သူသည် ရောက်ရှိနေသည့် အခြေအနေအား တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် ကြောက်မက်ဖွယ် ရွှေရောင်အလင်းတန်းက သူ့ခန္ဓာမှ ထိုးထွက်လာသည်။ အော်မြည်လိုက်သည့် အသံတို့ ထွက်ပေါ်လာကာ အားလုံးသည် ရုတ်တရက် ခေါင်းကိုးလုံးဖီးနစ်ထံမှ ကျယ်လောင်သည့် အော်မြည်သံကို ကြားလိုက်ကြရသည်။
ထိုအချိန်၌ ခေါင်းကိုးလုံးဖီးနစ်သည် အလွန် လျင်မြန်စွာဖြင့် နေရာကို ဖြတ်သန်းသွားပြီး သူ၏ ဦးခေါင်းကိုးလုံးမှ ပြင်းထန်သည့် အရှိန်အဝါတို့ ထုတ်လွှတ်နေကာ ကြီးမားသော ခန္ဓာကိုယ်က သေနိုင်လောက်အောင် အေးစက်ခြင်းတို့ဖြင့် ပြည့်နှက်နေသည်။ ထိုသည်က အလွန် ခမ်းနားထည်ဝါပေသည်။
သို့သော် ထိုအချိန်တွင် ထောင်သောင်းချီသည့် ရွှေရောင်အလင်းတန်းများက သူ၏ ကြီးမားသည့် ပါးစပ်များထဲက တစ်ခုဆီမှ ထွက်ပေါ်လာသည်။ သူသည် ခေါင်းကို စောင်းလိုက်ကာ ကျယ်လောင်သည့် အော်မြည်သံကို စူးစူးရှရှ ထုတ်လွှတ်လိုက်သည်။ သူက သူ၏ နှုတ်သီးကို ပိတ်ချင်သော်လည်း ယင်းက စုတ်ဖြဲခံလိုက်ရသည်။ ထိုစဥ် ရွှေရောင်အလင်းများဖြင့် လွှမ်းခြုံထားသော ပုံရိပ်တစ်ခုက တစ်ရှိန်ထိုး ထွက်ပေါ်လာပြီး သူက အသက်မဲ့နေပုံရသော အခြားလူတစ်ယောက်ကို ဆုပ်ကိုင်ထားသည်။
ခေါင်းကိုးလုံးဖီးနစ်သည် ရီဖူရှင်းထံသို့ တိုက်ခိုက်လိုက်ပြီး ကြောက်မက်ဖွယ် အသက်ဓာတ်က ရီဖူရှင်းကို ရိုက်ခတ်သွားသည်။
ဘုန်း…
သွေးနီရောင် မိုးကြိုးလျှပ်စီးက ကောင်းကင်တွင် လင်းလက်လာသည်။ သူ့ ခန္ဓာကိုယ်သည် လျှပ်စီးအလင်းတန်းအဖြစ် ပြောင်းလဲသွားသည်။ သူ၏ ပါးစပ်မှ ထက်ရှသည့် သွေးနီရောင်ဖျက်ဆီးခြင်းဓားသွား ထွက်ပေါ်လာပြီး အနက်ရောင်ဖျက်ဆီးခြင်း စွမ်းအားတို့က ကောင်းကင်ကို ပိတ်ကွယ်၍ နေကို ဖုံးကာထားပြီး လေဟာနယ်တစ်ခုလုံးကို လွှမ်းခြုံထား၏။
ခေါင်းကိုးလုံးဖီးနစ်သည် သူ့ကလန်တွင် ကြောက်မက်ဖွယ် တိုက်ပွဲစွမ်းရည်ရှိ သံသယကင်းစင်ခြင်းအဆင့် ရှန့်ထိုဖြစ်သည်
ရီဖူရှင်းသည် မော့ကြည့်လိုက်ပြီး ထိုဖျက်ဆီးခြင်းစွမ်းအားများက ဤနေရာကို မြေမြှုပ်လိုက်တော့မလို ခံစားလိုက်ရ၏။ သူ၏ ခန္ဓာတစ်ခုလုံးမှ သန့်စင်သည့် အလင်းများ တောက်ပလာပြီး ပညာရှိကျမ်းစွမ်းအားများ ထွက်ပေါ်လာ၍ သူ့ ခန္ဓာကိုယ်ကို သန့်စင်နေသည်။ သူ့ခန္ဓာကိုယ်သည် မဟာလမ်းစဥ်၏ မီးပြင်းဖိုအဖြစ် ပြောင်းလဲသွားပြီး အမှောင်စွမ်းအား အားလုံးကို သန့်စင်ပစ်လိုက်သည်။
ရုတ်တရက် သူ့ခန္ဓာကိုယ်အထက်တွင် ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေသည့် ဆင်အော်သံများကို ကြားလိုက်ရသည်။ သူ့ခန္ဓာကိုယ်အတွင်းတွင် အော်မြည်နေသည့် အသံများက မဟာလမ်းစဥ် သံစုံတီးဝိုင်းကဲ့သို့ ဆက်လက်ထွက်ပေါ်နေသည်။
ပို၍ ကြောက်မက်ဖွယ် ကောင်းသည်က ပညာရှိကျမ်း၏ အလင်းအကာအကွယ်သည် ရီဖူရှင်း၏ ခန္ဓာကိုယ်အထက်တွင် ကြီးမားသည့် ဆင်တစ်ကောင်၏ ပုံရိပ်တစ်ခု အဖြစ် ပေါ်ထွက်လာခြင်း ဖြစ်လေသည်။ ထို နတ်ဆင်ကြီးသည် နတ်မိစ္ဆာကဲ့သို့ပင် ဖြစ်သည်။ အော်သံတစ်ချက်နှင့် လေထုကို တုန်ခါသွားအောင် လုပ်ဆောင်နိုင်သည်။
ကျယ်လောင်သည့် အော်မြည်သံက ဆက်လက်ထွက်ပေါ်နေသည်။ နတ်ဆင်က အလင်းအလျင်ဖြင့် ကောင်းကင်သို့ တက်လာပြီး ကောင်းကင်နှင့် နေမင်းကို ပိတ်ကွယ်ထားသည့် ဖျက်ဆီးခြင်း ဓားဆီသို့ တိုးဝင်သွား၏။ ပြင်းထန်သည့် စွမ်းအားလှိုင်းများက ထိုနေရာတွင် ပေါက်ကွဲထွက်ပေါ်လာကာ တုန်ခါနေသည့် လေဟာနယ်ကို ဖျက်ဆီးပစ်လိုက်သည်။
ဖူး…
ခေါင်းကိုးလုံးဖီးနစ်က ဖျက်ဆီးခြင်း မီးလျှံတို့ကို မှုတ်ထုတ်လိုက်ပြီး ကောင်းကင်ကို လွှမ်းမိုးကာ ကောင်းကင်နှင့် မြေကြီးကို လောင်ကျွမ်းသွားစေသည်။
ရီဖူရှင်းသည် ရှားရှင်းယွန်၏ ခန္ဓာကိုယ်ကို လက်တစ်ဖက်မှ ကိုင်ထားပြီး ရှေ့သို့ တစ်လှမ်းလှမ်းလိုက်သည်။ ဆင်အော်သံက ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည်။ သူ့ခန္ဓာကိုယ်က လျှပ်စီးအလင်းတန်းကဲ့သို့ ကောင်းကင်ထက် ပျံသန်းသွားကာ ဖျက်ဆီးခြင်းမီးလျှံများဆီသို့ ဆက်တိုးသွား၏။
ဖျက်ဆီးခြင်းမီးလျှံက လောင်ကျွမ်းကျဆင်းလာသော်လည်း သန့်စင်သည့် ရွှေရောင် ရောင်စဥ်များနှင့် လွှမ်းမိုးထားသည့် ကြီးမားသော ဆင်ကြီး၏ ပုံရိပ်က ပိတ်ဆို့တားဆီးထားလိုက်သည်။
ရီဖူရှင်းက လက်သီးကို ပစ်သွင်းလိုက်ကာ ဆင်အော်သံက ကောင်းကင်ကို တုန်ခါသွားစေသည်။ ထောင်သောင်းချီသည့် ဆင်များက တညီတညွတ်တည်း အော်မြည်လိုက်ကြပြီး ကောင်းကင်တွင် ခြေချနင်းလိုက်ကြသည်။
ထောင်သောင်းချီသည့် ဆင်များ ထွက်ပေါ်လာပြီး ကောင်းကင်ကို ဖြတ်ကာ ပြေးလွှားသွားကြ၏။ မည်မျှ ကြောက်မက်ဖွယ် မြင်ကွင်းနည်း။
သွေးနီရောင် ခေါင်းကိုးလုံးဖီးနစ်သည် အလွန် စူးရှသော အော်သံကို ပြုလုပ်လိုက်သည်။ သူ၏ ခေါင်းကိုးလုံးမှ မီးလျှံများထွက်ပေါ်လာပြီး သူ၏ လက်သည်းများက ကျဆင်းလာသည်။ ဆင်များ၏ အရိပ်များက ဖျက်ဆီးခံရကာ အစိတ်စိတ် ပျက်စီးသွားပြီး လက်သည်းများက ရီဖူရှင်းဆီသို့ ကျရောက်လာသည်။
နတ်ဆိုးအရှိန်အဝါများက လှိုင်းထလာပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် စုစည်းလာသည်။ အလွန်ကြီးမားသည့် ခေါင်းကိုးလုံးဖီးနစ်ကြီး ပေါ်ပေါက်လာပြီး ၎င်း၏ လက်သည်းများက ပြင်းထန်စွာ ကျဆင်းလာ၏။ ယင်းက ရီဖူရှင်း၏ လက်သီးနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။
ဘန်း…
ကျယ်လောင်သည့် အသံနှင့်အတူ ခေါင်းကိုးလုံ၏ဖီးနစ်သည် သူ၏ လက်သည်းများက အသွေးအသားကို မထိခိုက်ဘဲ ဆင်တစ်ကောင်၏ ပုံရိပ်ကိုသာ ထိခတ်သွားသည်ဟု ခံစားမိပေသည်။ သူတို့ကြားတွင် အရိပ်နှစ်ခုက ထိပ်တိုက်တွေ့ဆုံကာ အချင်းချင်း တိုက်မိခဲ့ကြပြီး ကြီးမားသည့် မြင့်မြတ်နတ်ဆင်နှင့် ခေါင်းကိုးလုံးဖီးနစ်တို့၏ ထိပ်တိုက်ရင်ဆိုင်ခြင်း ဖြစ်လာခဲ့သည်။
ပြင်းထန်သည့် စွမ်းအားများက ခေါင်းကိုးလုံးဖီးနစ်၏ ခန္ဓာကိုယ်ကို တုန်ခါသွားစေသည်။ သူ၏ ထက်ရှသည့် မျက်လုံးများက ရီဖူရှင်းကို စူးစိုက်ကြည့်နေ၏။
မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့်သာ ရှိသည့် ဤလူသားတန်ခိုးရှင်က သူနှင့် မည်သို့ ခွန်အားချင်း ယှဥ်ပြိုင်နိုင်ရသနည်း။
ဆင်၏ ပြင်းထန်သော စွမ်းအားက နတ်ဆိုးကလန်၏ စွမ်းရည်ဖြစ်သည်။ သူက မည်သည့် နေရာမှ သင်ယူခဲ့သနည်း။
ထိုအချိန်တွင် ရီဖူရှင်း၏ ရှားရှင်းယွန်ကို သယ်ဆောင်ထားသော လက်ကို ဖြေလျှော့လိုက်ကာ အကိုင်းအခက်များနှင့် နွယ်များက ထိုးထွက်လာ၍ သူမ၏ ခန္ဓာကိုယ်ကို ရစ်ပတ်စေလိုက်သည်။ သူ့ စွမ်းအားများက သူမ၏ ခန္ဓာကိုယ်ကို ထောက်ပံ့ပေးထား၏။
ရီဖူရှင်း၏ အေးစိမ့်သော မျက်လုံးများက ကောင်းကင်ထက်ရှိ ခေါင်းကိုးလုံးဖီးနစ်ကို စူးစိုက်ကြည့်နေပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ အရပ်ဆယ်မျက်နှာ နတ်ဆင်၏ အရိုးမှ တောက်ပသည့် အလင်းရောင်များ တောက်ပနေသည်။
ဘုန်း…
သူက ခြေလှမ်းလိုက်သည်။ လေထုက တုန်ခါသွား၏။ ထောင်သောင်းချီသည့် ဆင်များ တညီတညွတ်တည်း အော်မြည်လိုက်သည့် ထိတ်လန့်ဖွယ် မြင်ကွင်းက ကောင်းကင်နှင့် မြေကြီးတွင် ပေါ်ပေါက်လာသည်။ သူက နတ်ဆင်များ၏ အရှင်သခင် ဖြစ်နေသကဲ့သို့ ဖြစ်သည်။
မူလတောင်တန်း၏ အခြားတစ်ဖက်တွင် တန်ခိုးရှင်တစ်စုသည်လည်း သူတို့၏ လမ်းကြောင်းတွင် ရှိနေကြသည်။ နတ်ဆင်ကလန်မှ သူတို့သည် ကောင်းကင်တွင် ခရီးဆက်နေကြ၏။
သို့သော် ထိုအချိန်၌ တစ်စုံတစ်ခုကို ခံစားမိလိုက်ပြီး သူတို့အားလုံးက ပြန်လှည့်လိုက်ကာ ဆင့်ခေါ်ခံရသည့် ခံစားချက် ပေါ်ပေါက်လာမှုကို ရေးရေး ခံစားမိလိုက်သည့် တစ်နေရာသို့ ကြည့်လိုက်သည်။
ထိုခံစားချက်က ထူးဆန်းအံ့ဖွယ် ကောင်းသော်လည်း သူတို့အားလုံးသည် ထိုသည်က သူတို့ နတ်ဆင်ကလန်နှင့် ပတ်သတ်ရလိမ့်မည်ဟု သဘောပေါက်လိုက်ကြသည်။
မူလတောင်တန်းတွင် သူတို့၏ ဘိုးဘေးကများ ရတနာတစ်ခုခု ချန်ရစ်ခဲ့သည်လား။
“သွားကြစို့” သူတို့က တည်ငြိမ်စွာဖြင့် ပြန်လှည့်လိုက်ကာ ထိုနေရာသို့ သွားခဲ့ကြသည်။
တိုက်ပွဲကွင်းပြင်တွင် ခေါင်းကိုးလုံးဖီးနစ်၏ ခန္ဓာကိုယ်က ကောင်းကင်တွင် လွင့်မျောနေသည်။ သူ၏ အတောင်များကို ဖြန့်ကားထားသောအခါ ထိုအတောင်များက ကောင်းကင်အစွန်းထိ ရောက်ရှိသွားသကဲ့သို့ပင် ဖြစ်သည်။ သူ့ခန္ဓာအနီးတွင် နတ်ဆင်များ၏ အရိပ်က ထွက်ပေါ်လာသည်။ သူက လေထဲတွင် လမ်းလျှောက်လာသည့်အခါ ဖိနှိပ်မှုကို ပေးစွမ်းပေသည်။
သူက တောင်ပံများကို ဖွင့်ကာ တဖျတ်ဖျတ် ခတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် လျှပ်စီးကြောင်းကဲ့သို့ လျင်မြန်လှသော်လည်း ကြီးမားသည့် ဖိအားက သူ့အရှိန်ကို ကန့်သတ်ထားကြောင်း ခံစားမိလေသည်။
ဘုန်း..
ရီဖူရှင်း၏ ခန္ဓာကိုယ်က ကောင်းကင်သို့ ပျံသန်းလာသည်။ ထိုသည်က ခေါင်းကိုးလုံးဖီးနစ်သည် လူသားတန်ခိုးရှင်ထံမှ ခြိမ်းခြောက်မှုကို ခံစားရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
သူသည် ဟစ်ကြွေးလိုက်သည်။ မဟာလမ်းစဥ် စွမ်းအားများက အနက်ရောင် ဖျက်ဆီးခြင်းအလင်းများအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်သို့ ပျံသန်းကာ သူ့ခန္ဓာကိုယ် အနီး၌ ပြင်းထန်သည့် ဖျက်ဆီးခြင်းမုန်တိုင်း ဖြစ်ပေါ်လာသည်။
သူသည် တောင်ပံများကို ဖြန့်ကားလိုက်သည်။ ရုတ်တရက် ဖျက်ဆီးခြင်းအလင်းတန်းများက ဆင်ပုံရိပ်များဆီသို့ ဝန်းရံသွားကာ ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။
ထိုအချိန်တွင် ရီဖူရှင်းက ထွက်လာခဲ့သည်။
သူက လက်သီးနှစ်ဖက်ကို တစ်ချိန်တည်း၌ ပစ်လွှတ်လိုက်ကာ ကောင်းကင်သို့ ထိုးဖောက်လိုက်သည်။ နတ်ဆင်များက ကောင်းကင်တွင် စောင့်ကြပ်နေပြီး လေထုကို ဖိနှိပ်နေသည်။
ခေါင်းကိုးလုံးဖီးနစ်၏ လက်သည်းများက ကျဆင်းလာပြီး အဆုံးမဲ့ ဖျက်ဆီးခြင်းမုန်တိုင်းက လိုက်ပါလာကာ ရီဖူရှင်းဆီသို့ ထိုးသုတ်လိုက်သည်။
ဘုန်း…
သူတို့နှစ်ယောက်သည် ကောင်းကင်တွင် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ လူသားတစ်ယောက်နှင့် နတ်ဆိုးသားရဲတစ်ကောင်တို့သည် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်နေကြသည်။ ခေါင်းကိုးလုံးဖီးနစ်သည် သူ၏ အတောင်များကို ဖြန့်ကာ လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ ရီဖူရှင်းသည် နီးကပ်စွာ လိုက်ပါလာပြီး သူ၏ လက်သီးနှင့် လေထဲတွင် တစ်ခါပြီးတစ်ခါ ပစ်ထိုးနေ၏။ သူတို့သည် ဆက်လက်၍ ထိပ်တိုက်ရင်ဆိုင်နေကြပြီး ကောင်းကင်တွင် မတူညီသည့် နေရာများ ပြောင်းရွှေ့တိုက်ခိုက်နေသည်။ လေထုက ပြင်းထန်စွာ တုန်ခါနေ၏။
လျှပ်စီးက လင်းလက်လာသည်။ ရီဖူရှင်းသည် သူ၏ လက်သည်းများကို ဆွဲကိုင်ကာ အထက်သို့ တစ်ဟုန်ထိုး ပြေးသွား၍ ခေါင်းကိုးလုံးဖီးနစ်၏ ချိုးဖျက်၍ အားပြင်းလှသည့် လက်သီးနှင့် ခေါင်းကိုးလုံးဖီးနစ် ဝမ်းဗိုက်ဆီ ထိုးချလိုက်သည်။
လက်သီးချက်က ပြင်းထန်စွာ ကျရောက်လာပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် အသံသဲ့သဲ့ ထွက်ပေါ်လာသည်။ ထိုတိုက်ခိုက်မှုက ခေါင်းကိုးလုံးဖီးနစ်၏ ကြီးမားသော ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်သွား၍ သူ၏ အရိုးများကို ကျိုးကျေသွားစေကာ အတွင်းကလီစာများအား ဖျက်ဆီးလိုက်သည်။
သူက နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ၏ လက်သည်းများဖြင့် ရီဖူရှင်း၏ ဝမ်းဗိုက်ကို တိုက်ခိုက်လိုက်သည်။
ရီဖူရှင်း၏ လက်သီးတစ်ချက်ပြီးတစ်ချက်က ခေါင်းကိုးလုံးဖီးနစ်၏ ကြီးမားသော ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။ သူက တန်ပြန်အားကို သုံးကာ နောက်သို့ ပျံသန်းဆုတ်ခွာလိုက်ပြီးနောက် လေထုကို ဖြတ်ကာ ရှားရှင်းယွန်ရှိနေသည့် နေရာသို့ ပြန်သွားလိုက်၍ သူ့လက်မောင်းအတွင်း ပြန်လည် ထွေးပွေ့လိုက်သည်။
အထက်ကောင်းကင်တွင် ခေါင်းကိုးလုံးဖီးနစ်သည် သွေးများဖြင့် ရွှဲနစ်နေကာ သွေးစက်တို့က တစက်စက်ကျနေသည်။ ထိုအချိန်၌ သူ့ခန္ဓာထက်ရှိ အသက်ဓာတ်က တဖြည်းဖြည်း လျှော့ပါးလာပြီး သူ့ခန္ဓာကိုယ်က တည်ငြိမ်ခြင်းမရှိတော့ပေ။
သူ၏ အေးစက်သော မျက်လုံးများဖြင့် ရီဖူရှင်းထံသို့ လှမ်းကြည့်လိုက်သည်။ အတောင်များကို ဖြန့်၍ ခတ်လိုက်ပြီး အဝေးသို့ ပျံသန်းသွားသည်။ သူက လက်လျှော့လိုက်ပြီ ဖြစ်၏။
ထိုအခိုက်တွင် အခြားတိုက်ပွဲ၌ ရာရာသည် ဓားကိုးလက်ကို အဆက်မပြတ် စေခိုင်း၍ ကျန်းယွမ်ကို ထပ်ကာ ထပ်ကာ တိုက်ခိုက်နေသည်။ သူမက ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး ကျန်းယွမ်၏ ခန္ဓာကိုယ်ဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွားသည်။ သို့သော် ကျန်းယွမ်၏ နောက်၌ အစွမ်းထက် ဝင်္ကပါတစ်ခု ထွက်ပေါ်လာကာ လောကတခွင်ရှိ မိုးကြိုးစွမ်းအားများကို ဝါးမျို၍ ကျဆင်းလာစေသည်။ ဓားများသည် မိုးကြိုးမုန်တိုင်းအတွင်း ရစ်ပတ်ခံလိုက်ရသည်။
ထိုအချိန်၌ ဖျက်ဆီးခြင်း မိုးကြိုးမုန်တိုင်းက ထွက်ပေါ်လာပြီး ရာရာ့ဆီသို့ တိုက်ခိုက်လာသည်။ ရာရာသည် ပါးစပ်အပြည့် သွေးတစ်လုတ်အန်လိုက်ရ၏။ သူမ၏ ခန္ဓာကိုယ်က မိုးကြိုးများဖြင့် ရိုက်ခတ်ခံရကာ နောက်သို့ လွင့်စင်သွားပြီး အောက်သို့ ပြုတ်ကျလာသည်။
ဘန်း…
ရာရာ၏ ခန္ဓာကိုယ်သည် မြေပြင်နှင့် ရိုက်ခတ်မိကာ မြေပြင်တွင် ချိုင့်ကြီးဖြစ်ပေါ်လာသည်။ များပြားလှသည့် ဓားကျိုးများသည်လည်း လွင့်စင်သွားသည်။ ရုတ်တရက် ကြောက်မက်ဖွယ် အရိပ်များက အနက်ရောင်မြေကြီးပေါ်တွင် ထွက်ပေါ်လာပြီး နတ်ဆိုးဝိညာဥ်များကဲ့သို့ ရာရာ့ဆီ ပျံသန်းသွားသည်။
ဘုန်း.. လျှပ်စီးအလင်းက လျင်မြန်စွာ ရောက်ရှိလာပြီး နတ်ဆိုးဝိညာဥ်များကို ရှင်းလင်းလိုက်သည်။ ကျန်းယွမ်သည် မြေပြင်မှ ရာရာကို ငုံ့ကြည့်ကာ ပြောလိုက်သည်။ “မင်းက တော်တယ်။ အခုချိန်ကစပြီး ငါ့ဘေးမှာ ကျင့်ကြံရင်း ငါ့ကို အလုပ်အကျွေးပြုနိုင်တယ်”
ရာရာက သူမ၏ ခေါင်းကို မော့ကာ သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။ ခရမ်းရင့်ကောင်းကင်နန်းတော်မှ အဖွဲ့ကို ဦးဆောင်လာသည့် ဤလူက အလွန် မောက်မာလှသည်။
ဘုန်း…
မိုးကြိုးလျှပ်စီးကဲ့သို့ အလင်းတန်းက ကောင်းကင်ကို ဖြတ်သန်းရိုက်ခတ်လာသည်။ ကျန်းယွမ်က လက်တစ်ဖက်ကို မြှောက်ကာ မိုးကြိုးလက်ဝါးတစ်ချက်ကို ထုတ်ဖော်လိုက်သည်။ ကျယ်လောင်သည့် အသံထွက်ပေါ်လာပြီး ဓားတစ်လက်သည် သူ့လက်ဝါးမှ မိုးကြိုးဝင်္ကပါနှင့် တားဆီးခံလိုက်ရသည်။ ဓားက ဝင်္ကပါကို ထိုးဖောက်ချင်သော်လည်း မိုးကြိုးစွမ်းအားများ အောက်တွင် ပြာမှုန်အဖြစ် ပြောင်းလဲသွားသည်။
ပုံရိပ်တစ်ခုက လျင်မြန်စွာ ရောက်ရှိလာပြီး မြေပြင်တွင် ဆင်းသက်ကာ ရာရာကို ထူ မ ခေါ်ဆောင် လိုက်သည်။
သူက ခေါင်းကို မော့ကာ ကျန်းယွမ်ကို အေးစက်သည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး ပြန်လှည့်၍ ဓားဝင်္ကပါဆီ ဦးတည်လိုက်သည်။
ကျန်းယွမ်က အလျင်မလိုပေ။ သူ့အတွက်တော့ သူတို့ကို ဖမ်းရသည်မှာ ထောင်ချောက်ထဲမှ လိပ်များကဲ့သို့ မည်သူမှ သူ့လက်ထဲက လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
သူက ရာရာနှင့် တိုက်ခိုက်နေစဥ်အတွင်းတွင် ထိုမိန်းကလေး၏ တိုက်ခိုက်မှုစွမ်းရည်က အတော်လေး ကောင်းသည်ဟု ခံစားရသည်။ သူနှင့် အချိန်တစ်ခုထိ ယှဥ်တိုက်နိုင်စွမ်းရှိသည့် မည်သည့် တန်ခိုးရှင်မဆို ထူးချွန်သည်ဟု သတ်မှတ်နိုင်ပေသည်။
ထို့အပြင် သူမသည် ဆုံးဖြတ်ချက် ပြတ်သားပြီး သူမကိုယ်သူမ ခက်ခဲအောင် ပြုလုပ်နေသည်။ သူမသည် မိတ်ဆွေအပေါ် သစ္စာစောင့်သိပြီး မည်သည့် တန်ဖိုးမဆို ပေးဆပ်၍ ရီဖူရှင်းကို ကာကွယ်ပေးလိုနေသည်။
ထို့ကြောင့် သူက သူမကို သဘောကျသွားခဲ့ပြီး ထိုကဲ့သို့ လူမျိုး သူ့အနားတွင် ရှိလျှင် ကောင်းလိမ့်မည်ဟု တွေးမိပေသည်။
ရင်းနှီးသော ပတ်သတ်မှုအတွက်ကတော့ သူသည် ကျင့်ကြံခြင်းကိုသာ စိတ်ထဲထည့်ထားသည် ဖြစ်ရာ ထိုအကြောင်းကို မည်သည့်အခါမှ တွေးမိလိမ့်မည် မဟုတ်ပေ။
“မင်း အဆင်ပြေရဲ့လား” ရီဖူရှင်းက ရာရာ့ကို မေးလိုက်ပြီး ရာရာ၏ ခန္ဓာကိုယ်အတွင်းသို့ အသက်စွမ်းအားများ သွင်းပေးလိုက်သည်။ အသက်ဓာတ်က ကမ္ဘာ့သစ်ပင်၏ အကိုင်းအခက်များနှင့် အရွက်များမှ ထုတ်လွှတ်နေသည်။ ရာရာ၏ ဖြူဖျော့နေသည့် မျက်နှာက ပြန်၍ သွေးရောင်လွှမ်းလာသည်။ သူမ၏ ရွှန်းစိုသော မျက်လုံးများနှင့် ရီဖူရှင်းကို ကြည့်လိုက်သည်။ ဤနှစ်များအတွင်းတွင် သည် ‘အစ်ကိုကြီး’က သူမအား ‘ညီမလေး’ ဟု ခေါ်သော်လည်း အမြဲပင် သူမ၏ ကာကွယ်ပေးခြင်းကို လိုအပ်ခဲ့သည်။ သို့ပေမယ့် ယခုတွင် သူက အစွမ်းထက်လာပြီဖြစ်ရာ မကြာခင်၌ သူမကို လိုအပ်တော့မည် မဟုတ်ပေ။
သူမ၏ ကျင့်ကြံခြင်းက အထွတ်အထိပ်ကို ပြန်မရောက်သေးသော်လည်း ရီဖူရှင်းက သူမကို လိုက်မီလာပြီ ဖြစ်၏။
သို့သော် သူမသည် ပျော်ရွှင်မိသည်။ ဤခရီးစဥ် ပြီးသည့်နောက်တွင် သူတို့က မူလတောင်တန်းမှ အန္တရာယ်ကင်းကင် ထွက်ခွာသွားနိုင်ပါက ရီဖူရှင်းသည် သူမ၏ ကာကွယ်ပေးမှုအား ထပ်၍ လိုအပ်တော့မည် မဟုတ်ပေ။
ယနေ့ သူသည် သံသယကင်းစင်ခြင်းအဆင့်မှ ခေါင်းကိုးလုံးဖီးနစ်ကိုပင် ရှုံးနိမ့်စေခဲ့သည်။
“အင်း” ရာရာက ခေါင်းညိတ်ကာ ပြောလိုက်သည်။ ရီဖူရှင်းက သူမ ဤမျှ အများကြီး တွေးတောနေခြင်းအား မသိရှိပေ။ သူက ရှားရှင်းယွန်ကို ရာရာ့ ဘေးတွင် ထားလိုက်ပြီးနောက် ပြန်လှည့်လိုက်သည်။ သူက ခေါင်းကို မော့ပြီး ကောင်းကင်ရှိ ကျန်းယွမ်ကို ကြည့်လိုက်၏။ သူ၏ အကြည့်များက အလွန်အမင်း အေးစက်နေသည်။
“ကျုပ်ကို ရန်ဟောင်ရဲ့ အလောင်းနဲ့ အဲဒီအရိုးအပိုင်းအစကို ပေးလိုက်” ကျန်းယွမ်က ပြောလိုက်သည်။ ယခု သူသည် ရီဖူရှင်း နှင့် ခေါင်းကိုးလုံးဖီးနစ်ကြားမှ တိုက်ပွဲကို သတိပြုမိခဲ့သည်။ ထိုခွန်အားက အရိုးကြောင့် ဖြစ်ပေလိမ့်မည်။ သူက ရင်ကျိုးတောင်မှ ထိုမျှထိ လိုချင်နေသော အရိုးက အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ၏ အရိုးဖြစ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ မည်မျှ အံ့သြဖွယ် ကောင်းလိုက်သနည်း။
***