ဝုန်း….
ရှားယွီမှ သူမ၏ခရမ်းရောင်မှော်စုတ်တံအား ဆွဲယူလိုက်သည်နှင့်တစ်ပြိုင်နက် ရှားယွီခြေဖဝါးအောက်ရှိ တောင်တန်းကြီးမှာ ပြင်းထန်စွာပင် စတင်၍တုန်ခါလာခဲ့သည်။ ချက်ချင်းဆိုသလို တောင်တန်းကြီးမှာ နှစ်ခြမ်းကွဲသွားကာ တောင်နှင့်ပေါင်းစပ်ထားသော ကျောက်တုံးမြွေနဂါးကြီး ထွက်ပေါ်လာခဲ့ပြီး ဇူယွမ်ထံသို့ လျင်မြန်စွာ ထိုးဆင်းလာခဲ့သည်။ မြွေနဂါးကြီးမှာ ကြောက်မက်ဖွယ်ရာကောင်းလှသော အမြန်နှုန်းဖြင့် သွားနေလျက်ရှိပြီး ပတ်ဝန်းကျင်ရှိစွမ်းအင်များကိုပင် တုန်ခါစေလေ၏။
ကျောက်တုံးမြွေနဂါး၏အရိပ်မှာ ဇူယွမ့်အားလွှမ်းမိုးလာသည်နှင့်တကွ ဇူယွမ်၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်သောအရိပ်အယောင်တို့ ယှက်သန်းလာခဲ့သည်။ ယခုအချိန်၌ ရှားယွီမှာ အစီအရင်ဗဟိုချက်၏စွမ်းအင်များကို ရယူသုံးစွဲ၍ ရနေပေသည်။
ဇူယွမ်သည် ကောင်းကင်ဘုံယွမ်စုတ်တံအား အရှေ့သို့ဆွဲယူလိုက်သည်နှင့်တစ်ပြိုင်နက် မူလမှော်စာလုံးတစ်ခု ဖြစ်ပေါ်လာပြီး မုန်တိုင်းတိမ်တိုက်အသွင်သို့ ပြောင်းလဲသွားကာ ဇူယွမ့်အားတင်ဆောင်၍ မိုးကောင်ကင်ထက်သို့ ပျံသန်းသွားလေ၏။
ကျောက်တုံးမြွေနဂါးကြီးမှာ ဇူယွမ့်အား လွဲချော်သွားခဲ့သည်။ သို့သော်လည်း ကျယ်လောင်စွာဖြင့် ဟိန်းဟောက်လိုက်ပြီး လျင်မြန်စွာပင် လိုက်ဖမ်းလေတော့သည်။
ကောင်းကင်ထက်၌ ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံဖြင့် မှော်စာလုံးများကို ဆက်လက်ရေးဆွဲနေလျက်ရှိပြီး လေထုထဲ၌ စုတ်ချက်ပေါင်းများစွာ ထင်ဟပ်နေ၏။
“အေးမြသောရေခဲတောင်တန်း မှော်စာလုံး…”
မှော်စာလုံးထဲမှ ကြီးမားလှသော ရေခဲတောင်တန်းကြီးတစ်ခု ပေါ်ထွက်လာကာ အရိုးများပင်အေးခဲမတက် အေးမြမှုကို ပေးစွမ်းနေလျက်ရှိပြီး ကျောက်တုံးမြွေနဂါးနှင့် ပြင်းထန်စွာ ရိုက်ခတ်မိသွားသည်။
“နဂါးအားချုပ်နှောင်ခြင် မှော်စာလုံး….”
ကျောက်တုံးမြွေနဂါးကြီးမှ အမြီးဖြင့်ရိုက်ခတ်လုိက်သောအခါတွင် ရေခဲတောင်တန်းမှာ ပြိုကွဲသွားခဲ့၏။သို့သော် ထိုအချိန်၌ပင် ပတ်ဝန်းကျင်ရှိစွမ်းအင်များမှာ ကျောက်တုံးေမြွနဂါးကြီးတဝိုက်တွင် စုစည်းလာကာ သံကြိုးများအဖြစ်ပြောင်းလဲသွားပြီး မြွေနဂါးကြီးအား ချုပ်နှောင်ထားလိုက်လေသည်။
ဇူယွမ်သည် အဆင့်လေးမှော်စာလုံးနှစ်ခုအား တိကျသေချာစွာဖြင့် ပေါင်းစပ်အသုံးပြုခဲ့ခြင်း ဖြစ်ပေသည်။ မူလစဦး ဆဋ္ဌမအဆင့်တစ်ဦးကိုပင်ဤသို့ပေါင်းစပ်တိုက်ခိုက်လျှင် ဒုက္ခရောက်စေနိုင်၏။
တောင်တန်း၏ထိပ်တွင် ထိုင်နေလျက်ရှိသော ရှားယွီမှာ တည်ငြိမ်သောမျက်ဝန်းများဖြင့်သာ ကြည့်နေခဲ့သည်။ ဇူယွမ်အတွက် ကံမကောင်းခြင်းဟုပင် ဆိုရပါမည်လား။ ကျောက်တုံးမြွေနဂါးသည် အစီအရင်ဗဟိုချက်၏စွမ်းအင်အား အသုံးပြုထားသည့်အတွက် မြွေနဂါး၏ခန္ဓာကိုယ်ထဲမှ ကွယ်ဝှက်ထားသော မူလမှော်စာလုံးကို မဖျက်စီးမခြင်း တား၍ရမည် မဟုတ်ပေ။
ဝေါင်း…
ရှားယွီကြိုတင်ခန့်မှန်းထားသက့ဲသို့ပင် ကျောက်တုံးမြွေနဂါးကြီးမှာ ကျယ်လောင်စွာဟိန်းဟောက်လိုက်ပြီးနောက် ရုတ်တရက်ဆိုသလို ချီစွမ်းအင်များတိုးပွားလာကာ သံကြိုးများကိုပျက်စီးစေခဲ့ပြီးနောက် ဇူယွမ့်အား တစ်ဖန်ပြန်လည် လိုက်လံဖမ်းဆီးပေတော့သည်။
ဇူယွမ်မှာ ခေတ္တမျှတွေဝေသွားပြီးနောက် လျင်မြန်စွာပင် ရှောင်ရှားလိုက်လေသည်။ ကြည့်ရသည်မှာ ဤကျောက်တုံးမြွေနဂါးသည် မူလစဦး ဆဋ္ဌမအဆင့်ထက် အားနည်းပုံမရပေ။
“ဒီကျောက်တုံးမြွေနဂါးကို မူလမှော်စာလုံးနဲ့ ဖန်တီးထားတယ်ဆိုမှတော့ သူ့ကိုဖျက်စီးဖို့ဆိုရင်လည်း မှော်စာလုံးကို အရင်ရှာမှရမှာပဲ။” ဇူယွမ်မှ တွေးတောလိုက်၏။ သို့သော်လည်း မူလမှော်စာလုံးမှာ မြွေနဂါး၏ခန္ဓာကိုယ်အတွင်းပိုင်းထဲတွင် ကွယ်ဝှက်ထားခြင်းဖြစ်သည့်အတွက် ဖျက်စီးနိုင်ရန် လွန်စွာမှ ခက်ခဲပေသည်။
ကံကောင်းစွာဖြင့် ထိုအရာမှာ ဇူယွမ်အတွက် ပြဿနာတစ်ခု မဟုတ်ခဲ့ချေ။ အသက်ကိုပြင်းပြင်းရှူလိုက်ပြီးနောက် ရှေးဟောင်းမှော်စာလုံးတစ်ခုသည် ဇူယွမ်၏မျက်လုံးထဲမှ ပေါ်ထွက်လာခဲ့သည်။
အနက်ဖော်သူတော်စင်မှော်စာလုံး….
ဇူယွမ်သည် ကျောက်တုံးမြွေနဂါးအား စူးစိုက်ကာကြည့်လိုက်ပြီးနောက် မြွေနဂါး၏ဝမ်းဗိုက်ထဲတွင် ဖြည်းညင်းစွာ လှည့်ပတ်လျက်ရှိသော မှော်စာလုံးအား ရှာဖွေတွေ့ရှိခဲ့၏။ ထိုမူလမှော်စာလုံးသည် ကျောက်တုံးမြွေနဂါး၏အရင်းအမြစ်ပင် ဖြစ်သည်။
“အဲ့ဒီတော့ ဝမ်းဗိုက်ထဲမှာပေါ့လေ။” ဇူယွမ်မှ ရေရွတ်လိုက်၏။
ဝေါင်း…
ကျောက်တုံးမြွေနဂါးသည် ထပ်မံဟိန်းဟောက်လိုက်ပြီးနောက် ဇူယွမ်ထံသို့ ထပ်မံရောက်ရှိလာလေသည်။ ဤတစ်ကြိမ်တွင်တော့ အလျင်အမြန်ရှောင်ရှားနေခဲ့သော ဇူယွမ်၏ခန္ဓာကိုယ်မှာ ရပ်တန့်သွားခဲ့သည်။
ကျောက်တုံးမြွေနဂါး၏အမူအရာမှာ ညှာတာမှုကင်းမဲ့နေဟန်ရှိပြီး ဇူယွမ်ထံသို့ လျင်မြန်စွာပင် ထိုးဆင်းလာလျက်ရှိကာ ကြောက်မက်ဖွယ်ရာစွမ်းအင်များ ထုတ်လွှတ်နေသောကြောင့် ပတ်ဝန်းကျင်သည်ပင် တုန်ခါနေခဲ့၏။
“ကြီးမြတ်သောရနွံ မှော်စာလုံး…”
ဇူယွမ်၏လက်ထဲ၌ မူလမှော်စာလုံးတစ်ခု ပေါ်လာခဲ့ပြီးနောက် လေထုထဲသို့ ရစ်ဝဲသွားကာ အနားရှိစွမ်းအင်များကို စုပ်ယူလိုက်ပြီး ကြီးမားသောရွံ့နွံကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ဝုန်း…
ကျောက်တုံးမြွေနဂါးကြီး၏လက်သည်းများမှာ ရွံ့နွံအိုင်ဖြင့် ထိတိုက်မိသွားသည်နှင့် မြွေနဂါး၏စွမ်းအင်များ လျော့ကျလာခဲ့သည်။ သို့သော် ကျောက်တုံးမြွေနဂါး၏စွမ်းအင်သည် အစီအရင်စွမ်းအင်ဗဟိုချက်မှဖြစ်သဖြင့် ချက်ချင်းသလိုပင် ပြန်လည်တိုးပွားလာကာ ရွံ့နွံအိုင်မှ ရုန်းထွက်လျက်ရှိနေ၏။ ထို့နောက် ဇူယွမ့်ထံသို့ တည့်တည့်တိုးဝင်လာလေတော့သည်။
ဒုန်း…
ဇူယွမ်၏ခန္ဓာကိုယ်မှာ အမြှောက်ဆံတစ်ခုက့ဲသို့ပင် အောက်သို့ထိုးကျသွားပြီးနောက် တောင်ထွတ်တစ်ခုနှင့်တိုက်မိသွားခဲ့၏။
လေထဲ၌ ရစ်ဝဲနေလျက်ရှိသော ကျောက်တုံးမြွေနဂါးကြီးမှာ ကျယ်လောင်စွာဟိန်းဟောက်လိုက်ကာ အညှာအတာကင်းမဲ့နေသောပုံဖြင့် ဇူယွမ်ဆီသို့ ထိုးဆင်းတော့မည့်ဟန် ရှိသည်။ သို့သော် အောက်သို့ထိုးမဆင်းမီမှာပင် မြွေနဂါးကြီး၏ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါလာပြီးနောက် ကျောက်တုံးများ စတင်၍ပြိုကျလာခဲ့သည်။
ရှားယွီ၏မျက်နှာတွင် အံ့အားသင့်နေသောအမူအရာတို့ ယှက်သန်းသွားကာ အလျင်အမြန်ပင် ကျောက်တုံးမြွေနဂါး၏ဝမ်းဗိုက်သို့ ကြည့်လိုက်သောအခါတွင် မှေးမှိန်စွာလင်းလက်နေသော မူလမှော်စာလုံးဓားသွားတစ်ခုအား တွေ့ရှိလိုက်ရပြီး ထိုဓားသွားမှာ မြွေနဂါး၏ဝမ်းဗိုက်အတွင်း၌ ကွယ်ဝှက်ထားသော မူလမှော်စာလုံးအား ဖျက်စီးလျက်ရှိနေပေသည်။
မူလမှော်စာလုံးပျက်စီးသွားသည်နှင့်တစ်ပြိုင်နက် ကြီးမားလှသော ကျောက်တုံးမြွေနဂါးကြီးမှာ ပြင်းထန်စွာပေါက်ကွဲပျောက်ကွယ်သွား၏။
ရှားယွီမှာ တုန်လှုပ်ခြောက်ခြားနေဟန်ရှိပြီး သူမ၏နှုတ်ခမ်းအား ဖိကိုက်ကာ ပြိုကျသွားသောတောင်ထွတ်မှ ပြန်၍ထလာနေသော ဇူယွမ်အားကြည့်၍ ရေရွတ်လိုက်သည်။ “မူလမှော်စာလုံးက အဲ့နေရာမှာရှိနေတယ်ဆိုတာ သူဘယ်လိုသိတာလဲ။”
မူလမှော်စာလုံးအား ကျောက်တုံးမြွေနဂါး၏အတွင်းပိုင်းအကျဆုံးနေရာတွင် ကွယ်ဝှက်ထားခြင်းဖြစ်သော်လည်း ဇူယွမ်မှနေရာအား အတိအကျသိရှိခဲ့လေသည်။ ထို့ကြောင့် မြွေနဂါးမှပါးစပ်ဟလာသောအချိန်တွင် ရှောင်မပြေးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ဇူယွမ်မှပြန်၍ထလာကာ သူ၏အဝတ်အစားများကို ဖုန်ခါလိုက်ပြီးနောက် ရှားယွီမှသူ့အား ကြည့်နေသည်ကို သိလိုက်ရ၏။ ရှားယွီမှ ညင်သာစွာဖြင့် စကားဆိုလိုက်သည်။ “စီနီယာအကိုတော် ဇူယွမ်က စိတ်ဝိဉာဥ်အစပိုင်းဒြပ်ထည့်အဆင့်လောက်နဲ့ ကျောက်တုံးမြွေနဂါးကို ဖျက်စီးလိုက်နိုင်တာက ကျွန်မကိုတကယ်ပဲ အံ့အားသင့်စေတယ်။”
ဇူယွမ်မှပြုံးကာ ပြန်၍ပြောလိုက်၏။ “ကျွန်တော်ကလည်း စီနီယာအမတော် ရှားယွီရဲ့ မူလမှော်စာလုံးပညာရပ်ကို အရမ်းကိုလေးစားမိပါတယ်။” ကျောက်တုံးမြွေနဂါးအားဖန်တီးခဲ့သော မူလမှော်စာလုံးတစ်ခုကပင် မူလစဦး ဆဋ္ဌမအဆင့်တပည့်တစ်ယောက်အား ရှုံးနိမ့်သွားစေရန် လုံလောက်ပေသည်။
ရှားယွီသည် သူမ၏လက်ကလေးများဖြင့် ပါးစပ်ကိုကာလိုက်ကာ နူးညံ့စွာရီမောလိုက်ပြီးနောက် စကားဆိုလိုက်၏။ “အကယ်၍ စွမ်းအင်ဗဟိုချက်သာ မရှိနေဘူးဆိုရင် ကျောက်တုံးမြွေနဂါးကို ဖျက်စီးခံရပြီးထဲက ကျွန်မအားနည်းသွားမှာပဲ။ဒါပေမဲ့ ဒီနေရာမှာတော့ ကျွန်မရဲ့စွမ်းအင်တွေက ရှင်စိတ်ကူးနိုင်တာထက်ကို အများကြီးပိုတယ်။”
ထိုစကားများကို ပြောပြီးသည်နှင့်တစ်ပြိုင်နက် ရှားယွီမှာ သူမ၏ခေါင်းကို ဖြည်းညင်းစွာ မော့လိုက်ပြီး လက်များကို တင်းတင်းဆုပ်လိုက်၏။
ဝုန်း…
ပတ်ဝန်းကျင်ရှိ တောင်တန်းများမှာ ချက်ချင်းပြိုကွဲလာပြီးနောက် ကျောက်တုံးမြွေနဂါးလေးကောင် ထပ်မံထွက်ပေါ်လာခဲ့ပြီး ဇူယွမ်အား အရပ်လေးမျက်နှာမှ ရစ်ဝဲနေလျက်ရှိသည်။
ရှားယွီမှာ ခပ်ဖွဖွပြုံးကာ စကားဆိုလိုက်၏။ “အရှုံးပေးလိုက်ပါတော့ စီနီယာအကိုတော်ဇူယွမ်။ရှင်မနိုင်နိုင်ပါဘူး။”
***
သူတော်စင်မှော်စာလုံးခန်းမ၏ရှေ့၌…။
ဇူယွမ်နှင့်ရှားယွီတို့ကြားမှ ပြင်းထန်သောတိုက်ပွဲအား တပည့်များအာလုံးမှာ စိတ်လှုပ်ရှားစွာဖြင့် မျက်တောင်ပင်မခတ်နိုင်ပဲ စောင့်ကြည့်နေခဲ့ကြသည်။
“ဇူယွမ်က မူလမှော်စာလုံးပညာရပ်မှာ အရည်အချင်းတချို့တော့ ရှိသားပဲ။ ဂျူနီယာညီမတော် ရှားယွီကို အခုချိန်ထိ ခုခံတိုက်ခိုက်နိုင်တာ ငါဖြင့်ယုံတောင်မယုံနိုင်ဘူး။”
“ငါဇူယွမ့်ကို လျှော့တွက်ခဲ့မိတာပဲ။ ဒါပေမဲ့ ဂျူနီယာညီမတော်ရှားယွီက အစီအရင်ဗဟိုချက်ရဲ့ စွမ်းအင်တွေကို သုံးလို့ရနေမှတော့ ဇူယွမ်နိုင်ဖို့က လုံးဝမဖြစ်နိုင်ဘူး။”
“…”
သူတော်စင်မှော်စာလုံးတောင်ထွတ်မှ တပည့်များမှာ ဇူယွမ်၏တန်ပြန်တိုက်ခိုက်မှုများသည် မည်မျှပင်စွမ်းအားပြည့်ဝကြောင်းကို နားလည်ပေသည်။ ထိုသို့ မူလမှော်စာလုံးများကို ထပ်ဆင့်ပေါင်းစည်းခြင်း ပြုလုပ်ကာ အသုံးပြုနိုင်ရန်မှာ အတော်ပင်ခက်ခဲ၏။
ယဲ့ကယ်မှာ ဇူယွမ်၏ပုံရိပ်အား ပြသနေသော မှန်ချပ်ကိုသာ ကြည့်နေလျက်ရှိသည်။ ဇူယွမ်မှ ကျောက်တုံးမြွေနဂါးအား ဖျက်စီးလိုက်သည်ကို မြင်တွေ့ရသောအခါ၌ပင် ယဲ့ကယ်၏အမူအရာမှာ ပြောင်းလဲသွားခြင်းမရှိပေ။
“ဇူယွမ်က မူလမှော်စာလုံးပညာရပ်မှာ အရည်အချင်း နည်းနည်းတော့ ရှိသားပဲ။ ဘာပဲဖြစ်ဖြစ် သူကအခုမှ စိတ်ဝိဉာဥ်အစပိုင်းဒြပ်ထည်အဆင့်ပဲ ရှိသေးတယ်။ ရှားယွီကသာ တကယ်တိုက်ခိုက်မယ်ဆိုရင် ဇူယွမ်ချက်ချင်းကို ရှုံးသွားမှာ။”
ယဲ့ကယ်မှာ အခြားသူများထက်ပို၍ မူလမှော်စာလုံးပညာရပ်အား သိရှိနားလည်သူ ဖြစ်သည်။ ထို့ကြောင့် ဇူယွမ်မှာ ရှိသမျှဝှက်ဖဲများကို အကုန်အစင် အသုံးပြုပြီးဖြစ်ကြောင်း ခန့်မှန်းနိုင်၏။ တစ်ဖက်တွင်တော့ ရှားယွီမှာ စတင်ရုံမျှသာ ရှိသေးပေသည်။ထို့ကြောင့် ဤတိုက်ပွဲနှင့်ပက်သတ်၍ ယဲ့ကယ်မှာ စိုးရိမ်ပူပန်နေစရာ မရှိပါချေ။
ယဲ့ကယ်မှာ ယောင်ယောင်နှင့်ကျင်ကျန်းတို့၏ ပြင်းထန်သောတိုက်ပွဲအား ပြသလျက်ရှိနေသော မှန်ချပ်ဆီသို့ အကြည့်ပြောင်းလိုက်၏။ ယောင်ယောင်တို့၏တိုက်ပွဲမှာ ဇူယွမ်တို့ထက် အဆပေါင်းများစွာပြင်းထန်ကာ ပို၍စိတ်လှုပ်ရှားဖွယ် ကောင်းပေသည်။
ယဲ့ကယ်မှာ စောင့်ကြည်းနေရင်းမှ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့ပြီး သံသယဖြစ်နေသောအမူအရာများ သူ၏မျက်နှာပေါ်၌ ယှက်သန်းသွားခဲ့သည်။
“ဘာလို့….တစ်ခုခုမှားနေတယ်လို့ ခံစားနေရတာပါလိမ့်။”