အခန်း (၁၄၅)

ဒီတစ်ခေါက်လည်းအဆင်သင့်မဖြစ်သေးဘူး

အခန်း (၁၄၅) ဒီတစ်ခေါက်လည်းအဆင်သင့်မဖြစ်သေးဘူး

ရေကန်ပတ်ဝန်းကျင်မှ တပည့်များကတော့ ရုတ်တရက်ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုများကြောင့် အံ့အားသင့်နေကြသည်။

ကျန်းလန်လက်ထဲရှိ သစ်သားဓားမှ ထွက်ပေါ်နေသည့် ဓားဝိညာဉ်ကိုတော့ သူတို့ သတိပြုမိခဲ့ကြသည်။ ထိုဓားဝိညာဉ်က မိစ္ဆာနဂါးကို ပစ်မှတ်ထားသည့် နဂါးသုတ်သင်ဓားဝိညာဉ်ပင် ဖြစ်၏။

ဓားဝိညာဉ်က တဖြည်းဖြည်း ပိုမိုအားကောင်းလာသည့်အခါ တပည့်များက ကျန်းလန်နှင့် မိစ္ဆာနဂါး တိုက်ခိုက်တော့မည်ဟု ထင်မှတ်ခဲ့ကြသည်။

သို့သော် ရုတ်တရက် နဂါးကြီးက ရေအောက်သို့ ငုပ်လျှိုးထွက်ပြေးသွားလေသည်။

နဂါးကြီး၏ မျက်ဝန်းများထဲမှ မကျေနပ်မှုနှင့် ဒေါသတရားများကို သူတို့အားလုံး တွေ့မြင်လိုက်ကြရ၏။

နဂါးသုတ်သင်ဓားသိုင်းက အတော်လေးထူးဆန်းပြီး နဂါးများကို တိုက်ခိုက်ရာတွင် ကြီးမားသည့် အားသာချက်များ ရှိသည်။

အဋ္ဌမတောင်ထွတ်မှ တပည့်အတော်များများက နဂါးသုတ်သင်ဓားသိုင်းကို လေ့လာခဲ့ကြသူများ ဖြစ်သည်။ သို့သော်မည်သူမှ ထိုဓားသိုင်းကို သင်ယူနိုင်ခဲ့ခြင်း မရှိပေ။

တပည့်တစ်ယောက်က…

“တကယ်လို့ သူတို့သာ တိုက်ခိုက်ဖြစ်ရင် မိစ္ဆာနဂါးကြီး ရှုံးမယ်လို့ ထင်သလား…”

နောက်ထပ်တပည့်တစ်ယောက်က…

“အင်း… အနိုင်အရှုံးဆိုတာ မင်းသတ်မှတ်တဲ့အပေါ်ပဲ မူတည်တယ်… ၊ သူတို့သာ တကယ်တမ်းတိုက်ခိုက်ကြမယ်ဆိုရင် မိစ္ဆာနဂါးကြီး ဒဏ်ရာအပြင်းအထန် ရသွားနိုင်တယ် ၊ ဒါပေမဲ့ နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးလည်း မသေရုံတမယ် ခံလိုက်ရမှာပဲ…”

“ဒါဖြင့်… မိစ္ဆာနဂါးကြီးက သေချာပေါက် အနိုင်ရမယ်လို့ ဆိုလိုတာလား…”

“မင်းကလည်းလေ… ခေါင်းသုံးပါဆို ကျွမ်းချည်းပဲ လှိမ့်ထိုးနေတယ်…”

မိန်းကလေးကျင့်ကြံသူတစ်ယောက်က မကျေမနပ်ဖြင့်…

“နဝမတောင်ထွတ်က ဂိုဏ်းတူမောင်လေးက အခုမှ မူလဝိညာဉ်အဆင့် ၊ ကနဦးအဆင့်ပဲ ရှိသေးတာလေ… ၊ မိစ္ဆာနဂါးကြီးက လူသားနတ်ဘုရားအဆင့်ရောက်နေပြီ မဟုတ်ဘူးလား… ၊  ဒါတောင်မှ နဝမတောင်ထွတ်က ဂိုဏ်းတူမောင်လေးက နဂါးကြီးကို အပြင်းအထန်ဒဏ်ရာရအောင် တိုက်ခိုက်နိုင်မယ်ဆိုတော့ တကယ်တမ်း ဘယ်သူနိုင်သလဲဆိုတာ ကိုယ့်ဦးနှောက်နဲ့ကိုယ် စဉ်းစားကြည့်ပေါ့…”

ကျင့်ကြံသူမိန်းမပျို၏ စကားလုံးများကြောင့် တပည့်များအားလုံး အံ့သြတုန်လှုပ်သွားကြသည်။

ထိုသို့သာဆိုလျှင် ကျန်းလန်က နဂါးကြီးကို သေချာပေါက် အနိုင်ရမည့်သဘော ဖြစ်၏။

နဂါးသုတ်သင်ဓားသိုင်းက  ထိုမျှ ကြောက်မက်ဖွယ်ရာ ကောင်းလေသလား…။

ထိုသို့ဆိုလျှင် သူတို့သည်လည်း နဂါးသုတ်သင်ဓားကျမ်းကို နေ့စဉ်ဖတ်ရှုပြီး တစ်နေ့နည်းနည်း အချိန်ပေးပြီး ဓားသိုင်းကို လေ့ကျင့်ကြည့်သင့်သည်။

တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ထိုဓားသိုင်းကို နားလည်ကောင်း နားလည်လာပေလိမ့်မည်။

တစ်နေ့နည်းနည်း ဓားသိုင်းလေ့ကျင့်ခြင်းက အချိန်အများကြီးလည်း မကုန်ပေ။ အခြားသော ဂါထာမန္တန်များနှင့် ကျင့်စဉ်များကိုလည်း ထိုကဲ့သို့ပင် အချိန်ပေးပြီး လေ့လာကြရသည်ပဲ မဟုတ်ပါလား။

ထိုစဉ်…

“ဂိုဏ်းတူညီလေးနဲ့ ဂိုဏ်းတူညီမလေး… ကျုပ် မင်းတို့ (၂)ယောက်ကို ပြောစရာ ရှိတယ်…”

စကားသံကြောင့် ကျန်းလန်နှင့် ရှောင်ယွိ လှမ်းကြည့်လိုက်ကြသည်။

ထိုအခါ သူတို့ရှိရာသို့ လမ်းလျှောက်လာနေသည့် လုကျန်းကို တွေ့မြင်လိုက်ကြရသည်။

လုကျန်းမှာလည်း ကျန်းလန်နှင့် ရှောင်ယွိကိုကြည့်ပြီး စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။

ရှောင်ယွိလက်ထဲမှ နဂါးသုတ်သင်ဓားဝိညာဉ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သို့သော် သူမ ယခုတိုင် နဂါးသုတ်သင်ဓားသိုင်းကို နားလည်နိုင်ခြင်း မရှိသေးပေ။

မည်သို့ပင်ဖြစ်စေ နဂါးသုတ်သင်ဓားသိုင်း၏ စွမ်းအားပြင်းထန်မှုကို ပထမဆုံးအကြိမ် တွေ့ကြုံခဲ့ရခြင်းက သူမအတွက် အမြတ်ထွက်သည်ဟု ဆိုနိုင်သည်။

ယခုဆိုလျှင် နဂါးသုတ်သင်ဓားသိုင်း မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သူမ တွေ့မြင်ခဲ့ရသည်။

ထို့အတူ နဂါးသုတ်သင်ဓားသိုင်းကို တီထွင်ခဲ့သည့် လယ်သမားအဘိုးအိုသည်လည်း ထူးခြားသူတစ်ယောက်ဖြစ်ကြောင်း သူမ သိရှိခဲ့ရသည်။

နဂါးသုတ်သင်ဓားသိုင်းက နဂါးမျိုးနွယ်များကို တိုက်ခိုက်ရာတွင် အမှန်တကယ်ပင် အားသာချက် မြင့်မားလွန်းသည်။

ရှောင်ယွိ အများကြီး စဉ်းစားမနေတော့ပေ။

အချိန်ရလျှင် ထိုဓားသိုင်းကို ထပ်မံလေ့လာရန် ဆုံးဖြတ်လိုက်သည်။ ထိုသို့ဆိုလျှင် သူမလည်း နဂါးသုတ်သင်ဓားသိုင်းကို ပိုမိုနားလည်လာပြီး သင်ယူနိုင်မည် ဖြစ်သည်။

“ဂိုဏ်းတူအစ်ကို…”

ကျန်းလန်နှင့် ရှောင်ယွိက လုကျန်းကို ဦးညွှတ်ဂါရဝပြုရင်း နှုတ်ဆက်လိုက်ကြ၏။

ကျန်းလန်က လူ့ယဉ်ကျေးမှုများကို မေ့လျော့တတ်သူ မဟုတ်ပေ။ မဟုတ်ပါက သူ့အပြုအမူများက လူတစ်ဖက်သားကို စော်ကားသလို ဖြစ်သွားနိုင်သည်။

ရှောင်ယွိကတော့ အစကတည်းက ယဉ်ကျေးသိမ်မွေ့သူတစ်ယောက် ဖြစ်၏။

လုကျန်းက…

“မင်းတို့ ရေကန်ဘေးမှာထိုင်နေတာ ဘယ်လောက်ကြာသွားပြီ ထင်သလဲ…”

ကျန်းလန်နှင့် ရှောင်ယွိ ခေါင်းခါရမ်းပြလိုက်ကြသည်။

အမှန်ကတယ်လည်း သူတို့ သိရှိခြင်း မရှိပေ။ သို့သော် အချိန် သိပ်မကြာသေးဟု ထင်မှတ်ထားကြသည်။

ကျင့်ကြံသူများ ကျင့်ကြံခြင်းပြုလုပ်သည့်အခါ တန်ခိုးစွမ်းအားများက ခန္ဓာကိုယ်ထဲ လှည့်ပတ်စီးဆင်းသွားကြသည်။

တန်ခိုးစွမ်းအားများကို ထိန်းချုပ်ထားပြီး ပတ်ဝန်းကျင်မှ အဖြစ်အပျက်များအားလုံး ဝင်ရောက်လာခြင်း မရှိစေရန် အာရုံ (၆)ပါးကို ပိတ်ဆို့ထားလိုက်ကြသည်။

ထို့ကြောင့် ကျင့်ကြံသူများအတွက် အချိန် (၁)ရက်နှင့် အချိန် (၁)နှစ်ကလည်း ကွာခြားမှု မရှိလှပေ။

လုကျန်းက…

“မနက်ဖန် ခွန်လွန်တောင်မှာ ကျောက်စိမ်းရေကန်နတ်ဘုရားမရဲ့ စေ့စပ်ပွဲ ကျင်းပလိမ့်မယ်… ၊ ဒီတော့ မနက်ဖန် ဘာကိစ္စတွေဖြစ်မလဲဆိုတာ မင်းတို့ (၂)ယောက်လုံး သိကြတယ် မဟုတ်လား…”

ကျန်းလန် ဘာမှ ပြန်မပြောနိုင်ခင်မှာပင် ရှောင်ယွိကတော့ များစွာအံ့သြတုန်လှုပ်သွားဟန် ရှိသည်။

“ဟာ…”

ထို့နောက် သူမ ကျန်းလန်ကို ထိတ်လန့်စွာဖြင့် မော့ကြည့်လိုက်သည်။

ကျန်းလန်ကို ကြည့်ရသည်မှာ ဇဝေဇဝါဖြင့် စိတ်ရှုတ်ထွေးနေဟန်ရှိသည်။

ရှောင်ယွိက…

“ကျွန်မ… ပြန်တော့မယ်…”

ပြောပြီးသည်နှင့် ချက်ချင်းပင် ဓားကိုစီးနှင်ကာ အဋ္ဌမတောင်ထွတ်မှ ထွက်ခွာသွားလေတော့၏။

ကျန်းလန်က သူမကို တစ်စုံတစ်ခုပြောရန် ပါးစပ်ဟလိုက်သော်လည်း အချိန်မမီတော့ပေ။

သူ့လက်ထဲမှ သစ်သားဓားကို ရှောင်ယွိကို ပြန်ပေးရင်း မိစ္ဆာနဂါးကြီးနှင့် ရင်ဆိုင်ရာတွင် ကူညီပေးခဲ့သည့်အတွက် ကျန်းလန်က ရှောင်ယွိကို ကျေးဇူးတင်စကား ပြောချင်မိသည်။

ရှောင်ယွိသာ သူမလက်ထဲမှ နဂါးသုတ်သင်ဓားဝိညာဉ်ဖြင့် နဂါးကြီးကို ခြိမ်းခြောက်နေခြင်းမရှိလျှင် မိစ္ဆာနဂါးကြီး ယခုကဲ့သို့ ထွက်ပြေးသွားမည် မဟုတ်ပေ။

မိစ္ဆာနဂါးကြီးနှင့် တိုက်ပွဲဆင်နွှဲရပါက သူသည်လည်း အနည်းနှင့်အများ ဒဏ်ရာရရှိသွားနိုင်သည်။

ယခုတော့ ကျန်းလန် ကျေးဇူးတင်စကားမပြောနိုင်ခင်မှာပင် ရှောင်ယွိက ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားပြီ ဖြစ်သည်။

ကျေးဇူးတင်စကားဆိုရန်အတွက် နောက်တစ်ကြိမ် ပြန်လည်ဆုံတွေ့သည်အထိ စောင့်မျှော်ရန်သာ ရှိတော့၏။

လုကျန်းက…

“ဂိုဏ်းတူညီလေး… မင်းလည်း နဝမတောင်ထွတ်ကို ပြန်တော့မှာလား…”

ရှောင်ယွိ ထွက်ခွာသွားပြီးနောက် လုကျန်းက ကျန်းလန်နှင့် ခဏမျှ စကားပြောရန် ဆုံးဖြတ်လိုက်သည်။

“ဟုတ်ကဲ့… ပြီးတော့… ကျွန်တော်က ဆရာဦးလေးကို ကျေးဇူးတင်စကားပြောချင်သေးတာ… ၊ ဒါပေမဲ့ ဆရာဦးလေးက ထွက်ခွာသွားပြီဆိုတော့ ဂိုဏ်းတူအစ်ကိုကပဲ ကျွန်တော့်ကိုယ်စား ကျေးဇူးတင်စကားပြောပေးဖို့ အကူအညီတောင်းရတော့မယ်…”

ကျန်းလန်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

လုကျန်းက ခေါင်းညိတ်လိုက်ရင်း…

“ကောင်းပြီလေ…”

ကျန်းလန် အကူအညီတောင်းသည်ကို သဘောတူလိုက်ပြီးမှ လုကျန်းက စကားဆက်လိုက်သည်။

“ဒါနဲ့ ဂိုဏ်းတူညီလေးကို မေးစရာတစ်ခု ရှိလို့…”

“ဂိုဏ်းတူအစ်ကို… ကျေးဇူးပြုပြီး မေးပါဗျာ…”

ကျန်းလန်က ယဉ်ကျေးစွာဖြင့်ပင် ပြန်ပြောလိုက်သည်။

လုကျန်းက တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက်ဖြစ်သည့်အပြင် မှော်ဝင်တိမ်တိုက်တောင်မှ ပြန်လာစဉ်ကလည်း သူ့အတွက် မှော်ဝင်ပစ္စည်းများ ရွေးခြယ်ပေးခဲ့ဖူးလေသည်။

ထို့ကြောင့် ကျန်းလန်အနေဖြင့် လုကျန်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံသင့်ပေ၏။

လုကျန်းက…

“ကျောက်စိမ်းရေကန်နတ်ဘုရားမကို လက်ထပ်ရတော့မယ်လို့ သိလိုက်ရတဲ့အချိန်မှာ မင်း ဘယ်လိုခံစားရလဲ… ဂိုဏ်းတူညီလေး…”

အမှန်တော့ သူမေးမြန်းလိုသည့်မေးခွန်းက ထိုသို့မဟုတ်ပေ။

“ကျောက်စိမ်းရေကန်နတ်ဘုရားမကြောင့် နဂါးသုတ်သင်ဓားသိုင်း လေ့ကျင့်ခဲ့တာလား…”

ဟု မေးမြန်းလိုခြင်း ဖြစ်သည်။

သို့သော် ကျန်းလန် နဂါးသုတ်သင်ဓားသိုင်းကို ထုတ်ဖော်လိုက်သည့်အချိန်တွင် နဂါးတစ်ကောင်ကို သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်နေခြင်း မရှိသည်ကို လုကျန်း သတိပြုလိုက်မိသည်။

ထို့ပြင် ကျန်းလန်က နဂါးသုတ်သင်ဓားသိုုင်း၏ အနှစ်သာရကိုလည်း နားလည်ခြင်း မရှိပေ။

သို့ဖြစ်ရာ ကျန်းလန် ထိုဓားသိုင်းကို သင်ယူသည်မှာ အခြားရည်ရွယ်ချက်ရှိရမည်ဟု လုကျန်းက တွေးလိုက်မိသည်။ ထို့ကြောင့် သူက တခြားမေးခွန်တစ်ခု ပြောင်းလဲမေးမြန်းလိုက်ခြင်း ဖြစ်၏။

ကျန်းလန်က လုကျန်းမေးသည့်မေးခွန်းကို မဖြေနိုင်ဘဲ တိတ်ဆိတ်ငြိမ်သက်နေသည်။

သူကိုယ်တိုင်လည်း ဘာပြန်ဖြေရမည်မှန်း မသေမချာဖြစ်နေသည်။

ချစ်ကြည်ရေးမင်္ဂလာကိစ္စအကြောင်း သိလိုက်ရချိန်တွင် ကျန်းလန် ငြင်းဆန်လိုသည့်တိုင် မငြင်းဆန်နိုင်ခဲ့ပေ။

ထိုသို့ဆိုလျှင်…

လုန်ယွိကို သူ မုန်းတီးမိလေသလား…။

ကျန်းလန် သူမကို သေချာပေါက် မုန်းတီးခြင်း မဖြစ်မိပေ။

ဒါဖြင့် သူ လုန်ယွိကို ချစ်မိလေသလား…။

ကျန်းလန် လုန်ယွိကို မချစ်သည်မှာလည်း သေချာလွန်းလှသည်။

ဤမင်္ဂလာကိစ္စက ကောင်းသည်ဖြစ်စေ ၊ ဆိုးသည်ဖြစ်စေ ၊ သဘောကျသည်ဖြစ်စေ ၊ သဘောမကျသည်ဖြစ်သူ သူ့အနေဖြင့် မငြင်းဆန်နိုင်ဘဲ လက်ခံရမည့်ကိစ္စသာ ဖြစ်သည်။

ထုံးစံအတိုင်းပင် မင်္ဂလာကိစ္စနောက်ဆက်တွဲ အကျိုးဆက်များနှင့် ပြဿနာများကိုလည်း ရင်ဆိုင်ဖြေရှင်းရန် ပြင်ဆင်ထားရမည် ဖြစ်သည်။

သူ့ထံသို့ ပြဿနာသယ်ဆောင်လာသူများကို ကျန်းလန် အပြစ်တင်မည် မဟုတ်ပေ။

ထို့ပြင် ကျောက်စိမ်းရေကန်နတ်ဘုရားမက ဆိုးရွားသည့် မိန်းကလေးတစ်ယောက် မဟုတ်ပေ။ သူမက အပြစ်ဆိုစရာ တစ်ကွက်မှမရှိသည့် မိန်းမလှလေးတစ်ယောက် ဖြစ်သည်။

လုကျန်းက…

“ကောင်းပြီလေ… ဒါဖြင့်လည်း ဂိုဏ်းတူညီလေး ပြန်တော့လေ… ကျုပ် မင်းကို မနှောက်ယှက်တော့ပါဘူး…”

ကျန်းလန်က သူမေးသည့်မေးခွန်းကို ပြန်မဖြေဘဲ တိတ်ဆိတ်ငြိမ်သက်နေလေရာ ဖိအားထပ်မပေးတော့ရန် လုကျန်း ဆုံးဖြတ်လိုက်သည်။

ကျန်းလန်က…

“ကောင်းပါပြီ… ဂိုဏ်းတူအစ်ကို…”

ထို့နောက် ကျန်းလန် လုကျန်ကို နှုတ်ဆက်ကာ ထွက်ခွာသွားလေတော့၏။

ကျန်းလန် ထွက်ခွာသွားသည်ကို ငေးကြည့်ရင်း လုကျန်း၏စိတ်ထဲ အနည်းငယ် အံ့အားသင့်နေမိသည်။

“မနက်ဖန် ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ စေ့စပ်ရတော့မှာတောင် ဂိုဏ်းတူညီလေးက ဒီလောက်တည်ငြိမ်နေတာ… ၊ တကယ့်ကို အံ့သြစရာပဲ… လေးစားလောက်ပါပေတယ်… လေးစားလောက်ပါပေတယ်…”

………………

နဝမတောင်ထွတ်သို့ ပြန်ရောက်သည်နှင့် ကျန်းလန် လက်ရှိအချိန်ကို ချက်ချင်း ကြည့်ရှုလိုက်သည်။

ထိုအခါ သူ့မျက်နှာမှာ အရုပ်ဆိုးစွာပင် ရှုံ့မဲ့သွားတော့၏။

“ဂိုဏ်းတူအစ်ကိုလုကျန်းက ဆရာဒေါ်လေးမြောင်ယွဲ့လို မဟုတ်ဘူးပဲ…”

ဟုတ်ပေ၏။

“မနက်ဖန် စေ့စပ်ပွဲ ကျင်းပမည်” ဆိုသည့် စကားမျိုးကို ဒေါ်လေးမြောင်ယွဲ့သည်လည်း ပြောခဲ့ဖူးသည်။

ထို့ကြောင့် လုကျန်းက ထိုသို့သောစကားမျိုး ပြောလာသည့်အခါ ကျန်းလန်က သူ့ကို နောက်ပြောင်ခြင်း သို့မဟုတ် စိတ်ကိုစမ်းသပ်ခြင်းဟု ထင်ခဲ့မိသည်။

ထို့ကြောင့် သူက သိပ်ပြီး စိတ်လှုပ်ရှားဟန်မရှိဘဲ တည်ငြိမ်နေခြင်း ဖြစ်၏။

သို့သော် မမျှော်လင့်စွာပင် လုကျန်းပြောသည့်စကားက အမှန်ဖြစ်နေခဲ့သည်။

ကျန်းလန်အတွက်တော့ အလွန် ဝရုန်းသုန်းကားနိုင်သည့် ကိစ္စဖြစ်သည်။ သူ့အနေဖြင့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ဘာမှ အဆင်သင့်မဖြစ်သေးပေ။

ထိုစဉ် ဆရာဖြစ်သူက သူ့ကို လှမ်းခေါ်သည့် စာရောက်ရှိလာသည်။

ကျန်းလန် ချက်ချင်းပင် ဆရာဖြစ်သူထံသို့ ထွက်ခွာလာခဲ့၏။

“ကဲ… အခြေအနေဘယ်လိုလဲ…”

ဤသည်က ကျန်းလန် နဝမတောင်ထွတ်အစွန်းသို့ ရောက်လာသည်နှင့် မော့ကျန်းသုန့်က တန်းမေးလိုက်သည့် မေးခွန်းဖြစ်သည်။

မနက်ဖန်ဆိုလျှင် စေ့စပ်ပွဲနေ့သို့ ရောက်ပြီ ဖြစ်သည်။

ထို့ကြောင့် ကျန်းလန်အနေဖြင့် နဂါးသုတ်သင်ဓားသိုင်းကို နားလည်ခြင်း မရှိလျှင်လည်း ဆက်လက်လေ့ကျင့်နိုင်မည် မဟုတ်ဘဲ ခေတ္တရပ်နားထားရမည် ဖြစ်သည်။

ထို့ကြောင့် ကျန်းလန် နဂါးသုတ်သင်ဓားသိုင်း၏ စစ်မှန်သည့်အနှစ်သာရကို ကျန်းလန် နားလည်ခဲသလား ၊ နားမလည်ခဲ့ဘူးလားဆိုသည်ကို မော့ကျန်းသုန့် သိရှိချင်နေမိ၏။

ကျန်းလန်က…

“ဆရာ… ကျွန်တော် ဆရာ့ကို မျက်နှာပျက်ရအောင် မလုပ်ခဲ့ပါဘူး…”

တပည့်ဖြစ်သူ၏ အဖြေစကားအဆုံး၌ မော့ကျန်းသုန့်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

နဂါးသုတ်သင်ဓားသိုင်းဖြင့်ဆိုလျှင် သူ့တပည့်က နဂါးမျိုးနွယ်များကို ရင်ဆိုင်ရာတွင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပိုရှိလာပေလိမ့်မည်။

နဂါးမျိုးနွယ်များအနေဖြင့်လည်း ကျန်းလန်ကို အထင်သေးရဲတော့မည် မဟုတ်ပေ။

ယခုဆိုလျှင် ကျန်းလန် နဂါးသုတ်သင်ဓားသိုင်း သင်ယူနေကြောင်းကို လူပေါင်းစွာ သိရှိနေခဲ့ပြီ ဖြစ်သည်။ နဂါးမျိုးနွယ်များသည်လည်း ထိုအကြောင်းကို သိရှိမည်ပဲ ဖြစ်သည်။

သို့သော် နဂါးမျိုးနွယ်များအနေဖြင့် နဂါးမင်းသမီးလေးနှင့် လက်ဆက်မည့် သတို့သားလောင်းကို ပြောင်းလဲရန်မှာ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။

မော့ကျန်းသုန့်က ကျန်းလန်ကိုကြည့်ပြီး တစ်ချက်ပြုံးလိုက်ရင်း…

“မနက်ဖန် ဘာနေ့လဲဆိုတာ မင်းသိတယ်… ဟုတ်…”

ခွန်လွန်တောင်တွင် အခမ်းအနားတစ်ခု ကျင်းပခြင်းက ကျန်းလန်အတွက် ထူးခြားသည့်ကိစ္စ မဟုတ်ပေ။ သို့သော် ထိုအခမ်းအနားက ကျန်းလန်နှင့် ကျောက်စိမ်းရေကန်နတ်ဘုရားမ၏ စေ့စပ်ပွဲ ဖြစ်နေခဲ့သည်။

ကျန်းလန်က ခေါင်းကိုငုံ့ထားရင်း စိတ်ကိုတည်ငြိမ်အောင် ကြိုးစားနေသည်။

“ဆရာ… မနက်ဖန် ကျွန်တော် ဘာတွေပြင်ဆင်ထားဖို့ လိုအပ်သေးလဲ…”

ကျန်းလန်က တစ်ခါမှ စေ့စပ်ဖူးသူ မဟုတ်လေရာ စေ့စပ်ပွဲနှင့်ပတ်သက်ပြီး အတွေ့အကြုံမရှိပေ။

စေ့စပ်ပွဲတွင် အမှားတစ်ခုခု လုပ်မိပါက အခြားသူများ အထင်အမြင်လွဲစရာ ဖြစ်သွားနိုင်သည်။ ထို့ကြောင့် သူ အမှားမလုပ်မိအောင် ကြိုးစားရမည် ဖြစ်သည်။

တစ်စုံတစ်ခု လွဲချော်မှု မရှိပါက စေ့စပ်ပွဲပြီးသွားသည့်အခါ နောက်ပိုင်းရက်များကို သူ့အနေဖြင့် အေးအေးဆေးဆေး ဖြတ်သန်းနိုင်မည် ဖြစ်သည်။

နဝမတောင်ထွတ်တွင် ဆယ်စုနှစ်များစွာကြာအောင် တံခါးပိတ် ကျင့်ကြံနေနိုင်မည် ဖြစ်သည်။

အချိန်အတန်ကြာမှ သူ တောင်အောက်သို့ ဆင်းမည်ဆိုလျှင် စေ့စပ်ပွဲနှင့်ပတ်သက်သည့် လွှမ်းမိုးခံရမှုများလည်း များစွာ လျော့နည်းသွားမည် ဖြစ်ပြီး သူ့ကို အာရုံစိုက်သူများလည်း လျော့နည်းသွားပေလိမ့်မည်။

ထို့ပြင် ကျောက်စိမ်းရေကန်နတ်ဘုရားမ၏ ဂုဏ်အရှိန်အဝါအောက်တွင် သူက အရောင်မှိန်ကာ အသက်မဲ့နေမည်ပဲ ဖြစ်သည်။

သူ့ကို မည်သူမှ သတိထားမိကြတော့မည် မဟုတ်ပေ။

ထိုသို့ဆိုလျှင် သူ့အနေဖြင့် ကြီးကြီးမားမား ပြဿနာများ ရင်ဆိုင်ရတော့မည် မဟုတ်ပေ။

သူ့အနေဖြင့် နဝမတောင်ထွတ်တွင်သာ အေးအေးဆေးဆေး ကျင့်ကြံရင်း ပြိုင်ဘက်ကင်းတစ်ယောက်ဖြစ်လာသည့်နေ့ရက်ကို စောင့်ဆိုင်းနေရုံသာ ရှိသည်။

သူ့ဆရာ အသက်ကြီးလာသည့်တစ်နေ့ရောက်လျှင် သူက နဝမတောင်ထွတ်တွင် နေထိုင်ပြီး ငရဲတံခါးကို ဆက်လက်စောင့်ကြည့်ပေးရမည် ဖြစ်သည်။

ထိုအတွေးကို တွေးမိသည့်အခါ ဆရာဖြစ်သူ အသက်ကြီးလာလျှင် အတော်လေးအထီးကျန်မည်ဟု ကျန်းလန် ခံစားလိုက်မိသည်။

ထို့ကြောင့် ဆရာဖြစ်သူကို အိမ်ထောင်ချပေးရန်ကိစ္စကို အကောင်အထည်ဖော်ရန် ကျန်းလန် စဉ်းစားလိုက်သည်။

မော့ကျန်းသုန့်က…

“မင်း ဘာလုပ်ဖို့လိုလဲဆိုတော့…”

သူက အတန်ကြာစဉ်းစားနေပြီးမှ ခေါင်းတစ်ချက်ခါရမ်းလိုက်ရင်း…

“မင်း ဘာမှလုပ်စရာမလိုဘူး… ၊ မင်းက ငါ့နောက်က လိုက်ခဲ့ရုံပဲ… ၊ အချိန်တန်လို့ မင်းနာမည်နဲ့ ကျောက်စိမ်းရေကန်နတ်ဘုရားမနာမည် ခေါ်တဲ့အခါ ရင်ပြင်ပေါ်မှာ မင်းတို့ (၂)ယောက် အတူတူတွဲပြီး လမ်းလျှောက်ပေးရုံပဲ…”

ခဏနားပြီးမှ မော့ကျန်းသုန့်က ဆက်ပြောလိုက်သည်။

“ပြီးရင် မင်းတို့ (၂)ယောက်ကို လက်ထပ်ကတိစာချုပ်ပေးပြီး ဘိသိက်ပေးလိမ့်မယ်… ၊ ဒါပေမဲ့ စေ့စပ်ပွဲဆိုတာက ကံတရားအတိုင်း စုလျားရစ်ပတ်နှောင်ဖွဲ့ခြင်းပါပဲ… ၊ မင်း သိပ်ပြီး စိတ်ပူမနေနဲ့… အချိန်တန်ရင် သူ့ဟာသူ အဆင်ပြေသွားလိမ့်မယ်…”

ကျန်းလန် ခေါင်းညိတ်ပြလိုက်သည်။

သူနှင့် လုန်ယွိ၏ စေ့စပ်ပွဲကို ကျန်းလန်အနေဖြင့် ပေါ့ပေါ့ဆဆ သဘောမထားဝံ့ပါချေ။

စေ့စပ်ပွဲပြီးသည်နှင့် နဂါးမျိုးနွယ်များဘက်မှ ဖြစ်ဖြစ် ၊ ခွန်လွန်တောင်ဘက်မှဖြစ်ဖြစ် နောက်ပြတ်ဆုတ်၍ မရနိုင်တော့ပေ။

ယခုအချိန်တွင် လုန်ယွိစိတ်ထဲ မည်သို့တွေးနေမည်ကို ကျန်းလန် သိချင်နေမိသည်။

သို့သော် ဂိုဏ်းတူအစ်မလုန်ယွိ၏ အတွေးများကို သိရှိရန်မှာ သူ့အတွက် မည်သည့်နည်းနှင့်မှ မဖြစ်နိုင်သည့် ကိစ္စတစ်ခု ဖြစ်လေသည်။


Comment

Leave a Reply


Options

not work with dark mode
Reset