ဇူယွမ်မှာ ဖြည်းညင်းစွာနှင့်မြူတောထဲသို့ တိုးဝင်နေလျက်ရှိပြီး မျက်ဝန်းများက အလွန်အမင်းသတိထားနေမှန်း သိသာပေသည်။ မြူခိုးများအကြား၌ မှေးမှိန်စွာ လင်းလက်လျက်ရှိသော မူလမှော်စာလုံးများ များစွာတည်ရှိနေကာ အစီအရင်အား အသေင်္ချနီးပါးမျှသော မူလမှော်စာလုံးများနှင့် ဖွဲ့စည်းတည်ဆောက်ထားသည်မှာ ထင်ရှား၏။
ဤအစီအရင်မှာ ဝင်္ကပါတစ်ခုနှင့် အလားသဏ္ဍာန် တူညီပေသည်။ အကယ်၍သာ မဆင်မခြင်တိုးဝင်သွားမည်ဆိုပါက မူလမှော်စာလုံးထောက်ချောက်များထဲသို့ ကျရောက်သွားမည်ဖြစ်ကာ မှော်စာလုံးဝဲဂယက်များမှ ဆွဲယူနှစ်မြုပ်ခြင်းအား ခံယူရပေလိမ့်မည်။ထို့ကြောင့် ခြေလှမ်းတိုင်းအား အလွန်အမင်း သတိထားသင့်ပေသည်။
“ငါ အမကြီးယောင်ယောင်နဲ့ လူကွဲသွားပြီပဲ။” ဇူယွမ်မှ ရေရွတ်လိုက်၏။ ယောင်ယောင်မှာ အခြားဗဟိုချက်တစ်ခုသို့ ဦးတည်၍သွားနေခြင်း ဖြစ်ပေလိမ့်မည်။
ဇူယွမ် ခေါင်းကိုငုံ့ကာ သူ၏လက်တွင် ဝတ်ဆင်ထားသောလက်စွပ်အား ဖြည်းညင်းစွာ ပွတ်သပ်လိုက်၏။ကြည့်ရတာ သူပို၍မြန်မြန် အလုပ်လုပ်ရန် လိုအပ်ပေသည်။ အကယ်၍ ယောင်ယောင် တစ်ဖက်ဗဟိုချက်မသို့ ရောက်သည်အထိ ဇူယွမ်အဆင်သင့်မဖြစ်သေးပါက ယောင်ယောင့်အား ဒုက္ခပေးမိသလို ဖြစ်နေပေလိမ့်မည်။
ဇူယွမ်၏မျက်ဝန်းများမှာ အတွေးများကြားထဲ၌ နစ်မြုပ်နေလျက်ရှိပြီး ခေတ္တမျှကြာပြီးနောက်တွင်
ခြေလှမ်းများကိုရပ်လိုက်ကာ သူ၏ရှေ့၌ရှိနေသော မြူခိုးများကို စူးစူးစိုက်စိုက် ကြည့်လိုက်၏။ ဇူယွမ်မှာ မြူခိုးတစ်နေရာ၌ အားနည်းသောစွမ်းအင်စက်ဝန်းတစ်ခုအား အာရုံခံမိသည်။ ထို့နောက်တွင်တော့ အာရုံခံမိသောနေရာအား ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် လျှောက်လှမ်းသွားလို်က်လေသည်။
ဝီ… ဝီ…
ထိုနေရာအား ဇူယွမ်ခြေထောက်ချလိုက်နှင့်တစ်ပြိုင်နက် သူ၏ပတ်ပတ်လည်တွင်ရှိနေသော မြင်ကွင်းများမှာ လျင်မြန်စွာပင် ပြောင်းလဲလာသည်ကို ခံစားမိ၏။ ပူပြင်းလှသောအပူလှိုင်းများသည် နေရာတိုင်းမှေပါ်ထွက်လာကာ ဇူယွမ့်အားတိုက်ခိုက်လာသဖြင့် မျက်ဝန်းများပင် နီရဲလာရသည်။ မြူခိုးများနှင့်ပြည့်နှက်နေခဲ့သောပတ်ဝန်းကျင်မှာ အခုတော့ မီးတောင်ချော်ရည်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။ အပူလှိုင်းများမှာ အလွန်ပင်ပြင်းထန်လှသောကြောင့် ဇူယွမ်၏အရေပြားများပင် စုတ်ပြဲလာခဲ့ရ၏။
ဖောက်…
ချက်ချင်းဆိုသလို ကြီးမားသောလေပူပေါင်းကြီးများက ဇူယွမ်၏ရှေ့၌ စီးဆင်းနေလျက်ရှိသော ချော်ရည်မြစ်များထဲမှ ပေါ်ထွက်လာခဲ့ပြီး ပေါက်ကွဲသွားကာ ပေရာအချင်းမျှရှိသော ဧရာမချော်ရည်လက်အသွင်သို့ ပြောင်းလဲသွား၍ ဇူယွမ့်အား တိုက်ခိုက်လေတော့သည်။
ဇူယွမ်သည် ကောင်းကင်ဘုံယွမ်စုတ်တံအား လျင်မြန်စွာဆွဲယူလိုက်ပြီးနောက် စုတ်ချက်အချို့အား ရေးဆွဲလိုက်၏။
“အေးမြသော ရေခဲတောင်တန်း မှော်စာလုံး”
ဝုန်း….
နောက်ဆုံးစုတ်ချက်အား ရေးဆွဲပြီးသည်နှင့်တစ်ပြိုင်နက် လေထဲ၌မျောနေလျက်ရှိသော မူလမှော်စာလုံးမှာ လင်းလက်တောက်ပလာခဲ့ပြီး ပေရာအချင်းမျှရှိသော ရေခဲတောင်တန်းကြီး ထွက်ပေါ်လာကာ ချော်ရည်လက်နှင့် တွေ့ဆုံသွားခဲ့သည်။
ဝုန်း…
စွမ်းအင်နှစ်ခုရိုက်ခတ်သွားခဲ့ပြီး ချော်ရည်များ၊ရေခဲများနှင့် နှင်းစက်များမှာ နေရာတိုင်းသို့ ပြန့်ကျဲသွား၏။
ဝုန်း… ဝုန်း…
ထိုအချိန်၌ပင် ချော်ရည်မြစ်စီးကြောင်းထဲမှ အခိုးအငွေ့များ များစွာထွက်ပေါ်လာကာ ကောင်းကင်နှင့်မြေကြီးကိုပင် ဖုံးအုပ်သွားခဲ့ပြီး ဇူယွမ့်ထံသို့တိုးဝင်လာခဲ့လေသည်။
“ကြီးမြတ်သောရွှေဆည်းလည်း မှော်စာလုံး”
ကောင်းကင်ဘုံယွမ်စုတ်တံမှာ ကခုန်နေသည့်အလား ဇူယွမ်၏ဦးခေါင်းထက်၌ မူလမှော်စာလုံးတစ်ခုအား ရေးဆွဲနေလျက်ရှိပြီး နောက်ဆုံးစုတ်ချက်အား ရေးဆွဲပြီးသည်နှင့်တကွ မှော်စာလုံးမှာလင်းလက်လာခဲ့ကာ ရွှေရောင်ဆည်းလည်းကြီးတစ်ခု ပေါ်ထွက်လာခဲ့ဲပြီး ဇူယွမ်၏ခန္ဓာကိုယ်တစ်ခုလုံးအား ကာကွယ်ထားခဲ့သည်။
ချလန်း…ချလန်း…ချလန်း
ချော်ရည်အခိုးအငွေ့များမှာ ဆည်းလည်းအား အဆက်မပြတ်တိုးဝင်နေလျက်ရှိပြီး ဆည်းလည်းမျက်နှာပြင်အား ဆုတ်ဖြဲနေလျက်ရှိ၏။
ဇူယွမ်၏အမူအရာမှာ တည်ငြိမ်နေလျက်ပင် ရှိနေပြီး ချော်ရည်အခိုးအငွေ့များ တိုက်ခိုက်နေသည့်ကြားမှပင် ချော်ရည်မြစ်အား ဖြတ်လျှောက်ကာ စွမ်းအင်အာရုံခံမိရာသို့ လျှောက်လှမ်းသွားလေသည်။ ချော်ရည်များမှ အဆက်မပြတ်ပင် တိုက်ခိုက်နေချက်ရှိသော်လည်း တိုက်ခိုက်မှုတစ်ခုချင်းစီအား ဇူယွမ်မှ မူလမှော်စာလုံးများနှင့် ချေဖျက်နိုင်ခဲ့၏။ မိနစ်အနည်းငယ်မျှကြာပြီးနောက်တွင်တော့ ဇူယွမ်မှာ အာရုံခံမိရာနေရာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
စွမ်းအင်စက်ဝန်းငယ်ရှေ့သို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် ချော်ရည်ပူများပျောက်ကွယ်သွားခဲ့ပြီး ပတ်ဝန်းကျင်မှာ မြူခိုးများဖြင့်ပြန်၍ ပြည့်နှက်သွားခဲ့၏။ ဇူယွမ်မှာ အဓိကစစ်ဆေးမှုတစ်ခုအား ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိလိုက်လေသည်။
“ဒါကတော်တော်လေး စွမ်းအားကြီးပေမယ့် ငါလုပ်နိုင်ခဲ့တာပဲ။” ဇူယွမ်မှ ရေရွတ်လိုက်၏။ သို့သော် ဝမ်းမြောက်ရမည့်အစား ဇူယွမ်၏မျက်ခုံးများမှာ ကျုံ့ဝင်သွားခဲ့ရသည်။ စွမ်းအင်ဗဟိုချက်မှာ အလွန်ပင်ကြောက်မက်ဖွယ်ရာကောင်းသော အငွေ့အသက်မျ ထုတ်လွှတ်လျက်ရှိသောကြောင့် ဒီတစ်ကြိမ်တွေ့ကြုံရမည့်စစ်ဆေးမှုမှာ များစွာပို၍ အန္တရာယ်ရှိနိုင်၏။ သို့သော် အစီအရင်၏စွမ်းအင် ရှစ်ဆယ်ရာခိုင်နှုန်းခန့်သည် နေရာတစ်ခုထံသို့ အဆက်မပြတ် ထုတ်လွှတ်လျက် ရှိနေသည်ကိုအာရုံခံမိလေသည်။ ထိုနေရာမှာ ယောင်ယောင်ရှိနေသော နေရာပင်ဖြစ်ပေလိမ့်မည်။
ဇူယွမ်သည် စစ်ဆေးမှုများအား အလွယ်တကူကျော်ဖြတ်နေခြင်းမှာ ယောင်ယောင်မှ ရင်ဆိုင်ဖြေရှင်းပေးနေ၍ ဖြစ်၏။ဇူယွမ်မှာ နှုတ်ခမ်းများကို ဖိကိုက်လိုက်သော်လည်း ထိုကိစ္စနှင့်ပက်သက်၍ စိတ်ထဲလေးလံနေခြင်းတော့ မရှိပါချေ။ ဇူယွမ်သည် ဒီနေ့တွင် ယောင်ယောင်အား တတ်နိုင်သမျှသာကူညီပေးပြီး လုပ်နိုင်သမျှအရာအားလုံး လုပ်ဆောင်ရမည်ဖြစ်ကြောင်း နားလည်ထားပေသည်။
ထို့ကြောင့် ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက် ရှူရှိုက်လိုက်ကာ မြူတောထဲသို့ တိုးဝင်သွားလေတော့သည်။
သူတော်စင်မှော်စာလုံးခန်းမ၏ ရှေ့တွင်ရှိနေသော တပည့်များမှာ လေထဲ၌ရစ်ဝဲနေလျက်ရှိသော မှန်ချပ်ကြီးနှစ်ခုစီမှ အကြည့်များမခွာနိုင်အောင်ပင် ဖြစ်နေရ၏။
“ကြည့်ရတာ ဇူယွမ်ကလည်း အရည်အချင်းတချို့ ရှိတဲ့ပုံပဲ။”ဇူယွမ်မှာ ချော်ရည်ဖြင့်စစ်ဆေးခြင်းအား ကျော်ဖြတ်နိိုင်ခဲ့သောကြောင့် အချို့သောတပည့်များမှာ စတင်၍ အသိအမှတ်ပြုလာကြပြီ ဖြစ်သည်။ မူလမှော်စာလုံးများ ရေးဆွဲပုံဖော်ရာတွင် ဇူယွမ်မှာ ကျွမ်းကျင်မှုရှိကြောင်း သိသာထင်ရှားပေ၏။
သို့သော်လည်း မူလမှော်စာလုံးတောင်ထွတ်မှ တပည့်များက လျင်မြန်စွာ ပြန်၍ချေပလိုက်သည်။” ဇူယွမ့်ကို စောင့်ကြည့်ဖို့ တန်တောင်မတန်ဘူးကွ။အဲ့အစား ဇူရှောင်ယိုကိုပဲ ကြည့်နေသင့်တယ်။စွမ်းအင်ဗဟိုချက်ရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကိုတောင် သူမရင်ဆိုင်နေရတာ။”
ထိုစကားအား အခြားသောတပည့်များမှလည်း ထောက်ခံလိုက်ပြီး ယောင်ယောင့်အားပြသနေသော မှန်ချပ်ထံသို့ အကြည့်များရောက်ရှိသွားကြသည်။မှန်ချပ်ပေါ်၌ များပြားလှသော မူလမှော်စာလုံးများမှာ ယောင်ယောင်၏စုတ်တံထိပ်ဖျားမှ ထွက်ပေါ်လာခဲ့ပြီး စွမ်းအင်စက်ဝန်းငယ်အား ကာကွယ်ထားသော ချီစွမ်းအင်များကို ချိုးဖျက်နေခဲ့၏။
ယောင်ယောင်ရင်ဆိုင်နေရသော တိုက်ပွဲ၏အတိုင်းအတာမှာ ဇူယွမ်ရင်ဆိုင်ခဲ့ရသော စစ်ဆေးမှုနှင့် နှိုင်းယှဥ်၍ပင် မရပါချေ။ ဗဟိုချက်မ၏ အဓိကစွမ်းအင်များသည် ယောင်ယောင့်ကိုသာ တိုက်ခိုက်နေခဲ့သည်မှာ ထင်ရှားပေသည်။
“ဇူရှောင်ယိုက မူလမှော်စာလုံးပညာရပ်မှာ တော်တော်လေး အရည်အချင်းရှိတာပဲ။” ရှုယန်မှာ မူလမှော်စာလုံးအစီအရင်အား ရင်ဆိုင်တိုက်ခိုက်နေသော ယောင်ယောင့်အားကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် အသိအမှတ်ပြုလိုက်၏။ ယောင်ယောင်၏လက်တစ်ချက်မျှ လှုပ်ယမ်းလိုက်ရုံဖြင့် များစွာသောမှော်စာလုံးများမှာ သူမ၏စုတ်တံထိပ်မှ အဆက်မပြတ်ထွက်ပေါ်နေခဲ့ပြီး တိုက်ခိုက်မှုများအားလုံးကို ရင်ဆိုင်ဖယ်ရှားလျက် ရှိသည်။
ထိုစကားအားကြားလိုက်ရသောအခါတွင် လုရွှမ်းယင်မှာ သူမ၏နှုတ်ခမ်းများကို ဖိကိုက်ထားလိုက်မိသည်။သူမသည် ယောင်ယောင်အား သဘောမကျသော်ငြားလည်း မူလမှော်စာလုံးပညာရပ်၌ ယောင်ယောင်မှာ အလွန်ပင်အရည်အချင်းရှိသည်အား ဝန်ခံရပေလိမ့်မည်။
ကျောက်တုံးလှေကားထက်၌ ယဲ့ကယ်မှာ သူ၏လက်များကို ကျောဖက်တွင် ယှက်သိုင်းထားလျက် မူလမှော်စာလုံးအစီအရင်၏ တိုက်ခိုက်မှုများစွာအား ရင်ဆိုင်ကျော်ဖြတ်၍ ရှေ့သို့လျှောက်လှမ်းနေလျက်ရှိသော ယောင်ယောင်အား ကျေနပ်သဘောကျနေသော မျက်ဝန်းများဖြင့် ငေးမောကြည့်ရှုနေလေသည်။
ထိုထူးခြားဆန်းကြယ်သော မိန်းမငယ်လေးတစ်ဦးတည်းကပင် သူ၏စိတ်နှလုံးအား ဖမ်းစားနိုင်စွမ်း ရှိ၏။
ယောင်ယောင်မှာ စစ်ဆေးမှုပေါင်းများစွာကို ရင်ဆိုင်ကျော်ဖြတ်နေသော်လည်း ယဲ့ကယ်၏အမူအရာမှာ ပူပန်နေခြင်းမရှိပဲနှင့် ဇူယွမ်၏ပုံရိပ်အား ပြသလျက်ရှိနေသော မှန်ချပ်ကိုကြည့်ကာ ရီမောလိုက်လေသည်။
မူလမှော်စာလုံးအစီအရင်အားချိုးဖျက်ရန် ယောင်ယောင်မှာ အမှန်တကယ်ပင် အရည်အချင်းရှိသည်ကို ယဲ့ကယ်မှသိရှိထားပြီးဖြစ်ကာ ဗဝိုချက်မအား ကာကွယ်လျက်ရှိသော ကျင်ကျန်းသည်ပင် သူမကို တားဆီးရန် မဖြစ်နိုင်လောက်ပေ။သို့သော် ယောင်ယောင်မှာ အစီအရင်ကို အတူတကွချိုးဖျက်ရန် ဇူယွမ်အား ရွေးချယ်ခဲ့၏။
ထို့ကြောင့် ကာကွယ်နေသူနှစ်ယောက်မှ ဇူယွမ်အား တားဆီးနေသမျှကာလပတ်လုံး ယောင်ယောင်မှာ မည်မျှပင်အရည်အချင်းရှိနေပါစေ…မူလမှော်စာလုံးအစီအရင်အား ချိုးဖျက်နိုင်မည်မဟုတ်ပါချေ။ ထု့ိကြောင့် ယဲ့ကယ်မှာ အနည်းငယ်မျှ စိုးရိမ်ပူပန်မှုမရှိနေခြင်း ဖြစ်ပေသည်။
“ဂျူနီယာညီမတော် ယောင်ယောင်…ကိုယ်ပြောခဲ့သလိုပဲ။ မင်းကိုယ်နဲ့အတူလုပ်ဆောင်မှ အစီအရင်ကို ချိုးဖျက်နိုင်လိမ့်မယ်။”ယဲ့ကယ်မှ ယုံကြည်မှုအပြည့်ရှိသော မျက်ဝန်းများဖြင့် ရေရွတ်လိုက်၏။
“မင်းကို ဒီလိုခက်ခဲတဲ့အခြေအနေထဲ တွန်းပို့ရတာ မကောင်းဘူးဆိုပေမယ့် ယောက်ျားတိုင်းက မင်းလိုအံ့အားသင့်စရာကောင်းလွန်းတဲ့ကောင်မလေးကို လိုချင်ကြမှာပဲလေ။ဦးနှောက်မရှိတဲ့ အရူးလိုလူကပဲ ဘယမှမလုပ်ပဲ ဒီတိုင်းနေနေမှာ။”
အချိန်များက ဖြည်းညင်းစွာ ကုန်ဆုံးလာခဲ့၏။
လေထဲတွင်ရစ်ဝဲလျက်ရှိသော မှန်ချပ်များပေါ်၌ ယောင်ယောင်နှင့်ဇူယွမ်တို့၏ ပုံရိပ်များမှာ စစ်ဆေးမှုများကို ဆက်လက်ဖြတ်ကျော်နေလျက် ရှိ၏။ မြူတော၏အတွင်းပိုင်းသို့ ပို၍ရောက်လာလေ သူတို့နှစ်ဦး ရင်ဆိုင်ရသော အစီအရင်၏စွမ်းအင်များမှာ ပိုမိုသန်မာလာလေ ဖြစ်သည်။ သူတို့နှစ်ဦးလုံး စွမ်းအင်ဗဟိုချက်များနှင့် နီးကပ်လျက်ရှိနေပြီ ဖြစ်၏။
“ရောက်တောင်ရောက်တော့မှာပဲ။” ယဲ့ကယ်မှ ရေရွတ်လိုက်၏။
ယောင်ယောင်မှာ သူမ၏မှော်စာလုံးစုတ်တံအား ဆွဲကိုင်ကာ တိုးဝင်သွားလျက်ရှိပြီး ရုတ်တရက်ဆိုသလို မြင်ကွင်းများမှာ အဆုံးမဲ့သမုဒ္ဒရာအဖြစ်သို့
ပြောင်းလဲသွားခဲ့သည်။ ယောင်ယောင်မှာ ရေမျက်နှာပြင်ထက်တွင် တည်ငြိမ်စွာရပ်နေလျက်ရှိပြီး အရှေ့သို့စိုက်ကြည့်နေလိုက်၏။
ယောင်ယောင်၏ရှေ့တွင် ကြီးမားသောရေတံခွန်ကြီးတစ်ခုရှိနေပြီး ရေဝဲများဖြစ်ပေါ်လျက်ရှိကာ ရေတံခွန်၏ထိပ်၌ ရွှေရောင်အဝတ်အစားများ ဆင်မြန်းထားသော တပည့်တစ်ဦး ထိုင်နေလျက်ရှိပေသည်။
“သူတော်စင်မှော်စာလုံးတောင်ထွတ်က တပည့်ခေါင်းဆောင် ကျင်ကျန်းက ဂျူနီယာညီမတော် ယောင်ယောင်ကို နှုတ်ဆက်ပါတယ်။” ထိုလူငယ်မှ ပြုံးကာ ပြောလိုက်၏။
ထိုအချိန်၌ ဇူယွမ်မှာ တောင်ထွတ်တစ်ခုပေါ်တွင် ရောက်ရှိနေခဲ့ပြီး ခေါင်းအားမော့လိုက်သောအခါ ကြီးမားသော ကောင်းကင်ထောက်တိုင်ကြီးအလား တောင်ကြီးတစ်လုံးကို တွေ့ရှိလိုက်ရလေသည်။ ထိုတောင်၏ထိပ်ဖျား၌ ငယ်ရွယ်လှပသော မိန်းမငယ်လေးတစ်ဦး ရှိနေခဲ့၏။ သူမ၏ပုံသဏ္ဍာန်မှာ အလွန်ပင်အပြစ်ကင်းစင်ကာ တင်ပါးထိပင်ရှည်လျားသော ဆံနွယ်များကို မြင်းမြီးပုံစံ ခပ်မြင့်မြင့်စုချည်ထားလေသည်။သူမသည် ဇူယွမ်အားလှမ်း၍ ကြည့်လိုက်သောအခါ မျက်ဝန်းများ၌ ရှက်ရွံ့မှုအရိပ်အယောင်များ အနည်းငယ် ဖြတ်သန်းသွား၏။
“သူတော်စင်မှော်စာလုံးတောင်ထွတ်က ရှားယွီက စီနီယာအကိုတော် ဇူယွမ်ကို နှုတ်ဆက်ပါတယ်။”မိန်းမငယ်လေးမှ နူးညံ့ပျော့ပြောင်းသောအသံဖြင့် ပြောလိုက်သည်။
သူတော်စင်မှော်စာလုံးခန်းမ၏ရှေ့၌ စောင့်ကြည်နေကြသော တပည့်များ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်များ ပေါ်လာခဲ့လေသည်။သူတို့အားလုံးမှာ ဘာဆက်ဖြစ်မည်နည်းကို အလွန်အမင်း သိချင်နေကြ၏။
ဒီနေ့ပြိုင်ပွဲ၏ အထွတ်အထိပ်အချိန်သည် အခုမှ ရောက်ရှိလာခြင်း ဖြစ်လေသည်။