Switch Mode

အပိုင်း(၁၃၈၈)

အလောင်းအစား

နတ်မြေခွေးနန်းတော်၏ အပြင်ဘက်မြေပြင်က လှုပ်ခါသွားခဲ့သည်။ ထိုအနီးဝန်းကျင်ရှိ တန်ခိုးရှင်အားလုံးက လမ်းဖယ်လိုက်ကြ၏။

ရီဖူရှင်းသည် အမြင့်မှ ပြုတ်ကျလာပြီး သူ၏ ခြေထောက်က အနည်းငယ် တုန်ယင်နေသည်။ သူ၏လှံက မြေပြင်ပေါ်သို့ ထိုးကျသွားပြီး နေရာအနှံ့ကို အပျက်အစီးများ ဖြစ်သွားစေသည်။

သူက မတ်တပ်ရပ်လိုက်ကာ လေထဲသို့ မော့ကြည့်လိုက်သည်။ ရင်ကျိုးတောင်နတ်ဆိုးလည်း နောက်ကို ဆုတ်သွားရသော်လည်း သူ၏ အခြေအနေသည် ရီဖူရှင်းနှင့် ယှဉ်လျှင် အတော်ကောင်းမွန်လေသည်။

သူသည်ကား သံသယကင်းစင်ခြင်းအဆင့်တွင်ရှိရာ အလွန်စွမ်းအားကြီးသည်မှာ သံသယဖြစ်စရာမလိုပေ။

“အဲဒီတော့ သူက တိုက်ခိုက်မှုတစ်ချက်ကို ခံနိုင်ရည် ရှိတယ်ပေါ့”

အနီးရှိ တန်ခိုးရှင်များအားလုံးသည် ရီဖူရှင်း၏ ကိုယ်နေဟန်ထားကို မြင်တွေ့ပြီးနောက် ထိတ်လန့်သွားကြလေသည်။ သူက မြေပြင်နှင့် ရိုက်ခတ်မိသွားသော်လည်း မည်သည့် ထိခိုက်ဒဏ်ရာမှ ရရှိသွားပုံမပေါ်ပေ။ မိမိကိုယ်ကိုယ်သိမြင်ခြင်းအဆင့် ရှန့်ထိုသည် သံသယကင်းစင်ခြင်းအဆင့်သားရဲ၏တိုက်ခိုက်မှုတစ်ခုကို ဒဏ်ရာပင် မရခဲ့ဘဲ ခံနိုင်ရည်ရှိသည်။

သည်မတိုင်ခင် နတ်မိစ္ဆာမြို့၏ မင်းသား ကျူးကျောက်သည်ပင် တစ်ချက်တည်းနှင့် ရှုံးနိမ့်ခဲ့ရသည်။

“မင်းက အတော်လေး အစွမ်းထက်တာပဲ”

ရင်ကျိုးတောင်နတ်ဆိုးက ကောင်းကင်ကို ဖြတ်လျှောက်လာရင်း လေထဲတွင် ရပ်ကာ ငုံ့လျှက် ကြည့်လိုက်၏။ ထိုအခိုက်တွင် သူသည် ရီဖူရှင်း၏ ဘေးမှနေ၍ ဓားစွမ်းအားများ ပေါက်ကွဲကာ လေထဲသို့ ထိုးတက်လာသည်ကို မြင်လိုက်ရသည်။

ရင်ကျိုးတောင်နတ်ဆိုး၏ မျက်လုံးများက ရီဖူရှင်း၏ ဘေးသို့ ဖျတ်ခနဲ ကြည့်လိုက်ပြီး အမျိုးသမီးတစ်ဦး ရပ်နေသည်ကို မြင်လိုက်သည်။ သူမ၏ ဆံနွယ်ရှည်တို့က လေထဲတွင် လွင့်ဝဲနေသည်။ သူမသည် ရပ်နေသည့် နေရာမှ ပျောက်ကွယ်သွားပြီး လေထဲ၌ ဓားဝင်္ကပါအစီအရင် ပေါ်ပေါက်လာသည်။ သူမသည် ဓားအစီအရင်ကို အသုံးပြု၍ သူတို့၏ ကြားမှ အကွာအဝေးကို လျစ်လျူ ရှုကာ  လေကို အလွှာလိုက် ထိုးခွဲလိုက်သည်ဟု ထင်မှတ်ရသည်။

“ဟွင်း…”

ရင်ကျိုးတောင်နတ်ဆိုး နှာခေါင်းရှုံ့လိုက်၏။ သံသယကင်းစင်ခြင်းအဆင့် ရှန့်ထို လူသားဓားသမားလား။

သူက လှံကို ဆန့်ထုတ်လိုက်သည်တွင် မီးခိုးရောင် ပုံရိပ်ယောင်များ သူ့နောက်တွင် ပေါ်ပေါက်လာသည်။  ပြင်းထန်သည့် မုန်တိုင်းသည် လှံနှင့် တသားတည်း ဖြစ်လာသည်ဟု ထင်မှတ်ရကာ ဖျက်ဆီးခြင်း အလင်းအဖြစ်သို့ ပြောင်းလဲသွားပြီး လေထုကို ဖြတ်သန်းထိုးဖောက်သွားသည်။ ၎င်းအလင်းများက ဓားကို ရိုက်ခတ်သွား၏။

ဘုန်း…

လေပွေရိုင်းများက ပြင်းထန်စွာ ထွက်ပေါ်လာပြီး ရာရာသည် နောက်သို့ လွင့်စင်သွားကာ မြေပြင်နှင့် ရိုက်ခတ်မိလုမတတ် ပြုတ်ကျခဲ့ရလေသည်။ သူမက ဟန်ချက် ထိန်းလိုက်နိုင်သော်လည်း အရှိန်အဝါက လျော့ကျသွားသည်။

တစ်ဘက်လူကား  လေထဲတွင် ရပ်လျက်သား ရှိနေသေးသည်။ လေထုနှင့် တိမ်တိုက်များက သူ့အနီးတွင် ကခုန်ကာ အော်မြည်နေပြီး လေပွေလေရိုင်းများအား ဖြစ်ပေါ်နေစေသည်။

“ကျုပ်ရဲ့ သည်းခံမှုက အတိုင်းအတာ ရှိတယ်”

သူ၏ အေးစက်သော အသံ၏ နောက်ကွယ်မှ အဓိပ္ပာယ်ကား ရှင်းလင်းထင်ရှားပေသည်။ သူက အရိုးအတွက်နှင့် ဤနေရာသို့ ကိုယ်တိုင်လာခြင်း ဖြစ်သည်။ သူသည် ၎င်းအရိုးကို ရင်ကျိုးတောင်သို့ ပြန်ယူသွားရန် လိုပေသည်။

“ရှင် အခုထိ တွေဝေနေတုန်းလား သခင်လေး”

ရှန့်ထိုမယ်ဟူချမ့်က ရီဖူရှင်းကို ကြည့်လိုက်သည်။ သူမ၏ အသံက အနည်းငယ် ကြွတ်ဆတ်ဆတ်ဖြစ်နေ၏။ သူမက ရီဖူရှင်းအား အနည်းငယ် သဘောမကျဖြစ်လာသည်မှာ သေချာသည်။

သူက မည်သို့သော ရူးမိုက်မှုဖြင့် ရင်ကျိုးတောင်ကို ဆန့်ကျင်လိုသနည်း။

နတ်ဆိုးအင်ပါယာအဆင့် ပုဂ္ဂိုလ်နှစ်ဦးသည် ရင်ကျိုးတောင်နတ်ဆိုး၏နောက် လေထဲသို့ တက်လာကြ၏။

သို့သော် အလွယ်တကူတော့ ဝင်ပါလိမ့်မည် မဟုတ်ပေ။

ကျူးကျောက်က ရင်ကျိုးတောင်မှ တန်ခိုးရှင်များကို မော့ကြည့်ကာ မေးလိုက်သည် “ခင်ဗျားတို့က အရိုးကို ဖိအားပေးပြီး လုယူချင်နေတာလား”။ ထို့နောက် သူသည် ဟူချမ့်ရှန့်ထိုမယ်ကို အေးစက်စွာ မေးသည်။ “နတ်မြေခွေးနန်းတော်ကရော ဒီကိစ္စကို သူတို့ဘက်က ထောက်ခံမှာလား”

ဟူချမ့်ရှန့်ထိုမယ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “ကျွန်မကတော့ ဒီဖြစ်ရပ်ကြောင့် ဘယ်လို ပဋိပက္ခမှ မဖြစ်စေချင်ဘူး။ ကျွန်မတို့ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ။ မဟုတ်ရင် ဘယ်သူကမှ သခင်လေးရီကို စော်ကားမှာ မဟုတ်ပါဘူး”

“ရင်ကျိုးတောင်ကို ပြန်ဆုတ်ခွာခိုင်းတာကမှ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်မယ့် အဖြေမဟုတ်ဘူးလား။ မင်းပြောတာကို ကြည့်ရတာတော့ နတ်မြေခွေးနန်းတော်ကလည်း အရိုးလုယက်မှုမှာ အားပေးအားမြှောက်လုပ်နေတာပဲ” ကျူးကျောက်က ခွန်းတုန့်ပြန်သည်။

ဟူချမ့်ရှန့်ထိုမယ်၏ မျက်နှာက အေးခဲသွားခဲ့သည်။ သူမက မည်သို့အားအင်ဖြင့် ရင်ကျိုးတောင်ကို ဆုတ်ခွာခိုင်းရမည်နည်း။

ရီဖူရှင်းက လေထဲမှ ရင်ကျိုးတောင်နတ်ဆိုးကို မော့ကြည့်လိုက်သည်။

“နတ်မြေခွေးနန်းတော်က သူတို့ အရိုးကို ရောင်းတဲ့အခါမှာ အလောင်းအစား လုပ်တယ်။ ခင်ဗျားတို့ အရိုးကို လိုချင်တယ်ဆိုရင် ကျုပ်တို့ တခြား အလောင်းအစား လုပ်နိုင်တယ်။ ဘယ်လိုလဲ”

“ဘာအလောင်းအစားလဲ” နတ်ဆိုး က မေးလိုက်သည်။

“ခင်ဗျားနဲ့ ကျုပ် တိုက်ခိုက်မယ်။ ခင်ဗျားနိုင်ရင် ကျုပ်က အရိုးကို ပေးလိုက်မယ်။ ကျုပ် နိုင်ရင် ခင်ဗျားတို့က အရိုးကို စွန့်လွှတ်ပေးရမယ်” ရီဖူရှင်းက ပြောသည်။

ရင်ကျိုးတောင်နတ်ဆိုးက တအံ့တသြ ကြည့်လိုက်သည်။ ရီဖူရှင်းကဲ့သို့သော မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့်က သူ့ကို တိုက်ခိုက်ရန် စိန်ခေါ်နေသည်လား။

သူက ရီဖူရှင်းကို သရော်လှောင်ပြောင်သောအပြုံးဖြင့် ကြည့်ကာ ပြောသည် “ကျုပ်က ဘာလို့ မင်းနဲ့ ဒီလို အလောင်းအစား လုပ်ရမှာလဲ”

ရီဖူရှင်းတွင် သူနှင့် ထိုသို့ စကားမျိုး ပြောဆိုရန် အခွင့်မရှိပေ။

ရီဖူရှင်းအနေဖြင့် အရိုးကို စွန့်လွှတ်ရန်တစ်ခုတည်းသာ ရွေးချယ်ခွင့်ရှိပေသည်။

“ကောင်းပြီ” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သူက အရိုးကို ထုတ်ယူလိုက်ပြီးပြောသည် “ခင်ဗျား လိုချင်ရင် ယူသွားလိုက်တော့”

ရင်ကျိုးတောင်နတ်ဆိုး တွေဝေသွားသည်။ သူက အရိုးကို ရီဖူရှင်း ထံမှ သည်အတိုင်း ယူလိုက်လျှင် သူ့အတွက် အနည်းငယ် မျက်နှာပျက်စရာဖြစ်ပေလိမ့်မည်။

ထို့နောက်တွင် သူက ပြုံးလျှက် ပြောလိုက်သည်။ “ကောင်းပြီ။ ကျုပ် မင်းကို အခွင့်အရေး ပေးမယ်။ မင်း အရင် စ ပါ”

ရီဖူရှင်းက လေထဲသို့ တက်လိုက်သည်။

ဘုန်း…

ပညာရှိကျမ်း၏ စွမ်းအားက လောင်ကျွမ်းလာပြီး မဟာလမ်းစဉ်၏ အလင်းရောင်အဝါက စတင် စီးဆင်းလာသည်။ သူ့ခန္ဓာအတွင်းရှိ သက်စောင့်ဝိညာဉ် ကမ္ဘာ့သစ်ပင် စွမ်းအားများကို စတင်ဖန်တီးလိုက်သည်။ သူ့ထံမှ အဆုံးမရှိ စွမ်းအားများ စီးဆင်းလာသည့်အတွက် လေပြင်းများ တိုက်ခိုက်လာကာ တိမ်တိုက်များ မျောလွင့်သွားပြီး ထိုနေရာတဝိုက်ရှိ အရာအားလုံးကို ဖိနှိပ်ထားလေသည်။

“အသင့်ပဲလား” ရင်ကျိုးတောင်နတ်ဆိုး သူ့ကို မေးလိုက်သည်။

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။

“အင်း”

သူ၏ ပြိုင်ဘက်က အေးစက်စွာ ပြုံးလိုက်ပြီးနောက် အောက်သို့ ခြေလှမ်းလာသည်။ လျှပ်တပြက်အတွင်း အဆုံးမဲ့ ငွေရောင်လှံများက လေထဲတွင် ဖြစ်တည်လာပြီး အောက်သို့ ကျဆင်းလာ၏။ နေရာတစ်ခုလုံးကို ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း စွမ်းအားများက ဖုံးအုပ်ထား၏။

တခဏအတွင်း အဆုံးမဲ့ ငွေရောင်လှံများသည် ဖျက်ဆီးခြင်း လေစီးကြောင်းအသွင်ဖြင့် အောက်သို့ ကျဆင်းလာ၏။ ၎င်းတို့သည် လေကို ဖြတ်သန်းသွားပြီး ရီဖူရှင်းဆီသို့ တိုးဝင်လာကြ၏။

သူက ထိုနေရာတွင် ရပ်နေလျက်ပင် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်လေသည်။

ဘုန်း…

ကြောက်မက်ဖွယ် အရှိန်အဝါက ရှေ့သို့ ပေါက်ကွဲထွက်လာသည်။ ကြယ်စွမ်းအားများသည် ရီဖူရှင်း၏ အနီးတွင် စီးဆင်းနေပြီး အဆုံးမဲ့ ရှေးဟောင်းစာလုံးများက သူ့အား ရစ်ပတ်ထားသည်။ သူ၏ သဏ္ဌာန်က မဟာလမ်းစဉ်နှင့် တသားတည်း ဖြစ်သွားခဲ့၏။ သူသည် မဟာလမ်းစဉ်၏ အလင်းရောင်စဉ်များ စုစည်းနေသည့် အကြားတွင် ရပ်နေကာ လက်နှစ်ဖက်လုံးကို ဆန့်ထုတ်လိုက်သည်တွင် ရှည်လျားသည့် နှင်တံတစ်ခုက သူ့လက်အတွင်း ပေါ်ပေါက်လာသည်။ သူက နှင်တံကို ဝှေ့ယမ်းလိုက်လျှင် ရုတ်တရက် လေထုက တုန်ခါသွားကာ တစ်ဘက်မှ အားလှိုင်းများကို ဖျက်ဆီးပစ်လိုက်သည်။

အဆုံးမဲ့ကြယ်စွမ်းအားများနှင့် ရှေးဟောင်းစာလုံးများက ဝင်လာနေသည့် ငွေရောင်လှံများဆီသို့ တားဆီးကြသော်လည်း သံသယကင်းစင်ခြင်း အဆင့် စွမ်းအားက ယင်းတို့ အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

ကြောက်မက်ဖွယ် လေပွေသည် ကောင်းကင်တွင် ပေါ်ပေါက်လာပြီး အဆုံးမဲ့လှံများက လေပွေများနှင့်အတူ လှည့်ပတ်၏။

ရီဖူရှင်းသည် အထက်သို့ ပျံတက်လိုက်သည်။ သူ၏ စွမ်းအားများက ပိုမိုတိုးပွားလာ၏။ သူက လက်များကို ဝှေ့ယမ်းလိုက်သည်တွင် ကြယ်များနှင့် စာလုံးများက သူ၏ လှုပ်ရှားမှုနှင့်အတူ ရွေ့လျားလာပြီး ဆူညံသံများကို ပေးသည်။ ၎င်းတို့က တဖန် တစ်ဘက်လှံများဆီသို့ တားဆီးကြပြန်၏။

ဘန်း…

နှင်တံ၏ ပုံရိပ်က ကောင်းကင်ထက်တွင် ပေါ်ပေါက်လာပြီး အားလုံးသော ငွေရောင်လှံများ ကျိုးကြေပျက်စီးသွားသည်။

ရင်ကျိုးတောင်နတ်ဆိုးသည် ထိုမြင်ကွင်းကို မြင်လျှင် သူ၏ မျက်လုံးထဲတွင် အံ့သြသော အမူအရာဖြစ်လာသည်။

ဤလူသားတန်ခိုးရှင်၏ တိုက်ခိုက်မှုစွမ်းအားက အလွန်သန်မာလှသည်။ သူ၏ နှင်တံစွမ်းအားသည် ကျူးကျောက် ထုတ်ဖော်သည့် စွမ်းအားထက် သာလွန်လုနီးပါးပင် ဖြစ်သည်။

သူ၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။ သူက လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်လျှင် ရုတ်တရက် မရေတွက်နိုင်သည့် ငွေရောင်လှံများက သူ့ရှေ့တွင် ပေါ်ပေါက်လာသည်။ ထို့နောက် လှံများသည်သည် တစ်ချောင်းတည်းအဖြစ် ပေါင်းစပ်သွားပြီး ငွေရောင်လှံသွား အသွင် ပေါ်ပေါက်လာ၏။ အကန့်အသတ်မရှိ ထက်ရှသည့် လှံများက အောက်သို့ ထိုးဆင်းလာသည်။ လှံများ၏အသွား က ကြီးမားသထက် ကြီးမားလာပြီး လောကတခွင်ကို ဖုံးလွှမ်းထားရန် လုံလောက်သည်ဟု ထင်မှတ်ရပေသည်။ ၎င်းတို့၏ ဖျက်ဆီးခြင်းစွမ်းအားများက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

“ဒါက….”

အောက်ဘက်ရှိ တန်ခိုးရှင် အားလုံးမှာ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြသည်။ ထိုနေရာမှ ထွက်ပေါ်လာသည့် မြင်ကွင်းက ကြောက်မက်ဖွယ် ကောင်းလှသည်။တိုက်ကွက်သည် ငွေရောင်တောင်ကြီးတစ်လုံး ပြုတ်ကျလာသည်နှင့် တူညီသော်လည်း ဤငွေရောင်လှံသွားသည် နှိုင်းယှဉ်၍ မရအောင် ထက်ရှသည့် အရှိန်အဝါနှင့် ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်းစွမ်းအားကို သယ်ဆောင်ထားသည်။

ဘုန်း…

ဆူညံသည့် အော်မြည်သံနှင့် လှံ အသွား ကျဆင်းလာရာ လေထုက တုန်ခါသွားသည်။ ထိုမျှမကဘဲ အဆုံးမဲ့ ငွေရောင်လှံများကလည်း ရီဖူရှင်း၏ အနီးတွင် ဝန်းရံထားဆဲပင် ဖြစ်သည်။ ၎င်းတိုက်ခိုက်မှုများသည် ရီဖူရှင်း၏ အနီးတွင် ဝန်းရံပိတ်ဆို့ထားပြီး အသွား ကျဆင်းလာသည့်နေရာမှ ရှောင်တိမ်းဖို့ရာ နေရာမရှိစေရန် လုပ်ဆောင်နေသည်။

ရှားရှင်းယွန်နှင့် အခြားသူများပင်လျှင် ရီဖူရှင်းအား စိတ်ပူစွာ ကြည့်နေကြသည်။

တစ်ဘက်လူသည် ရီဖူရှင်းထက် တန်ခိုးအဆင့်မြင့်ကာ ရင်ကျိုးတောင်၏ပင်မတပည့်တစ်ဦးလည်းဖြစ်၏။ သူ့အား ရာရာသည်ပင် ယှဉ်နိုင်ခြင်းမရှိခဲ့။

ရီဖူရှင်းအတွက် ဤပြိုင်ဘက်ကို အနိုင်ယူရန်မှာ စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်သည်။

ဘန်း… ဘန်း…

ရီဖူရှင်းသည် သူ၏ နှင်တံကို ကြောက်မက်ဖွယ် အရှိန်အဟုန်နှင့် မဆိုင်းမတွ ရိုက်ခတ်လိုက်သည်။ သူ့အနီးမှ ကြယ်စွမ်းအားများနှင့် ရှေးဟောင်းစာလုံးများသည် နှင်တံက လွှဲရိုက်လိုက်သည့်အတိုင်း အနား၌ ကခုန်နေကြပြီး မဟာလမ်းစဉ်၏ စွမ်းအားဥပဒေသများ ပါဝင်နေသည်။ သူသည် သန်မာသထက် သန်မာလာ၏။

မုန်တိုင်းတစ်ခုသည် သူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်း ရစ်ပတ်ထားသည်။ ထိုအခိုက်တွင် နှိုင်းယှဉ်မရအောင် ကြီးမားသည့် အသွားထိပ်ဖျားက သူ့ထံသို့ ရောက်ရှိလာသည့်အခါ သူက ကြယ်တာရာနှင်တံကို တင်းကျပ်စွာ ဆုပ်ကိုင်၍ လေကို ဖြတ်ကာ ဝှေ့ယမ်းလိုက်သည်။ ကြယ်များသည် မဟာလမ်းစဉ်နှင့် တသားတည်း ဖြစ်လာပြီး သူ့ထံသို့ ကျဆင်းလာနေသည့် အသွား ကို ရိုက်ခတ်လိုက်သည်။

လှံများ၏ အသွားတွင် နှင်တံဖြင့် ဖြတ်တောက်လိုက်သကဲ့သို့ အက်ကွဲရာတစ်ခု ပေါ်ပေါက်လာသည်။ အက်ရာက ကြီးမားသထက် ကြီးမားလာပြီး လှံအသွားသည် အလယ်မှ နှစ်ပိုင်း ကွဲထွက်သွားလေသည်။

ရင်ကျိုးတောင်နတ်ဆိုးသည် လေထဲရှိ ထိုနေရာ၌ ရပ်နေဆဲပင် ဖြစ်သည်။ သူ၏ တိုက်ခိုက်မှုက ပျက်ပြားသွားရသည့်အခါ အံ့အားသင့်သည့်အကြည့်များ ပေါ်ပေါက်လာသည်။ သူသည် အပေါ်သို့ ထပ်တက်လာကာ မဟာလမ်းစဉ်၏ စွမ်းအားများကို ဆင့်ခေါ်လိုက်၏။

သို့သော် ထိုအချိန်တွင် ရီဖူရှင်းသည် အလွန် ကြောက်မက်ဖွယ် အရှိန်ဖြင့် လေထဲသို့ တည့်မတ်စွာ ထိုးတက်သွားသည်။ သူက အထက်သို့ တက်လာသည့်အတိုင်း ကျယ်လောင်သည့် ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။ ထိုနေရာအတွင်းရှိ မဟာလမ်းစဉ်၏ စွမ်းအားများ အားလုံးသည် သူ၏ နှင်တံအတွင်းသိူ့ စုစည်းလာသည်။

ရီဖူရှင်းသည် သူ၏ ပြိုင်ဘက်နှင့် သိပ်မဝေးသည့်နေရာ၌ ရပ်တန့်လိုက်သည်။ သူက နှင်တံကို ဆန့်ထုတ်လိုက်သည့်အခါ ယင်းက ကောင်းကင်ကို ပိတ်ဆို့ကာဆီးသွားသကဲ့သို့ ထင်မှတ်ရသည်။

“ဟင်”

ရင်ကျိုးတောင်နတ်ဆိုး မျက်မှောင်ကြုတ်လိုက်သည်။ သူက လေထုကို ဖြတ်၍ လှမ်းလိုက်ကာ နောက်ဆုတ်ရန် ကြိုးစားလိုက်သော်လည်း  ထိုအချိန်တွင် သူ၏ မျက်ခုံးများက တင်းကျပ်စွာ စုကျုံ့သွားခဲ့သည်။ ကောင်းကင်တခွင်လုံးသည် နှင်တံအရိပ်များနှင့် ပြည့်နှက်နေသည်ဟု ထင်မှတ်ရပြီး အားလုံးက ရီဖူရှင်း၏ နှင်တံနှင့်အတူ သူ့ထံသို့ ရိုက်ခတ်လာသည်။ ၎င်းက မဟာလမ်းစဉ်၏ နှင်တံနည်းစနစ်ပင် ဖြစ်သည်။ အဆုံးမဲ့ စွမ်းအားများက သူ၏ နှင်တံနည်းစနစ်အတွင်း ပေါင်းစပ်သွားသည်။ ကောင်းကင်တခွင်လုံး နှင်တံများဖြင့် ပြည့်နှက်သွားသည်။ နတ်ဆိုးအပေါ်သို့ မဟာလမ်းစဉ် စွမ်းအားများ ကျဆင်းလာပြီး ကောင်းကင်တစ်ခုလုံးကို ပိတ်ဆို့တားဆီးထားသည်။

သူသည် ရုတ်တရက် နိမိတ်မကောင်းသည့် ခံစားချက်ကို ရရှိလိုက်သည်။ ကြည့်ရသည်မှာ သူက သူ၏ ရန်သူကို လျှော့တွက်ခဲ့မိပုံရလေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset