် မူလမှော်စာလုံးကို လေ့လာခွင့်ရခဲ့တာပဲ။ယောင်ယောင်ရဲ့ မူလမှော်စာလုံးပညာရပ်က ေတကယ်ကို ကြောက်စရာပဲ။ကျင်ကျန်းက တိုက်ပွဲအစထဲက ယောင်ယောင်ရဲ့ ပုံရိပ်ယောင်မှော်စာလုံးထဲမှာ ပိတ်မိနေခဲ့ပြီး တိုက်ခိုက်ခဲ့တာတွေအားလုံးကလည်း သူ့ရဲ့စိတ်ကူးထဲမှာပဲ ဖြစ်ပေါ်နေခဲ့တာ။”
ကျင်ကျန်းမှာ တိုက်ပွဲတွင် အသာစီးရနေသည်ဟု ထင်နေခဲ့ပြီး ဘာမှမရှိသောနေရာတွင် သူ၏စွမ်းအင်များကို အလဟဿဖြုန်းတီးနေခဲ့သည်ကို မသိရှိလိုက်ပေ။ ထိုအချိန်တွင် ယောင်ယောင်မှာ ကျင်ကျန်းတိုက်ခုိက်နေရင်း တဖြည်းဖြည်းနှင့် စွမ်းအင်ဗဟိုချက်နားမှ ဝေးကွာလာသည်ကို စောင့်ကြည့်နေခဲ့ပြီး အသာအယာပင် ဗဟိုချက်အား သိမ်းပုိက်ခဲ့လေသည်။
တကယ်ကို ထူးခြားဆန်းကြယ်သော နည်းဗျူဟာတစ်ခုပါပေ။
ယဲ့ကယ်မှာ သက်ပြင်းချကာ အံကိုတင်းတင်းကြိတ်လိုက်၏။ သူထင်ထားခဲ့သည့်အတိုင်းပင် အရာအားလုံးမှာ ယောင်ယောင့်လက်ထဲတွင်သာ ရှိနေခဲ့သည်။ ကံကောင်းသည်မှာ ယောင်ယောင်သည် စွမ်းအင်ဗဟိုချက်တစ်ခုကို ရယူနိုင်ခဲ့ပါသော်လည်း ချိုးဖျက်နိုင်ရန်အတွက် ဇူယွမ်၏ပူပေါင်းဆောင်ရွက်မှုကို လိုအပ်နေဆဲပင် ဖြစ်သည်။ ဇူယွမ်မှ သူ့ဖက်ရှိ စွမ်းအင်ဗဟိုချက်အား မရယူနိုင်ခဲ့ပါလျှင် ယောင်ယောင်လည်း ရှေ့ဆက်၍ရမည် မဟုတ်ချေ။
ယဲ့ကယ်မှာ ခေါင်းကိုမော့ကာ ဇူယွမ်တို့၏ပုံရိပ်အား ပြသနေသော မှန်ချပ်ဆီသို့ ကြည့်လိုက်၏။
“ဂျူနီယာညီမတော် ရှားယွီ…မင်းကိုပဲ အားကိုးရတော့မှာပဲ။”
“အစထဲက ကျင်ကျန်းကို ဘာမှမျှော်လင့်မထားခဲ့ဘူး။ ရှားယွီရဲ့တိုက်ခိုက်မှုကိုပဲ အားထားခဲ့တာ။ ဇူယွမ်က မင်းကို နိုင်စရာ အကြောင်းကိုမရှိဘူး။”