အပိုင်း(၁၃၉၄)

သေဆုံးခြင်းချောက်ကမ်းပါး

ပို၍ ပို၍ များပြားသော တန်ခိုးရှင်များက မူလတောင်တန်းသို့ ခြေချလာကြပြီး လူတိုင်းသည် တဖြည်းဖြည်း လူစုခွဲကာ မတူညီသည့် အရပ်နေရာများသို့ ဦးတည်လိုက်ကြသည်။

မူလတောင်တန်းသည် အလွန် ကျယ်ပြောလှသည်ဖြစ်ရာ မရေတွက်နိုင်သည့် နတ်ဆိုးတို့ အတွင်းသို့ ဝင်ရောက်လာလျှင်ပင် သက်ဆိုင်ရာ အဖွဲ့များနှင့်အတူ ခွဲသွားရန် လွယ်ကူပေသည်။

သို့သော် သူတို့ ရှေ့သို့ ဆက်သွားရာ နေရာအနှံ့တွင် မကောင်းဆိုးဝါးတို့ ရှိနေကြောင်း တွေ့ကြရ၏။

ရီဖူရှင်းတို့သည် အခြားတန်ခိုးရှင်များနှင့် တဖြေးဖြေးဝေးကွာသွားသည်ဟု ခံစားမိကြသည်။ သူတို့ ရှေ့သို့ ဆက်လျှောက်သွားရင်းနှင့် ကျီးကန်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သော်လည်း နတ်ဆိုးအငွေ့အသက်တို့က ပို၍ ထူထဲလာသည်။ ထို့အပြင် တောင်တန်းတစ်ခုလုံးမှာ ဆန်းကြယ်သည့် စွမ်းအားအချို့နှင့် လွှမ်းခြုံထားသည်ဟု ထင်မှတ်ရပြီး  ဖိအားအနည်းငယ်ကို ခံစားကြရသည်။

ထိုဖိအားသည် စကားအားဖြင့်ပြောပြရန် ခက်ခဲသော်လည်း ၎င်းက လူများကို သက်သောင့်သက်သာ မဖြစ်စေခဲ့ပေ။ ကောင်းကင်ဖြစ်စေ မြေကြီးဖြစ်စေ အနီးရှိ လေထု၌ဖြစ်စေ၊ ထိုဖိအားသည် နေရာအနှံ့၌ ရှိနေသည်ဟု ထင်မှတ်ရပြီး အားလုံးကို သတိထားဖြစ်စေသည်။

သို့သော် ပြင်ပဒေသများတွင် အန္တရာယ် အနည်းငယ်သာ ရှိသည်ဟု ထင်မှတ်ရသည်။

“မူလတောင်တန်းရဲ့ အရှိန်အဝါက အတော်လည်း ပြင်းတယ်” ရှားရှင်းယွန်က ပြောလိုက်သည်။ သူမသည် အနည်းငယ် မသက်မသာခံစားနေရသော်လည်း အကြောင်းပြချက် ရေရေရာရာ မပြောနိုင်ပေ။

“အတူတူပဲ” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ “ဂရုစိုက်တာ အကောင်းဆုံးပဲ”

ဂူထျန်းရှင်း အမှန်တကယ် အသက်ရှင်နေလျှင် အစ်ကို၃အား  မူလတောင်တန်းသို့ အဘယ့်ကြောင့် ခေါ်ဆောင်လာသနည်း။

“ပြောကြတာတော့ တစ်ခါက ဒီနေရာမှာ လောကတိုက်ပွဲကြီးဖြစ်ပွားခဲ့တယ်တဲ့။ နတ်ဆိုးအင်ပါယာတွေနဲ့ ရန်ဟောင်တွေ အများကြီး သေဆုံးခဲ့ပြီး သူတို့ရဲ့ သွေးတွေက နေရာအနှံ့ ပန်းထွက်ခဲ့သည်။ သူတို့ရဲ့ အမျက်ဒေါသနဲ့ ခါးသီးသောခံစားချက်တွေက နေရာတစ်ခုလုံးကို လွှမ်းမိုးသွားခဲ့ပြီး အဲဒီအရှိန်အဝါတွေက မူလတောင်တန်းကနေ ဘယ်တော့မှ ပျက်ပြယ်မသွားတော့ဘူးတဲ့။ ရှင်းမပြနိုင်တဲ့ ကိစ္စတွေအများကြီး ဖြစ်သွားပြီး ယုတ္တိမတန်တဲ့ အန္တရာယ်တွေကလည်း နေရာအနှံ့မှာ ပုန်းလျှိုးကွယ်လျှိုးနဲ့ ရှိနေတယ်။ အဲဒါကြောင့် ဒီမှာ မွန်းကြပ်တဲ့ ခံစားမှုတွေ ရှိနေတာ ပုံမှန်ပဲ”

တောင်ပံလူသားမျိုးနွယ်မင်းသမီးက ရှင်းပြလိုက်သည်။

“နတ်မြေခွေးနန်းတော်က ဒီနေရာအကြောင်း ပိုသိကြတယ်။ အဲဒီ ဟူချမ့်က နတ်မြေခွေးနန်းတော်ရဲ့ သမီးတော်ဖြစ်ပြီး သူမအနားမှာဆို ပိုပြီး လုံခြုံလိမ့်မယ်” ရီဖူရှင်းက သူ၏ အကြည့်များကို ရှေ့သို့ ပို့လိုက်သည်။ ရင်ကျိုးတောင်မှ တန်ခိုးရှင်များက ရှေ့သို့ အလွန်လျင်မြန်သော အရှိန်ဖြင့် သွားနေကြပြီး သူတို့ကို ငွေရောင်အလင်းကဲ့သို့ ထင်မှတ်ရစေသည်။

နတ်မြေခွေးနန်းတော်မှ ဟူချမ့်သည် ဤခရီး၌ ရင်ကျိုးတောင်မှ လူများနှင့်အတူ သွားခဲ့သည်။

“အကြံကောင်းပဲ” ကျူးကျောက်က ခေါင်းညိတ်လိုက်ပြီးနောက် သူ့တို့နောက်မှ လိုက်ကြသည်။

ရီဖူရှင်းနှင့် သူ့လူများသာလျှင် ထိုသို့ လုပ်သည်မဟုတ်ပေ။ အမှန်မှာတော့ များပြားလှသည့် နတ်ဆိုးများက မူလတောင်တန်းသို့ ခြေချလာချင်းချင်းပင် ထိုသို့ ပြုလုပ်ကြခြင်း ဖြစ်၏။ သူတို့သည် ထိပ်တန်းအင်အားစုများ၏ နောက်မှ ကပ်လိုက်ကြပြီး သူတို့က တောင်၏ အတွင်းပိုင်းသို့ သွားကြရာ၌ ကြီးမားသည့် အဖွဲ့ကြီး ဖြစ်လာသည်။

အချိန်တချို့ ကုန်လွန်သွားပြီးသောအခါ သူတို့သည် တောင်၏ အနက်ပိုင်း ဒေသသို့ ရောက်ရှိလာသည်။

သူတို့၏ ရှေ့၌ နက်ရှိုင်းသော ချောက်ကြီးကို တွေ့လိုက်ကြရပြီး ရင်ကျိုးတောင်မှ တန်ခိုးရှင်များက ရပ်တန့်လိုက်ကြသည်။ သူတို့သာလျှင် ထိုသို့ ပြုလုပ်သည်မဟုတ်ပေ။ များပြားလှသည့် တန်ခိုးရှင်များသည် အရှိန်ကို နှေးချလိုက်ပြီး တဖြည်းဖြည်း ရပ်တန့်သွားကြသည်။

သို့သော် ပိုမိုအစွမ်းထက်သည့် လူများကတော့ ရှေ့သို့ပင် ဆက်လက်သွားနေကြသေး၏။

“သတိထား” လိန်မုန့်၏ အသံက မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာသည်။

ချောက်နက်ထဲမှ လေပြင်းတိုက်ခတ်သောကြောင့် စူးစူးရှရှ အသံများအား ကြားလာရသည်။ ဟိန်းဟောက်သံနှင့် စည်သံကဲ့သို့ ဆူညံသံများကို ကြားကြရပေသည်။ ဆူညံသံများက အရမ်းမကျယ်လောင်သော်လည်း သူတို့၏ နားများကတော့ အတော်လေး မချမ်းမြေ့ဖွယ် ဖြစ်သွားရသည်။ ဆူညံသံသည် လေနှင့်အတူ ပါလာခဲ့ပြီး အသံများက ငိုကြွေးသံကဲ့သို့ မြည်ဟီးနေသည်။

ရီဖူရှင်းသည် သူ၏ နားစည်က တုန်ခါနေသည်ကို ခံစားရ၏။ ထက်ရှသည့် လေက ထူးဆန်းသည့် အသံများကို သယ်ဆောင်လာရာ သူ၏ စိတ်က တိုက်ခိုက်ခံနေရပြီဟု ခံစားမိသည်။

“ကြည့်ရတာ ကျုပ်တို့ အန္တရာယ်များတဲ့ နေရာတစ်ခုခုကို ရောက်နေပြီထင်တယ်” ကျူးကျောက်က ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် ကျယ်ပြောလှသည့် နေရာ၌ လူအများက သတိကြီးစွာထား၍ ရှေ့သို့ ကြည့်နေကြသည်။

ချောက်ကမ်းပါးမှ ထွက်လာသည့် ထိုထူးဆန်းထိတ်လန့်ဖွယ် အော်မြည်သံများ ထွက်ပေါ်လာခြင်းက သူတို့အားလုံးကို မသက်မသာ ခံစားရစေသည်။

“ကျုပ်တို့ ပတ်သွားလို့ မရဘူးလား” ထိုအချိန်တွင် ရင်ကျိုးတောင်မှ နတ်ဆိုးတစ်ကောင်က ဟူချမ့်ကို မေးလိုက်သည်။

ဟူချမ့်က သူမ၏ ခေါင်းကို ခါကာ အဖြေပေးလိုက်သည်။ “အဲဒါက သေဆုံးခြင်းချောက်ကမ်းပါးပဲ။ ကျွန်မတို့ ဖြတ်သွားဖို့လိုတယ်။ ပြီးတော့ ဖြတ်သန်းသွားနေတုန်းမှာလည်း အရမ်း လှုပ်ရှားလို့မရဘူး။ နတ်မြေခွေးနန်းတော်က မှတ်တမ်းမှာ ဖတ်ခဲ့ရတာတော့ သေဆုံးခြင်းချောက်ကမ်းပါးမှာ ကျင့်ကြံဆင့်မြင့်တဲ့ သူတွေက သေဆုံးနိုင်ချေ ပိုမြင့်တယ်တဲ့”

သူမ ပြောပြီးသည်နှင့် တန်ခိုးရှင်တစ်စုသည် လေထဲသို့ ခြေချလိုက်ကြသည်။ ထိုသူများသည် ချောက်ကမ်းပါးအထက်ကို ဖြတ်သန်းရန် ကြိုးစားလိုက်ကြပြီး အခြားတစ်ဖက်သို့ သွားရန် ပြင်လိုက်သည်။

ဘုန်း…

အနက်ရောင်အလင်းတန်းတစ်ခုက လူတိုင်း၏ ရှေ့တွင် လင်းလက်လာသည်။ အလင်းက အလွန် လျင်မြန်ပြီး တံလျှပ်ကဲ့သို့ ထင်မှတ်ရပေသည်။

ထိုတံလျှပ်သည် ကောင်းကင်သို့ ထိုးတက်သွားပြီး လေထဲ၌ ပျံသန်းနေသည့် တန်ခိုးများအားလုံးကို ရစ်ပတ်သွားခဲ့ရာ ထိုသူများမှာ ထွက်ပြေးရန်ပင် အခွင့်မသာလိုက်ပေ။

ဖမ်းချုပ်ခံလိုက်ရသော တန်ခိုးရှင်များသည် အံ့သြတကြီးဖြစ်နေကြသည်။ မဟာလမ်းစဉ်၏ စွမ်းအားများကို ထုတ်လွှတ်လိုက်ကြသော်လည်း သိပ်အသုံးဝင်ဟန်မတူ။ သူတို့ကို ဖမ်းဆီးလိုက်သည့် ထိုအရာသည် ချက်ချင်းပင် သူတို့ကို တဖြည်းဖြည်း ဝါးမျိုရင်း ချောက်ကမ်းပါးအတွင်းသို့ ပြန်လည် ဆုတ်ခွာသွားသည်။

ကောင်းကင်မှ အဖွဲ့တစ်ဖွဲ့သည် အချိန်ခဏလေးအတွင်း၌ ပျောက်ကွယ်သွားကာ သွေးစသွေးနအချို့သာ ချန်ရစ်ခဲ့ပေသည်။

“ဒါက…” လူအများ၏ စိတ်များက အလွန်အမင်း တုန်လှုပ်နေပြီး ကြောက်ရွံ့သည့် ခံစားချက်ကို ခံစားလိုက်ရသည်။ ထို့နောက်တွင် များပြားလှသော တန်ခိုးရှင်များ၏ မျက်လုံးများက အရောင် ပြောင်းလဲသွားခဲ့သည်။

“အရမ်းမြန်တာပဲ” ရီဖူရှင်း၏ မျက်လုံးများက ထိုအရာကို လိုက်လံကြည့်ရှုနေသည်။ “အဲဒါက သစ်နွယ်တွေမလား”

“ဂရုစိုက်။ အဲဒါက နတ်ဆိုးဝါးမျိုသစ်ပင်ပဲ’’ နတ်မြေခွေးနန်းတော်မှ နတ်ဆိုးအချို့က ပြောလိုက်သည်။ နတ်မြေခွေးနန်းတော်မှ တန်ခိုးရှင်အများအပြားသည် မူလတောင်တန်းသို့ သွားရောက်သည့် ခရီးစဉ်၌ ပူးပေါင်းပါဝင်ရန် များပြားလှသည့် အင်အားစုများထံမှ ဖိတ်ကြားခြင်းခံခဲ့ရသည်။

“ကျုပ်တို့ အဲဒီကို ဘယ်လိုဖြတ်ကြမလဲ” နတ်မြေခွေးနန်းတော်မှ နတ်ဆိုးမြေခွေးကို အချို့သော တန်ခိုးရှင်များက မေးလိုက်၏။

“ကျုပ်တို့ ဖြတ်သွားဖို့ လိုတယ်။ ဒါပေမယ့် ဂရုစိုက်ရမယ်။ ဆူဆူညံညံ ဖြစ်မသွားစေနဲ့” နတ်မြေခွေးနန်းတော်မှ တန်ခိုးရှင်တစ်ယောက်က လူအုပ်ကို ပြောလိုက်သည်။

တစတစ ပိုမိုများပြားသော တန်ခိုးရှင်များ ထိုနေရာသို့ ရောက်ရှိလာကြသည်။ ခြောက်ခြားဖွယ် ဆူညံသံက ရှိနေဆဲဖြစ်ကာ သူတို့က လမ်းလျှောက်သည့်အခါ၌ အရှိန်ကို လျှော့ထားသော်လည်း သူတို့၏ နားစည်များကတော့ ပိုမို နာကျင်လာသည်ကို ခံစားနေရ၏။

“ချောက်ကမ်းပါးကို တိုက်ရိုက်ဖြတ်လျှောက်မှာလား” အချို့နတ်ဆိုးသားရဲများက သံသယဖြစ်စွာနှင့် မေးလိုက်သည်။

“ဟုတ်တယ်”

“ခင်ဗျားတို့က သေချင်နေတာလား ဘာလဲ”

အချို့သော တန်ခိုးရှင်များက လှောင်ရယ်ကာ အပေါ်သို့ တက်သွားကြပြီး တိမ်တိုက်များအတွင်းသို့ ဝင်ရောက်သွားလုနီးပါး မြင့်တက်သွားကာ အထက်မှ ရှေသို့ ထွက်ခွာသွားသည်။

ဝှီး…

အနက်ရောင်လျှပ်စီးတန်းက အကွာအဝေးကို လျစ်လျူ ရှုက  တိမ်တိုက်များဆီသို့ ထိုးတက်သွားသည်။

“မလုပ်နဲ့….”

အော်သံများက အထက်ကောင်းကင်တွင် ထွက်ပေါ်လာသည်။ ထို အမည်းရောင် လျှပ်စီးတန်းက ထိုသူများကို ဆွဲချသွားကာ ချောက်ကမ်းပါးအတွင်း၌ ပျောက်ကွယ်သွား၏။ လူအများတို့သည် သူတို့၏ စိတ်စွမ်းအားများကို ချောက်ကမ်းပါးအတွင်းသို့ ပို့လွှတ်ကာ စူးစမ်းလိုက်သော်လည်း သူတို့၏ စွမ်းအားများကို မမြင်ရသည့် စွမ်းအားတစ်ခုခုက ပိတ်ဆို့တားဆီးထားကြောင်း အလျင်အမြန်ရှာတွေ့ခဲ့သည်။

‘ငါတို့ ဒီချောက်ကမ်းပါးကနေ ဖြတ်သွားနိုင်ပါ့မလား’

တန်ခိုးရှင်များမှာ မျက်မှောင်ကြုတ်လိုက်ကြသည်။ ထိုအခိုက်အတန့်တွင် တန်ခိုးရှင် အဖွဲ့တစ်ဖွဲ့ဆီမှ တောက်ပလင်းလက်နေသည့် အလင်းများ ပေါက်ကွဲထွက်လာသည်။ လူတိုင်းက လှည့်ကြည့်လိုက်လျှင် သူတို့၏ မူလအသွင်ယူထားသည့် ခရမ်းရွှေကြွက် တန်ခိုးရှင်များကို မြင်လိုက်ရသည်။  ရွှေရောင်အလင်းတန်းများက ပိတ်ဆို့ထားပြီး သူတို့သည် မြေပြင်ကို ကျွင်းတူးကာ ချက်ချင်း ပျောက်ကွယ်သွားသည်။

“ဝါး…..”

လူအများသည် ထိုမြင်ကွင်းကို အံ့အားသင့်သွားကြ၏။ ထိုခရမ်းရွှေကြွက်များက နတ်ဆိုးဘုံ၏ အထွတ်အထိပ် နတ်ဆိုးမျိုးနွယ်မှ လာခြင်းမှာ အမှန်ပင် ဖြစ်သော်လည်း ထိုကြွက်များ၏ အမူအကျင့်ကတော့ ပြောင်းလဲနိုင်စွမ်း မရှိကြသေးပေ။

“သွားကြစို့” နဂါးမျိုးနွယ် တန်ခိုးရှင်အဖွဲ့က ဦးဆောင်ကာ ထွက်ခွာလိုက်သည်။

သူတို့သည့် ရှေ့သို့ လှမ်းကာ ချောက်ကမ်းပါးအစွန်းသို့ ဦးတည်လိုက်သည်။ သူတို့သည် ချောက်ကမ်းပါးကို အနည်းငယ်လေ့လာလိုက်ပြီးနောက် ဒိုင်ဗင်ထိုးကာ ခုန်ချသွားလေသည်။

ကောင်းကင်နတ်ဆိုးနန်းတော်မှ နတ်ဆိုးများကလည်း လိုက်ပါသွားသည်။

“ဆက်သွားရအောင်” ရီဖူရှင်းက ပြောလိုက်ကာ ရှေ့ကို ဆက်သွားသည်။ သူတို့ ရှေ့သို့ တိုးသည့်အခါ ကြောက်မက်ဖွယ် ဆူညံသံက စိတ်ပျက်ဖွယ်ကောင်းလောက်အောင် တိုးမြင့်လာပြီး သူတို့၏ ခံစားချက်များကို မငြိမ်မသက်ဖြစ်လာစေသည်။

သူတို့သည် ချောက်ကမ်းပါးအစွန်းသို့ ရောက်သည့်အခါ နက်ရှိုင်းသည့် ချောက်ကမ်းပါးသို့ ငုံ့ကြည့်လိုက်သည်။ နက်မှောင်နေသည့် ရှေးဟောင်းသစ်ပင်ကြီးများက ယိမ်းနွဲ့လှုပ်ရှားနေပြီး စွမ်းအားအရှိန်အဝါတို့ကို စုပ်ယူနေသည်။

“ဂရုစိုက်ပါ။ မင်းတို့ရဲ့ အရှိန်အဝါတွေကို မထုတ်မိအောင် ကြိုးစားနိုင်ရင်တော့ အကောင်းဆုံးပဲ” နတ်မြေခွေးနန်းတော်မှ တန်ခိုးရှင်တစ်ဦးက သတိပေးလိုက်သည်။ လူတိုင်းက သူတို့၏ အရှိန်အဝါများကို ထိန်းချုပ်ပြီး ချောက်ကမ်းပါးဆီသို့ ဖြေးညင်းစွာ လျှောက်သွားကြသည်။

ချောက်ကမ်းပါး၏ မြေပြင်သည် တစ်ချိန်က တိုက်ခိုက်ခဲ့ဖူးသည့် စစ်မြေပြင်ကြီးနှင့် တူကာ မြေပြင်က အပိုင်းပိုင်း ဖြတ်ခံထားရသည်။ ခြောက်ခြားဖွယ် အော်မြည်သံက ပို၍ ပြင်းထန်လာသည်။

ရှားရှင်းယွန်သည် သူမ၏ မျက်လုံးများကို မှိတ်လိုက်ရင်း မသက်မသာခံစားချက်ကြီးကို ခံစားနေရသည်။

“ဒါက စစ်မြေပြင်လား” ရီဖူရှင်းက ခပ်တိုးတိုးမေးလိုက်သည်။ ရှုပ်ထွေးနေသော အရှိန်အဝါများနှင့် ငိုကြွေးမြည်တမ်းနေသကဲ့သို့ စူးရှကျယ်လောင်သည့် အသံများတွင် အမုန်းတရားများနှင့် ပြည့်နှက်နေသော မရေတွက်နိုင်သည့် ဝိညာဉ်များ၏ စွမ်းအားများ ပါဝင်နေသည်ဟု ထင်မှတ်ရသည်။

ဘုန်း…

ထိုအချိန်တွင် ချောက်ကမ်းပါးအတွင်းရှိ အနက်ရောင် ရှေးဟောင်းသစ်ပင်များထဲမှ တစ်ပင်က ရုတ်တရက် ကြီးထွားလာပြီး နေရာအနှံ့ဆီသို့ နွယ်များကို ပစ်လွှတ်လိုက်သည်။ များပြားလှသည့် တန်ခိုးရှင်များသည် ချက်ချင်းပင် ရစ်ပတ်ခံလိုက်ရပြီး ထိုသစ်ပင်၏ တဖြည်းဖြည်း ဝါးမျိုခြင်းကို ခံလိုက်ရသည်။

“သွား”

များပြားလှသည့် နတ်ဆိုးများမှာ ထိုအဖြစ်ကြောင့် ကြောက်ရွံ့တုန်လှုပ်သွားကြပြီး ရှေ့သို့ အသည်းအသန် ပြေးလွှားသွားကြသည်။

ရေတွက်၍ပင် မရနိုင်သည့် ရှေးဟောင်းသစ်ပင်ကြီးများက အရူးအမူး လှုပ်ရှားလာပြီး ယင်းတို့ထံမှ အော်မြည်သံများကို ကြားကြရကာ နွယ်များက နေရာအနှံ့သို့ ခွဲထွက်သွားသည်။

“မြန်မြန်…”

နေရာအနှံ့မှ နတ်ဆိုးများက အရှိန်တင်ကာ အသည်းအသန်နှင့် ရှေ့သို့ တဟုန်ထိုး ပြေးသွားကြသည်။ သို့သော် ထိုသစ်ပင်များက ပို၍ပင် လျင်မြန်ပုံပေါ်သည်။ သူတို့က ရစ်ပတ်ခံလိုက်ရသည်နှင့် ဝါးမျိုခံရခြင်းနှင့် အဆုံးသတ်သွားပေလိမ့်မည်။

မရေတွက်နိုင်သည့် နတ်ဆိုးသားရဲများက အချိန်ခဏလေးအတွင်း၌ ချောက်ကမ်းပါးအတွင်း သုတ်သင်ခံလိုက်ရသည်။ သူတို့၏ သွေးများက မြေပြင်တွင် စွန်းထင်းကုန်ကာ ထို့နောက်၌ အနက်ရောင် ချောက်ကမ်းပါး၏ မြေပြင်မှ စုပ်ယူလိုက်ခြင်းကို ခံကြရပေသည်။

“မြန်မြန်သွား”

နတ်မြေခွေးနန်းတော်မှ တန်ခိုးရှင်များ၏ အမူအရာက ပြောင်းလဲသွားသည်။ အလွန်များပြားလှသည့် နတ်ဆိုးသားရဲများက ချောက်ကမ်းပါးအတွင်းသို့ ကျရောက်သွားပြီး အခြေအနေကို ထိန်းချုပ်၍ မရတော့အောင် ဖြစ်စေသည်။

ထိုအချိန်တွင် အရာအားလုံးက လုံးဝ ပြောင်းလဲသွားခဲ့ပြီဟု ထင်ရပေသည်။

အနက်ရောင် ရှေးဟောင်းသစ်ပင်သည် တစ်ပင်ပြီးတစ်ပင် သေဆုံးခြင်း အနက်ရောင် မြေပြင်ဆီမှ ပေါက်ဖွားလာကာ ဆက်လက်၍ ကြီးထွားလာနေသည်။ ယင်းတို့သည် မတိုက်ခိုက်ခင် အနီးဝန်းကျင်ရှိ နတ်ဆိုးအရှိန်အဝါများကို ဝါးမျိုကာ နတ်ဆိုးသားရဲများနှင့် လူသားတန်ခိုးရှင်များကို သူတို့၏ ကြီးထွားမှု လောင်စာအဖြစ် အသုံးချလေသည်။

အနက်ရောင် ရှေးဟောင်းသစ်ပင်သည် ချောက်ကမ်းပါးအလယ်၌ အလျင်အမြန် ကြီးထွားလာပြီး အဆက်မပြတ် ကြီးမားလာကာ ကောင်းကင်သို့ ထိုးတက်သွား၏။ သစ်ရွက်များနှင့် နွယ်များက ဝေးကွာလှသည့် အကွာအဝေးသို့ ထိုးတက်သွားကာ ချောက်ကမ်းပါးတစ်ခုလုံးကို လွှမ်းမိုးရန် ရည်ရွယ်နေသည့် နက်မှောင်သော နတ်ဘုရားသစ်ပင်နှင့် တူနေသည်။

ထိုနက်မှောင်သည့် သစ်ပင်က ယိမ်းနွဲ့နေပြီး ဖျက်ဆီးခြင်း အနက်ရောင်အရှိန်အဝါများက ချောက်ကမ်းပါးကို လွှမ်းခြုံကာ တန်ခိုးရှင်များ၏ ခန္ဓာကိုယ်ကို ချက်ချင်းပင် အတွင်းသို့ ဆွဲချဝါးမျိုသွားသည်။

“အဲဒါက ဘာကြီးလဲ” ရီဖူရှင်းနှင့် သူ့အနီးမှ အခြားသူများကြည့်လိုကသ်ည်။ သူတို့သည်လည်း လက်ရှိအခြေအနေမှ ရှောင်ရှားနိုင်သည့် နည်းလမ်းမရှိပေ။

“အခြေအနေတွေ ဆိုးလာပြီ။ သွားမယ်”

ကျူးကျောက်၏ မျက်နှာက မှောင်မည်းသွားသည်။ မြေပြင်မှ ဆူညံသံတို့ ကြားလိုက်ရပြီး ချောက်ကမ်းပါးတွင် အက်ကွဲရာများ ဖြစ်ပေါ်လာ၏။ အဆုံးမဲ့ အနက်ရောင် အငွေ့အသက်များက ချောက်ကမ်းပါးကို ထိုးဖောက်ပြီး သူတို့အားလုံးကို ဖုံးလွှမ်းသွားသည်။  အနက်ရောင် အငွေ့အသက်များက တန်ခိုးရှင်များ၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားကာ သူတို့ကို ခဏချင်းအတွင်း၌ သတ်ဖြတ်ပစ်လိုက်လေသည်။

ချင်ရွှမ်ကန်းက သူ၏ အရှိန်အဝါတို့ကို ထုတ်ဖော်လိုက်ပြီး တောက်ပသည့် အလင်းအကာအကွယ်အဖြစ် ပြောင်းလဲလိုက်ပြီး သူ့အနီးရှိ လူများကို ရစ်ပတ်လိုက်သည်။ သူက ပြောလိုက်၏။ “ဒီနေရာမှာ သေဆုံးခြင်းစွမ်းအားမှာ အရမ်းကျွမ်းကျင်ထူးချွန်တဲ့ လူတစ်ယောက် သေဆုံးခဲ့လိမ့်မယ်။ အဲဒီတစ်စုံတစ်ယောက်ရဲ့ စွမ်းအားတွေက သူ သေပြီးနောက်မှာ မြေဆီလွှာထဲကို စိမ့်ဝင်သွားခဲ့တယ်။ အခုတော့ အဲဒါတွေအားလုံးက မဟာလမ်းစဉ်စွမ်းအားတွေကြောင့် နိုးထလာတာ ဖြစ်နိုင်တယ်”

“သတိထား”

ထိုအချိန်တွင် ကြောက်မက်ဖွယ် အနက်ရောင်အရှိန်အဝါက သူတို့ထံသို့ တိုးဝင်လာသည်။ ချင်ရွှမ်ကန်းသည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး ခဏအတွင်း သူ့ထံမှ မဟာလမ်းစဉ် စွမ်းအားများ ပေါက်ကွဲထွက်လာကာ ဝင်ရောက်လာသည့် အရှိန်အဝါတို့ကို ဖျက်ဆီးပစ်လိုက်သည်။ သို့သော်လည်း ထိုစွမ်းအားများက အဆုံးမရှိဟု ထင်မှတ်ရကာ မည်သည့်အရာကိုမဆို ထိုးဖောက်နိုင်စွမ်းရှိသကဲ့သို့ လူအုပ်ဆီသို့ ရွေ့လျားသွားခဲ့သည်။

ရီဖူရှင်းသည် နတ်မီးလျှံများကို ထုတ်ဖော်လိုက်ကာ သူ့အနီးသို့ ရောက်လာသည့် အနက်ရောင်အရှိန်အဝါတို့ကို လောင်ကျွမ်းစေလိုက်ကာ မည်သည်မှ မကျန်သည်ထိ လျော့ပါးသွားစေသည်။ သူ့ဘေးတွင် ပြန်လည်မွေးဖွားခြင်းအဆင့် အများအပြားက ရပ်နေကာ စောင့်ကြပ်ပေးနေ၏။

ယူချင်းသည် လေထဲသို့ တက်ကာ သူ့ထံ လာနေသည့် ထိုအရှိန်အဝါများကို မြင်သည်နှင့် သူက လက်ကို ဆန့်တန်းလိုက်ပြီး ကြောက်မက်ဖွယ် လေပွေကို ဖော်ထုတ်လိုက်ကာ ထိုစွမ်းအားများကို ဝါးမျိုလိုက်သည်။

သူ့ခန္ဓာအတွင်း စုပ်ယူလိုက်သည့် အနက်ရောင်အရှိန်အဝါများက သူ၏ တစ်ကိုယ်လုံးကို အနက်ရောင် အမျှင်တန်းများ ပေါ်ပေါက်လာစေသည်။ ဆူညံနေသည့် အသံများကို သူ့ခန္ဓာကိုယ်မှ ကြားလိုက်ရပြီး ထိုသို့ လုပ်ပြီးသည်နှင့် သူ၏ အမူအရာက ပြောင်းလဲသွားသည်။ သို့သော် သူ့လက်က ရှေ့သို့ ဆန့်တန်းနေဆဲ ဖြစ်ကာ အနက်ရောင်အရှိန်အဝါများကို ဆက်လက်ဝါးမျိုနေပြီး ယင်းနှင့် ပေါင်းစပ်နေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset