မူလသူတော်စင်တောင်ထွတ်….တာအိုရှာဖွေသူခန်းမ…။
ဒီနေ့မနက်ပိုင်း သင်ခန်းစာစသည့်အချိန်မှစ၍ များစွာသော တပည့်များမှာ ပထမမြောက်ရွှေခါးစည်းနေရာတွင် ထိုင်နေသူအား အံ့သြစွာဖြင့် ကြည့်နေခဲ့ကြသည်။ ပထမမြောက်ရွှေခါးစည်းနေရာသည် မူလက ထုံးလုံ၏နေရာဖြစ်သော်လည်း လာမည့်ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲကြောင့် ထိုနေရာအား ဇူယွမ့်ကို ပေးထားခဲ့သည်။
ယခုဆိုလျှင် ဇူယွမ်မှာ အကြီးအကဲစိန်းထိုက်ယွမ် လက်အောက်ရှိ နံပါတ်တစ် ရွှေခါးစည်းတပည့် ဖြစ်လေသည်။
ထိုကိစ္စနှင့်ပက်သက်၍ ထုံးလုံကလည်း လက်ခံခဲ့၏။ အကယ်၍ ဂူနန်းယှဥ်ပြိုင်ပွဲ၌ ဇူယွမ်ကသာ အလှည့်အပြောင်းများ မဖြစ်စေခဲ့လျှင် ယခုအချိန်တွင် သူတို့မှာ ရစရာမျက်နှာပင် ရှိတော့မည်မဟုတ်ချေ။ ဂူနန်းယှဥ်ပြိုင်ပွဲ၌ မြင်တွေ့ခဲ့ရသော ဇူယွမ်၏စွမ်းရည်အား စီနီယာအကိုတော် တော်တော်များများက လက်ခံထားကြပြီ ဖြစ်သည်။
တာအိုရှာဖွေသူခန်းမ၌ ရှိနေကြသောတပည့်များအားလုံးသည် ဇူယွမ် လာမည့်ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲ၌ ပါဝင်ယှဥ်ပြိုင်မည့်အကြောင်းကိုသာ ဝေဖန်ဆွေးနွေးနေကြလေသည်။
“ဂျူနီယာညီတော် ဇူယွမ်…ဂူနန်းယှဥ်ပြိုင်ပွဲတုန်းက မင်းရဲ့စွမ်းရည်က ချီးကျူးလောက်စရာပဲဆိုပေမယ့် ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲကို ဝင်ပြိုင်ဖို့တော့ စောလွန်းနေတယ်ထင်တယ်။”
ကျန်းယန်မှာ လေးလေးနက်နက်ပြုံးလိုက်ပြီး ရှေ့သို့လျှောက်သွားကာ စကားဆက်လိုက်၏။
“ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲမှာ ပါဝင်မယ့်သူတွေထဲ ဝေယိုရွှမ်းထက်အားနည်းတာ တစ်ယောက်မှမပါဘူး။ အခုလိုမျိုးဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တာက မင်းရဲ့ ခက်ခက်ခဲခဲ ရထားတဲ့ ဂုဏ်သတင်းတွေအားလုံးကို ပျက်စီးသွားစေနိုင်တယ်။”
ဂူနန်းယှဥ်ပြိုင်ပွဲ၌ ဇူယွမ်မှာ စိန်းထိုက်ယွမ်တို့အုပ်စု၏ ဂုဏ်သိက္ခာကို ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် အစက စိန်းထိုက်ယွမ်မှ ဇူယွမ်အပေါ် အထူးတလည် ဆက်ဆံခြင်းကြောင့် မကျေမနပ်ဖြစ်နေခဲ့ကြသော တပည့်အများစုမှာ ယခုတော့ ဘာမှမပြောကြတော့ချေ။ ဇူယွမ်ပြသခဲ့သောစွမ်းရည်သည်
သူတို့အားလုံး၏ ပါးစပ်များကို ပိတ်သွားစေရန် လုံလောက်ပေသည်။ ထိုအတွက်ကြောင့် ကျန်းယန်တောင်မှ ဘာမှပြော၍ မရတော့ပေ။ ဇူယွမ်မှ လာမည့်ခရမ်းရောင်ခါးစည်းရွေးချယ်ခြင်းပြိုင်ပွဲ၌ ပါဝင်ယှဥ်ပြိုင်မည့်အကြောင်းကို သိရှိသွားမှသာ ပြောစရာအကြောင်းပြချက်လေး ပေါ်လာသည်ဖြစ်၏။
ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲ၌ ဇူယွမ် ပါဝင်ယှဥ်ပြိုင်မည့်အကြောင်းသည် ကန်ရွှမ်းကလန်တစ်ခုလုံးအား ပျံ့နှံ့သွားခဲ့ပြီး အတော်လေး ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့လေသည်။
တပည့်အများစုမှာ ကျန်းယန်၏စကားအား ထောက်ခံသည့်အနေနှင့် ခေါင်းငြိမ့်ပြလိုက်ကြသည်။ သူတို့၏ အမြင်တွင်လည်း ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲအား ဇူယွမ်ပါဝင်ယှဥ်ပြိုင်မည်မှာ စောလွန်းနေပေ၏။
ထိုသို့ပြောနေကြသည်များကို ဇူထိုက်မြင်တွေ့သွားသောအခါ ဇူယွမ်ဖက်မှ ရပ်တည်ကာ ပြန်၍ပြောလိုက်၏။ “ဂျူနီယာညီတော် ဇူယွမ်က ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲကို ဝင်ပြိုင်တယ်ဆိုတာ အနာဂတ်အတွက် အတွေ့အကြုံလိုချင်ရုံပဲ။ သူရှုံးနိမ့်သွားခဲ့ရင်လည်း ဘယ်သူမှသူ့ကို အပြစ်ပြောလို့ မရဘူး။ ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲကို မကျရှုံးဖူးတာ ဘယ်သူရှိလို့လဲ။”
ကျန်းယန်မှ အသာအယာပြုံးကာ ပြန်၍ပြောလိုက်သည်။ “တခြားသူတွေက အကိုတော်နဲ့အမြင်မတူမှာကို ကျွန်တော်စိုးရိမ်မိတယ်။”
ခန်းမ၏အမြင့်ဆုံးထိုင်ခုံ၌ ထိုင်လျက်ရှိသော စိန်းထိုက်ယွမ်မှ မျက်လုံးဖွင့်လိုက်ကာ ဝေဖန်ဆွေးနွေးနေကြသော စကားသံများကို လျစ်လျူရှုပြီး ဇူယွမ်အားကြည့်၍ စကားဆိုလိုက်၏။
“ငါမင်းနာမည်ကို ပြိုင်ပွဲအတွက် စာရင်းသွင်းပေးပြီးပြီဆိုမှတော့ မင်းရဲ့ဆုံးဖြတ်ချက်ကို ဘာမှပြန်ပြင်စရာ မလိုဘူး။ လာမယ့် ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲအတွက်ပဲ ပိုပြီးကြိုးစားလေ့ကျင့်ဖို့ အာရုံစိုက်ထား။ ပြိုင်ပွဲမှာ ဘယ်လိုရလဒ်ထွက်မလဲဆိုပြီး တွေးပူမနေနဲ့။ အနာဂတ်အတွက် အတွေ့အကြုံယူတယ်လို့ သဘောထား။”
စိန်းထိုက်ယွမ်သည်လည်း ဒီတစ်ခါပြိုင်ပွဲအတွက် ဇူယွမ်အား မျှော်လင့်ချက်မထားသည်မှာ သိသာပေသည်။
စိန်းထိုက်ယွမ်မှာ ဇူယွမ်အား ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲနှင့် အကျွမ်းတဝင် ရှိစေရန်သာ မျှော်လင့်ခဲ့၏။ သည်တစ်ကြိမ်အား ကောင်းစွာလေ့လာသင်ယူမည်ဆိုလျှင် လာမည့်နှစ်တွင် ဇူယွမ်မှာ ခရမ်းရောင်ခါးစည်းတပည့်တစ်ဦး ဖြစ်လာနိုင်ပေသည်။
စိန်းထိုက်ယွမ်မှာ ခေတ္တမျှတိတ်ဆိတ်နေပြီးနောက် ပြုံးကာပြောလိုက်သည်။ “ရွေးချယ်ခြင်းပြိုင်ပွဲရဲ့ ချန်ပီယံက မူလကြယ်ပွင့်ဆေးလုံးကို ရလိမ့်မယ်လို့ ငါကြားခဲ့တယ်။”
“မူလကြယ်ပွင့်ဆေးလုံး”
ထိုစကားကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ခန်းမတစ်ခုလုံးမှာ ဆူညံသွားခဲ့သည်။ တပည့်တော်တော်များများမှာ လိုချင်ရမ္မက်များတောက်လောင်နေသော မျက်ဝန်းများနှင့် ကူကယ်ရာမဲ့စွာ တံထွေးမျိုချမိကြ၏။
ဇူထိုက်၊ကျန်းယန်နှင့် အခြားသောခရမ်းရောင်ခါးစည်း တပည့်များသည်ပင်လျှင် မျက်ဝန်းများ၌ လိုချင်တောင့်တမှုများ ပြည့်နှက်နေခဲ့သည်။
ဇူယွမ်မှာလည်း အနည်းငယ် စိတ်လှုပ်ရှားသွားမိသည်။မူလကြယ်ပွင့်ဆေးလုံးသည် အလွန်ပင်အဖိုးတန်သော ဆေးလုံးဖြစ်ပြီး ပြုလုပ်ရန်လည်း လွန်စွာခက်ခဲပေသည်။ ဆေးလုံး၏အကျိုးအာနိသင်ကတော့ အမည်အတိုင်းပင် အလွန်ရိုးရှင်း၏။ ချီပယ်လယ်အတွင်း၌ မူလစဦး ချီကြယ်ပွင့်များ တိုးပွားလာစေခြင်းဖြစ်ပြီး အခြေအံအုတ်မြစ်ကို ခိုင်မာလာစေခြင်း ဖြစ်သည်။
သို့သော်လည်း မူလစဦးအဆင့်တွင် မူလကြယ်ပွင့်ဆေးလုံးကို တစ်လုံးထဲသာ သုံးစွဲ၍ရနိုင်ပြီး နောက်ထပ်ဘယ်နှလုံးသောက်သောက် အာနိသင်သက်ရောက်တော့မည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုဆေးတစ်လုံးအား သုံးစွဲလိုက်သည်နှင့်တကွ နတ်ဘုံခန်းဝါအဆင့်သို့ တက်ရောက်နိုင်လောက်သည့် ချီကြယ်ပွင့်များကို ရရှိထားမည်ဖြစ်သောကြောင့် ဖြစ်သည်။ အခြေခံအုတ်မြစ်ခိုင်မာလေ နတ်ဘုံခန်းဝါအဆင့်သို့ ရောက်ရှိပြီးနောက် အကျိုးသက်ရောက်မှုများလေ ဖြစ်လာမည်ဖြစ်၏။
ထို့ကြောင့် မူလကြယ်ပွင့်ဆေးလုံးအား အံ့ဖွယ်မူလစဦးဆေးလုံးဟုလည်း ခေါ်ဆိုကြပေသည်။ မူလစဦးအဆင့်များအတွက် အံ့သားသင့်ဖွယ်ရာ အကျိုးသက်ရောက်မှုကို ပေးစွမ်းနိုင်သောကြောင့် ဖြစ်၏။
ကန်ရွှမ်းကလန်တစ်ခုလုံး၌ပင် ရွေးချယ်ခံဆယ်ယောက်သာ ထိုဆေးလုံးကို သောက်သုံးခွင့်ရခဲ့သည်ဟု ဆိုကြသည်။ ထို့ကြောင့် ခရမ်းရောင်ခါးစည်းရွေးချယ်ခြင်းပြိုင်ပွဲ၌ မူလကြယ်ပွင့်ဆေးလုံးအား ဆုလာဒ်အဖြစ် ချီးမြှင့်မည့်အကြောင်းက အံ့သားသင့်ဖွယ်ရာပင် ဖြစ်သည်။ ခန်းမအတွင်းရှိ ခရမ်းရောင်ခါးစည်းတပည့်များပင် မကျေမနပ် ဖြစ်သွားခဲ့ရ၏။ ရွေးချယ်ခြင်းပြိုင်ပွဲအား အနိုင်ရရှိခဲ့ပြီးနောက် သူတို့ရရှိခဲ့သောဆုလာဒ်မှာ မူလကြယ်ပွင့်ဆေးလုံးနှင့် နှိုင်းယှဥ်ရမည်ဆိုပါလျှင် များစွာကွာခြားနေခဲ့၏။
ဇူယွမ်မှာ စိတ်လှုပ်ရှားနေဟန်ရှိပြီး နှုတ်ခမ်းများကို သပ်လိုက်သည်။ လာမည့်ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲအတွက် ဆုလာဒ်မှာ အလွန်ပင် ဆွဲဆောင်မှုရှိပေသည်။ အကယ်၍ ဇူယွမ်သာ ထိုဆေးလုံးကို ရရှိခဲ့မည်ဆိုပါက သူ၏ကျင့်ကြံခြင်းတွင် များစွာအကျိုးဖြစ်ထွန်းစေနိုင်၏။ ထို့အပြင် နှစ်ကုန်ပိုင်း၌ ကျင်းပမည့် တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားအတွက်လည်း ပို၍အခွင့်အရေးရှိလာမည် ဖြစ်သည်။
ကျန်းယန်မှ ဇူယွမ်အား ကြည့်လိုက်ပြီး စကားဆိုလိုက်၏။ “ဂျူနီယာညီတော်ဇူယွမ်က တကယ်ကံကောင်းတာပဲ။ ဒါပေမဲ့ လာမယ့်ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲက တကယ်ကိုထူးချွန်တဲ့သူတွေနဲ့ပြည့်နေတာ စိတ်မကောင်းစရာပဲ။”
“ကန်ရွှမ်းတောင်ထွတ်က စူးဝမ်၊ ဟုန်ယာတောင်ထွတ်က ဝူယွဲ့ ၊ နှင်းပဒုမ္မာတောင်ထွတ်က မူချွမ်းလိန် ၊ မိုးကြိုးအကျဥ်းထောင်တောင်ထွတ်က ဝမ်ချန်း ၊ သူတော်စင်မှော်စာလုံးတောင်ထွတ်က ရှားယွီ…သူတို့အားလုံးက သက်ဆိုင်ရာတောင်ထွတ်က ဆရာသခင်တွေရဲ့အုပ်စုက အထူးချွန်ဆုံး ပထမတန်း ရွှေခါးစည်းတပည့်တွေချည်းပဲ။ မူလကြယ်ပွင့်ဆေးလုံးကို ပေးမယ်ဆိုမှတော့ ချန်ပီယံက သူတို့ထဲက တစ်ယောက်ယောက်ပဲ ဖြစ်လာလိမ့်မယ်။”
သက်ဆိုင်ရာတောင်ထွတ်များမှ အဓိကအုပ်စုကို ဆရာသခင်များ၏အုပ်စုဟု ခေါ်ဆိုပြီး ထိုအုပ်စုများသည် သက်ဆိုင်ရာတောင်ထွတ်များမှ အသန်မာဆုံးအုပ်စုများ ဖြစ်ပေသည်။
ဥပမာအားဖြင့် လုဟုန်းသည် ဓားကပ်ဘေးတောင်ထွတ်၏ အကြီးအကဲတစ်ဦးဖြစ်ခဲ့သည့်အတွက် ဝေယိုရွှမ်းမှာ လီထျန်းနှင့်ဆုံတွေ့သည့်အခါ စီနီယာအကိုတော်ဟုခေါ်ဆိုကာ ဦးညွတ်အလေးပြုရမည် ဖြစ်၏။ ထို့ကြောင့် ဆရာသခင်များအုပ်စုမှ တပည့်များမှာ မည်မျှပင် စွမ်းရည်ပြည့်ဝကာ လွှမ်းမိုးနိုင်စွမ်းရှိသည်ကို သိရှိနိုင်ပေသည်။
ခန်းမထဲရှိ အခြားသောတပည့်များမှ ဇူယွမ်အား စိတ်မကောင်းဖြစ်သော မျက်ဝန်းများဖြင့် ကြည့်လိုက်ကြလေသည်။ သူတို့အားလုံးမှာ ဇူယွမ်သည် ထိုတပည့်များနှင့် အတူယှဥ်ရပ်နိုင်ဖို့ပင် အခွင့်အရေးမရှိလောက်ဟု ခံစားနေရ၏။
သို့သော်လည်း ဇူယွမ်သည် ကျန်းယန်၏ပြောစကားများကို ကြားလိုက်ရသော်လည်း တည်ငြိမ်နေလျက်ပင် ရှိ၏။ ရှန်ဝမ့်ကျင်း၏အကူအညီကြောင့် ထိုတပည့်များအားလုံး၏ သတင်းအချက်အလက်အား သိရှိပြီးခဲ့သောကြောင့် ဖြစ်ပေသည်။ သူတို့မှာ အမှန်တကယ်ပင် လာမည့်ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲအတွက် အထူးချွန်ဆုံး ပါရမီရှင်တပည့်များ ဖြစ်သည်။
သို့ပေသော်ငြားလည်း ဇူယွမ်သည် မည်သည့်ရန်သူကိုမှ အလွယ်တကူ အနိုင်မရရှိခဲ့ဖူးပါချေ။ သူသည် စွမ်းအင်ဝင်ပေါက်များမပွင့်နိုင်၍ ကျင့်ကြံခြင်းမပြုလုပ်နိုင်ခင်အချိန်ကတည်းက ကန်းမင်တိုက်ကြီးတစ်ခုလုံး၌ ဝူဟောင်၏အမည်နာမက ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။ သို့်သော်လည်း အဆုံးသတ်တွင် အနိုင်ရရှိခဲ့သူက ဝူဟောင်မဟုတ်ခဲ့ပေ။
ဇူယွမ်နှင့်ဝူဟောင်တို့နှစ်ဦးအကြားတွင် ကွာဟမှုများစွာ ရှိနေခဲ့ပါသော်လည်း ဇူယွမ်မှာအနိုင်ရယူနိုင်ခဲ့၏။ နှိုင်းယှဥ်ရမည်ဆိုပါလျှင် အခုသူကြုံတွေ့နေရသော အခက်အခဲမှာ ဘာမှမဟုတ်ပါပေ။
ခုံမြင့်ထက်မှ စိန်းထိုက်ယွမ်က ကျန်းယန်အား စူးစိုက်၍ကြည့်လိုက်သောကြောင့် ကျန်းယန်မှာ ပါးစပ်ပိတ်သွားခဲ့ရလေသည်။ သို့သော်လည်း သူသည် မကျေနပ်နိုင်သေးပဲ တိုးတိတ်စွာ ရေရွတ်လိုက်၏။
“ဇူယွမ်က ဝေယိုရွှမ်းကို အနိုင်ရခဲ့ရင်တောင်မှ တခြားတောင်ထွတ်က ပါရမီရှင်တပည့်တွေနဲ့ ယှဥ်လိုက်မယ်ဆိုရင် အရမ်းလိုအပ်နေသေးတယ်။ သူတကယ် နောက်ထပ် အံ့အားသင့်စရာတွေ လုပ်ပြနိုင်ဦးမယ်လို့ ထင်နေသေးတာလား။”
စိန်းထိုက်ယွမ်မှာ ထိုကိစ္စနှင့်ပက်သက်၍ ဘာမှထပ်ကပြောမနေတော့ပဲ ဇူယွမ့်ကိုသာ ကြည့်ကာ စကားဆိုလိုက်၏။ “ချန်ပီယံဖြစ်လာဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ဘူး…အဲ့ဒါကြောင့် မင်းနံပါတ်တစ်နေရာကို စဥ်းစားမနေတာ ပိုကောင်းလိမ့်မယ်။
မင်းဆယ်ယောက်ထဲမှာ တစ်နေရာရခဲ့မယ်ဆိုရင်ကို ခရမ်းရောင်ခါးစည်းတပည့် ဖြစ်နိုင်ပြီ။”
ဇူယွမ်မှ ထိုစကားအား အသိအမှတ်ပြုသည့်သဘေယနှင့် ပြန်လည်၍ ခေါင်းငြိမ့်ပြလိုက်လေသည်။ သို့သော်လည်း သူ၏မျက်ဝန်းများကတော့ အတွေးများကြား နစ်မြုပ်နေခဲ့၏။
အကယ်၍ မူလကြယ်ပွင့်ဆေးလုံးကိုသာ ဆုလာဒ်အဖြစ် မပေးဘူးဆိုပါက ဇူယွမ်သည်လည်း ချန်ပီယံနေရာအား အနည်းငယ်မျှပင် စိတ်ဝင်စားမည် မဟုတ်ချေ။ သို့သော်လည်း အခုတော့ သူစိတ်ဝင်စားနေခဲ့ပြီ ဖြစ်သည်။ မူလစဦးအဆင့်များအတွက် အံ့အားသင့်ဖွယ်ရာဆေးလုံးဟုပင်ခေါ်ဆိုကြသော မူလကြယ်ပွင့်ဆေးလုံးအား လိုချင်တပ်မက်မှုကို သူမငြင်းဆန်နိုင်သောကြောင့် ဖြစ်၏။
ဤသည်က ကံကောင်းထောက်မခြင်းပင် ဖြစ်ပေသည်။ ထိုဆေးလုံးအား ရရှိခဲ့မည်ဆိုပါက ဇူယွမ်၏ချီစွမ်းအင် အခြေခံအုတ်မြစ်အား များစွာပို၍ ခိုင်မာစေပေလိမ့်မည်။
ထို့အပြင် ကျင့်ကြံခြင်းလမ်းကြောင်းပေါ်ရှိ လူတစ်ဦး၏ အောင်မြင်မှုသည် မျက်မှောက်တွင်ရှိနေသော ကံတရားကောင်းများအား ရယူခြင်း ရှိမရှိနှင့် အနည်းငယ်တော့ သက်ဆိုင်နေသည် မဟုတ်ပါလော။ ဇူယွမ်သည် ထိုသို့ဖြင့်သာ ယနေ့ဤနေရာတွင် ရှိနေနိုင်ခြင်း ဖြစ်၏။
ဟူး…..
ဇူယွမ်မှာ အသက်ပြင်းပြင်းရှိုက်လိုက်ရင်း သူ၏ လိုချင်ရမ္မက်ဖြင့် တောက်လောင်နေသော မျက်ဝန်းများအား တည်ငြိမ်စေလိုက်သည်။
ဇူယွမ်သည် ကန်ရွှမ်းကလန်၏ အဓိကအခမ်းအနားတစ်ခုဖြစ်သော ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲအတွက် လာမည့်နှစ်လအတွင်း အစွမ်းကုန် ကြိုးစားလေ့ကျင့်ရတော့မည်ဖြစ်ကြောင်း သိရှိထားပေသည်။