ပြတင်းပေါက်အပြင်ဘက်မှ ဖြူဖတ်ဖြူရော်မျက်နှာနှင့်လူရွယ်တစ်ယောက်ကြောင့် အပြင်ကို ပိုင်ရှောင်ချန်း လှမ်းကြည့်မိလိုက်သည်။
“မင်းမဟုတ်လားကွ…ငါ့နေရာကို ဝင်ယူသွားတာ…” ဟု ထိုသူက ဒေါသတကြီးနှင့် အော်ဟစ်သည်။
ရှောင်ချန်းသည် ပြတင်းပေါက်အကွယ်သို့ ပြန်ဝင်ပုန်းခိုရန် ကြိုးစားခဲ့သော်လည်း နောက်ကျသွားသည်။ ထို့ကြောင့် ဘာမှမသိသလို အပြစ်ကင်းသည့် မျက်နှာမျိုး ချက်ချင်းပြင်လိုက်ရရင်း
“ဗျာ… ကျွန်တော်မဟုတ်ပါဘူး…”
“လူလိမ်…မင်းက တော်တော်လေးပိန်ပြီး ပုကပုသေးတယ်။ အဲ့တော့ လူသစ်က မင်းဆိုတာကျိန်းသေတယ်…” ရွှီပေါက်ချိုင်က လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ကာ ပိုင်ရှောင်ချန်းကို ဒေါသတကြီးစိုက်ကြည့်ရင်း ပြောသည်။ ရွှီပေါင်ချိုင်မှာ လွန်စွာဒေါသထွက်နေသောကြောင့် ပေါက်ကွဲတော့မည့် ဗုံးတစ်လုံးကဲ့သို့ဖြစ်နေသည်။
နည်းနည်းတော့မှားနေပြီဟု ရှောင်ချန်းက တွေးရင်း ပြတင်းပေါက်အကွယ်လေးမှ ချောင်းကြည့်လိုက်သည်။
“ကျွန်တော် တကယ်ကို ဘာမှမလုပ်ထားပါဘူးဗျာ ”
“ဟေ့ကောင်…မလိုချင်ဘူး…သောက်ဂရုလည်းမစိုက်ဘူး။ သုံးရက်မြောက်နေ့ကျရင် ဂိုဏ်းတောင်ဘက်က တောင်စောင်းမှာ မင်းနဲ့ငါနဲ့ တစ်ယောက် မသေမချင်း တိုက်ခိုက်ကြမယ်။ မင်းနိုင်ရင် ငါ့နေရာကို ယူလိုက်ပေါ့ကွာ။ အေး…ရှုံးခဲ့ရင်တော့ ငါ့နေရာကို မင်းပြန်ပေးရမယ်…”
ရွှီပေါက်ချိုင်က သူဝတ်ရုံထဲမှ သတိပေးစာကို ဆွဲထုတ်လိုက်ပြီး ရှောင်ချန်းပုန်းနေသော ပြတင်းပေါက်ထဲသို့ ပစ်ပေးလိုက်သည်။ သတိပေးစာထဲတွင် သေစမ်း ဆိုသော စကားလုံးကို အရွယ်မျိုးစုံနှင့် မရေမတွက်နိုင်အောင်ပင် စာရွက်အပြည့် သွေးဖြင့် ရေးထားသည်။
ရှောင်ချန်းသည် သေစမ်း ဟုရေးထားသောစာလုံးများကို သူ့ကို သတ်တော့မည့် ဓားများဟု မြင်နေမိသည်။ ထို့နောက် မသေမချင်း တိုက်ရအောင် ဟူသော စကားလုံးကိုသာ နားထဲတွင် ထပ်တလဲလဲကြားယောင်နေမိသဖြင့် ပင့်သက်ရှိုက်လိုက်သည်။
“အကိုကြီးရာ…ဒီကိစ္စက အဲ့လောက်မကြီးပါဘူးဗျာ။ ဘာလို့များ ဒီလောက်သွေးတွေအများကြီးသုံးပြီး သေစမ်းလို့ရေးထားရတာတုန်း။ မနာဘူးလားဟင်…”
“ကိစ္စကမကြီးဘူးဟုတ်လား…”
ရွှီပေါက်ချိုင်က အံကြိတ်ဟိန်းဟောက်လိုက်ရင်း ဆက်ပြောသည်။
“ဟုတ်လား…အရေးမကြီးဘူးပေါ့…ငါက အဲ့ဒီနေရာမှာ ခြိုးခြိုးခြံခြံ ဆင်းဆင်းရဲရဲနေပြီး ဝိညာဥ်ကျောက်တုံးတွေကို ခုနစ်နှစ်လုံးလုံး စုခဲ့ရတာကွ။ ခုနစ်နှစ်ကွ…ခုနစ်နှစ်…မင်းသိလား.။ အဲ့ဒီလိုလုပ်မှပဲ စားဖိုဆောင်မှာ နေရာလေးတစ်နေရာရခဲ့တာ။ ခုတော့ မင်းက အဲ့ဒီနေရာကို ယူဖို့ ကြိုးစားနေပြီလေ။ သည်ရန်ငြှိုးက တစ်သက်လုံးမပြေဘူးကွ ။ သုံးရက်ပြည့်တာနဲ့ မင်းသေရမယ့်အချိန်ရောက်ပြီ…”
“ကျွန်တော်ကတော့ ဖြတ်ကျော်နိုင်မယ်လို့ထင်တာပဲဗျ…”
ရှောင်ချန်းသည် သတိပေးစာကို လက်မ၊ လက်ညှိိုး နှစ်ချောင်းလေးနှင့်ညှပ်ကိုင်ကာ ပြတင်းပေါက်မှ မဝံမရဲ ပစ်ချပေးလိုက်သည်။
“မင်း…”
ရွှီပေါက်ချိုင်မှာ စိတ်ဆိုးလွန်းသဖြင့် အော်ဟစ်လိုက်သည်။ ရုတ်တရက် မြေကြီးမှာတုန်ခါလာပြီး အသားစိုင်တောင်ကြီးရောက်နေပြီဆိုသည်ကို ရွှီပေါက်ချိုင်သတိပြုမိလိုက်သည်။ ဖက်တီးကျန်းသည် ဘယ်ချိန်တည်းက တိတ်တိတ်လေးရောက်နေသည်မသိ။ ရွှီပေါက်ချိုင်ကို အေးစက်အထင်သေးစွာကြည့်နေသည်။
“အမှတ်ကိုး ဖက်တီး…” ပိုင်ရှောင်ချန်းကို ရည်ရွယ်ပြီး ဖက်တီးကျန်းကပြောသည်။
“အမှတ်နှစ် အကိုနဲ့ ပန်းကန်ဆေးတဲ့ တာဝန်ကျနေတာမဟုတ်ဘူးလား…”
ထို့နောက် ရွှီပေါက်ချိုင်ကို လှည့်ကြည့်ကာ
“မင်းကတော့ ရုတ်ရုတ်သဲသဲနဲ့ ပြဿနာလာရှာနေတာတွေကို ရပ်စမ်းပါ။ မင်းဖင်နဲ့ခြေထောက်တသားတည်းကျအောင် ထွက်သွားလိုက်ပါတော့ကွာ…”
ဖက်တီးကျန်းက ခြိမ်းခြောက်ပြောရင်း ယောက်ချိုဇွန်းကို ဝှေ့ရမ်းလိုက်ရာ လေပွေတစ်ခုဖြစ်သွားသည်။
ရွှီပေါက်ချိုင် မျက်နှာပျက်သွားပြီး နောက်သို့ နှစ်လှမ်း သုံးလှမ်းဆုတ်လိုက်သည်။ ပြဿနာထပ်ရှာချင်သေးသော်လည်း ဖက်တီးကျန်း၏မျက်နှာတွင် စိတ်မရှည်မှုများကိုတွေ့လိုက်ရသဖြင့် ရှောင်ချန်းကို အငြှိုးထားသည့်မျက်ဝန်းများနှင့်လှမ်းကြည့်ပြီး လှည့်ထွက်သွားသည်။
ပြင်းထန်သောအာဃာတမျက်ဝန်းများကြောင့် ရွှီပေါက်ချိုင်က သူ့ကို တစ်နေ့နေ့တစ်ချိန်ချိန်တွင် ပြန်လာရှာမည်ကို ပိုင်ရှောင်ချန်း သိလိုက်သည်။ ထို့ကြောင့် အခုချိန်တွင် စားဖိုဆောင်မှာနေခြင်းက အန္တရာယ်အကင်းဆုံးဟုလည်း နားလည်လိုက်သည်။ ထိုမှသာ ရွှီပေါက်ချိုင်က နောက်တစ်ခေါက်ပြန်လာကာ ပြဿနာမရှာရဲမည်ဖြစ်သည်။
တရွေ့ရွေ့နှင့် နေ့ရက်များကုန်ဆုံးခဲ့သည်။ ရှောင်ချန်းသည် စားဖိုဆောင်တွင်နေရသည်ကို အသားကျလာသည်။ နေ့ဘက်တွင် စားဖိုဆောင်အလုပ်များလုပ်၍ ညဘက်တွင် ဒယ်စောက်အိုး ခရမ်းရောင်ချီ ထိန်းချုပ်နည်းပညာရပ်ကို ကျင့်ကြံသည်။ သို့သော်လည်း တိုးတက်မှုမှာ နှေးကွေးလျက်ရှိသည်။ အသက်ရှုခြင်းကို လေးကြိမ်မျှသာ ထိန်းချုပ်နိုင်သေးသဖြင့် မချင့်မရဲဖြစ်နေသည်။
တစ်ခုသော သန်းခေါင်ယံအချိန်…..။
ရှောင်ချန်း ကျင့်ကြံနေစဥ် လူဝကြီးများဆီမှ ဆူညံပွက်လောရိုက်နေသံများကို ကြားရသည်။
“ဂိတ်တံခါးမကြီးကို ပိတ်စမ်း…! မြန်မြန်လုပ်စမ်း…အမှတ်နှစ် ဖက်တီးဟွမ်…တံခါးကိုခုပိတ်။ အမှတ်သုံးဖက်တီးဟီက ငါတို့နောက်ကို တစ်ယောက်ယောက် လိုက်လာသေးလား ကြည့်စမ်း…မြန်မြန်လုပ်စမ်း…”
ရှောင်ချန်းသည် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နှင့် ကြောင်နေသည်။ ထိုစဥ် အရင်တုန်းက သူ၏အမှားကို တွေးမိလိုက်ပြီး ပြတင်းပေါက်နောက်တွင်ပုန်းလိုက်ကာ တံခါးကြားမှချောင်းကြည့်လိုက်သည်။ လူဝကြီး တစ်သိုက်သည် ခြေထောက်နှင့်မြေကြီးပင် မထိတော့သည့်အလား စားဖိုဆောင်ပတ်လည်တွင် လျင်မြန်စွာ လှုပ်ရှားနေကြသည်ကို သူတွေ့လိုက်ရသည်။
ခဏကြာသည့်အခါ ဂိတ်တံခါးမကြီးကို တင်းကြပ်စွာ ပိတ်ပြီးသွားသည်။ ထို့နောက် အချက်ပြမီးခိုးတန်းတစ်ခုကို ဖောက်လိုက်သည်။ အရင်ကတွေ့မြင်နေကြမြင်ကွင်းများနှင့်မတူ တမူထူးခြားစွာ လူဝကြီးများ ပြုမူနေကြသည်။
ရှောင်ချန်းသည် အဖြစ်အပျက်အားလုံးကို အစအဆုံးတွေ့မြင်လိုက်ရသည်။ ထိုလူဝကြီးများသည် တဲတစ်ခုထဲတွင် ပျာယာခတ်နေကြသည်။ အချက်ပြ မီးခိုးများကြောင့် ဝေဝါးနေသော်လည်း ဖက်တီးကျန်း၏ အရှိန်တညီးညီးတောက်လောင်နေသော မီးတောက်ကြောင့် အကုန်လုံးကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။ အဖြစ်အပျက်တစ်ခုလုံးသည် သမားရိုးကျမဟုတ်သောကြောင့် ရှောင်ချန်းမှာ ဘာမှမမြင်လိုက်သလို ဟန်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။
သို့သော် ပဲ့တင်သံပင်ထွက်နေသော ဖက်တီးကျန်း၏ အော်ခေါ်လိုက်သံက ဟိန်းထွက်လာသည်။
“အမှတ်ကိုး ဖက်တီး…မင်းရပ်ကြည့်နေတာ ငါသိတယ်…ခုထွက်ခဲ့စမ်း…”
ဖက်တီကျန်းသည် အသံကိုအဆုံးထိမြှင့်မခေါ်လိုက်သော်လည်း ရှောင်ချန်းအပေါ် သြဇာညောင်းလှသည်။
ထုံးစံအတိုင်း ရှောင်ချန်းသည် မျက်တောင် ပုတ်ခတ် ပုတ်ခတ်နှင့်ထွက်လာသည်။ ခြင်တစ်ကောင်ကိုပင် မသတ်ရဲလောက်အောင် ဖြူစင်လွန်းသည့်ဟန်နှင့် အပြစ်ကင်းသော မျက်နှာပေးကိုလည်း သူလုပ်ယူထားသေးသည်။
လူဝကြီးများ အနားသို့ရောက်လာသောအခါ ဖက်တီးကျန်းသည် သူ့ကိုဆွဲပြီး လူဝကြီးတွေကြားမှာ ရပ်ခိုင်းလိုက်သည်။ ရုတ်တရက် ရှောင်ချန်းသည် ဖက်ပြိုင်ခြင်းငှာမစွမ်းသာသည့် အမွှေးရနံံ့တစ်ခုကို ရလိုက်သည်။ ထိုအနံ့ကို ရှူရှိုက်မိလိုက်သောကြောင့် သူ့တစ်ကိုယ်လုံးတွင် ရုတ်ချည်းနွေးထွေးသွားသလိုခံစားလိုက်ရသည်။
သူသည် အခြားသူများကို လိုက်ကြည့်လိုက်သည်။ အားလုံး၏ မျက်နှာပေါ်တွင် ဝမ်းသာအားရဖြစ်နေဟန်များတွေ့ရသည်။ ထို့ကြောင့် သူလည်း စိတ်ဝင်စားမိနေသည်။ ထိုစဥ် ဖက်တီးကျန်းလက်ထဲတွင် မှော်မှိုကို ကိုင်ထားသည်ကို သတိပြုမိလိုက်သည်။ ထိုမှိုပွင့်၏အရွယ်အစားမှာ မွေးကင်းစ ကလေးငယ်၏ လက်သီးဆုပ်ပမာဏခန့်မျှရှိသည်။ ထို့ပြင် ဖောက်ထွင်းမြင်နိုင်သော ဖန်သားကဲ့သို့အသွင်ရှိပြီး ကြည့်လိုက်ရုံမျှနှင့်ပင် သာမန်မှိုမျိုးမဟုတ်မှန်း သိသာသည်။
ဖက်တီးကျန်းသည် မှိုကိုကိုင်ထားရင်းမှ ခပ်ပြတ်ပြတ်ပြောလိုက်သည်။
“လာစမ်း အမှတ်ကိုးဖက်တီး…တစ်ကိုက်ကိုက်…”
“ခင်ဗျာ…”
ရှောင်ချန်းသည် မှော်မှိုကိုကြည့်ရင်း အာမေဋိတ်ပင် ပြုမိသွားသည်။ အခြားသော လူဝကြီးများကို လှည့်ပတ်ကြည့်ကာ တုံ့ဆိုင်းနေသည်။ ဖက်တီးကျန်းက စားရန် ထပ်မံတိုက်တွန်းလိုက်သည်။ ထိုမှိုကိုသာ ရှောင်ချန်းမစားလျှင် ဖက်တီးကျန်းက သူ့ကိုရန်သူအဖြစ် သတ်မှတ်တော့မည့်အသွင်ရှိသည်။
ထိုမျှမကသေး ဖက်တီးနှစ်နှင့် ဖက်တီးသုံး တို့မှာလည်း အလားတူပင် စူးစူးဝါးဝါးကြည့် နေကြသည်။
ရှောင်ချန်းသည် တံတွေးကို ခက်ခက်ခဲခဲမျိုချလိုက်သည်။ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိလှသော သဘာဝ မှော်မှိုပွင့်ကို ရိုးရိုး ကြက်ခြေထောက်ကို ကျွေးနေသည့်အလား မစားလျှင်ပင် စိတ်ဆိုးကြဦးမည့်အနေအထားမျိုးကို ကိုယ်တိုင်ရောက်ရှိသွားရလိမ့်မည်ဟု သူဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးချေ။ ထိုကဲ့သို့သော အဖြစ်အပျက်သည် သူ၏မျက်စိရှေ့တွင် အမှန်တကယ် ဖြစ်ပျက်နေသည်။
ရှောင်ချန်းမှာ ရင်တဒိတ်ဒိတ်ခုန်နေရင်း အံကြိတ်ကာ မှော်မှိုကို ယူလိုက်သည်။ နောက်ဆုံးတော့ ပါးစပ်ကိုဟကာ အကြီးကြီးကိုက်ချလိုက်သည်။ မှိုသည် သူ့ပါးစပ်ထဲတွင် ပျော်ဝင်သွားသည်။ အင်မတန် အံဲ့သြစရာကောင်းလောက်အောင် အားပြည့်လာသည်ဟု ခံစားမိသည်။ ခါတိုင်း စားဖူးသမျှထက် သာလွန်ကောင်းမွန်ပြီး အနံ့အရသာမှာလည်း သူမတူအောင် ထူးခြားလျက်ရှိသည်။ သူ့မျက်နှာမှာလည်း နီရဲတွတ်လာသည်။
“ကောင်းကွာ…အကြီးအကဲဆွန်က ဒီနှစ်တစ်ရာမှော်မှိုနဲ့ စွပ်ပြုတ်ပြုတ်ခိုင်းလိုက်တာ။ ငါတို့အားလုံး တစ်ယောက်တစ်ကိုက်စားပစ်လိုက်ကြပြီ။ ဖြစ်သမျှကို အားလုံးအတူတူခံကြတာပေါ့…”
ဖက်တီးကျန်းသည် တင်းတိမ်ရောင့်ရဲစွာကြည့်ပြီး တစ်တိတစ်တိနှင့် နည်းနည်းချင်းကိုက်ဝါးလိုက်သည်။ ထို့နောက် ဖက်တီးကျန်းက ဘေးကဖက်တီးနောက်တစ်ယောက်ကို လက်ဆင့်ကမ်းပေးလိုက်သည်။ နောက်ဆုံးတွင် အကုန်လုံးက မှိုတွေကို ငုံထားပြီး ဖြစ်သည်။ ထို့နောက် မှော်မှိုပွင့်ကို အတူတူဝါးစားလိုက်ကြသည်။ သူတို့သည် ရှောင်ချန်းကိုကြည့်ကာ ပြုံးလိုက်၏။ ယခုတော့ သူသည်လည်း သူတို့နှင့်အတူတူ ဖြစ်သွားပြီမဟုတ်လော။
ရှောင်ချန်းသည် တခစ်ခစ်ရယ်နေရင်းက သူတို့အားလုံး အပြစ်သားများဖြစ်သွားကြပြီကို သတိပြုမိလာသည်။ သူတို့အားလုံး၀လာခြင်းက ထိုနည်းကြောင့်ဖြစ်မည်ဟု တွေးလိုက်မိပြီး တဆက်တည်း သူတို့နှင့်ပေါင်းလျှင်လည်း အန္တရာယ်မှလုံခြုံသည်ဟု စဉ်းစားမိလိုက်သည်။ ရွှီပေါက်ချိုင်က သူ့အား သွေးဖြင့် သေစမ်းဟု ရေးထားသော သတိပေးစာများကို ကြိမ်ဖတ်များစွာပေးပို့လာသည့်အတွက်မူ သူ အနည်းငယ်အံ့အားသင့်မိသည်။
“အကိုကြီး” ရှောင်ချန်းကပြောသည်။
“ဒီမှော်မှိုကို စားရတာ သူ့အရသာက အရမ်းကို ချိုမြိန်လွန်းတယ်။ ပြီးတော့ တစ်ကိုယ်လုံး
ကိုလည်း မီးနဲ့ကင်ထားသလိုပဲ…”
ရှောင်ချန်းသည် နှုတ်ခမ်းကို လျှာနဲ့သပ်လိုက်ပြီး ဆန္ဒစောစွာ
ဖက်တီးကျန်းကို ပြောသည်။
ဖက်တီးကျန်းသည် ကဇော်ပန်းကို ဆွဲထုတ်လိုက်ပြီး ရှောင်ချန်းစီသို့ပေးလိုက်သည်။ ထိုစဥ် ဖက်တီးကျန်း၏မျက်လုံးများသည် တောက်ပလျက်ရှိပြီး ဟက်ဟက်ပက်ပက်ရယ်မောနေသည်။
“ခုတော့ စားဖိုဆောင်က ဘယ်လောက်ကောင်းလဲ သိပြီမဟုတ်လား ဂိုဏ်းတူညီလေး။ ငါမညာပါဘူး…စားပစ်လိုက်…အကုန်ကုန်အောင်စားပစ်လိုက်စမ်းပါ…”
ရှောင်ချန်း၏မျက်လုံးများသည် တောက်ပလာပြီး အကြီးကြီးကိုက်ချပစ်လိုက်သည်။ ဖက်တီးကျန်းသည် နောက်ထပ် အဖိုးတန် သစ်ဥသစ်ဖုတွေကို ထပ်ပြီးဆွဲထုတ်နေပြန်သည်။ နောက်တစ်ခုကတော့ ရွှေရောင်ကျောက်မြတ်ရတနာနှင့်တူပြီး ထူးခြားသည့်အနံ့လည်း ထွက်နေသည်။
ရှောင်ချန်းသည် ဖက်တီးကျန်းရဲ့ တိုက်တွန်းချက်ပင်မလိုတော့ဘဲ ယူပြီးကိုက်ကာ မျိုချလိုက်သည်။ အနံ့အရသာက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ ထို့နောက် ဖက်တီးကျန်းသည် အလွန်မယုံကြည်နိုင်လောက်အောင် ချိုမြိန်သည့် ဝိညာဥ်သွေးသစ်သီးကို ဆွဲထုတ်လိုက်သည်။
ထို့နောက် ဖက်တီးကျန်းသည် တစ်ခုပြီးတစ်ခုကို ဆွဲထုတ်တော့သည်။ အမျိုးမျိုးသော ဆေးဖက်ဝင် အရွက်များ၊ ဝိညာဥ်သစ်သီးများနှင့် အခြားသော အဖိုးတန်အရာများဖြစ်သည်။
ရှောင်ချန်းသည် ထိုအရာများအားလုံးကို အခြားဖက်တီးများစားသကဲ့သို့ လိုက်စားပစ်သည်။ သူသည် အစားလွန်သွားသဖြင့် အရက်မူးသကဲ့သို့ ချာချာလည်အောင် မူးဝေနေသည်။ သူ့တစ်ကိုယ်လုံးမှာလည်း မီးလောင်နေသကဲ့သို့ ပူလောင်နေပြီး သူ့ခေါင်းတွင် မီးခိုးများအူထွက်နေသည်ဟုပင် ထင်မိသည်။ သူ့ကိုယ်သူ ဘောလုံးတစ်လုံးကဲ့သို့ စတင်ခံစားမိလာသည်။
သူပိုစားလေ ဖက်တီးကျန်းတို့က သဘောကျလေဖြစ်သည်။ နောက်ဆုံးတွင် သူတို့ဗိုက် သူတို့ပုတ်ကာ သဘောကျစွာ ဟက်ဟက်ပက်ပက်ရယ်မောနေကြသည်။ သူတို့က သွေးစည်းသော အပြစ်သားများ ဖြစ်သွားကြလေပြီ။
ချာချာလည်နေသော ရှောင်ချန်းသည် ခြေတွေလက်တွေကို ဆွဲဆန့်ပစ်လိုက်သည်။ လက်တစ်ဖက်က ဖက်တီးကျန်းရဲ့ ကြီးမားသောဗိုက်ကြီးပေါ်မှာရှိပြီး သူ့ခြေတစ်ဖက်က ဗိုက်အဆုံးနားတွင်ရှိလေသည်။ သူသည် အခြားသူများနှင့်အတူ ရယ်မောနေသည်။
“အခြားအစေခံစီရင်ရေးရာဌာနတွေက အပြင်စည်းဂိုဏ်းမှာ နေရာတစ်နေရာရဖို့ သတ်ကြတယ်။ငါတို့ကတော့ အပြင်စည်းဂိုဏ်းကို မဝင်ရဖို့ ဒီနေရာမှာ ဆက်နေရဖို့ သတ်ကြရတယ်ကွ။ ဘယ်သူကများ အဲ့ဒီကိုသွားချင်ကြမှာလဲကွာ။ ဒီက အပြင်စည်းဂိုဏ်းထက် အရမ်းကောင်းလွန်းမနေဘူးလား…”
ဖက်တီးကျန်းက ဂုဏ်ယူဝင့်ကြွားစွာပြောသည်။ ပြောလို့ဆုံးသည်နှင့် ဂျင်စင်းမြစ်တစ်ခုကို ဆွဲထုတ်လာပြန်သည်။ ထိုအမြစ်တွင် အမြစ်ငယ်လေးများစွာဖြာထွက်နေသဖြင့် နှစ်ချို့ ဂျင်စင်းဖြစ်မည်မှာ သေချာလှသည်။
“တကယ်တော့ ငါတို့ရဲ့ အစွမ်းနဲ့ဆို ဟိုးအရင်တည်းက အပြင်ဂိုဏ်းသားဖြစ်ဖို့ ထိုက်တန်နေပါပြီ။ ဒါပေမယ့် ငါတို့က ငါတို့ရဲ့ တကယ်ရောက်နေတဲ့ အဆင့်တွေကို ဖုံးကွယ်ထားကြတာ။ ဘာလို့ဆို အပြင်စည်းဂိုဏ်းမှာ ဂျင်စင်းလေး တစ်ကိုက်စားရဖို့ကို တစ်ယောက်နဲ့တစ်ယောက်သတ်နေကြရတာလေ…”
ဖက်တီးကျန်းသည် ဂျင်စင်းကို အမွှေးအမျှင်တွေ သင်လိုက်ပြီး ပါးစပ်ထဲပစ်ထည့်ကာ ဝါးပြီးမျိုချလိုက်သည်။ ထို့နောက် ရှောင်ချန်းဆီသို့ အကျန်ကို လက်ဆင့်ကမ်းပေးသည်။
ရှောင်ချန်းသည် အစားလွန်နေ၍ ရှေ့တည့်တည့်ကိုပင် မကြည့်နိုင်တော့။
“အကိုကြီး…ကျွန်တော် တကယ်ကို ပြည့်နေပြီဗျ။ တစ်ကိုက်တောင် ထပ်မစားနိုင်တော့ဘူး…ကယ်ကြပါဦးဗျ…”
ရှောင်ချန်းပြောလို့မဆုံးခင်မှာတင် ဖက်တီးကျန်းက သူ့ပါးစပ်ထဲမှ ဆေးမြစ်ကိုထုတ်လိုက်ပြီး ရှောင်ချန်း၏ ပါးစပ်ထဲသို့ အတင်းထိုးထည့်လိုက်ပြီးဖြစ်နေသည်။
“ညီလေး…စားစမ်းပါ…မင်းက တော်တော်လေး ပိန်နေသေးတယ်…မင်းကို ဘယ်မိန်းကလေးက လာပြီးတော့ အားကိုးမှာတုန်း။ ငါတို့ဂိုဏ်းမှာ ငါတို့လို ၀၀ဖိုင့်ဖိုင့်နဲ့ ကောင်တွေမှ သူတို့က အားကိုးချင်ကြတာ။ လာစမ်းပါ. စားစမ်း..”
ဖက်တီးကျန်း လေချိန်တက်လိုက်သည်။ ထို့နောက် သူသည် ပန်းကန်အလွတ်များကို အစီအရီ ကောက်ယူလိုက်ပြီး တဲအမိုးမှာ ချိတ်ဆွဲထားသည့် ဝါးစာလိပ်နှစ်ခုထက်ရှိစာသားကို ညွှန်ပြကာပြောလိုက်သည်။
” ငါတို့အချင်းချင်းပြောနေကြစကားတစ်ခုရှိတယ်။ အပြင်စည်းဂိုဏ်းထဲမှာ တိုက်ခိုက်ရင်း သေတာထက်
စားဖိုဆောင်တွင်းမှာ ပျော်ပျော်ကြီး အငတ်ခံသေဆိုပဲကွ ”
ရှောင်းချန်းသည် စာသားကိုလိုက်ကြည့်လိုက်သည်။
“ဟုတ်တာပေါ့ ကျွန်တော်တို့အားလုံး အငတ်ခံပြီးပဲ
သေမယ်…ဟုတ်တယ်…အငတ်ခံပြီးပဲသေမယ်…”
ရှောင်ချန်းသည် ဗိုက်ကိုပုတ်ပြီး လေတက်ရင်းပြောလိုက်သည်။
ရှောင်ချန်း၏စကားကို အားလုံးက သဘောကျစွာ တဟားသားရယ်မောလိုက်ကြသည်။ ရှောင်ချန်းကို ပိုပြီး ကြည့်ကောင်းလာသည်ဟုလည်း သူတို့အားလုံးတွေးမိလိုက်သည်။
“ဒီနေ့က နေ့ထူးနေ့မြတ်ပဲဟေ့…”
ဖက်တီးကျန်းကပြောသည်။
” ကိုးယောက်မြောက်ညီလေး မင်းကို အရေးကြီးတာတွေပြောထားရဦးမယ်။ ငါတို့စားဖိုဆောင်ထဲမှာလုပ်ပုံကိုင်ပုံနည်းလမ်းလေးတွေရှိတယ်။
ဒါကိုမင်း အံ၀င်ဂွင်ကျဖြစ်အောင် တစ်ချို့ဟာတွေကိုသေသေချာချာမှတ်ထားဖို့လိုမယ်။ သေသေချာချာနားထောင်ထား သစ်သီးတွေနဲ့ဆေးပင် ဆေးမြစ်တွေမှာ မှော်စွမ်းအင်တွေ ကိန်း၀ပ်နေတယ်။ အဲ့ဒိီတော့တစ်ကိုက်ကိုက်ကြည့်ပေါ့ကွာ …ညှာတံပါမကျန်အောင်တော့ မကိုက်နဲ့ပေါ့။အသားတွေလှီးရင် တချို့ဟာတွေကိုပါးပါးလှီး တချို့ကိုထူထူလှီး မင်းဘယ်လိုလှီးလှီး မင်းအတွက်တော့ချန်လှီးပေါ့ကွာ။ အရိုးတွေကိုင်ရင်လည်းရသမျှအသားမရရအောင်သာခွာယူ ဆန်ပြုတ်ပြုပ်ရင်လည်းအရည်ကိုတတ်နိုင်သမျှစစ်ထား။ ဝိုင်ကောင်းကောင်းတွေ့ရင်တော့ ခွက်တစ်၀က်လောက် ဖယ်ထားလိုက်ပေါ့ကွာ ”
“ဒီဥပဒေသခြောက်ရပ်က အရင်မျိုးဆက်တွေရဲ့နှစ်ပေါင်းများစွာ အတွေ့အကြုံတွေကနေ ချန်ထားခဲ့တာကွ။ ဒီဥပဒေသတွေကိုလိုက်နာပြီးသာ မင်းစားရင် မင်းအတွက် လုံခြုံတယ်လို့အာမခံနိုင်တယ်။ ကဲကဲ ကောင်းပြီ ညတောင်ရောက်နေပြီ လူတိုင်းအိပ်ကျတော့ ညစာလည်းစားပြီးကျပြီဆိုတော့ အပြင်စည်းတပည့်တွေက စွတ်ပြုတ်စောင့်နေရော့မယ်”
စကားဆုံးသောအခါ ဖက်တီးကျန်းက ပန်းကန်လွတ်တွေထဲကို ဆန်ပြုတ်တွေလိုက်ထည့်လိုက်သည်။
ရှောင်ချန်းခေါင်းသည် ချာချာလည်နေပြီဖြစ်ပြီး အမှန်တရား၏ဥပဒေသခြောက်ရပ်ဆိုတာတွေကိုလည်း မစဥ်းစားနိုင်တော့ချေ။ ဖက်တီးကျန်းနှင့်အခြားသူများက ပန်းကန်လုံးတွေထဲသို့ ဆန်ပြုတ်များထည့်နေသည်ကို
ရှောင်ချန်းသည် ဆောင့်ကြောင့်ထိုင်ကြည့်နေသည်။ ထို့နောက် ရှောင်ချန်း၏နှုတ်ခမ်းများ တွန့်ကွေးသွားပြီး ပြုံးလာသည်။
“အကိုကြီးတို့ ပန်းကန်လုံးတွေက အရမ်းကောင်းလွန်းနေတယ် ”
ဖက်တီးကျန်းနှင့်အခြားသူများက သူ့ကိုအထူးအဆန်းလိုကြည့်ကြသည်။
ရှောင်ချန်းသည် အရင်အတိုင်းချစ်စရာကောင်းသည့်အသွင်အပြင်နှင့် တခစ်ခစ်ရယ်မောကာ ပြောလိုက်သည်။
“ပန်းကန်လုံးတွေကို ဖျတ်ခနဲ ကြည့်လိုက်ရင် သိပ်မကြီးဘူးလို့ထင်ရတယ်။ တကယ်တော့ ပန်းကန်ထဲမှာ အစားအစာတွေကအများကြီး ဆန့်နေတယ်။ ဒါဆိုရင် ကျွန်တော်တို့က ပန်းကန်လုံးကို ကြီးတယ်ထင်အောင်လုပ်ပြီး အစားစာတွေကို နည်းနည်းပဲထည့်လို့ရအောင် ဘာလို့မလုပ်နိုင်ရမှာလဲ။ ဥပမာဗျာ…ပန်းကန်လုံးတွေရဲ့ အောက်ခြေအတွင်းကို ထူအောင် လုပ်ပစ်လိုက်တာမျိုးပေါ့ ”
ဖက်တီးကျန်းသည် ခေါင်းထဲမှာအလင်းရောက်တစ်ချက်လက်သွားသော်လည်း ငေးကြောင်နေသည်။ သူ၏အဆီတ၀င်း၀င်းနှင့် ဗိုက်ကြီးပင်လျှင် တဆတ်ဆတ် တုန်လာပြီး မျက်လုံးများမှာ အရောင်များတလက်လက်ထလာသည်။ တခြားဖက်တီးများသည် မောပန်းနွမ်းနယ်စပြုနေပြီး သူတို့၏ဗိုက်ခေါက်ကြီးတွေသည်လည်း တလှုပ်လှုပ်ဖြစ်နေသည်။
ဖက်တီးကျန်းသည် သူ့ပေါင်ကို ဖြန်းခနဲတစ်ချက်ရိုက်လိုက်ရင်း ခေါင်းကိုနောက်လှန်ကာ ခွက်ထိုးခွက်လန် ရယ်မောလေသည်။
“ကောင်းတယ်…ကောင်းတယ်…ကောင်းတယ်…သိပ်ကောင်းတဲ့ အကြံပဲ။ စားဖိုဆောင်က နောက်မျိုးဆက်သစ်တွေ ဒီအကြံဉာဏ်ကနေ အကျိုးခံစားနိုင်တော့မယ်။ ဂိုဏ်းတူညီလေး…မင်းလိုချစ်စရာကောင်းတဲ့လူတစ်ယောက်ဆီကနေ ဒီလိုအကြံမျိုးထွက်လာလိမ့်မယ်လို့ ငါဘယ်တုန်းကမှ ထင်မထားခဲ့ဘူး။ ဟား…ဟား…ဟား…. ရှောင်ချန်း မင်းဟာ စားဖိုဆောင်မှာ လူဖြစ်ဖို့ မွေးဖွားလာတာပဲကွ…”
Like
good