အပိုင်း(၁၃၉၇)

လောဘ

သူ သေသွားပြီလား…။

အားလုံးသော မျက်လုံးများက အောက်ဘက်ရှိ ကျောက်ရုပ်တုကဲ့သို့  ငြိမ်သက်နေသူ နှစ်ဦးထံတွင် ကျရောက်နေ၏။ သူတို့နှစ်ဦးလုံးသည် သေဆုံးခြင်းစွမ်းအားတို့ ကျူးကျော်ခံရသည့် ရလဒ်အနေဖြင့် အမှောင်စွမ်းအားတို့နှင့် ဖုံးလွှမ်းနေသည်။

ထိုအခိုက်တွင် ရီဖူရှင်း၏ ခန္ဓာကိုယ်၌ စွမ်းအားအရှိန်အဝါတို့ စီးဆင်းလာပြီး သေဆုံးခြင်းစွမ်းအားတို့က တဖြည်းဖြည်း ကွယ်ပျောက်လာသည်။ ထိုအဖြစ်က တန်ခိုးရှင်များ၏ အာရုံကို ဖမ်းစားသွား၏။

ရေတွက်၍ပင် မရနိုင်သော လူသားများနှင့် နတ်ဆိုးသားရဲ တန်ခိုးရှင်တို့က ထို အဆုံးမဲ့ သေဆုံးခြင်းစွမ်းအားများ၏ ရစ်ပတ်ခြင်းကို ခံရပြီးနောက် ချက်ချင်းပင် အသတ်ခံရကာ သေဆုံးခြင်းနှင့် အဆုံးသတ်ခဲ့ရသည်။

ဤနှစ်ယောက်သည်လည်း သေဆုံးခြင်းသစ်ပင်၏ ဝါးမျိုခြင်း ခံခဲ့ရပြီး အဆုံးမဲ့ သေဆုံးခြင်းစွမ်းအားများဖြင့် မြှုပ်နှံခံခဲ့ရသည်။ ထိုသေဆုံးခြင်းနတ်ဘုရားကဲ့သို့ ပုံရိပ်သည် အသက်ရှင်စဥ်ကလို မဟာလမ်းစဥ် စွမ်းအားများကို သယ်ဆောင်ထားသော်လည်း သူတို့ နှစ်ယောက်လုံး အသက်ရှင်ခဲ့ကြသည်။

လူအုပ်သည် မကြာသေးခင်က ပေါ်ပေါက်လာသည့် ရန်ဟောင်၏ စွမ်းအားပုံရိပ်သည်ပင် ထိုတိုက်ခိုက်မှုများကို ကိုင်တွယ်နိုင်စွမ်းမရှိဘဲ ပျက်ပြယ်သွားရသည်ကို မမေ့ကြသေးပေ။

အနီးအနားရှိ လူအားလုံးမှာ ရီဖူရှင်းနှင့် ရှားရှင်းယွန်တို့ မည်ကဲ့သို့ လွတ်မြောက်လာသည်ကို ပဟေဠိဖြစ်​နေကြပေသည်။

ထို့အပြင် သူတို့သည် သေဆုံးခြင်းစွမ်းအားများ ခမ်းခြောက်သွားသည်ကို မျက်မြင်တွေ့ခဲ့ကြရသည်။ ထို့နောက် လူအုပ်သည် ထိုနှစ်ယောက်ကို ကြည့်လိုက်ပြီး သူတို့က သေဆုံးခြင်းစွမ်းအားများကို စုပ်ယူနိုင်ခဲ့သည်လားဟု သိချင်နေကြသည်။

သို့သော် မည်သူကမှ ဖြစ်နိုင်ချေကို မတွေ့ရှိခဲ့ပေ။ ရှန့်ထိုအဆင့် နှစ်ယောက်က သေဆုံးခြင်းသစ်ပင်၏ စွမ်းအားများကို တခဏအတွင်း စုပ်ယူနိုင်လိမ့်မည်ဟု မထင်ကြပေ။ ထိုအဖြစ်ကို ရန်ဟောင်တစ်ပါးက လုပ်ဆောင်သည်ဆိုခြင်းကသာ ပို၍ ဖြစ်နိုင်ပေသည်။

“အဲဒီသေဆုံးခြင်းရုပ်ထုက မရှိတော့ဘူး” လေထဲရှိ ခရမ်းရင့်ကောင်းကင်နန်းတော်မှ ကျန်းယွမ်က ပြောလိုက်သည်။ သူက လမ်းလျှောက်လိုက်လျှင် သူ၏ မျက်လုံးထဲမှ လျှပ်စီးတို့ လင်းလက်သွားသည်။

ထိုရုပ်ထုက ရန်ဟောင်တစ်ပါး၏ အလောင်းဖြစ်ပြီး ထိုရန်ဟောင်သည် သေပြီးနောက်၌ အချိန်ကာလအကြာကြီးအထိ ကြောက်မက်ဖွယ် မဟာလမ်းစဥ်စွမ်းအားများကို ဖော်ထုတ်နိုင်သည်ဖြစ်ရာ အလွန် အစွမ်းထက်လိမ့်မည်ဖြစ်သည်။ ထိုစွမ်းအားများက ချောက်ကမ်းပါးတစ်ခုလုံးကို သေဆုံးခြင်းချောက်ကမ်းပါး ဖြစ်လာစေရန် လုပ်ဆောင်ပေးသည်။

သို့သော် ထိုရန်ဟောင်ရုပ်ထုက ယခုတွင် မကျန်ရှိတော့ပေ။

ရုပ်တု မည်သည့်နေရာသို့ ရောက်သွားသနည်း။

အခြားတစ်ဖက်တွင် ခေါင်းကိုးလုံးဖီးနစ်က တောင်ပံများကို ခတ်လိုက်သည်။ သူတို့၏ မျက်လုံးများက အလွန် အေးစက်နေ၏။ ဤအချိန်က သေဆုံးခြင်းစွမ်းအားများကို ဝါးမျိုရန် အကောင်းဆုံးဖြစ်သော်လည်း ထိုစွမ်းအားများက ခြောက်သွေ့သွားခဲ့ပြီ ဖြစ်သည်။ သူကသာ ရန်ဟောင်၏ အလောင်းကို ရရှိခဲ့ပါက အကျိုးအများကြီး ဖြစ်ထွန်းပေလိမ့်မည်။

ထိုအချိန်၌ များပြားလှသည့် တန်ခိုးရှင်များက တူညီသော အတွေးကို တွေးမိကြသည်။ ထိုသည်က မဟာလမ်းစဥ် သေဆုံးခြင်းစွမ်းအား၌ အလွန်အစွမ်းထက်သည့် ရန်ဟောင်တစ်ပါး၏ အလောင်းဖြစ်သည်မဟုတ်ပါလား။

ယခင်က ထိုအတွေးကို မည်သူကမှ တွေးမိလိမ့်မည်မဟုတ်ပေ။ လူတိုင်းက အသက်ရှင်ရန် ကြိုးစားရင်း အလုပ်ရှုပ်နေကြပေသည်။

သို့သော် ယခုတွင် ပြဿနာက ရှင်းလင်းသွားပြီ ဖြစ်သည်။ ရီဖူရှင်းက သေဆုံးခြင်းသစ်ပင်အား ခြောက်သွေ့သွားအောင် စုပ်ယူခဲ့သည်။

ထို့ကြောင့် သူတို့အားလုံးက ယခုတွင် အခြားအတွေးများ ရှိလာကြသည်မှာ ပုံမှန်ပင် ဖြစ်၏။

ချောက်ကမ်းပါး၌ ခံစားချက်များမှာ အတော်လေး ထူးဆန်းလာသည်။ ချင်ရွှမ်ကန်းသည် အာရုံခံနိုင်စွမ်း၌ မယုံနိုင်လောက်အောင် ကောင်းမွန်ပြီး ပတ်ဝန်းကျင်ရှိ လေထုအပြောင်းအလဲကို ခံစားမိလေသည်။

ချောက်ကမ်းပါးရှိ တန်ခိုးရှင်များမှာ ယခုတွင် လောဘတကြီး အတွေးများ ဝင်လာကြပေသည်။

သူတို့အားလုံးက ရန်ဟောင် အလောင်းအား လိုချင်နေကြသည်ကို သူ သိရှိပေသည်။

“ကျုပ်တို့ အားလုံး မူလတောင်တန်းကို ဝင်လာခဲ့ကြပြီး အတော် အန္တရာယ်များတဲ့ အခြေအနေကို တွေ့ကြုံခဲ့ကြတယ်။ ဒီမတိုင်ခင်မှာ ကျုပ်တို့အားလုံး သေခြင်းရှင်ခြင်းအခြေအနေကို ဖြတ်သန်းခဲ့ကြရတယ်။ သူတို့နှစ်ယောက်က ကျုပ်တို့ကို ဒီချောက်ကမ်းပါး အန္တရာယ်ကနေ လွတ်အောင် ကူညီပေးခဲ့ပေမယ့် သူတို့ ဘာလုပ်ခဲ့တယ်ဆိုတာကို ဘယ်တော့မှ ကိုယ်ရည်သွေးမှာမဟုတ်ဘူး။ ကျုပ်တို့ အားလုံး အခုချက်ချင်း ခရီးဆက်သင့်ပြီလို့ ထင်တယ်” ချင်ရွှမ်ကန်းက လူတိုင်းကို ရီဖူရှင်း နှင့် ရှားရှင်းယွန်က အားလုံး၏ ကယ်တင်ရှင် ဖြစ်ကြောင်း အရိပ်အမြွက်ပြကာ ပြောလိုက်သည်။

သူတို့က ဤနှစ်ယောက်ကို တစ်ခုခု ဆန့်ကျင်ပါက ၎င်းက အစာကျွေးသည့် လက်ကို ကိုက်သော ခွေးနှင့် ခြားနားလိမ့်မည် မဟုတ်ပေ။

ဘုန်း…

ထိုအချိန်၌ နတ်ဆိုးတစ်ကောင်က အလွန် လျင်မြန်လှသော အရှိန်ဖြင့် ရှားရှင်းယွန် နှင့် ရီဖူရှင်းထံသို့ ထိုးဆင်းလာသည်။

ထိုနတ်ဆိုးက ဧရာမငှက်ကြီးဖြစ်ပြီး အလွန် လျင်မြန်လှသော အရှိန်ဖြင့် ဆင်းချလာကာ ရီဖူရှင်း နှင့် ရှားရှင်းယွန်ကို ဆွဲယူရန် ရည်ရွယ်လိုက်သည်။

ချင်ရွှမ်ကန်း၏ အမူအရာက အေးစက်နေပြီး လူသားများနှင့် နတ်ဆိုးတို့၌ လောဘအတွေးများ ရှိနေဆဲဖြစ်ကြောင်း တွေ့ရှိလိုက်သည်။

ထို့အပြင် နတ်ဆိုးသားရဲများမှာ အတွေးများကို တိုက်ရိုက်လုပ်ဆောင်ခြင်းဖြင့် ဖော်ပြလိမ့်မည် ဖြစ်သည်။

ချင်ရွှမ်ကန်းက ရှေ့သို့ လှမ်းလိုက်ပြီး သူ့အနီးတွင် မဟာလမ်းစဥ် အလင်းများ ထွက်ပေါ်လာသည်။  ရှေးဟောင်းစာလုံးများက သူ့ကို ဝန်းရံနေကာ သူ၏ လက်သည် လေထဲမှ ဆုပ်ကာ ဆွဲလိုက်၏။ ထိုငှက်သည် သူ့ခန္ဓာကိုယ်ကို ချည်နှောင်ခံထားရသကဲ့သို့ ခံစားလိုက်ရကာ လှုပ်ရှားနိုင်စွမ်း မရှိတော့ပေ။ သဏ္ဌာန်မဲ့ မဟာလမ်းစဥ် စွမ်းအားများက သူ့ခန္ဓာကို လွှမ်းခြုံထားပြီး ရှေ့သို့ ဆက်တိုးမရအောင် တားဆီးထားသည်။

“တရားမှုမရှိတဲ့သူတွေက သေသင့်တယ်” ချင်ရွှမ်ကန်းက ရေရွတ်လိုက်ပြီး ကောင်းကင်မှ ဓားတစ်လက် ကျဆင်းလာကာ ချက်ချင်းပင် ထိုငှက်ကြီး၏ ခန္ဓာကိုယ်ကို ထိုးဖောက်၍ ဖျက်ဆီးပစ်လိုက်သည်။ ခဏချင်းအတွင်း၌ ကောင်းကင်မှ သွေးမိုးရွာသွန်းသကဲ့သို့ ဖြစ်ပေါ်လာသည်။

များပြားလှသည့် နတ်ဆိုးများ၏ မျက်လုံးတို့က ချင်ရွှမ်ကန်းဆီ ကျရောက်သွားခဲ့ပြီး သူက အလွန် အစွမ်းထက်သည်ကို တွေ့ရှိသွားခဲ့ကြသည်။

ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များက သူတို့ ရှေ့ရှိ ကျန်းယွမ်ကို ကြည့်လိုက်ကြသည်။ သူတို့က ထိုခန္ဓာကိုယ်များအား ဆွဲယူရန် မဟုတ်ပါက အခြား အမိန့်တစ်ခုခု ပေးလာမည်အား စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

ကျန်းယွမ်၏ မျက်လုံးများက လျှပ်စီးတို့ဖြင့် တောက်ပသွားသည်။ သူက ထိုထူးခြား အစွမ်းထက်သည့် အရာများကို ရီဖူရှင်း မည်သို့ ဖယ်ရှားခဲ့သည်အား အလွန်သိချင်နေသည်။

