Switch Mode

အခန်း ( ၁)

ကျုပ်က ပိုင်ရှောင်ချန်း

အရှေ့တောင်တန်းဒေသတွင် ဟူတောင်တန်းဟူ၍ တည်ရှိပြီး ထိုတောင်ခြေ၌ ထူးဆန်းသော ရွာငယ်လေးတစ်ရွာ ရှိသည်။ ရွာသားများသည် ရွာငယ်လေး အထဲတွင်သာ သီးခြားနေထိုင်ကြပြီး ပြင်ပကမ္ဘာနှင့် အဆက်အဆံ သိပ်မရှိကြချေ။

မနက်အစော ဝေလီဝေလင်း အချိန်တွင် ရွာသားများသည် ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်ခန့်အရွယ်ရှိသော လူငယ်လေးတစ်ယောက်ကို နှုတ်ဆက်ရန် ရွာအ၀င်တံခါး၀မှာ စုရုံးနေကြသည်။ ထိုလူငယ်လေးသည် ပိန်ပါးသော်လည်း ကျန်းမာ၍ အသားလတ်သောကြောင့် ခြုံကြည့်လျှင် ခန့်ညားသူဟု ဆိုနိုင်သည်။ ထို့အပြင် ဖန်တရာတေအောင် လျှော်ထားသဖြင့် စုတ်ချာနေသော အစိမ်းရောင် ဖျင်ကြမ်းဝတ်စုံကို ၀တ်ဆင်ထားသည်။ သူ့မျက်ဝန်းများနှင့် သူ၏အသွင်သည် ရိုးသား၍ ဉာဏ်ရည်ထက်မြက်သူဖြစ်ကြောင်း ဖော်ပြနေသည်။

သူ့နာမည်က ” ပိုင်ရှောင်ချန်း ”

” ရွာအကြီးအကဲတွေနဲ့ ရွာသားများအားလုံးခင်ဗျာ ”
လူငယ်က စကားစချီလိုက်ပြီး
“ထာ၀ရအသက်ရှည်ခြင်းလမ်းစဉ်ကို ကျွန်တော် လျှောက်လှမ်းတော့မှာမို့ ရွာကနေ ထွက်သွားတော့မှာ ဖြစ်ပါတယ်။ကျွန်တော် ခင်ဗျားတို့ အားလုံးကို သတိရနေမှာပါ…”
ဟု ပိုင်ရှောင်ချန်းက ဆိုသည်။ လူငယ်သည် ရွာသားများနှင့်ခွဲခွာရမည့်အတွက် နာကျင်စွာခံစားနေရဟန်ပေါ်သည်။ ထိုအသွင်အပြင်သည် သူ့ကို ရှိရင်းစွဲထက် ပိုပြီး တင့်တယ်ခန့်ညားစေသည်။

ဝိုင်းကြည့်နေသော လူအုပ်ကြီးသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ လုလင်ပျို၏စကားကို အယုံအကြည်ရှိပုံမရ။ အကူအညီပေးမည့်ပုံပင်မပေါ်ဘဲ အချင်းချင်း ပခုံးတွန့်ပြလိုက်ကြသည်။ ထို့နောက် လုလင်ပျို ထွက်ခွာသွားမည့်အတွက် စိုးရိမ်ကြောင့်ကြနေသည့်အလား ဟန်ဆောင်လိုက်ကြသည်။

ထိုစဉ် ဆံပင်များ တစ်ခေါင်းလုံးဖြူဖွေးနေသော အဘိုးအိုသည် လူအုပ်ကြားမှထွက်လာပြီး
“ရှောင်ချန်း…မင်းမိဘတွေ မင်းကိုထားပြီး ထွက်သွားခဲ့တာ…အင်း….. တော်တော်တောင်ကြာခဲ့ပြီပဲ…မင်းက…”
စကားကို ခဏရပ်ထားပြီးမှ
“မင်းက လူတော်လေးတစ်ယောက်ပါကွာ..”

ရှောင်ချန်းသည် ယခုထက်တိုင် ထွက်မသွားသေးသဖြင့် အဘိုးအိုက ဆက်ပြောလိုက်သည်။

” ထာဝရရှင်သန်ဖို့ကို စိတ်မဝင်စားဘူးလို့ မင်း ငါ့ကို မပြောခဲ့ဘူး မလား။ မင်း လုပ်ဖို့ တစ်ခုတည်းသော အရာက အင်မော်တယ်ဖြစ်လာပြီး ထာဝရအသက်ရှည်ဖို့ဆို။ အင်း.. အချိန်တွေ ကြာမြင့်ခဲ့ပါပြီလေ။ ခုတော့ မင်းထွက်သွားဖို့အချိန်တန်ပြီ။ လင်းယုန်ငှက်ပေါက်လေးတောင် အပျံ သင်ရသေးတာပဲလေ။ ဘယ်လိုအခြေအနေမျိုးနဲ့ပဲ ကြုံကြုံ ရှောင်ပြေးစရာမလိုဘူး။ အခြေအနေကို ထိန်းချုပ်နိုင်အောင်ကြိုးစားပြီး ရှေ့ကိုပဲဆက်ရမယ်။ ဒီရွာက တစ်ကြိမ် ထွက်သွားပြီဆိုတာနဲ့ မင်း ဘယ်တော့မှ ပြန်လာနိုင်တော့မှာ မဟုတ်ဘူး။ ဘာလို့ဆို မင်းရဲ့ လမ်းဟာ ရှေ့တည့်တည့်မှာပဲရှိပြီး ဘယ်တော့မှ နောက်မှာမရှိနေလို့ဘဲ ”

အဘိုးအိုက ပိုင်ရှောင်ချန်း၏ပုခုံးကို ဖြည်းညင်းစွာပုတ်၍ ကြင်
ကြင်နာနာ အားပေးစကားပြောလိုက်သည်။

” ထာဝရ ရှင်သန်ခြင်း ”
ပိုင်ရှောင်ချန်းက တီးတိုးရေရွတ်သည်။ ကတုန်ကယင်ဖြစ်သွားရင်းက ဆုံးဖြတ်ချက်တစ်ခုခုကို ပြတ်ပြတ်သားသား ချလိုက်ဟန်က သူ့မျက်ဝန်းမှာ တဖြည်းဖြည်း ပေါ်လွင်လာသည်။ အဘိုးအိုနှင့် အခြားရွာသားများ၏ အားပေးအားမြှောက်ပြုနေသော မျက်ဝန်းများကို နားလည်သည့်အနေဖြင့် နောက်ဆုံးအကြိမ် တစ်ချက်ဝေ့ကြည့်လိုက်သည်။
ထို့နောက် ဆတ်ခနဲခေါင်းတစ်ချက်ညိတ်ကာ နောက်ဆုံးမှာတော့ ရွာကိုကျောခိုင်းပြီး ခရီးကိုစတင်လေသည်။

အဝေးကြီးရောက်သွားသဖြင့် လုလင်ပျိုလေးပျောက်ကွယ်သွားသောအခါ ရွာသားများသည် လှမ်းမျှော်ကြည့်နေရင်းက ပိုမိုစိတ်လှုပ်ရှားလာကြသည်။ လုလင်ပျိုထွက်ခွာသွားပြီဖြစ်သဖြင့် သူတို့၏မျက်နှာထက်ရှိ ဝမ်းနည်းသည့်အသွင်များ ပျောက်ကွယ်သွားပြီး ပျော်ရွှင်ခြင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ ကြင်နာတတ်သော အဘိုးအိုမှာမူ စတင်ပြီး ကတုန်ကယင်ဖြစ်လာရှာသည်။ သူ့မျက်နှာထက်မှ မျက်ရည်များပင် ပျော်လွန်းသဖြင့် စီးကျလာ၏။

“မိုးနတ်မင်းကြီးက တရားမျှတပါပေတယ်။နောက်ဆုံးတော့ ကြွက်ဖြူ ထွက်သွားပြီ။ ဒီအနားတစ်ဝိုက်မှာ အင်မော်တယ်တစ်ယောက်ကို တွေ့ခဲ့တယ်လို့ သူ့ကိုဘယ်သူကများ မြှောက်ပေးလိုက်တာလဲ။ ဘယ်သူပဲဖြစ်ဖြစ် အဲဒီလူကို တစ်ရွာလုံးကိုယ်စား ငါကပဲ ကြီးမားတဲ့ဆုလာဘ် ပေးရမယ် ”

(ပိုင်ရှောင်ချန်း၏ အဓိပ္ပါယ်မှာ ပိုင်သည် အဖြူရောင်၊ ရှောင်သည် သေးငယ်သော၊ ချန်းသည် သန့်စင်သောဟုအဓိပ္ပါယ် ရှိသော်လည်း ကြွက်ဖြူမှ ဖြူဟုသော စာလုံးသည် ပိုင်ရှောင်ချန်း၏ ပထမဆုံးစာလုံးနှင့်တူနေသောကြောင့် ကြွက်ဖြူဟုခေါ်ခြင်းဖြစ်သည်)

မကြာမီ တစ်ရွာလုံး ပျော်ရွှင်မြူးထူးသော အသံများနှင့် ပဲ့တင်ထပ်နေတော့သည်။ အချို့သော ရွာသားများမှာ စိတ်အားတက်ကြွစွာဖြင့် ဗုံများ လင်ကွင်းများပင် တီး၍ ကခုန်နေကြ၏။

” ကြွက်ဖြူတော့ ထွက်သွားပြီကွ…”
လူတစ်ယောက်က အော်ဟစ်နေသည်။
” ဒါပေမဲ့ သနားစရာကောင်းလိုက်တဲ့ ငါ့ကြက်ကလေးတွေ။ မနက်ခင်းမှာ ကြက်တွန်တာကို မုန်းလို့ဆိုပြီး ငါ့ကြက်ကလေးတွေအကုန်လုံးကို သတ်စားဖို့ ကလေးတွေကို ပေးလိုက်တယ်လေ ”
( ကြက်တွန်ရင် အိပ်ရေးပျက်မှာစိုးတဲ့ လူရှုပ် ပိုင်လေး🥴🥴 )

“ဒီနေ့က ခေတ်သစ်တစ်ခုရဲ့အစပဲ ”
ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် ရွာနှင့်အနီးမှာသာရှိသေးသဖြင့် ပျော်ရွှင်စွာကခုန်နေသော အသံများ၊ ဗုံတီးသံများကို ကြားနေရသေးသည်။

သူသည် လှမ်းနေသောခြေလှမ်းကို ရပ်လိုက်သည်။ သူ၏မျက်နှာပြင်ပေါ်တွင် ထူးခြားသော ခံစားမှုအရိပ်အယောင်တစ်မျိုး ဖြစ်ပေါ်လာ၏။ ထို့နောက် လည်ချောင်း တစ်ချက်ရှင်းကာ သွားရမည့် လမ်းခရီးကို ဦးတည်လိုက်သည်။ သူထွက်သွားသဖြင့် ပျော်ရွှင်စွာသြဘာပေးနေသော အသံသဲ့သဲ့များနှင့်အတူ ဟူတောင်တန်းဆီသို့ ရှေးရှု ခရီးဆက်ခဲ့လေသည်။

ဟူတောင်သည် အလွန်မြင့်သော တောင်တစ်လုံး မဟုတ်ပါ။ သို့သော် လွန်စွာထူထပ်သော တောအုပ်များက ဖုံးလွှမ်းလျက်ရှိ၏။ ထို့ကြောင့် မနက်စောစော ဝေလီဝေလင်းချိန်တွင် သစ်ပင်များအုံ့ဆိုင်းမှုန်မှိုင်းမှုကြောင့် တစ်တောင်လုံး မှောင်မဲတိတ်ဆိတ်လျက်ရှိလေသည်။

” ခွေးလေးက ငါ့ကိုပြောတယ်…သိပ်မကြာခင်တုန်းက တောထဲမှာ တောဝက်လိုက်နေရင်းနဲ့သူ့အနားမှာ အင်မော်တယ်တွေ ပျံသန်းနေတာတွေ့လိုက်တယ်တဲ့”

ပိုင်ရှောင်ချန်း၏ရင်မှာ တဒိန်းဒိန်း ခုန်နေသည်။ ရုတ်တရက် ခြုံထဲတွင် တောတိုးသွားသည့် အသံကို ကြားလိုက်ရသည်။ ထိုအသံသည် တောဝက်တစ်ကောင် တောတိုးနေသည့်အသံမျိုး ဖြစ်သည်။ ရှောင်ချန်းမှာ အလွန်ကြောက်လန့်သွား၍ ကြက်သီးမွေးညှင်းများပင်ထသွားပြီး ဘယ်သူလဲဟု အော်မေးလိုက်သည်။

သူသည် ပုဆိန်လေးလက်နှင့် ဓားခြောက်လက်ကို အိတ်ထဲမှ ဆွဲထုတ်လိုက်သည်။ သို့သော် ပိုပြီး လုံခြုံသွားသည်ဟု မခံစားရ။ ထို့ကြောင့် ဝတ်ရုံထဲက အနက်ရောင်အမွှေးတိုင် အနည်းငယ်ကို ထုတ်ကာ ဘယ်လက်နှင့် တင်းတင်းဆုပ်ကိုင်လိုက်သည်။

“ထွက်မလာသေးဘူးလား ”
သူသည် တုန်တုန်ယင်ယင်နှင့် အော်ဟစ်လိုက်သည်။
“ခုထိ ထွက်မလာသေးဘူးလားကွ။ ငါ့မှာ ပုဆိန်တွေရော ဓားတွေရောရှိတယ်။ပြီးတော့ ဒီအနက်ရောင် အမွှေးတိုင်က မိုးနတ်မင်းကြီးဆီက မိုးကြိုးကိုခေါ်ယူနိုင်တယ်။ အင်မော်တယ် ကိုတောင်မှ ခေါ်ယူနိူင်တယ်ကွ။မင်းငါ့ရှေ့ကို ထွက်လာရဲထွက်လာကြည့်…သေပြီသာမှတ် ”

ကြောက်လန့်တကြားဖြင့် အော်ချင်ရာအော်ကာ နောက်ဆုံး၌ သူသည် လက်နက်များကိုဆုပ်ကိုင်ကာ တောင်ပေါ်သို့ ပြေးတက်သွားသည်။ ထို့နောက် ချုံပုတ်များနှင့်ငြိမိရာမှ ပုဆိန်များ၊ ဓားများ မြေပေါ်သို့ တချွင်ချွင်မြည်ကာ ပြုတ်ကျသွားသည်။

စောစောက ချုံပုတ်တွေထဲမှ ထွက်ပေါ်လာခဲ့သည့်အသံတွေက ရှောင်ချန်းကို ကြောက်ရွံ့သွားစေပုံပေါ်သည်။ သို့သော်အသံများငြိမ်သက်သွားတိုင် မည်သည့်တောရိုင်းကောင်မှ ထွက်ပေါ်လာခဲ့ခြင်း မရှိခဲ့ပေ။ ရှောင်ချန်းသည် နှဖူးပေါ်က ချွေးများကို သုတ်ရင်း တောင်ထိပ်ကို ဦးတည်ကာ အလျင်အမြန် ပြေးလွှားနေသည်။ ထိုအချိန်တွင် သူ့မျက်နှာသည် ဖျော့တော့လျက်ရှိပြီး မိုက်ရူးရဲဆန်သောရည်မှန်းချက်ကို လက်လျှော့ချင်လုနီးပါး စိတ်ဓာတ်ကျလာသည်။ သို့သော် မိဘများမသေဆုံးခင်က လက်ဆင့်ကမ်းပေးခဲ့သော အမွှေးတိုင်အကြောင်းကို တွေးမိလိုက်သည်။ စင်စစ်မှာမူ ထိုအမွှေးတိုင်သည် သူတို့၏ဘိုးဘေးများက အင်မော်တယ်တစ်ယောက်ကို ကယ်တင်ခဲ့သည့်အတွက် အင်မော်တယ်မှ ကြင်နာသည့်အနေဖြင့် ပေးခဲ့သော လက်ဆောင်ဖြစ်သည်။ ထို့ပြင် အင်မော်တယ်မှ သူတို့၏မိသားစု၀င်တစ်ယောက်ကို တပည့်အဖြစ်လက်ခံပေးမည်ဟူ၍ပင် ကတိပြုခဲ့သည်။ ထိုအမွှေးတိုင်ကို ထွန်းညှိလိုက်လျှင် သူထွက်ပေါ်လာခဲ့မည်ဟု ပြောခဲ့၏။

အမှန်တကယ်တော့ ပိုင်ရှောင်ချန်းသည် လွန်ခဲ့သော နှစ်များအတွင်း အမွှေးတိုင်ကို ဆယ်ကြိမ်ထက်မနည်း ထွန်းကြည့်ပြီးပြီဖြစ်သည်။ သို့သော်လည်း ယခုထိ အင်မော်တယ် မှာ မထွက်ပေါ်လာသေးသဖြင့် ထိုအကြောင်းနှင့်ပတ်သက်ပြီး သံသယ၀င်စပြုလာသည်။ နောက်ဆုံးတော့ သူသည် အဖြစ်မှန်ကိုသိလို၍ တောင်ပေါ်သို့တက်ရန် ဆုံးဖြတ်ခဲ့သည်။ တစ်ခုရှိသည်မှာ အမွှေးတိုင်မှာ ကုန်လုနီးပါးရှိနေပြီဖြစ်သော်လည်း မကြာမြင့်မီက ပျံသန်းနိုင်သောအင်မော်တယ်နှင့်ပတ်သက်သည့် သတင်းအစအနကို သူရလိုက်
ပြီဖြစ်သည်။
ဤသို့ဖြင့် သူသည်တောင်ပေါ်သို့တက်လာခြင်း ဖြစ်သည်။ သူ၏သီအိုရီမှာ အင်မော်တယ် နှင့် နီးလာလျှင် အမွှေးတိုင်ကို အင်မော်တယ်က အာရုံခံရလွယ်လာလိမ့်မည်ဟူ၍ ဖြစ်သည်။

သူသည် တောင်ရှေ့တွင် ရပ်နေရင်း ခဏလောက် ချီတုံချတုံဖြစ်နေသည်။ ထို့နောက် အံကြိတ်ကာ ဆက်သွားရန် ဆုံးဖြတ်လိုက်သည်။ တောင်သည် သိပ်မမြင့်လွန်းသဖြင့် တောင်ထိပ်ရောက်ရန် မကြာလိုက်။ သူသည် တောင်ထိပ်ကိုရောက်သွားသော
အခါ ရပ်လိုက်ပြီး ဟောဟဲလိုက်အောင်မောနေသည့်ကြားမှ တောင်ခြေက ရွာငယ်လေးကို ငုံ့ကြည့်ရင်း ခံစားချက်တချို့ ဖြစ်ပေါ်လာသည်။ ထို့နောက်အကြိမ်ကြိမ် ထွန်းညှိထားသဖြင့် လက်သည်းခွံမျှလောက်သာကျန်သော ကုန်လုနီးပါးအမွှေးတိုင်ကိုကြည့်လိုက်သည်။

“သုံးနှစ်တောင်ရှိပြီ…အဖေနဲ့အမေ သည်တစ်ကြိမ်တော့ အမွှေးတိုင်ကို အလုပ်ဖြစ်စေဖို့ကျွန်တော့ကို ကူညီပေးပါ…”

ရှောင်ချန်းသည် အသက်ကိုပြင်းပြင်းရှိုက်လိုက်သည်။ ထို့နောက် အမွှေးတိုင်ကို ဂရုတစိုက် မီးညှိသည်။ ထိုစဉ် လေပြင်းတစ်ချက်ဝေ့တိုက်သွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ကောင်းကင်တစ်ခုလုံး တိမ်မည်းများနှင့် ဖုံးလွှမ်းသွားသည်။ လျှပ်စီးများလည်း တဝင်းဝင်းလက်နေပြီး နားကွဲလုမတတ် မိုးကြိုးများလည်း တဒိန်းဒိန်းပစ်
နေသည်။

ထိုအဖြစ်အပျက်များ၏ဖန်တီးရှင်ဖြစ်သော ပိုင်ရှောင်ချန်းသည် တစ်ကိုယ်လုံးတုန်ယင်နေပြီး မိုးကြိုးပစ်ခံရမည်ကို ကြောက်ရွံ့ထိတ်လန့်နေသည်။ သူသည် အမွှေးတိုင်ပေါ်သို့ တံတွေးထွေးချလိုက်ပြီး မီးငြှိမ်းဖို့ ကြိုးစားသည်။

“လွန်ခဲ့တဲ့ သုံးနှစ်လုံးလုံး ဆယ့်နှစ်ကြိမ်တိတိ အမွှေးတိုင်ကို မီးရှို့လာတာ ဒီတစ်ခေါက်က ဆယ့်သုံးကြိမ်မြောက်ရှိပြီ။အမွှေးတိုင်ကို ဆက်ပြီး လောင်နေခွင့်ပြုလိုက်စမ်းပါ။ လုပ်စမ်းပါ ပိုင်ရှောင်ချန်…အနည်းဆုံးတော့ ပြီးခဲ့တဲ့ ဆယ့်နှစ်ကြိမ်လုံးမှာ မင်းကို မိုးကြိုးမထိမှန်ခဲ့ဘူးမဟုတ်လား။ ”
ရှောင်ချန်းသည် ကိုယ့်ကိုကိုယ် အားပေးလျက်ရှိသည်။

လွန်ခဲ့သော ဆယ့်နှစ်ကြိမ်လုံးတွင် ယခုကဲ့သို့ လျှပ်စီးများ မိုးကြိုးများထွက်ပေါ်လာသော်လည်း အင်မော်တယ် သည်ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။ အကြိမ်တိုင်းတွင် သူသည် ကြောက်ရွံ့လာသည့်အတွက် အမွှေးတိုင်ပေါ်ကို တံတွေးထွေးချပြီး ငြှိမ်းခဲ့သည်သာဖြစ်သည်။ သူသည် ရိုးရိုးတံထွေးက အင်မော်တယ်အမွှေးတိုင်မီးကို အံ့ဩစရာကောင်းအောင် ငြှိမ်းသတ်နိုင်စွမ်းရှိနေသည်ကို တွေ့ရှိခဲ့ရသည်။

ရှောင်ချန်းသည် ကြောက်ရွံ့နေပြီး မိုးကြိုးများကြားတွင် တုန်တုန်ယင်ယင်နှင့် ငုတ်တုတ်ထိုင်နေသည်။ ထိုစဉ် အလင်းတန်းတစ်ခုသည် လေထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။

၎င်းသည် အဖိုးတန်အဝတ်အစားများကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်ဖြစ်သည်။ သူသည် အလွန်အထက်တန်းကျသည့်ဟန်ရှိသော်လည်း ခရီးရက်ရှည်သွားထားရပုံပေါ်နေခြင်းက သူ၏အသွင်အပြင်ကို ညှိုးလျော်စေသည်။ သေချာကြည့်မည်ဆိုလျှင် သူ၏မျက်လုံးထဲတွင် အလွန်မောပန်းနွမ်းနယ်နေသည်ကို တွေ့မြင်နိုင်သည်။

“နောက်ဆုံးတော့ လွန်ခဲ့တဲ့သုံးနှစ်အတွင်းမှာ တချိန်လုံး အမွှေးတိုင်ကို ထွန်းလိုက် ငြှိမ်းလိုက်လုပ်နေတဲ့ ငတုံးကို အရှင်လတ်လတ်တွေ့ရပြီပေါ့”

လွန်ခဲ့သော နှစ်များအတွင်း ရှောင်ချန်း မီးရှို့သည့်အခါက အဖြစ်အပျက်များကို ထိုသူမှာ ပြန်တွေးမိတိုင်း အလွန် ဒေါသထွက်လာသည်။ လွန်ခဲ့သော သုံးနှစ်ခန့်က အမွှေးတိုင်အနံ့ကိုရတိုင်း ချီစုစည်းမှုအဆင့်သို့ ရောက်နေရာမှ ပြန်ရုန်းထွက်ခဲ့ရသည်။ ထိုအမွှေးတိုင်အနံ့က လူသားကမ္ဘာမှာ သူ့အပေါ်တင်ရှိထားခဲ့သော ကျေးဇူးကြွေးကို သတိရသွားစေသည်။

ရှောင်ချန်း ပထမအကြိမ် အမွှေးတိုင်ထွန်းစဥ်က အမွှေးတိုင်အနံ့ရှိရာသို့ ရှာဖွေ ပျံသန်းလာခဲ့သည်။ သို့ရာတွင် ထိုအမွှေးနံ့သည် ချက်ချင်းပျောက်သွားကာ အဆက်အသွယ်ပြတ်သွားသဖြင့် ဘယ်ကိုဆက်ပြီး ပျံသန်းရမည်ကို မသိတော့ချေ။ ထိုကဲ့သို့ အဖြစ်အပျက်များသည် သုံးနှစ်အတွင်း ဆယ်ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။

တစ်ကြိမ်ပြီး တစ်ကြိမ် အမွှေးတိုင်ထွန်းလိုက် ငြှိမ်းလိုက်နှင့်လုပ်နေရာ သူ၏ ရှာဖွေမှုမှာ မည်သည့်အခါမှပြီးဆုံးသည်ဟူ၍ မရှိတော့ချေ။ အမွှေးနံ့ရှိရာသို့ ဂိုဏ်းမှ ပျံသန်းသွားလိုက် အမွှေးနံ့ပျောက်သွားသောအခါ ဂိုဏ်းကိုပြန်လာလိုက်၊ သွားလိုက် ပြန်လိုက်၊သွားလိုက် ပြန်လိုက်နှင့် သူသည် အလွန်အမင်းစိတ်ဆင်းရဲပြီး ညဉ်းပန်းနှိပ်စက်ခံရသကဲ့သို့ ခံစားနေရသည်။

သူသည် ဟူတောင်တန်းနားသို့ နီးကပ်လာသောအခါ ရှောင်ချန်ကို တွေ့မြင်သွားသည်။ တောင်ထိပ်သို့ စိတ်ညစ်ညူးစွာ ဆင်းသက်လိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်ရာ အမွှေးတိုင်မီးမှာ ချက်ချင်း ငြိမ်းသွားသည်။

ထိုစဉ် မိုးကြိုးများသည်လည်း ချက်ချင်းရပ်သွား၏။ ရှောင်ချန်သည် ထိုသူကို ကြောင်ပြီး ငေးကြည့်နေသည်။

“ခင်ဗျားက အင်မော်တယ်လား”
ရှောင်ချန်းသည် သတိကြီးစွာထားလျက် မေးလိုက်သည်။ ယခုချိန်ထိ ဘာတွေဖြစ်နေမှန်း သေချာမသိသေးသော ရှောင်ချန်းသည် ပုဆိန်ကို တင်းတင်းဆုပ်ကိုင်ထားသောလက်ကို နောက်သို့ဖွက်လိုက်သည်။

“မင်း ငါ့ကို လီချင်းဟောက် လို့ခေါ်နိုင်တယ်။ဒါနဲ့ မင်းက ပိုင်မျိုးနွယ်စုကလား။ ”

သတ်လတ်ပိုင်းအရွယ် လူကြီး၏ မျက်လုံးတွေက လျှပ်စီးကဲ့သို့ တလက်လက်တောက်ပလျက် ရှောင်ချန်းကိုင်ထားသော ပုဆိန်ကို အနည်းငယ်မျှ အလေးမထားဘဲ မေးလိုက်သည်။ ရှောင်ချန်း၏ ချောမောသိမ်မွေ့ဟန်ကြောင့် ထိုလူသည် သူ၏မိတ်
ဆွေဟောင်းကို သတိရသွားသည်။ ထို့အပြင် ရှောင်ချန်းထံတွင် ကိန်းအောင်းနေသော အရည်အချင်းများကိုလည်း မြင်လိုက်ရသဖြင့် လီချင်းဟောက်၏ ဒေါသများ တဖြည်းဖြည်းမှေးမှိန်သွားသည်။

ပိုင်ရှောင်ချန်းသည် ပေကလပ် ပေကလပ်နှင့် မျက်တောင်တဖျတ်ဖျတ်ခတ်လျက်ရှိသည်။ ရှောင်ချန်းသည် အကြောက်မပြေသေးသော်လည်း တည့်တည့်မတ်မတ်ရပ်လိုက်ပြီး ဖြည်းညင်းစွာပြောလိုက်နိုင်၏။

” ပိုင်မျိုးရိုးရဲ့နောက်ဆုံးမျိုးဆက် ပိုင်ရှောင်ချန်းပါ ”

“ကောင်းပြီ မင်းငါ့ကိုပြောပါဦး…”
လီချင်းဟောက်က အေးစက်စွာပြောလိုက်သည်။
”လွန်ခဲ့တဲ့ သုံးနှစ်က ဒီအမွှေးတိုင်တွေကို ဘာလို့ ခဏခဏ ထွန်းနေရတာတုန်း…”

လီချင်းဟောက်သည် ထိုမေးခွန်းအတွက် အဖြေကို လွန်စွာသိချင်နေသည်။

ရှောင်ချန်းသည် ထိုမေးခွန်းကို ကြားလျှင်ကြားချင်း လီချင်းဟောက် ကျေနပ်မည့် ဆင်ခြေကောင်းကောင်းတစ်ခုကိုပေးနိုင်ရန် ဦးနှောက်ကို အလျင်အမြန် အလုပ်ပေးတော့သည်။ နောက်ဆုံးတွင် သူ့မျက်နှာသည် အလွန်ညှိုးလျော်သွားပြီး တောင်ခြေက ရွာလေးကို ငေးကာပြောလိုက်သည်။

“ကျွန်တော်က သံယောဇဉ်ကြီးပြီး အစွဲအလမ်းလည်းကြီးတဲ့ သူတစ်ယောက်ပါ။ကျွန်တော့်ရွာကို မခွဲနိုင်လို့ အမွှေးတိုင်ကို မီးရှို့လိုက်တဲ့အကြိမ်တိုင်း ရင်ထဲကလှိုက်ပြီး ဝမ်းနည်းကြေကွဲလာပါတယ်။သူတို့ကို ခွဲခွာရဖို့ဆိုတာ အင်မတန်မှ ထိခိုက်နာကျင်စရာကောင်းတဲ့အရာဖြစ်ပါတယ် ”

လီချင်းဟောက် သည် မမျှော်လင့်ထားသောအဖြေကိုကြားလိုက်ရသဖြင့် ငေးငိုင်သွားသည်။ ထိုကဲ့သို့ ဖြေလိမ့်မည်ဟု လီချင်းဟောက် ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။ ထို့ကြောင့် သူ့ရင်ထဲက ဒေါသများ ပို၍ ပို၍ လျော့ပါးလာသည်။ ရှောင်ချန်း၏စကားများအရ ရှောင်ချန်းသည် လူကောင်းတစ်ယောက်ဖြစ်မည်ဟု သူကျိန်းသေတွက်လိုက်သည်။

သို့သော်လည်း သူသည် ရွာဆီသို့ဦးတည်၍ သူ၏နတ်ဘုရားအာရုံခံနိုင်စွမ်းကို ပို့လွှတ်လိုက်ရာ ရှောင်ချန်းရွာမှထွက်သွားသဖြင့် ဆိုင်းသံဗုံသံများနှင့်အတူ ပျော်ရွှင်မြူးတူးနေသော ရွာသားများအကြောင်းနှင့် ကြွက်ဖြူတော့ ရွာကထွက်သွားပြီကွဟု ဝမ်းသာအယ်လဲ အော်နေသံများကိုပင် သူကြားလိုက်ရသည်။ တကယ်တော့ ရှောင်ချန်းမှာ မိုးကြိုးပစ်ခံရမည်ကို ကြောက်လန့်၍ ငြှိမ်းသည်ကို ရွာသားများကြောင့်ဟု လီဆယ်ဖြေသဖြင့် လီချင်းဟောက်၏မျက်နှာမှာရှုံ့တွ သွားသည်။ ထို့နောက် လီချင်းဟောက်သည် ယင်တစ်ကောင်ကိုပင် နာကျင်အောင်မလုပ်ဝံ့ပုံပေါ်သည့် ရိုးသားဟန်ဆောင်နေသော ဉာဏ်နီဉာဏ်နက်များသည့် ပိုင်ရှောင်ချန်းဟု သဘောပေါက်သွားသည်။

” ငါ့ကို မှန်မှန်ပြောစမ်း ”
လီချင်းဟောက်က ပြောလိုက်သည်။ သူ၏အသံသည် မိုးခြိမ်းသံအလား ကျယ်လောင်စွာနှင့် ပဲ့တင်သံများအထပ်ထပ်မြည်ဟည်းကာ ထွက်ပေါ်နေရာ ရှောင်ချန်းသည် ကြောက်ရွံ့ကာ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်လာသည်။

“ဟေ့လူ…ခင်ဗျား ကျုပ်ကိုအပြစ်မတင်နဲ့ ”
ရှောင်ချန်းက အလွန် စိတ်မချမ်းမြေ့စွာ ပြောလိုက်သည်။
“ဘယ်လိုတောင် သောက်သုံးမကျတဲ့ ဖွတ်ကျား အမွှေးတိုင်လဲ။အမွှေးတိုင်ကို ထွန်းတဲ့အချိန်တိုင်းမှာ လျှပ်စီးတွေ တဖျတ်ဖျတ်လက်ပြီး မိုးကြိုးတွေက တဒိန်းဒိန်းနဲ့ နေရာတိုင်းမှာပစ်နေတာ…။အကြိမ်တိုင်းမှာ ကျုပ်သေတော့မလိုခံစားနေရတာ။တကယ်တော့ ဆယ့်သုံးကြိမ်မြောက်တဲ့အထိကို အသက်ရှင်နေသေးတာ ကြီးမားတဲ့ စွမ်းဆောင်မှုဖြစ်နေပြီ ”

လီချင်းဟောက်သည် ရှောင်ချန်းကို တိတ်ဆိတ်စွာ ငေးကြည့်နေသည်။
“ဒါဆို အဲ့လောက်တောင် သေရမှာကြောက်နေရင်လည်း ဘာလို့ ဆယ်ခါလောက် ရှို့နေသေးလဲ…”
လီချင်းဟောက်ကမေးသည်။

” ကျုပ် သေရမှာကို ကြောက်လို့
ပေါ့ဗျ…”
ရှောင်ချန်းသည် စိတ်ဆိုးမာန်ဆိုးနဲ့ ပြန်ပြောလိုက်သည်။
”ဒီလိုအမွှေးတိုင်ထွန်းတာကပဲ ထာဝရရှင်သန်ဖို့အတွက် တစ်ခုတည်းသော ထွက်ပေါက်မဟုတ်လား။ တစ်ခုတည်းသော နည်းလမ်းမဟုတ်လား…ဟမ်…
ဟုတ်လား…ဟုတ်သလားလို့
ပြောပါ…ခင်ဗျားကျုပ်ကို ဖြေစမ်းပါ။ ကျုပ်ထာ၀ရအသက်ရှည်ချင်တယ်…”

လီချင်းဟောက်သည် ဆွံ့အလျက် ပါးစပ်အဟောင်းသားဖြစ်နေသည်။ သူသည် ထိုကလေး၏ ထာဝရရှင်သန်လိုစိတ် အင်မတန်ပြင်းပြမှုကို မြင်တွေ့လိုက်ရပြီး ဂိုဏ်းတွင် ပြင်းထန်သောလေ့ကျင့်မှုများ ပေးလိုက်လျှင် သူ၏ပင်ကိုယ်စရိုက်များပြောင်းလဲလာမည် ဆိုသည်ကို သတိပြုမိလာသည်။

လီချင်းဟောက်သည် တခဏမျှကြာအောင် တွေးတောပြီးနောက် အင်္ကျီလက်ကိုဝှေ့ရမ်းလိုက်ရာ ပိုင်ရှောင်ချန်းသည် အလင်းတန်းတစ်ခုအလား အပေါ်သို့မြောက်တက်လာသည်။

“ကောင်းပြီ…ငါနဲ့ လိုက်ခဲ့”
လီချင်းဟောက်ကပြောသည်။

“ဘယ်ကိုသွားကြမှာလဲ…”
ရှောင်ချန်းက ပြန်မေးနေစဉ်တွင်မှာပဲ သူတို့ပျံသန်းနေပြီဆိုသည်ကို သတိပြုမိလာသည်။

“အား…အမြင့်ကြီးပဲ…ကျွန်တော်တို့အမြင့်ကြီးကိုရောက်နေပြီဗျ…အား…ကယ်ကြပါဦး…”

မြေပြင်နှင့် အလွန့်အလွန်ကိုပင် ဝေးကွာလျက်ရှိသည်။ ထိုစဉ် ရှောင်ချန်း၏မျက်နှာပေါ်မှ သွေးရောင်များ ပျောက်ကွယ်သွားပြီး သူသည် ထိတ်လန့်တကြား ပုဆိန်ကိုလွှတ်ချလိုက်ကာ လီချင်းဟောက်၏ ခြေထောက်ကို အတင်းအကြပ်ဖက်ထားလိုက်သည်။

လီချင်းဟောက်သည် သူ့ခြေထောက်ကို ဖက်တွယ်ကာ လိုက်ပါလာသော ရှောင်ချန်းကို ငုံ့ကြည့်လိုက်ရင်း စိတ်လေးလံစွာဖြင့်
” စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း” ဟုပြောလိုက်လေသည်။


Comment

  1. oak867756 says:

    Start of everything.

Leave a Reply

Options

not work with dark mode
Reset