Switch Mode

အပိုင်း(၁၃၈၉)

အရိုးအားငှားရမ်းခြင်း

ရီဖူရှင်းက ကောင်းကင်ဘုံကိုးဆင့် နှင်တံရိုက်ချက် အားလုံးကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာက အသုံးပြုခဲ့သောအခါ ထိုနှင်တံနည်းစနစ်က မည်သို့ အလုပ်လုပ်သည်ကို ကောင်းကောင်းနားလည်၏။ ထိုစဉ်က သူသည် နှင်တံပညာကို အပြည့်အဝ နားလည်နိုင်စွမ်း မရှိခဲ့သော်လည်း သူ၏ မှတ်ဉာဏ်ထဲ၌ နှင်တံလှုပ်ရှားဟန်များက စွဲမြဲနေသည်။

ဆင့်ကဲနားလည်သဘောပေါက်မှုများသည် နှစ်ပေါင်းများစွာ ကြာပြီးနောက် ပိုမိုနက်ရှိုင်းလာခဲ့၏။

လက်ရှိတွင် ကောင်းကင်ဘုံကိုးဆင့် နှင်တံရိုက်ချက်၏ သတ္တမလှုပ်ရှားမှုသည် မဟာလမ်းစဉ်နှင့် ပျော်ဝင်ကာ ပြင်းထန်သည့် စွမ်းအားနှင့် ကျဆင်းလာသည်။

သူက ထိုတိုက်ခိုက်မှုတွင် မဟာလမ်းစဉ် စွမ်းအားများကိုပါ ထည့်သွင်းထားသည့်အတွက် သူ၏ တိုက်ခိုက်မှုသည် မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့် ရှန့်ထို၏ စွမ်းအားမျှသာ မဟုတ်ဘဲ သံသယကင်းစင်ခြင်း အဆင့် ရှန့်ထိုထက် အားနည်းလိမ့်မည် မဟုတ်ပေ။ ကြယ်တာရာစွမ်းအားနှင့် စကြာဝဠာဖြိုခွဲခြင်းလမ်းစဉ်သည်လည်း သူ၏ နှင်တံနည်းစနစ်တွင် ပါဝင်နေသည့်အတွက် ထိုတိုက်ခိုက်မှု၏ စွမ်းအားက အတိုင်းအဆမဲ့၏။

ရင်ကျိုးတောင်၏ နတ်ဆိုးက သိသာထင်ရှားစွာဖြင့် ရီဖူရှင်း၏ စွမ်းအားကို လျှော့တွက်ခဲ့သည်။ သို့ပေမဲ့ သူ၏အမြင်တွင် ကျယ်ပြောလှသည့် နတ်ဆိုးဘုံတခွင်၌ အနည်းငယ်မျှသော နတ်ဆိုးသားရဲအချို့သာလျှင် အဆင့်မတူသည်ကို လျစ်လျူ ရှု၍ သူ့ကို ယှဉ်နိုင်၏။

လူသားတန်ခိုးရှင်များ အပါအဝင် ကောင်းကင်အာဏာစက်ဘုံရှိ အနည်းငယ်သာလျှင် ဤသို့ အံ့ဖွယ်ကိစ္စကို စွမ်းဆောင်နိုင်ပေသည်။

ထို့ကြောင့် သူက သိပ်အလေးမထားခဲ့ပေ။ ၎င်းကပင် အလှည့်အပြောင်းဖြစ်လာကာ သူ့အား ကာကွယ်နိုင်စွမ်း ကင်းမဲ့သွားစေသည်။

သူ၏ ခန္ဓာက အလွန် ပြင်းထန်သည့် ဖိအားနှင့် မဟာလမ်းစဉ် လေဟာနယ်စွမ်းအားများကို တောင့်ခံနေရသည်။ ဆူညံနေသော အသံများနှင့် သဏ္ဌာန်မဲ့ မဟာလမ်းစဉ် စွမ်းအားများက တိုက်ခိုက်မှုပင် ရောက်ရှိမလာသေးခင် သူ့အပေါ်သို့ ကျဆင်းလာသည်။ ကြည့်ရသည်မှာ ယင်းစွမ်းအားများက သူ၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဖျက်ဆီးပစ်တော့မယောင် ထင်မှတ်ရသည်။

ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း စွမ်းအားများက သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး လျှပ်စီးအလင်းတန်းကဲ့သို့ ပြောင်းလဲသွားကာ မဟာလမ်းစဉ်အချုပ်နှောင်များအား ဖြတ်သန်း၍ နောက်ဆုတ်ရန် ကြိုးစားသည်။

သို့သော် တိုက်ခိုက်မှုသည် မြန်ဆန်စွာပင် ကျဆင်းလာနေသည်။ သူက ရှောင်တိမ်းရန် နေရာမရှိသည်ကို ရိပ်မိလိုက်၏။ မီးခိုးစပ် ငွေရောင် လှံများက သူ့အနီးတွင် ပေါ်လာပြီး လေပွေကဲ့သို့ ပြောင်းလဲသွားကာ အခြားစွမ်းအားများ အားလုံးကို ဖျက်ဆီးပစ်ရန် နေရာအနှံ့သို့ ထွက်ခွာသွားသည်။

ဘုန်း….

သူတို့၏ အနီးဝန်းကျင်က တုန်ခါသွားပြီး ကောင်းကင်တွင် ပြင်းထန်သည့် လှိုင်းများ ထွက်ပေါ်လာကာ နေရာအနှံ့ကို လွှမ်းခြုံသွားသည်။ မြေပြင်မှ ကြည့်နေသူများမှာ ကောင်းကင်ထက်ရှိ ထိုရိုက်ချက်က မည်မျှ ထိတ်လန့်ဖွယ် ဖျက်ဆီးနိုင်စွမ်းသည်ကို ခံစားမိကြပေသည်။

သူတို့၏ ပတ်ဝန်းကျင်သည်လည်း အားလုံး အေးခဲသွားသကဲ့သို့ ထင်မှတ်ရပေသည်။ ထိုအချိန်၌ ပုံရိပ်တစ်ခု လွင့်စင်သွားကာ သူ၏ ပါးစပ်မှ သွေးတို့ စီးကျလာပြီး ထိုသူမှာ ရင်ကျိုးတောင်၏ နတ်ဆိုးပင် ဖြစ်တော့သည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်က လိုက်ပါသွားပြီး သူက လှုပ်ရှားသည့်အတိုင်း နှင်တံကို ယူဆောင်လာသော်လည်း ရိုက်ချက်က ထိုနတ်ဆိုးကို မရိုက်မိခင် ခေတ္တရပ်တန့်သွားသည်။

ဘုန်း…

နတ်ဆိုးသည် သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် တစ်စုံတစ်ယောက်က သူ၏ ခေါင်းထက်၌ နှင်တံကို အုပ်မိုးကာ ကိုင်ထားသည်အား မြင်လိုက်ရသည်။ သူ၏ မျက်လုံးထဲမှ အကြည့်များက အလွန်အမင်း စိတ်ပျက်မှုများဖြင့် ပြည့်နေပေသည်။

“ခင်ဗျား ရှုံးသွားပြီ”

ရီဖူရှင်းက ပြောလိုက်သော်လည်း သူ၏ စိတ်ကတော့ အတော်လေး လှုပ်ရှားနေသည်။ နတ်ဆိုးသည် ထိုမျှ ရက်စက်လှသည့် ရိုက်ချက် တစ်ချက်ကို ခံယူရသော်လည်း သူသည် အနည်းငယ်သာရ၏။ ၎င်းက ဤနတ်ဆိုး မည်မျှ သန်မာအားကောင်းသည် ကို သိသာထင်ရှားစေသည်။

နတ်ဆိုးသားရဲသည်သာ တိုက်ပွဲစကတည်းက အစွမ်းကုန် တိုက်ခိုက်ခဲ့ပါက  အနိုင်အရှုံးမှာ မသေချာပေ။

သို့သော် သူ၏ ရည်ရွယ်ချက် ပြည့်ဝခဲ့သည်။ သူသည် တစ်ဖက်လူကို သူနှင့် ယှဉ်ပြိုင်စေဖို့ရာ ရန်စခဲ့ပြီး ထိုယှဉ်ပြိုင်မှု၌ သူ အနိုင်ရရှိခဲ့သည်။

တစ်ဖက်လူသာ အရိုးကို ယူဆောင်ရန် အတင်းအကျပ် တောင်းဆိုနေပါလျှင် သူက မည်သို့မျှ တတ်နိုင်လိမ့်မည် မဟုတ်ပေ။ နတ်ဆိုးဘုံတွင် ရင်ကျိုးတောင်သည် အထွတ်အထိပ်အင်အားစုဖြစ်သည်။ တစ်ဖက်လူက သူ့ကို အမှန်တကယ် ဖိအားပေးခဲ့ပါက သူသည် မည်သို့မျှ မတတ်နိုင်ဘဲ လက်လျှော့ရလိမ့်မည် ဖြစ်သည်။

အောက်ဘက်ရှိ မရေတွက်နိုင်သည့် မျက်လုံးများက အေးခဲသွားပြီး သူတို့၏ နှလုံးသားများက ကဆုန်စိုင်းနေသည်။

ထိုလူသားတန်ခိုးရှင်သည် ဤကဲ့သို့ ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို အသုံးပြု ပြီး ယှဉ်ပြိုင်ပွဲ၌ အနိုင်ရခဲ့သည်။

နတ်မြေခွေးနန်းတော်မှ တန်ခိုးရှင်များသည်လည်း ထိတ်လန့်တုန်လှုပ်နေကြသည်။ ထိုနတ်ဆိုးသည် ရင်ကျိုးတောင်မှ ကျော်ကြားသူ ဖြစ်ပြီး သံသယကင်းစင်ခြင်းအဆင့် နတ်ဆိုးရှန့်ထို ဖြစ်သည်။

အမှန်တွင် ရီဖူရှင်းက လှည့်ကွက်များ အသုံးပြုခဲ့သည်ဆိုသော်လည်း သူ၏ပင်ကိုယ်စွမ်းရည်က ကြောက်မက်ဖွယ်ကောင်းအောင် မထက်မြက်ဘဲ မည်သို့ အနိုင်ယူနိုင်မည်နည်း။

မည်သည့်နည်းလမ်းပင် အသုံးပြုခဲ့ပါစေ ၎င်းက သူ၏ သန်မာအားကောင်းမှု ပြယုဂ်ဖြစ်နေဆဲပင် ဖြစ်သည်။

မည်သို့ပင် ဖြစ်စေ သူက အနိုင်ရခဲ့ကာ နတ်ဆိုးသားရဲကတော့ ရှုံးနိမ့်ခဲ့ရသည်။

နတ်ဆိုးမြို့ဟောင်းမှ လူများသည် မကြာခင်၌ ရင်ကျိုးတောင်မှ တော်ဝင်မျိုးဆက်သည် လူသားတန်ခိုးရှင်ကို ရှုံးနိမ့်ခဲ့သည်ဟု သိရှိသွားကြတော့မည် ဖြစ်သည်။

ထိုနတ်ဆိုး၏ အမူအရာက မည်းမှောင်နေကာ ပတ်ဝန်းကျင်တစ်ခုလုံးသည်လည်း တိတ်ဆိတ်နေသည်။

သူက ရီဖူရှင်းအား ရှုံးနိမ့်ခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။ ဤရှုံးနိမ့်မှုက သူ၏ ရန်သူအား လျှော့တွက်ခဲ့မှုကြောင့် ဖြစ်သည်။ ထိုလူသားတန်ခိုးရှင်က ကြောက်မက်ဖွယ် ကောင်းလောက်အောင် အစွမ်းထက်ပေသည်။

ထို့အပြင် သူသည် ထိုအရိုးအပိုင်းအစကို လောင်းကြေးအဖြစ် အသုံးပြု၍ ရီဖူရှင်းနှင့် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

အလောင်းအစားပြုခဲ့ခြင်းမှာလည်း မိမိကိုယ်ကို ယုံကြည်လွန်း၍ဖြစ်သည်။

သူ၏ အဆင့်အတန်းအရဆိုလျှင်ပင် အောင်မြင်မှုမရဘဲ ရင်ကျိုးတောင်သို့ ပြန်ရန် ခက်ခဲပေလိမ့်မည်။

ထိုအခိုက်တွင် လေထုက ပို၍ ထူးဆန်းလာခဲ့သည်။ လူတိုင်းသည် ရီဖူရှင်းနှင့် ထိုနတ်ဆိုးကို ကြည့်နေကြသည်။

ကျူးကျောက်သည်လည်း သူတို့နှစ်ယောက်ကို ကြည့်၍ နေသည်။ သူ၏ နှလုံးသားက ခုန်ပေါက်နေ၏ သူသည် ရီဖူရှင်း၏ နှင်တံနည်းစနစ်က ထိုမျှအထိ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု မထင်မှတ်ခဲ့မိပေ။ ဆဋ္ဌမနှင့် သတ္တမ လှုပ်ရှားမှုများသည် အဆင့်ဆင့် နှိပ်ကွပ်နိုင်စွမ်းရှိပြီး အင်အားမှာ နတ်ဘုရားများကိုပင် သတ်ဖြတ်နိုင်တော့မတတ် အားကောင်းလှပေသည်။

“မင်းက ပါးနပ်တာပဲ”

ထိုအချိန်၌ အသံတစ်ခု ကြားလိုက်ရသည်။ လေထဲမှ နတ်ဆိုးအင်ပါယာတစ်ဦးက ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။

“မင်းက အစွမ်းလည်း တကယ် ထက်ပါတယ်။ မင်းက အလောင်းအစားမှာ နိုင်သွားတယ်ဆိုတော့ ကျုပ်တို့ ရင်ကျိုးတောင်က မင်းရဲ့ လမ်းကို ပိတ်ဖို့ အကြောင်းပြချက် မရှိတော့ဘူးပေါ့။ အရိုးက ကျုပ်တို့ ရင်ကျိုးတောင်အတွက် အရမ်းကို တန်ဖိုးရှိပါတယ်။ မင်းက ဈေးနှုန်း သတ်မှတ်ပြီးရင် ကျုပ်တို့က မင်း ညီမျှတယ်လို့ ယူဆတဲ့ တန်ဖိုးနဲ့ အလဲအလှယ်လုပ်ပေးပါ့မယ်”

သူတို့၏ တတိယမျိုးဆက်က အလောင်းအစားတွင် ရှုံးနိမ့်ခဲ့သည့်အတွက် သူတို့၏ အနေအထားမှာ မောက်မာစွာဖြင့် ဖိအားပေးရမည့် အခြေအနေ မဟုတ်တော့ပေ။ မဟုတ်လျှင် ရင်ကျိုးတောင်၏ဂုဏ်သတင်းမှာ အလွန်ဆိုးဝါးသွားပေလိမ့်မည်။

သူတို့အနေဖြင့် အရိုးကို လက်မလျှော့နိုင်ပါချေ။

ထို့ကြောင့် နတ်ဆိုးအင်ပါယာက အလဲအလှယ်လုပ်ပေးပါရန် တောင်းဆိုနေခြင်း ဖြစ်သည်။

ထိုသို့ ပြုလုပ်ပါက နှစ်ဖက်လုံးသည်လည်း ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်သွားမည် ဖြစ်သည်။

ရီဖူရှင်းက မည်သို့ ပြုလုပ်ရမည်ကို မသိရှိသည်လား။

နတ်ဆိုးအင်ပါယာသည် သူ့ကို ကြိုက်သည့် ဈေးနှုန်းတောင်းဆိုရန် ခွင့်ပြုပေးခဲ့သည်။

လူတိုင်းသည် နတ်ဆိုးအင်ပါယာ၏ စကားကို ကြားသောအခါ လေးနက်စွာ ခေါင်းညိတ်လိုက်ကြသည်။ ထိုနည်းလမ်းသည် ပြဿနာကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်း ဖြစ်ပေသည်။

မျှတသည့် အလဲအလှယ်က လူသားတန်ခိုးရှင်ကို အကျိုးအမြတ်များ ရရှိစေပေလိမ့်မည်။

ရင်ကျိုးတောင်မှ တန်ခိုးရှင်များသည်လည်း အရိုးကို ယူဆောင်သွားနိုင်လိမ့်မည် ဖြစ်ပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် အခြေအနေ ဖြစ်သည်။

ရီဖူရှင်းက လေထဲရှိ နတ်ဆိုးအင်ပါယာကို မော့ကြည့်လိုက်ပြီး မေးသည်။ “ကျုပ်မှာ ရွေးချယ်စရာ ရှိလား”

သူက ယှဉ်ပြိုင်ပွဲ၌ အနိုင်ရခဲ့သော်လည်း တစ်ဖက်အဖွဲ့မှ အရိုးကို လက်လွှတ်ပေးရန် တွန့်ဆုတ်နေပေသည်။ သူတို့အတွက် အရိုးက မည်မျှ အရေးကြီးသည်ကို တစ်စုံတစ်ယောက်က မှန်းဆကြည့်နိုင်ပေသည်။

ရီဖူရှင်းက ရိုးရှင်းစွာပင် ထိုကိစ္စ၌ သူ့တွင် ရွေးချယ်ခွင့် ရှိလားဟု မေးခဲ့သည်။

ရီဖူရှင်း၏ စကားကို ကြားသည့်အခါ လူတိုင်းက ဆွံ့အသွားခဲ့ကြသည်။ သူက အလွန် ခေါင်းမာသည်ဟုလည်း တွေးလိုက်ကြ၏။

ရီဖူရှင်း ပြောသည့် စကားများက ရင်ကျိုးတောင်အတွက် ဖိအားဖြစ်စေပေလိမ့်မည်။

“နတ်ဆိုးဘုံရဲ့ ကျော်ကြားတဲ့ ထိပ်တန်းအင်အားစုအနေနဲ့ ရင်ကျိုးတောင်က မင်းလို ဂျူနီယာလေးကို အနိုင်ကျင့်မှာ မဟုတ်သလို သူတို့က ကတိကို ချိုးဖောက်လိမ့်မှာလည်း မဟုတ်ဘူး။ ရင်ကျိုးတောင်ရဲ့ တော်ဝင်မျိုးဆက်က ရှုံးနိမ့်သွားတာမို့လို့ မင်း လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်ပါတယ်” ရင်ကျိုးတောင်၏ နတ်ဆိုးအင်ပါယာက သူ ရွေးချယ်ခွင့် ရှိမရှိ မပြောရသေးခင် အသံတစ်ခု ထွက်ပေါ်လာသည်။

လူအများသည် လှည့်ကာ ကောင်းကင်သို့ ကြည့်လိုက်ကြသည်။ များပြားလှသည့် ပုံရိပ်များက သူတို့ထွက်ပေါ်လာရာမှ ချက်ချင်း ဆင်းသက်လာသည်။

နတ်ဆိုးအင်ပါယာ လေးဦးက တစ်ချိန်တည်းမှာ ထွက်ပေါ်လာသည့်အတွက် ပွက်လောရိုက်သွားကြလေသည်။

ရင်ကျိုးတောင်၏နတ်ဆိုးအင်ပါယာက အသစ်ရောက်လာသည့် နတ်ဆိုးအင်ပါယာများကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ သူတို့ အချိန်များစွာ ပေး၍ ကြိုးစားခဲ့ရသော တာဝန်က ကျရှုံးတော့မည်ဟု ခံစားလိုက်ရသည်။

နတ်မြေခွေးနန်းတော်မှ နတ်ဆိုးအင်ပါယာ တန်ခိုးရှင် တစ်ဦးလည်း ထွက်ပေါ်လာသည်။ ထိုတန်ခိုးရှင်က လွှမ်းမိုးနိုင်သော အသံဖြင့် ပြောလိုက်သည်။ “နတ်မိစ္ဆာမြို့က အင်ပါယာလေးပါးလုံး ရောက်လာတာကိုး။ ဒါက နတ်မြေခွေးနန်းတော်အတွက် မြင်တွေ့ရခဲတဲ့ မြင်ကွင်းပါပဲ”

“အဖေ”

“အဖေ”

ကျူးကျောက်၊ လိန်မုန့် နှင့် ထောင်းထျယ့်တို့ အားလုံးက ခေါ်လိုက်ကြသည်။ ရောက်လာသည့် နတ်ဆိုးအင်ပါယာ လေးဦးမှာ အခြားမဟုတ်ဘဲ နတ်မိစ္ဆာမြို့မှ အင်ပါယာများ ဖြစ်လေသည်။

သူတို့ကို ဦးဆောင်လာသူမှာ အလွန် အစွမ်းထက်သည့် အရှိန်အဝါရှိပြီး ကျူးကျောက်နှင့် ဆင်တူပေသည်။ ထိုသူကား ကျူးယန့် နတ်ဆိုးအင်ပါယာပင် ဖြစ်သည်။

နတ်ဆိုးအင်ပါယာသည် မည်သည့် အရှိန်အဝါကိုမှ ထုတ်လွှတ်မထားသော်လည်း အရှင်သခင်တစ်ဦး၏ အငွေ့အသက် အရှိန်အဝါကတော့ ရှင်းလင်းထင်ရှားနေပေသည်။ နတ်ဆိုးအင်ပါယာသည် မတုန်မလှုပ် ကြည့်လိုက်ပြီး ရိုးရှင်းစွာပင် ရပ်နေခဲ့သည်။

“မင်း ဘယ်လိုထင်လဲ” ထို့နောက် ကျူးယန့် နတ်ဆိုးအင်ပါယာက ရင်ကျိုးတောင်၏ နတ်ဆိုးအင်ပါယာကို ကြည့်ကာ မေးလိုက်သည်။

ရင်ကျိုးတောင်နတ်ဆိုးအင်ပါယာသည် ကျူးယန့်ကို မော့ကာ စူးစိုက်ကြည့်လိုက်၏။

ရီဖူရှင်းသည် နတ်ဆိုးကို ရိုက်နှက်ခဲ့ပြီး အလောင်းအစားတွင် သူတို့ရှုံးနိမ့်ခဲ့သည်။ ကျူးယန့်၏ ထိုသို့ ပေါ်ပေါက်လာခြင်းက ရင်ကျိုးတောင်နတ်ဆိုးအင်ပါယာအတွက် အနည်းငယ် ကိုင်တွယ်ရ ခက်သွားစေသည်။

ကျူးယန့်က ဤကိစ္စကို ဝင်စွက်ဖက်လျှင် ကိစ္စများက အလွန် ပြဿနာ များပြားလာပေလိမ့်မည်။

“ရင်ကျိုးတောင် မင်းသားက အဲဒီ ကတိကို ပေးထားပြီးခဲ့ပြီ ဆိုမှတော့ အဲဒီအတိုင်းပဲ ထားလိုက်ရတော့မှာပေါ့။ ဒါပေမဲ့ ပြန်ပြီး အစီအရင်ခံပြီးသွားရင်တော့ ရင်ကျိုးတောင်က ဒီကိစ္စကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ မပြောတတ်ဘူး” ရင်ကျိုးတောင်၏ နတ်ဆိုးအင်ပါယာက ရီဖူရှင်းကို ကြည့်ကာ ပြန်ဖြေလိုက်သည်။

ကျူးယန့်က သူ့အတွက် အခက်အခဲ ဖြစ်စေလျှင်ပင် သူက အရိုးကို ထားခဲ့ကာ ပြန်သွားနိုင်ခြင်း မရှိချေ။

“ကိစ္စမရှိဘူး။ ပြန်ပြီးသာ အစီရင်ခံလိုက်ပါ” ကျူးယန့်က ပြောလိုက်ပြီး ကျူးကျောက်၏ ဘေးသို့ လျှောက်သွားကာ ရီဖူရှင်းကို ကြည့်လိုက်သည်။

“ဂါရဝပြုပါတယ် စီနီယာတို့”

ရီဖူရှင်းက အနည်းငယ် ဦးညွှတ်လိုက်သည်။

“အင်း” ကျူးယန့်က ခေါင်းညိတ်လိုက်ပြီးနောက် ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။ “ကျုပ်ကလည်း အရိုးကို စိတ်ဝင်စားနေတယ်။ စိတ်မရှိရင် အဲဒီအရိုးကို သုတေသနလုပ်ဖို့ အချိန်တစ်ခုလောက်ထိ ငှားရမ်းပေးနိုင်မလား။ ဒီအရိုးက ဘာအမျိုးအစားလဲဆိုတာ ကျုပ် သိချင်လို့ပါ”

ကျူးယန့်အင်ပါယာက ပြောပြီးသည်နှင့် လူတိုင်းက သူ့ကို ကြည့်လိုက်ကြသည်။

ကျူးယန့်နတ်ဆိုးအင်ပါယာက မည်သည့်သဘောကို ဆိုလိုချင်နေသနည်း။

ကျူးယန့် နတ်ဆိုးအင်ပါယာက အရိုးကို သူ့လက်တွင်း ရောက်ရှိစေရန် ကြံစည်နေသည်လား သို့မဟုတ် ရီဖူရှင်းကို အခက်အခဲ ဖြစ်စေရန် ကြိုးစားနေသည်လား။

“စီနီယာက တစ်ချက်လောက် ကြည့်ချင်တယ်ဆိုရင် ဒါက ကိစ္စမရှိပါဘူး။” ရီဖူရှင်းက တွေဝေခြင်းမရှိ ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပင် အရိုးကို ကျူးယန့်ထံသို့ ကမ်းပေးလိုက်သည်။

ကျူးယန့်သည် ရီဖူရှင်းအား အတော်လေး စိတ်ရှုပ်ထွေး တွေဝေစွာ ကြည့်လိုက်၏။ သူသည် ရီဖူရှင်းက ထိုမျှ ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားနှင့် တွေဝေခြင်းမရှိ အရိုးကို ကမ်းပေးလိုက်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ရင်ကျိုးတောင်က ခက်ခက်ခဲခဲနှင့် ကြိုးစားပါသော်လည်း သူက လက်လွှဲပေးရန် ငြင်းဆန်နေခဲ့သည်။ သို့သော် ယခု ရီဖူရှင်းက သူ့ကို အလွယ်တကူ ပေးနေသည့်အတွက် သူက အရိုးကို ယူပြေးသွားမည်ကို စိတ်မပူသည်လားဟု တွေးလိုက်မိသည်။

ထိုနတ်ဆိုးအင်ပါယာက ပြုံးကာ အရိုးကို ယူ၍ သိမ်းလိုက်ပြီး ထိုလူငယ်လေးက အရည်အချင်းတင်သာ ထူးကဲသာလွန်သည်မဟုတ်ဘဲ ဉာဏ်ရည်ကလည်း အလွန် ထက်မြက်ပေကြောင်း အသိအမှတ်ပြုမိသည်။

အမှန်တကယ်ကား ရီဖူရှင်းသည် သူ့ကိုယ်သူ မည်သည့် အခြေအနေသို့ တွန်းပို့နေခဲ့ကြောင်း ရှင်းလင်းစွာ သိရှိပေသည်။ သူ့တွင် မည်သည့်နောက်ခံအင်အားမှ မရှိပေ။ သူ့အနေဖြင့် အရိုးကို ရင်ကျိုးတောင်သို့ လက်လွှတ်ခြင်းထက် ကျူးယန့်အင်ပါယာသို့ ပေးအပ်ခြင်းသည် ပြန်ရနိုင်ချေ အခွင့်အလမ်း အနည်းငယ် ရှိသည်ကို သိပေသည်။ အကယ်၍ အရိုးကို သူ၏လက်ထဲတွင်သာ အတင်းထိန်းသိမ်းထားပါက ကံဆိုးမှုများသာ စောင့်ကြိုနေပေလိမ့်မည်။

မည်သည့်နည်းနှင့်ဖြစ်စေ သူက အရိုးကို သူကိုယ်တိုင် ထိန်းသိမ်းထားရန်မှာ မဖြစ်နိုင်ပေ။

ကျူးယန့်အင်ပါယာသည် မည်သည့်ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ သူသည် မိမိအခက်အခဲ ကျရောက်နေစဉ် ကူညီပေးခဲ့သည်။

“ဒီလိုဖြစ်သွားပြီ ဆိုမှတော့ ကျုပ်က အချိန်တစ်ခုထိ မင်းအစား လုံလုံခြုံခြုံ ထိန်းသိမ်းပေးထားပါ့မယ်” ကျူးယန့်က ပြုံးလိုက်သော်လည်း ရင်ကျိုးတောင်နတ်ဆိုးများသည် ဖြစ်ပျက်သွားသည်ကို ကြည့်၍ သူတို့၏ မျက်နှာများက မှောင်မည်းသွားကြလေသည်။

သူတို့က ရီဖူရှင်းထံမှဆိုလျှင် အရိုးကို လွယ်စွာ ယူနိုင်လိမ့်မည် ဖြစ်သော်လည်း နတ်မိစ္ဆာမြို့၏ ကျူးယန့်အင်ပါယာက ယူဆောင်သွားသည့်အတွက် သူတို့အတွက် ခက်ခဲလာတော့မည် ဖြစ်သည်။ ၎င်းက နတ်ဆိုးအင်ပါယာများစွာကို တာဝန်ပေး လုပ်ဆောင်ခိုင်းခြင်းဖြင့် ဖြေရှင်းနိုင်သော ကိစ္စမျိုး မဟုတ်တော့ပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset