Switch Mode

အပိုင်း(၁၃၉၀)

နတ်ဆင်အင်ပါယာ၏အရိုး

ကျူးယန့် နတ်ဆိုးအင်ပါယာသည် ကျူးကျောက်ကို ကြည့်ကာ မေးလိုက်သည်။ “မင်းက ဘာလို့ ဒီမှာ ရှိနေရတာလဲ”

“နတ်ဆိုးမြို့ဟောင်းမှာ တစ်ခုခု ဖြစ်တယ်ကြားလို့ လာကြည့်တာပါ” ကျူးကျောက်က ပြန်ဖြေလိုက်၏။

“မင်းတို့ ဒီကို အတူလာကြတာ ကိစ္စမရှိဘူး။ သူတို့ကို သေချာဂရုစိုက်။ မဟုတ်လို့ကတော့ ငါ ကိုယ်တိုင် မင်းကို အရေခွံနွှာပစ်မယ်။” ကျူးယန့်အင်ပါယာက သြဇာရှိသည့် အသံဖြင့် ပြောလိုက်သည်။

“အစ်ကိုကြီးက ကျွန်မတို့ အားလုံးကို ဂရုစိုက်ပါတယ်” တောင်ပံလူသားမျိုးနွယ်မှ မင်းသမီးက အပြုံးနှင့် ပြောသည်။ သူမ၏ အပြုံးက ဖြူစင်လှသည်။ ကျူးယန့်က သူမ၏ ပုခုံးကို ပုတ်ကာ ဆက်ပြောလိုက်သည်။ “အထူးသဖြင့် သူပဲ။ တစ်ယောက်ယောက်က သူ့ကို အနိုင်ကျင့်တာ ငါကြားမိလို့ကတော့ မင်းမသက်သာဘူးမှတ်ပါ”

ကျူးကျောက်သည် အနည်းငယ် မကြေနပ်ဟန်ဖြင့် သူ၏ သွားများကို ဖိကြိတ်ထားလိုက်သည်။

“သွားကြစို့” ကျူးယန့်က ကျူးကျောက်၏ အမူအရာကို ဂရုမစိုက်ဘဲ အဝေးသို့ လျှောက်ထွက်သွားသည်။ နတ်မြေခွေးနန်းတော်မှ နတ်ဆိုးအင်ပါယာက ရှေ့သို့ ထွက်လာကာ မေးလိုက်သည်။ “နတ်မြေခွေးနန်းတော်ကို ခဏလောက် ဝင်ပြီး ထိုင်မသွားကြတော့ဘူးလား”

“မလိုဘူး… မင်းရဲ့ နေရာက ကျုပ်နဲ့ မအပ်စပ်ဘူး” ကျူးယန့်အင်ပါယာက သူ့လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ “ရင်ကျိုးတောင်က ခင်ဗျားတို့ရဲ့ မိတ်ဆွေတွေကိုပဲ ဖိတ်ခေါ်ပါ”

ရီဖူရှင်းသည် လှည့်ထွက်မသွားခင် နတ်မြေခွေးနန်းတော်ဘက်အား တစ်ချက်ကြည့်သည်။

“ကျွန်မ တောင်းပန်ပါတယ် သခင်လေးရီ” ဟူချမ့်မေက ညင်သာသည့် အသံဖြင့် ပြောလိုက်သည်။ ရီဖူရှင်းက သူမကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။ “ဒါကခင်ဗျားနဲ့ ဘာမှမဆိုင်ပါဘူး။ ကျုပ်တို့ နောက်မှ ပြန်တွေ့ကြတာပေါ့”

သူက ထိုသို့ ပြောပြီးနောက် ထွက်ခွာသွားတော့သည်။ သူသည် ဤနေရာ၌ ဆက်နေနေရန် အကြောင်းမရှိတော့။ နတ်မြေခွေးနန်းတော်နှင့် ပူးပေါင်းခြင်းက အဆင်ပြေမည်မဟုတ်ပေ။

အမှန်တကယ်က နတ်မြေခွေးနန်းတော်သည် ကြားနေဝါဒကိုသာ ကျင့်သုံးခဲ့သင့်ပေသည်။ သို့သော်လည်း သူတို့သည် အင်အားကြီးရာဘက်ကို အားပေးအားမြှောက်ပြုခဲ့ကြ၏။

သို့သော်လည်း ထပ်စဉ်းစားကြည့်လျှင် ၎င်းက ပုံမှန်ပင် ဖြစ်သည်။ ရီဖူရှင်းသည် လူသားတန်ခိုးရှင် ဖြစ်ပြီး ရင်ကျိုးတောင်၏ အင်အားစုနှင့် နှိုင်းယှဉ်နိုင်ရန် မဖြစ်နိုင်ပေ။

ရီဖူရှင်းနှင့် အခြားလူများ ထွက်သွားပြီးနောက် ရင်ကျိုးတောင်မှ လူများမှာ မျက်နှာများ မှောင်မည်းလျက် ကျန်ရစ်ခဲ့ပေသည်။

နတ်မြေခွေးနန်းတော်မှ နတ်ဆိုးအင်ပါယာက ရင်ကျိုးတောင် နတ်ဆိုးအင်ပါယာထံသို့ လှမ်းလာကာ မေးလိုက်သည်။ “အဲဒီအရိုးက ဘာမို့လို့လဲ”

ရင်ကျိုးတောင်က ထိုမျှ အလေးအနက်ထားသည်ဆိုပါက ထိုပစ္စည်းသည် ကျိန်းသေ အဖိုးတန် ရတနာ ဖြစ်ရပေမည်။

ရင်ကျိုးတောင်နတ်ဆိုးအင်ပါယာက နတ်မြေခွေးနန်းတော်မှ နတ်ဆိုးအင်ပါယာကို စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။ “ဆယ်မျက်နှာ နတ်ဆင်အင်ပါယာရဲ့ အရိုး”

နတ်မြေခွေးနန်းတော်မှ နတ်ဆိုးအင်ပါယာသည် အနည်းငယ် တုန်ယင်သွားခဲ့သည်။ သူ့အနီးရှိ အရှိန်အဝါများက မငြိမ်မသက်ဖြစ်လာကာ သူ၏ မျက်လုံးများထဲ၌ အလွန်ထက်ရှသော အကြည့်တို့ ဖြစ်ပေါ်လာသည်။ သူတို့သည် ရုတ်တရက် စိတ်ထဲတွင် အလွန်ပြင်းထန် ထက်ရှသည့် နာကျင်မှုကို ခံစားလိုက်ရသည်။

“အဲဒီနတ်ဆင်က ဒဏ္ဍာရီ နတ်ဆိုးဧကရာဇ်ကို ခစားရတာမလား။ အဲဒီ ဆယ်မျက်နှာ နတ်ဆင်အင်ပါယာကို ပြောတာလား။” နတ်မြေခွေးနန်းတော်မှ နတ်ဆိုးအင်ပါယာက တဖန်ထပ်၍ စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။ ရင်ကျိုးတောင် နတ်ဆိုးအင်ပါယာက ခေါင်းညိတ်လိုက်လျှင် တစ်ဖက်လူများ အပြင်းအထန်ပင် တုန်လှုပ်သွားတော့သည်။ သူက နတ်ဆိုးအင်ပါယာပင် ဖြစ်သော်လည်း သူ၏ စိတ်က အလွန် တုန်လှုပ်နေဆဲပင် ဖြစ်သည်။

နတ်မြေခွေးနန်းတော်က မည်သည့်အရာကို လက်လွှတ်လိုက်ရသနည်း။

ရှန့်ထိုအဆင့် ဈေးနှုန်းနှင့် ဆယ်မျက်နှာ နတ်ဆိုးအင်ပါယာ၏ အရိုးကို ကုန်သွယ်ခဲ့မိသည်လား။

သူတို့ကား အလွန်ရူးမိုက်ခဲ့ကြပေသည်။

“ကျုပ် နန်းတော်သခင်ဆီ အစီရင်ခံလိုက်ဦးမယ်” သူက ပြောလိုက်သည်။ အကယ်၍ နန်းတော်သခင်က သူတို့ကို ဤကိစ္စကြောင့် အပြစ်ပေးပါက ပါဝင်သူအားလုံး အရှုပ်အထွေးများစွာဖြင့် အဆုံးသတ်သွားနိုင်ပေသည်။

“ဒါက ဘယ်လောက် အရေးကြီးတဲ့ ကိစ္စလည်း မင်း သိနေတာပဲ။ အဲဒီကိစ္စသာ သတင်းပျံ့သွားရင် ကျုပ်တို့ နောက်ဆုံး ဘာမှမရဘဲ အဆုံးသတ်သွားရလိမ့်မယ်။ အခု ရင်ကျိုးတောင် ကျုပ်တို့က မင်းတို့နဲ့ မဟာမိတ်ဖြစ်နေတယ်။ မင်းတို့သာ မူလတောင်တန်းမှာ ကျူးယန့်အင်ပါယာဆီက အရိုးကို ပြန်ယူလာပေးနိုင်မယ်ဆိုရင် ကျုပ်တို့ ရင်ကျိုးတောင်က နတ်မြေခွေးနန်းတော်ကို ရက်ရက်ရောရော ပေးမှာပါ” ရင်ကျိုးတောင် နတ်ဆိုးအင်ပါယာက စိတ်ဖြင့် ဆက်သွယ်၍ ထပ်ဖြည့်ပြောလိုက်သည်။

“ကျုပ်တို့ နန်းတော်ထဲမှာ ပြောကြတာပေါ့။” နတ်မြေခွေးနန်းတော်မှ နတ်ဆိုးအင်ပါယာက ပြောလိုက်သည်။ ရင်ကျိုးတောင်မှ ထိုတန်ခိုးရှင်က ခေါင်းခါကာ ပြောလိုက်၏။ “အဲဒီအတွက် မလိုဘူး။ အချိန်က ကုန်တာမြန်တယ်။ ကျုပ်တို့ မြန်မြန် ပြန်ပြီး အစီရင်ခံရမယ်။ ကျုပ်တို့က အုတ်အော်သောင်းနင်း မဖြစ်စေချင်လို့ လျှို့ဝှက်ပြီး လာခဲ့တာ။ အခု ကျုပ်တို့ ကျရှုံးသွားပြီးတော့ ပစ္စည်းက ပြန်ယူရ အရမ်းခက်ခဲမယ့် လူဆီကို ရောက်သွားတယ်။ ကိစ္စတွေက အလှည့်အပြောင်းတွေ များတော့ နန်းတော်သခင်ကို သတင်းပို့ဖို့ လိုအပ်တယ်”

“ကောင်းပါပြီ” နတ်မြေခွေးနန်းတော်၏ နတ်ဆိုးအင်ပါယာက ခေါင်ညိတ်လိုက်ပြီး နှစ်ဖက်လုံး ထွက်ခွာသွားကြသည်။

နတ်ဆိုးအင်ပါယာများ လေထဲတွင် လျှို့ဝှက် ပြောဆိုနေသည်ကို ကြည့်ကာ များပြားလှသော သူများသည် ထိုအရိုးက မည်သည့်အရာ ဖြစ်သည်ကို သံသယဖြစ်နေကြပေသည်။

သို့သော် မည်သည့် နတ်ဆိုးအင်ပါယာကမှ တစ်ခွန်း မဟကြပေ။

ကျူးယန့်အင်ပါယာသည် သူ့လူများကို ခေါ်ကာ ပုံမှန်မဟုတ်ဘဲ အလျင်အမြန် သွားခဲ့ကာ သူတို့ နတ်ဆိုးမြို့ဟောင်းထိပ်သို့ ရောက်ရှိရန် အချိန်သိပ်မကြာမြင့်ခဲ့ပေ။ သူတို့သည် ကျင့်ကြံရန် များပြားလှသည့် လိုဏ်ဂူအိမ်များတွင် နေထိုင်လိုက်ကြသည်။

“နှင်တံနည်းစနစ်ကို ဘယ်သူက သင်ပေးခဲ့တာလဲ” ကျူးယန့်အင်ပါယာက ရီဖူရှင်းကို ကြည့်ကာ မေးလိုက်သည်။

“အောက်ဘုံမှာတုန်းက ကျွန်တော်ရဲ့ မိတ်ဆွေကောင်း ရွှေလူဝံကြီး သင်ပေးတာပါ” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

“လူဝံလား” ကျူးယန့်က အဝေးသို့ ကြည့်ကာ ထပ်ပြောလိုက်သည်။ “မင်းမှာ နည်းစနစ် များများ ရှိတာပဲ”

ထို့နောက် နတ်ဆိုးအင်ပါယာက အရိုးအစိတ်အပိုင်းကို ထုတ်ကာ ပြောလိုက်သည်။ “ဒီအရိုးက အရမ်းမာတယ်။ ဒါပေမဲ့ ထူးခြားတာ မရှိဘူး။ ဒီဟာနဲ့ ပတ်သတ်ပြီး ထူးခြားတာ ဘာမှမရှိဘူး ထင်ရတယ်။ ဒါက ဘာအတွက် အသုံးဝင်တယ်ဆိုတာ မပြောနိုင်ဘူး။ နတ်မြေခွေးနန်းတော်က အမှန်ကို မြင်နိုင်စွမ်းမရှိတာ မအံ့သြတော့ပါဘူး။ ကျုပ်တောင်မှ ဒီပစ္စည်းက ဘာလဲဆိုတာကို ပြောနိုင်စွမ်းမရှိဘူး။ ဒါက နတ်ဆိုးအင်ပါယာတစ်ယောက်ရဲ့ အရိုးအပိုင်းအစဆိုတာလောက်ပဲ စဉ်းစားလို့ရတယ်။ မင်းရော ဒါက ဘာလဲဆိုတာ သိလား”

“မသိဘူး” ရီဖူရှင်းက ခေါင်းကို ခါယမ်းလိုက်သည်။

“ဒါဆို မင်းက ရင်ကျိုးတောင်နဲ့ ကုန်သွယ်ဖို့ကိုတောင် ငြင်းဆန်ရလောက်အောင် ဒီဟာက ရှားပါးထူးခြားတဲ့ ပစ္စည်းလို့ ဘယ်လို ပြောနိုင်ရတာလဲ” ကျူးယန့်က ထပ်၍ မေးလိုက်သည်။

“ကျွန်တော့်မှာ ထူးခြားသာလွန်တဲ့ ရတနာပစ္စည်းတွေကို သိနိုင်တဲ့ အထူးစွမ်းရည်ရှိတယ်။ ပြီးတော့ ရင်ကျိုးတောင်က တန်ခိုးရှင်တွေက ဒီပစ္စည်းကို ဘာပဲပေးရပေးရ လိုချင်နေကြတယ်။ အဲဒါကြောင့် ဒီပစ္စည်းရဲ့ အဖိုးတန်မှုကို လျှော့မတွက်ဖို့ ခံစားမိတာပဲ” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

ကျူးယန့်က ခေါင်းညိတ်လိုက်သည်။ ရီဖူရှင်းက ထိုသို့ အတွေးများ ရှိခြင်းမှာ မှန်ကန်ပေသည်။ ရင်ကျိုးတောင်မှ လူများက ဤပစ္စည်းကို မည်မျှ အရူးအမူး လိုချင်နေသည်လဲ ဆုံးဖြတ်ရလျှင် ထိုအရိုး၏ အဖိုးတန်မှုက အတော် ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။

“ရင်ကျိုးတောင်က လူတွေက ဒီတိုင်း ထားလိုက်ဖို့တော့ မဖြစ်နိုင်ဘူး။ ဒီပစ္စည်းက ထိန်းသိမ်းထားဖို့ ခက်လိမ့်မယ်။ ကောင်းသွားတာက သူတို့က ဒီပစ္စည်းကို ကျုပ်ဆီမှာ အချိန်တစ်ခုထိ ရှိနေမယ်လို့ ထင်ကြလိမ့်မယ်။ အဲဒါကြောင့် မင်း ဒီဟာကို ကိုယ့်ဘာသာကိုယ်ပဲ ထိန်းသိမ်းပါ” ကျူးယန့်က ပြော၍ ရီဖူရှင်းထံသို့ ထိုအရိုးအား ပစ်ပေးလိုက်သည်။

ရီဖူရှင်းက ယူလိုက်ပြီး ကျူးယန့်ကို မော့ကြည့်ကာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် စီနီယာ”

“အဲဒီဟာက အစကတည်းက မင်းအပိုင်ပဲ။ ကျုပ်က မင်းဆီကနေ တကယ် ယူမယ်လို့များ တွေးနေတာလား” ကျူးယန့်က ပြောပြီးနောက် လှည့်ထွက်သွားသည်။ “ဒါပေမဲ့ အဲဒီဟာကို ဘယ်သူမှ မမြင်စေနဲ့”

“ကျွန်တော် နားလည်ပါပြီ” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။

ကျူးယန့် ထွက်သွားပြီးနောက် ရီဖူရှင်းသည် သူ့လက်ထဲတွင် အရိုးကို ကိုင်ထားပြီး လိုဏ်ဂူအိမ်ဆီသို့ ဦးတည်လိုက်သည်။

သိမ်းငှက်နက်နှင့် ရီဖူရှင်းသည် စိတ်ချင်းဆက်သွယ်လိုက်၏။ သိမ်းငှက်နက်က အပြင်ဘက်တွင် စောင့်ကြည့်နေကာ သူသည် လိုဏ်ဂူအပြင်ဘက်တွင် အတားအဆီး စွမ်းအားများ ချလိုက်သည်။ ထို့နောက် သူက ထိုင်ချလိုက်ပြီး မနီးမဝေးရှိ ခွန်ရွှမ်ကို ကြည့်ကာ ပြောလိုက်သည်။ “မင်းသမီးခွန်ရွှမ် ကျုပ်တို့ သခင်နဲ့ မင်းသမီးကြားက ပတ်သတ်မှုအကြောင်း ပြောကြရအောင်”

ခွန်ရွှမ်က လှည့်ကာ ထိုငှက်အား စူးစူးဝါးဝါး ကြည့်လိုက်သည်။ အနီးတွင် ရှိနေသည့် ရှားရှင်းယွန်သည်လည်း လှည့်ကာ အေးစက်သည့် အကြည့်တစ်ချက် ပစ်လွှတ်လိုက်၏။

“ရှက်စရာမလိုပါဘူး မင်းသမီး။ ကျုပ်က မင်းသမီးကို အလေးပေးပြီး အောင်သွယ်လုပ်ပေးမလို့ပါ။ ကျုပ်ကို ကျေးဇူးတင်လိုက်ရုံနဲ့ ရပါပြီ” သိမ်းငှက်နက်က ဆက်ပြောလိုက်သည်။

“နင် တကယ် သေချင်နေတာလား ဟမ်” ခွန်ရွှမ်က အေးစက်စွာ ကြိမ်းဝါးပြီးနောက် လျှပ်စီးကဲ့သို့ ထွက်ခွာသွားလေသည်။ ရှားရှင်းယွန်က သိမ်းငှက်နက်ကို အေးစက်သော မျက်လုံးများနှင့် ဆက်လက်၍ ကြည့်နေခဲ့သည်။ ငှက်က အနီးတစ်နေရာတွင် ပျင်းရိစွာ မှီနေရင်း မေးလိုက်သည်။ “ဘာကိစ္စရှိလို့လဲ မင်းသမီး”

“သိမ်းငှက်ကင်စားရရင် ကောင်းမလား စဉ်းစားနေတာ” ရှားရှင်းယွန်က အေးစက်စွာ ပြန်ဖြေလိုက်သည်။

သိမ်းငှက်နက်သည် အနည်းငယ် တုန်ယင်သွားပြီး ရှားရှင်းယွန်ကို ကြည့်လိုက်သည်။ ဤအမျိုးသမီးက အလွန် ရက်စက်လှပေသည်။

ဤမိန်းကလေးက မည်သည့်အခါမှ သူ၏ သခင်မ ဖြစ်မလာစေနိုင်ရပေ။ မဟုတ်လျှင် သူ ပြဿနာ အကြီးအကျယ် တက်ပေလိမ့်မည်။

ရီဖူရှင်းသည် လိုဏ်ဂူအိမ်အတွင်း တင်ပျဉ်ခွေကာ ထိုင်နေသည်။ ထိုအရိုးက သူ၏ အရှေ့တွင် ရှိနေပြီး သူ၏ စွမ်းအားများကို ဖြန့်ကျက်ကာ အရိုးကို ဖုံးလွှမ်းထားသည်။

ကမ္ဘာ့သစ်ပင်၏ နူးညံ့သော အကိုင်းအခက်များက လူးလွန့်နေပြီး အရိုးနှင့် ဆက်နွယ်ရန် ကြိုးစားကာ တဖြည်းဖြည်းချင်း ရစ်ပတ်နေသည်။

ထိုအချိန်တွင် အရိုးဆီမှ တောက်ပသည့် ရွှေရောင်အလင်းများ ထွက်ပေါ်လာပြီး အံ့သြဖွယ်ကောင်းလောက်အောင်ပင် နူးညံ့သော အကိုင်းအခက်များနှင့် တဖြည်းဖြည်း ပေါင်းစပ်သွားသည်။ ထို့နောက် အရိုးသည် အကိုင်းအခက်များနှင့် အတူ ရစ်ပတ်ကာ ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်းသို့ တစတစ ဝင်ရောက်သွားသည်။

သူ၏ သက်စောင့်ဟော်နန်းအတွင်းမှ ကမ္ဘာ့သစ်ပင်သည် လူးလွန့်နေပြီး သစ်ပင်၏ အရွက်များထဲ၌ အရိုးအပိုင်းအစတစ်ခု ရှိနေခဲ့သည်။ ရွှေရောင် အလင်းရောင်စဉ်များက တောက်ပသည်ထက် တောက်ပလာ၏။ မဟာလမ်းစဉ်၏ အစွမ်းထက် စွမ်းအားများက ၎င်းအတွင်းမှ ဖြာကျလာပြီး ပို၍ အားကောင်းလာသည်။

ရီဖူရှင်းက သက်စောင့်ဟော်နန်းအတွင်း သူ၏ စွမ်းအားနှင့် ဆင့်ခေါ်ထားသော ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး အနည်းငယ် တုန်ခါနေကာအရိုးကို ကြည့်နေ၍ ထိုအပိုင်းအစ၏ တားမြစ်ထားသည့် စွမ်းအားကို ရှာဖွေနေသည်။

ဝုန်း… ဝုန်း…

ရွှေရောင် ရောင်စဉ်များ အောက်တွင် သက်စောင့်ဟော်နန်းသည် ဆူညံသံများ ထွက်ပေါ်လာပြီး တုန်ခါလာသည်။ အလွန် ပြင်းထန်သော နတ်ဘုရားဖိအားများက သူ၏ သက်စောင့်ဟော်နန်းအတွင်း ကျဆင်းလာပြီး နေရာတစ်ခုလုံးကို တုန်ခါသွားစေသည်။

ထိုအရိုးသည် သူ၏ သက်စောင့်ဟော်နန်းကို ချိုးဖျက်၍ ထွက်ပြေးရန် ရည်ရွယ်နေသည်ဟု ထင်မှတ်ရသည်။

ကမ္ဘာ့သစ်ပင်က ဆက်လက်၍ ယိမ်းထိုးနေသည်။ နေရာရှိ အကိုင်းအခက် အားလုံးများ ထွက်ပေါ်လာပြီး သူ၏ သက်စောင့်ဟော်နန်းကို လွှမ်းခြုံထားကာ တောင်တစ်လုံးကဲ့သို့ တည်ငြိမ်သွားစေရန် လုပ်ဆောင်ပေးသည်။

သို့ဆိုလျှင်ပင် ဆူညံနေသည့် အသံများက ဆက်လက်၍ ကြားနေရဆဲ ဖြစ်သည်။ အဆုံးမဲ့ရွှေရောင် နတ်အလင်းများက အရိုးမှ ပေါက်ကွဲထွက်လာသည်။ ၎င်း၏ ပတ်ဝန်းကျင်တွင် တောက်ပနေသည့် မှော်စာလုံးများ ပေါ်ထွက်လာသည်ဟု ထင်မှတ်ရသည်။ အဆုံးမဲ့ မှော်စာလုံးများက စုစည်းသွားကာ ရွှေရောင် နတ်ဆိုးရုပ်တုများအဖြစ် ပြောင်းလဲသွားပြီး ဆင်အော်သံများ ကြားလိုက်ရသည်။ ထိုအသံက နေရာတစ်ခုလုံးကို တုန်ခါသွားစေပြီး လေထုကို လွှမ်းခြုံသွား၏။

“အဲဒီတော့ ဒီအရိုးက နတ်ဆိုးဆင်အင်ပါယာရဲ့ အရိုးပေါ့”

ရီဖူရှင်းက ပြောလိုက်ပြီး သူ၏ နှလုံးသားထဲ၌ တုန်လှုပ်မှုတို့ ကျန်ရစ်ခဲ့သည်။ ဤအရိုးသည် သာမန် နတ်ဆိုးအင်ပါယာ၏ အရိုး ကျိန်းသေ မဟုတ်ဘဲ အလွန် အစွမ်းထက်သည့် အခြားသော နတ်ဆိုးအင်ပါယာများအထက်မှသူ ဖြစ်ပေသည်။

သူ၏ သက်စောင့်ဟော်နန်းသည် နတ်ဆင်၏ အော်သံကြောင့် အတော်လေး မွန်းကြပ်ဖွယ် ကောင်းလာခဲ့သည်။ ရွှေရောင်အလင်းများက ပို၍ တောက်ပစွာ လင်းလက်လာသည်။ ပုံရိပ်တစ်ခု တဖြည်းဖြည်း ပေါ်ပေါက်လာကာ အရွယ်အစား ကြီးမားလာ၏။

ထိုရွှေရောင် နတ်ဆင်များက ထိုပေါ်ပေါက်လာသည့် မျက်နှာမူလိုက်ကြသည်။ အကန့်အသတ်မဲ့ ကြီးမားသည့် နတ်ဆင်အင်ပါယာ၏ အရိပ်က သူ၏ သက်စောင့်ဟော်နန်းအတွင်း ပေါ်ပေါက်လာသည်။

ထိုနတ်ဆင်အင်ပါယာသည် အလွန် ခန့်ညားထည်ဝါကာ သူအနီးရှိအရာများကို ငုံ့ကြည့်နေသယောင် ထင်မှတ်ရသည်။ ယင်းသည် တိမ်တိုက်များအထက်၌ ရပ်နေပြီး ခြေတစ်လှမ်းတည်းဖြင့် မည်သည့်အတားအဆီးကိုမဆို အောင်နိုင်စွမ်းရှိပုံရသည်။

ထိုအချိန်၌ ရီဖူရှင်းသည် အလွန် မြင့်မားထည်ဝါသည့် နတ်ဆင်အင်ပါယာ၏ ပုံရိပ်ကို မြင်လိုက်ရသည်။ ၎င်းက ကောင်းကင်ထက်တွင် လျှောက်လာသောအခါ မရေတွက်နိုင်သည့် ဆင်များက အညံ့ခံကြသည်။ ၎င်းသည် ကြီးမားထူထဲသည့် ခြေထောက်များကို ချလိုက်သည်။ သူသည် နယ်ပယ်တလွှားကို လွှမ်းမိုးနိုင်သည့် အာဏာရှိပုံရသည်။

သူ လျှောက်လှမ်းလာသည်နှင့် ထောင်ချီသည့် နတ်ဆိုးများက မြေပြင်တွင် ပစ်လှဲချကာ အညံ့ခံကြပြီး နတ်ဆိုးအားလုံး၏ ဘုရင်အဖြစ် အသိအမှတ်ပြုနေသည်ဟု ထင်ရပေသည်။

သူ၏ သက်စောင့်ဟော်နန်းအတွင်းမှ ဆူညံသံများက ပို၍ ကျယ်လောင်လာသည်။ မရေတွက်နိုင်သော မှော်စာလုံးများမှ အလင်းသည် ရီဖူရှင်း၏ စိတ်ထဲ၌ ပေါက်ကွဲထွက်လာသည်။ ရွှေရောင် အနှစ်သာရများက သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။

ပြင်းထန်သည့် ဆူညံသံက သူ၏ သက်စောင့်ဟော်နန်းကို ဖြတ်သန်းကာ ထွက်ပေါ်လာပြီး လိုဏ်ဂူအိမ်ကို လှုပ်ခတ်သွားစေကာ ဆူညံသံကို အပြင်မှပင် ကြားလိုက်ရသည်။

အပြင်ဘက်မှ သိမ်းငှက်နက်သည် အထဲတွင် ဖြစ်ပျက်နေသည်များအား စိတ်ဝင်စားဟန်ဖြင့် ချောင်းကြည့်လိုက်၏။

တောင်ထိပ်သည်လည်း တုန်ခါသွား၏။ ထိုသည်က ပြိုကျတော့မလိုပင် ဖြစ်သည်။ မဟာလမ်းစဉ်၏ တောက်ပသော စွမ်းအားများက တောင်ထိပ်ကို ထိမှန်ကာ လိုဏ်ဂူအတွင်းရှိ ရီဖူရှင်း၏ ခန္ဓာကိုယ်ထဲသို့ ပြေးဝင်သွားသည်။

တောက်ပသည့် အလင်းရောင်တန်းက ရီဖူရှင်းထံမှ ထွက်ပေါ်လာပြီး အလွန်ကြီးမားသည့် နတ်ဆင်၏ အရိပ်အဖြစ် ပြောင်းလဲသွားသည်။

ပတ်ဝန်းကျင်မှလူများ တစ်ယောက်ပြီးတစ်ယောက် ထွက်လာပြီး ရီဖူရှင်း ရှိနေသည့် လိုဏ်ဂူသို့ ကြည့်လိုက်ကြသည်။ သူတို့ အားလုံးသည် အထဲ၌ မည်သို့ ဖြစ်နေသည်ကို သိချင်နေကြ၏။

ကျူးယန့်အင်ပါယာသည် အပြင်သို့ ထွက်လာပြီး ထိုနေရာကို ကြည့်လိုက်သည်။ သူက အလေးအနက် တွေးလိုက်၏။

ရီဖူရှင်းက အရိုး၏လျှို့ဝှက်ချက်ကို ဖော်ထုတ်နေသည်များလား။

ရှန့်ထိုတစ်ပါးက အမှန်တကယ် ထိုသို့စွမ်းရည်ရှိသည်လား။

ထိုအရိုးသည် နတ်ဆိုးအင်ပါယာတစ်ပါး၏အရိုးဖြစ်ပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset