Switch Mode

အပိုင်း(၁၃၈၃)

အရောင်းအဝယ်

ဟူယောင်အာက ရှားရှင်းယွန်အား ကြည့်သည်။ နတ်မိစ္ဆာမြေခွေးကလန်ကား ဉာဏ်ရည်ထက်မြက်သူများဖြစ်ကြရာ သူမက ရှားရှင်းယွန်၏သဘောကို နားလည်ပေသည်။

ရှားရှင်းယွန်က သူမအား ကြည့်လျှင် မြေခွေးမျက်လုံးအစုံကို မြင်ကာ သူမအား မြေခွေးဝိညာဉ်ဟုခေါ်ဆိုခြင်းမှာ မထူးဆန်းတော့ဟု တွေးနေသည်။

သူမကိုယ်တိုင်က မိန်းမဖြစ်နေသော်လည်း မြေခွေးမယ်၏ဆွဲငင်အားပြင်းမျက်လုံးများကို ခံစားမိသည်သာ။

“အရှင့်သားနဲ့ ဆရာရီတို့က အထူးဧည့်သည်တွေပဲ။ အထဲဝင်ထိုင်ကြပါ” ဟူယောင်အာက အကြည့်လွှဲကာ ပြုံးလျှက်ပြောသည်။ သာမန်သားရဲများ လာရောက်လျှင် နတ်မိစ္ဆာမြေခွေးကလန်သည် သူတို့၏ပင်မတပည့်များကို လာရောက်ကြိုဆိုခိုင်းမည်မဟုတ်ပေ။

နတ်မိစ္ဆာမြို့ကို အုပ်ချုပ်သော ကျူးယန့်နတ်ဆိုးအင်ပါယာသည်ကား သာမန်သားရဲတစ်ကောင်မဟုတ်ပေ။ သူသည် အလွန်အမင်းစွမ်းအားကြီးပေသည်။

ကျူးကျောက်က ခေါင်းညိတ်သည်။ ဟူယောင်အာက သူတို့အား ဦးဆောင်ကာ အတွင်းသို့ ခေါ်သွား၏။ အထဲတွင် သားရဲများနှင့်လူများမှာ အပြင်ထက်နည်းပေသည်။ သူတို့ရှေ့တွင် သီးသန့်နေရာတစ်ခုရှိကာ စည်းများခတ်ထားသည်။ သာမန်သားရဲများမှာ ဝင်ခွင့်မရှိပေ။ အထူးဧည့်သည်များသာ သည်နေရာသို့ လာခွင့်ရှိ၏။

ရီဖူရှင်းက လူအုပ်ကို ကြည့်လျှင် ထူးဆန်းသော အမူအရာဖြစ်လာသည်။ သူသည် ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များကို မြင်သည်။

သူတို့သည်လည်း မူလတောင်တန်းကို ဝင်ရောက်လိုကြဟန်ရသည်။

ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများကလည်း ရီဖူရှင်းအားမြင်သော်လည်း မသိချင်ယောင်ဆောင်နေကြသည်။

“ဒီနေ့ နတ်မိစ္ဆာမြေခွေးနန်းတော်မှာ ပစ္စည်းကောင်းလေးတွေ ရှိနေတယ်။ ဒါတွေအကုန်လုံးက မူလတောင်ကပဲ။ အရှင့်သားနဲ့ ဆရာရီတို့က စိတ်ဝင်စားမယ်ဆိုရင် ကြည့်လို့ရပါတယ်” ဟူယောင်အာက ညင်သာစွာ ပြောသည်။

သူမ၏အသံကား သာယာနာပျော်ဖွယ်ကောင်း၏။ သို့သော်လည်း ရှားရှင်းယွန်က သူမအား အေးစက်သော မျက်လုံးများဖြင့် ကြည့်နေသည်။

“ဒါ တိုက်ဆိုင်တာလား” ရီဖူရှင်း တွေးမိသည်။ ယခု များစွာသော အဆင့်မြင့်ပုဂ္ဂိုလ်များသည် မူလတောင်ကို ဝင်ရောက်ရန် နတ်မိစ္ဆာမြေခွေးများ၏အကူအညီကို လိုအပ်၏။

ဤကား အမှန်ပင် ရတနာပစ္စည်းများကို ရောင်းချရန်ကောင်းမွန်သည့်အချိန်အခါဖြစ်ပေသည်။

ထိုအခိုက်တွင် မြေခွေးအိုအကြီးအကဲတစ်ယောက် ထွက်လာသည်။ သူ့နောက်တွင် မြေခွေးမယ်များက သစ်ပင်အိုတစ်ပင်အား သယ်ဆောင်ကာလိုက်လာကြ၏။ သစ်ပင်တွင် ထူးဆန်းသော ပစ္စည်းများအား ချိတ်တွဲထားသည်။

အဘိုးအိုက အားလုံးကို ကြည့်ကာ ပြောသည် “ဒီသစ်ပင်ပေါ်မှာ ချိတ်ထားတာတွေက မူလတောင်က ရတနာတွေပဲ။ သူတို့ရဲ့အသုံးနဲ့တန်ဖိုးကတော့ တိတိကျကျမသိဘူး။ ဒါကို ဒီနေ့မှာ လေလံတင်ရောင်းချမယ်”

ဟူယောင်အာက ပြောသည် “ရှင်တို့က ရတနာကို အနီးကပ်ကြည့်ချင်ရင် ကျွန်မကို ပြောပါ။ ရှင်တို့အနီးကို လာပြပါ့မယ်”

“ဒါပေမဲ့ ကျွန်မ အသိပေးချင်တာက တချို့ရတနာတွေက မထင်ထားလောက်အောင် တန်ဖိုးကြီးနိုင်ပြီး တချို့ရတနာတွေက တန်ဖိုးမဲ့နိုင်တယ်” ဟူယောင်အာက တီးတိုးပြောသည်။

“နတ်မိစ္ဆာမြေခွေးနန်းတော်က ပစ္စည်းရောင်းတာ ထူးခြားတယ်” ရီဖူရှင်းက ပြုံးမိသည်။ လူသားတို့သည်ကား ပစ္စည်း၏တန်ဖိုးကို ဦးဆုံးဖြတ်ပြီးမှ ရောင်းချလေ့ရှိကြပေသည်။

“မှန်တယ်” ဟူယောင်အာက ပြောသည် “ ဒီပစ္စည်းတွေက မူလတောင်က ဖြစ်ပြီးတော့ အများစုက တန်ဖိုးကြီးရတနာတွေပဲ။ ဒါပေမဲ့ သာမန်ပစ္စည်းတွေလည်း ပါနိုင်တယ်။ ကျွန်မတို့က ဝယ်ယူသူတွေကို ကိုယ်ပိုင်တန်ကြေးဖြတ်စေပြီးမှ ရောင်းတယ်။ ရတနာတွေကို ကျွန်မတို့ လုံးဝ မထိခဲ့ဘူး”

“နားလည်ပြီ” ရီဖူရှင်းက ခေါင်းညိတ်သည်။ နတ်မိစ္ဆာကလန်သည် ဆုံးရှုံးနိုင်မည့်အရောင်းအဝယ်ကို လုပ်မည်မဟုတ်ပေ။ သူတို့က ရတနာများ၏တန်ကြေးကို ကြိုတင်စစ်ဆေးပြီးဖြစ်မည်မှာ သေချာ၏။

သူက သစ်ပင်မှ ရတနာများကို လှမ်းကြည့်သည်။ အများစုမှာ ထူးခြားဟန်ရှိသည်။ ဥပမာ ချိပ်ပတ်ထားသော ဥတစ်လုံးမှာ အတွင်းသို့ တွေ့မြင်ရန်ခက်ခဲပြီး တန်ဖိုးကို ဖြတ်ရန်လည်း မလွယ်ပေ။

ထို့အပြင် အစင်းရာများဖြင့် ဓားတိုတစ်လက်ကို တွေ့ရသည်။ သို့သော်လည်း ဓား၏မူလသွင်ပြင်သည် အလွန်အန္တရာယ်ကြီးမည့်ပုံစံဖြစ်ကြောင်း ပြောနိုင်သည်။ ဓားတွင် သတ်ဖြတ်ခြင်းအငွေ့အသက်များ တွယ်ငြိနေကာ နှစ်ပေါင်းများစွာကြာအောင် ပျက်ပြယ်ခြင်းမရှိသေးပေ။

ဓားမြှောင်၏ဘေးတွင် ဓားအိမ်အိုတစ်ခုဖြင့် ဓားတစ်လက်ရှိသည်။ ဓားနှင့်ဓားအိပ်သည် အသားမကျဘဲ အနည်းငယ်ဟနေကာ ၎င်းဟနေသော နေရာမှ အားကောင်းသော အလင်းမှုန်အချို့ကို တွေ့နိုင်သည်။ သို့သော်လည်း မည်သည့်အသက်ဓာတ်ကိုမှ မခံစားရပေ။ ဓား၏အဆင့်ကို ပြောရန် ခက်ခဲ၏။

ထို့အပြင် အသက်ဓာတ်ကင်းမဲ့နေဟန်ရသည့် အရိုးတစ်ချောင်းလည်း ရှိသည်။

“ခင်ဗျားတို့က ကြိုက်တဲ့ပစ္စည်းကို ရွေးနိုင်ပြီ” အဘိုးအိုက ပြောသည်။

“အဲဒီဓားကို ပြလို့ရမလား” ရီဖူရှင်းက ဓားအိမ်အဟောင်းဖြင့်ဓားကို လက်ညိုးထိုးပြသည်။

“သေချာတာပေါ့” ယောင်အာက ခေါင်းညိတ်သည်။ သူမက ဓားကို သွားယူကာ ရီဖူရှင်းထံသို့ ရောက်လာသည်။

ရီဖူရှင်း၏မျက်လုံးက အရောင်တစ်ချက်လက်သွား၏။ သူ၏စိတ်အသိက ဓားအတွင်းသို့ ဝင်ရောက်ရန်ကြိုးစားသော်လည်း မမြင်ရသော ဓားအသိ၏တားဆီးခြင်းကို ခံရသည်။ အဘိုးအိုက ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေသည်။ ရီဖူရှင်းက အတွင်းမှ ဓားကို မည်သို့မြင်နိုင်မည်နည်း။

အတန်ကြာလျှင် ရီဖူရှင်းက အဘိုးအိုကို ကြည့်ကာ ပြောသည် “တန်ဖိုး…”

“ကျုပ်တို့နတ်မိစ္ဆာနန်းတော်က ဒီပစ္စည်းကို မူလတောင်က ယူလာခဲ့အခါ လုံးဝ မထိတွေ့ခဲ့ဘူး။ ဒါက ကျုပ်တို့ နတ်မိစ္ဆာမြေခွေးနန်းတော်ရဲ့စည်းမျဉ်းပဲ။ ကျုပ်တို့လည်း ဒီဓားရဲ့အဆင့်အတန်းကို မသိဘူး။ ဒါပေမဲ့ ဓားဟာ လူသားအင်ပါယာတစ်ယောက်ကိုင်ခဲ့တဲ့ဓားလို့ အကြမ်းဖျင်းခန့်မှန်းလို့ရတယ်” အဘိုးအိုက ပြောသည်။

“ဒါမှမဟုတ် ဓားစုတ်တစ်လက်ပေါ့” ရီဖူရှင်းက မေးသည်။

“အမှန်ပဲ” အဘိုးအိုက ပြုံးလျှက်ပြောသည် “ဒါကြောင့် ဓားတန်ဖိုးရဲ့ ကြမ်းခင်းစေ◌ျးက ရန်ဟောင်အဆင့်အတန်းမှာရှိတယ်။ တကယ်လို့ မင်းက ဓားကို လိုချင်ရင် ပေးမယ့်တန်ဖိုးကို ငါ့စိတ်ထဲ တိုက်ရိုက်ပြောပြီး ဝယ်နိုင်တယ်။ ဒါက အခွင့်အရေးတစ်ခုပဲရမှာဖြစ်ပြီးတော့ မင်းပေးနိုင်တဲ့ အမြင့်ဆုံးတန်ကြေးကို ပြောဖို့လိုတယ်”

လေလံကို တစ်ကြိမ်သာ ကမ်းလှမ်းနိုင်သည်။ ဤကား နတ်မိစ္ဆာမြေခွေးကလန်၏စည်းမျဉ်းဖြစ်သည်။

သို့သော်လည်း လူအများက ဓားကို စိတ်ဝင်စားဟန်မရပေ။ သူတို့အတွက် တခြားသော မသေချာမရေရာသော ပစ္စည်းတစ်ခုအပေါ်တွင် အလောင်းအစားပြုရန် မရဲပေ။

“ကောင်းပြီ” ရီဖူရှင်းက ခေါင်းညိတ်ကာ သူပေးမည့်တန်ဖိုးအား အဘိုးအိုကို ပြောသည်။ အဘိုးအိုသည် မျက်လုံးတွင် တစ်ချက်လင်းလက်သွားကာ နားစွင့်နေဟန်ရသည်။ အမှန်တကယ်အားဖြင့် တခြားလူများသည် မည်သူမှ ကမ်းလှမ်းခြင်းမပြုကြပေ။

သည်ဓားအား လူအများက သိပ်စိတ်ဝင်စားခြင်းမရှိကြ။

“ကမ်းလှမ်းချင်တဲ့သူတွေရှိသေးလား” အဘိုးအိုက လူအများကို ကြည့်ကာ မေးသည်။ မည်သူမှ စကားမပြောသောအခါ အဘိုးအိုက ပြုံးလျှက်ကြေညာသည် “ဒါဆို ဓားကို ဆရာရီက ပိုင်ဆိုင်သွားပါပြီ”

“ဂုဏ်ပြုပါတယ် ဆရာရီ” ဟူယောင်အာက ပြုံးလျှက်ပြောသည်။ ရီဖူရှင်းက သိုလှောင်လက်စွပ်တစ်ကွင်းအား သူမကို ထုတ်ပေးလျှင် ယောင်အာက လက်စွပ်အား အဘိုးအိုထံသို့ ကမ်းပေး၏။

အဘိုးအိုက လက်စွပ်ကို စစ်ဆေးပြီးနောက် ရီဖူရှင်းကို ပြောသည် “ဆရာရီက ဓားကို မစမ်းကြည့်ချင်ဘူးလား။ ကျုပ်လည်း ဓားရဲ့အဆင့်ကိုသိချင်တယ်”

“ဝူချင်း… မင်းစမ်းကြည့်…” ရီဖူရှင်းက ဓားကို ဝူချင်းအား ပေးသည်။

ရီဖူရှင်းက ဓားကို ညာလက်ဖြင့်ကိုင်ကာ ဘယ်လက်ဖြင့် ဆွဲထုတ်လိုကသ်ည်။

ထိုအခိုက်တွင် လင်းလက်သော ရောင်စဉ်များသည် တစ်ခန်းလုံးကို လွှမ်းခြုံသွားကာ တော်ဝင်အသိများပြည့်နှက်နေသော အရှိန်အဝါကြီးက အားလုံးကို ရိုက်ခတ်သွား၏။

ဓားကား ရန်ဟောင်တစ်ပါးကိုင်ခဲ့သော ဓားကောင်းတစ်လက်ဖြစ်ပေသည်။

လူအုပ်က ဆူညံသွားသည်။ ရီဖူရှင်း မည်မျှပေးခဲ့သည်ကို သူတို့မသိကြသော်လည်း ရီဖူရှင်းက အရောင်းအဝယ်ကောင်းတစ်ခုအား ပြုလုပ်ခဲ့သည်မှာ သေချာသည်။

သို့သော်လည်း နောက်ထပ်ရတနာများစွာ ကျန်နေသေးပေသည်။

“ကျုပ်ကို အဲဒါပြပေး” လူအများအပြားက ပစ္စည်းတစ်ခုကို တပြိုင်နက်တည်း ညွန်ပြကြသည်။ သူတို့ကား သစ်ပင်ပေါ်မှ ကျောက်တုံးကြီးတစ်တုံးကို လက်ညိုးထိုးပြနေကြသည်။ ကျောက်တုံးသည် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးဖြစ်ဟန်ရကာ ကျောက်တုံးအတွင်း၌ သင်္ကေတအချို့ရေးသားထားသည်။

စာလုံးများမှာ လက်ဖြင့်ရေးထားဟန်ရပြီး တော်ဝင်အသိအချို့သည် အရောင်လက်လက်ထနေ၏။

သို့သော်လည်း လက်ရေးကား ရေးရေးမျှသာမြင်ရကာ စာလုံးများမှာ မရှင်းလင်းပေ။ ကျောက်တုံးအပြင်ဘက်တွင် ဖုံများဖြင့် ကပ်ငြိနေပြီး စာလုံးများအား မြင်ရရန် သီးသန့်သန့်ရှင်းရန်လိုပေသည်။

ကျောက်တုံးများမှာ များသောအားဖြင့် ပညာရပ်များကို ရေးသားမှတ်တမ်းတင်လေ့ရှိပြီး အလွန်တန်ဖိုးကြီးမားပေသည်။

လူအများအပြားက ကျောက်တုံးအား အလိုရှိကြဟန်ရသည်။

“အားလုံး စိတ်မရှိပါနဲ့” အဘိုးအိုက ဆိုသည်။ မြေခွေးမယ်တစ်ယောက်က ကျောက်တုံးကို မကာ အလိုရှိသောသူတစ်ဦးထံသို့ လှမ်းလာသည်။

ရီဖူရှင်းက သူတို့နှင့်မယှဉ်ပြိုင်ပေ။ နတ်မိစ္ဆာမြေခွေးကလန်သည် တစ်ကြိမ်ရှုံးနိမ့်ပြီးဖြစ်ရာ သူတို့က နောက်တစ်ကြိမ် အရှုံးခံပါဦးမည်လော။

သည်မြေခွေးများသည် ဉာဏ်ထက်မြက်ရာ သူတို့က သည်အတိုင်းတော့ မနေပေ။

သို့သော်လည်း ထိုအခိုက်တွင် ရီဖူရှင်း၏စိတ်အသိမှာ ပစ္စည်းတစ်ခုထံသို့ အာရုံရောက်နေပြီး တခြားလူများက သတိမထားမိကြပေ။

“ရှင် စိတ်မဝင်စားဘူးလား။ လူတွေအများကြီးက ကျောက်တုံးကို လိုချင်ကြတယ်။ ဒါက ရှေးဟောင်းတန်ခိုးရှင်တစ်ဦးချန်ထားခဲ့တာဖြစ်ဖို့များတယ်” ဟူယောင်အာက ရီဖူရှင်းကို မေးသည်။

“ကျုပ်က သူတို့လောက် မချမ်းသာဘူး” ရီဖူရှင်းက ပုခုံးတွန့်ကာ ပြောသည်။ သည်ရတနာများမှာ ရန်ဟောင်အဆင့်များဖြစ်ကြရာ အလွန်တန်ဖိုးကြီးပေသည်။ သူ့အနေဖြင့် ပစ္စည်းအများအပြားကို ဝယ်ရန် မတတ်နိုင်ပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset