Switch Mode

အခန်း ( ၂ )

စားဖိုဆောင်

စိတ်စွမ်းအင်နတ် ရေစင်ဂိုဏ်းသည် ကောင်းကင်တံတား မြစ်၏ အခြေတွင်တည်ရှိပြီး တောင်ဘက်နှင့်မြောက်ဘက်ဟူ၍ ပိုင်းခြားထားသည်။ ထိုဂိုဏ်းသည် လွန်ခဲ့သော နှစ်ပေါင်းများစွာတည်းက တည်ထောင်ခဲ့သောဂိုဏ်းဖြစ်ပြီး ထိုဒေသတွင် အလွန်ထင်ရှားကျော်ကြားသည်။

ထိုမြစ်အနီးတွင် တောင်ထိပ်၌ မြူများဖုံးလွှမ်းနေသော ဧရာမတောင်ကြီး ရှစ်လုံးတည်ရှိသည်။ တောင်ကြီးလေးလုံးသည် မြစ်၏ မြောက်ဘက်တွင် တည်ရှိပြီး ကျန်သုံးလုံးမှာ မြစ်၏ တောင်ဘက်တွင် တည်ရှိသည်။ ကျန်သောတောင်တစ်လုံးမှာမူ အကြီးဆုံးသော တောင်ကြီးဖြစ်ပြီး မြစ်၏အလယ်တည့်တည့်တွင်တည်ရှိသည်။

ထိုတောင်ကြီး တစ်တောင်လုံးကို နှင်းများဖုံးလွှမ်းထားသဖြင့် ဖွေးဖွေးဖြူလျက်ရှိသည်။ အမြင့်ဆုံးတောင်ကြီးဖြစ်သည်နှင့် လျော်ညီစွာ တောင်ထိပ်ကိုပင် မမြင်နိုင်လောက်အောင် မြင့်မားလွန်းသည်။ တောင်ကြီး၏အလယ်တွင် လိုဏ်ခေါင်းဖြစ်နေပြီး ထိုလိုဏ်ခေါင်းထဲမှ ရွှေအဆင်းရှိသော ရေများ စီးဆင်းနေသည့် မြစ်တစ်စင်းက မြစ်ဖျားခံလာသည်။ မြစ်သည် တောင်၏အလယ်ကို ဖောက်၍စီးဆင်းနေသည်ဖြစ်ရာ တောင်ကြီးကိုယ်တိုင်ပင်လျှင် တံတားတစ်စင်းသဖွယ်ဖြစ်နေသည်။

ထိုစဉ် အလင်းတန်းတစ်ခုသည် ဂိုဏ်း၏တောင်ဘက်ပိုင်းမှ ဖြာထွက်လာသည်။ ထိုအလင်းတန်းမှာ လီချင်းဟောက် နှင့် ပိုင်ရှောင်ချန်း တို့မှလွဲ၍ အခြားသူမဖြစ်နိုင်ပေ။ သူတို့သည် တတိယမြောက် တောင်ထိပ်နားအထိပျံသန်းလာခဲ့ပြီး အစေခံတန်းလျားများမှပင် ပိုင်ရှောင်ချန်း၏ တုန်လှုပ်စွာအော်ဟစ်နေသံကို ကြားနိုင်လောက်ပေပြီ။

သူသည် ကိုယ်ဖော့ပျံသန်းနေရာမှ ပြုတ်ကျပြီး သေရမည်ကို ကြောက်ရွံ့လျက်ရှိသည်။ သူတို့သည် မရေမတွက်နိုင်လောက်အောင်များပြားသော တောင်တန်းများကို ဖြတ်သန်းခရီးနှင်လာခဲ့ကြပြီး ဖြစ်သည်။ရှောင်ချန်းသည် တချိန်လုံး လီ၏ခြေထောက်ကို ဖက်တွယ်လိုက်ခဲ့ခြင်းဖြစ်ပြီး လွတ်ထွက် ပြုတ်ကျသွားတော့မည်ဟု လမ်းတစ်လျှောက်လုံး မကြာခဏ ခံစားနေရသည်။

နောက်ဆုံးတွင်မူ အရာအားလုံး ဝေဝါးသွားသည်။ထို့နောက် တဖန်ပြန်လည် ကြည်လင်ပြတ်သားလာပြန်သည်။ လီ သည် အဆောက်အဦးတစ်ခု၏ အရှေ့ဘက်တွင် ဆင်းလိုက်သည်ကို ပိုင်ရှောင်ချန်း သတိပြုမိလိုက်သည်။ သူသည် တုန်ရီစွာ ရပ်နေရာမှ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်မိသောအခါ သူ၏ရွာမှာမြင်နေကြမြင်ကွင်းများနှင့် အလွန်ပင်ခြားနားနေကြောင်း တွေ့ရသည်။

ထိုအဆောက်အဦးရှေ့တွင် ကျောက်တိုင်ကြီးတစ်တိုင်ရှိပြီး ထိုကျောက်တိုင်ကြီးပေါ်တွင် စာလုံးများကို တင့်တယ်ဝင့်ကြွားစွာ ရေးထိုးထားလေသည်။

“အစေခံများစီရင်ရေးရာဌာန”

ထိုကျောက်တိုင်ကြီးဘေးတွင်မူ မျက်နှာတွင် ကျောက်ပေါက်ရာများနှင့် အမျိုးသမီးကြီးတစ်ဦး ရှိနေသည်။

သူသည် လီ ကိုမြင်လျှင်မြင်ချင်း ခြေထောက်များကိုမြှောက်တင်လိုက်မိသည်အထိ ပျော်ရွှင်သွားပြီး လီ ကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်နှုတ်ဆက်သည်။

“ဒီကလေးကို စားဖိုဆောင်ကိုပို့လိုက်ပါ”
လီ ကပြောသည်။

ထို့နောက် လီ သည် ပိုင်ရှောင်ချန်ကို ဂရုမျှပင်မစိုက် စကားတစ်လုံးမှထပ်မပြောဘဲ အလင်းတန်းအဖြစ်သို့ ပြောင်းလဲကာ ထွက်ခွာသွားလေသည်။

ကျောက်ပေါက်ရာများနှင့်အမျိုးသမီးသည် ပိုင်ရှောင်ချန်းကို စားဖိုဆောင်သို့ ပို့ရန် အကြောင်းကို ကြားလိုက်ရသောအခါ တုန်လှုပ်ခြောက်ခြားစွာ ငေးစိုက်ကြည့်နေသည်။ ပိုင်ရှောင်ချန်းကို ခြေဆုံးခေါင်းဆုံးအကဲခတ်ပြီးနောက် အစေခံများဝတ်ရသောတူညီဝတ်စုံနှင့် အခြားပစ္စည်းတချို့ထည့်ထားသော အိတ်ကိုပေးသည်။

ကျောက်ပေါက်ရာများနှင့် အမျိုးသမီးသည် အဆောက်အဦးဘေးနားက လမ်းမှ ခေါ်သွားပြီး အချို့သော အခြေခံ ဂိုဏ်းစည်းကမ်းများကို မျက်နှာသေနှင့်ရှင်းပြလာသည်။

လမ်းတစ်လျှောက်ကို အစိမ်းရောင်သလင်းကျောက်များဖြင့် ခင်းထားသည်။ ဘေးပတ်ဝန်းကျင်တွင် အဆောက်အဦးကြီးများက ခြံဝန်းကျယ်ကြီးထဲတွင် တင့်တယ်စွာရှိသည်။

ထို့အပြင် အလွန်မွှေးကြိုင်သော ပန်းရနံ့မျိုးစုံက လေထဲတွင် လွင့်ပျံ့လျက်ရှိသည်။

ထိုနေရာတစ်ခုလုံးသည် ကောင်းကင်ဘုံကဲ့သို့ သာယာကြည်နူးဖွယ်ကောင်းလျက်ရှိသည်။

ပိုင်ရှောင်ချန်းသည် ပတ်ဝန်းကျင်၏ သာယာမှုတွင် စီးမျောသွားကာ ကြောက်ရွံ့ထိတ်လန့်မှုများ တဖြည်းဖြည်းပျောက်ကွယ်စပြုလာသည်။

“ဒီနေရာက အံ့သြစရာ သိပ်ကောင်းတာပဲ။ ပြီးတော့ ရွာထက်လည်း အများကြီးကောင်းတယ်”

သူက ပြောသည်။ အမျိုးသမီးကြီးခေါ်ဆောင်ရာနောက်သို့ လိုက်သွားရင်းမှ သူ့မျက်ဝန်းတွင် မျှော်လင့်ချက်များနှင့် တဖိတ်ဖိတ်တောက်လာသည်။

မြင်ကွင်းများသည် သွားနေရင်းမှ ပို၍ ပို၍ ကျက်သရေရှိလာကာ တင့်တယ်လှပလာသည်။

ထို့အပြင် သူသည် လမ်းတစ်လျှောက်တွင် အလွန်ချောမောလှပသော မိန်းမပျိုလေးများနှင့်ပင်လျှင် ဆုံမိလေသောအခါ ရင်တွေတဒိတ်ဒိတ်ခုန်လာပြီး ပျော်ရွှင်အူမြူးလာသည်။

မကြာမီ ပိုင်ရှောင်ချန်း ပိုမို ရင်ခုန်လာရသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သွားနေသည့် လမ်းဆုံးနေရာကို မြင်လာရနေပြီ ဖြစ်သောကြောင့်ဖြစ်သည်။ လမ်း၏အဆုံးတွင် ဘုံလွှာခုနစ်ဆင့်မြင့်သည့် တဖိတ်ဖိတ်တောက်နေသည့် သလင်းကျောက်များဖြင့် ဆောက်လုပ်ထားသော အဆောက်အဦကို တွေ့လိုက်ရသည်။ နိဗ္ဗာန်ဘုံအလား ကြိုးကြာငှက်များကလည်း လေထဲတွင် ပျံဝဲနေကြသေးသည်။

“မရောက်သေးဘူးလား မမကြီး”
ပိုင်ရှောင်ချန်းက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

“ဟုတ်တယ် မရောက်သေးဘူး”

အမျိုးသမီးကြီးက ထုံးစံအတိုင်း အေးစက်စက် မျက်နှာသေနှင့် ဖြေသည်။ ပြီးတော့ လမ်းကျဉ်းလေးတစ်ခုကို ညွှန်ပြပြီး
“ဒါ ငါတို့ သွားရမယ့် လမ်းပဲ” ဟုပြောသည်။

အမျိုးသမီးကြီးညွှန်ပြသောလမ်းကိုကြည့်ပြီး ပိုင်ရှောင်ချန်းသည် မျှော်လင့်စောင့်စားရင်း ရင်တွေ တဒိန်းဒိန်းခုန်လာသည်။ သို့သော် သူ့တစ်ကိုယ်လုံး တောင့်တင်းသွားသည်။

ထိုလမ်းကို မြင်လိုက်ရသောအခါ သူသည် မျက်လုံးများကို မယုံနိုင်စွာပင် ပွတ်သပ်ကြည့်လိုက်သည်။ထို့နောက် ထပ်မံ၍ နောက်တစ်ကြိမ် ပွတ်သပ်ကြည့်ပြန်သည်။

အဘယ့်ကြောင့်ဆိုသော် အနည်းငယ် မျှော်ကြည့်လိုက်သောအခါ မကြာသေးမီက မြင်ကွင်းများနှင့် အလွန်ကွာခြားလှစွာ ကျောက်စရစ်ခဲများကို မညီမညာခင်းထားသော လမ်းကျဉ်းလေး တစ်လျှောက်တွင် သက်ကယ်များနှင့်မိုးထားသော တဲငယ်လေးများမှာ အစီအစဉ်မကျစွာ တစစီ ပြန့်ကျဲနေသည်။ ထို့အပြင် ထူးခြားသော အနံ့ဆိုးကြီးကိုလည်း ရနေသေးသည်။

ပိုင်ရှောင်ချန်းသည် အော်ငိုချင်စိတ်ပေါက်လာသည်။သို့သော် မျက်ရည်များက ထွက်မလာပါပေ။

သူသည် မျှော်လင့်ချက်ယဲ့ယဲ့လေးထားကာ ကျောက်ပေါက်ရာများနှင့်အမျိုးသမီးကြီးကို နောက်ထပ်မေးခွန်းတစ်ခုထပ်မေးသည်။

“မမကြီး ကျွန်တော်တို့ လမ်းများမှားလာတာလားမသိဘူးနော်”

“မမှားဘူး”
အမျိုးသမီးကြီးက တုံးတိတိဖြေရင်း ကျောက်ခင်းလမ်းထဲသို့ ဝင်သွားသည်။

အမျိုးသမီးကြီး၏ တုံ့ပြန်မှုကိုကြားလိုက်ရသောအခါ ပိုင်ရှောင်ချန်သည် ပတ်ဝန်းကျင်က အလှတရားများအားလုံး ပျောက်ပျက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက် ကြိတ်မနိုင်ခဲမရဟန်ပေါ်လာပြီး အမျိုးသမီးကြီးနောက်သို့ဆက်လိုက်သွားလေသည်။

သိပ်မကြာခင်တွင် ဟောင်းနွမ်းလွန်းသော လမ်းအဆုံးသို့ ရောက်သွားလေသည်။ ထိုနေရာတွင် ကြီးမားသည့် မိုးပြဲဒယ်အိုးကြီးများစွာကို နေရာအနှံ့တွင်တွေ့လိုက်ရသည်။

မကြာမီမှာပင် အိုးကြီးများ၏နောက်တွင်မယုံကြည်နိုင်လောက်အောင် အဝလွန်နေသော ဧရာမလူဝကြီးများကိုပါ သတိပြုမိသွားသည်။

ထိုလူဝကြီးများသည် အလွန်အမင်းဝလွန်းနေသောကြောင့် အသားစိုင်များက ခန္ဓာကိုယ်တစ်ခုလုံးကို ဆွဲညှစ်ထားပုံမှာ လေအပြည့်လွန်နေသော မိုးပျံပူဖောင်းများကဲ့သို့ပင်ဖြစ်နေသည်။

ပိုင်ရှောင်ချန်းသည် လူဝကြီးများကို ကြည့်ရသည်မှာ တစ်ယောက်ထက်တစ်ယောက် ပိုဝလာသကဲ့သို့ ခံစားရသည်။သူ့စိတ်ထဲတွင် လူဝကြီးများကို အသားစိုင်တောင်ကြီးများဟုပင် ထင်မိသည်။ ထို့ကြောင့် သူတို့ကို ပေါက်ကွဲထွက်တော့မည်လား ဟုပင် စိုးရိမ်မိလေသည်။

ထိုနေရာတစ်ခုလုံးသည် ရာပေါင်းများစွာသော မိုးပြဲဒယ်အိုးကြီးများနှင့် ပြည့်နှက်လျက်ရှိသည်။ထိုအိုးကြီးများအကြားတွင် လူဝကြီးများသည် ထမင်းများကို ချက်ပြုတ်ပြင်ဆင်နေကြသည်။

ထိုစဉ် ပိုင်ရှောင်ချန်းသည် တစ်ယောက်ယောက်က အနားသို့တိုးလာသကဲ့သို့ ခံစားမိ၍ ကြည့်လိုက်သောအခါ ကျောက်ပေါက်ရာများနှင့်အမျိုးသမီးဖြစ်နေသည်။

ထိုအခိုက် စားဖိုဆောင်ကို တာဝန်ယူထားရသော လူဝကြီးများထဲမှ အဝဆုံး ပုဂ္ဂိုလ်ကြီးသည်လည်း ဘယ်လက်ထဲတွင် ယောက်ချိုဇွန်းကိုကိုင်ကာ အသားစိုင်တုံးကြီးလိမ့်လာသကဲ့သို့ ပိုင်ရှောင်ချန်တို့နားသို့ ခပ်သွက်သွက် ရှေးရှုလာသည်။ ထိုလူဝကြီးလမ်းလျှောက်လာသည့်အရှိန်ကြောင့် မြေကြီးများပင် တုန်ခါနေပြီး သူ့အဆီများမှာလည်း တွဲရွဲကျ ယိမ်းခါနေသဖြင့် ရှောင်ချန်းမှာ ထိုမြင်ကွင်းကို သွေးပျက်ခြောက်ခြားစွာ ငေးကြည့်နေမိလေသည်။ ထို့နောက် ပုဆိန်ကို သတိလက်လွတ် စတင်ရှာဖွေမိလေသည်။

“ဒီနေ့မနက်ခင်းမှာ ကျေးငှက်လေးတွေက အသံသာသာလေးတွေနဲ့ ထူးထူးခြားခြား သီချင်းတွေဆိုနေတာ ဘာလို့များပါလိမ့်လို့ အခုမှ ကျုပ်သိတော့တယ်”

အသားစိုင်တောင်ကဲ့သို့ လူဝကြီးက မနက်ကအဖြစ်အပျက်တွေကို ပြန်ကြားယောင်ရင်း ကျယ်လောင်စွာအော်ပြောလိုက်သည်။

“တကယ်တော့ ဒါတွေအားလုံးက အမကြီး လာလို့ဖြစ်တာပဲ။ ဘယ်လိုလဲ စိတ်ပြောင်းသွားလို့ လာတာလား အမကြီး။ နောက်ဆုံးတော့ ခင်ဗျားက ကျုပ် အရည်အချင်းတွေကို သတိပြုမိပြီး ကျုပ်ရဲ့ ဘဝလက်တွဲဖော်ဖြစ်ဖို့ ဒီနေ့ ရောက်ချလာတာလား ” ဟုပြောရင်း လူဝကြီးသည် ကျောက်ပေါက်ရာများနှင့်အမျိုးသမီးကို ရမ္မက်ရောင်လွှမ်းသော မျက်လုံးတွေနှင့် ကြည့်လာသည်။

ကျောက်ပေါက်ရာများနှင့် အမျိုးသမီးသည် လူဝကြီးကို စက်ဆုပ်ရွံရှာစွာနှင့် ဒေါသထွက်စွာ ကြည့်လိုက်သည်။

“ငါ့တာဝန်က ဒီကလေးကို စားဖိုဆောင် ပို့ရုံပဲ…”
အမျိုးသမီးက ပြောသည်။

“ကဲ…ငါ့တာဝန်လည်း ပြီးပြီဆိုတော့ ငါသွားဖို့အချိန်တန်ပြီ…”

ဟုပြောနေရင်းနှင့်ပင် ကဗျာကယာထွက်သွားလေသည်။

ရှောင်ချန်းသည် သက်ပြင်းချလိုက်သည်။ ကျောက်ပေါက်ရာများနှင့် အမျိုးသမီးကြီးသည် သူတို့လာလမ်းအတိုင်းပြန်သွားပြီ ဖြစ်ပြီး တော်တော်ထူးဆန်းတဲ့ အမျိုးသမီးဟု ရှောင်ချန်းတွေးမိသည်။ ပြီးတော့ အမျိုးသမီးနှင့် လူဝကြီးကို အောင်သွယ်မလုပ်လိုက်ရသည့်တိုင် လူဝကြီးနှင့်သာ ချစ်သူဖြစ်သွားရင် ဘယ်လိုနေမလဲဟု တွေးနေမိသည်။ သို့သော် ကျောက်ပေါက်ရာများအပြည့် မျက်နှာမျိုးကို ပိုင်ဆိုင်ထားသောအမျိုးသမီးပင်လျှင် ဤလူဝကြီးကို တော်တော်စိတ်ပျက်နေပုံရသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ရှောင်ချန်းထပ်ပြီး မဝေဖန်နိုင်ခင်မှာပင် အသားစိုင်တုံးကြီးသည် ရှောင်ချန်းရှေ့တွင် ရုတ်တရက် လာရပ်လေသည်။ သူ့ကြည့်ရသည်မှာ ထိုမျှလှုပ်ရှားရသည်ကိုပင် ပင်ပန်းနေဟန်ရှိသည်။ ရှောင်ချန်းနှင့် လူဝကြီးယှဥ်လိုက်သောအခါ လူဝကြီး၏ အလွန်ကြီးမားသော အရိပ်ကြီးသည် ရှောင်ချန်းတစ်ကိုယ်လုံးပေါ်သို့ အုပ်မိုးစွာ ကျရောက်လျက်ရှိသည်။

ရှောင်ချန်းသည် လူဝကြီး၏ တုန်နေသော ကြီးမားသည့်အသားစိုင်ကြီးများကို ကြည့်ကာ တံတွေးကို ခက်ခက်ခဲခဲ မျိုချမိသည်။ အမှန်မှာ ထိုမျှလောက် အသားကုန်ဝပြဲနေသော လူဝကြီးကို မြင်ဖူးသည်မှာ သူ့ဘဝတွင် ပထမဦးဆုံးအကြိမ် ဖြစ်သည်။

လူဝကြီးသည် ကျောက်စရစ်လမ်းအတိုင်းပြန်သွားသော ကျောက်ပေါက်ရာများနှင့် အမျိုးသမီးကြီးကို ကြိတ်မနိုင်ခဲမရ လှမ်းကြည့်နေရာမှ ရှောင်ချန်းဘက်သို့ လှည့်လာသည်။

“ကောင်းပြီ…ကောင်းပြီ…ငါတို့အဖွဲ့ထဲ အသစ်တစ်ယောက်တိုးပြီပေါ့။ ရွှီပေါက်ချိုင်နေရာမှာ လူတစ်ယောက်လိုနေတာနဲ့အတော်ပဲ…ဒီကောင်ကထွက်သွားရမယ့်ကောင်…။သိပ်ရှုပ်ရှုပ်ထွေးထွေးတွေ စဥ်းစားမနေတော့ဘူးကွာ။ သူ့နေရာကို မင်းကိုထည့်လိုက်ပြီ…”

ရှောင်ချန်းသည် ထိုလူဝကြီးကို ကြည့်လိုက်ရုံမျှဖြင့် ကြောက်လန့်နေသည်။ ထို့ကြောင့် သတိလက်လွတ် နောက်ဆုတ်မိပြီး လုပ်မိလုပ်ရာ လုပ်သည်မှာ
“အကိုကြီး…ကျွန်တော်မျိုးက အကိုကြီးရဲ့ နောက်လိုက်အစေအပါးပါ…အစေခံ ရှောင်ချန်းပါ…”

“ပိုင်ရှောင်ချန်းလား။ …ဟမ်…အသားဖြူဖြူ ပိန်ပိန်ပါးပါးနဲ့ နုလိုက်တဲ့ ကောင်လေးဆိုပါလား။ကောင်းပြီ…ကောင်းပြီ…မင်းနာမည်ကတော့ ငါ့အကြိုက်ပဲဟေ့…”
အသားစိုင်တုံးလူကြီးက ရှောင်ချန်းကို တစ်ကိုယ်လုံးခြုံကြည့်လိုက်ပြီး ပုခုံးကိုပုတ်လိုက်သည်။

” ဒါနဲ့ အကိုကြီးရဲ့ နာမည်ကရော…”

ရှောင်ချန်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လူဝကြီး၏နာမည်ကို ဟာသလုပ်မည်ဟု ကြိုတင်တွေးတောထားသည်။

လူဝကြီးသည် သူ့ရင်ဘတ်ကို ပုတ်လိုက်သောအခါ အသားစိုင်များသည် ရှေ့မှနောက်သို့ နောက်မှရှေ့သို့ လှိုင်းတွန့်များဖြစ်ကုန်သည်။

“ငါက ဖက်တီးကြီးကျန်း…ဒါက အမှတ်နှစ် ဖက်တီးဟွမ်…ပြီးတော့ ဒါက အမှတ်သုံး ဖက်တီးဟီ…”

ရှောင်ချန်းသည် မမျှော်လင့်ဘဲ ထိုကဲ့သို့ အင်မတန် ထူးဆန်းသောနာမည်များကို ကြားလိုက်ရသောအခါ ဟာသလုပ်မည့် သူ့အစီအစဥ်ကို စွန့်လွှတ်လိုက်ရလေသည်။

“မင်းအတွက်တော့…”
ဖက်တီးကြီးကျန်းကပြောသည်။
“ခုက စပြီး မင်းက အမှတ်ကိုး ဖက်တီးပိုင် ဖြစ်သွားပြီ။ အာ…နေစမ်းပါဦး…ဂိုဏ်းတူညီလေးရဲ့…မင်းက ပိန်ညှောင်နေတာပဲ။ ဒိီလိုပုံမျိုးနဲ့ မင်းလျှောက်သွားနေရင် မင်းကိုဘယ်သူကမှ စားဖိုဆောင်ကလို့ ထင်မှာမဟုတ်ဘူး။ ကဲ…ဒါက ပြဿနာတော့မဟုတ်ပါဘူး…မစိုးရိမ်ပါနဲ့…နောက်ထပ် နှစ်အနည်းငယ်ကြာရင် မင်းရောပဲ ဝလာမှာပါ။အဲ့တော့ မင်းကို အမှတ်ကိုး ဖက်တီးပိုင်လို့ပဲကြိုခေါ်ထားတော့မယ်…”

ရှောင်ချန်းသည် အမှတ်ကိုး ဖက်တီးပိုင် ဆိုသော သူ့နာမည်ကိုကြားလိုက်ရသောအခါ မျက်နှာကြီးရှုံ့မဲ့သွားလေသည်။

” ကောင်းပြီ…မင်းက ငါတို့ရဲ့ ဂိုဏ်းတူညီလေး အမှတ်ကိုး ဖက်တီးပိုင် ဖြစ်သွားပြီ ဆိုတော့ ကိုယ့်ကိုကိုယ် အပြင်လူလို့ သတ်မှတ်မနေနဲ့တော့။ ဒီစားဖိုဆောင်ထဲမှာ တည်ရှိခဲ့တဲ့ ဟိုးရှေးအစဥ်အလာအရ ကျောနောက်ဘက်မှာ ဒယ်အိုးကို လွယ်ထားရတယ်။ ငါတို့ကျောနောက်မှာ လွယ်ထားတာ မြင်လား ”

သူ့ကျောနောက်က ဒယ်အိုးကို ပုတ်ပြရင်း ဆက်လက် လေလုံးထွားလေသည်။

” ဒီ ဒယ်အိုးက ဒယ်အိုး ဘုရင်လေကွာ။အကောင်းဆုံး အရည်အသွေးရှိတဲ့သံနဲ့ ပြုလုပ်ထားပြီးတော့ ကမ္ဘာမြေမီးလျှံမန္တာန်နဲ့ ပုံထွင်းထားတာ။ ဝိညာဥ်ဆန်ကို ဒီဒယ်အိုးနဲ့သာ ချက်လိုက်မယ်ဆိုရင် အရသာက တခြားအိုးတွေနဲ့ချက်ထားတာထက် အများကြီး အများကြီး အများကြီး…အိုကွာ…အများကြီးပေါင်း အများကြီး ပိုကောင်းတယ်…အဆမတန်ပိုကောင်းတယ်…ဒါနဲ့ စကားမစပ် မင်းလည်း ဒယ်အိုးတစ်လုံးရွေးကွာ…မင်းသာ ဒယ်အိုးလွယ်လိုက်မယ်ဆိုရင် အင်မတန်ကို အထင်ကြီးစရာဟန်ဖြစ်သွားမှာ…”

ဖက်တီးကျန်းလွယ်ထားတဲ့ ဒယ်အိုးကို ငေးကြည့်နေသော ရှောင်ချန်းသည် စားဖိုဆောင် တစ်ခုလုံး ဒယ်အိုးလွယ်ထားကြသည်ကို သတိထားမိစပြုလာပြီး ဒယ်အိုးလွယ်ထားသော သူ့ပုံစံကိုသူ မြင်ယောင်လာမိလေသည်။

“အကိုကြီး…ဒါကြီးကိုလွယ်ထားဖို့ ဆုံးဖြတ်ထားတာ ဖြစ်ရောဖြစ်နိုင်လို့လားဗျ…” ရှောင်ချန်းသည် ရှေ့နောက် မစဥ်းစားဘဲ ပြောချလိုက်သည်။

“မင်း ငါ့ကို နောက်နေတာလား။ စားဖိုဆောင်မှာ ဒယ်အိုးလွယ်တယ်ဆိုတာ အင်မတန်မှကို အရေးကြီးတဲ့ ထုံးတမ်းစဥ်လာကွ။ မင်း ဂိုဏ်းအပြင်ကို ထွက်သွားတဲ့အခါ တခြားသူတွေက မင်းလွယ်ထားတဲ့ ဒယ်အိုးကိုမြင်ရင် စားဖိုဆောင်ကပါလားလို့ တန်းသိကြမှာကွ။ ပြီးတော့ မင်းကို မလေးမစားမလုပ်ရဲကြတော့ဘူးကွ။ ဒီစားဖိုဆောင်က ဒီပတ်ဝန်းကျင်မှာ အင်မတန်ကို သြဇာညောင်းတယ်။ မင်းနားလည်လား…”

ဖက်တီးကျန်းသည် မျက်စိတစ်ဖက်မှိတ်ပြရင်း ရှောင်ချန်းကိုရှင်းပြသည်။ ထို့နောက် ဘာမှထပ်ပြောခွင့်မပြုတော့ချေ။ သက်ကယ်အမိုးမိုးထားသော တဲလေးဆီသို့ ဆွဲခေါ်သွားရင်း အထဲတွင် ထောင်ပေါင်းများစွာသော ဒယ်အိုးများကို အထပ်လိုက်တွေ့ရလေသည်။ အများစုမှာ ဖုန်များအထပ်လိုက်ထွေးနေလေသည်။ သေချာသည်မှာ ထိုနေရာသို့ ဘယ်သူမှ မလာတာကြာပြီဖြစ်ရမည်။

“သွား…မင်းကြိုက်ရာတစ်ခုရွေး။ အမှတ်ကိုး ဂိုဏ်းတူညီလေး…ပြီးတော့ လာခဲ့ဦး။ထမင်းချက်နေတာလာကူဦး။ ထမင်းတွေတူးကုန်ရင်တော့ ဂိုဏ်းပြင်ကို နှင်ထုတ်ခံရမှာ မြင်ယောင်နေပြီ…”

ဖက်တီးကြီးကျန်းသည် အိုးတစ်ရာလောက်နှင့် ထမင်းချက်ပြုတ်နေသော အခြား လူဝကြီးများဆီသို့ပြန်လှည့်ပြေးလေသည်။

ရှောင်ချန်းသည် စိတ်ပျက်လက်ပျက်နှင့် ဒယ်အိုးများကိုလျှောက်ကြည့်နေရင်း ဒယ်အိုးတစ်ခုရွေးရမည်ကို သောကပွားလျက်ရှိသည်။ ထိုစဥ် သူသည် ထောင့်တစ်ထောင့်က ဒယ်အိုး အပုံကြီးတစ်ပုံ အောက်တွင်မြုပ်နေသည့် ထူးခြားနေသော ဒယ်အိုးတစ်လုံးကို ရုတ်တရက် မြင်လိုက်လေသည်။

ထိုဒယ်အိုးသည် တမူထူးခြားသည့် ဒယ်အိုးဖြစ်ပြီး ဘဲဥပုံနှင့်တူသည်ဟု ဆိုရမည်ထက် လိပ်ခွံနှင့်တူသည်ဟု ဆိုလျှင်ပိုမှန်မည်။ ဒယ်အိုးပေါ်တွင် မှိန်နေသော်လည်း တချို့အမှတ်အသားများ ကို မြင်နိုင်သေးသည်။

“အီး…”

ရှောင်ချန်း၏ မျက်လုံးများ တဖိတ်ဖိတ် ဝင်းလက်သွားသည်။ သူသည် ဒယ်အိုးနားကို ပြေးသွားကာ အသေးစိပ် သေချာကြည့်ရှုလေသည်။ ဒယ်အိုးကိုဆွဲထုတ်ပြီး ထပ်မံစစ်ဆေးပြီးသည့်နောက်မှာတော့ သူ့မျက်လုံးများက တောက်ပစွာဖြင့် ကျေနပ်သွားသည်။

သူသည် ငယ်စဥ်တည်းက လိပ်များကို နှစ်သက်မြတ်နိုးလေသည်။ လိပ်များသည် များသောအားဖြင့် နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်နိုင်သည်ဖြစ်ရာ ထာဝရအသက်ရှည်နည်းကို ရှာမည်ဟု ထွက်လာစဉ်တွင် လိပ်ခွံကိုအရင်မြင်လိုက်ရသည်မှာ ကောင်းမွန်သောနိမိတ်ဖြစ်သည်ဟု မှတ်ယူလိုက်လေသည်။

ထိုဒယ်အိုးကြီးကိုကိုင်၍ ရှောင်ချန်း ထွက်လာသောအခါ ဖက်တီးကြီးကျန်းသည် ယောက်ချိုကြီးကိုကိုင်ကာ သူ့ကိုကြည့်နေသည်။

“အမှတ်ကိုး ဂိုဏ်းတူ ညီလေး။ ဘာလို့ ဒီဒယ်အိုးကို ရွေးခဲ့တာတုန်း…” လူဝကြိီးက ရိုးသားစွာဖြင့် သူ၏ ပုံကျနေသော ဗိုက်ကြီးကို ပွတ်သပ်ရင်းမေးသည်။

“ဒီ ဒယ်အိုးက ဒီမှာရှိတာ ကြာလှနေပြီ။ပြီးတော့ ဘယ်သူမှလည်း မသုံးကြဘူး။ ဘာလို့ဆို လိပ်ခွံနဲ့တော်တော်လေးတူနေလို့လေ…ဘယ်သူမှ သူတို့ကျောပေါ်မတင်ချင်ကြဘူး…အင်းးး…မင်းသေချာနေပြီလား အမှတ်ကိုး ညီလေး ”

“ကျွန်တော်သေချာပါပြီဗျ…” ရှောင်ချန်းက ဒယ်အိုးကို ကြည့်နေရင်း ပြတ်ပြတ်သားသားပြောသည်။

“ဒီ ဒယ်အိုးက ကျွန်တော့်အတွက်ဗျ…”

ဖက်တီးကျန်းသည် ပိုင်ရှောင်ချန်းကို ဖျောင်းဖျရန် ကြိုးစားသေးသော်လည်း ရှောင်ချန်းက ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင်ချပြီးပြီဖြစ်ကြောင်း သတိပြုမိလာသည်။ နောက်ဆုံးတော့ ရှောင်ချန်းကို အထူးအဆန်းလိုကြည့်ကာ ဖျောင်းဖျမှုကို ရပ်တန့်လိုက်သည်။ ရှောင်ချန်းကို နေစရာ တဲအိမ်တစ်ခုကို သတ်မှတ်ပေးပြီးနောက် အလုပ်သို့ ပြန်သွားလေသည်။

မကြာခင်မှာပဲ ဖုန်တွေ တလိမ်းလိမ်းတက်နေသော သူ့အတွက် စီစဥ်ပေးထားသည့် တဲအိမ်လေးထဲသို့ရောက်လာသည်။ ရှောင်ချန်းသည် သူ၏လိပ်ခွံပုံ ဒယ်အိုးကိုစစ်ဆေးနေသည်။ ရှောင်ချန်းကို ဆွဲဆောင်နေသည်က ဒယ်အိုးနောက်ဘက် မျက်နှာပြင်ပေါ်က ထွင်းထားသည့် ပုံစံများ ဖြစ်ပြီး ထိုအရာများသည် အနီးကပ်ကြည့်မှသာမြင်နိုင်၍ အမှတ်တမဲ့ဆိုလျှင် ရှိမှန်းတောင်သိမည် မဟုတ်။

သေချာစွာ ပြောနိုင်သည်ကတော့ ထိုဒယ်အိုးသည် သာမန်ဒယ်အိုး မဟုတ်နိုင်ပေ။ မီးဖိုပေါ်သို့ ဒယ်အိုးကို သေချာဂရုတစိုက်တင်ခဲ့ပြီး တဲအိမ်လေးကို ရှောင်ချန်းလေ့လာလေသည်။ အပြင်အဆင်မှာ အလွန် ရိုးရှင်းလှသည်။ အိပ်ရာတစ်ခု၊ စားပွဲခုံစောင်းတစ်လုံး နှင့် သာမန် ကြေးမုံပြင်တစ်ချပ်ကို နံရံပေါ်မှာ ချိတ်ဆွဲထားသည်။ ရှောင်ချန်းသည် ပတ်လည်ကို လျှောက်ကြည့်လိုက်စဥ် သူ့နောက်ရှိ ဒယ်အိုးမှ ခရမ်းရောင်များဖြာထွက်နေသည်။

သည်နေ့အဖို့ ရှောင်ချန်းသည် လျင်မြန်စွာ ဖြစ်ပျက်သွားသော အဖြစ်အပျက်များစွာကို ရင်ဆိုင်လိုက်ရပြီးဖြစ်သည်။ နောက်ဆုံးတော့ သူ့အိပ်မက်ကမ္ဘာကြီးထဲကဘဝမှ တကယ့်လက်ရှိ နဖူးတွေ့ ဒူးတွေ့ ဘဝသို့ ထာဝရအသက်ရှည်နည်းရှာဖွေရန်အတွက် ရောက်ရှိလာပြီဖြစ်သည်။ ယခုအခါ သူသည် အနည်းငယ် မူးဝေလျက်ရှိ၏။

အသက်ကိုပြင်းပြင်းရှူကာ ခဏနားလိုက်သည်။ ထို့နောက် သူ့မျက်လုံးများသည် မျှော်လင့်ခြင်းများနှင့် ပြည့်နှက်လာ၏။

” ငါ ထာဝရ အသက်ရှည်တော့မှာ…”

ရှောင်ချန်းသည် ကျောက်ပေါက်ရာများနှင့်အမျိုးသမီးကြီး ပေးသွားသော အိတ်ကို ဖွင့်လိုက်သည်။

” ဒယ်စောက်အိုး ခရမ်းရောင်ချီ ထိန်းချုပ်နည်း ပညာရပ်လက်စွဲ ”

ညနေစောင်းအချိန်ဖြစ်သည်။ ဖက်တီးကျန်းသည် အခြားသူများနှင့်အတူ ပျာယာခတ် အလုပ်ရှုပ်လျက်ရှိနေစဥ်တွင် ရှောင်ချန်းသည် ဝါးလိပ်ကိုကြည့်ကာ မျက်လုံးများမှာ မျှော်လင့်ချက်ကြောင့် တလက်လက် ဝင်းပနေသည်။ သူသည် ထာဝရရှင်သန်နိုင်ဖို့ရာ သည်ကို လာရောက်ခဲ့ခြင်းဖြစ်သည်။ ခုတော့ ထာဝရ အသက်ရှင်နိုင်ဖို့ သော့ချက်က သူ့လက်ထဲတွင် ရောက်ရှိနေပြီဖြစ်သည်။ သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဝါးလိပ်ကိုဖြည်လိုက်သည်။

ထို့နောက် သူ့မျက်လုံးများသည် စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ရီနေသည်။ ဝါးလိပ်တွင် ပုံသုံးပုံ ပါဝင်သည်။ ပုံများ၏အောက်တွင် ကျင့်ကြံခြင်းကို ချီစုစည်းခြင်းနှင့် အခြေခိုင်မာအောင်ပြုလုပ်ခြင်း ဟူ၍ အဆင့်နှစ်ဆင့်ခွဲထားကြောင်း စာသားများနှင့် တွဲဖက်ဖော်ပြထားသည်။ ဒယ်စောက်အိုး ခရမ်းရောင်ချီ ထိန်းချုပ်နည်း ပညာရပ်တွင်မူ အဆင့်ဆယ်ဆင့်ပါဝင်ပြီး တစ်ဆင့်စီက ချီစုစည်းမှုအဆင့်ဆယ်ဆင့်နှင့် တူညီသည်။

အဆင့်တစ်ကို အောင်မြင်အောင်ကျင့်ကြံနိုင်လျှင် ရုပ်ဝတ္ထုပစ္စည်းများကို ထိန်းချုပ်နိုင်မည်ဖြစ်ပြီး သုံးဆင့်ထိအောင်မြင်သွားလျှင် ဒယ်စောက်အိုးအသေးလေးများကို တစ်ဝက်ထိထိန်းချုပ်နိုင်လာမည် ဖြစ်သည်။အဆင့်ခြောက်ကို လွန်မြောက်သွားလျှင် ဒယ်စောက်အိုးအကြီးများကို တစ်ဝက်ထိထိန်းချုပ်လာနိုင်မည်ဖြစ်သည်။ ကိုးဆင့်ပြီးသွားလျှင် ဒယ်စောက်အိုးတစ်ခုလုံးကို ထိန်းချုပ်နိုင်လာမည်ဖြစ်သည်။နောက်ဆုံးအဆင့်ကို ကျော်ဖြတ်သွားနိုင်လျှင်မူ ဒယ်စောက်အိုး နှစ်လုံးလုံးကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။

ကံမကောင်းစွာဖြင့် ဝါးလိပ်ထဲတွင် ပညာရပ်၏ အဓိကသုံးပိုင်းကိုပဲ ဖော်ပြထားပြီး အဆင့်ခွဲလေးများနှင့် ပတ်သက်ပြီး ဘာမှရေးသားဖော်ပြထားခြင်းမရှိပေ။ ထိုပညာရပ်၏ သော့ချက်မှာအသက်ရှူနည်းကို အဓိက ကျင့်ကြံခြင်းဖြင့် ချီစွမ်းအင်ကို တိုးတက်အောင်လုပ်ခြင်းဖြစ်သည်။

ရှောင်ချန်းသည် သူ့စိတ်ကိုရှင်းလင်းထားလိုက်ပြီး အသက်ရှူခြင်းကို စတင်လေ့ကျင့်လေသည်။ သူ့မျက်လုံးများကို မှိတ်ထားပြီး ကျမ်းထဲက ပထမဦးဆုံးပုံကို မြင်ယောင်ကာ လေ့ကျင့်သည်။ သူသည် သုံးကြိမ်မြောက်အသက်ရှူခြင်းအထိသာလျှင် ထိန်းချုပ်ထားနိုင်ပြီး ထိုမျှကိုပင် အပြင်းအထန် အသည်းအသန် လေ့ကျင့်နေရသည်။ နောက်ဆုံးတွင် သူသည် အသံကျယ်ကြီးအော်ဟစ်ကာ လက်မြှောက်အရှုံးပေးလိုက်ရတော့သည်။ သူပြောနိုင်သည်က ထိုအသက်ရှုနည်း ပညာသည် သူ့ကိုယ်ထဲက ရှိသမျှလေတွေအားလုံးကို စုပ်ယူသွားပြီး အသက်ရှူမရအောင်လုပ်ထားသလိုဖြစ်နေသည်။

“ကျင့်ရတာ ခက်လိုက်တာ” ဟုသူတွေးမိလာသည်။ ရုပ်ပုံအောက်မှာ ရေးထားတဲ့အတိုင်းဆိုရင် သည်ကျင့်စဥ်ကိုကျင့်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ ချီစီးကြောင်းလေးတစ်ခု လှည့်လည်နေတာကို ခံစားရမည်ဟုရေးထားသည်။ ယခုတော့ သူခံစားရသမျှက နာကျင်မှုတွေပဲ ဖြစ်သည်။ သူစိတ်ဓာတ်ကျစပြုလာသည်။ သို့သော်လည်း သူလိုချင်သည်မှာ ထာဝရ ရှင်သန်ခြင်းဖြစ်သည့်အတွက် အံကြိတ်ပြီး တဖန်ပြန်၍ လေ့ကျင့်ပြန်သည်။ ထိုလေ့ကျင့်ခန်းကိုပင် ထပ်ခါထပ်ခါ အကြိမ်ကြိမ် အဖန်ဖန် ပြုလုပ်လေ့ကျင့်နေသည်မှာ ညသန်းခေါင်ယံအချိန်သို့ပင် ရောက်ရှိခဲ့သည်။ ထိုတစ်ညလုံးမှာ ဘာချီကိုမှပင် သူ မခံစားရပါ။

ထိုပညာရပ်၏ ပထမအဆင့်ကို အောင်မြင်ဖို့ရာ မည်မျှပင် ပါရမီပါသောသူဖြစ်ပါစေ တတ်ကျွမ်းပြီးသူများ၏ အကူအညီမပါလျှင်တစ်လလောက်လေ့ကျင့်မှသာ အောင်မြင်နိုင်လေသည်။ ထိုအကြောင်းများကို ပိုင်ရှောင်ချန်းမသိပေ။ ရှောင်ချန်းသည် နာရီပိုင်းလေးအတွင်းတွင် အောင်မြင်အောင် အားထုတ်နေသည်မဟုတ်ပါလော။

တစ်ကိုယ်လုံးညောင်းကိုက်နေသောရှောင်ချန်းသည် နောက်ဆုံးတော့ အကြောအချဥ်များကို ဆန့်ကာ ကိုယ်လက်သန့်စင်ရန်သွားဖို့ပြင်လေသည်။ ထိုအချိန်တွင် အပြင်၌ ဆူညံပွက်လောရိုက်သောင်းကျန်းနေသံများကို ကြားရလေသည်။ သူသည်ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်သောအခါ စားဖိုဆောင်၏ အဓိက တံခါးမကြီးရှေ့တွင်ရပ်နေသည့် ဖြူဖပ်ဖြူရော်မျက်နှာနှင့် ဒေါသထွက်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။

“ငါက ရွှီပေါက်ချိုင်ပဲကွ။ ဘယ်သူပဲ ငါ့နေရာကိုလုသည်ဖြစ်ပါစေ…အဲ့ကောင် ငရဲကိုသွားဖို့သာ ပြင်ထား ”


Comment

  1. hlaingzinphyo941 says:

    nice

Leave a Reply

Options

not work with dark mode
Reset