Switch Mode

အပိုင်း(၁၃၉၈)

ကျားကုပ်ကျားခဲ

တောင်ကြားထဲတွင် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားနေပြီး များစွာသော နတ်ဆိုးများသည် တပြိုင်နက်တည်း လှုပ်ရှားတိုက်ခိုက်နေကြသည်။ တခြားသော နတ်ဆိုးများသည်လည်း အခွင့်အရေးများကို ချောင်းမြောင်းနေကြသည်။

ချင်ရွှမ်ကန်းသည် ခရမ်းရင့်ကောင်းကင်နန်းတော်မှ ပြန်လည်မွေးဖွားခြင်းအဆင့်များကို လေထဲတွင် တားဆီးထားသည်။ တစ်ဘက်မှ အင်အားစုသည် ခရမ်းရင့်ကောင်းကင်နန်းတော်ဖြစ်သော်လည်း သူသည်ကား ရန်ဟောင်အဆင့်သို့ အလွန်နီးကပ်နေသူဖြစ်ကာ သူ၏ပင်ကိုယ်စွမ်းရည်ကလည်း မြင့်မားသူဖြစ်၏။

သူသည် သွေးနဂါးဘုံတွင် နဝမမြောက်အစေခံကို သတ်ဖြတ်ပြီးနောက် ပြန်လည်မွေးဖွားခြင်းအဆင့်၌ ပြိုင်ဘက်ကင်းဖြစ်လာခဲ့သည်။

ဤသို့သော တိုက်ပွဲများတွင် အနည်းဆုံး သံသယကင်းစင်ခြင်းအဆင့်များသာ တစ်စုံတစ်ခု လုပ်နိုင်ပေလိမ့်မည်။ ခွန်ရွှမ်ကို ကာကွယ်ပေးနေကြသော နတ်ဆိုးများသည်လည်း စတင်၍ လှုပ်ရှားကြသော်လည်း တစ်ဘက်အင်အားမှာ အရေအတွက်အားဖြင့် များပြားလှရာ သူတို့သည်လည်း တာရှည်တောင့်ခံရန် မလွယ်ကူတော့ပေ။

“သူ့ကို တိုက်ပွဲနေရာက ခေါ်ထုတ်သွားတော့” အေးစက်သောအသံတစ်သံ ထွက်ပေါ်လာသည်။ ခွန်ရွှမ်၊ ရီဝူချင်းနှင့် တခြားလူများက လှမ်းကြည့်လိုက်လျှင် မှန်နန်းတော်သခင်မအားမြင်ကြသည်။

သူမသည် သူတို့နှင့်အတူ တစ်ချိန်လုံး ရှိနေခဲ့သော်လည်း စကားအလွန်နည်းသူဖြစ်ပေသည်။ သူမကား အချိန်အများစုကို ရာရာနှင့်သာ လေ့ကျင့်ရင်း အချိန်ကုန်နေလေ့ရှိသည်။

ထိုအချိန်တွင် သူမ၏ခံစားချက်ကင်းမဲ့သော မျက်လုံးများသည် တစ်စုံတစ်ခုဖြင့် လှုပ်ခတ်နေဟန်ရသည်။ သူမက လျပ်တပြက် ရှေ့ကို ရွေ့လျားသွားသည်။ ယူချင်းကလည်း ရှေ့ကို တိုးသွားကာ ယူချင်းကို ခေါ်သွားရန်ပြင်သည်။

ဝုန်း…

အပေါ်မှ လျှပ်စီးများ ကျဆင်းလာခဲ့၏။ ယူချင်းက မာန်သွင်းလျှက် လျှပ်စီးတန်းသည် သူ့အပေါ်ကို ကျဆင်း၏။ လျှပ်စီးများက သူ့ခန္ဓာကိုယ်ကို စီးဆင်းကာ သူ့သွေးများအား ဆူပွက်စေရာ သူသည် ရပ်တန့်လိုက်ရ၏။ ယူချင်းက သူ့ထံလှမ်းလာနေသော ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများအား အေးစက်စွာ လှမ်းကြည့်လိုက်သည်။

ရာရာထံမှ ဓားအသိများ ကွဲထွက်လာသည်။ ထောင်ပေါင်းများစွာသော ဓားများသည် သူမအနီးတွင် ဖြစ်ပေါ်လာခဲ့ကာ မုန်တိုင်းအသွင်သို့ ပြောင်းလဲလျှက် ကျန်းယွမ်ထံသို့ တိုးဝင်သွားသည်။ ဓားမုန်တိုင်းသည် ကောင်းကင်တခွင်ကို ပြည့်နှက်လာဟန်ရ၏။

ကျန်းယွမ်က သူ၏ပြိုင်ဘက်ကို ဒေါသတကြီးကြည့်ကာ ရှေ့ကို ဆက်သွားလိုက်သည်။ လျှပ်စီးတန်းတစ်ခုအား သူက ထုတ်လွှတ်လိုက်လျှင် ဓားမုန်တိုင်းများ ပျက်စီးသွားရ၏။

သို့သော်လည်း ရာရာသည် သူမရပ်နေရာမှ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရ၏။ ရာရာကား ရီဖူရှင်းနှင့် ရှားရှင်းယွန်တို့ကို သယ်ဆောင်ကာ အဝေးသို့ ပျံသန်းသွား၏။

“မင်းက ဒီလိုပြေးနိုင်မယ် ထင်လား”

စွမ်းအားမြင့်တန်ခိုးရှင်များအားလုံး ထိတ်လန့်သွားကြသည်။ ကျန်းယွမ်ကလည်း ရာရာ ရုတ်တရက် ထွက်ပြေးမည်ဟု မထင်မှတ်ထားပေ။ သူကလည်း လျှပ်စီးတန်းအသွင်ဖြင့် နောက်မှ လိုက်၏။

သူက နောက်မှ လိုက်လျှင် ရာရာသည်လည်း လျှပ်စီးတန်းများအား ရှောင်ရှားကာ ရှေ့မှ ပြေး၏။

အပေါ်တွင် သားရိုင်းကြီးမားသည်လည်း အော်ဟစ်သံများပေးကာ ရွေ့လျားနေကြသည်။ များစွာသော နတ်ဆိုးများက သူမအား ပစ်မှတ်ထားကာ တိုက်ခိုက်ကြ၏။

ဘုန်း…

ရာရာသည် တိုက်ခိုက်မှုများအား ရှောင်ဖယ်လျှက် ဓားတစ်လက်အလား လေကို ခွင်းကာ ပျံသန်းနေသည်။ ထိုအချိန်တွင် တိုက်ခိုက်မှုများသည် သူမအပေါ်သို့ ဆူညံသံများပေးလျှက် ကျဆင်းလာ၏။ သို့သော်လည်း ချက်ချင်းပင် သူမတည်နေရာမှ ရုတ်တရက်ပျောက်ကွယ်သွားရာ တိုက်ခိုက်မှုက သူမအား ထိမှန်ခဲ့သလား မသေချာလိုက်ပေ။

“မဟာလမ်းစဉ်လေဟာနယ်ဓာတ်… ပြန်လည်မွေးဖွားခြင်းအဆင့်လောက် မြန်တာပဲ” ဗြဟ္မာ့သန့်စင်နန်းတော်မှ ချင်းဟယ်က ပြောသည်။ သူမကလည်း ရှေ့ကို တက်ကာ ရာရာနောက်သို့ လိုက်၏။

ကြည့်ရသည်မှာ သေဆုံးခြင်းချောက်ကမ်းပါးထဲမှ တန်ခိုးရှင်များသည် အရပ်မျက်နှာတစ်ခုတည်းကို ဦးတည်နေကြဟန်ရသည်။

သေဆုံးခြင်းချောက်ကမ်းပါးသည် အလွန်ကျယ်၏။ သို့သော်လည်း သူမက လေကိုခွင်းကာ ဆက်လက်ပျံသန်းနေခဲ့ကာ နောက်ဆုံးတွင် အစပ်နားသို့ ရောက်လာပြီး အပြင်သို့ ဦးတည်လိုက်သည်။

ထိုနေရာကိုကျော်လျှင်လည်း တောင်တန်းများဖြင့်သာ ပြည့်နေပြီး မြေဆီများခမ်းခြောက်ကာ အရာရာသည် ခြောက်သွေ့နေ၏။ တိမ်တိုက်နက်များ ကောင်းကင်ကို ဖုံးအုပ်ထားပြီး နေရာတိုင်းတွင် အန္တရာယ်များ ရှိနေဟန်ရသည်။

ရာရာထံသို့ လျှပ်စီးတန်းများ ဆက်လက်ကျဆင်းနေသည်။ ကျန်းယွမ်သည် သူမနောက်မှ ဆက်တိုက်လိုက်ပါနေသည်မှာ ထင်ရှား၏။

တိမ်မည်းများထဲတွင် မီးလျံများတောက်ပနေသော ခေါင်းကိုးလုံးဖိးနစ်ငှက်တစ်ကောင်ရှိနေကာ တိမ်များကိုစီးနင်းလျှက် ရွေ့လျားနေသည်။ သူ၏အတောင်ပံများမှာ ဖြန့်လိုက်လျှင် ကောင်းကင်ကိုပင် ဖုံးအုပ်နိုင်ဟန်ရ၏။ သူ၏မျက်လုံးအစုံကိုးခုသည် အလွန်တစ်ရာထက်ရှစွာဖြင့် တစ်နေရာကို ကြည့်နေသည်။ ထို့နောက် သူက အားလုံးကို လိုက်မှီသွားအောင် မြန်ဆန်စွာ ပျံသန်းလိုက်၏။

ခေါင်းကိုးလုံးဖီးနစ်များမှာ အလွန်တရာရှားပါးသော ဗီဇပြောင်းငှက်များဖြစ်ကာ ဖီးနစ်မျိုးနွယ်များ၏အသိအမှတ်ပြုခြင်းကို မခံရသော်လည်း သူတို့မှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းကြ၏။

သည်ဖီးနစ်ကား သေဆုံးခြင်းအငွေ့အသက်များကိုလည်း စားသုံးထားသေးဟန်ရသည်။

ထိုနေရာတွင် များစွာသော အရပ်မှ ရောက်လာကြကုန်သော သားရဲနတ်ဆိုးများနှင့် လူသားတန်ခိုးရှင်တို့ ရှိနေကြသည်။ သို့သော်လည်း သူတို့လည်း သူတို့၏ကျင့်ကြံခြင်းက အလွန်ကောင်းမွန်ခြင်းမရှိဘဲနှင့်တော့ လိုက်မှီစရာအကြောင်းမရှိပေ။

လေထဲတွင် ရှိနေသော ကျန်းယွမ်က မျက်မှောင်ကြုတ်လိုက်၏။ မူလတောင်ကား အန္တရာယ်များဖြင့် ပြည့်နှက်နေတတ်သည်။ အကယ်၍ သူတို့က အမှုမဲ့အမှတ်မဲ့ လှုပ်ရှားမိပါက သေဆုံးခြင်းချောက်နက်၌ဖြစ်ရပ်ကဲ့သို့ ကြုံရနိုင်ပေသည်။

သို့သော်လည်း သူ့ရှေ့မှ မိန်းမသည် ရှေ့သို့သာ ရူးသွပ်စွာ ပျံသန်းနေ၏။ သူ၏တိုက်ခိုက်မှုများက သူမကို ထိခိုက်မိလျှင်ပင် သူမသည် ရပ်တန့်မည့်ပုံမပေါ်ပေ။

ထိုအခိုက်တွင် ကျန်းယွမ်သည် ရှေ့ကို ကြည့်ကာ မသက်မသာခံစားလာရသည်။

ကျင့်ကြံသူများသည် အလွန်ခံစားမှုအားကောင်းကာ အထူးသဖြင့် သူ၏အဆင့်တွင် ကြီးမားသော ဘေးအန္တရာယ်နှင့်နီးကပ်လာပါက မသိစိတ်၏လှုံ့ဆော်မှုကို ခံစားရပေသည်။

သူက ရှေ့ကို ကြည့်ကာ အန္တရာယ်များသောနေရာတစ်ခုအား ရောက်လာသည်ဟု ရိပ်မိလိုက်၏။

ရှေ့မှ မြေရိုင်းနေရာသည် ဓားများစွာ စိုက်ဝင်နေသည်။ ဓားများကား ညစ်ပတ်ကာ ဟောင်းနွမ်းနေ၏။ သူတို့ကား သည်နေရာတွင် နှစ်ပေါင်းများစွာ တည်ရှိနေခဲ့ဟန်ရ၏။

အကြည့်တစ်ချက်မျှဖြင့် ဓားများမှာ အဆုံးအစမဲ့အောင်များပြားလှကြောင်း သိနိုင်ပေသည်။ ထိုနေရာမှ လာသော အငွေ့အသက်များမှာလည်း တစ်စုံတစ်ယောက်၏စိတ်နှလုံးကို တုန်ခါစေနိုင်သည်။

အဝေးတစ်နေရာတွင် ဓားပုံစံတောင်ကုန်းတစ်ခုရှိကာ ထိုဓားပုံစံတောင်ကုန်းသည် မြေပြင်ပေါ်၌ စိုက်ဝင်နေဟန်ရ၏။

ကျန်းယွမ်သည် ပိုမိုနီးကပ်လာသည်နှင့်အမျှ အန္တရာယ်၏အငွေ့အသက်များက ပိုမိုပြင်းထန်လာခဲ့သည်။

သို့သော်လည်း သူ့ရှေ့မှ မိန်းမသည်ကား ရပ်တန့်မည့်ဟန်မရှိဘဲ ရှေ့ကို ဆက်သွားနေသည်။

ကျန်းယွမ်၏မျက်နှာက ပြာနှမ်းသွားသည်။ သူမက သေလိုနေသည်များလား…။

ရာရာသည် မူလက အနည်းငယ် တွန့်ဆုတ်နေသေးသော်လည်း သေဆုံးခြင်းသစ်ပင်သည်ပင် ရီဖူရှင်းအားမသတ်နိုင်သည်ကို သတိရမိရာ တခြားသော ဘေးအန္တရာယ်များကလည်း ရီဖူရှင်းကို ခြိမ်းခြောက်နိုင်မည်မဟုတ်ဟု တွေးမိသည်။ ရီဖူရှင်းသည် သတိလစ်သွားခြင်းမှာ သေဆုံးခြင်းအသိက အလွန်ပြင်းထန်လွန်းသောကြောင့် သူ့အနေဖြင့် အသားမကျသေးသောကြောင့်ဟု ယူဆရသည်။ သူသည် သတိလစ်နေသော်လည်း တစ်ချိန်တည်းတွင် ပြန်လည်ကုစားနေသည်ဟု ယူဆရ၏။

သူမ၏အမြန်နှုန်းသည် သိသိသာသာ လျှော့ကျသွားခဲ့သည်။ သူမသည် ဓားပညာကို လေ့ကျင့်သော်လည်း လက်ရှိတွင် ဓားအသိကို ခံစားသိမြင်နိုင်ခြင်းမရှိပေ။ သည်နေရာက အလွန်အန္တရာယ်များသည်ဟုသာ ခံစားမိသည်။

မမြင်ရသော လှိုင်းတစ်ခုသည် လေထဲပျော်ဝင်နေကာ သူမ၏ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်လာပြီး မသက်မသာခံစားရစေသည်။ ထိုအားလှိုင်းသည် မကောင်းသော သဘောကို သယ်ဆောင်လာကာ သူမ၏စိတ်အား လွှမ်းမိုးရန် ကြိုးစား၏။

သို့သော်လည်း သူမသည် ရပ်တန့်ခြင်းမရှိဘဲ ပိုမိုနက်ရှိုင်းသောနေရာအထိ တိုးဝင်သွားခဲ့၏။

မဟာလမ်းစဉ်ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသော ကျန်းယွမ်သည် သူမအား ကြည့်ကာ အလွန်ရဲတင်းလွန်းသည်ဟု တွေးမိ၏။

သူမသည်ပင် ထိုသို့လုပ်ရဲပါက သူသည်လည်း ကြောက်လန့်နေစရာ အကြောင်းမရှိဟု တွေးလိုက်သည်။

လျှပ်စီးတန်းအလား သူက မြန်ဆန်စွာ ပျံသန်းသွားလိုက်၏။

သူ့ခန္ဓာကိုယ်တွင် စီးဆင်းနေသော မိုးကြိုးစွမ်းအားများသည် မကောင်းသော အငွေ့အသက်များအား ပယ်ဖျက်နိုင်စွမ်းရှိပေသည်။

ထိုနေရာမှ ထွက်ပေါ်နေသော အငွေ့အသက်များသည် သူ၏စိတ်နယ်ပယ်ထဲကို တမုဟုချင်းဝင်ရောက်တိုက်စားလာခဲ့ကြပြီဖြစ်သည်။ သို့သော်လည်း သူ့တစ်ကိုယ်လုံး တစ်ဝုန်းဝုန်းမြည်နေသည့်တိုင် သူကား တည်ငြိမ်နေဆဲဖြစ်သည်။

သူက ခေါင်းငုံ့ကာ အောက်ကို ကြည့်သည်။ သည်နေရာကား လွန်ခဲ့သော နှစ်ပေါင်းများစွာက စစ်မြေပြင်ဖြစ်ခဲ့ဟန်ရကာ များစွာသော ဝိညာဉ်တစေများ ခိုအောင်းနေသည့်နေရာလည်းဖြစ်ဟန်ရသည်။

များစွာသော စွမ်းအားမြင့်တန်ခိုးရှင်များ တစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့ကြ၏။ သို့သော်လည်း သူတို့မှာ ထိုနေရာအနီးသို့ ရောက်လာလျှင် တစ်စုံတစ်ခု၏အဟန့်အတားကြောင့် နှေးကွေးလာရ၏။

သည်နေရာအထိ ရောက်လာနိုင်သူများမှာ ကျင့်ကြံဆင့်မြင့်မားသူများဖြစ်ကြရာ သူတို့အားလုံး အာရုံခံစားမှုအားကောင်းကြပေသည်။

သူတို့ တွန့်ဆုတ်နေသောအချိန်တွင်ပင် လေထဲတွင် မုန်တိုင်းများစတင်ဖြစ်ပေါ်လာသည်။ ထိုနေရာသို့ ခေါင်းကိုးလုံးဖီးနစ်သည် လေကိုခွင်းလျှက်ပျံသန်းလာ၏။ သူ၏မျက်လုံးများက အေးစက်ကာ ရင့်သီးလွန်းသည်။

ရာရာသည် ပိုမိုနက်ရှိုင်းသောနေရာသို့အထိ ဆင်းလာခဲ့၏။ မိစ္ဆာအတွေးများက သူမ၏စိတ်ကို ပိုမိုလွှမ်းမိုးလာခဲ့၏။ ကံကောင်းသည်ကား သူမ၏စိတ်နှလုံးသည် နှစ်ဘဝကာလကို ဖြတ်သန်းထားပြီးဖြစ်ခြင်းပင်။ သူမက ဓားသဏ္ဌာန်တောင်ကုန်းကို ရောက်လျှင် ရီဖူရှင်းနှင့် ရှားရှင်းယွန်တို့အား အောက်ကို ချထားလိုက်သည်။

ဝေါ့…

ခြောင်းတစ်ချက်နှင့်အတူ သွေးများ သူမ၏ပါးစပ်ထောင့်မှ စီးကျလာခဲ့၏။ ထို့နောက် သူမက တစ်ဘက်မှ ပျံသန်းလာသော ကျန်းယွမ်အား ကြည့်ကာ ဓားစွမ်းအားများကို ထုတ်လိုက်သည်။ သူမသည် လမ်းတွင်ကတည်းက ဒဏ်ရာရလာခဲ့သည်မှာ သေချာသည်။

ကျန်းယွမ်သည် သူမထံသို့ ရောက်လာကာ အေးစက်စွာ ကြည့်သည်။ သူက ရာရာအား ပြောသည် “မင်းဆက်ပြီး မခုခံနဲ့တော့။ သူ့ကို ထုတ်ပေးလိုက်။ ငါသူ့ကို မသတ်ဘူး”

ရာရာက သူ့အား အေးစက်စွာ ကြည့်သည်။ သူမက မည်သည့်စကားမှ မဆို။ ကောင်းကင်တစ်ခုလုံးသည်သာ သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်လာတော့သည်။

ဝုန်း…

သူမထံမှ ကျက်သရေရှိသော အသွင်တစ်ခုသည် နိုးထလာဟန်ရကာ မဟာလမ်းစဉ်ဓားနှင့် ပေါင်းစပ်သွား၏။ ဓားထံမှ ဓားဝင်္ကပါသည် အလွန်မြန်ဆန်စွာ ထွက်ပေါ်လာခဲ့၏။

ကျန်းယွမ်၏ခေါင်းထက်တွင် လျှပ်စီးဝင်္ကပါတစ်ခု ပေါ်လာဟန်ရသည်။ လျှပ်စီးတန်းရှစ်ခုသည် သူ့အား လှည့်ပတ်နေကာ အဆုံးအစမဲ့သော မိုးကြိုးလျှပ်စီးများကို စုစည်းသည်။

ရာရာ၏အဝတ်အစားများနှင့် ဆံပင်များက လေပြင်းများတိုက်ခိုက်သောကြောင့် ပြင်းထန်စွာ လှုပ်ရှားနေသည်။ သူမက ရှေ့ကို တက်သွားလျှင် နောက်ထပ် သဏ္ဌာန်တစ်ခုသည် သူမ၏ခန္ဓာကိုယ်မှ ပွားလာခဲ့ကာ ဓားအသွင်သို့ ပြောင်းလဲသွား၏။

ဝုန်း…

ဓားသည် ပထမဓားနှင့် ပေါင်းသွားကာ ပိုမို၍ အင်အားကောင်းလာခဲ့သည်။

“မင်း အသက်နဲ့ရင်းပြီးတိုက်ခိုက်ရင်တောင်မှ ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး” ကျန်းယွမ်က အေးစက်စွာ ပြောသည်။ သူက လက်ဝှေ့ယမ်းလျှင် လျှပ်စီးတန်းများသည် ရာရာထံကို စတင်ရစ်ပတ်လာခဲ့ကြ၏။

ပြင်းထန်သော လျှပ်စီးကြောင်းသည် သူမ၏ဓားများနှင့် ရင်ဆိုင်တွေ့၏။

ရာရာသည်သာ ပြန်လည်မွေးဖွားခြင်းအဆင့်စိတ်နှလုံးကို မပိုင်ဆိုင်ထားခဲ့ပါက ကျန်းယွမ်ကို မည်သို့မှ ယှဉ်နိုင်မည်မဟုတ်ပေ။

အမှန်တကယ်တမ်းအားဖြင့် ကျန်းယွမ်သည် သံသယကင်းစင်ခြင်းအဆင့်တွင်သာဖြစ်သော်လည်း သူ၏တိုက်ခိုက်ရေးစွမ်းအားသည် ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ရောက်နေပြီဖြစ်သည်။

ရီဖူရှင်းနှင့် ရှားရှင်းယွန်တို့၏ခန္ဓာကိုယ်မှာ ဓားသဏ္ဌာန်တောင်ပေါ်၌ ရှိနေသည်။ အဆုံးအစမဲ့သော မိစ္ဆာအငွေ့အသက်များသည် သူတို့ထံသို့ ရစ်ပတ်လာခဲ့ကာ သူတို့၏သေဆုံးခြင်းအငွေ့အသက်များကို စားသုံးကြသည်။

ရီဖူရှင်းအား အလင်းတန်းကလေးများ စတင်စီးဆင်းလာသည်။ သူသည် အပြင်ဘက်၌ မည်သို့ဖြစ်ပျက်နေသည်ကို သိရှိခံစားမိဟန်ရသည်။

သူ့ခန္ဓာကိုယ်အတွင်းမှလည်း တစ်ဝုန်းဝုန်းမြည်သံများ ထွက်ပေါ်နေသည်။

ဝုန်း…

လေပြင်းများနှင့်အတူ ကောင်းကင်တွင် ခေါင်းကိုးလုံးဖီးနစ်နှက်ပေါ်လာသည်။ ဖီးနစ်အော်သံနှင့်အတူ ၄င်းသည် ရီဖူရှင်းနှင့် ရှားရှင်းယွန်တို့ထံသို့ ဦးတည်လာကာ ဖမ်းကုပ်ရန် ကြိုးစား၏။

“သားရဲစုတ်…” ကျန်းယွမ်က အေးစက်စွာ တစ်ချက်ကြည့်ကာ လျှပ်စီးတန်းအချို့ပစ်လွှတ်လိုက်သည်။ သို့သော်လည်း ဖီးနစ်ငှက်က အတောင်ပံများကို ဖြန့်ကာ လျှပ်စီးတန်းများအား တားဆီးကာကွယ်၏။ လျှပ်စီးတန်းများသည် တောင်ပံများကို ထသော်လည်း မည်သို့မှ ထိခိုက်စေဟန်မတူ။

ဖီးနစ်သည် ဆက်လက်၍ ဆင်းသက်လာခဲ့ကာ ရီဖူရှင်းထံသို့သာ ဦးတည်နေသည်။

ရီဖူရှင်းထံမှ ကိုယ်ရောင်ကိုယ်ဝါများ ရုန့်ရမ်းကြမ်းတမ်းစွာ ထွက်ပေါ်လာနေသည်။ ဖီးနစ်က သူ့အား ဝါးမျိုခါနီးတွင်ပင် သူ့ထံမှ ရောင်စဉ်ရောင်ဝါများ ထွက်ပေါ်လာတော့သည်။

ဝုန်း…

ငှက်က ဆင်းသက်လာခဲ့ကာ သူတို့နှစ်ဦးလုံးအား ကောက်ချီလိုက်သည်။ ထို့နောက် သူက တောင်ပံများကို ဖြန့်ကာ အဝေးသို့ ပျံသန်းသွားရန် ကြံသည်။

ထိုအခိုက်တွင် ရောင်စဉ်ရောင်ဝါများ လင်းလက်နေသော ရီဖူရှင်းသည် အလုံးစုံမဲနက်နေသော မျက်လုံးများအား ရုတ်တရက် ဖွင့်လိုက်၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset