စာစဥ် (၂၆) အပိုင်း (၃၅၁)

အစီအရင်ထဲသို့ အတူတကွ တိုးဝင်ခြင်း

နောက်တစ်နေ့၌…..

ဇူယွမ်သည် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ပြီးသည်နှင့်တစ်ပြိုင်နက် ဂူနန်းထဲရှိ အိမ်ကလေးမှ ထွက်လာခဲ့လိုက်၏။ အနီးရှိ အလင်းရေကန်ဘေးတွင် အနက်ရောင်ဝတ်စုံလေးအား ဝတ်ဆင်ထားသော ယောင်ယောင့်ကို တွေ့လိုက်ရ​ပေသည်။ သူမ၏ဖြူဖွေးလှပသော မျက်နှာလေးပေါ်တွင်  နေရောင်အစက်အပျောက်တို့ ကျရောက်နေသည့်ပုံစံမှာ မူးမေ့လဲချင်စရာကောင်းလောက်အောင်ပင် လှပလွန်းနေသည်။

ယောင်ယောင်မှာ မည်သည့်စိတ်ခံစားချက်မှ ရှိနေဟန်မပေါ်သော်လည်း ဇူယွမ်မှ သူမမျက်ဝန်းများသည် ပုံမှန်ထက် အေးစက်လျက်ရှိသည်ကို ခံစားမိလေသည်။

သူတော်စင်မှော်စာလုံးတောင်ထွတ်တွင် ဖြစ်ပွားခဲ့သော ကိစ္စအား သူမစိတ်မကျေမနပ် ဖြစ်နေတုန်းပင် ဖြစ်သည်။

ဇူယွမ်ထွက်လာသည်ကို မြင်လိုက်သည်နှင့် ယောင်ယောင်မှသူ့အား ပစ္စည်းတစ်ခုကို လှမ်း၍ ပစ်ပေးလိုက်၏။ ဇူယွမ်မှာ ဂရုတစိုက်ဖြင့် လှမ်း၍ဖမ်းကာ ကြည့်လိုက်သည်။ ထိုအရာမှာ လက်စွပ်တစ်ကွင်းဖြစ်ပြီး ကိုယ်ထည်ပေါ်တွင် မှေးမှိန်သော မူလမှော်စာလုံးများ ပါဝင်လျက်ရှိ​ပေသည်။

“မူလမှော်စာလုံးနယ်နိမိတ်အစီအရင်ကို ချိုးဖျက်ဖို့ လူနှစ်ယောက် တူတူလုပ်ဆောင်ဖို့လိုပြီး တစ်ချိန်တည်းမှာ မှော်စာလုံးရဲ့ဗဟိုချက်ကို နှစ်နေရာကနေ တိုက်ခိုက်ဖို့လိုတယ်။ဒီလက်စွပ်ကနေ အပူလှိုင်းကို ခံစားမိပြီဆိုတာနဲ့ နင့်ဖက်မှာရှိတဲ့ ဗဟိုချက်ကို အမြန်ဖျက်စီးပစ်ရမယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင် ငါ့ရဲ့ဖက်ခြမ်းမှာ ထောင်ချောက်တစ်ခုဖြစ်ပေါ်လာပြီး ငါ့ကိုပိတ်ထားလိမ့်မယ်။”

ဇူယွမ်သည် လက်စွပ်အားဝတ်ဆင်ကာ ခေါင်းငြိမ့်ပြလိုက်၏။

“သွားကြစို့။”

ဇူယွမ်သည် ဖြည်းညင်းစွာ လမ်းလျှောက်နေရင်းမှ အံကိုကြိတ်ကာ စကားဆိုလိုက်သည်။ “ငါတို့နှစ်ယောက် တူတူ မူလမှော်စာလုံးနယ်နိမိတ်အစီအရင်ကို ချိုးဖျက်ပစ်ကြမယ်။နောက်ကြရင် သူတို့က အမကြီးယောင်ယောင်ကို ထိပါးရဲမှာ မဟုတ်တော့ဘူး။”

ယောင်ယောင်၏နီထွေးသော နှုတ်ခမ်းသားလေးများက တွန့်ကွေးသွားကာ ဇူယွမ့်အား ကြည့်လိုက်သည်။

ထိုအကြည့်လေးတစ်ချက်သည်ယောင်ယောင်၏အလှအပများနှင့် နေသားတကျဖြစ်နေသော ဇူယွမ်အတွက်ပင် ရင်ခုန်သံများ ကသောင်းကနင်း ဖြစ်စေသည့်အတွက် သူမ မမြင်အောင် သက်ပြင်းချကာ စိတ်ထိန်းလိုက်ရသည်။မိန်းကလေးဆိုတာ တကယ်ကို ပြဿနာတွေရဲ့ အရင်းအမြစ်ပဲ။ အရှိန်အဝါကြီးလွန်းလှပါတယ်ဆိုတဲ့ ယဲ့ကယ်တောင်မှပဲ သူမကိုရဖို့အတွက် အကုန်လုပ်ရဲတယ်ဆိုတာ အံ့သြစရာတော့ မရှိပါဘူး။

ထန်ထန်သည် ယောင်ယောင်၏လက်မောင်းပေါ်သို့ ခုန်တက်လာကာ ဟိန်းဟောက်လိုက်၏။ ယမန်နေ့တွင် တစ်ယောက်ယောက်မှ ယောင်ယောင့်အား စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်ကို ထန်ထန်လည်း သိရှိနားလည်ပြီးဖြစ်သည်။ ထန်ထန်မှာ အလွန်အမင်းစိတ်တိုလျက်ရှိနေကာ တားဆီးမည့်သူသာ မရှိဘူးဆိုလျှင် ယဲ့ကယ်ဆီသို့ တိုက်ရိုက်သွားကာ အကောင်လိုက်ပင် မျိုချချင်နေပြီဖြစ်၏။

ဇူယွမ်တို့ ဂူနန်းထဲမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ဂူနန်း၏အပြင်ဖက်တွင် ရှိနေသော လူတစ်စုအား တွေ့လိုက်ရ​လေသည်။ လူစု၏အရှေ့ဆုံးတွင် ဇူထိုက်နှင့် ရှန်ဝမ့်ကျင်းတို့ရှိနေပြီး အခြားရင်းနှီးသောတပည့်များမှ နောက်မှလိုက်ပါလာသည်။

ဇူယွမ်မှ ထူးဆန်းစွာကြည့်နေသည်ကို မြင်လိုက်သည်နှင့် ဇူထိုက်မှ ခေါင်းကိုကုပ်ကာ စကားဆိုလိုက်သည်။ “ဂျူနီယာညီ​တော်ဇူယွမ် သူတော်စင်မှော်စာလုံးတောင်ထွတ်မှာ ဖြစ်ခဲ့တဲ့ကိစ္စတွေကို အကိုတို့အားလုံးလည်း သိပြီးကြပါပြီ။ပြောရရင် ညီမလေးယောင်ယောင်ဆိုတာကလည်း အကိုတို့ရဲ့လူပဲလေ။

သူတော်စင်မှော်စာလုံးတောင်ထွတ်က အကိုတို့ထက် အများကြီးသာတယ်ဆိုပေမယ့် အကိုတို့လူကို အထင်သေးထိခိုက်လာမှာမျိုးတော့ လက်မခံနိုင်ဘူး။”

“အဲ့ဒါကြောင့် ဒီနေ့ အကိုတို့က မင်းတို့နှစ်ယောက်နဲ့အတူ လိုက်လာပြီးတော့ မင်းတို့ကို အားပေးကြမလို့။”

အခြားသောတပည့်များမှလည်း သဘောတူကြောင်း ပြောလိုက်ကြသည်။ သူတို့အားလုံး၏ပုံစံမှာလည်း သည်ကိစ္စ၏ တရားမျှတမှုမရှိပုံအား သဘောမကျဟန်ရှိ၏။

ဇူယွမ်၏ နှုတ်ခမ်းအစုံ ရှုံ့မဲ့သွားရသည်။ ယခင် သူဒုက္ခရောက်နေသော အချိန်များတွင် သည်ကောင်တွေတစ်ကောင်မှ ပေါ်မလာခဲ့ဖူးပါချေ။ ယခု ယောင်ယောင်မှ အခက်အခဲတချို့ ရင်ဆိုင်နေရသည်ဟု ကြားလိုက်ရသည်နှင့် သူတို့အားလုံးမှာ သူတော်စင်မှော်စာလုံးတောင်ထွတ်ကိုပင် အကြောက်အလန့် မရှိတော့ဘူးတဲ့လား။

ဇူယွမ် ခေါင်းကိုသာ ခါယမ်းလိုက်ရင်း ထိုကိစ္စနှင့်ပက်သက်၍ မည်သည့်စကားမှ မပြောတော့ပေ။ ထို့နောက် သူ၏ ချီစွမ်းအင်များကိုသာ လှည့်ပတ်စေလိုက်ပြီး တိမ်တိုက်တစ်ခုဖန်တီးကာ ယောင်ယောင့်အားတင်ဆောင်ပြီး လေထဲသို့ ထွက်ခွာသွား​လေသည်။

သူ၏အနောက်တွင်တော့ ဇူထိုက်နှင့်အခြားတပည့်များမှ အလျင်အမြန်လိုက်လာလျက်ရှိပြီး အားပေးနေကြသည်။

အရှိန်အား မြှင့်လိုက်ကြပြီး ခဏမျှသော အချိန်လေးအတွင်းမှာပင် သူတော်စင်မှော်စာလုံးတောင်ထွတ်သို့ ရောက်ရှိလာခဲ့ကြပြီး အကြည့်ပေါင်းများစွာက သူတို့ထံတွင် ရှိနေခဲ့ကြသည်။

ဇူယွမ်မှာ ပတ်ဝန်းကျင်အခြေအနေအား လေ့လာလိုက်သည်။ သူတော်စင်မှော်စာလုံးတောင်ထွတ်မှ တပည့်များပင်မကပဲ အခြားသောတောင်ထွတ်မှ တပည့်များပါ စုဝေးရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

“ဘာလို့ဒီလောက်တောင် များနေရတာလဲ။” ဇူယွမ် အံ့အားသင့်စွာ စကားဆိုလိုက်သည်။ သူ၏ဂူနန်း ယှဥ်ပြိုင်ပွဲတုန်းကပင် ထိုမျှလောက်သော လူအုပ်ကို မမြင်ခဲ့ဘူးပေ။

“နင့်ကိုယ်နင် ဘာထင်နေလဲ။ကန်ရွှမ်းကလန်မှာ ယောင်ယောင်ရဲ့ ကျော်ကြားမှုက နင့်ထက်အများကြီးသာတယ်။” ဇူယွမ်မှာ လူအုပ်ကြီးအား တအံ့တသြဖြစ်နေစဥ်၌ပင် အေးစက်စက်ဖြင့် ကြည်လင်နေသော အသံတစ်ခုအား ကြားလိုက်ရသည်။ ထို့နောက်တွင်တော့ ရေခဲချီတိမ်တိုက်တစ်ခု ရောက်ရှိလာခဲ့၏။

တိမ်တိုက်ပေါ်တွင် လီချင်းချန်မှာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားလျက်ရှိသည်။ သူမရောက်ရှိလာသည်နှင့်တစ်ပြိုက်နက် အကြည့်များအားလုံးသည် သူမထံရောက်ရှိလာခဲ့သည်။

ယောင်ယောင် ခေါင်းကိုမော့ကာ လီချင်းချန်အား ကြည့်လိုက်ပြီး စကားဆိုလိုက်သည်။ “နင်ဒီကိုပွဲလာကြည့်တာလား။”

လီချင်းချန်သည် ယောင်ယောင့်အားကြည့်ကာ ပြန်၍ဖြေလိုက်၏။ “ငါနင့်အပေါ် အကြွေးတစ်ခုတင်နေတုန်းပဲ။နင်သာ မူလမှော်စာလုံးနယ်နိမိတ်အစီအရင်ကို မချိုးဖျက်နိုင်ခဲ့ဘူးဆိုရင် ငါအဲ့ဒါကို ချိုးဖျက်ဖို့အတွက် တခြားနည်းလမ်းတစ်ခု ရှာပေးလို့ရတယ်။”

ယောင်ယောင်သည် ခေါင်းကိုခါယမ်းလိုက်ပြီးနောက် သူမ၏နီထွေးသော နှုတ်ခမ်းအစုံက ပွင့်ဟလာသည်။

“မူလမှော်စာလုံးနဲ့ ပက်သက်တာမှန်သမျှ ငါမချိုးဖျက်နိုင်တဲ့အရာဆိုတာ မရှိဘူး။ သူတို့က သူတို့ကိုယ်သူတို့ အရှက်ရစေချင်နေမှတော့ ငါကလည်းပျော်ပျော်ကြီးကို အဖော်ပြုပေးရမှာပေါ့။”

လီချင်းချန်မှ ညင်သာစွာ စကားဆိုလိုက်သည်။

“ဒီအစီအရင်က တောင်ထွတ်ဆရာသခင်မျက်ခုံးဖြူ ကိုယ်တိုင် ရေးဆွဲပေးထားတဲ့အရာပဲ။ သူ့ရဲ့ ညွှန်ကြားမှုတွေကြောင့်သာ မူလမှော်စာလုံးတောင်ထွတ်က တပည့်တွေက ဒီလိုအစီအရင်မျိုးကို ပြုလုပ်နိုင်တာ။”

လီချင်းချန်သည်  ဇူယွမ်အား တစ်ချက်မျှကြည့်လိုက်ပြီး ဆက်၍ စကားဆိုလိုက်သည်။ “နင်ဇူယွမ်ကို အတူခေါ်သွားဖို့ တွေးနေတာလား။ သူက အကူအညီတောင် မဖြစ်စေမှာ ငါစိတ်ပူမိတယ်။” သူမသည် ဇူယွမ်ရှိနေသည်အား ဂရုပင်စိုက်ပုံမရပဲ တဲ့တိုးသာ ​ပြောဆိုလိုက်၏။

“နင်လည်း ယဲ့ကယ်က ဘာလိုချင်နေမှန်း သိတယ်မလား။နောက်ဆုံး သူ့အကူအညီကို ယူရမှာထက်စာရင် ငါကူညီပေးတာက ပိုမကောင်းဘူးလား။”

ယောင်ယောင်မှ ခေါင်းကိုခါယမ်းကာ ​ပြန်၍ပြောလိုက်သည်။ “ဇူယွမ်လုပ်နိုင်တယ်။”

ထိုစကားများကို ပြောပြီးသည်နှင့်တစ်ပြိုင်နက် သူမက သူတော်စင်မှော်စာလုံးတောင်ထွတ်ဆီသို့ ထွက်ခွာသွားပြီး ဇူယွမ်က အနောက်မှလိုက်ပါသွားလေသည်။

လီချင်းချန်သည် ထွက်ခွာသွားသော ပုံရိပ်နှစ်ခုအား ကြည့်ကာ အနည်းငယ်မျှ တွေဝေနေပြီးနောက် ရေရွတ်လိုက်သည်။ “တော်တော်ခေါင်းမာတဲ့ မိန်းကလေးပဲ။ ဇူယွမ်က မူလမှော်စာလုံးပညာမှာ အရည်အချင်းရှိတာမှန်ပေမယ့် ဒီအစီအရင်ကို ချိုးဖျက်ဖို့ထိ မလုံလောက်မှာတော့ ငါစိုးရိမ်မိတယ်။”

“နင်ငါ့ဆီကို အကူအညီ လာတောင်းရမှာပါပဲ။”

သူမ ယုံကြည်စွာဖြင့် ရေရွတ်လိုက်၏။ ယနေ့တွင် ဇူယွမ်သည် အသုံးဝင်မည်မဟုတ်မှန်း သူမသေချာ နေပေသည်။

ယောင်ယောင်နှင့်ဇူယွမ်သည် သူတော်စင်မှော်စာလုံးခန်းမနားသို့ ရောက်ရှိလာသည့်အချိန်တွင် လူအတော်ပင် စုရုံးလျက်ရှိနေပြီ ဖြစ်သည်။ကျောက်တုံးလှေကားများထံသို့ တက်လှမ်းနေသော ယောင်ယောင်၏လှပသော ပုံရိပ်လေးထံတွင် အကြည့်အားလုံးက ရောက်ရှိနေကြသည်။

သူမ၏ဘေးမှ ဇူယွမ်အတွက်မူ အားလုံးမှ ဂရုပင်မထားမိကြချေ။

သူတို့နှစ်ယောက်သည် အတူတကွ တက်လှမ်းလာကြရင်း သူတော်စင်မှော်စာလုံးခန်းမ၏ရှေ့၌ ရပ်လိုက်ကြသည်။ သူတော်စင်မှော်စာလုံးတောင်ထွတ်မှ တပည့်များသည် ယဲ့ကယ်နှင့်အတူ ရောက်ရှိနေကြပြီးဖြစ်၏။

ယဲ့ကယ်သည် ယောင်ယောင့်အား နူးညံ့စွာ ကြည့်လိုက်ပြီးနောက် ဇူယွမ့်အားကြည့်လိုက်သည်။

သူတို့နှစ်ဦး အကြည့်ချင်းစုံလိုက်သည့်အချိန်တွင် လေထုထဲ၌ လူသတ်ချင်သောအငွေ့အသက်များဖြင့် ပြည့်နှက်သွားရသည်။

“ဂျူနီယာညီမတော်ယောင်ယောင် ဒီနေ့ ပြင်ဆင်လာခဲ့ပြီပေါ့။” ယဲ့ကယ်မှ နူးညံ့စွာ ပြုံးရင်း မေးလိုက်သည်။

ယဲ့ကယ်သည် ကိုယ်ကိုပင်ရှေ့သို့ အနည်းငယ် ကိုင်းလိုက်ကာ ယဥ်ကျေးသောအပြူအမူဖြင့် စကားဆိုလိုက်သည်။ “ညီမလေးယောင်ယောင်ကသာ အကို့ရဲ့ အကူအညီကို လိုအပ်တယ်ဆိုရင် အချိန်မရွေးပါပဲ။”

ယဲ့ကယ်သည် ချောမောခန့်ညားရုံမျှမက နူးညံ့ညင်သာသော အပြုအမူလည်း ရှိပေသည်။ထို့ကြောင့် သူ၏နူးညံ့သိမ်မွေ့သော အပြုံးလေးတစ်ချက်သည်ပင်လျှင် မိန်းကလေးတပည့်များ၏ စိတ်နှလုံးအား ဖမ်းစားထားပြီးဖြစ်၏။

နှိုင်းယှဥ်၍ပြောရမည်ဆိုပါက ယောင်ယောင်၏ဘေးတွင် ရပ်လျက်ရှိနေသော ဇူယွမ်သည် သာမညလူတစ်ယောက်ပင် ဖြစ်သည်။ ဇူယွမ်မှာ သာမန်ရွှေခါးစည်း တပည့်တစ်ယောက်သာဖြစ်ပြီး ယဲ့ကယ်ကဲ့သို့ ရွေးချယ်ခံဆယ်ယောက်ထဲမှ တစ်ယောက်နှင့် နှိုင်းယှဥ်ဖို့ရန် မဖြစ်နိုင်ပေ။

ယဲ့ကယ်၏နောက်တွင်ရှိနေသော တပည့်များသည် ယဲ့ကယ်၏ရည်ရွယ်ချက်အား သိရှိနေသည့်အလား ပြုံးကာပြောလိုက်သည်။”ညီမလေးယောင်ယောင် စီနီယာ အကိုကြီးယဲ့ကယ်က ဘယ်မိန်းကလေးကိုမှ ဒီလိုမျိုး အထူးတလည် မဆက်ဆံဖူးဘူး။”

သူတို့သည် ဇူယွမ့်အား အထင်အမြင်သေးသော မျက်ဝန်းများဖြင့် ကြည့်လိုက်ကြသည်။ဇူယွမ်မှာ အတော်အသင့် အရည်အချင်းရှိသောသူ ဟု သူတို့ကြားဖူးထားကြ၏။ သို့သော် မူလစဦးချီ စွမ်းအင်သည် ဤနေရာတွင် အသုံးဝင်မည်မဟုတ်ပေ။

မူလမှော်စာလုံးပညာရပ် တစ်ခုထဲဖြင့်သာ အစီအရင်ကို ချိုးဖျက်နိုင်မည်ဖြစ်သည်။

ထို့အပြင် ဇူယွမ်ကဲ့သို့ မူလစဦးချီကျင့်ကြံခြင်းအပေါ်တွင် အလုံးစုံ အာရုံစိုက်ထားသော သူတစ်ယောက်သည် မူလမှော်စာလုံးပညာရပ်တွင် မထူးချွန်နိုင်ဟု တထစ်ချ ယုံကြည်ထားကြ၏။ ဇူယွမ်သည် ယောင်ယောင်မှ ဆွဲခေါ်လာ၍သာ အတူလိုက်ပါလာရဟန် ရှိ​ပေသည်။

ဇူယွမ်ကဲ့သို့လူအား ဆွဲခေါ်လာခြင်းမှာ ယောင်ယောင်အတွက် အကူအညီမဖြစ်စေသည့်အပြင် အစီအရင်ကို ချိုးဖျက်ရာတွင် အနှောင့်အယှက်ပင် ဖြစ်စေနိုင်သည်အား ယောင်ယောင် မသိပါသလော။

ဇူယွမ်သည် အသုံးမဝင်ရုံမျှမက ယောင်ယောင့်အတွက်ပင် အနှောင့်အယှက် ဖြစ်စေနိုင်သည်။

သို့သော်လည်း ထိုအရာသည် မကောင်းသည်တော့ မဟုတ်ပေ။ ထိုသို့ဖြစ်လာခဲ့ပါက ယောင်ယောင်မှာ ဇူယွမ် မည်မျှအသုံးမကျကြောင်း သတိထားမိသွားမည်ဖြစ်ပြီး  ယဲ့ကယ်သာ အရည်အချင်းပြည့်ဝကြောင်းကို ကိုယ်တိုင်သိရှိသွားမည်ဖြစ်သည်။

ယောင်ယောင်မှာ သူတို့၏စကားလုံးများကို ကြားရသော်လည်း မည်သည့်အမူအရာမှမပြသော်လည်း မျက်ဝန်းများကတော့ အေးစက်လာခဲ့၏။

ယဲ့ကယ်သည် ယောင်ယောင်၏အေးစက်နေသော မျက်ဝန်းများကို ခံစားမိသည်နှင့် လက်ကိုဝေ့ယမ်းလိုက်ကာ လူအုပ်ကြီးအား တိတ်ဆိတ်စေလိုက်သည်။

“ငါတို့စလို့ရပြီလား။” ယောင်ယောင်မှ မေးမြန်းလိုက်၏။

ယဲ့ကယ်သည် ညင်သာစွာပြုံးရင်း ခေါင်းငြိမ့်ပြလိုက်ပြီး သူ၏လက်အား ဝေ့ယမ်းလိုက်နှင့် တပည့်များမှာ လူစုကွဲသွားပြီး မြူခိုးများဖြင့်ဖုံးအုပ်နေသော မူလမှော်စာလုံးနယ်နိမိတ်အစီအရင် ပေါ်လာခဲ့​လေသည်။

ယဲ့ကယ် ပြုံးနေရင်းနှင့်ပင် စကားဆိုလိုက်သည်။

“ဝင်သွားလို့ရပါပြီ ညီမလေးယောင်ယောင်” ယောင်ယောင်သည် မူလမှော်စာလုံးအစီအရင်အား တစ်ချက်မျှကြည့်လိုက်ပြီး သူမ၏သွယ်လျသော ခြေတံများဖြင့် ဝင်ရောက်သွားတော့သည်။ဇူယွမ်သည် သူမနောက်မှ ထပ်ချပ်မကွာ လိုက်သွား၏။

ဇူယွမ်သည် ယဲ့ကယ်အား ဖြတ်လျှောက်လာသောအချိန်တွင် ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်ရင်း ယဲ့ကယ်အားကြည့်ကာ ပြုံးပြလိုက်​လေသည်။

ယဲ့ကယ်မှပြုံးကာ စကားဆိုလိုက်သည်။ “ဂျူနီယာ ညီ​တော်ဇူယွမ်က ညီမလေးယောင်ယောင်ကို ကူညီနိုင်ပါစေလို့ မျှော်လင့်ပါတယ်။”

“သေချာတာပေါ့။ အကိုတော် စိတ်ပူစရာမလိုပါဘူး။” ဇူယွမ်မှ ပြန်၍ပြောလိုက်ရင်း ရှေ့သို့ဆက်လျှောက်သွားကာ ယောင်ယောင်၏ဘေးတွင် ရပ်လိုက်သည်။

သူတို့နှစ်ဦးမှာ မူလမှော်စာလုံးနယ်နိမိတ်အစီအရင်ရှေ့သို့ ရောက်ရှိလာကြပြီဖြစ်သည်။ ဝေဖန်ဆွေးနွေးသံများအား အလုံးစုံ လျစ်လျူရှုထားကာ အစီအရင်ထဲသို့မတိုးဝင်ခင် အကြည့်ချင်းဖလှယ်လိုက်ကြ၏။

ထို့နောက်တွင်တော့ မြူတောထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

အများအပြားသောတပည့်များမှာ အလွန်ပင် စိတ်လှုပ်ရှားနေဟန် ရှိသည်။သူတို့အားလုံးသည် မူလမှော်စာလုံးတောင်ထွတ်မှ တပည့်များအားလုံး စုရုံးကာ ပြုလုပ်ထားသော မူလမှော်စာလုံးနယ်နိမိတ်အစီအရင်အား ယောင်ယောင်နှင့်ဇူယွမ်မှ ချိုးဖျက်နိုင်မည်လား ဆိုသည်ကို အလွန်ပင် သိချင်လျက်ရှိသည်။


Comment

Leave a Reply


Options

not work with dark mode
Reset