“သူတို့ကို ခေါ်ခဲ့” ကျန်းယွမ်က အမိန့်ပေးလိုက်သည်။ ခရမ်းရင့်ကောင်းကင်နန်းတော်မှ များပြားလှသော ပြန်လည်မွေးဖွားခြင်းအဆင့် တန်ခိုးရှင်များက ရှေ့သို့ ထွက်ကာ လှုပ်ရှားလာသည်။

ချက်ချင်းပင် ကောင်းကင်မှ လျှပ်စီးတို့ ကျဆင်းလာ၏။ မဟာလမ်းစဥ်၏ ကြောက်မက်ဖွယ် မိုးကြိုးများက လေထုအတွင်း စုစည်းလာပြီး အောက်သို့ ကျဆင်းလာသည်။ ထိုပြန်လည်မွေးဖွားခြင်းအဆင့် တန်ခိုးရှင်များက အလွန် အစွမ်းထက်သည့် ပုဂ္ဂိုလ်များ ဖြစ်ကြပြီး သူတို့ ထုတ်ဖော်လိုက်သည့် စွမ်းအားက အခြားသူများအား မွန်းကြပ်မှုကို ခံစားရစေသည်။

ချင်ရွှမ်ကန်းက မှုန်သုန်သွားကာ မျက်မှောင်ကြုတ်လိုက်၏။

ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများက ကောင်းကင်အာဏာစက်ဘုံရှိ ထိပ်တန်းအင်အားစုများမှ တစ်ခု ဖြစ်ပြီး ထိုသို့သော နေရာမျိုးမှ လာသည့် တန်ခိုးရှင်များမှာ အလွန် ရင်ဆိုင်ရခက်ပေလိမ့်မည်။

ထို့အပြင် သူတို့ကို မျက်စိကျနေသည့် အခြားတန်ခိုးရှင်များလည်း ရှိနေသေး၏။

“ကျုပ်တို့ဆီ သူ့ကို ပေးလိုက်။ သူ့အသက်ကို ချမ်းသာပေးမယ်” လေထဲရှိ ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်တစ်ဦးက အေးစက်စွာ ပြောလိုက်သည်။

ချင်ရွှမ်ကန်းက ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး ကောင်းကင်အာဏာစက်ဘုံရှိ ထိုထိပ်တန်းအင်အားစုက တကယ့်ကို ဘဝင်မြင့်လှသည်ဟု တွေးလိုက်သည်။

သူ့အနီးရှိ မဟာလမ်းစဥ် စွမ်းအားများ အားလုံးက လှည့်ပတ်လာပြီး ကောင်းကင်ရှိ တိမ်တိုက်များက အော်မြည်ကာ မဟာလမ်းစဥ်နှင့် တသားတည်း ဖြစ်လာသည်။

ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များက သူ၏ လှုပ်ရှားမှုကို မြင်သည်နှင့် တိုက်ခိုက်လိုက်ကာ မိုးကြိုးများက သူ့ပေါ်သို့ အဆက်မပြတ် ကျဆင်းလာပြီး ကမ္ဘာပျက်သကဲ့သို့ မြင်ကွင်းမျိုး ဖြစ်ပေါ်လာစေသည်။

ဘုန်း….

အထက်မှ ကျဆင်းလာသည့်ကြောက်မက်ဖွယ် မိုးကြိုး လျှပ်စီးတန်းက ချင်ရွှမ်ကန်းကို ထိမှန်သွားခဲ့သည်။

ချင်ရွှမ်ကန်းက တုံ့ပြန်လိုက်ပြီး သူ၏ လက်ချောင်းကို ကောင်းကင်သို့ ညွှန်ပြလိုက်ကာ မိုးကြိုးလျှပ်စီးတန်းများနှင့် ထိပ်တိုက်တွေ့သွားစေသည်။ ပြင်းထန်သည့် ဆူညံသံကို ကြားလိုက်ရပြီး လေထုက ပြင်းထန်စွာ တုန်ခါသွားသည်။ ချင်ရွှမ်ကန်း၏ လက်ညှိုးမှ ထွက်ပေါ်လာသည့် စွမ်းအားက အထက်မှ ကျဆင်းလာသည့် မိုးကြိုးလျှပ်စီးကို ခုခံနိုင်ခဲ့ပြီး အတူတကွ ပျက်စီးသွားခဲ့သည်။

“ဟမ်” ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များက ထိုမြင်ကွင်းကို မြင်သည့်အခါ အံ့အားသင့်သွားကြသည်။ သူတို့၏ ရှေ့၌ ရပ်နေသည့် ထို ပြန်လည်မွေးဖွားခြင်းအဆင့် တစ်​ယောက်က ထိုမျှ အစွမ်းထက်လိမ့်မည်ဟု ထင်မှတ်မထားကြပေ။

သူတို့က ချင်ရွှမ်ကန်း၏ မဟာလမ်းစဥ်အပေါ် နားလည်းသဘောပေါက်မှုအား ခပ်ရေးရေး ခံစားမိလိုက်ပြီး သူတို့၏ စွမ်းအားကို ဖိနှိပ်ကာ ပြန်လည်မွေးဖွားခြင်းအဆင့် အားလုံး၏ အထက် အထွတ်အထိပ်၌ ရပ်တည်နေကြောင်းကို သိရှိလိုက်ကြပေသည်။

ထိုသို့ တွေးလိုက်သည့်အခါ သူတို့၏ မျက်လုံးများက ပို၍ လေးနက်လာကြသည်။ ထန်ကျစ်မော့၏ စကားအရ ယခင်က ထိုတိုက်ပွဲတွင် ရီဖူရှင်းသည် ရှန့်ထိုအဆင့်မှ မည်သည့် အဆင့်ကိုမဆို ရွေးချယ်၍ စိန်ခေါ်စေသော်လည်း သူတို့က ပြန်လည်မွေးဖွားခြင်းအဆင့်ကို ရွေးချယ်၍ မတိုက်ခိုက်စေခဲ့ပေ။

ယခု သုံးသပ်ကြည့်ရလျှင် သူတို့က ပြန်လည်မွေးဖွားခြင်းအဆင့်ကို ရွေးချယ်ကာ တိုက်ခိုက်ခိုင်းပါကလည်း တူညီစွာပင် ရှုံးနိမ့်လိမ့်ဦးမည် ဖြစ်၏။

သူတို့က အချင်းချင်း ကြည့်လိုက်ကြပြီး များပြားလှသည့် ပြန်လည်မွေးဖွားခြင်းအဆင့်များက ကောင်းကင်သို့ တက်လာကာ မတူညီသည့် ထောင့်များတွင် နေရာယူလိုက်ပြီး လက်သင်္ကေတများကို ဖော်ထုတ်ကာ ကောင်းကင်မှ မိုးကြိုးစွမ်းအားများကို ဆင့်ခေါ်လိုက်သည်။

ဘုန်း…

ပြင်းထန်သည့် အသံက တန်ခိုးရှင်များ၏ နားစည်ကိုပင် တုန်ခါသွားစေသည်။ တစ်ချိန်တည်း၌ ပြန်လည်မွေးဖွားခြင်းအဆင့် အများအပြားပေါ်ပေါက်လာပြီး မဟာလမ်းစဥ် စွမ်းအားများကို ထုတ်ဖော်ကာ ကောင်းကင်တခွင်တွင် အဆုံးမဲ့ မိုးကြိုးများ ဖြစ်ပေါ်လာစေသည်မှာ ကမ္ဘာပျက်သကဲ့သို့ပင် ထင်မှတ်ရသည်။

“ကျင့်ကြံရတာက မလွယ်ကူဘူး။ ခင်ဗျားက အနာဂတ်မှာ ရန်ဟောင်အဆင့် ဖြစ်လာနိုင်တဲ့ အခွင့်အရေးရှိတယ်။ အခုလို အမှားမျိုး မလုပ်မိစေနဲ့” ပြန်လည်မွေးဖွားခြင်းအဆင့် တစ်ယောက်က ချင်ရွှမ်ကန်းကို ပြောလိုက်သည်။ ထိုဖျက်ဆီးခြင်းစွမ်းအားများက အောက်ဘက်ရှိ အရာအားလုံးကို လွှမ်းခြုံသွားကာ ပြင်းထန်သည့် တိုက်ခိုက်မှုကို ဖြစ်ပေါ်စေသည်။

ချင်ရွှမ်ကန်းသည် ရှေ့မှ လူများကို တစ်ချက်ကြည့်လိုက်ပြီးနောက် လေထဲသို့ ခုန်တက်သွားကာ ပြောလိုက်သည်။ “မင်းတို့အားလုံး သူ့ကို ကာကွယ်ထား”

ဘုန်း….

ကောင်းကင်တွင် ဆူညံသံများကို အဆက်မပြတ် ကြားနေရသည်။ ကောင်းကင်ထက်မှ မိုးကြိုးများက စုစည်းလာပြီး ဓားများကဲ့သို့ သူ့အပေါ်ကို ကျဆင်းလာ၏။

ထိုသည်မှာ ခရမ်းရင့်ကောင်းကင်နန်းတော်၏ ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းတိုက်ကွက်ဖြစ်သည့် ကျိုရှောင်းမိုးကြိုးဓား ဖြစ်သည်။ [Note: ကျို – ကိုး(နံပါတ်) ရှောင်း – မိုးကောင်းကင်/တိမ်တိုက်]

“ဆင်း” သူတို့အားလုံးက ရေရွတ်လိုက်ပြီး တိုက်ခိုက်မှုက ချင်ရွှမ်ကန်းဆီသို့ ကြောက်မက်ဖွယ် အလျင်ဖြင့် ပြေးဝင်သွားသည်။

ချင်ရွှမ်ကန်း၏ ခန္ဓာကိုယ်က မဟာလမ်းစဥ်၏ မီးပြင်းဖိုအဖြစ်သို့ ပြောင်းလဲသွားပြီး အလွန် တောက်ပလာကာ လောကရှိ မဟာလမ်းစဥ်စွမ်းအားများကို စုပ်ယူနေသည်။ ထို့နောက် သူက လက်ကို ဆန့်ထုတ်၍ ထိုဓားတိုက်ခိုက်မှုကို ခုခံလိုက်သည်။

ကျိုရှောင်းမိုးကြိုးဓားက သူ့ပေါ်သို့ ကျဆင်းလာသည်။ သူက ပြင်းထန်သည့် ရက်စက်သည့် စွမ်းအားကို လက်တစ်ဖက်တည်း သုံး၍ ခုခံခဲ့သည်။

အဆုံးမဲ့ ဖျက်ဆီးခြင်းမိုးကြိုးလျှပ်စီးများက သူ့ပေါ်သို့ ချက်ချင်း ကျဆင်းလာသည်။ သူ၏ ခန္ဓာကိုယ်က အသွေးအသားပင် မကျန်ခဲ့လောက်တော့ဟု ထင်မှတ်ရပေသည်။ သို့ပေမယ့် ထိုသို့ ဖြစ်ရမည့်အစား မဟာလမ်းစဥ်၏ ခန္ဓာကိုယ်အဖြစ်ပြောင်းလဲသွားကာ ရှေးဟောင်းစာလုံးများက သူ့ကို ဝန်းရံနေပြီး ထိုဖျက်ဆီးခြင်း မိုးကြိုးစွမ်းအားများက သူ့ကို ဖျက်ဆီးနိုင်စွမ်း မရှိခဲ့ပေ။

အဆုံးမဲ့ ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း စွမ်းအားများက လေထဲမှ နေရာတစ်ခုလုံးကို လွှမ်းခြုံသွားပြီး ထိတ်လန့်ဖွယ်ကောင်းလောက်သည့် မြင်ကွင်းကို ဖြစ်ပေါ်စေသည်။

“ဒီလိုစွမ်းအားက တကယ့်ကိုပဲ”

သူတို့ရှေ့မှ မြင်ကွင်းကြောင့် များပြားလှသော တန်ခိုးရှင်များက ထိတ်လန့်အံ့သြကုန်ကြသည်။ ချင်ရွှမ်ကန်းသည် ခရမ်းရင့်ကောင်းကင်နန်းတော်မှ များပြားလှသည့် တန်ခိုးရှင်များကို သူတစ်ယောက်တည်းနှင့် ရင်ဆိုင်နေလေသည်။

ဤသည်က မည်သို့သော မြင်ကွင်းမျိုးနည်း။

ထိုအဖြစ်အပျက်ကို မျက်မြင်တွေ့ရသည့်သူ အားလုံးက ထိုသူက မည်သူဖြစ်ကြောင်း သိလိုနေကြသည်။

ထန်ကျစ်မော့နှင့် သူ့အနီးမှ အခြားသူများ၏ အမူအရာတို့မှာ ပျက်ယွင်းသွားကြလေသည်။ ယခင်က တိုက်ပွဲ၌ သူတို့က ပြန်လည်မွေးဖွားခြင်းအဆင့်ကို ရွေးချယ်၍ တိုက်ခိုက်ခဲ့လျှင် ရှုံးနိမ့်ဦးမည်မှာ သံသယဖြစ်ရန်မလိုပေ။

သူတို့က ရှန့်ထိုအဆင့်မှ မည်သည့်အဆင့်ကိုမဆို ရွေးချယ်နိုင်သည်ဟု ခွင့်ပြုခဲ့သည်။

ထိပ်တန်းအင်အားစု တစ်ခု ဖြစ်သည့် ဗြဟ္မာ့သန့်စင်ကောင်းကင်မှ သမီးတော်သည်လည်း ထိုမြင်ကွင်းကို ကြည့်ကာ အလွန် ထိတ်လန့်တုန်လှုပ်နေသည်။

“အဲဒီလူရဲ့ အဆင့်က အရမ်း နက်ရှိုင်းပြီး သူက ရန်ဟောင်အဆင့်ကိုတောင် ထိတွေ့နိုင်ပြီး ဖြစ်လိမ့်မယ်” ဗြဟ္မာ့သန့်စင်ကောင်းကင်မှ ပြန်လည်မွေးဖွားခြင်းအဆင့် တစ်ယောက်က ပြောလိုက်သည်။ မဟုတ်လျှင် ပြန်လည်မွေးဖွားခြင်းအဆင့် တစ်ယောက်အနေနှင့် ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင် အများအပြားကို ရင်ဆိုင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ ထိုချင်ရွှမ်ကန်း၏ အဆင့်က ပို၍ နက်ရှိုင်းပုံပေါ်လေသည်။

“အဲဒီလူတွေက ဘယ်သူတွေလဲ” အရှေ့ဆုံးမှာ မယုံနိုင်လောက်အောင် လှပသည့် သမီးတော်တစ်ယောက်က မေးလိုက်သည်။ ထိုအမျိုးသမီးက ဗြဟ္မာ့သန့်စင်ကောင်းကင်၏ နံပါတ်တစ် သမီးတော် ချင်းဟယ် ဖြစ်သည်။ သူမက အရည်အချင်း၌ဖြစ်စေ ရုပ်ရည်ရူပကာ၌ဖြစ်စေ အထွတ်အထိပ်တွင် ရှိပြီး အနာဂတ် ကျိုထျန်းနတ်မိမယ်များ ဖြစ်လာနိုင်သူများ၌ နံပါတ်တစ်အ​ဖြစ် ကျော်ကြားသည်။

“အဲဒီအဖွဲ့ကို ဦးဆောင်လာတဲ့သူက ရီဖူရှင်းလို့ခေါ်တယ်။ ဟို ဂူထျန်းရှင်း ခေါ်သွားတဲ့ ဂူကလန်မျိုးဆက်ရဲ့ ဆရာတူညီလေးလည်း ဖြစ်တယ်” နတ်မိမယ်ကျင့်ရီးက ပြောလိုက်သည်။ သူမသည်လည်း သမီးတော်များကြားတွင် ဦးဆောင် နေသူတစ်ယောက်ဖြစ်သည်။ မှော်ဝိဇ္ဇာကပင် သူမအား ကျိုထျန်းနတ်မိမယ်များထဲမှ တစ်ဦး ဖြစ်လာမာ်ဟု ပြောခဲ့သည်။

သို့သော် ဗြဟ္မာ့သန့်စင်ကောင်းကင်တွင် သူမ၏ အဆင့်အတန်းက ချင်းဟယ်နှင့် ယှဥ်လျှင် နိမ့်ကျပေသည်။ ချင်းဟယ်သည် မျိုးဆက်ကိုးခု၌ မျိုးဆက်တစ်ခုမှ ဆင်းသက်လာသူ ဖြစ်ပြီး အားလုံး၏ တစ်စိတ်တစ်ဝမ်းတည်း သဘောတူညီမှုအရ သူမက ကျိုထျန်းနတ်မိမယ်များ၏ ခေါင်းဆောင်ဖြစ်လာပေလိမ့်မည်။

“ဒါဆိုရင်တော့ သူတို့က ခရမ်းရင့်ကောင်းကင်နန်းတော်ကို အကြီးအကျယ် ပျက်စီးစေတော့မှာပဲ” ချင်းဟယ်က ​ပြောလိုက်သည်။ သန့်စင်သည့် အလင်းက သူမ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားပြီး ကြည့်ရသည်မှာ တောက်ပနေ၏။

“ဟုတ်တယ်” နတ်မိမယ်ကျင့်ရီးက ခေါင်းညိတ်လိုက်သည်။ သူမက အနည်းငယ် တွေးနေပြီးနောက် ဆက်ပြောလိုက်သည်။ “ပြီးတော့ မှော်ဝိဇ္ဇာနဲ့ နောက်ဆုံးတွေ့ခဲ့တာလည်း သူပဲ”

ချင်းဟယ်က တိုက်ပွဲဖြစ်နေသည့် နေရာသို့ လှမ်းကြည့်လိုက်၏။ ထိုသူက သေဆုံးခြင်းသစ်ပင်၏ ဝါးမျိုခြင်းခံရသော်လည်း ရှင်သန်နေသေးသူ တစ်ယောက်အနေနှင့် လျှို့ဝှက်ချက်များ ရှိလိမ့်မည်ဟု ယူဆသည်။ ထို့ကြောင့် ကျန်းယွမ်က ရီဖူရှင်းထံမှ တစ်ခုခု လိုချင်နေသည်မှာ အံ့သြစရာမရှိပေ။ သူက ထိုအလောင်းထက်ပင် ပို၍ လိုချင်နေပေလိမ့်မည်။

ထိုနေရာ၌ ခရမ်းရင့်ကောင်းကင်နန်းတော်၏ မဟာလမ်းစဥ် ထူခြားခန္ဓာပိုင်ရှင် ကျန်းယွမ်က စတင်လှုပ်ရှားလိုက်သည်။ လောကကို အဆုံးသတ်မည့် ဖျက်ဆီးခြင်း မိုးကြိုးစွမ်းအားများကို ဆင့်ခေါ်လိုက်သည်။ ကြောက်မက်ဖွယ် မိုးကြိုးဝင်္ကပါက လေထဲ၌ ပေါ်ပေါက်လာ၏။

တစ်ချိန်တည်းမှာပင် အခြားနေရာ၌ နတ်ဆိုးသားရဲများက လျင်မြန်စွာ လှုပ်ရှားလာကြပြီး ရီဖူရှင်းထံ ဦးတည်လိုက်သည်။

သူတို့က ချင်ရွှမ်ကန်းသည် သူတို့ အားလုံးထက်တော့ အစွမ်းမထက်နိုင်ဟု ယူဆကြပေသည်။ ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များနှင့် သူက တိုက်ခိုက်နေခြင်းမှာ နတ်ဆိုးသားရဲများအတွက် အခွင့်ကောင်းပင် ဖြစ်သည်။

ဝူယုံးနှင့် အခြားလူများက လျင်မြန်စွာဖြင့် ရီဖူရှင်း၏ ဘေး၌ ပေါ်ပေါက်လာပြီး သူတို့၏ အားအကောင်းဆုံး မီးလျှံများကို ထုတ်လွှတ်ကာ ခဏအတွင်း၌ ပြင်းထန်သည့် တိုက်ပွဲကို စတင်လိုက်ကြသည်။

ရာရာထံမှ ဓားဝင်္ကပါ ပေါ်ပေါက်လာသည်။ သူမသည် လေထဲသို့ ခြေလှမ်းလိုက်ပြီး သူမ၏ မျက်လုံးများက ဓားကဲ့သို့ ပြောင်းလဲသွားကာ ကျန်းယွမ်ဆီသို့ ထိုးထွက်သွားသည်။

ဘုန်း… နတ်မိုးကြိုးရှစ်သွယ်က အောက်သို့ ကျဆင်းလာသည်။ ကောင်းကင်မိုးကြိုးက ကပ်ဘေးစွမ်းအားများကို သယ်ဆောင်လာ၏။

ရာရာသည် လေထဲသို့ ခြေလှမ်းကာ သူမ၏ ဓားကို ထုတ်ဖော်၍ နတ်မိုးကြိုးရှစ်သွယ်ကို ခုခံလိုက်ပြီး ယင်းတို့၏ လမ်းကြောင်းအား တားဆီးရန် ရည်ရွယ်လိုက်သည်။

သူမ၏ ဓားများနှင့် လျှပ်စီးအလင်းတန်းတို့က ထိခတ်သွားခဲ့သည်။ ကပ်ဘေးမိုးကြိုးဝင်္ကပါက ဆင့်ခေါ်ခံလိုက်ရပြီး ကျန်းယွမ်၏ မျက်လုံးများက ကြောက်မက်ဖွယ် မိုးကြိုးစွမ်းအားများဖြင့် လင်းလက်သွားသည်။ သူ ရှေ့သို့ လှမ်းလိုက်သည်နှင့် ဆူညံသည့် မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး လူတိုင်း၏ နားစည်ကို ဖြတ်သန်းကာ စိတ်ဝိညာဥ်ကိုပင် တုန်ခါသွားစေသည်။

“မင်း ငါနဲ့ မယှဥ်နိုင်ဘူး။ ဘေးဖယ်နေလိုက်” ကျန်းယွမ်က ပြောလိုက်သည်။ သူက လေထဲသို့ လက်ကို ညွှန်လိုက်ပြီး မိုးကြိုးများက တုန်ခါလာကာ ယခင်ကထက် ပို၍ ကြောက်မက်ဖွယ် ကောင်းသော မိုးကြိုးစွမ်းအားများ ဖြစ်ပေါ်လာစေသည်။

သူ့တွင် မဟာလမ်းစဥ် ထူးခြားခန္ဓာ ပိုင်ဆိုင်ထားသည့်အတွက် အားလုံးသော မိုးကြိုးများက သူ၏ အမိန့်ကို နာခံလိမ့်မည် ဖြစ်သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset