Switch Mode

အပိုင်း(၁၃၈၇)

ဖိအား

ရီဖူရှင်းသည် ကောင်းကင်ရှိ အမျိုးသမီးကို မော့ကြည့်လိုက်သည်။ သူမသည် သူ ဤနေရာ၌ တွေ့သည့် နတ်မြေခွေးနန်းတော်မှ လူများထဲတွင် အလှပဆုံးသူဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိပေ။ ပြည့်စုံသော သွင်ပြင်လက္ခဏာ၊သိမ်မွေ့သော လှုပ်ရှားမှုတိုင်းက လူတိုင်း ရင်ထဲ၌ နှစ်သက်ကြည်နူးမှုတို့ ကျန်ရစ်ခဲ့သည်။

သို့သော် ရီဖူရှင်း၏ အကြည့်များက အလွန် တည်ငြိမ်နေဆဲပင် ဖြစ်သည်။ သူသည် ကောင်းကင်မှ ပုံရိပ်ကို သာမန်အတိုင်း ကြည့်ကာ ပြောသည်။

“ကျုပ်အတွက် အသုံးဝင်မဝင် ခင်ဗျား ဘယ်လိုသိလဲ”

နတ်မြေခွေးနန်းတော်မှ ရှန့်ထိုမယ်ဟူချမ့်က ရီဖူရှင်းကို ကြည့်လိုက်သည်။ ထိုရင်ကျိုးတောင်မှ လိုချင်သည့် ထိုရတနာသည် နတ်မြေခွေးနန်းတော်၏ သတိမပြုမိမှုကြောင့် ရီဖူရှင်း၏ လက်အတွင်းသို့ ကျရောက်ခဲ့ရသည်။ သို့သော်လည်း အရိုးသည် ရီဖူရှင်းအတွက် အသုံးဝင်မည်ဆိုခြင်းက သံသယဖြစ်စရာကောင်း၏။

“ရှင် သတိပြုမိမယ်လို့ ထင်ပါတယ် သခင်လေးရီ။ ပြီးတော့လည်း ကျွန်မ ဒီလိုပြောရတာက ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်မျိုး မရှိပါဘူး။ အရိုးကို လက်လွှတ်ပြီး ရင်ကျိုးတောင်ကို လက်လွှဲပေးလိုက်မယ်ဆိုရင် ရှင့်အတွက်လည်း အကျိုး ရှိမှာပါ” ဟူချမ့်မေက ဆက်ပြောလိုက်သည်။

ရင်ကျိုးတောင်က မည်မျှ အစွမ်းထက် သနည်း။

နတ်ဆိုးဘုံအတွင်း၌ လူသားများ မဆိုထားနှင့် အစွမ်းထက်သော နတ်ဆိုးမိသားစုများသည်ပင် ရင်ကျိုးတောင်၏ ပစ္စည်းတစ်ခုခုကို အဝေးသို့ ယူဆောင်သွားရဲ လိမ့်မည်မဟုတ်ပေ။

ရီဖူရှင်းက ယင်းပစ္စည်းကို ရရှိခဲ့လျှင်ပင် သူက လက်ဝယ်ထားရှိရန် မည်သို့ မျှော်လင့်နိုင်မည်နည်း။

နတ်ဆိုးအင်ပါယာ၏ သိဒ္ဓိဝင်လက်နက်ကို ရရှိခြင်းသည် ရီဖူရှင်းကို အသုံးဝင်ဆုံး ရလဒ် ဖြစ်ပေါ်နိုင်စေပေလိမ့်မည်။ ရင်ကျိုးတောင်သည် သူ့ထံမှ ပစ္စည်းကို တိုက်ရိုက်မလုယူရဲခြင်း မဟုတ်ဘဲ မျက်နှာသာပေးနေခြင်းသာ ဖြစ်သည

သို့သော် ရီဖူရှင်းသည် သူတို့၏ ကမ်းလှမ်းချက်ကို စိတ်ဝင်စားမှုမရှိလျှင် ရင်ကျိုးတောင်သည် ဆက်လက်၍ ယဉ်ကျေးနေလိမ့်မည် မဟုတ်ပေ။

လူတိုင်းသည် နတ်မိစ္ဆာမြို့၏ မင်းသား ကျူးကျောက်ကို သွေးအန်ထုတ်လျက် မြေပြင်တွင် လဲလျောင်းနေခြင်းအား မြင်နိုင်ပေသည်။

ရင်ကျိုးတောင်သည် ကျူးယန့်မိသားစု၏ ဂုဏ်သိက္ခာကိုပင် ထောက်ထားငဲ့ညှာခဲ့ခြင်း မရှိပေ။

ရီဖူရှင်းက သူတို့ကို မည်သို့ ရင်ဆိုင်နိုင်ပါမည်နည်း။

သူမသည် ရီဖူရှင်းကို အရိုးအား လက်လျှော့ရန် ပြောခဲ့သည်။ ထိုဆုံးဖြတ်ချက်က နှစ်ဖက်လုံးအတွက် အကောင်းဆုံး ဖြစ်လိမ့်မည်ဖြစ်ကာ ဤအပေးအယူတွင် မည်သူကမှ ဆုံးရှုံးရလိမ့်မည် မဟုတ်ပေ။

“ဒီလိုပြောတဲ့အတွက် မိန်းကလေးကို ကျုပ် ကျေးဇူးတင်သင့်တာပေါ့” ရီဖူရှင်းက ပြုံးလိုက်သည်။ သူသည် ရင်ကျိုးတောင်မှ တန်ခိုးရှင်များ မည်မျှ လိုချင်နေသည်ကို ကြည့်ကာ အရိုးက မည်မျှ တန်ဖိုးရှိသည်ကို မြင်နိုင်ပေသည်။ အရိုးသည် သူ ခန့်မှန်းထားသည်ထက်ပင် ပို၍ အဖိုးတန်နေပုံရလေသည်။

ထို့ကြောငံ သူသည် ထိုမျှ အဖိုးတန်သည့် ပစ္စည်းကို ရောင်းရန် ဆန္ဒအနည်းငယ်မျှပင် မရှိပေ။

သို့သော် အခြေအနေက သူ့ဘက်တွင် ရှိမနေဟု ပြောရပေမည်။

ရင်ကျိုးတောင်သည် နတ်မိစ္ဆာမြို့မှ ကျူးယန့်ကလန်ထက် အလွန် ပို၍ အစွမ်းထက်ပေသည်။ ထို့ကြောင့် ယခု နတ်ဆိုးဘုံတွင် ရင်ကျိုးတောင်က သူ့ထံမှ ဤအရိုးကို လုယူချင်ပါက သူက မည်သို့ ကာကွယ်နိုင်မည်နည်း။

“မလိုပါဘူး။ ကျွန်မက ရိုးရိုးသားသား ပြောပြရုံပါ။ ကျွန်မတို့ကို အပြစ်မမြင်ပါနဲ့ သခင်လေးရီ။ ဒီရတနာက ကျွန်မတို့ နန်းတော်က လာတာဖြစ်ပြီးတော့ ရှင်က လေလံတင်တာကနေ ဝယ်သွားတာမို့ ဒီကိစ္စက ကျွန်မတို့ရဲ့ အမှားလည်း နည်းနည်းပါပါတယ်။ ဒါပေမယ့် ကျွန်မတို့ ပဋိပက္ခကို ရှောင်နိုင်သမျှ ရှောင်ဖို့ မျှော်လင့်ပါတယ်” ဟူချမ့်က ပြောလိုက်သည်။

ရီဖူရှင်းက ပြုံးလိုက်၏။ သူက ကျူးကျောက်ကို ရိုက်နှက်ခဲ့သော ရင်ကျိုးနတ်ဆိုးကို ကြည့်လိုက်သည်။ သူက ပြောလိုက်သည်။ “ရင်ကျိုးတောင်က အရမ်း အားကောင်းတယ်တဲ့။ ပြီးတော့ သူတို့က ကျုပ်က ဒီဟာကို ယူထားဖို့ မထိုက်တန်ဘူးလို့ ပြောနေတယ်။ ကျုပ်တို့ ဘာလို့ မကြိုးစားကြည့်ရမှာလဲ။ ခင်ဗျားသာ ကျုပ်ကို ရိုက်နိုင်ရင် ကျုပ်ကို ဘာမှ ပြန်ပေးစရာမလိုဘဲ ခင်ဗျားတို့ဆီ ဒီအရိုး ပေးလိုက်မယ်။ ခင်ဗျား ရှုံးရင် ကျုပ်ကို မနှောင့်ယှက်တော့ဘဲ ကိုယ့်သဘောနဲ့ကိုယ် ထွက်သွားရမယ်။ ဘယ်လိုထင်လဲ”

ရင်ကျိုးတောင်မှ တန်ခိုးရှင်များက ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ ကျူးကျောက်ကို ရိုက်နှက်လိုက်သည့် နတ်ဆိုးသည် သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက ဓားများကဲ့သို့ ထက်ရှနေသည်။ သူသည် စိန်ခေါ်မှုကို လက်ခံလိုပြီး ရင်ကျိုးတောင်အတွက် မည်သည့် အလဲအလှယ်မှ အကုန်အကျမခံဘဲ အရိုးကို ရယူလိုနေသည်။

သို့သော် ဤကဲ့သို့ အရေးကြီးသည့် ကိစ္စမျိုးမှာ ကျရှုံးခဲ့ပါက ထို့အတွက် သူ တာဝန်ခံရပေလိမ့်မည်။ သူက ရီဖူရှင်းကို ရှုံးလျှင်ပင် ရင်ကျိုးတောင်က အရိုးကို လက်လျှော့မည် မဟုတ်ပေ။

ထိုအရိုးသည် ဒဏ္ဍာရီ နတ်ဆိုးနှင့် တစ်ခုခု ဆက်စပ်နေပေသည်။

“မင်း ရှုံးတော့မှ ကျုပ်တို့ ဘယ်လောက်ထိ မင်းကို ညှာတာထားတယ်ဆိုတာ သိလိမ့်မယ်” သူက ရီဖူရှင်းထံသို့ လှမ်းလာခဲ့သည်။

ငွေရောင်အလင်းက သူ့မျက်လုံးများမှ လင်းလက်လာသည်။

ရီဖူရှင်းသည် ထိုသို့ စကားမျိုး ပြောဆိုရန် သူက မည်သည့် အဆင့်အတန်းရှိနေသည်ဟု အဘယ့်ကြောင့် တွေးထင်နေသနည်း။

သူက နတ်ဆိုးအင်ပါယာ၏ သိဒ္ဓိဝင်လက်နက်တစ်ခုခုကို လိုချင်ပါက အရိုးနှင့် အလဲအလှယ် လုပ်၍ ရနိုင်ပေသည်။ ရီဖူရှင်း၏အမြင်ကို သူတို့အလေးထားစရာမလိုပေ။

အရိုးက ရင်ကျိုးတောင်၏ အပိုင်ဖြစ်သည်။ သူ့တွင် လက်လျှော့ရုံအပြင် ရွေးချယ်စရာ မရှိပေ။

သူသည် ကျူးကျောက်နှင့် သူ့ တိုက်ပွဲတွင် သူ၏ အားအင် အနည်းငယ် ဆုံးရှုံးထားသော်လည်း ကြောက်မက်ဖွယ်ကောင်းနေဆဲဖြစ်ကာ ရှေ့ကို လှမ်းလာခဲ့သည်။ ငွေရောင်အလင်းများသည် သူ့ခန္ဓာကို ဖုံးလွှမ်းကာ နေရာတစ်ခုလုံးတွင် တောက်ပနေသည်။ ငွေရောင်ရောင်ဝါတစ်ခု သူ့ရှေ့မှ ပေါ်ပေါက်လာပြီး နှိုင်းယှဉ်၍ မရအောင် ထက်ရှသည့် အရှိန်အဝါက ရီဖူရှင်းကို ဖိနှိပ်လာသည်။

ဘန်း…

ရီဖူရှင်းသည် လေထဲသို့ ခုန်တက်၏။ သူတို့နှစ်ယောက်သည် တစ်ချိန်တည်းတွင် လေထဲသို့ ရောက်ရှိလာသည်။ နတ်ဆိုးစွမ်းအားများက ကောင်းကင်တစ်ခုလုံးကို ရစ်သိုင်းသွားပြီး ငွေရောင်အလင်းများဖြင့် ပြည့်နှက်သွားစေသည်။

ရီဖူရှင်းက သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်တွင် ရုတ်တရက် အဆုံးမဲ့ ဓားချိပ်တံဆိပ်များက သူ၏ အနီးတွင် ပေါ်ပေါက်လာသည်။

ဓားချိပ်တံဆိပ်တိုင်းက သူ၏ ခန္ဓာကိုယ် အနီးတွင် လှည့်ပတ်လှုပ်ရှားနေပြီး ဓားနှင့် အသွင်တူပေသည်။ ဓားချီများမှ နားစည်ကို ထိုးဖောက်လောက်အောင် ကျယ်လောင်သည့် အသံ ထွက်ပေါ်လာသည်။ ဓားချိပ်တံဆိပ်များက သူ့ ပြိုင်ဘက်၏ လှံရှည်နှင့် ရင်ဆိုင်တိုက်ခိုက်လိုက်သည်။

“သွား”

ရင်ကျိုးတောင်မှ နတ်ဆိုးသည် ရှေ့သို့ ထွက်လာသည်။ ငွေရောင်အလင်းသည် သူ့အနီးတွင် ရစ်ပတ်နေပြီး ငွေရောင်အလင်းတန်းများ အဖြစ် ပြောင်းလဲသွားသည်။ ယင်းတို့သည် အလွန် လျင်မြန်လှသည့် အရှိန်နှင့် ကောင်းကင်ကို ဖြတ်သန်းထိုးဖောက်သွားသည်။

ရီဖူရှင်းသည်လည်း ရှေ့သို့ တိုးလာရာ သူ၏ ဓားစွမ်းအားများက ပိုမိုပြင်းထန်လာ၏။ သူ၏ အဆုံးမဲ့ ဓားချိပ်တံဆိပ်များက ဓားမြစ်တစ်စင်းအဖြစ် ပြောင်းလဲသွားသည်။ ယင်းတို့သည် ငွေရောင်အလင်းတန်းများဆီသို့ ရိုက်ခတ်သွားသည်။ လေထဲတွင် တိုက်ခိုက်မှုနှစ်ခု ဆုံတွေ့သွားခဲ့ပြီး အဖျက်အဆီးစွမ်းအားများက အံ့သြဖွယ်ကောင်းလောက်အောင် ပေါက်ကွဲထွက်လာသည်။

ရင်ကျိုးတောင်မှ နတ်ဆိုး၏ တိုက်ခိုက်မှုများသည် အဆုံးမရှိဟု ထင်မှတ်ရပြီး ရီဖူရှင်း၏ ဓားချိပ်တံဆိပ်များသည်လည်း တစ်ဘက်လူကို အရှိန်အဟုန်ပြင်းစွာဖြင့် ဖိနှိပ်လာ၏။

ဟူး…

ရင်ကျိုးတောင်မှ နတ်ဆိုးက လှုပ်ရှားလိုက်ရာ ငွေရောင်အလင်းစက်အဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ကို ဖြတ်သန်းထိုးဖောက်၍ ရီဖူရှင်းထံသို့ တိုးဝင်လာသည်။

ဓားချိပ်တံဆိပ်များသည် ကောင်းကင်တွင် ဓားမြစ်များအဖြစ်သို့ ပြောင်းလဲသွားပြီး နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ယင်းတို့သည် ငွေရောင်လှံရှည်များထံသို့ ပြေးဝင်သွားပြီး ထိပ်တိုက်တွေ့ဆုံသွားသည်။

တစ်ချိန်တည်းမှာပင် တောက်ပနေသော နတ်ဘုရားလှံတစ်ခုက ရီဖူရှင်း၏ လက်ထဲတွင် ပေါ်ပေါက်လာသည်။ သူသည် လှံကို ကိုင်ဆောင်ကာ တွေဝေခြင်းမရှိ သူ၏ ပြိုင်ဘက်ကို ထိုးစိုက်လိုက်သည်။

သူ၏ ဓားစွမ်းအားများက ပြိုင်ဘက်၏ ငွေရောင်လှံရှည်ကြောင့် ပျက်စီးသွားခဲ့၏။ လှံရှည်များသည် ပြင်းထန်သည့် စွမ်းအားနှင့် သူ့ထံသို့ ပြေးဝင်လာသော်လည်း သူတို့၏ အင်အားက ကျဆင်းသွားခဲ့သည်။ ထိုအချိန်တွင် သူသည် ရီဖူရှင်း၏ လှံက သူ့ထံသို့ လာနေသည်ကို မြင်လိုက်ရ၏။

ရင်ကျိုးတောင်မှ နတ်ဆိုးက ရီဖူရှင်း၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရန် မကြိုးစားပေ။ သူသည် သူ၏ စွမ်းအားကို အလွန် ယုံကြည်မှုရှိနေဆဲ ဖြစ်ကာ သူက ရီဖူရှင်း၏ လှံကို သူ၏ လှံရှည်ဖြင့် ပြန်လည်ထိုးနှက်လိုက်၏။

လှံရှည်က ရီဖူရှင်း၏ လှံကို ရိုက်ခတ်မိသည်နှင့် ချက်ချင်းပင် ကြောက်မက်ဖွယ် အလင်းတန်းများက ပြိုင်ဘက်၏ လှံကို ဖြတ်သန်းထိုးဖောက်ရန် ကြိုးစားကာ ရီဖူရှင်းထံသို့ ထိုးထွက်သွားသည်။ သို့သော် အလင်းတန်းသည် သူ့ကို ပိုင်းဖြတ်ရန် မဖြစ်နိုင်ခဲ့ဘဲ အစအနမကျန်အောင် ပျက်ပြယ်သွားသည်။

ထိုမျှသာမကဘဲ ရင်ကျိုးတောင်မှ နတ်ဆိုးသည် သူ၏ လက်မောင်း တုန်ယင်သွားပြီး အစိတ်စိတ် ဖျက်ဆီးခံလိုက်ရသည်ဟု ခံစားမိကာ သူ၏ တစ်ကိုယ်လုံးသည် ပြိုလဲလုနီးပါးဖြစ်လာ၏။

ဘန်း…

ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာပြီး ရင်ကျိုးတောင်မှ နတ်ဆိုးသည် လွင့်စင်ထွက်သွားရသည်။ သူသည် အရိပ်အဖြစ်ပြောင်းလဲ၍ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သို့သော် ရီဖူရှင်းသည် ရှေ့သို့ လှမ်းလာခဲ့ကာ သူ၏ ဓားချီများက အော်မြည်ကာတိုးဝင်လာကြသည်။ အဆုံးမဲ့ ကျားယဲ့ဓားများက ချက်ချင်းပင် ကောင်းကင်ကို ထက်ပိုင်းခွဲဖြတ်သန်းကာ နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။

တစ်ချိန်တည်းမှာပင် ကျယ်ပြောလှသည့် နေရာကို စွမ်းအားများ ပျံနှံ့သွားကာ နေရာတစ်ခုလုံးသည် ရွှံ့နွံထူထပ်နေသည့် နေရာကဲ့သို့ စတင်ခံစားလာရသည်။ ရီဖူရှင်းသည် ချက်ချင်းပင် ကောင်းကင်ကို ဖြတ်သန်းလာပြီး  ခြေတစ်လှမ်းဖြင့် ကျယ်ပြန့်သည့် နေရာကို ဖြတ်သန်းလာသည်။ သူသည် လှံကို ရှေ့သို့ တဖန် ထိုးစိုက်လိုက်သည်။

ဘန်း…

ဤတစ်ကြိမ်၌ ရင်ကျိုးနတ်ဆိုးသည် သွေးများပင် အန်ထုတ်လိုက်ရသည်။ သူ၏ အတွင်းကလီစာများက တုန်ယင်နေသည်။ သူက သူ၏ အထက်တွင် ရပ်လျှက် လှံတစ်ချောင်း ကိုင်ထားသည့် ရီဖူရှင်းကို စူးစိုက်ကြည့်လိုက်သည်။

သူ၏ လှံရှည်က ပြိုင်ဘက်၏ လှံကဲ့သို့ အစွမ်းမထက်သည်များလား။

“ဒီလူသားတန်ခိုးရှင်က တကယ်ပဲ အဲဒီလောက် အားကောင်းနိုင်တာလား” များပြားလှသည့် နတ်ဆိုးတန်ခိုးရှင်များက ရီဖူရှင်းကို မသိရှိကြပေ။ နတ်မြေခွေးနန်းတော်မှ တန်ခိုးရှင်များသာလျှင် ရီဖူရှင်း၏နာမည်ကျော်တိုက်ပွဲသတင်းအချို့ကို သိကြပေသည်။

ဟူး…

ငွေရောင်အလင်းများက ကောင်းကင်ကို အက်ကွဲလာစေသည်။ ခန့်ထည်ပြီး အစွမ်းထက်သည့် နတ်ဆိုးတစ်ကောင်က ထိုနေရာတွင် ပေါ်ပေါက်လာပြီး သူက ရီဖူရှင်းကို အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

ငွေရောင်မုန်တိုင်းတစ်ခုက စုစည်းလာသည်။ ယင်းသည် ကောင်းကင်ကို ဖြတ်သန်း ထိုးခွဲလာကာ ယင်း၏ လမ်းကြောင်းအတွင်းမှ အရာအားလုံးကို ဖျက်ဆီးပစ်ပြီး ရီဖူရှင်းထံသို့ ကျဆင်းလာသည်။

ရီဖူရှင်းသည် မော့ကြည့်လိုက်ပြီး အံ့သြတုန်လှုပ်ဖွယ် စွမ်းအားကို ခံစားလိုက်ရသည်။ ရင်ကျိုးတောင်မှ သံသယကင်းစင်ခြင်းအဆင့် ရှန့်ထိုက နောက်ဆုံး၌ သူ၏ လှုပ်ရှားမှုကို ပြုလုပ်လာပြီ ဖြစ်သည်။

“သံသယကင်းစင်ခြင်းအဆင့်။ သူက စိတ်သံသယတွေ ကင်းစင်ပြီးနေပြီပဲ” ရီဖူရှင်းက တွေးလိုက်သည်။ သူသည် ယခင်က ကျူးကျောက်ကို တိုက်ခိုက်မှုတစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သည်။ ထိုသို့ အနိုင်ရခဲ့ခြင်းမှာ ကျူးကျောက်က မသန်မာ၍ မဟုတ်ဘဲ သူတို့၏ အဆင့်များက ကွာခြားနေ၍ ဖြစ်သည်။.

သံသယကင်းစင်ခြင်းအဆင့်သည် မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့်နှင့် အလွန် ကွာခြားမှုများပေသည်။

ပညာရှိကျမ်းကို ထုတ်ဖော်လိုက်ပြီး မဟာလမ်းစဉ်နှင့် တသားတည်း ဖြစ်လာသည်။  သူသည် သူ၏ နတ်လက်နက်ဖြစ်သော ရတနာလှံကို ထုတ်ယူကာ သူ၏ စွမ်းအားများကို လှံအတွင်း ပေါင်းစပ်လိုက်သည်။ တောက်ပသည့် အလင်းများက လှံထံမှ လင်းလက်လာသည်။

“လက်လျှော့လိုက်” ရင်ကျိုးတောင်မှ နတ်ဆိုးက ပြောလိုက်သည်။ ငွေရောင် လေစီးကြောင်းများက သူ့ထံမှ အောက်ဘက်သို့ စီးဆင်းလာသည်။

ရီဖူရှင်းသည် လေစီးကြောင်းများ စုစည်းလာပြီး ကြောက်မက်ဖွယ် မုန်တိုင်းဖြစ်ပေါ်လာသည်ကို စောင့်ကြည့်နေသည်။ သူ၏ နှလုံးသားက တုန်ယင်နေသည်။

ပညာရှိကျမ်းသည် သူ ရှေ့သို့ လျှောက်လှမ်းလိုက်တိုင်း တောက်ပလာသည်။ သူသည် ရတနာလှံကို ဆန့်ထုတ်လိုက်ပြီး ထိုလှံမှ ကြောက်မက်ဖွယ် အလင်းတို့ ထွက်ပေါ်လာကာ ငွေရောင်လေစီးကြောင်းဆီသို့ တိုးဝင်သွားကာ ဖျက်ဆီးပစ်နေသည်။

ရင်ကျိုးတောင်မှ သံသယကင်းစင်ခြင်း အဆင့်ရှန့်ထိုသည် ထိုမြင်ကွင်းကို သာမန်မျှသာ ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်တွင် ခံစားချက်များ ကင်းမဲ့နေသည်။ ကြောက်မက်ဖွယ် စွမ်းအားက ကျဆင်းလာပြီး သူ့အနီးတွင် စုစည်းလာကာ ထိတ်လန့်တုန်လှုပ်စရာကောင်းသည့် ဖျက်ဆီးခြင်း မုန်တိုင်း ဖြစ်ပေါ်လာပြီး ဖိအားများက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

“မင်း အခု တိုက်ခိုက်မယ်ဆိုရင် နောက်ပိုင်း ကိုယ့်သဘောနဲ့ကိုယ် လက်လျှော့ချင်ရင်တောင် ကျုပ်တို့က အခွင့်အရေး ပေးတော့မှာ မဟုတ်ဘူး” ကောင်းကင်မှ သံသယကင်းစင်ခြင်း အဆင့် နတ်ဆိုးက ဆက်ပြောလိုက်သည်။ သူ၏ တည်ရှိမှုက ထူးခြားသာလွန်နေပေသည်။

ဘုန်း…

ရီဖူရှင်းက လေထဲသို့ ခြေလှမ်းလိုက်သည်။

“မင်းက ဘာလို့ ဒီလောက် နားမလည်နိုင်ရတာလဲ” ရင်ကျိုးတောင်မှ သံသယကင်းစင်ခြင်း အဆင့် နတ်ဆိုးက ရီဖူရှင်းကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ သူ့ခန္ဓာကို ရစ်ပတ်ထားသည့် မုန်တိုင်းက သန်မာသထက် သန်မာလာသည်။ ငွေရောင်ဥက္ကာပျံများက ၎င်းထံမှ ကျဆင်းလာပြီး တစ်ခုချင်းစီသည် ကြောက်လန့်တုန်လှုပ်ဖွယ် စွမ်းအားများ ပါဝင်နေပေသည်။

သို့သော် ရီဖူရှင်း၏ အနီးတွင် ကြယ်ကျောက်တုံး၏ စွမ်းအားများ ထွက်ပေါ်လာပြီး သူ့ခန္ဓာကို ရစ်ပတ်ထားလိုက်သည်။ ငွေရောင်ဥက္ကာပျံများက ရိုက်ခတ်လိုက်ပြီး ကြယ်ကျောက်တုံး၏ အလယ်တွင် အက်ကွဲလာကာ ကြောက်မက်ဖွယ် ဆူညံသံကို ဖြစ်ပေါ်စေသည်။

တိုက်ခိုက်မှုများက အလွန် အစွမ်းထက်သည်။ သံသယကင်းစင်ခြင်း အဆင့်ရှန့်ထို၏ စွမ်းအားက ရပ်တန့်၍ မရနိုင်ပေ။

သို့သော် ရီဖူရှင်း၏ အနီးရှိ ကြယ်အလင်းများက အဆုံးမရှိပေ။ မည်သည့်အခါမှ ကွယ်ပျောက်မသွားနိုင်ဟု ထင်မှတ်ရသည်။

ဘန်း…

နောက်ဆုံးတွင် ကောင်းကင်မှ ပုဂ္ဂိုလ်က ရှေ့သို့ လှမ်းလာခဲ့သည်။ ဖျက်ဆီးခြင်း ငွေရောင်မုန်တိုင်းက ကျဆင်းလာပြီး ကမ္ဘာပျက်သည့်အလား မြင်ကွင်းကို ဖြစ်ပေါ်စေသည်။ လောကတစ်ခုလုံးသည် ဤအရှုပ်အထွေးအတွင်း ဖျက်ဆီးခံလိုက်ရတော့မလို ထင်မှတ်ရပေသည်။

သူသည် ရီဖူရှင်း အပါအဝင် အရာအားလုံးကို ငုံ့ကြည့်လိုက်သည်။

ဝှီး…

သူ၏ ပြိုင်ဘက်သည် ရှိနေသည့် နေရာမှ ပျောက်ကွယ်သွားပြီး အလင်းတန်းတစ်ခု ထိုးထွက်လာသည်။

ရီဖူရှင်းသည် ကောင်းကင်သို့ ပျံသန်းသွားပြီး သူတတ်နိုင်သမျှ လျင်မြန်စွာ အပေါ်သို့ ထိုးတက်သွားသည်။ လှံရှည်နှင့် လှံက ထိပ်တိုက် တိုက်မိသွားခဲ့သည်။

ဘုန်း…

ပြင်းထန်သည့် လေစီးကြောင်းက ထွက်ပေါ်လာပြီး ပုံရိပ်နှစ်ခုကို ခွဲခြားပစ်လိုက်သည်။

ရီဖူရှင်းသည် နောက်သို့ ပျံသန်းဆုတ်ခွာလိုက်ရကာ မြေပြင်နှင့် ရိုက်ခတ်မိပြီး ထိတ်လန့်ဖွယ် အသံကြီး ထွက်ပေါ်လာလေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset