အလွန် ပြင်းထန်စွာ လောင်ကျွမ်းနေသည့် နတ်မီးလျှံများက အထက်မှ ကျဆင်းလာနေသည်ဟု ထင်မှတ်ရသည်။
မရေတွက်နိုင်သည့် တန်ခိုးရှင်များက မော့ကြည့်လိုက်ကြရာ ကောင်းကင်ထက်တွင် တောက်ပသော မြင်ကွင်းကို မြင်တွေ့ကြသည်။ တောက်ပနေသော နတ်ဆိုးတစ်ကောင်ပြီးတစ်ကောင် အထက်မှ ဆင်းသက်လာကြ၏။
သူတို့ကြားမှ ခြေသုံးချောင်းရွှေကျီး၊ ဥဒေါင်း၊ ဖီးနစ်၊ ခွန်ပန် နှင့် အခြား အစွမ်းထက် နတ်ဆိုးမျိုးနွယ်များ ပါဝင်သည်။ (Note: ခွန်ပန် (ခွင်းဖန်) ငှက်တစ်ပိုင်းငါးတစ်ပိုင်း/ ငါးပုံစံနှင့် ငှက်တောင်ပံရှိ တရုတ် ဒဏ္ဍာရီသားရဲ)
နတ်ဆိုးမျိုးနွယ်မှ တန်ခိုးရှင်များသည် တည်ငြိမ်သော အကြည့်တို့ဖြင့် တစ်ဘက်မှ လှမ်းလာသူများအား ကြည့်လိုက်ကြ၏။
“ကောင်းကင်နတ်ဆိုးနန်းတော်” ကျူးကျောက်က စိတ်ချင်းဆက်သွယ်ကာ ရီဖူရှင်းကို ပြောလိုက်သည်။
“ဟိုးတုန်းက မဟာတိုက်ပွဲကြီးမှာ လူသားတွေနဲ့ နတ်ဆိုးတန်ခိုးရှင်တွေ အကြီးအကျယ် တိုက်ခိုက်ပြီး ကြောက်စရာကောင်းတဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်။ လူသားတွေကို ခုခံဖို့အတွက် နတ်ဆိုးတွေက စတင်ပြီး မဟာမိတ်ဖွဲ့လာကြပေမယ့် ကောင်းကင်ထက်မှာ ပျံသန်းနိုင်တဲ့ မျိုးနွယ်ဘုရင်တွေက အားအကောင်းဆုံး မဟာမိတ်တွေပဲ။ ခြေသုံးချောင်းရွှေကျီး ရှန့်ထိုအင်ပါယာ၊ ဥဒေါင်းရှန့်ထိုအင်ပါယာ၊ ဖီးနစ်ဘိုးဘေးအင်ပါယာ၊ ခွန်ပန်နတ်ဆိုးအရှင်၊ ရွှေတောင်ပံငှက်အင်ပါယာနှင့် တခြား ထိပ်တန်းအင်အားစုတွေရဲ့ ဦးဆောင်မှုအောက်မှာ မဟာမိတ်ဖွဲ့ခဲ့ကြပြီး နတ်ဆိုးဘုံရဲ့ ပျံသန်းနိုင်တဲ့ သားရဲတွေကို လွှမ်းမိုးခဲ့တယ်။ ပြီးတော့ ကောင်းကင်နတ်ဆိုးနန်းတော်ကို တည်ထောင်ပြီး လူသားတွေကို ခုခံဖို့ အစွမ်းထက်ဆုံး နတ်ဆိုးစစ်တပ်တွေကို ဖန်တီးခဲ့တယ်။ ဒီနေ့ထိတောင်မှ ကောင်းကင်နတ်ဆိုးနန်းတော်က နတ်ဆိုးဘုံရဲ့ အမြင့်ဆုံးအင်အားစုအဖြစ် ကျန်ရှိနေတုန်းပဲ”
ထို့နောက် ကျူးကျောက်က ဆက်ပြောလိုက်သည်။ “ဒါပေမယ့် ကောင်းကင်နန်းတော်အတွင်းမှာ အဖွဲ့တွေ ကွဲနေပုံရတယ်။ လက်ရှိမှာ ခြေသုံးချောင်းရွှေကျီး ရှန့်ထိုအင်ပါယာနဲ့ ခွန်ပန်အင်ပါယာတို့က ပဋိပက္ခ နည်းနည်းရှိတယ်။ ခွန်ပန်အင်ပါယာက အရမ်း မာနကြီးမောက်မာပြီး ဘယ်သူ့ဆီမှာမှ လက်အောက်မခံချင်ဘူး။ ခြေသုံးချောင်းရွှေကျီးရှန့်ထိုအင်ပါယာကလည်း သီးသန့်နေရတာ သဘောကျတယ်။ ခေါင်းကိုးလုံးဖီးနစ်တွေကလည်း တခြားဖီးနစ်တွေကို လက်မခံကြဘူး”
ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ထိုနတ်ဆိုးမျိုးနွယ် အားလုံးမှာ နတ်ဆိုးများကြားတွင် ပါရမီမြင့်မားကြ၏။ သူတို့၏ မဟာမိတ်များက ထိုမျှ စွမ်းအားမကြီးနိုင်သည့်အခါ သူတို့သည် နတ်ဆိုးဘုံအတွင်း အုပ်စိုးမင်းမူလာနိုင်ကြပေသည်။
ထို့ပြင် အဖွဲ့အစည်းတွင်းပြဿနာများက ပုံမှန်ပင် ဖြစ်သည်။ သူတို့အားလုံးသည် ပြင်ပရန်သူများကြောင့်သာ မဟာမိတ်ဖွဲ့ခဲ့ကြသည် မဟုတ်ပါလား။ ကောင်းကင်နန်းတော်က နှစ်ပေါင်းများစွာထိ တည်တံ့နေခြင်းမှာ အတော်လေး ထူးဆန်းအံ့ဖွယ်ဟုပင် ကောက်ချက်ချရပေမည်။
“အဖေ” ရီဖူရှင်း၏ ဘေးမှ ခွန်ရွှမ်က ခေါ်လိုက်သည်။ ဥဒေါင်းနတ်ဆိုးအင်ပါယာသည် ကောင်းကင်နတ်ဆိုးနန်းတော်မှ တန်ခိုးရှင်များကြားတွင် ရှိနေပြီး အခြား ဥဒေါင်းနတ်ဆိုး၏ ဘေး၌ ရပ်နေသည်။
နတ်ဆိုးဘုံတွင် သက်ဆိုင်ရာမျိုးနွယ်များ ရှိကြပြီး ဥဒေါင်းအင်ပါယာသည် သူတို့ထံ ဦးဆုံးသွားတွေ့ခဲ့ဟန်ရ၏။
“ဒီကိုလာခဲ့ ခွန်ရွှမ်” ထိုအချိန်၌ ဥဒေါင်းနတ်ဆိုးအင်ပါယာက ခေါ်လိုက်သည်။ ခွန်ရွှမ်သည် ကောင်းကင်သို့ လှမ်းလိုက်ပြီး ကောင်းကင်နတ်ဆိုးနန်းတော်မှ နတ်ဆိုးများ ရှိနေရာသို့ ဦးတည်လိုက်သည်။
“ကြည့်ရတာ မင်းရဲ့ မိတ်ဆွေက ကောင်းကင်နတ်ဆိုးနန်းတော်ရဲ့ အစိတ်အပိုင်း ဖြစ်လာဖို့ အခွင့်အရေးရှိပုံပဲ” ကျူးကျောက်က ပြောလိုက်သည်။ ခွန်ရွှမ်သည် ကောင်းကင်ထက်ရှိ နတ်ဆိုးအင်ပါယာများကို နှုတ်ဆက်နေသည်အား မြင်ရသည်။
“ကြောက်စရာပဲ”
ရီဖူရှင်း၏ ဘေးမှ သိမ်းငှက်လေးသည် သူ၏ ဦးနှောက်များပင် တုန်ခါနေပြီး ခွန်ရွှမ်၏ နောက်ခံက မည်မျှ ထိတ်လန့်ဖွယ် ကောင်းသည်ကို အံ့သြနေသည်။
သိမ်းငှက်လေးက ထိုမင်းသမီးကို သွားမရှုပ်သင့်တော့ဟု တွေးလိုက်မိသည်။
“မင်းသမီးရှင်းယွန်၊ ကျွန်တော်တော့ မင်းသမီးအတွက် အတော်လေး စိတ်ပူမိတယ်” သိမ်းငှက်နက်က ဘေးဘက်ရှိ ရှားရှင်းယွန်ကို ကြည့်ကာ ပြောလိုက်သည်။ အမျိုးသမီးနှစ်ယောက်၏ နောက်ခံကို နှိုင်းယှဉ်ရလျှင် ရှားရှင်းယွန်က ကျိန်းသေ ရှုံးနိမ့်ရပေလိမ့်မည်။
“ပါးစပ်ပိတ်ထားစမ်း” ရီဖူရှင်းက သိမ်းငှက်နက်၏ ခေါင်းကို နာနာခေါက်လိုက်သည်။
“မင်းက ဘာလို့ လူသားတန်ခိုးရှင်တွေနားမှာ နေနေတာလဲ” ငယ်ရွယ်သည့် ဥဒေါင်းနတ်ဆိုးရှန့်ထိုတစ်ဦးက အောက်ဘက်ရှိ ရီဖူရှင်းနှင့် အခြားသူများကို ကြည့်ကာ ခွန်ရွှမ်ကို မေးလိုက်သည်။
ဥဒေါင်းများသည် ပင်ကိုသဘာဝ မာနကြီးကြပြီး သူတို့က ခွန်ရွှမ်အား လူသားများနှင့် ပတ်သတ်နေခြင်းကို ဘဝင်မကျကြပေ။
“သူတို့က ကျွန်မ မိတ်ဆွေတွေ” ခွန်ရွှမ်က ပြန်ဖြေလိုက်သည်။
“ရီဖူရှင်းက ငယ်ရွယ်ပေမယ့် အရမ်းထူးချွန်တဲ့ တန်ခိုးရှင်တစ်ယောက် ဖြစ်ပြီးတော့ သူ့နားက လူတွေကလည်း လူကောင်းတွေပဲ” ဥဒေါင်းနတ်ဆိုးအင်ပါယာက ထပ်ဖြည့်ပြောလိုက်သည်။ ကောင်းကင်နတ်ဆိုးနန်းတော်မှ များပြားသော နတ်ဆိုးများမှာ ရီဖူရှင်းကို ကြည့်လိုက်ကြသည်။
ရီဖူရှင်းကလည်း နတ်ဆိုးများ၏ အကြည့်တို့ကို သတိပြုမိသည်။ သူတို့သည် စိတ်ကို ခက်ခက်ခဲခဲ ထိန်းချုပ်နေပုံပေါ်သည်။
ကောင်းကင်အာဏာစက်ဘုံမှ နတ်ဆိုးများနှင့် လူသားများသည် သူတို့၏ ကိုယ်ပိုင်နယ်မြေများကို ပိုင်းခြား၍ သူတို့၏ သက်ဆိုင်ရာ နေရာများတွင် ကျင့်ကြံကြသည့်အတွက် နှစ်ဖက်လုံးက ဆက်ဆံရေး သိပ်ကောင်းလှသည် မဟုတ်ပေ။
“ကျုပ်တို့ ဒီနေရာမှာ ဘာအတွက် ရှိနေရသေးတာလဲ။ အခုပဲ မူလတောင်တန်းကို ဝင်သွားလိုက်ကြရအောင်။ နတ်ဆိုးအင်ပါယာတွေ ဦးဆောင်ပေးမယ်ဆိုရင် တခြားသူတွေက အခက်အခဲ ရှိမှာမဟုတ်ပါဘူး” အသံတစ်ခုကို ကြားလိုက်ရသည်။ အစစ်အမှန် နဂါးမျိုးနွယ် လူစုက ခမ်းနားစွာဖြင့် လေထဲတွင် ပေါ်ပေါက်လာကြသည်။
အစစ်အမှန် နဂါးများသည် များပြားလှသည့် နဂါးမျိုးနွယ်များကို လွှမ်းမိုးနိုင်ကာ သူတို့အားလုံးသည် ပုံစံအစစ်အမှန်အသွင်ဖြင့် ရှိနေကြ၏။ လေထဲမှ မြင်ကွင်းသည် ကြောက်မက်ဖွယ် ကောင်းလှပြီး မီတာထောင်ချီ ရှည်လျားသော နဂါးများသည် တစ်ကောင်ပြီးတစ်ကောင် ကောင်းကင်တွင် ပျံသန်းရစ်ဝဲနေသည်။
“နတ်နဂါးတွေ၊ နတ်ဆိုးဘုံရဲ့ ထိပ်တန်းမျိုးနွယ်တွေပဲ” ကျူးကျောက် က ပြောလိုက်သည်။ နတ်နဂါးများသည် အရေအတွက်များပြားလွန်းရကား အုပ်စုကြီးတစ်ခုအသွင်ရှိနေသည်။
သူတို့၏ စွမ်းအားများသည် ပုံမှန်အားဖြင့် ကောင်းကင်နတ်ဆိုးနန်းတော်ကိုပင် ဖိအားပေးနိုင်၏။
“သွားကြစို့” ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး အားလုံးသော နတ်ဆိုးအင်ပါယာတို့က ကောင်းကင်သို့ တက်ကာ မူလတောင်တန်းအတွင်းသို့ ခြေချလိုက်ကြသည်။
ရီဖူရှင်းသည် သူ၏ ရှေ့မှ အင်ပါယာများကို ကြည့်ကာ စိတ်လှုပ်ရှားနေသည်။
နတ်ဆိုးဘုံမှ အထွတ်အထိပ်အင်အားစုများ၏ တစ်ဝက်လောက်သည် ဤနေရာ၌ စုစည်းနေသည်ဟု ထင်မှတ်ရ၏။
တစ်ဘက်တွင် ကောင်းကင်အာဏာစက်ဘုံမှ အထွတ်အထိပ်အင်အားစုများလည်း ဤနေရာ၌ စုစည်းနေကြပေသည်။
မူလတောင်တန်းတွင် ဖြစ်ပျက်နေသော ကိစ္စရပ်များမှာ မည်မျှအရေးကြီးကြောင်း သိသာစေသည်။
“သွားစို့” ရန်ဟောင်အဆင့်အောက်မှ နတ်ဆိုးနှင့် လူသားတန်ခိုးရှင်များသည် တစ်ယောက်ပြီး တစ်ယောက် မြန်ဆန်စွာဖြင့် မူလတောင်တန်းအတွင်းသို့ ခြေချကြ၏။
အနက်ရောင်တိမ်တိုက်များသည် ကောင်းကင်တွင် အုပ်ဆိုင်းရစ်သိုင်းနေသည်။ ထောင်သောင်းချီသည့် နတ်ဆိုးများက ဦးတည်ရာတစ်ခုတည်းသို့ သွားနေကြသည်မှာ ထူးခြားအံ့ဖွယ်ကောင်း၏။
ရင်ကျိုးတောင်မှ တန်ခိုးရှင်များသည် အနီးဝန်းကျင်သို့ အကဲခတ်နေကြပြီး သူတို့၏အေးစက် မျက်လုံးများက ရီဖူရှင်းနှင့် ကျူးကျောက်ထံသို့ ကျရောက်သွားကြသည်။
ထိုနတ်ဆိုးအရိုးသည် ကျူးယန့်၏ အပိုင် ဖြစ်သွားပေလိမ့်မည်။ ယခုကား အရိုးကို ပြန်လည်ရယူရန် ခက်ခဲသွားခဲ့ပြီဖြစ်သည်။
ရင်ကျိုးတောင်မှ တန်ခိုးရှင်များကြားတွင် အလွန် လှပသည့် အမျိုးသမီးတစ်ဦး ရှိပေသည်။ သူမမှာ နတ်မြေခွေးနန်းတော်မှ ဟူချမ့် ဖြစ်သည်။ သူမသည် ရင်ကျိုးတောင်မှ တန်ခိုးရှင်များနှင့်အတူ သွားလာလှုပ်ရှားနေ၏။
ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များသည်လည်း အခြားနေရာတစ်ခုတွင် စုစည်းနေကြပြီး သူတို့အား လူတစ်ယောက်က ဦးဆောင်လာကာ ထိုသူသည် မဟာလမ်းစဉ်မိုးကြိုးစွမ်းအားများနှင့် ခန္ဓာကိုယ်ကို သန်စွမ်းလာအောင် အကြိမ်ကြိမ်အာခါခါ လေ့ကျင့်ထားပုံပေါ်ပေသည်။
သူ၏ အမည်မှာ ကျန်းယွမ် ဖြစ်သည်။ သူသည် ခရမ်းရင့်ကောင်းကင်နန်းတော်တွင် မဟာလမ်းစဉ် ထူးခြားခန္ဓာကိုယ်နှင့် မွေးဖွားခဲ့ပြီး သံသယကင်းစင်ခြင်း အဆင့်၌ရှိ၏။ သူသည် သူ၏ မျိုးဆက်တွင် ဦးဆောင်သူ ဖြစ်ကာ ခရမ်းရင့်ကောင်းကင်နန်းတော် နန်းတော်သခင်၏ တိုက်ရိုက်တပည့် တစ်ဦးဖြစ်သည်။
ကျန်းယွမ်သည် သူ့ဘေးမှ တစ်ယောက်ကို ကြည့်ကာ မေးလိုက်၏။
“အရင်တိုက်ပွဲတုန်းက ဘယ်တစ်ယောက်လဲ”
ထန်ကျစ်မော့နှင့် အခြားတန်ခိုးရှင်များက လူအုပ်ထဲတွင် ရှာဖွေလိုက်ကြပြီး အဝေးတစ်နေရာမှ တစ်စုံတစ်ယောက်ကို ရှာတွေ့ခဲ့သည်။ သူ၏ မျက်လုံးများက ရီဖူရှင်းပေါ်တွင် ကျရောက်သွား၏။
ကျန်းယွမ်၏ မျက်လုံးများက ထိုနေရာသို့ ရောက်သွားပြီးနောက် ရီဖူရှင်းနှင့် သူ့လူများကို တွေ့လိုက်ရသည်။
ရီဖူရှင်း နှင့် သူ့လူများသည် ထိုအကြည့်များကို ခံစားမိသည့်အတွက် ပြန်လှည့်ကြည့်လိုက်ရာ ကျန်းယွမ်နှင့် အခြားသူများကို တွေ့လိုက်ကြရသည်။
ရီဖူရှင်းသည် ချက်ချင်းပင် မိုးကြိုးနတ်ဘုရားတစ်ပါး၏ မျက်လုံးတစ်စုံကို မြင်တွေ့လိုက်ရသကဲ့သို့ ထင်မှတ်မိလိုက်သည်။ သူသည် ချက်ချင်းပင် မိုးကြိုးနှင့် လျှပ်စီးကမ္ဘာအတွင်း ဆွဲသွင်းခံလိုက်ရကာ သူ၏ စိတ်ဝိညာဉ်ကို အကြီးအကျယ် ရိုက်ခတ်လာ၏။
ဝုန်း…
မိုးကြိုးအားလှိုင်းတစ်ခုသည် ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသကဲ့သို့ ထင်မှတ်လိုက်ရသည်။
သူ၏ ဘေး၌ ရှိနေသည့် ကျူးကျောက်သည်လည်း ပြင်းထန်သည့် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရ၏။ သူတို့ကို ကြည့်နေသည့် ထိုတန်ခိုးရှင်က အလွန် အစွမ်းထက်ပုံရလေသည်။
ပြင်းထန်သည့် ဓားစွမ်းအားများက ရာရာ၏ ခန္ဓာကိုယ်ကို ဖြတ်ကာ ထွက်ပေါ်လာပြီးနောက် အခြားတစ်ဖက်လူများဆီသို့ ထိုးထွက်သွားသည်။ သိသာစွာပင် တစ်ဖက်အဖွဲ့မှ ထို မဟာလမ်းစဉ် စွမ်းအားများသည် တစ်ဦးတစ်ယောက်ကိုသာ ရည်ရွယ်ခဲ့ခြင်း မဟုတ်ဘဲ တစ်ချိန်တည်းတွင် လူအများဆီသို့ တိုက်ရိုက်စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
ထိုခံစားချက်က တခဏမျှသာ ကြာမြင့်ခဲ့သည်။
“ခရမ်းရင့်ကောင်းကင်နန်းတော်က မဟာလမ်းစဉ် ထူးခြားခန္ဓာကိုယ်ပိုင်ရှင်ပဲ” ကျူးကျောက်က ရေရွတ်လိုက်လျှင် ရီဖူရှင်း၏ မျက်လုံးများက ထိုလူထံသို့ စူးရဲစွာ ရောက်ရှိသွား၏။
“ကျုပ်တို့ ကောင်းကင်နန်းတော်ကို ပြန်ရောက်တဲ့အခါ မင်းတို့အားလုံး နှစ်တော်တော်ကြာအောင် အပြင်မထွက်ရဘဲ တံခါးပိတ်ကျင့်ကြံကြရမယ်” ကျန်းယွမ်က ထန်ကျစ်မော့နှင့် အခြားသူများဘက်သို့ လှည့်ကာ ကြည့်လိုက်သည်။ ထိုစကားကို ကြားပြီးနောက် သူတို့၏မျက်နှာများက မှောင်မည်းသွားသော်လည်း ကန့်ကွက်ခြင်းတော့ မရှိကြပေ။
ခရမ်းရင့်ကောင်းကင်နန်းတော်တွင် ကျန်းယွမ်၏စကားများက နန်းတော်သခင်၏ စကားများကဲ့သို့ မှတ်ယူရပေသည်။
“သွားစို့” ကျန်းယွမ်သည် ရီဖူရှင်းနှင့် အခြားသူများကို ဆက်လက်ရန်စခြင်းများ မပြုလုပ်တော့ပေ။ သည်လူများထဲတွင် ပြန်လည်မွေးဖွားခြင်းအဆင့် အနည်းငယ် ရှိသော်လည်း မည်သူကမှ သူ့ကို ခြိမ်းခြောက်နိုင်စွမ်းမရှိပေ။ ဤသို့သော နေရာမျိုး၌ သူတို့နှင့် စာရင်းရှင်းခြင်းမှာ အတော်လေး အဓိပ္ပာယ် မရှိဟု သူယူဆသည်။
“သွားကြမယ်” ရီဖူရှင်းက ပြောလိုက်သည်။ ခွန်ရွှမ်က ရီဖူရှင်းတို့ထံသို့ လျှောက်သွားလိုက်လျှင် ကောင်းကင်နတ်ဆိုးနန်းတော်မှ လူများက သူမကို ကြည့်လိုက်ကြသည်။ ဥဒေါင်းမျိုးနွယ်ရှန့်ထိုတစ်ယောက်က မေးလိုက်သည်။ “မင်းက သူတို့နဲ့ လိုက်သွားမှာလား”
“အင်း” ခွန်ရွှမ်က ခေါင်းညိတ်လိုက်၏။
“တခြားလူသားတန်ခိုးရှင်တွေကလည်း နတ်ဆိုးဘုံက မူလတောင်တန်းအတွင်းကို ဝင်ကြမှာပဲ။ မင်း သူတို့နဲ့ သွားမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ” တစ်ဖက်လူက အထင်အမြင်သေးသောလေသံဖြင့်ပြောသည်။
ထို့နောက်တွင် ကောင်းကင်နတ်ဆိုးနန်းတော်မှ နတ်ဆိုးများက မြန်ဆန်စွာ ထွက်ခွာသွားကြ၏။
ရီဖူရှင်းနှင့် အခြားသူများသည် လေထဲသို့ လှမ်းလိုက်ကာ မူလတောင်တန်းအတွင်းသို့ ခြေချလိုက်ကြသည်။ သူတို့ရှေ့တွင် အနည်းငယ် ပြေပြစ်သည့် တောင်ကုန်းတစ်ခု ရှိသည်။ ယင်းသည် ကျယ်ပြောပြီး အဆုံးအစ မရှိလုနီးပါးပင် ဖြစ်သည်။ တောင်တန်း၏အဆုံးသတ်ကို ခန့်မှန်း၍ပင် မရနိုင်လောက်ပေ။
ရီဖူရှင်းတို့သည်လည်း ရှေ့သို့ ဆက်သွားနေကြသည်။ မြေအနေအထားက ပို၍ မြင့်မားလာသည်။ ထိုနေရာကား ကောင်းကင်ဘုံအလား ထင်မှတ်ရ၏။ လေထဲမှ နတ်ဆိုးအရှိန်အဝါသည်လည်း ပို၍ ပြင်းထန်လာပေသည်။ နတ်ဆိုးများသည် ထိုနတ်ဆိုးအရှိန်အဝါများကို အရူးအမူးစုပ်ယူနေကြ၏။
ထိုနေရာသည် မူလတောင်တန်းသို့ ဝင်ရာအရပ်ဖြစ်သည်။ တစ်ဘက်တွင် မူလတောင်တန်းရှိပေသည်။
အချိန်ခဏကြာပြီးနောက် နောက်ဆုံး၌ ရီဖူရှင်းသည် တောင်ထိပ်သို့ ရောက်ရှိလာပြီး ရှေ့မှ တောင်ထိပ်ဖျားကို ကြည့်လိုက်သည်။ ကောင်းကင်မှ အမြင့်နေရာတွင် ကျီးနက်များက ရစ်ဝဲနေကာ သေဆုံးခြင်းအငွေ့အသက်များက နေရာတစ်ခုလုံးကို လွှမ်းခြုံထားသည်။
ဘုန်း…
ကျီးနက်အုပ်စုသည် ရုတ်တရက် အရှေ့ရှိ တန်ခိုးရှင်များဆီသို့ ထိုးဆင်းလာကြသည်။ များပြားလှသည့် နတ်ဆိုးများနှင့် လူသားများသည် တိုက်ခိုက်မှုကို ခုခံရန် သူတို့၏ အရှိန်အဝါများကို ထုတ်လွှတ်လိုက်ကြ၏။
အချို့သော နတ်ဆိုးများက ကျီးကန်းအုပ်ကြီး၏ ဝါးမျို ခြင်းကို ခံလိုက်ရရာ ထိုမြင်ကွင်းက ကြောက်စရာကောင်းလှ၏။
သို့သော် ကျီးကန်းများကို တားဆီးနိုင်သည့် အစွမ်းထက် တန်ခိုးရှင်များလည်း ရှိကြသည်။ ဥပမာအနေနှင့် ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများ ဖြစ်သည်။ ကမ္ဘာကပ်ဘေးဝင်္ကပါသည် သူတို့၏ အနီးအနားရှိ ကျီးကန်းများကို တမဟုတ်ချင်း ပျောက်ကွယ်သွားစေပေသည်။
ကောင်းကင်နတ်ဆိုးနန်းတော်မှ တန်ခိုးရှင်များသည်လည်း ခက်ခက်ခဲခဲ ရုန်းကန်နေရခြင်း မရှိပေ။ ရွှေရောင်နတ်မီးလျှံများက သူတို့အနီး ကောင်းကင်ကို လောင်ကျွမ်းနေပြီး ကျီးကန်းများကို တားဆီး၏။
နတ်ဆင်များသည် မြေပြင်ကိုဆောင့်နင်းကာ အော်မြည်လိုက်ကြ၏။ ကျီးကန်းများသည် အနားသို့မရောက်ခင် လေထဲတွင် ပျက်စီးသွားကြသည်။
ရီဖူရှင်းနှင့် သူ့အနီးမှ လူများသည်လည်း ရှေ့ကို ဆက်သွားနေကြ၏။ ရာရာသည် ဓားကိုကိုင်ကာ ရှေ့ဆုံးမှ ဦးဆောင်နေသည်။ ဆွဲကိုင်ထားသည်။ ဓားစွမ်းအားများက သူမကို ရစ်ပတ်လွှမ်းခြုံထား၏။ ကျီးကန်းများသည် ကြောက်မက်ဖွယ် နတ်ဆိုးအရှိန်အဝါများကို ထုတ်လွှတ်ကာ သူတို့ထံသို့ တိုးဝင်လာနေသော်လည်း ဓားစွမ်းအားများကြောင့် ချက်ချင်း ဖျက်ဆီးခံလိုက်ရသည်။ ရီဖူရှင်း၏ ဘေးမှ ပြန်လည်မွေးဖွားခြင်း အဆင့်ရှန့်ထိုများ ဖြစ်သည့် ဝူယုံးနှင့် အခြားသူများကလည်း မီးတောက်များ ထုတ်လွှတ်ကာ ထိုကျီးကန်းများကို လောင်ကျွမ်းသွားစေသည်။
အားလုံးသော တန်ခိုးရှင်များမှာ ရှေ့သို့ ဆက်လက်သွားနေကြသည်။ ခရီးကား ယခုမှ စတင်ခြင်းဖြစ်ပေသည်။
ထိုအချိန်၌ ကြောက်မက်ဖွယ်ရာ တိမ်တိုက်နက်များသည် မူလတောင်တန်း၏ အနက်ပိုင်းမှ ထွက်ပေါ်လာ၏။ လေထဲတွင် ပြင်းထန်သော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ အကန့်အသတ်မဲ့ နတ်ဆိုးစွမ်းအားများက အနီးဝန်းကျင်၌ စုစည်းနေသည်ဟု ထင်မှတ်ရပေသည်။
ကြောက်မက်ဖွယ် မုန်တိုင်းအတွင်း အလင်းရောင်တချို့ မပီပြင်ဝိုးတဝါး ထွက်ပေါ်လာ၏။
တောင်ပေါ်သို့ အခြားသူတစ်ဦးလည်း ရောက်ရှိလာသည်။ ထိုသူသည် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားပြီး ကျက်သရေရှိပြီး သန့်စင်ကာ သူ့ကို ကျောင်းတော်သားတစ်ဦးကဲ့သို့ ခံစားမိစေပေသည်။ သူ့ထံတွင် ရွှေရောင် နတ်ဘုရားအလင်းများလည်း တောက်ပနေသေး၏။
သူသည်လည်း နတ်ဆိုးအရှိန်အဝါများ၏ သက်ရောက်ခြင်းကို ခံနေရသည်ဟု ထင်မှတ်ရကာ သူ့ထံမှ အရိုင်းဆန်သည့် အငွေ့အသက်များထွက်ပေါ်နေသည်။
***