Switch Mode

စာစဥ် (၂၆) အပိုင်း (၃၅၄)

မူလမှော်စာလုံးတိုက်ပွဲ အပိုင်း(က)

“နောက်ဆုံးတော့ သူတို့တွေ့ကြပြီပေါ့။”

သူတော်စင်မှော်စာလုံးခန်းမ၏ရှေ့၌ စောင့်ကြည့်နေ​ြကသောတပည့်များမှာ လေထဲတွင်ရစ်ဝဲလျက်ရှိသော မှန်ချပ်နှစ်ခုမှ အကြည့်ပင်မခွာနိုင်ပဲ ငေးမောနေလျက်ရှိ၏။ ယောင်ယောင်နှင့်ဇူယွမ်တို့နှစ်ဦးလုံး နောက်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်သည့်အတွက် ဒီနေ့မူလမှော်စာလုံးတို​က်ပွဲ၏ အကောင်းဆုံးအပိုင်းမှာ ရောက်ရှိလာတော့မည်ပင် ဖြစ်သည်။ထို့ကြောင့် စောင့်ကြည့်နေကြသော တပည့်များအားလုံး၏မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေပေသည်။

“ဇူရှောင်ယိုက တကယ်ကြောက်ဖို့ကောင်းတာပဲ။” သူတော်စင်မှော်စာလုံးခန်းမ၏ထောင့်စွန်းတစ်နေရာတွင် ရှိနေသော စူးဝမ်မှ မှန်ချပ်ပေါ်ရှိ ယောင်ယောင်၏ပုံရိပ်အား ငေးမောကာ အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်၏။ အဘယ့်ကြောင့်ဆိုသော် စူးဝမ်မှာ ယောင်ယောင်ရင်ဆိုင်ကျော်ဖြတ်လာခဲ့သော စစ်ဆေးမှုများအား သူမသာဆိုလျှင် ဖြတ်ကျော်နိုင်မည်မဟုတ်ဟု ခံစားနေရသည့်အတွက်ပင် ဖြစ်သည်။ထို့အပြင် ထိုအတားအဆီးများသည် ယောင်ယောင့််အား အနည်းငယ်မျှပင် ခက်ခဲအောင် မလုပ်နိုင်ခဲ့ချေ။ ထို့အတွက်ကြောင့် ယောင်ယောင်မှာ မူလမှော်စာလုံးပညာရပ်တွင် မည်မျှထူးချွန်ထက်မြက်သည်ကို သိရှိနိုင်ပေသည်။

ဂူဟွမ်ချီမှ ထောက်ခံသည့်အနေနှင့် ခေါင်းငြိမ့်ပြလိုက်၏။ ယောင်ယောင်မှာ မည်မျှပင်အရည်အချင်းရှိသည်ကို တိုင်းတာ၍ပင် မရနိုင်ချေ။

“ယောင်ယောင်က တော်တော်လေး အရည်အချင်း ရှိရဲ့သားနဲ့ ဘာလို့ဇူယွမ်နဲ့မှ တူတူချိုးဖျက်ဖို့ ရွေးရတာလဲ။”စူးဝမ်၏အကြည့်များမှာ ဇူယွမ်၏ပုံရိပ်အား ပြသနေသော မှန်ချပ်ဆီသို့ ရောက်ရှိသွားကာ ဆံနွယ်ရှည်များကို ခပ်မြင့်မြင့်စုချည်ထား၍ အပြစ်ကင်းစင်သည့်မျက်နှာလေးကို ပိုင်ဆိုင်ထားသော မိန်းမငယ်လေးအား ​လှမ်းကြည့်လိုက်လေသည်။ ထိုမိန်းမငယ်လေးရှားယွီမှာ ငယ်ရွယ်သေးသော်လည်း မူလမှော်စာလုံးတောင်ထွတ်၏ ထိပ်သီးရွှေခါးစည်းတပည့်တစ်ဦး ဖြစ်သည်။ ထို့ကြောင့် ရှားယွီမှာ မူလမှော်စာလုံးပညာရပ်တွင် မည်မျှပင်အရည်အချင်းရှိကြောင်း သိရှိနိုင်၏။

“ဇူရှောင်ယိုရဲ့အရည်အချင်းကို ကြည့်ရတာ စီနီယာအကိုတော် ကျင်ကျန်းက အစီအရင်ဗဟိုချက်ရဲ့ စွမ်းအင်ရှစ်ဆယ်ရာခိုင်နှုန်းကို သုံးရင်တောင် ရမယ့်ပုံမပေါ်ဘူး။ဒါပေမဲ့ ဒီအစီအရင်မှာက ဗဟိုချက်နှစ်ခုပါတာလေ…..တစ်ချိန်တည်းမှာ နှစ်ယောက်လုံးတူတူ ဗဟိုချက်နှစ်ခုကို ချိုးဖျက်နိုင်မှရမှာ။”

“ယောင်ယောင်တစ်ယောက်တည်းကပဲ ချိုးဖျက်နိုင်ရင်လည်း ဘာမှမထူးဘူး။ အဲ့လိုဆိုရင် စွမ်းအင်ဗဟိုချက်က နောက်တစ်ခါ ပြန်လည်ဖြစ်တည်လာပြီးတော့ ယောင်ယောင့်ကို ထောင်ချောက်ထဲမှာ ပိတ်မိသွားစေလိမ့်မယ်။”

စူးဝမ်မှ ဂူဟွမ်ချီအားကြည့်ကာ ဖြည်းညင်းစွာ ဆက်၍ပြောလိုက်၏။ “အခုကြည့်ရသလောက်ဆိုရင်တော့ ဇူယွမ်က ရှားယွီကာကွယ်ထားတဲ့ စွမ်းအင်ဗဟိုချက်ကို ချိုးဖျက်နိုင်ဖို့ တော်တော်အချိန်ယူရမယ့်ပုံပဲ။”

“ရှားယွီရဲ့စိတ်ဝိဉာဥ်က အလယ်အလတ်ဒြပ်ထည်အဆင့်ကို ရောက်နေပြီ။သူမက ဒီအစီအရင်ရဲ့ဗဟိုချက်က စွမ်းအင်တွေကိုလည်း အသုံးပြုလို့ရသေးတယ်။ပြီးတော့ သူမရဲ့ မူလမှော်စာလုံးပညာရပ်ကလည်း ဇူယွမ်ထက်အများကြီး သာလွန်နေပြီ။”

ဂူဟွမ်ချီ၏မျက်နှာအမူအရာမှာ ပြောင်းလဲသွားကာ နှုတ်ခမ်းအားဖိကိုက်၍ စကားဆိုလိုက်၏။ “ရလဒ်မှမထွက်လာသေးတာ…ဘာမဆိုဖြစ်နိုင်တာပဲ။”

ဂူဟွမ်ချီ ခေါင်းမာစွာဖြင့် ဇူယွမ်အား ဆက်လယ်ကာကွယ်နေသည်ကို စူးဝမ် ဘာမှပြန်မပြောတော့ပဲ ပြုံးသာပြုံးနေလိုက်တော့သည်။မည်သို့ပင်ဆိုစေကာမူ

ဂူဟွမ်ချီမှာ အံကြိတ်ထားရုံသာ တက်နိုင်ပြီး အခြေအနေများအား ပြောင်းလဲစေရန် ဘာမှမလုပ်နိုင်ပေသည် မဟုတ်ပါလော။

***

အကန့်အသတ်မဲ့သမုဒ္ဒရာ၏အထက်၌…။

ယောင်ယောင်မှာ ရေတံခွန်ထက်တွင်ထိုင်နေသော လူငယ်လေးအား ကြည့်နေလျက်ရှိပြီး သူမ၏လှပသော မျက်နှာလေးမှာ မည်သည့်စိတ်ခံစားချက်အရိပ်အယောင်မှ ရှိမနေပေ။ ထိုလူငယ်မှာလည်း ယောင်ယောင့်အား ကြည့်နေလျက်ရှိပြီး ဖြည်းညင်းစွာ ပြုံးလိုက်၏။

ယောင်ယောင်၏လက်မှာ ရုတ်တရက်လှုပ်ရှားသွားပြီးနောက် မူလမှော်စာလုံးများက သူမ၏လက်ချောင်းများထံမှ ထွက်ပေါ်လာကာ သမု္ဒ္ဒရာ၏မျက်နှာပြင်နှင့် ပေါင်းစည်းသွားခဲ့၏။

ဝုန်း…

သူမ၏ခြေဖဝါးအောက်တွင် သွေးနီရောင်ရှိသော နဂါးတစ်ကောင်မှာ လျင်မြန်စွာ ကြီးထွားလာခဲ့ပြီး ပေရာကျော်မျှရှိသော မီးနဂါးကြီးအသွင်ဖြစ်ပေါ်လာကာ ကြောက်မက်ဖွယ်ကောင်းသောအသံဖြင့် ဟိန်းဟောက်လိုက်၏။ပြင်းထန်လှသော အပူလှိုင်းများက မီးနဂါးသွားရာလမ်းတလျှောက်ရှိ ရေပြင်များကို အငွေ့ပျံစေခဲ့လေသည်။ မီးနဂါးကြီးမှာ အလွန်လျင်မြန်သောအရှိန်ဖြင့် ကျင်ကျန်းထံသို့ သွားနေခဲ့၏။

ယောင်ယောင်မှာ အချိန်များဖြုန်းမနေတော့ပဲ စတင်၍ တိုက်ခိုက်လိုက်ခြင်း ဖြစ်ပေ၏။

ကျင်ကျန်းမှာ မီးနဂါးကြီးအား မြင်လိုက်ရသောအခါတွင် အံ့အားသင့်စွာ မျက်မှောင်ကျုံ့လိုက်ပြီးနောက် အလျင်အမြန်ပင် လက်ခုပ်တီးလိုက်လေသည်။

ဝုန်း…

သမုဒ္ဒရာရေပြင်မှာ ပေထောင်ကျော်မျှ မြင့်တက်သွားခဲ့ပြီး ရေလှိုင်းများထဲမှ ရေခဲသားရဲကြီးတစ်ကောင် ပေါ်ထွက်လာကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် မီးနဂါးနှင့်တွေ့ဆုံသွားခဲ့၏။

ဘုံး…

ကျယ်လောင်လှသောအသံများ ထွက်ပေါ်လာပြီး စွမ်းအင်လှိုင်းဂယက်များပျံ့နှံ့သွားကာ သမုဒ္ဒရာရေလှိုင်းများပင် မြင့်တက်လာခဲ့လေသည်။

“ဂျူနီယာညီမတော် ယောင်ယောင်က အရမ်းအညှာအတာ ကင်းမဲ့တာပဲ။” ကျင်ကျန်းသည် ခုနကရင်ဆိုင်တိုက်ခိုက်မှုတွင် ယောင်ယောင်မှာ မည်မျှပင်ကြောက်မက်ဖွယ်ကောင်းသည်ကို သိရှိလိုက်ရသောကြောင့် သက်ပြင်းချကာ ရေရွတ်လိုက်၏။

ကြည့်ရသည်မှာ ယောင်ယောင်သည် လက်ကလေးတစ်ချက် လှုပ်ရှားလိုက်ရုံနှင့်ပင် မှော်စာလုံးများဖန်တီးနိုင်သောအဆင့်သို့ ရောက်ရှိနေပြီးဖြစ်ဟန် ရှိသည်။ အကယ်၍ ကျင်ကျန်းသာ အစီအရင်ဗဟိုချက်၏ စွမ်းအင်များကို ရယူသုံးစွဲနိုင်ခြင်းမရှိပါက သူသည်ပင် ယောင်ယောင်၏ပြိုင်ဖက်တစ်ဦး မဖြစ်နိုင်ပေ။

ကျင်ကျန်းမှ ဖြည်းညင်းစွာ စကားဆိုလိုက်၏။ “ဘယ်လိုပဲဖြစ်ဖြစ် ငါကအစီအရင်ဗဟိုချက်ရဲ့ စွမ်းအင်တွေကို ရယူသုံးစွဲလို့ရနေမှတော့ မင်းအတွက်လည်း လွယ်ကူမှာမဟုတ်ဘူး။”

ယောင်ယောင်မှာ မည်သည့်စကားမှ ပြန်၍ပြောမနေတော့ပဲ သူမ၏ကျောက်စိမ်းရောင်မှော်စာလုံးစုတ်တံအား ဆွဲယူလိုက်ပြီးနောက် စုတ်တံထိပ်မှာလင်းလက်လာကာ လေထုထဲ၌ မရေမတွက်နိုင်သော စုတ်ချက်များကို ရေးဆွဲလိုက်ပြီး များစွာသော မူလမှော်စာလုံးများ ဖြစ်ပေါ်လာခဲ့၏။ ထိုမူလမှော်စာလုံးများမှာ အနီးနားရှိ စွမ်းအင်များကို လျင်မြန်စွာပင် စုပ်ယူသွားခဲ့လေသည်။

ဝုန်း…

ကြီးမားလှသော အနက်ရောင်တိမ်တိုက်ကြီးတစ်ခုက ယောင်ယောင်၏ဦးခေါင်းထက်၌ ပေါ်ထွက်လာခဲ့ကာ ကြောက်မက်ဖွယ်ရာ လျှပ်စီးလှိုင်းများနှင့်မိုးကြိုးများကို ထုတ်လွှတ်လျက်ရှိ၏။ ထစ်ချုန်းနေသော မိုးကြိုးသံများက ပတ်ဝန်းကျင်တလျှောက် ပျံ့နှံ့သွားခဲ့ပြီး ကြောက်မက်ဖွယ်ဖိအားကို ပေးစွမ်းနေပေသည်။

ကျင်ကျန်း၏မျက်ဝန်းများမှာ ကြောက်ရွံ့နေသောအရိပ်အယောင်များ ပို၍ယှက်သန်းလာခဲ့၏။ ကျင်ကျန်းသည် တခဏမျှပင် တုံ့ဆိုင်းနေရန် မဝံ့ရဲတော့ပဲ သူ၏လက်အား မြှောက်လိုက်သည်။

ဝုန်း…

ပေတစ်သောင်းမျှရှိသော လှိုင်းလုံးကြီးမှာ ကျင်းယန်နောက်မှ ဖြည်းညင်းစွာ မြင့်တက်လာခဲ့၏။ လှိုင်းလုံးကြီးမှာ မြင့်မားလွန်းလှသဖြင့် နေလုံးကိုပင် ဖုံးကွယ်သွားခဲ့ကာ ကြောက်မက်ဖွယ်ရာကောင်းသော မြင်ကွင်းအား ပေးစွမ်းနေပေသည်။

ယောင်ယောင်မှာ ကျင်ကျန်းနောက်မှ လှိုင်းလုံးကြီးအား ကြည့်ရှုလိုက်ရင်း မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့၏။ထို့နောက် အခြားတစ်နေရာသို့ ငေးမောကာ ရေရွတ်လိုက်သည်။ “ဇူယွမ်…ဒီကနေ အစီအရင်ရဲ့ စွမ်းအင်တွေကို စုပ်ယူနိုင်အောင် ငါအကောင်းဆုံးကြိုးစားမှာပါ။”

“ကျန်တာကတော့ နင့်ကိုယ်နင်ပဲ အားကိုးရလိမ့််မယ်။”

ထိုစကားများကို ပြောပြီးသည်နှင့်တစ်ပြိုင်နက် ယောင်ယောင်၏စုတ်တံထိပ်ဖျားမှာ လင်းလက်လာကာ ဧရာမမြွေနဂါးက့ဲသို့သော လျှပ်စီးမုန်တိုင်းများ ပေါ်ထွက်လာပြီး မိုးကောင်ကင်တစ်ခုလုံးကိုပင် လွှမ်းခြုံသွားကာ ကျင်ကျန်းဆီသို့ ဦးတည်သွားခဲ့၏။

ကျင်ကျန်း၏နောက်တွင်ရှိနေသော လှိုင်းလုံးကြီးမှာ ဧရာမလက်ကြီးတစ်ခုအသွင်သို့ ပြောင်းလဲသွားကာ လေထုထဲ၌ပင် မြွေနဂါးသဏ္ဍာန်ရှိနေသော လျှပ်စီးမုန်တိုင်းများနှင့် တွေ့ဆုံသွားခဲ့ပြီး ကြီးမားသောပေါက်ကွဲသံများက ပတ်ဝန်းကျင်အား လွှမ်းခြုံသွားခဲ့လေသည်။

***

တောင်ထွတ်တစ်ခုပေါ်၌ရှိနေသော ဇူယွမ်မှာ တောင်ထိပ်ပေါ်မှ မိ််န်းမငယ်လေးအား လှမ်း၍မော့ကြည့်လိုက်၏။ သူမမှာအနည်းငယ် ရှက်ရွံ့နေပုံရသော်လည်း ဇူယွမ်မှာ မထီမဲ့မြင်မပြုရဲပဲ လေးနက်တည်ကြည်နေလျက်ရှိသည်။အဘယ့်ကြောင့်ဆိုသော် ထိုမိန်းမငယ်ထံမှ အန္တရာယ်အငွေ့အသက်များအား ခံစားမိနေသောကြောင့်ပင် ဖြစ်သည်။

ရှားယွီမှာ ဇူယွမ်အား စီနီယာအကိုတော်ဟု ခေါ်ဆိုခဲ့ပါသော်လည်း ထိုအရာမှာ ယဥ်ကျေးမှုအရသာ ဖြစ်ပေသည်။ သူတို့နှစ်ဦး၏ အဆင့်အတန်းကိုသာ နှိုင်းယှဥ်ကြည့်မည်ဆိုပါက ဇူယွမ်ကသာ ရှားယွီအား စီနီယာအမတော်ဟု ခေါ်ဆိုသင့်သည် ဖြစ်၏။

“သူတော်စင်မှော်စာလုံးတောင်ထွတ်ရဲ့ ထိပ်တန်းရွှေခါးစည်းတပည့်…” ဇူယွမ်မှ ကောင်းကင်ဘုံယွမ်စုတ်တံအား ဆွဲယူလိုက်ရင်း တိုးညှင်းစွာ ရေရွတ်လိုက်သည်။

ဇူယွမ်သည် ရှားယွီ၏စိတ်ဝိဉာဥ်မှ ထုတ်လွှတ်လျက်ရှိသော ဖိအားများကို ခံစားမိခဲ့လေသည်။ ရှားယွီမှာ စိတ်ဝိဉာဥ် အလယ်အလတ်ဒြပ်ထည်အဆင့်သို့ ရောက်ရှိနေပြီး ဇူထွမ်၏စိတ်ဝိဉာဥ်ထက် ပို၍သန်မာနေသည်မှာ ထင်ရှား၏။

ပို၍အရေးကြီးသောအချက်မှာ ဤတိုက်ပွဲသည် မူလမှော်စာလုံးပညာရပ်တစ်ခုထဲကိုသာ မူတည်နေခြင်း ဖြစ်ပေသည်။ထိုသို့မဟုတ်လျှင် ဇူယွမ်၏ချီကျင့်ကြံခြင်းအဆင့်ဖြင့် သူမအား ကြောက်ရွံ့နေရန် မလိုအပ်ပေ။

“စီနီယာအမတော်လေး ရှားယွီ…ကျွန်တော့ကို မျက်နှာသာပေးဖို့ မျှော်လင့်ပါတယ်။”

ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက် ရှူရှိုက်လိုက်ပြီး သူ၏လက်ထဲမှ ကောင်းကင်ဘုံယွမ်စုတ်တံအား လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် အနီးနားရှိစွမ်းအင်များစတင်စုဝေးလာကာ မူလမှော်စာလုံးပုံသဏ္ဍာန်တစ်ခု ပေါ်ပေါက်လာခဲ့သည်။

“တောက်ပသောလင်းယုန် မှော်စာလုံး..!”

မူလမှော်စာလုံးမှာ စတင်၍ကြီးထွားလာခဲ့ပြီး ပေရာကျော်မျှရှိသော အလင်းရောင်များတောက်ပနေသည့် လင်းယုန်ကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်ကိုပင် ပ့ဲတင်သံထပ်စေသောအသံဖြင့် အော်မြည်လိုက်လေသည်။ထို့နောက် လင်းယုန်ကြီးမှာ အတောင်ပံများအား ဖြန့်ကျက်၍ ရှားယွီဆီသို့ လျင်မြန်စွာ တိုးဝင်သွားလေ၏။

“လျင်မြန်သောလေဟုန် မှော်စာလုံး…”

လင်းယုန်ငှက်ပျံသန်းသွားသည်နှင့်တစ်ပြိုင်နက် ဇူယွမ်မှာ နောက်ထပ်မူလမှော်စာလုံးတစ်ခုအား ရေးဆွဲကာ လင်းယုန်ငှက်ဆီသို့ ပစ်လွှတ်လိုက်လေသည်။ ထိုမှော်စာလုံးမှာ လင်းယုန်ငှက်၏အတောင်ပံနှစ်ဖက်တွင် ရစ်ဝဲသွားကာ အမြန်နှုန်အား အံ့အားသင့်ဖွယ် တိုးမြှင့်ပေးလိုက်၏။

“တောင်ကိုဖြိုသောဓားသွား မှော်စာလုံး..”

နောက်ထပ်မူလမှော်စာလုံးတစ်ခုကို ထပ်၍ရေးဆွဲလိုက်၏။ထိုမှော်စာလုံးမှာ လင်းယုန်၏နှုတ်သီးတဝိုက်တွင် ရစ်ဝဲသွားကာ တောင်များကိုပင်ဖြိုခွင်းနိုင်လောက်သော ထက်မြမှုအား ပေးစွမ်းနေပေသည်။

ရှားယွီ၏မျက်ဝန်းအစုံမှာ လင်းလက်တောက်ပလာကာ ညင်သာစွာဖြင့် ရေရွတ်လိုက်၏။ “စီနီယာအကိုတော် ဇူယွမ်က မူလမှော်စာလုံးပညာရပ်နဲ့ အတော်လေး အကျွမ်းတဝင် ရှိတာပဲ။ မှော်စာလုံးထပ်ဆင့်​ပေါင်းစည်းခြင်းကိုတောင် လုပ်နိုင်တယ်။”

ထိုသို့မှော်စာလုံးများ ထပ်ဆင့်ပေါင်းစည်းခြင်း ပြုလုပ်နိုင်ရန်အတွက် အလွန်ပင်ရှင်းလင်းတိကျသော စိတ်ဝိဉာဥ်ထိန်းချုပ်နိုင်မှုကို လိုအပ်ပေသည်။ ထိုသို့မှမဟုတ်လျှင် မူလမှော်စာလုံးများ ရစ်ပတ်ရှုပ်ထွေးသွားကာ စာလုံးများတစ်ခုနှင့်တစ်ခု တိုက်မိပြီး အလွယ်တကူပင် ပျက်စီးသွားမည် ဖြစ်၏။

လင်းယုန်၏အရှိန်အဝါသည် ကောင်းကင်တစ်ခုလုံးအား ဖြန့်ကျက်နေလျက်ရှိသည်။ ပုံမှန် မူလစဦး ဆဋ္ဌမအဆင့် တပည့်တစ်ဦးပင်လျှင် ထိုတိုက်ခိုက်မှုအား လျှော့တွက်ရဲမည်မဟုတ်ပါချေ။

ရှားယွီမှာ သူမ၏​​ခြေထောက်အားဆောင့်နင်းလိုက်သည်နှင့်တစ်ပြိုင်နက် ရှားယွီခြေဖဝါးအောက်ရှိ တောင်တန်းကြီးမှာ စတင်တုန်ခါလာခဲ့ပြီး ကျောက်တုံးများ မြေကြီးအောက်မှ ထွက်ပေါ်လာကာ ကြီးမားထူထဲသော နံရံကြီးတစ်ချပ် ​ဖြစ်ပေါ်လာခဲ့၏။

ဘန်း….ဘန်း….ဘန်း…..

လင်းယုန်ကြီးမှာ နံရံအားအဆက်မပြတ် တိုးဝင်နေလျက်ရှိပြီး ကျောက်တုံးကျောက်ဆောင်များ စတင်၍ ပြိုကျလာခဲ့သည်။ သို့သော် တောက်ပနေလျက်ရှိသော လင်းယုန်ငှက်၏ပုံသဏ္ဍာန်မှာ နံရံတစ်ခါတိုက်မိတိုင်းတွင် ပို၍ပို၍ မှေးမှိန်လာခဲ့၏။ နောက်ဆုံးနံရံအတားအဆီးအား ဖြိုချပစ်နိုင်ပြီးနောက် လင်းယုန်ငှက်မှာ အလင်းအစက်အပျောက်များအဖြစ် ပြောင်းလဲပျောက်ကွယ်သွားခဲ့သည်။

ဇူယွမ်၏မျက်ဝန်းများမှာ ကျဥ်းမြောင်းသွားခဲ့ရသည်။ ခုနကရင်ဆိုင်တိုက်ခိုက်မှုတွင် ဇူယွမ်၏အကောင်းဆုံးသော မှော်စာလုံးပညာများ ပေါင်းစပ်ထားခဲ့၏။သို့သော်လည်း ရှားယွီမှ အလွယ်တကူပင် ရင်ဆိုင်နိုင်ခဲ့သည်။

ရှားယွီမှာ သူမ၏ပါးပြင်လေးကို ထိကိုင်လိုက်ကာ ဇူယွမ်အားကြည့်၍ စကားဆိုလိုက်၏။ “စီနီယာအကိုတော်ဇူယွမ်က တကယ်ကို အရည်အချင်းရှိတာပဲ။ အခုတိုက်ခိုက်နေတာသာ ဒီနေရာမှာ မဟုတ်ဘူးဆိုရင် ကျွန်မအခက်အခဲတောင် ဖြစ်နိုင်တယ်။”

“တခြားအချိန်မှာသာဆိုရင် ကျွန်မ ရှင့်အပေါ် အခွင့်အရေးမယူချင်ပါဘူး။ ဒါပေမဲ့အခုက ကျွန်မတို့မူလမှော်စာလုံးတောင်ထွတ်ရဲ့ ဂုဏ်သိက္ခာတွေအားလုံးနဲ့ သက်ဆိုင်နေတယ်။ အဲ့ဒါကြောင့် ရှင့်ကိုထိခိုက်စေခဲ့ရင် ကျွန်မကိုအပြစ်မတင်ဘူးလို့ မျှော်လင့်ပါတယ်။”

ထိုစကားများကို ပြောပြီးသည်နှင့်တစ်ပြိုင်နက် ရှားယွီမှာ ခရမ်းရောင်မူလမှော်စုတ်တံအား ဆွဲယူလိုက်ကာ သူမ၏မျက်နှာပေါ်တွင် ရှက်ရွံ့နေသောအမူအရာများ မရှိတော့ပဲ ယုံကြည်ချက်အပြည့်ရှိသောအသွင်သို့ ပြောင်းလဲသွားလေသည်။

ရှားယွီ၏ဆံနွယ်ရှည်လေးများမှာ လေနှင့်အတူ ရစ်ဝဲနေလျက်ရှိပြီး သူမ​ခြေဖဝါးအောက်ရှိ တောင်တန်းများမှာ စတင်၍တုန်ခါလာခဲ့၏။

“စီနီယာအကိုတော် ဇူယွမ်….အခုက ကျွန်မအလှည့်ပဲ။”

***

သူတော်စင်မှော်စာလုံးခန်းမ၏ရှေ့တွင် ရှိနေသော ယဲ့ကယ်၏မျက်နှာ၌ အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။

ဂျူနီယာညီမတော် ရှားယွီက နောက်ဆုံးတော့ တိုက်ခိုက်တော့မည် ဖြစ်၏။

ဇူယွမ်ရေ…ငါတို့သူတော်စင်မှော်စာလုံးတောင်ထွတ်ရဲ့ ဂျူနီယာညီမတော်လေး ရှားယွီက ဘယ်လောက်တောင် ရင်ဆိုင်ဖို့ခက်ခဲတဲ့သူလဲဆိုတာ မင်းသိရတော့မှာပါ။

မင်းဆိုးဆိုးရွားရွားကြီး မရှုံးနိမ့်ပါစေနဲ့လို့ပဲ ငါဆုတောင်းပေးလိုက်ပါတယ်။

Comment

Leave a Reply

Options

not work with dark mode
Reset